Sunday, August 8, 2021

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

 

တိုးတိတ်တဲ့ခြေလှမ်း

တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ

နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ

သက်မဲ့ချစ်ခြင်းတရားတွေကို

ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတော့

ငေးကြည့်လွမ်းမောနေရုံပေါ့ ….

*************************************************

ဒီရက်ပိုင်း ကြည့်မိပြန်တဲ့ ကိုရီးယားကား ….။ တက္ကသိုလ်ကျောင်းသူဘ၀တုန်းက တရုတ်ကား၊ ကိုရီးယားကား ဇာတ်လမ်းတွဲတွေကြည့်ရတာ သိပ်ကြိုက်တတ်တဲ့ ကျွန်မအဖို့ အခြေအနေတွေကြောင့် မကြည့်ဖြစ်တော့တာ ကြာလှပေါ့။

ဒီတစ်ပတ်ထဲ အလုပ်ကိစ္စလည်းသိပ်မရှုပ်တာနဲ့ ပြန်ကြည့်မိတဲ့ ကိုရီးယားကား။ တိုက်ဆိုင်လှတဲ့ ဇာတ်ကွက်တွေကို ကြည့်ပြီး ကျွန်မ ကျောင်းဝန်းထဲသို့ တစ်ခေါက်ပြန်လာကြည့်ဖို့ ဆုံးဖြတ်လိုက်မိပြန်သည်။

တစ်ကယ်ဆို ကျောင်းထဲကို ခြေပြန်လှမ်းဖို့ မဝံ့ရဲခဲ့တာကြာလှပေါ့။ Final year ကိုတောင် ဘယ်လိုအင်အားမျိုးတွေနဲ့ ဘယ်လိုတွေပြီးဆုံးလို့ မသိလိုက်အောင်ပဲ ကျောင်းပတ်ဝန်းကျင်ကနေ ထွက်ပြေးခဲ့မိသည်။

မတွေးပါဘူး။ မစဉ်းစားပါဘူး ကြိတ်မှိတ်တင်းခံထားသော်လည်း ဒီနေ့တော့ ကျောင်းထဲပြန်ရောက်လာတဲ့အခါ ကျွန်မနှလုံးသားက အသက်ရှူမရအောင်ပင် မွန်းကြပ်လွန်းလှသည်။

မိုးလေးဖွဲဖွဲရွာတဲ့ချိန် ကန်တင်းထိုင်ရင်း ကော်ဖီပူပူသောက်ရတဲ့ Feel မျိုး သိပ်ကြိုက်တတ်တဲ့ ကျွန်မအဖို့ ဒီနေ့ဟာ အမှတ်တရတွေကို တကူးတကတူးယူဖို့ ရွေးချယ်လိုက်မိပါသည်။

သူ …… သူရော ….. ကျွန်မ အမြတ်တနိုးနဲ့ ‘မောင်’လို့ ခေါ်ခဲ့ဖူးတဲ့ သူရော ဘယ်နေရာမှာလဲလို့ တွေးမိလိုက်ရပြန်ပြီ …။

*******************************************************

????????????

ဒီနေ့ ကျောင်းမသွားချင်။ ညက ကိုရီးယားကား အကြည့်ကောင်းပြီး မနက်လင်းကာနီးမှ အိပ်ပျော်သွားခဲ့တာ။ ခုမနက် practical ရှိနေတော့ မသွားလို့လည်းမဖြစ်။ ၉ နာရီထိုးတော့မည် …. ကျောင်းကားလည်း လာတော့မည်။

‘အာ မဖြစ်သေးပါဘူး …. ခဏသွားလိုက်မယ်။ practical တစ်ချိန်ပြီးတာနဲ့ အိမ်ပြန်အိပ်ပစ်မယ်’ လို့ အားတင်း ကုန်းရုန်းထပြီး အပြေးအလွှားမျက်နှာသစ် …. အဝတ်အစားလဲမယ်လုပ်နေတုန်း အိမ်ရှေ့က ကျောင်းကားဟွန်းသံကြားတော့ ‘မထူးပါဘူး … အင်္ကျီလှလှပပလဲလည်း ငါ့ဘယ်သူက လိုက်ကြည့်မှာတုန်း’ ဒီအတိုင်းပဲ သွားတော့မယ်လို့တွေးရင်း ကျောပိုးအိတ်ယူကာ ကျောင်းကားဆီသို့ အပြေးအလွှား ….

‘ဟဲ့ ကောင်မလေး … အဝတ်အစားမလဲလာဘူးလား’

‘အာ … ဦးရာဇာကြီးကလဲ … သမီးက လှလှပပမဝတ်လည်း ရုပ်ခံလေးရှိပြီးသားဆိုတော့ ပကာသနတွေ မလိုဘူးလေ’ လို့ ကျောင်းကားမောင်းတဲ့ ဦးလေးကြီးကို ပြန်နောက်ရင်း ferry ရဲ့ နောက်ဆုံးခုံနားဆီ သွားဖို့ ခြေအလှမ်း တစ်ယောက်ယောက် ငါထိုင်နေကျ ထောင့်ကို ဦးသွားပြန်ပြီ။

ကျောင်းတက်တဲ့ (၂)နှစ်အတောအတွင်း ငါ့နေရာကို ဘယ်သူမှလာမဦးပါဘူး။ ဒင်းကဘာလဲဟ??? ဒီလောက် ပူနေရတဲ့ကြားထဲ ဒင်းက Hoody နဲ့ထောင့်ကပ် ပဲထုတ်နေသေး။ ချွေးအအေးပတ်ပါစေတော် ….

သိပ်တော့ မကျေနပ်သော်လည်း ရှေ့ဆုံးခုံနားပဲ ထိုင်ရင်း တစ်မှေးလောက်တော့ မှေးအုံးမှပါ …

‘ဟဲ့ … မိုးနေငြိမ်း …. ကျောင်းရောက်နေပြီ … ညက မအိပ်ရလို့လား ကျောင်းကားပေါ်လာအိပ်ရအောင်’

Maths Major က ကျောင်းကားအတူစီးတဲ့ သဲစု အသံကြားတော့မှ ကဗျာကယာထပြေးရလေပြီ …။

“ဟဲ့ ဟဲ့ ကောင်မလေး ချော်လဲမယ် အရမ်းမပြေးနဲ့အုံး”

ဦးရာဇာကြီးရဲ့ အော်သံကိုပြန်မဖြေနိုင်တော့ practical ခန်းထဲ အချိန်မှီရောက်အောင် ပြေးမှရမည်။ နောက်ကျရင် တီချယ်ကြည်ရဲ့ အကြည့်တွေကို မခံစားနိုင်။

Practical ခန်းရှေ့အရောက် လှမ်းကြည့်လိုက်တော့ ---- တော်သေး … တီချယ်ကြည် ရောက်မလာသေး။ ခါတိုင်းလိုပဲ နေလင်းထွန်းနဲ့ စည်သူ့ဘေးသွားထိုင်ရင်း “ဟဲ့ နေလင်း… ဒီနေ့ တီချယ်ကြည် နောက်ကျနေတာလား?”

“အေး ဟုတ်တယ် …. မနက်ခင်းအရေးပေါ်အစည်းအဝေးရှိလို့ နာရီဝင်လောက်နောက်ကျမယ်လို့ ပြောထားတယ်ဟ”

“လာကွာ နေလင်း … ငါတို့ အခန်း၀မှာ သွားထိုင်ရအောင် … လက်တွေ့ခန်းကြီးက လှောင်လိုက်တာ … မိုးနေငြိမ်း နင်ရောထွက်လာခဲ့လေ”

စည်သူက ပြောပြောဆိုဆို လက်တွေ့ခန်းတံခါး၀မှာ ထိုင်ရင်းဆေးလိပ်ထုတ်သောက်မလို့ ပြင်တော့

“ဟဲ့ ဟဲ့ နေလင်းနဲ့ စည်သူ … ဒါကျောင်းဆောင်ထဲမှာနော် … ငါ နေရင်းထိုင်ရင်း နင်တို့ကြောင့်အဆူမခံနိုင်ဘူး”

ပြောပြောဆိုဆို စည်သူ့လက်ထဲက ဆေးလိပ်ကို လုပြီး အမှိုက်ပုံးထဲ ထည့်လိုက်သည်။

“အာ … မိုးနေ …. နင်က အမွှေစိန်ပဲ …. နှမြောစရာကြီး တစ်လိပ် တစ်ရာဟ နားလည်လား?....”

“စည်သူရယ် … နင် အဲ့ဆေးလိပ်ကို တစ်ရာပေးပြီး ဝယ်သောက်မယ့်အစား ငါ့ကို ဂွေးသီး တစ်ရာဖိုး ဝယ်ကျွေးလိုက်ပါလားဟယ် … ကုသိုလ်လည်း ရတာပေါ့ ….”

“အမွှေစိန်မ … နင်တွေ့မယ် … နင်မြန်မြန်ဘဲ ရမှပါဟာ … အဲ့ဒါမှ ငါတို့ နားညည်းသက်သာမှာ….”

“ဗြဲ ဟဲ ဟဲ  …. နိုးပါ စည်သူရယ် …. ငါက ငါနဲ့တန်တဲ့ယောကျ်ား ရှိတယ်လို့ကို မထင်တာ”

သူတို့ပြောလည်း ပြောချင်စရာပဲ။ ခုပဲ second year ရောက်နေပြီ ကျွန်မ ရည်းစားမထားဖြစ်သေး။ တစ်ကယ်တော့ ကျွန်မဟာ ဘာမှမဟုတ်ပါ။ Major Queen လည်းမဟုတ်။ ကျိကျိတက်ချမ်းသာနေသော သူဌေးသမီးလည်းမဟုတ်။ မာနအလွန်ကြီးလွန်းသော ခပ်မိမိခပ်မိုက်မိုက် မိန်းကလေးမျိုးလည်းမဟုတ်ပါ။

ရှိသင့်သလောက်မာနရှိပြီး အလယ်အလတ်တန်းစား ဝန်ထမ်းမိဘက မွေးဖွားထားတဲ့ ရိုးရိုးသာမာန်မိန်းကလေး တစ်ယောက်သာ။ ယောကျ်ားလေးသူငယ်ချင်းများသာရှိပြီး မိန်းကလေးသူငယ်ချင်းသိပ်မပေါင်းဖြစ်သော မိန်းမ မဆန်သော မိန်းကလေးတစ်ယောက်မျှသာ။

တစ်ကယ်တော့ ရိုးရိုးလေးသာ “အချစ်ဆိုတာ”ကို ကျွန်မ မစမ်းသပ်ကြည့်ချင်သေးသလို မတွေးဖြစ် မတွေ့ဖြစ်သေးတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။

ကျွန်မပတ်၀န်းကျင်မှရှိနေတဲ့ အတွဲတွေ၊ ယောကျ်ားလေးသူငယ်ချင်းတွေရဲ့ ပြောသံတွေ၊ ကျွန်မကို ကြိုက်ပါတယ်ဆိုတဲ့ ယောကျ်ားတစ်ချို့ရဲ့ ဆယ်မျက်နှာမကသော ဘီလူးခေါင်းတွေကို မြင်ဖူးနေတာကြောင့်လည်း ကျွန်မ မသိစိတ်က ကျွန်မကို အဟန့်အတားတစ်ခုခုအဖြစ် တွန်းပို့နေပုံရသည်။

မှတ်မှတ်ရရ Zoo Major က ကြိမ်ဖန်များစွာ ငြင်းနေပေမယ့် ကျွန်မကို သေလောက်အောင်ကြိုက်ပါတယ်ဆိုတဲ့ ကတ္တီပါဖိနပ် သိပ်ကြိုက်သောယောကျ်ားတစ်ယောက်။ သူ့ဖိနပ်ထိပ်လေးကို မတော်တဆတက်နင်းမိချိန်မှာ လူကြားထဲ အကျယ်ကြီးအော်ဟစ်ခံရလို့ အကြီးအကျယ်ရန်ဖြစ်ဖူးသည်။

နောက်တစ်ယောက်ကျတော့ အတန်းရှေ့လာ၊ စကားတွေလိုက်ပြော၊ “မိုး ပြန်မကြိုက်လည်း ချစ်နေမှာ”ဆိုတဲ့ ယောကျ်ားတစ်ယောက်က အတွဲတွေထိုင်နေကြ ဘွဲ့နှင်းသဘင်နောက်က ကောင်မလေးတစ်ယောက်ကို ဖက်လို့ ထွက်လာတာလဲ မြင်ဖူးခဲ့ပြီ။

“မိုးကိုမှ အမြတ်တနိုးချစ်ပါတယ်”ဆိုတဲ့ နောက်ထပ်တစ်ယောက်ကျ လူကြားထဲ အတင်းဖက်နမ်းဖို့ ကြိုးစားလို့ မျက်နှာကို လွယ်အိတ်နဲ့ရိုက်ထုတ်ရသည်ထိလည်း ကြုံဖူးပြီ။ အံမယ်လေးလေး … တော် တော် …။ တွေးရင်းကို အော်ဂလီဆန်လို့။

“မိုးနေငြိမ်းရေ ….. ခေါ်နေတာ ကြားလားဟ” နားနားကပ်အော်လိုက်တဲ့ နေလင်းအသံကို ကြားလိုက်မှ ကိုယ့်အတွေးနဲ့ကိုယ်ဆိုတာ သတိထားမိလိုက်သည်။

“နင့် ခေါ်နေတာ ကြာလှပြီ။ ဟိုမှာ နင်သဘောကျနေတဲ့ chemistry က အစ်ကိုကြီး လာနေပြီ”

အဲ ဟုတ်သား။ ကျောင်းမှာ ကျွန်မ အလွန်သဘောကျသောလူတစ်ယောက်တော့ ရှိသည်။ ကြည့်ဖူးသော Titanic ကားထဲက လီယိုနာဒိုနဲ့ ကျွန်မ သိပ်ကြိုက်သော Westlife ထဲက Bryan (၂)ယောက်လုံးနဲ့ တူသော ကိုခန့်ညားနိုင် …။ Ohhh! My Crush …  မေးစေ့က အချိုင့်လေးကို သိပ်သဘောကျ သူပြုံးလိုက်ရင် ပေါ်လာတဲ့ ပါးချိုင့်လေးတွေက အံမယ်လေးလေး ရူးလောက်ပါသည်။

“ဟဲ့ ဟဲ့ … စည်သူ နေလင်း … ငါ့ပုံစံ ဘာဖြစ်နေလည်းဟင်”

“နင့်ပုံလား အိမ်နေရင်းအဝတ်အစားကြီးနဲ့ ကျောင်းလာတဲ့ ငပျင်းမှန်း သိသာတယ် … တစ်ကယ်ပဲ ငါတို့သူငယ်ချင်းဖြစ်ပြီး လှလှပပကို မနေဘူး …။ ငါတို့တွဲတဲ့ စော်လေးတွေကိုကြည့်စမ်း … နင်များ အားကျမလား ခေါ်ခေါ်ပြရတာလည်း အမော … နင်ကတော့ ဒီပုံက ဒီပုံပဲ … ပုံဆိုးပန်းဆိုး”

“သေလိုက်ပါလား …. ငါ့များ မှိုချိုးမျှစ်ချိုး … ငါ့လှတာ ငါပဲ သိတယ် … တော်ပြီ crush ရှေ့မှာ ငါ့ဘာငါ ရုပ်တည်နဲ့နေတော့မယ်”

ပြောရင်းဆိုရင်း ကိုခန့်ညားက ကျွန်မတို့ practical ခန်းရှေ့က ဖြတ်ပြီး သူတို့အဆောင်ရှိရာ သွားဖို့ ကျိန်းသေနေပါပြီ။ လာပြီ လာပြီ တဖြည်းဖြည်းနီးလာပြီ။ ကျွန်မရှေ့ကနေ သူဖြတ်သွားချိန် ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်နေမိသည်။

ကိုခန့်ညားနိုင်တို့ တော်တော်လှမ်းလှမ်းရောက်တော့

“အစ်ကို အစ်ကိုရေ … ကိုခန့်ညာ …. ဒီမှာ ကျွန်တော်သူငယ်ချင်းက အစ်ကို့ကို ကြိုက်လို့တဲ့ဗျာ … နည်းနည်း စဉ်းစားပေးပါအုံး”

ဂွမ်း  သွားပြီ။ နေလင်းတော့ ငါ့ကိုအရှက်ဗြန်းဗြန်းကွဲအောင် ခွဲလေပြီ။ သူငယ်ချင်းအချင်းချင်း သစ္စာဖောက်လေပြီ။ အခန်းထဲ ပြန်လှည့်ပြေးဖို့အလုပ် ကြားလိုက်ရတဲ့ အသံကြောင့်ခြေလှမ်းတွေ တုံ့ကနဲ။

“ဟာ … ဟုတ်လား ညအိပ်ဝတ်နဲ့ ကလေးမ … သေချာတယ်ဆို စဉ်းစားပေးရမှာပေါ့”

အာ သွားပြီ သွားပြီ အကြီးကြီးသွားတာ။ ပြုံးပြီးပြန်ပြောလိုက်တဲ့ စကားလုံးတွေက ကျွန်မကိုတော့ ရူးခါစေလေပြီ။ စကားလှည့်ပြောပြီး လှည့်ထွက်သွားတဲ့ ကိုခန့်ညားနိုင် နောက်ကျောပြင်ကို ကြည့်ရင်း အသည်းတယားယား ရင်တလှပ်လှပ်နဲ့မို့ ဘေးနားက သူငယ်ချင်းလက်ကိုသာ ကိုက်ဆွဲမိလေတော့သည်။

“အား … ခွေး ခွေး ခွေးကိုက်တယ် …… နာတယ် နာတယ် … ကိုက်ရလားဟ …”

“sorry ပါသူငယ်ချင်းရယ် …. နင်တို့ သတ်ချင်တာရော ငါ့ crush လေး ပြန်ပြုံးပြတာကို အသည်းယားတာရော အကုန်ရောသွားလို့ပါဟယ်”

“အေး အေး … နင်လည်း ရူးမှာပဲ … လာ ဝင်မယ် … ဟိုမှာ ဆရာမလာပြီ”

**************************************************************************

“သမီး … မိုးနေ … မိုးနေရေ … ဖုန်းလာနေတယ် လာပြောလိုက်အုံး”

“အာ မနက်စောစောစီးစီး ဘယ်သူလည်း မေမေရာ … မနိုးသေးဘူး ပြောလိုက်ပါနော်….. မီး အိပ်ချင်သေးလို့”

“ဟဲ့ ကောင်မလေး (၈)နာရီကျော်နေပြီ …. ထတော့ ဖုန်းအရင်လာပြော … ပြီးရင် ကျောင်းသွားဖို့ပြင် ကျောင်းကားလာတော့မယ်”

မနက်စောစောစီးစီး မေမေ့ရဲ့ဆူသံကြားနေရမှာစိုးလို့ အောက်ထပ်ကိုဆင်းပြီး ဖုန်းကိုကောက်ကိုင်လိုက်သည်။

“ငြိမ်း … နိုးပြီလား? ငါပါ … ဖြိုးဇေ …”

“အာ … ကျွတ် … မနက်အစောကြီးဟာ … နင့်ကြောင့် ငါအစောကြီး ထရပြီ … ငါ့ အိပ်ရေးမ၀သေးတဲ့အချိန် ဖုန်းဆက်တာ မကြိုက်ဖူးလို့ နင့်ကို ဘယ်နှခါပြောရမလဲ …”

“မဟုတ်ပါဘူး ငြိမ်းရယ် …. ငါဒီနေ့ စာမေးပွဲဖြေရမှာမို့ နင့်ဆီဖုန်းဆက်ပြီး အသံလေးကြားရင် အားရှိသွားလို့ပါ”

“ရူးနေလား? နင်ပြောတော့ ငါ့ကြိုက်တာဆို … ငါစိတ်ညစ်အောင် မလုပ်ဘူးဆို … ခုငါအိပ်နေတုန်းတောင် နှိုးပြီး ငါ့ကို စိတ်ရှုပ်အောင်လုပ်တာ … နင်လေ … တော်တော်အတ္တကြီးတာပဲ”

“အေးပါ … ဒါဆို ငါဖုန်းချလိုက်တော့မယ် … ညနေကျ Internet ဆိုင်သွားအုံးမှာလား? ငါ အဲ့ကျမှ ဖုန်းခေါ်တော့မယ်နော် … ဘိုင့် ဘိုင့်”

ပြောချင်တာပြောပြီး ဖုန်းချသွားပြီ။ ကျွန်မမှာတော့ ဒေါသတွေထွက်ပြီးကျန်ခဲ့ရသည်။ ဒင်းက မေမေ့အားကိုးနဲ့ ငါ့ကို စိတ်အနှောက်အယှက် လာလာပေးနေတာ။ အေးပါ ငါနဲ့ တွေ့အုံးမှာပါ။


စာချစ်သူများကို အစဉ်လေးစားစွာဖြင့်

မိုးညချမ်း

8.8.2021 (8:00 p.m)

Tuesday, March 9, 2021

Spring Revolution

 


ဪ လူငယ်တွေ လူငယ်တွေ အထူးသဖြင့် G Z တွေပေါ့လေ


👉အိမ်မှာဆို တူနဲ့ သံတောင် ဖြောင့်အောင် မကိုင်တဲ့သူတွေက ကိုယ်ဝတ်ဖို့ကျည်ကာ၊ ကိုယ်ကိုင်ဖို့ဒိုင်းကို တဒိုင်းဒိုင်းထုနေသတဲ့။


👉အိမ်မှာဆို မီးဖိုထဲကမီးကို ပူမှာစိုးလို့တောင် မီးမွှေးခိုင်းလို့မရတဲ့သူတွေက မျက်ရည်ယိုဗုံးကို လက်နဲ့ကိုင်လို့ ပြန်ပစ်ရဲသတဲ့။


👉အိမ်မှာ ဟင်းမကောင်းရင် စိတ်ကောက်တတ်တဲ့သူတွေက ကြက်ဥပြုတ်တစ်လုံးနဲ့ တစ်နေကုန်နေနိုင်သတဲ့။


👉အရင်က တပ်မတော်မှသင့်အားအလိုရှိသည်ဆိုတဲ့ ဆိုင်းဘုတ်ကို ခဏခဏမြင်ဖူးသော်ငြား စိတ်မဝင်စားခဲ့တဲ့သူတွေက တစ်ကယ်တမ်းနိုင်ငံ့အရေး စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကြုံလာတဲ့အခါ ပြည်သူ့တပ်မတော်ဖွဲ့ရင် အသက်ပေးလို့ကာကွယ်ကြမတဲ့။


👉အရင်ကကိုယ့်အိမ်ပတ်ဝန်းကျင် ဘယ်သူရှိမှန်းတောင် အလေးမထားခဲ့တဲ့သူတွေက CDM ဝန်ထမ်းတွေ၊ ဘေးကင်းလံုခြုံ စွာနေရမယ့်သူတွေရဲ့အိမ်ကအစ လေ့လာကာကွယ်ပေးနေသတဲ့။


👉အရင်က ညမိုးချုပ်မှအိပ် နေဖင်ထိုးမှထတတ်တဲ့သူတွေက မနက်လင်းတာနဲ့သပိတ်ကြောင်းရှိရာဆီ အချိန်မှန်ရောက်နေတတ်သတဲ့။


👉အရင်က တစ်ခါတစ်ခါ မိဘတောင်ပြောမရတဲ့ခေတ်စနစ်ရဲ့ခေတ်လူငယ်လေးတွေက မြင်တောင်မမြင်ဖူးတဲ့ လူကြီးသူမတွေ၊ အပေါင်းအဖော်တွေစကားနားထောင်ရင်း သပိတ်ကြောင်းမှာ စည်းကမ်းတကျလိုက်ပါသတဲ့။


ပြောရရင် ပြောမဆုံးပေါင် တောသုံးထောင်ရယ်။ အများကြီးမှ အများကြီးကို ပြောင်းလဲနိုင်ခဲ့ကြတာ။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ရ အောင် ပြောင်းလဲကြမယ်။ ပြိုင်တူတွန်းရင် ရွေ့ကို ရွေ့တယ်။ 💪💪💪💪



မိုးညချမ်း

8.3.2021 (1:43 p.m)


#အရေးတော်ပုံအောင်ရမည်

#WeStandWithCRPH

#RespectOurVotes

#WeNeedDemocracy

#RejectMilitaryCoup

Thursday, March 14, 2019

၁၀၀၀ တန်အိပ်မက်လေး



ကျွန်တော်အိပ်ယာနိုးတော့ အဖေရော အမေရောမရှိ။ အမေက စျေးရောင်းသွား အဖေက ဆိုက္ကားထွက်ပြီ ဖြစ်မည်။ ကျွန်တော့်အတွက် အမေပြင်ထားပေးတဲ့ မနက်စာ ထမင်းကြမ်းခဲနဲ့ ငါးပိရည်စားပြီး ကျွန်တော့်သူငယ်ချင်းတွေနဲ့ ကစားဖို့ ချိန်းထားတဲ့ဆီသွားရမည်။

“ကျွန်တော့်အသက်က ခုမှ (၈)နှစ်ရယ်။ ကျောင်းကတော့ အမေပြောတာ ခဏနားထားတယ်တဲ့။ အဖေနဲ့အမေ စာအုပ်ဖိုး ပိုက်ဆံပြည့်ရင် ပြန်တက်ရမယ်ပြောတာပဲ။ ပြန်တက်ချင်ပါတယ်ဗျာ။ ကျွန်တော် (၂)တန်းတက်တုန်းက အတန်းပိုင်ဆရာမလို သဘောကောင်းပြီး ကျောင်းသားတွေချစ်တဲ့ ဆရာမျိုးတော့ ဖြစ်ချင်မိသား။ အမေတို့က ကျောင်းခဏနားအုံးလို့ပြောကတည်းက ကျွန်တော်ကျောင်းကို မသွားဖြစ်တော့တာ။ စိတ်ပါတဲ့အချိန်ကျ ရေသန့်ဘူးလေး ဘာလေးလိုက်ကောက်တယ်။ ကျန်တဲ့အချိန် လမ်းထဲက သူငယ်ချင်းတွေနဲ့ ကစားတယ်။ ဗိုက်ဆာရင် အိမ်ပြန်ထမင်းစားတယ်။ ဒါပဲလေ ကျောင်းမတက်နိုင်တော့တဲ့ ကျွန်တော့်လို ၈ နှစ်အရွယ်ကလေးရဲ့ အလုပ်”

ဒီနေ့ ကျွန်တော်တို့လမ်းနဲ့ ဟိုဘက်လမ်းက ကောင်တွေ ဂေါ်လီပစ်မယ်။ ရှုံးတဲ့ကောင် ဒိုက်ထိုးကြေး။ မဖြစ်သေးဘူး။ ထမင်းမြန်မြန်စားပြီး သွားမှဖြစ်မယ်။ နည်းနည်းနောက်ကျရင် ဟိုကောင်တွေက စကားကိုစောင်းပြောတတ်သေး။ ချိန်းထားတာက ရပ်ကွက်အစွန်နားက ကုက္ကိုလ်ပင်အောက်။ ထမင်းစားပြီး ကျွန်တော်ခပ်သုပ်သုပ်ထွက်လာလိုက်သည်။ လမ်းထိပ်ရောက်တော့ ကျွန်တော်တို့ရပ်ကွက်က ငွေတိုးချေးစားတဲ့ အော်ကြောလန်အဖိုးကြီး။ ဆိုက္ကားနဲ့ဘယ်သွားမလို့လည်း မသိဘူး။ တစ်ခါတစ်ခါ အိမ်မှာ အသုံးပြတ်လို့ အဖေနဲ့အမေသူ့ဆီ သွားချေးတာတော့ သိတယ်။ ရက်စေ့ရင်လည်း အိမ်ရှေ့မှာ လာလာတောင်းတတ်သေး။ တောင်းမရရင် စကားနာထိုးတာတွေကြားကြားနေရတော့ ကျွန်တော်ကတော့ ကြည့်မရပေါင်။ ခုလည်း အကြွေးလိုက်တောင်းတာပဲ ဖြစ်မှာပါ။

ဟော … ဟော … သူ့ပိုက်ဆံအိတ်ထဲ နှိုက်ရင်း ဘာတွေလွင့်ကျခဲ့လည်း မသိဘူး။ ပြေးကြည့်အုံးမှ။ အနားရောက်လို့ ကြည့်လိုက်တော့ “ဟာ … တစ်ထောင်တန်ကြီး … ပွတာပဲ” … ဘေးဘီကိုကြည့်။ ဘယ်သူမှမရှိတာ သေချာတော့ အမြန်ကောက် အကျႌအိပ်ကပ်ထဲထည့် လစ်မှပဲ။ ခပ်သုပ်သုပ်လေးလျှောက်ရင်း ကစားဖို့ချိန်းထားတဲ့ဆီရောက်တော့ တစ်ယောက်မှမတွေ့။
“အင်း … ခဏထိုင်စောင့်ရမလား .. အိမ်ပဲ ပြန်ရမလား မသိဘူး … ဟိုကောင်တွေ သိသွားရင် ဒီပိုက်ဆံတော့ ကုန်ပြီ … မဖြစ်သေးပါဘူး … အိမ်ပဲ ပြန်လိုက်မယ်”

ကျွန်တော်ပြန်ဖို့လုပ်တော့ ရောက်လာတာက မင်းနိုင် …။
“ဟေ့ကောင် … ငဇွဲ မင်းဘယ်သွားမလို့လဲကွ”

“ငါ အိမ်ခဏပြန်မယ်ကွာ …. အမေခိုင်းထားတာ မေ့နေလို့ … ပြန်လုပ်ပေးလိုက်အုံးမယ် … ပြန်လာခဲ့မယ်”

“မကြာနဲ့နော် ငဇွဲ … မင်းမပါရင် ငါတို့ဘက်က အားမရှိဘူး”

“အေးပါကွ စိတ်ချ”

အိမ်အမြန်ပြန်ရောက်အောင် သုတ်ခြေတင်ပြေးလာမိသည်။ အိမ်ရောက်တော့ အိမ်ရှေ့တံခါးကို ပိတ်။ နောက်ဖေးအထိဝင်ပြီး အကျႌအိပ်ထဲက ကောက်ရလာတဲ့ တစ်ယောက်တန်လေးကို ထုတ်ပြီး တစ်စိမ့်စိမ့်ကြည့်ရင်း ပီတိဖြစ်နေမိသည်။

“ငါ ဒီပိုက်ဆံနဲ့ ဘာလုပ်ရင်ကောင်းမလဲ … ဟိုဘက်လမ်းထိပ်က ငါသိပ်စားချင်တဲ့ မုန့်ဟင်းခါးကို အကြော်စုံနဲ့ သွားစားရမလား? အမေတို့ ငါ့အတွက် စုနေတဲ့ စာအုပ်ဖိုးထဲပဲ ထည့်ရမလား? ငါလိုချင်တဲ့ နာရီလေးဝယ်ရမလား? မနေ့ကတော့ အိမ်မှာ ဆန်ဝယ်ရတော့မယ်လို့ အမေပြောတာကြားတယ် … ဆန်ဝယ်ဖို့ပဲ အမေ့ကို ပေးလိုက်ရမလား? ငါ ကောက်ရလာတာဆိုတာ ယုံမယ်မထင်ဘူး။ မပေးတော့ပါဘူး … ငါ့ဘာသာ စိတ်ကြိုက်သုံးပစ်မယ်”

“ဟာ … ဟုတ်ပြီ … ထီထိုးမယ် …. ထီပေါက်ရင် ကိုယ်ကြိုက်တာ လုပ်လို့ရတယ်လို့ လူကြီးတွေ ပြောပြောနေတာ ကြားဖူးတယ် … ခဏနေရင် တစ်လမ်းကျော်က ထီဆိုင်ပြေးမှပဲ … ပိုတာတော့ မုန့်ဝယ်စားလိုက်တော့မယ်”

*********************************************************

“အိမ်ရှင်တို့ … အိမ်ရှင်တို့ …”

“ဟုတ်ကဲ့ဗျ … လာပါပြီ … ဘယ်သူနဲ့တွေ့ချင်လို့လည်း မသိဘူး”

“ဒီအိမ်မှာ ဇွဲပြည့် ဆိုတဲ့ ကလေးရှိလား မသိဘူး …”

“အေး ရှိတယ်ကွ … ကျုပ်သားပါ ဘာကိစ္စလည်း”

“အော် ဒီလိုပါ ကျွန်တော့်ဆီမှာ အဲ့ကလေး ထီထိုးသွားတာ … ”

“အာ …. ဒီကောင် ငဇွဲတော့ လုပ်ပြန်ပြီ …. ဘာတွေအရူးထပြန်ပြီလည်း မသိဘူး …. ထီဖိုးမပေးသွားလို့လား”

“မဟုတ်ပါဘူး … အဲ့ကလေး သိန်း (၃၀၀၀) ထီပေါက်တယ်ဆိုတာ လာအကြောင်းကြားတာပါ”

“ဟေ ဘယ်လို … ဘယ်လို”

“သူ ပြီးခဲ့တဲ့ တစ်ပတ်လောက်က ကျွန်တော့်ဆီကနေ ထီထိုးသွားတယ်ဗျာ … အဲ့ထီလက်မှတ်က သိန်း (၃၀၀၀)ပေါက်တဲ့အကြောင်း လာပြောပေးတာပါ”

“အေး အေး ကျေးဇူးတင်ပါတယ်ကွာ … ရှင်မရေ လာစမ်းပါအုံးဟေ့”

“ခုနက ဘယ်သူတုန်း ကိုမြင့်”

“ငါ့သားရော … ငါ့သား ဘယ်ရောက်နေတုန်း …”

“ထူးထူးဆန်းဆန်း … တစ်သက်လုံး မင်းသားက ဆိုးတယ်ပြောလာတဲ့သူက ခုကျမှ ငါ့သားဖြစ်နေပါလား … ထုံးစံအတိုင်း ရပ်ကွက်အစွန်က ကုက္ကိုလ်ပင်အောက်မှာ သူ့အပေါင်းအဖော်တွေနဲ့ ဆော့နေမှာပေါ့”

“သွားခေါ်ကွာ … အရေးကြီးတယ် … ဟာ ကြာပါတယ်ကွာ … ငါပဲလိုက်ခေါ်မယ် … မင်းသွားရင် တစ်လှမ်းချင်းလှမ်းနေမှာ”

“အလိုတော် ဖြစ်ရတယ် …. ဘာတွေစိတ်ရူးပေါက်နေမှန်းမသိ … သွား သွား ပြန်လာရင် နေ့လည်စာပြင်ထားပေးမယ်”
ခပ်သုပ်သုပ်ပြေးထွက်သွားတဲ့ ကိုမြင့်ကို ကြည့်ပြီး ထူးဆန်းစွာကျန်ခဲ့ရင်း ငေးနေမိသည်။ ဘာတွေဖြစ်ပြန်ပြီလဲ မသိပါဘူး။ ချက်လက်စ ဘဲဥဟင်းလေးပြီးတာနဲ့ ချဉ်ပေါင်ရေကျဲလေးချက်ဖို့လုပ်အုံးမှပါ။

**********************************************

“ဟေ့ကောင် ငဇွဲ … ဟိုမှာပြေးလာတာ မင်းအဖေမှတ်လား”

“ဟာ အေးကွ … အဖေဘာဖြစ်လို့လည်း မသိဘူး … ပြဿနာတော့တက်ပြီထင်တယ်”

ကျွန်တော့်ဆီ အပြေးတစ်ပိုင်းရောက်လာသည့်အဖေ။ ခါတိုင်းလိုမဟုတ် မျက်နှာက ပြုံးလို့ …။
“သားရေ … မင်းထီထိုးထားတယ်ဆို”

ဟာ သွားပြီ။ ငါအဖိုးကြီးပိုက်ဆံကောက်ရတာများ အဖေသိသွားတာလား။ ဘယ်လိုပြောရမှန်းမသိ အဖေ့ကိုသာ ကြည့်နေမိသည်။

“မင်း ထီလက်မှတ်ရော??”

“ရှိတယ် အဖေ ဆန်အိုးအောက်မှာ ဖွက်ထားတာ”

“လာ အဖေ့ကို လိုက်ယူပေး … မင်းထိုးထားတဲ့ ထီက သိန်း (၃၀၀၀)ပေါက်တယ်တယ်ကွ … အဖေတို့ သူဌေးဖြစ်ပြီ”

“ဗျာ အဖေ တစ်ကယ်ပြောတာလား?”

“တစ်ကယ်ကွ မနက်ကတင် လာအကြောင်းကြားသွားတာ … လာ လာ အိမ်ကို ခပ်မြန်မြန်ပြန်ရအောင် … ပိုက်ဆံထုတ်ဖို့တွေ လုပ်ရအုံးမယ်”

ထီပေါက်တယ်ဆိုတော့ ဝမ်းအသာဆုံးက အဖေ။ ကျွန်တော့်လက်ကိုဆွဲပြီး အိမ်ကို အမြန်ပြေးနေတဲ့ အဖေ့ခြေလှမ်းကို အမှီလိုက်နေရတာ မောလိုက်တာ။ အိမ်ရောက်တော့ ထီလက်မှတ်ကို ဆန်အိုးအောက်က ထုတ် … အမေ့ကို အကြောင်းစုံပြောပြ။ အမေလည်း ဝမ်းတွေသာ။ ကျွန်တော်တို့ မိသားစု ကံတက်ပြီ။ ကျွန်တော်လည်း ကျောင်းပြန်တက်ရတော့မှာ သေချာနေပြီ။

“အမေ … ကျွန်တော့်ကို ကျောင်းပြန်တက်ခိုင်းမှာလား”

“တက်ခိုင်းမှာပေါ့ သားရယ် … ဒီက ကျောင်းမဟုတ်ဘူး … နာမည်ကြီးကျောင်းမှာကို တက်ခိုင်းမှာ … အမေက ငါ့သားလေးကို ပညာတတ်ကြီး သိပ်ဖြစ်စေချင်တာ … အမေပိုက်ဆံ မနိုင်သေးလို့သာ ကျောင်းခဏထုတ်ထားရတာပါကွယ် … ခုတော့ ငါ့သားလေးပညာတတ်ကြီးဖြစ်ရတော့မယ်”

“ကျွန်တော်ကတော့ ကလေးဆိုတော့ ကျောင်းပြန်တက်ရမယ် … ချမ်းချမ်းသာသာနေရမယ်”ဆိုတဲ့ အတွေးလောက်နဲ့ပဲ ပျော်နေတာ။ အဖေနဲ့အမေကတော့ အနာဂတ်အတွက် အစီအစဉ်တွေဆွဲပြီး ကျွန်တော့်ထက်ပိုပျော်နေလေရဲ့။ အဖေနဲ့ အမေတိုင်ပင်နေတဲ့အထဲမှာ ပိုက်ဆံထုတ်ပြီးရင် အိမ်ပြောင်းမယ်ဆိုတဲ့ အသံကြားလိုက်မိတော့ ကျွန်တော်စိတ်မကောင်း။ ဒီရပ်ကွက်က ကျွန်တော့်သူငယ်ချင်းတွေနဲ့ မခွဲနိုင်သေး။ ဒါပေမယ့် ကိစ္စမရှိပါဘူးလေ။ ငါ ကိုယ်ပိုင်ကားရှိတော့မှာဆိုတော့ မကြာခဏလာလည်ရင် ရတာပဲဟာ။

ပိုက်ဆံတွေရရင် အမေ့ကို ဒန်ပေါက်ဝယ်ကျွေးခိုင်းရမယ်။ ဘေးအိမ်မှာ တီဗွီသွားသွားကြည့်ရင် အဲ့က ကြော်ငြာတွေမှာ ပါတဲ့ ဘာဂါဆိုတဲ့ အလုံးကြီးလည်း ဝယ်ကျွေးခိုင်းမယ်။ ဖရိုင်းချိကန်းဆိုတာလည်း စားရမယ်။ ကစားကွင်းလည်း လိုက်ပို့ခိုင်းရမယ်။ ဒါပေမယ့် ကစားကွင်းတွေသွား မုန့်တွေစားရင်တော့ ကျွန်တော့်သူငယ်ချင်းတွေခေါ်မယ်ဆိုတာကိုတော့ အမေ့ကို ပူဆာရမယ်။
အိမ်ကို နှစ်ထပ်တိုက်ဝယ်ခိုင်းမယ်။ ကျွန်တော့်အခန်းလေးကို ကစားစရာတွေအစုံထည့်ခိုင်းရမယ်။ ထမင်းစားရင်လည်း နေ့တိုင်းစားနေရတဲ့ ငါးပိရည်မဟုတ်ဘဲ ကျွန်တော်သိပ်စားဖူးချင်တဲ့ ပုဇွန်ထုပ်ဟင်း အမေ့ကိုချက်ခိုင်းရမယ်။ အမေ့ရဲ့ဘဲဥချဉ်ဟင်းက သိပ်စားလို့ကောင်းတာ ပုဇွန်ထုပ်သာ ချက်ကျွေးလို့တော့ ရှယ်ပဲ။

“ကဲ သားရေ အဖေ ထီလက်မှတ်ကို ပိုက်ဆံ ဘယ်လိုလဲရမလဲဆိုတာ သွားမေးစမ်းကြည့်အုံးမယ် … ရှင်မ ထမင်းပြင်ထားကွာ … ဗိုက်က ဆာနေပြီ … ငါပြန်လာတာနဲ့စားမယ် …”

တပြုံးပြုံးနဲ့ အပြင်ထွက်သွားတဲ့ အဖေ့ကိုငေးရင်း ကျွန်တော်လည်း တစ်ရေးအိပ်အုံးမှပါ။ ကစားထားရတာ မောတယ်လေ။
“အမေ့ ထမင်းစားရင် သားကိုနှိုးနော် … သားခဏအိပ်အုံးမယ်”

“အေးပါတော် အေးပါ …”

***************************************

“သားရေ သားရေ … ထတော့လေ ဘယ်ချိန်ရှိနေပြီတုန်း ခုထိမထသေးဘူး”

“ဗျာ အမေ ထီလက်မှတ်ကိစ္စ ဘာထူးလဲ … အဖေပြန်လာပြီလား”

“ဟေ … ဘာထီလက်မှတ်တုန်း ... အိပ်ချင်မူးတူးနဲ့ ဘာတွေပြောမှန်းမသိဘူး … အမေစျေးရောင်းပြန်လာတာလေ … သားအဖေက မလာသေးဘူး”

ဟင် … ကျွန်တော် အိပ်မက် မက်နေတာလား? ချက်ချင်းတောင် မျက်ရည်လေးဝဲလာမိသည်။ အိပ်မက်လေးက လှလိုက်တာဗျာ။ အပြင်မှာလည်း အဲ့လိုဖြစ်ရင် သိပ်ကောင်းမှာပဲ။

 ဒါပေမယ့် မဖြစ်သေးပါဘူးလေ။ “ကောက်ရတယ်ဆိုတာ ပိုင်ရှင်ကို မသိရင်တော့ စိတ်သန့်သန့်နဲ့ ကိုယ်ယူလို့ရတာပေါ့။ ဒါတောင် ပိုင်ရှင်ကို မေတ္တာလေး ပို့ပေးပြီးမှ ယူရမယ် …. ပိုင်ရှင်ကို သိရက်သားနဲ့ ယူထားတယ်ဆိုရင်တော့ ခိုးတာပဲ”ဆိုတဲ့ အမေဆုံးမထားတာလေး ကျွန်တော့်ခေါင်းထဲဝင်လာမိတော့ အိပ်ကပ်ထဲက တစ်ထောင်တန်လေးကို လှမ်းစမ်းမိသည်။

“ဟဲ့ သား … ဘယ်တုန်း … မင်းအဖေပြန်လာတော့မယ် … ထမင်းဝိုင်းမှာ မတွေ့ရင် ဒေါသထွက်နေအုံးမယ်”

“ခဏလေးပါ အမေရေ … သားပစ္စည်းတစ်ခု ပိုင်ရှင်ကို ပြန်သွားပေးပြီး အမြန်ပြန်လာခဲ့မယ်”လို့ အမေ့ကို အော်ပြောရင်း တစ်ထောင်တန် ပိုင်ရှင်ဆီသို့ အပြေးထွက်လာမိတော့သည်။

စာချစ်သူများကို အစဉ်လေးစားလျှက်
မိုးညချမ်း
13.3.2019 (11:50 p.m)

Thursday, August 23, 2018

“Behind the Scene”



“နောင်တ” တရားဆိုတာ အချိန်လွန်မှ ရတတ်သတဲ့လား? ကျွန်မ ဘယ်လိုဖြေဆည်ရမယ်မှန်း မသိ။ မျက်ရည်ကျဖို့ပင် အားမရှိတော့လောက်အောင် မေမေ့ရဲ့ရုပ်ကလပ်ကို တွေတွေကြီး ကြည့်နေမိသည်။ ဘေးက ဆွေမျိုးတွေက “ငိုချလိုက်လေ သမီး … စိတ်ကိုလွှတ်ချလိုက်ပါကွယ်”လို့ နှစ်သိမ့်နေကြပေမယ့် မျက်ရည်ကမကျ ရင်ထဲတစ်ဆို့ကြီးဖြစ်နေသည်။
ကျွန်မ မေမေ့ကိုမခွဲနိုင်။ တစ်ချိန်ချိန်မှာ မလွဲမသေခွဲခွာကြရမှာဆိုပေမယ့် မေမေ ခုလို ရုတ်တရက်ခွဲခွာသွားမယ်လို့လည်း မတွေးမိခဲ့ပါ။

“သမီးရေ … မေမေ့ကို နောက်ဆုံးကန်တော့လိုက်နော် … မီးသဂြိ င်္ုလ်စက်ထဲထည့်တော့မယ်”လို့ ဖေဖေ့သတိပေးသံကြားတော့ မေမေ့မျက်နှာကိုနောက်ဆုံးတဝကြီးကြည့်ရင်း ကျွန်မ မျက်ရည်တွေ စီးကျလာမိတော့သည်။ “မေမေရယ် … နောင်ဘဝဆိုတာသာရှိခဲ့ရင်လေ မေမေ့အပေါ်မှာ ဂရုစိုက်ဖို့လိုအပ်ခဲ့သမျှ သမီးပြန်ဖြည့်ဆည်းနိုင်ဖို့ မေမေနဲ့ပြန်ဆုံဆည်းပါရစေ”လို့ တိုးတိုးလေးဆုတောင်းမိလိုက်သည်။ ထိုဆုတောင်းသည် မှားလား/မှန်လား မသိပါ။ ဒါပေမယ့် မေမေနဲ့တော့ ဘဝပေါင်းများစွာ ဆုံဆည်းချင်မိပါသည်။

မီးသဂြိ င်္ုလ်စက်ထဲ မေမေ့ရုပ်ကလပ်ကို သယ်သွားတာကို ငေးကြည့်ရင်း ရုတ်တရက်အပြင်ကို ပြေးထွက်ကာ မီးခိုးခေါင်းတိုင်က ထွက်လာသည့် မီးခိုးငွေ့များကိုကြည့်ရင်း …..

*******************************************************

ကျွန်မသည် တစ်ဦးတည်းသောသမီး … ဖေဖေမေမေတို့ရဲ့ အချစ်ကိုတစ်ဦးထဲ ပိုင်ဆိုင်ထားသူဖြစ်ရတာ အလွန်ကံကောင်း သည်ဟု ယူဆပေမယ့် တစ်ခါတစ်ရံမှာတော့ မောင်နှမသားချင်းလိုချင်မိပြန်သည်။ ဖေဖေနဲ့ မေမေက အသက်ကြီးမှ အိမ်ထောင်ကျပြီး ကျွန်မ တစ်ဦးထဲကိုသာ မွေးထားသည်မို့ အလွန်တုန်နေအောင် ချစ်ကြသည်။ အစိုးရဝန်ထမ်းတွေမို့ စားဝတ်နေရေးကို ချင့်ချိန်သုံးစွဲရပေမယ့် ငယ်စဉ်ကတည်းက ကျွန်မလိုချင်တာ မှန်သမျှ မညည််းမငြူ တတ်နိုင်သမျှဖြည့်ဆည်းပေးခဲ့ကြတာလည်း ဖေဖေနဲ့ မေမေပင်။ ကျွန်မ ဘွဲ့ရသည့်နေ့က ဖေဖေနဲ့ မေမေရဲ့ မျက်နှာမှာ အထင်းသာပေါ်နေတဲ့ ပီတိအပြုံးကို ကျွန်မမေ့ရမည်မထင်။ ကျွန်မကျောင်းပြီးသည့်နှစ်မှာ ဖေဖေကသက်ပြည့်ပင်စင်ယူပြီး မေမေက ကျန်းမာရေးမကောင်းသဖြင့် ဆေးပင်စင်ဖြင့် အငြိမ်းစားယူခဲ့ကြသည်။

ဖေဖေနဲ့ မေမေပင်စင်ယူပြီးချိန်မှာတော့ ကျွန်မက အလုပ်ထဲစတင်ဝင်ရောက်ခဲ့လေပြီ။ (၁၀)တန်းအောင်သည့်အချိန်တုန်းကရော တက္ကသိုလ်တက်နေသည့်အချိန်ကပါ အချိန်ရလျှင်ရသလို English Speaking ၊ ကွန်ပျူတာသင်တန်းစသဖြင့် သင်တန်းတွေစုံအောင် လျှောက်တက်ခဲ့သည်။ ကျွန်မတက်ချင်သမျှ သင်တန်းတွေကိုလည်း ဖေဖေနဲ့ မေမေက ရသည့်လစာလေးဖြင့် ခြစ်ကုတ်ထားပေးခဲ့သည်။ အဲဒီသင်တန်းတွေက ရလာတဲ့ သင်တန်းဆင်းလက်မှတ်တွေကြောင့်ပဲ လစာမနည်းလှသော အလုပ်တစ်နေရာစာရခဲ့လေသည်။ ဖေဖေနဲ့ မေမေတို့ရဲ့ ပင်စင်လစာလေးအပါအဝင် ကျွန်မရဲ့လစာလေးနဲ့ မိသားစုစားဝတ်နေရေး အဆင်ပြေလှသည်မဟုတ်ပေမယ့် လူတန်းစေ့တော့ နေနိုင်ခဲ့သည်။

ဒီလိုနဲ့ပဲ ကျွန်မလုပ်ငန်းခွင်ရောက်တော့ ခင်မင်လာရတဲ့သူငယ်ချင်းမိတ်ဆွေတွေရဲ့ လက်တွဲခေါ်မှုကြောင့် သူတို့ရဲ့ ပရဟိတအသင်းလေးမှာ အသင်းဝင်ကာ ပရဟိတအလုပ်လေးတွေ စလုပ်ဖြစ်ခဲ့သည်။ မိဘမဲ့ကလေးကျောင်းများ၊ ဘိုးဘွားရိပ်သာများ၊ စိတ်ဝေဒနာသည်များဆေးရုံ၊ အနာကြီးရောဂါသည်များရှိရာ ဂေဟာစသဖြင့် သွားရောက်လှူဒါန်းခြင်းတွေ၊ လုပ်အားပေးခြင်းတွေကို တတ်နိုင်သလောက် စနေ၊ တနင်္ဂနွေရုံးပိတ်ရက်တောင် အိမ်မကပ်နိုင်အောင် လုပ်အားပေးခဲ့သည်။ ဖေဖေနဲ့ မေမေကလည်း မွန်မြတ်လှသည့် ပရဟိတအလုပ်အတွက် ကန့်ကွက်ခြင်းမရှိ လိုအပ်တဲ့အကြံဉာဏ်ပေးသလို အားလည်းပေးခဲ့ကြသည်။ ပရဟိတခရီးတွေသွားပြီးပြန်လာတိုင်း ရရှိလာတဲ့ပီတိတွေ၊ အတွေ့အကြုံတွေကို ဖေဖေနဲ့မေမေ့ကို ပြန်ပြောပြရတာလည်း အမောပေါ့။

တစ်ရက်တော့ -
“သမီးလေး … ဒီနေ့ရုံးခွင့်ယူလို့ရင်ယူပါလားကွယ် … မေမေနေသိပ်မကောင်းလို့ ဆေးခန်းသွားချင်တာ … ဆီးချိုပဲ တက်နေသလား? သွေးပဲတိုးနေသလားမသိပါဘူး … သမီးဖေဖေကလည်း မျက်စိသိပ်မကောင်းတို့ မေမေတို့ ၂ ယောက်ထဲသွားလို့မဖြစ်လို့”

“ခွင့်ယူလို့မရလောက်ဘူး မေမေရ … ဒီနေ့ရုံးမှာ အရေးကြီးအစည်းအဝေးရှိတယ် …”

မေမေဘာမှတော့ ဆက်မတောင်းဆိုတော့ပေမယ့် မေမေ့မျက်နှာညှိုးသွားတာကိုတော့ သတိထားမိလိုက်သည်။ စိတ်ထဲမကောင်းပေမယ့် အရေးကြီးအစည်းအဝေးရှိသည့်ရက်တွင် ရုံးခွင့်ယူလျှင် အထက်လူကြီးငြိုငြင်သွားမှာ စိုးရိမ်မိသည်။ မေမေ့ကိုပြောပြီး ရုံးသွားရန် ပြင်ဆင်ကာ ရုံးဖယ်ရီကိုစောင့်ရန် လမ်းထိပ်သို့ထွက်လာလိုက်သည်။ လမ်းထိပ်ကို လမ်းလျှောက်လာရင်း အိတ်ထဲက ဖုန်းသံမြည်လာသည်။

“Hello … ဟုတ်ကဲ့ ပြောပါရှင် …”

“ဖြူနှင်းရေ … အိလေးပါ … ခုလာပေးလို့ရလားဟင်? ဒီမှာ အဘိုးတစ်ယောက်မူးလဲနေလို့ဟ … ဆေးရုံဖြစ်ဖြစ် ဆေးခန်းဖြစ်ဖြစ်ပို့မှဖြစ်မယ် … အခြေအနေသိပ်မကောင်းလောက်ဘူး … ဘယ်သူ့ကိုမှ ဖုန်းဆက်မရလို့ နင့်ဆီဆက်လိုက်တာ … ငါတစ်ယောက်ထဲ အဆင်မပြေဘူးဟ … လာခဲ့ပေးနော်”

“အေး အေး သူငယ်ချင်း … ငါခုထွက်လာပြီ”

အိလေးနဲ့ဖုန်းပြောပြီးတာနဲ့ Taxi ငှားကာ သူမရှိရာနေရာသို့ ထွက်လာလိုက်သည်။ ထိုနေရာသို့ သွားရင်း ကားပေါ်မှာ “ငါ ရုံးကို ဘယ်လိုပြောရင်ကောင်းမလဲ”လို့တွေးရင်း ဆရာ့ဆီသို့ ဖုန်းခေါ်လိုက်သည်။

“Hello … ဆရာ သမီးဖြူနှင်းပါ … ဒီနေ့ မေမေတော်တော်လေး နေမကောင်းဖြစ်နေလို့ … အဲဒါဆေးခန်းသွားပြမလို့ သမီးကို ခွင့်တစ်ရက်ပေးပါနော်”

“ကောင်းပြီ ဖြူနှင်း … မနက်ဖြန် ရုံးရောက်တာနဲ့ ခွင့်စာတန်းတင်ပါ”

“ဟုတ်ကဲ့ပါ ဆရာ”

ဟူး … တော်သေးတာပေါ့ …။ ဒီနေ့ ထူးထူးဆန်းဆန်း မဆူပါလားလို့ တွေးရင်း အိလေးရှိတဲ့နေရာကို ရောက်လာသည်။ အဲ့ဒီနေရာကိုရောက်တော့ လဲကျနေသည့် အဖိုးကို ပတ်ဝန်းကျင်အကူအညီနဲ့ နီးစပ်ရာဆေးခန်းကို ပို့ပေးလိုက်သည်။ ဆရာဝန်က “ဘာတော်လဲ”လို့ မေးတော့ “ဘာမှမတော်ပါဘူး ဒေါက်တာ … ကျွန်မတို့က ပရဟိတအဖွဲ့တစ်ဖွဲ့ကပါ … လမ်းမှာ ဒီအဖိုး မူးလဲနေတာတွေ့လို့ ကူညီပြီး ဆေးခန်းလာပို့ပေးတာပါ”။ ဆရာဝန်လည်း အဖိုးကိုစမ်းသပ်ရင်း “သိပ်တော်တဲ့ ကလေးမတွေပဲ”လို့ ဆရာဝန်ရဲ့ချီးကျူးစကားကြားတော့ ရင်ထဲပီတိဖြစ်ရခဲ့ပြန်သည်။

“လူနာက ဘာမှမဖြစ်ပါဘူး … ဖျားလို့ အားနည်းပြီး မူးလဲသွားတာပါ … သူခဏနေ သတိရလာမှာပါ … လိုအပ်တဲ့ဆေးတွေပေးလိုက်ပါတယ် … ဂရုတစိုက်တိုက်ပေးလိုက်ပါ”

“ဟုတ်ကဲ့ ကျေးဇူးပါ ဒေါက်တာ”

အဖိုး သတိရလာတာနဲ့ ဆရာဝန်ကို ကျသင့်သည့်ဆေးဖိုးဝါးခအား အိလေးနဲ့ ကျွန်မ တစ်ယောက်တစ်ဝက်စီ ရှင်းကာ အဖိုးကို သူနေသည့် လိပ်စာကိုမေး … အဖိုးအတွက် စားစရာတွေဝယ်ကာ သူ့အိမ်လေးဆီ ပြန်လိုက်ပို့ခဲ့ကြသည်။ အဖိုးကိုပြန်ပို့ပြီး အိလေးနဲ့ဆိုင်တစ်ဆိုင်မှာ မုန့်စားရင်း အသင်းနှစ်ပတ်လည်ကျ ဘာတွေလုပ်မှာလဲဆိုတဲ့အကြောင်းတွေပြောရင်း “ဟဲ့ … ဖြူနှင်း ဒီနှစ်အသင်းနှစ်ပတ်လည်ကျရင် နင် ဆုတစ်ဆုရလောက်တယ် … ဒီလောက်တောင် ပရဟိတအလုပ်တွေကို စိတ်ရောကိုယ်ပါနှစ်ပြီး ငါတို့ထက် ပိုလုပ်နေတာ”လို့ ချီးမွမ်းရင်းပြောလာတော့ ရင်ထဲဝမ်းသာမိရပြန်သည်။ အိလေးနဲ့ စကားကလည်း ပြောကောင်းပေမယ့် မုန့်စားပြီးတာနဲ့ အိမ်ပြန်လာလိုက်သည်။ 

အိမ်ရောက်တော့ ရုံးဆင်းချိန်ထက် စောပြန်လာတဲ့ ကျွန်မကို မေမေက -
 “အယ် … သမီးလေး ပြန်လာတာ စောလှချည်လား … ရုံးမှာပင်ပန်းလာလို့လား? … နေမကောင်းလို့လား?”

“ဟုတ် မေမေ … သမီး ခေါင်းနည်းနည်းမူးနေလို့ … အဲ့ဒါကြောင့် ခွင့်တောင်းပြီး ရုံးစောစောဆင်းလာတာ”

“မှန်းစမ်း … ဖျားသလား … အားနည်းနေတာများလား … ဆေးခန်းသွားမယ်လေ သမီး”

“နေပါစေ မေမေရယ် … သမီးတစ်ရေးအိပ်လိုက်ရင် သက်သာသွားမှာပါ …”လို့ ပြောရင်း မေမေ့ရှေ့မှာ ကြာကြာမနေရဲ။ ကိုယ့်ကိုကိုယ် မလုံသလိုခံစားနေရလို့ အခန်းထဲအမြန်ဝင်ခဲ့လိုက်သည်။ ညနေစောင်းတော့ ကျွန်မအတွက် ကြာဇံပြုတ်နဲ့ ကော်ဖီတစ်ခွက်ယူလာကာ “ဒါလေး ကုန်အောင်စား … ကော်ဖီလေးနဲ့ ဆေးသောက်လိုက်နော် သမီးလေး”လို့ ပြောကာ တစ်ညလုံး ကျွန်မအခန်းထဲသို့ ဝင်လာလိုက် နဖူးလာစမ်းလိုက် … ကျွန်မမျက်နှာကိုကြည့်လိုက် ပြန်ထွက်သွားလိုက်နဲ့ မေမေ အလုပ်တွေပိုသွားခဲ့သည်။ ညဉ့်အတော်နက်လာတော့ ကျွန်မလည်း အိပ်ပျော်သွားကာ မေမေထပ်ဝင်လာ/မလာကိုတောင် မသိတော့။

မနက်လင်းတော့ မျက်နှာသစ်ကာ မနက်စာစားဖို့ထွက်လာတော့ မီးဖိုချောင်ထဲကထွက်လာတဲ့ ဖေဖေက -
“ဟော သမီးတောင် နိုးပြီလား? ဖေဖေထမင်းကြော်ထားတယ် … စားလိုက်အုံး … ပြီးမှ ရုံးသွားနော် … ခေါင်းမူးနေတာရော သက်ရောသက်သာရဲ့လား”

“ဟုတ် သက်သာပါတယ် ဖေဖေ … ဒါနဲ့ မေမေရောဟင်?”

“သမီး မေမေ နေမကောင်းလို့ အိပ်နေတယ် …”

“သြော် ဟုတ် ဟုတ် ဖေဖေ သမီးပြီးမှ မေမေ့ဆီသွားလိုက်မယ်”လို့ပြောပြီး ဖေဖေအဆင်သင့်ပြင်ပေးထားသော ထမင်းစားပွဲဝိုင်းမှာ စားရင်း “မနေ့က မေမေဆေးခန်းသွားပြဖို့ ခွင့်ယူခိုင်းတုန်းက မယူဘဲ တစ်ခြားကိစ္စနဲ့ ခွင့်ယူတာများ သိသွားလို့ စိတ်မကောင်းဖြစ်နေတာများလား”လို့ ဟိုတွေးဒီတွေးနဲ့ စိတ်ပူနေမိသည်။ မနက်စာစားနေတုန်း ကျွန်မဖုန်းလေးမြည်လာလို့ ကိုင်လိုက်တော့ -
“ဖြူနှင်းရေ … ခုချက်ချင်းရုံးကိုလာခဲ့ပေးပါ … ဆရာက ဒီနေ့လူကြီးလမ်းကြောင်းလိုက်ရမှာ … လိုအပ်တဲ့စာရွက်စာမ်းတွေက ညည်းဆီမှာဆိုတော့ ခုချက်ချင်းလာပေးမှရမယ်”

“ဟုတ်ကဲ့ ဟုတ်ကဲ့ဆရာ … ခုချက်ချင်းထွက်လာပါ့မယ်”လို့ ပြောပြီး ရေအမြန်ချိုး ဖီးလိမ်းပြင်ဆင်ကာ မေမေ့ကိုတောင် နှုတ်မဆက်နိုင် ဧည့်ခန်းမှာ သတင်းစာထိုင်ဖတ်နေတဲ့ ဖေဖေ့ကို “ဖေဖေရေ ရုံးက အရေးတကြီးဖုန်းဆက်ခေါ်လို့ သွားတော့မယ် … မေမေ့ကိုပြောပေးပါနော်”လို့ လှမ်းအော်ပြောရင်း ရုံးကိုအလျင်အမြန်ထွက်လာလိုက်သည်။

ရုံးရောက်တော့ ဆရာ့အတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေပြင်ဆင်ပေးပြီး ဆရာထွက်သွားတော့မှ သက်ပြင်းချကာ ရုံးအလုပ်တွေ ဆက်လုပ်နေလိုက်သည်။ တစ်နေ့တာ အချိန်တွေဘယ်လိုကုန်သွားမှန်းမသိ။ မနေ့က ရုံးတစ်ရက်လောက်ပျက်လိုက်တာ အလုပ်တွေ တောင်လိုပုံနေသည်။ နေ့လည်စာတောင် အချိန်ပေးမစားနိုင်။ Ready made ခေါက်ဆွဲပြုတ်လေးအမြန်စား … အလုပ်တွေတစ်ခုပြီးတစ်ခုဖြတ်နေရင်းနဲ့ ရုံးဆင်ကာနီး တစ်နာရီအလိုလောက်မှာတော့ ဖုန်းဝင်လာသည်။ ကိုင်လိုက်တော့ ဖေဖေ့ဆီက ဖြစ်နေသည်။ “ဟယ်လို”ဆိုသည့် ဖေဖေ့အသံက တုန်ရီနေသည်ကိုတော့ သတိထားမိလိုက်သည်။

“သမီးလေးရေ … စိတ်ကို ခိုင်ခိုင်သာထားနော် … သမီး မေမေ သွေးတအားတိုးလို့ ဦးနှောက်သွေးကြောပြတ်ပြီး နေ့လည်ကပဲ ဆုံးသွားပြီ”

“ဟင် !!!!!”

ကျွန်မ ဖေဖေ့ကိုတောင် စကားဆက်ပြောရန် အင်အားမရှိတော့ပါ။ အချိန်တွေကပဲ မြန်လွန်းတာလား? ဘာတွေကပဲ လွဲနေခဲ့တာလဲ?။ မနေ့ကပဲ မေမေနဲ့ ကျွန်မစကားတွေပြောခဲ့ကြသေးသည်။ သူမကိုယ်တိုင် နေမကောင်းတာတောင် အိပ်ရေးပျက်ခံပြီး အသက် (၇၀)နားနီးနေတဲ့ မေမေ့ကို ဂရုမစိုက်နိုင် အခြားသူအတွက် ဦးစားပေးမိသလိုဖြစ်သွားတဲ့ ဟန်ဆောင်ကောင်းသောသမီးတစ်ယောက်ကို ဂရုဏာတွေ ချစ်ခြင်းမေတ္တာတွေနဲ့ နောက်ဆုံးချိန်ထိ ပြုစုပေးခဲ့တဲ့ မေမေ …။ ကျွန်မ မေမေ့ကို နှုတ်မဆက်ရသေး။ မေမေ့ကို မတောင်းပန်ရသေး။ အသက်ကြီးလာလို့မျက်စိမှုန်တော့ တစ်ယောက်ထဲသွားလာရတာအဆင်မပြေ ... တစ်ခါတစ်လေပင်စင်ထုတ်ဖို့ အဖော်မရှိတဲ့အခါ မေမေခေါ်တိုင်း အကြောင်းပြချက်မျိုးစုံနှင့်ငြင်းခဲ့ဖူးသည်။ နေမကောင်းလို့ ဆေးခန်းသွားချင်တိုင်း အကြောင်းပြချက်တွေနှင့် ငြင်းခဲ့ဖူးသည်။ ပရဟိတအတွက်ဆို လက်မနှေးရှေ့ဆုံးက ပြေးခဲ့ဖူးသည့် အများလေးစားအားကျရတဲ့ မိန်းကလေးတစ်ယောက် နောက်ကွက်က သက်ကြီးရွယ်အိုမိဘတွေအပေါ် လျစ်လျူရှုမှုတွေကို အခြားသူတွေက မမြင်။ အထီးကျန်ဆန်ဆန်နေရသည့် မိဘတွေအတွက် အချိန်မပေး ပရဟိတအတွက် မနက်လင်းကနေညမိုးချုပ်ထိ နားရကောင်းမှန်းမသိ အများကချစ်ကြတဲ့ မိန်းကလေးတစ်ယောက် နောက်ကွက်က ညညဆိုအိမ်ပြန်နောက်ကျတတ်တဲ့ တစ်ဦးတည်းသောသမီးကို မိသားစုထမင်းဝိုင်းလေးမှာ ထိုင်စောင့်နေကြတဲ့ သနားစဖွယ်သက်ကြီးမိဘတွေကို လူတွေမမြင်ခဲ့ပေမယ့် သေမင်းကတော့ မြင်သွားခဲ့လေပြီ။

စာချစ်သူများကိုအစဉ်လေးစားလျှက်
မိုးညချမ်း
26.11.2016 (9:00 p.m)

Thursday, July 9, 2015

ကလေးလေးရဲ့စာစီစာကုံး





ဒီနေ့ကလေး နိုးထလာမိတဲ့အချိန် ... ပထမဦးဆုံး ကြားလိုက်တာ ငိုသံတစ်ခု … သေချာနားထောင်ကြည့် လိုက်တော့ ကလေးရဲ့မေမေငိုသံပါ … ကလေးမှာ အမည်နာမ မရှိသေးပါဘူး … မွေးနေ့အတိအကျလည်း မသိပါဘူး … ခုထိကလေးက မေမေ့ရဲ့ဗိုက်ထဲမှာလေ … … ဒါပေမယ့် ခံစားတတ်နေပါပြီ … မေမေက အမြတ်တနိုးနဲ့“ကလေး”လို့ ခေါ်ပြီး စကားတွေပြောတိုင်း မေမေ့ရဲ့နွေးထွေးမှုအချစ်တွေကို ကလေးခံစားလို့ရပါတယ် … ဒီနေ့ ကလေးနိုးထတဲ့ အချိန်မှာပဲ မေမေ့ရဲ့ ရှိုက်ငိုသံကို ကြားလိုက်ရပါတယ် … ကလေးအရမ်းခံစားရပါတယ် … ကလေးမေမေငိုတာကို မမြင်ချင်ပါဘူး … မေမေဟာလူတွေကို လွယ်လွယ်ယုံကြည်တတ်သူလို့ ကလေးခံစားမိလိုက်ပါတယ် … ဘာလို့လည်းဆိုတော့ မေမေရဲ့ငိုရှိုက်သံ တွေရဲ့ကြားထဲက ကလေးရဲ့ဖေဖေလို့ခေါ်ရမယ့်သူကို ဖုန်းဆက်နေသံတွေ ကလေးကြားမိလို့ပါ … ကလေးရဲ့ ဖြစ်တည်နေမှုကို မေမေက အဲဒီဖေဖေဆိုတဲ့သူကို ပြောပြနေသံတွေ ကလေးကြားနေရပါတယ် … တစ်ဖက်က ကလေးရဲ့ဖေဖေဆိုသူ ဘာတွေပြောလည်းတော့ မသိပါဘူး … ဖုန်းပြောနေချိန်ရော ပြောပြီးချိန်မှာပါ မေမေ့ရဲ့ သနားစဖွယ်ငိုရှိုက်သံနဲ့အတူ ကလေးလည်း ငိုမိနေပါတယ် … ကလေးသိပ်ချစ်ရတဲ့ မေမေကို အပြုံးတွေနဲ့ပဲ ပျော်နေစေချင်ပါတယ် …

နောက်တစ်ရက်မှာ မေမေနဲ့ ကလေးရဲ့ဖေဖေဆိုသူတို့ ညနေပိုင်းဘုရားမှာတွေ့ပြီးစကားပြောကြမယ်ဆိုတဲ့ ချိန်းဆိုမှုကို ကလေးကြားလိုက်ရပါတယ် … မေမေအဆင်ပြေပါစေဆိုတဲ့ ဆုတောင်းခြင်းတွေအပြည့်နဲ့ပါ … ညနေစောင်းတော့ မေမေနဲ့ကလေးရဲ့ဖေဖေဆိုသူတို့ ပြောနေကြတာတွေကို ကြားရတော့ ကလေးမေမေ့ကို ပိုချစ်မိသနားမိခဲ့ပါတယ် …

 “ဒီကလေးကိုယူဖို့ မောင်တို့မှအဆင်မပြေသေးတာပဲ ချစ်ရယ် … မောင် အဆင်သင့်မဖြစ်သေးဘူးကွ … မောင့်မိသားစုမှာ မောင်တစ်ယောက်တည်းရှိတာလေ … မောင်သူတို့ကို ဥပေက္ခာပြုခဲ့လို့ မရဘူး … ချစ် ဒီကလေးကိုမယူပါနဲ့ကွာ”တဲ့ … 

ကလေးဖေဖေရဲ့ပြောတဲ့စကား … ငိုသံ၊ ကလေးရဲ့မေမေရှိုက်ကြီးတငင်ငိုနေပါပြီ … ငိုသံတွေကြားထဲကပဲ မေမေက“မောင် … မောင်နဲ့ပတ်သက်သမျှ အသေးအမွှားပစ္စည်းလေးကအစ ချစ်ဘယ်လောက်နှမြောတတ်ခဲ့လည်း မောင်သိပါတယ် … ခုဟာက ကလေး တစ်ယောက်ရဲ့အသက်လေ မောင်ရယ် … မောင်နဲ့ချစ်တို့ရဲ့ ရတနာလေးပါ မောင်ရယ် … ချစ်တို့ အတူနေကြရဖို့ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုနဲ့ ဒီမျှော်လင့်ချက် လေးကို ဖန်တီးဖြစ်ခဲ့ကြတာ မဟုတ်ဘူးလားဟင် … ခုကျမှ ဘယ်လိုဖြစ်လို့ မောင်ဒီကလေးကို ဖျက်ဖို့ပြောရတာလည်းဟင် … မောင် ချစ်နဲ့လိုက်ပြီး မစွန့်စားရဲပေမယ့် ချစ်ကတော့ ဒီကလေးကိုလုံးဝမဖျက်ဘူး … ချစ်တို့ထာဝရနှုတ်ဆက်ကြတာပေါ့” တဲ့ …

မေမေ …. ကလေးရဲ့မေမေ … မေမေ့ရင်ထဲမှာ ဘယ်လောက်များကြေကွဲနေမလည်းဟင် … သူဘယ်လောက် စိတ်ဆင်းရဲနေပါစေ … ကလေးအာဟာရဖြစ်စေဖို့ ကလေးကျန်းမာစေဖို့ ကြိတ်မှိတ်စားနေတဲ့ မေမေ … မေမေအချိန်တိုင်းငိုနေရသလိုပဲ ကလေးလည်းထပ်တူပါပဲ မေမေရယ် … (၂)ရက်လောက်ကြာတော့ ကလေးရဲ့ဖေဖေဆိုသူက မေမေနဲ့အတူ အဝေးကြီးကိုထွက်သွားမယ်ဆိုတဲ့ ကတိတစ်ခုကို ရလိုက်တယ်ထင်ပါရဲ့ … မေမေနဲ့ကလေးရဲ့ဖေဖေတို့ ရှေ့ရေးတွေတိုင်ပင်နေကြတာ ကလေးကြားမိ လိုက်ပါ သေးတယ် … သိပ်မကြာပါဘူး … တစ်ညအိပ်အချိန်လေးအတွက် မေမေဘယ်လောက်များ ပျော်ခဲ့လည်းဆိုတာ ကလေးခံစားလို့ရပါတယ် … နောက်တစ်နေ့မနက်မိုးလင်းတော့ ထုံးစံအတိုင်းမေမေ့ရဲ့ငိုသံလေးကို ကြားမိ လိုက်ပြန်ပါတယ် … ကလေးရဲ့ဖေဖေဆိုသူက “မောင် ဘယ်လိုပဲ စဉ်းစားစဉ်းစား အဆင်မပြေဘူး ချစ်ရယ် … ကလေးကိုမယူပါနဲ့”တဲ့ … ကလေး မေမေ့ကိုနှစ်သိမ့်ပေးချင်လိုက်တာ … ဘာလုပ်ပေးရမှန်းကို မသိခဲ့ပါဘူး မေမေရယ် … မေမေရဲ့ငိုသံတွေကြားက စကားတစ်ခွန်းကို ကြားတော့ ကလေးအရမ်းလန့်သွားခဲ့တယ် … “စိတ်ချပါ မောင်ရယ် … မောင်ဘယ်လိုမှအဆင်မပြေလည်း မောင့်သဘောအတိုင်း ဒီကလေးကို ဖျက်ပေးပါ့မယ်တဲ့” … ဟင့်အင်း မေမေ … မေမေအဲဒီလိုဆုံးဖြတ်မှာ ကလေးမလိုချင်ဘူး … မေမေကပြောလိုက်တဲ့ စကားအတိုင်း တစ်ကယ်မလုပ်ဘူးဆိုတာ ကလေးသိတယ် … မေမေအတွေးကတစ်မျိုးဆိုတာ ကလေးခံစား လို့ရနေတယ် … မလုပ်ပါနဲ့ မေမေရယ် … ကလေးချစ်တဲ့မေမေ့ကို အတိုင်းထက်အလွန်မဆုံးရှုံးစေချင်ပါဘူး …

ခဏကြာတော့ မေမေဆေးဘူးလေးတစ်ဘူးကိုဖွင့်သံ … ဆေးတွေကိုထုတ်နေသံကြားတော့ … မဖြစ်ဘူး မေမေ … မဖြစ်ဘူး … မေမေ ကလေးနဲ့တူတူလိုက်ခဲ့ဖို့မလိုပါဘူး မေမေရယ် … ကလေးရဲ့မေမေကို ချစ်တဲ့မိသားစုတွေ … သူငယ်ချင်းတွေ … ကလေးမေမေ့ကို လိုအပ်နေသူတွေအတွက် မေမေရှိနေအုံးမှ ရမှာလေ … မလိုက်ခဲ့ပါနဲ့ မေမေရယ် … ကလေးသာ အခွင့်ရှိမယ်ဆိုရင် မေမေ့ဆီနောက်တစ်ခေါက်ပြန်လာ ချင်ပါသေးတယ် … ပြန်လာပါရစေဆိုတဲ့ ဆုတောင်းလေးမဆုံးခင် … “မှောင်သွားတယ် … ကလေးကြောက်တယ် … အမှောင်ကြီးထဲ ရောက်သွားပြီ … ကလေးအရမ်းကြောက်လို့ပါ မေမေ … မေမေရေ …”

စာချစ်သူများကို အစဉ်လေးစားစွာဖြင့်
မိုးညချမ်း
9.4.2012 (3:10 p.m)

Saturday, November 22, 2014

တုနှိုင်းမမှီ




*ခု ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်စားနိုင်တဲ့ ရှမ်းခေါက်ဆွဲဟာ
ငယ်ငယ်တုန်းက အတန်းတင်စာမေးပွဲပြီးတိုင်း
ဖေဖေ မေမေတို့လိုက်ဝယ်ကျွေးတာလောက် စားလို့မကောင်းဘူး …

*ခု ကိုယ့်လစာနဲ့ကိုယ် ဝယ်စားနိုင်နေတဲ့ ကြေးအိုးက
ငယ်ငယ်တုန်းက မိသားစုစုံညီနဲ့စားရတဲ့
ကြေးအိုးလောက် အရသာမရှိဘူး …

*ခု ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်စားနိုင်နေတဲ့ Yum Yum ခေါက်ဆွဲပြုတ်က
ငယ်ငယ်တုန်းက နေမကောင်းလို့ မေမေကိုယ်တိုင်ပြုတ်ပေးတဲ့
Yum Yum ခေါက်ဆွဲပြုတ်လောက် အရသာမရှိဘူး …

*ခု သိန်းချီပေးတက်နေရတဲ့ သင်တန်းတွေဟာ
ငယ်ငယ်တုန်းက ဖေဖေနဲ့မေမေတို့ သင်ပေးတဲ့ "၀"လုံးလေးလောက်
စိတ်ဝင်စားဖို့မကောင်းဘူး ...

* ခု ကိုယ့်လုပ်အားခနဲ့ ဖေဖေ မေမေတို့ကို ကန်တော့နို်င်တဲ့
ပိုက်ဆံတွေဟာ ငယ်ငယ်တုန်းက ဖေဖေနဲ့ မေမေတို့ပေးတဲ့
ကျောင်းမုန့်ဖိုးလောက် တန်ဖိုးမရှိဘူး …

*ခု ကိုယ်တတ်နိုင်သလောက် ဖေဖေနဲ့မေမေကို ပြုစုပေးနေရတာဟာ
ငယ်ငယ်တုန်းက ကျွေးမွေးပြုစုလာရတဲ့ ဖေဖေနဲ့ မေမေတို့
ကျေးဇူးကိုမဆပ်နိုင်သေးဘူး …



မိုးညချမ်း
22.11.2014 (2:53 p.m)

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...