Sunday, October 5, 2014

ပျံပါလေတော့




ကျွန်မ မိုးရေထဲမှာ ဘယ်လောက်ကြာအောင် ရပ်နေမိမှန်းမသိ..။ ကိုယ်ကိုတိုင်လည်း ဘာတွေလုပ်နေမိမှန်းမသိ…။ ကျွန်မ မိုးစက်တွေကိုချစ်သည်။ မိုးရွာနေတဲ့အချိန် မိုးရေထဲ လမ်းလျှောက်နေရခြင်း၊ မိုးရေထဲမှာ ရပ်နေရခြင်းကို ကြိုက်သည်။ ဘာကြောင့်လဲလို့သိချင်ကြမပေါ့။ မိုးစက်လေးတွေက ကျွန်မရဲ့မျက်ရည်တွေကို ကာကွယ်ပေးသည်။ ကျွန်မရဲ့အထီးကျန်ခြင်းကို အဖော်ပြုပေးသည်။

ကျွန်မဟာ ဟန်ဆောင်တတ်ခဲ့သူလား? ကျွန်မကိုယ့်ကိုကိုယ် ဟန်မဆောင်တတ်သူအဖြစ် သိထားသူပါ။ ငိုချင်ရင် မျက်ရည်တောင် မထိန်းနိုင်ဘဲ ငိုတတ်သည့်မိန်းကလေးမျိုးပါ။ သို့ပေမယ့် အခု သူထွက်သွားတော့မှာကို ဘာ့ကြောင့် ကျွန်မ မတားဘဲ ထွက်ခွာခွင့်ပြုခဲ့ပါလိမ့်။ သူထွက်သွားမှာကို အရူးတစ်ပိုင်းလို ကျွန်မ အော်ဟစ်မငိုကြွေးမိခဲ့ပါလိမ့်?

“အင်း … ဟုတ်ပြီလေ … ထွက်သွားမှာမဟုတ်လား … ပြင်ဆင်စရာရှိတာတွေပြင်တာပေါ့ … မေ့ကျန်တာ ဘာညာလည်း မဖြစ်စေနဲ့”

“ဟာ … ဒီအတိုင်း ထွက်သွားခွင့်ပေးတယ်ပေါ့ … ခုလိုထွက်သွားမယ်ပြောတာ ဘယ်လိုမှမခံစားရဘူးလား”

ဟုတ်ပါသည်။ ကျွန်မ မျက်ရည်တစ်စက်တောင် မထွက်ဘဲ အားတင်းရင်းပြောလိုက်မိသည့် စကားများအတွက် ကျွန်မကိုယ်တိုင် အံ့သြမိသည်။ တစ်ကယ်ဆို ကျွန်မငိုကြွေးရမှာ…။ ကိုယ်ချစ်တဲ့သူတစ်ယောက် ကိုယ်နေ့တိုင်းမြင်တွေ့နေရတဲ့သူတစ်ယောက် ကိုယ့်အနားကနေ ထွက်ခွာသွားမယ့်အချိန်အတွက် ကျွန်မ လက်မှိုင်ကျငိုကြွေးရမှာ…။

သူ ကျွန်မကို မုန်းသွားပါလိမ့်မည်။ စိတ်နာသွားပါလိမ့်မည်။ “ကျွန်မ ဘာ့ကြောင့် မတားခဲ့သလဲ”ဆိုသည့် အမေးအတွက် ကျွန်မမှာ တိုးတိတ်စွာအဖြေရှိသည်။ သူ ကျွန်မအနားမှာသာ အမြဲနေလျှင် အချိန်တိုင်းနေလျှင် ပင်ပန်းဆင်းရဲရသည်။ သောကဗျာပါဒ များရသည်။ စိတ်ပင်ပန်းရသည်။ ကျွန်မအနားကထွက်ခွာသွားပြီး သူ့လမ်း သူဖောက်နိုင်မှ သူ့ဘဝသာယာ လှပပေလိမ့်မည်။ သူ့ဘဝလေး အေးချမ်းလိမ့်မည်။ ကျွန်မတစ်ယောက်ထဲရဲ့စိတ်ဆန္ဒ သာယာချမ်းမြေ့မှုတစ်ခုကြောင့် သူ့ဘဝလေးကို မဖျက်ဆီးရက်ပါ။

ကျွန်မဟာ ငယ်ငယ်လေးကတည်းက ဘာကိုမှ မတောင်းဆိုတတ်တဲ့ … ပိုင်ဆိုင်ချင်ရင်တောင် အဆင်ပြေပါ့မလားဆိုတဲ့စိတ်နဲ့ ကြီးပြင်းလာရသူတစ်ယောက်ပေါ့။ လူဆိုတာ “ပိုင်ဆိုင်ခွင့် … တောင်းဆိုခွင့်”ရှိတယ်တဲ့။ ငယ်ငယ်လေးတုန်းက ဘယ်ဆီကမှန်းမသိဘဲ ကြားမိတဲ့စကားအတိုင်းဆို သူ့ကို ကျွန်မအနားမှာ အချိန်ပြည့်ထားချင်သည်။ အချိန်တိုင်း နေ့ရက်တိုင်း သူ့မျက်နှာမြင်နေရရင် … သူနဲ့အတူတူရှိနေခွင့်ရရင် ကျွန်မအတွက် ဘယ်အရာမှ မက်မောစရာမလိုအောင် ပြည့်စုံလွန်းလှသည်။ အခက်အခဲ အန္တရာယ်မြောက်များစွာကို ရင်ဆိုင်တိုက်ခိုက်ရဲသည်။ အခက်အခဲများကြောင့် ဟန်ချက်ပျက်ပြီး လဲကျသွားခဲ့တောင် ပြန်လည်နိုးထနိုင်တဲ့ အင်အားတွေရှိလာသည်။

သို့ပေမယ့် ကျွန်မဟာ ငယ်ငယ်လေးကတည်းက ကိုယ့်ကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ ဒုက္ခမရောက်စေလိုတဲ့ စိတ်ဆင်းရဲ ပင်ပန်းခြင်းတွေ မရှိစေလိုတဲ့ အတွေးတွေနဲ့ပဲ ကြီးပြင်းလာခဲ့ရသည်။ ကျွန်မခင်မင်ရင်းနှီးရတဲ့မိတ်ဆွေ အပေါင်းအသင်းတွေတောင် သူတို့ကိုယ်တိုင်ဖွင့်ဟမပြောပေမယ့် “ကျွန်မကြောင့် စိတ်အနှောင့်အယှက်နဲ့ပင်ပန်းရတယ်”လို့ ခံစားလာရရင် မြင်လာရရင် စားမဝင်၊ အိပ်မပျော်အောင်အထိ ကျွန်မ အားနာစိတ်သောကရောက်ရသည်။

အခုတော့ သူဟာ ကျွန်မချစ်ရသူ … ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲထွက်မတတ်ချစ်ရသူ … အရာအားလုံးနဲ့လဲယူပြီး ချစ်ရသူ …။ ကျွန်မ သူ့ကို ဘယ်လိုအင်အားမျိုးနှင့် “ထွက်မသွားပါနဲ့”လို့ တားမြစ်ပိတ်ပင်ရမည်နည်း။ မျက်နှာကတော့ ဟန်မပျက်အောင် ထိန်းထားရပေမယ့် ရင်ထဲမှာတော့ ပူလောင်နေပြီဆိုတာ ကိုယ့်ကိုကိုယ်သာ သိသည်။ သူထွက်ခွာသွားပြီး သူ့ဘဝလေး ပြည့်စုံသာယာမှုရှိလာမည့် လမ်းတစ်ခုအတွက် ကျွန်မ မျက်ရည်နဲ့ တားမြစ်ခြင်းတွေက ခလုတ်ကန်သင်းမဖြစ်စေချင်ပါ။

“ဟုတ်ပြီလေ”ဆိုတဲ့ သူ့စကားရဲ့နောက်ကွယ်က နာကြည်းမှုကို ကျွန်မမြင်တွေ့လိုက်ရပါသည်။ ရှင်းမပြလိုတော့ပါ …။ 

ချစ်တဲ့သူကို အနားကထွက်သွားစေအောင် ရင်အကွဲခံဟန်ဆောင်ရတာလောက် ပင်ပန်းတဲ့အရာမရှိ။ ကျွန်မ ပင်ပန်းသည်။ တစ်လောကလုံးကြားအောင် အော်ဟစ်ငိုကြွေးပြချင်သည်။ တစ်ယောက်ယောက်ဆီပြေးပြီး ဖွင့်ဟပြောပြချင်သည်။

“ဟင့်အင်း … ငါ့စိတ်ကိုမလွှတ်လိုက်နဲ့ … ငါ့ကြောင့် ဘယ်သူမှဒုက္ခမရောက်စေနဲ့”ဆိုတဲ့ တိတ်တဆိတ်ငိုကြွေးနေခြင်းရဲ့နောက်ကွယ်မှာ ကျွန်မစိတ်တွေ လေနှင်ရာဆီသို့ ရွက်လွှင့်ရင်းဖြင့်သာ …။


စာချစ်သူများကို အစဉ်လေးစားစွာဖြင့်
မိုးညချမ်း
5.10.2014 (2:22 P.M)

Friday, October 3, 2014

လက်တွန်းလှည်းလေး



ကျွန်တော့ဘဝလေးကို ကျွန်တော်ပျော်သည်။ သမီးတစ်ယောက်၊ သားတစ်ယောက်ပိုင်ဆိုင်ထားပြီး သမီးကြီးက ကျောင်းပြီးလို့ ဘွဲ့ရတစ်ယောက်ဖြစ်နေလေပြီ။ ကျွန်တော် ပီတိဖြစ်သည်။ သမီးကြီးဘွဲ့ယူသည့်နေ့က ကျွန်တော် မျက်ရည်မဆည်နိုင်ခဲ့ပါ။ ကျွန်တော့်အမျိုးသမီးဆုံးပါးသွားချိန်မှာ သမီးကြီးခြောက်တန်း၊ သားငယ်က တစ်နှစ်သာသာပဲရှိသေးသည်။ မိတဆိုးလေးတွေဖြစ်သည့် သမီးနှင့် သားကို ကျွန်တော်ချစ်၍မဝ …။ သူတို့လေးတွေ ပညာတတ်ဖို့အတွက်သာ ကျွန်တော့အတွက် ပထမဦးစားပေး …။

သမီးနှင့်သား ပညာသင်နိုင်ဖို့ ကျွန်တောအလုပ်စုံလုပ်ဖူးခဲ့လေပြီ။ ယခုသမီးကြီးဘွဲ့ရလို့ လုပ်ငန်းခွင်ဝင်ချိန်မှာ ကျွန်တော့ကို အလုပ်မလုပ်စေချင်ခဲ့။ သမီးကြီးပထမဦးဆုံး လစာရတဲ့နေ့က ကျွန်တော့ကို ကန်တော့ရင်း သမီးကြီးရဲ့သိတတ်မှုစကားများကြောင့် ကျွန်တော်ရှိုက်ကြီးတငင်ငိုကြွေးခဲ့မိသည်။

“ဖေဖေ … သမီးကန်တော့နိုင်တဲ့လစာငွေက သမီးတို့ကို ပညာသင်ကျွေးမွေးပေးတာရဲ့ တစ်ပုံစာတောင်မရှိပါဘူး … သမီးဒီထက်ပိုပြီး ကန်တော့ချင်တာ … ဒီထက်ပိုပြီး ဖေဖေ့ကို ပြည့်စုံအောင် ထားချင်တာ … ဖေဖေ အလုပ်မလုပ်နဲ့တော့နော် … သမီးကို တစ်လှည့်ပြန်ရှာကျွေးခွင့်ပြုပါ ဖေဖေရယ်”

သိတတ်လိုက်သည့် ကျွန်တော့သမီး …။ အမှန်ပြောရရင် ကျွန်တော်မျှော်မှန်းမထားခဲ့ပါ။ ကျွန်တော်ပညာမတတ်သည့် အတွက် အလုပ်တွေခက်ခဲပင်ပန်းစွာလုပ်ရသည်။ ကျွန်တော့လိုပင်ပန်းဆင်းရဲမှာ မလိုလားသည့်အတွက် သမီးနဲ့သားကို ပညာတတ်ကြီးတွေဖြစ်အောင် ကျွန်တော်ရရာအလုပ်တွေလုပ်ရင်း ကျောင်းထားပေးခဲ့သည်။ သမီးက လိမ္မာသည်။ စာတော်သည်။ သူ့ကြောင့် ကျွန်တော့ဘဝလေး ဂုဏ်တက်ဖူးခဲ့ပြီ။ သမီးကြောင့် ဘွဲ့ရတစ်ယောက်ရဲ့ ဖခင်ဖြစ်ဖူးခဲ့ပြီ။ သမီးကြီးက လိမ္မာသလောက် သားငယ်က ဂျစ်တစ်တစ်။ ငယ်ငယ်လေးကတည်းက အတန်းဖော်တွေနဲ့စကားများရင်း လက်ပါလို့ ကျောင်းသို့ မိဘလိုက်ရသည်က အကြိမ်ကြိမ်။ သို့ပေမယ့် သားငယ်ကိုလည်း အပြစ်မမြင်ရက်။ မိတဆိုးသားသမီးတွေမဟုတ်လား…။

ခုသမီးကြီးဘွဲ့ရအလုပ်ဝင်ချိန် သားအငယ်က ရှစ်တန်းရောက်နေလေပြီ။ သမီးကြီးက အလုပ်မလုပ်စေချင်သော်လည်း အိမ်မှာအခန့်သားထိုင်မစားတတ်သည့် ကျွန်တော် စျေးဖိုးလေးပင် ပိုရလိုရငြား၊ သားအတွက် ကျောင်းမုန့်ဖိုး ပိုပေးရလည်း မနည်းဟူသော အတွေးဖြင့် လက်တွန်းလှည်းလေးတစ်စီးဖြင့် သရက်သီးပေါ်ချိန် သရက်သီး၊ ရှောက်သီးသုတ်စတာလေးတွေ ရောင်းဖြစ်သည်။

မနက်ဆို ခြောက်နာရီလောက်စထွက် …။ ကျွန်တောစျေးထွက်ပြီဆို သမီးကြီးက သူတို့မောင်နှမ(၂)ယောက်အတွက် ထမင်းချိုင့်အတွက် စီစဉ်သည်။ မနက်(၈)နာရီလောက်ဆို သမီးကြီးက အလုပ်သွား၊ သားငယ်က ကျောင်းသွားနှင့် အိမ်မှာ လူမရှိ။ ကျွန်တော်တို့ အိမ်လေးက ဆင်ခြေဖုံးရပ်ကွက်က စုပေါင်းတန်းလျားလေးတစ်ခု …။ သိပ်မများလှသော အိမ်ခန်းငှားခဖြင့် ငှားရမ်းနေရသည့်အတွက် ကျွန်တော်တို့သားအဖတွေအတွက် အဆင်ပြေသလို တန်းလျားရှိ မိသားစုများ အတွက်လည်း အဆင်ပြေလှသည်။

******************************************

ဒီနေ့လည်း ခါတိုင်းလိုပဲ မနက်(၅)နာရီလောက်ထကာ ဘုရားဝတ်ပြုပြီး သမီးကြီး ပြင်ဆင်ထားပေးသည့် ထမင်းကြော်လေးကို ငါးပိဖုတ်ဆီဆမ်းလေးနဲ့စားပြီး သမီးကြီးထည့်ပေးထားသည့် ထမင်းဘူးလေးယူကာ (၆)နာရီလောက် အိမ်ကထွက်လာလိုက်သည်။ ကျွန်တော် အိမ်က ထွက်တဲ့အချိန် သမီးကြီးရဲ့လှမ်းအော်သံလေး ကြားလိုက်ရတော့ ပီတိဖြစ်ရသေးသည်။

“ဖေဖေ … အဝေးကြီးတွေလျှောက်သွား မရောင်းနဲ့နော် … ပင်ပန်းနေလိမ့်မယ် … ကားတွေ၊ ဆိုင်ကယ်၊ စက်ဘီးတွေ သတိထားအုံး … အများကြီးရောင်းရလို့ ပိုက်ဆံရမှာထက် ဖေဖေပင်ပန်းပြီး နေမကောင်းဖြစ်မှာ … တစ်ခုခုဖြစ်မှာ ပိုစိုးရိမ်တယ် … ပြီးတော့ ညနေကျ စောစောပြန်ခဲ့နော် … ဒီနေ့ ဖေဖေကြိုက်တဲ့ဟင်းလေး ချက်ထားမှာ”

သမီးကြီးကို “အေးပါ သမီးရဲ့ … စိတ်ချ”လို့ ပြောပြီး ကျွန်တော့ရဲ့တစ်နေ့တာ စျေးရောင်းခြင်းကို စတင်လိုက်ပါပြီ။ ပြောမယ့်သာပြောရတာ ကျွန်တော်ဒီနေ့ စိတ်ထဲသိပ်မကောင်း … လေးလံထိုင်းမှိုင်းနေသလို ခံစားရသည်။ ဒီလိုနဲ့ပဲ မနက်ပိုင်းကျောင်းရှေ့မှာရောင်းပြီး မြို့ထဲဘက်ထွက်လာလိုက်ပါသည်။ မြို့ထဲဘက်မှာ ခဏလောက်လှည့်ရောင်းပြီး လူရှင်းတဲ့လမ်းဘေးတစ်ခုမှာနား နေ့လည်စာစားရင်း ခဏအနားယူလိုက်သည်။ နေ့လည် (၂)ချက်တီးလောက်မှာ စျေးပြန်ထွက်ဖို့အထ ခေါင်းထဲ မူးနောက်နောက်ဖြစ်ကာ ယိုင်ထိုးသွားသည်။ ဒါနဲ့ ခဏလေးပြန်ထိုင် သက်သာသလို ရှိတော့မှ လှည်းလေးကို ဖြည်းဖြည်းချင်းတွန်းရင်း ထွက်လာလိုက်သည်။

မြို့ထဲဘက်က ပြန်ဖြတ်ရင်း အိမ်သို့ ပြန်လိုက်မည် အတွေးဖြင့် တရွေ့ရွေ့တွန်းလာလိုက်သည်။ မြို့ထဲဘက်ကပြန်အထွက် လမ်းတစ်ဖက် ပလက်ဖောင်းတစ်ခုဆီမှ လူစုစုမြင်တော့ ကျွန်တော်လှမ်းကြည့်ရင်း စပ်စုလိုက်မိသည်။ အနားကလူတွေပြောတာတော့ ကျောင်းသားလေးတစ်ယောက် ရန်ဖြစ်ရင်းမှ ဓါးထိုးခံရသည်ဟု ပြောသံသဲ့သဲ့ကြားလိုက်သည်။
“အော် … ခုခေတ်ကလေးတွေ တော်တော်လေးမိုက်လှပါလား”ဟုတွေးရင်း တွန်းလှည်းလေးကို ဆက်တွန်းလာရင်း လမ်းတစ်ဖက်ပလက်ဖောင်းဆီမှ လူအုပ်ကြားထဲ ပြန်လှည့်ကြည့်လိုက်ရင်း ထိုကျောင်းသားလေးကို လူတစ်ဦးချီပွေ့လာစဉ် မြင်လိုက်ရသည့် မျက်နှာတစ်ခုက ကျွန်တော့ရင်ကို ပူကနဲ …

ဟုတ်မှ ဟုတ်ရဲ့လားလို့ တွန်းလှည်းကိုရပ်ရင်း ကျွန်တောသေချာအောင်လှမ်းကြည့်လိုက်သည်။ ခပ်လှမ်းလှမ်းက ရပ်ထားသော ကားဆီသို့သွားနေသော လူတစ်ဦး … ထိုသူချီပွေ့ထားသော သွေးများပေကျံနေသည့် ကျောင်းသားလေးရဲ့မျက်နှာဟာ “ကျွန်တော့သား”ပါ။ သေချာပါသည်။ ကျွန်တော် ရင်တွေပူသွားသည်။ မဟုတ်ပါစေနဲ့လို့ ဆုတောင်းရင်း ကားလမ်းတစ်ဖက်ဆီ ကျွန်တော့လက်တွန်းလှည်းလေး အသည်းအသန်တွန်းရင်း တရှိန်ထိုးကူးဖြတ်လိုက်မိသည်။

“ဒုန်း”ဆိုသည့် အသံတစ်ခုရဲ့နောက်ကွယ်မှာ ကျွန်တော့သားဆီ ကျွန်တော်မရောက်ခဲ့ပါ။ ကျွန်တော်သိလိုက်သည်က ကျွန်တော့အနားမှာ သစ်သီးတွေ … ကျွန်တော်နဲ့ခပ်လှမ်းလှမ်းမှာ ဘီးတစ်ဘီး ချာချာလည်နေတဲ့ ကျွန်တော့ရဲ့လက်တွန်းလှည်းလေး …။ အိမ်မှာစောင့်နေရှာမယ့် ကျွန်တော့သမီးလေး …။ လူတစ်ဦးပွေ့ချီသွားသည့် သွေးများပေကျံနေသည့် ကျွန်တော့သားလေး ...။

ကျွန်တော် … ကျွန်တော့အတွက် ဘယ်အရာမှစီစဉ်ထားချိန်မရတော့လောက်အောင် အရာရာဟာ မှောင်အတိများဖြင့်သာ …။


စာချစ်သူများကိုအစဉ်လေးစားစွာဖြင့်
မိုးညချမ်း
3.10.2014 (5:44 p.m)

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...