Thursday, March 14, 2019

၁၀၀၀ တန်အိပ်မက်လေး



ကျွန်တော်အိပ်ယာနိုးတော့ အဖေရော အမေရောမရှိ။ အမေက စျေးရောင်းသွား အဖေက ဆိုက္ကားထွက်ပြီ ဖြစ်မည်။ ကျွန်တော့်အတွက် အမေပြင်ထားပေးတဲ့ မနက်စာ ထမင်းကြမ်းခဲနဲ့ ငါးပိရည်စားပြီး ကျွန်တော့်သူငယ်ချင်းတွေနဲ့ ကစားဖို့ ချိန်းထားတဲ့ဆီသွားရမည်။

“ကျွန်တော့်အသက်က ခုမှ (၈)နှစ်ရယ်။ ကျောင်းကတော့ အမေပြောတာ ခဏနားထားတယ်တဲ့။ အဖေနဲ့အမေ စာအုပ်ဖိုး ပိုက်ဆံပြည့်ရင် ပြန်တက်ရမယ်ပြောတာပဲ။ ပြန်တက်ချင်ပါတယ်ဗျာ။ ကျွန်တော် (၂)တန်းတက်တုန်းက အတန်းပိုင်ဆရာမလို သဘောကောင်းပြီး ကျောင်းသားတွေချစ်တဲ့ ဆရာမျိုးတော့ ဖြစ်ချင်မိသား။ အမေတို့က ကျောင်းခဏနားအုံးလို့ပြောကတည်းက ကျွန်တော်ကျောင်းကို မသွားဖြစ်တော့တာ။ စိတ်ပါတဲ့အချိန်ကျ ရေသန့်ဘူးလေး ဘာလေးလိုက်ကောက်တယ်။ ကျန်တဲ့အချိန် လမ်းထဲက သူငယ်ချင်းတွေနဲ့ ကစားတယ်။ ဗိုက်ဆာရင် အိမ်ပြန်ထမင်းစားတယ်။ ဒါပဲလေ ကျောင်းမတက်နိုင်တော့တဲ့ ကျွန်တော့်လို ၈ နှစ်အရွယ်ကလေးရဲ့ အလုပ်”

ဒီနေ့ ကျွန်တော်တို့လမ်းနဲ့ ဟိုဘက်လမ်းက ကောင်တွေ ဂေါ်လီပစ်မယ်။ ရှုံးတဲ့ကောင် ဒိုက်ထိုးကြေး။ မဖြစ်သေးဘူး။ ထမင်းမြန်မြန်စားပြီး သွားမှဖြစ်မယ်။ နည်းနည်းနောက်ကျရင် ဟိုကောင်တွေက စကားကိုစောင်းပြောတတ်သေး။ ချိန်းထားတာက ရပ်ကွက်အစွန်နားက ကုက္ကိုလ်ပင်အောက်။ ထမင်းစားပြီး ကျွန်တော်ခပ်သုပ်သုပ်ထွက်လာလိုက်သည်။ လမ်းထိပ်ရောက်တော့ ကျွန်တော်တို့ရပ်ကွက်က ငွေတိုးချေးစားတဲ့ အော်ကြောလန်အဖိုးကြီး။ ဆိုက္ကားနဲ့ဘယ်သွားမလို့လည်း မသိဘူး။ တစ်ခါတစ်ခါ အိမ်မှာ အသုံးပြတ်လို့ အဖေနဲ့အမေသူ့ဆီ သွားချေးတာတော့ သိတယ်။ ရက်စေ့ရင်လည်း အိမ်ရှေ့မှာ လာလာတောင်းတတ်သေး။ တောင်းမရရင် စကားနာထိုးတာတွေကြားကြားနေရတော့ ကျွန်တော်ကတော့ ကြည့်မရပေါင်။ ခုလည်း အကြွေးလိုက်တောင်းတာပဲ ဖြစ်မှာပါ။

ဟော … ဟော … သူ့ပိုက်ဆံအိတ်ထဲ နှိုက်ရင်း ဘာတွေလွင့်ကျခဲ့လည်း မသိဘူး။ ပြေးကြည့်အုံးမှ။ အနားရောက်လို့ ကြည့်လိုက်တော့ “ဟာ … တစ်ထောင်တန်ကြီး … ပွတာပဲ” … ဘေးဘီကိုကြည့်။ ဘယ်သူမှမရှိတာ သေချာတော့ အမြန်ကောက် အကျႌအိပ်ကပ်ထဲထည့် လစ်မှပဲ။ ခပ်သုပ်သုပ်လေးလျှောက်ရင်း ကစားဖို့ချိန်းထားတဲ့ဆီရောက်တော့ တစ်ယောက်မှမတွေ့။
“အင်း … ခဏထိုင်စောင့်ရမလား .. အိမ်ပဲ ပြန်ရမလား မသိဘူး … ဟိုကောင်တွေ သိသွားရင် ဒီပိုက်ဆံတော့ ကုန်ပြီ … မဖြစ်သေးပါဘူး … အိမ်ပဲ ပြန်လိုက်မယ်”

ကျွန်တော်ပြန်ဖို့လုပ်တော့ ရောက်လာတာက မင်းနိုင် …။
“ဟေ့ကောင် … ငဇွဲ မင်းဘယ်သွားမလို့လဲကွ”

“ငါ အိမ်ခဏပြန်မယ်ကွာ …. အမေခိုင်းထားတာ မေ့နေလို့ … ပြန်လုပ်ပေးလိုက်အုံးမယ် … ပြန်လာခဲ့မယ်”

“မကြာနဲ့နော် ငဇွဲ … မင်းမပါရင် ငါတို့ဘက်က အားမရှိဘူး”

“အေးပါကွ စိတ်ချ”

အိမ်အမြန်ပြန်ရောက်အောင် သုတ်ခြေတင်ပြေးလာမိသည်။ အိမ်ရောက်တော့ အိမ်ရှေ့တံခါးကို ပိတ်။ နောက်ဖေးအထိဝင်ပြီး အကျႌအိပ်ထဲက ကောက်ရလာတဲ့ တစ်ယောက်တန်လေးကို ထုတ်ပြီး တစ်စိမ့်စိမ့်ကြည့်ရင်း ပီတိဖြစ်နေမိသည်။

“ငါ ဒီပိုက်ဆံနဲ့ ဘာလုပ်ရင်ကောင်းမလဲ … ဟိုဘက်လမ်းထိပ်က ငါသိပ်စားချင်တဲ့ မုန့်ဟင်းခါးကို အကြော်စုံနဲ့ သွားစားရမလား? အမေတို့ ငါ့အတွက် စုနေတဲ့ စာအုပ်ဖိုးထဲပဲ ထည့်ရမလား? ငါလိုချင်တဲ့ နာရီလေးဝယ်ရမလား? မနေ့ကတော့ အိမ်မှာ ဆန်ဝယ်ရတော့မယ်လို့ အမေပြောတာကြားတယ် … ဆန်ဝယ်ဖို့ပဲ အမေ့ကို ပေးလိုက်ရမလား? ငါ ကောက်ရလာတာဆိုတာ ယုံမယ်မထင်ဘူး။ မပေးတော့ပါဘူး … ငါ့ဘာသာ စိတ်ကြိုက်သုံးပစ်မယ်”

“ဟာ … ဟုတ်ပြီ … ထီထိုးမယ် …. ထီပေါက်ရင် ကိုယ်ကြိုက်တာ လုပ်လို့ရတယ်လို့ လူကြီးတွေ ပြောပြောနေတာ ကြားဖူးတယ် … ခဏနေရင် တစ်လမ်းကျော်က ထီဆိုင်ပြေးမှပဲ … ပိုတာတော့ မုန့်ဝယ်စားလိုက်တော့မယ်”

*********************************************************

“အိမ်ရှင်တို့ … အိမ်ရှင်တို့ …”

“ဟုတ်ကဲ့ဗျ … လာပါပြီ … ဘယ်သူနဲ့တွေ့ချင်လို့လည်း မသိဘူး”

“ဒီအိမ်မှာ ဇွဲပြည့် ဆိုတဲ့ ကလေးရှိလား မသိဘူး …”

“အေး ရှိတယ်ကွ … ကျုပ်သားပါ ဘာကိစ္စလည်း”

“အော် ဒီလိုပါ ကျွန်တော့်ဆီမှာ အဲ့ကလေး ထီထိုးသွားတာ … ”

“အာ …. ဒီကောင် ငဇွဲတော့ လုပ်ပြန်ပြီ …. ဘာတွေအရူးထပြန်ပြီလည်း မသိဘူး …. ထီဖိုးမပေးသွားလို့လား”

“မဟုတ်ပါဘူး … အဲ့ကလေး သိန်း (၃၀၀၀) ထီပေါက်တယ်ဆိုတာ လာအကြောင်းကြားတာပါ”

“ဟေ ဘယ်လို … ဘယ်လို”

“သူ ပြီးခဲ့တဲ့ တစ်ပတ်လောက်က ကျွန်တော့်ဆီကနေ ထီထိုးသွားတယ်ဗျာ … အဲ့ထီလက်မှတ်က သိန်း (၃၀၀၀)ပေါက်တဲ့အကြောင်း လာပြောပေးတာပါ”

“အေး အေး ကျေးဇူးတင်ပါတယ်ကွာ … ရှင်မရေ လာစမ်းပါအုံးဟေ့”

“ခုနက ဘယ်သူတုန်း ကိုမြင့်”

“ငါ့သားရော … ငါ့သား ဘယ်ရောက်နေတုန်း …”

“ထူးထူးဆန်းဆန်း … တစ်သက်လုံး မင်းသားက ဆိုးတယ်ပြောလာတဲ့သူက ခုကျမှ ငါ့သားဖြစ်နေပါလား … ထုံးစံအတိုင်း ရပ်ကွက်အစွန်က ကုက္ကိုလ်ပင်အောက်မှာ သူ့အပေါင်းအဖော်တွေနဲ့ ဆော့နေမှာပေါ့”

“သွားခေါ်ကွာ … အရေးကြီးတယ် … ဟာ ကြာပါတယ်ကွာ … ငါပဲလိုက်ခေါ်မယ် … မင်းသွားရင် တစ်လှမ်းချင်းလှမ်းနေမှာ”

“အလိုတော် ဖြစ်ရတယ် …. ဘာတွေစိတ်ရူးပေါက်နေမှန်းမသိ … သွား သွား ပြန်လာရင် နေ့လည်စာပြင်ထားပေးမယ်”
ခပ်သုပ်သုပ်ပြေးထွက်သွားတဲ့ ကိုမြင့်ကို ကြည့်ပြီး ထူးဆန်းစွာကျန်ခဲ့ရင်း ငေးနေမိသည်။ ဘာတွေဖြစ်ပြန်ပြီလဲ မသိပါဘူး။ ချက်လက်စ ဘဲဥဟင်းလေးပြီးတာနဲ့ ချဉ်ပေါင်ရေကျဲလေးချက်ဖို့လုပ်အုံးမှပါ။

**********************************************

“ဟေ့ကောင် ငဇွဲ … ဟိုမှာပြေးလာတာ မင်းအဖေမှတ်လား”

“ဟာ အေးကွ … အဖေဘာဖြစ်လို့လည်း မသိဘူး … ပြဿနာတော့တက်ပြီထင်တယ်”

ကျွန်တော့်ဆီ အပြေးတစ်ပိုင်းရောက်လာသည့်အဖေ။ ခါတိုင်းလိုမဟုတ် မျက်နှာက ပြုံးလို့ …။
“သားရေ … မင်းထီထိုးထားတယ်ဆို”

ဟာ သွားပြီ။ ငါအဖိုးကြီးပိုက်ဆံကောက်ရတာများ အဖေသိသွားတာလား။ ဘယ်လိုပြောရမှန်းမသိ အဖေ့ကိုသာ ကြည့်နေမိသည်။

“မင်း ထီလက်မှတ်ရော??”

“ရှိတယ် အဖေ ဆန်အိုးအောက်မှာ ဖွက်ထားတာ”

“လာ အဖေ့ကို လိုက်ယူပေး … မင်းထိုးထားတဲ့ ထီက သိန်း (၃၀၀၀)ပေါက်တယ်တယ်ကွ … အဖေတို့ သူဌေးဖြစ်ပြီ”

“ဗျာ အဖေ တစ်ကယ်ပြောတာလား?”

“တစ်ကယ်ကွ မနက်ကတင် လာအကြောင်းကြားသွားတာ … လာ လာ အိမ်ကို ခပ်မြန်မြန်ပြန်ရအောင် … ပိုက်ဆံထုတ်ဖို့တွေ လုပ်ရအုံးမယ်”

ထီပေါက်တယ်ဆိုတော့ ဝမ်းအသာဆုံးက အဖေ။ ကျွန်တော့်လက်ကိုဆွဲပြီး အိမ်ကို အမြန်ပြေးနေတဲ့ အဖေ့ခြေလှမ်းကို အမှီလိုက်နေရတာ မောလိုက်တာ။ အိမ်ရောက်တော့ ထီလက်မှတ်ကို ဆန်အိုးအောက်က ထုတ် … အမေ့ကို အကြောင်းစုံပြောပြ။ အမေလည်း ဝမ်းတွေသာ။ ကျွန်တော်တို့ မိသားစု ကံတက်ပြီ။ ကျွန်တော်လည်း ကျောင်းပြန်တက်ရတော့မှာ သေချာနေပြီ။

“အမေ … ကျွန်တော့်ကို ကျောင်းပြန်တက်ခိုင်းမှာလား”

“တက်ခိုင်းမှာပေါ့ သားရယ် … ဒီက ကျောင်းမဟုတ်ဘူး … နာမည်ကြီးကျောင်းမှာကို တက်ခိုင်းမှာ … အမေက ငါ့သားလေးကို ပညာတတ်ကြီး သိပ်ဖြစ်စေချင်တာ … အမေပိုက်ဆံ မနိုင်သေးလို့သာ ကျောင်းခဏထုတ်ထားရတာပါကွယ် … ခုတော့ ငါ့သားလေးပညာတတ်ကြီးဖြစ်ရတော့မယ်”

“ကျွန်တော်ကတော့ ကလေးဆိုတော့ ကျောင်းပြန်တက်ရမယ် … ချမ်းချမ်းသာသာနေရမယ်”ဆိုတဲ့ အတွေးလောက်နဲ့ပဲ ပျော်နေတာ။ အဖေနဲ့အမေကတော့ အနာဂတ်အတွက် အစီအစဉ်တွေဆွဲပြီး ကျွန်တော့်ထက်ပိုပျော်နေလေရဲ့။ အဖေနဲ့ အမေတိုင်ပင်နေတဲ့အထဲမှာ ပိုက်ဆံထုတ်ပြီးရင် အိမ်ပြောင်းမယ်ဆိုတဲ့ အသံကြားလိုက်မိတော့ ကျွန်တော်စိတ်မကောင်း။ ဒီရပ်ကွက်က ကျွန်တော့်သူငယ်ချင်းတွေနဲ့ မခွဲနိုင်သေး။ ဒါပေမယ့် ကိစ္စမရှိပါဘူးလေ။ ငါ ကိုယ်ပိုင်ကားရှိတော့မှာဆိုတော့ မကြာခဏလာလည်ရင် ရတာပဲဟာ။

ပိုက်ဆံတွေရရင် အမေ့ကို ဒန်ပေါက်ဝယ်ကျွေးခိုင်းရမယ်။ ဘေးအိမ်မှာ တီဗွီသွားသွားကြည့်ရင် အဲ့က ကြော်ငြာတွေမှာ ပါတဲ့ ဘာဂါဆိုတဲ့ အလုံးကြီးလည်း ဝယ်ကျွေးခိုင်းမယ်။ ဖရိုင်းချိကန်းဆိုတာလည်း စားရမယ်။ ကစားကွင်းလည်း လိုက်ပို့ခိုင်းရမယ်။ ဒါပေမယ့် ကစားကွင်းတွေသွား မုန့်တွေစားရင်တော့ ကျွန်တော့်သူငယ်ချင်းတွေခေါ်မယ်ဆိုတာကိုတော့ အမေ့ကို ပူဆာရမယ်။
အိမ်ကို နှစ်ထပ်တိုက်ဝယ်ခိုင်းမယ်။ ကျွန်တော့်အခန်းလေးကို ကစားစရာတွေအစုံထည့်ခိုင်းရမယ်။ ထမင်းစားရင်လည်း နေ့တိုင်းစားနေရတဲ့ ငါးပိရည်မဟုတ်ဘဲ ကျွန်တော်သိပ်စားဖူးချင်တဲ့ ပုဇွန်ထုပ်ဟင်း အမေ့ကိုချက်ခိုင်းရမယ်။ အမေ့ရဲ့ဘဲဥချဉ်ဟင်းက သိပ်စားလို့ကောင်းတာ ပုဇွန်ထုပ်သာ ချက်ကျွေးလို့တော့ ရှယ်ပဲ။

“ကဲ သားရေ အဖေ ထီလက်မှတ်ကို ပိုက်ဆံ ဘယ်လိုလဲရမလဲဆိုတာ သွားမေးစမ်းကြည့်အုံးမယ် … ရှင်မ ထမင်းပြင်ထားကွာ … ဗိုက်က ဆာနေပြီ … ငါပြန်လာတာနဲ့စားမယ် …”

တပြုံးပြုံးနဲ့ အပြင်ထွက်သွားတဲ့ အဖေ့ကိုငေးရင်း ကျွန်တော်လည်း တစ်ရေးအိပ်အုံးမှပါ။ ကစားထားရတာ မောတယ်လေ။
“အမေ့ ထမင်းစားရင် သားကိုနှိုးနော် … သားခဏအိပ်အုံးမယ်”

“အေးပါတော် အေးပါ …”

***************************************

“သားရေ သားရေ … ထတော့လေ ဘယ်ချိန်ရှိနေပြီတုန်း ခုထိမထသေးဘူး”

“ဗျာ အမေ ထီလက်မှတ်ကိစ္စ ဘာထူးလဲ … အဖေပြန်လာပြီလား”

“ဟေ … ဘာထီလက်မှတ်တုန်း ... အိပ်ချင်မူးတူးနဲ့ ဘာတွေပြောမှန်းမသိဘူး … အမေစျေးရောင်းပြန်လာတာလေ … သားအဖေက မလာသေးဘူး”

ဟင် … ကျွန်တော် အိပ်မက် မက်နေတာလား? ချက်ချင်းတောင် မျက်ရည်လေးဝဲလာမိသည်။ အိပ်မက်လေးက လှလိုက်တာဗျာ။ အပြင်မှာလည်း အဲ့လိုဖြစ်ရင် သိပ်ကောင်းမှာပဲ။

 ဒါပေမယ့် မဖြစ်သေးပါဘူးလေ။ “ကောက်ရတယ်ဆိုတာ ပိုင်ရှင်ကို မသိရင်တော့ စိတ်သန့်သန့်နဲ့ ကိုယ်ယူလို့ရတာပေါ့။ ဒါတောင် ပိုင်ရှင်ကို မေတ္တာလေး ပို့ပေးပြီးမှ ယူရမယ် …. ပိုင်ရှင်ကို သိရက်သားနဲ့ ယူထားတယ်ဆိုရင်တော့ ခိုးတာပဲ”ဆိုတဲ့ အမေဆုံးမထားတာလေး ကျွန်တော့်ခေါင်းထဲဝင်လာမိတော့ အိပ်ကပ်ထဲက တစ်ထောင်တန်လေးကို လှမ်းစမ်းမိသည်။

“ဟဲ့ သား … ဘယ်တုန်း … မင်းအဖေပြန်လာတော့မယ် … ထမင်းဝိုင်းမှာ မတွေ့ရင် ဒေါသထွက်နေအုံးမယ်”

“ခဏလေးပါ အမေရေ … သားပစ္စည်းတစ်ခု ပိုင်ရှင်ကို ပြန်သွားပေးပြီး အမြန်ပြန်လာခဲ့မယ်”လို့ အမေ့ကို အော်ပြောရင်း တစ်ထောင်တန် ပိုင်ရှင်ဆီသို့ အပြေးထွက်လာမိတော့သည်။

စာချစ်သူများကို အစဉ်လေးစားလျှက်
မိုးညချမ်း
13.3.2019 (11:50 p.m)

1 comment:

  1. ဘလော့ရွာထဲတဖန်လည်ပြန်လာတာမို့ ကြိုဆိုပါတယ် မိုးည....။ မအားတဲ့ကြားက အချိန်ရသလောက်လေးတော့ ပို့စ်လေးတွေတင်စေချင်ပါတယ်...း)

    မိုးငွေ့

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...