Tuesday, October 23, 2012

ရင်မှာပွင့်လန်း သီတင်းကျွတ်ပန်း




“မိုးညရေ … ၀ါကျွတ်ပြီနော် … သူငယ်ချင်းရေ ၀ါကျွတ်ပြီနော်”တဲ့။ အသက်(၂၀)ကျော်ကတည်းက သီတင်းကျွတ်ခါနီးတိုင်း ကျွန်မကြားနေကြ စကားတစ်ခွန်း …။ သူငယ်ချင်းတွေ စနောက်ကြတဲ့ ၀ါကျွတ်တဲ့အရေးထက် သီတင်းကျွတ်လပြည့်နေ့လေးမှာ ကျွန်မမိဘတွေကို ကန်တော့ဖို့အရေးကိုပဲ တွေးပူနေမိပါတယ်။ နှစ်တိုင်း၊ နှစ်တိုင်း အလယ်တန်းလောက်ကတည်းကစပြီး ကျွန်မတို့မောင်နှမ(၃)ယောက်စလုံး  ကျောင်းတက်အရွယ်တုန်းကဆိုလည်း မုန့်ဖိုးလေးတွေစုလို့၊ အလုပ်တွေဝင်ကြတော့လည်း ကိုယ့်လစာလေးတွေစုလို့ တစ်နှစ်မှမပျက်မကွက် ကျွန်မတို့ရဲ့မိဘနှစ်ပါးကို ကန်တော့ဖြစ်ခဲ့ကြတာပေါ့။ ငယ်ငယ်တုန်းက ကိုယ်တတ်နိုင်သလောက် ကန်တော့ကြပေမယ့် အငယ်ဆုံးညီမလေးကလွဲလို့ ကျွန်မနဲ့ ကျွန်မအစ်ကိုတို့က အလုပ်တွေဝင်လို့ ကိုယ့်လစာနဲ့ ကိုယ် ဖြစ်နေကြပေမယ့်လည်း ကောင်းကောင်းမွန်မွန် မကန်တော့ဖြစ်တဲ့အတွက် ကျွန်မတို့မောင်နှမတွေ စိတ်မကောင်းဖြစ်ကြရပါတယ်။ တစ်နှစ်ပတ်လုံး ကိုယ်ထင်ရာကိုယ်လုပ်လို့ သီတင်းကျွတ်တဲ့အခါ “သားတို့ သမီးတို့တွေ ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ ပစ်မှားမိခဲ့သမျှ ဝန်ချတောင်းပန်ပါတယ်”လို့ ကန်တော့လိုက်နဲ့ ဟုတ်နေပါရောလား။ ဒါကြောင့်မို့ သီတင်းကျွတ်လပြည့်နေ့လေးမှာ မိဘနှစ်ပါးကို ကန်တော့ပန်း မဆင်ခင် ဒီပိုစ့်လေးနဲ့ပဲ ဦးစွာပထမ ကန်တော့လိုက်တာပါ။

**************************************************
ဖေဖေ
ကျွန်မဖေဖေက မြန်မာ့သစ်လုပ်ငန်းက တိုင်းမန်နေဂျာတစ်ဦးပါ။ ဖေဖေ့ဆီကို လာဘ်လာဘတွေပေးကမ်း ကန်တော့လာကြတဲ့သူတွေတိုင်းကို “မင်းတို့နဲ့ထိုက်ရင် ဖြစ်လာမှာပေါ့ကွ”ဆိုတဲ့ စကားလှလှလေးတစ်ခွန်းနဲ့ပဲ ပေးလာသမျှ ငွေကြေး၊ ပစ္စည်းတိုင်းကို ငြင်းပယ်လို့ သူလုပ်ပေးစရာရှိတဲ့အပိုင်းကို ကျေပြွန်အောင် ထမ်းဆောင်ပေးခဲ့တဲ့ ဝန်ထမ်းကောင်းတစ်ယောက်ပါ။ ကျွန်မဖေဖေဟာ အင်္ဂလိပ်စာနဲ့ပတ်သက်လို့ အရမ်းထူးချွန်ပြီး ကျွန်မတို့ကိုလည်း သူ့လိုဖြစ်အောင် ငယ်စဉ်ကတည်းက သင်ကြားပြသပေးခဲ့သော်လည်း ကျွန်မတို့မောင်နှမတွေဟာ အဖေလောက်နီးပါးတော်ဖို့မပြောနဲ့ ဖေဖေ့ခြေဖျားတောင်လိုက်မမှီခဲ့ကြပါဘူး။ ဗုဒ္ဓဝင်သမိုင်းကြောင်းနဲ့ပတ်သက်လို့ပဲ ဆွေးနွေးမလား။ အထွေထွေဗဟုသုတနဲ့ပတ်သက်လို့ပဲ ပြောမလား … ဖေဖေမသိဘူးဆိုတဲ့စကားမျိုးဘယ်တော့မှ မကြားခဲ့ရပါဘူး။ ကျွန်မတို့မောင်နှမတွေသာမက မည်သူနဲ့ပဲ ဖြစ်ဖြစ်၊ ကျွန်မတို့သူငယ်ချင်းအပေါင်းအသင်းတွေကအစ မသိတာရှိလို့မေးခဲ့ရင်လည်း ဖေဖေ့ဘက်က အမြဲတမ်းပြောပြလမ်းညွန် ဆွေးနွေးပေးခဲ့တာချည်းပါပဲ။ ဂီတနဲ့ပတ်သက်ရင်လည်း စောင်း၊ Piano၊ မယ်ဒလင်အစရှိတဲ့ မြန်မာတူရိယာတွေကို တီးတတ်သလို မြန်မာသံစဉ်တွေကို နှစ်သက်ခုံမင်တတ်သူတစ်ယောက်ပေါ့။ ကျွန်မနဲ့ညီမလေးကိုလည်း မေမေ့ထက်ပိုပြီး မိန်းကလေးကိစ္စကအစ အချစ်ရေးအချစ်ရာအဆုံး ဂရုတစ်စိုက်ရှိလှတဲ့ ဖေဖေပါ။ ဖေဖေက ခွဲစိတ်မှုချွတ်ချော်မှုတစ်ခုကြောင့် မျက်လုံးတစ်ဖက်ကောင်းကောင်းမမြင်ရသလို နောက်ထပ်တစ်ဖက်ကို ထပ်မံခွဲစိတ်ဖို့ရာတုံ့ဆိုင်းနေခဲ့လို့ ကျန်တစ်ဖက်ပါ မျက်စိလွှာပျက်စီးပြီး သဲသဲကွဲကွဲမမြင်ရတော့ပါဘူး။ ဒါပေမယ့် မှန်ဘီလူးအထူကြီးနဲ့ ဗုဒ္ဓစာပေတွေဖတ်တုန်း၊ သီတဂူဆရာတော်ကြီးဆီမှာ Dip in Buddism သင်တန်းတွေတက်ရင်းနဲ့ စာမေးပွဲတွေဖြေနေတုန်း၊ ဖြေတဲ့စာမေးပွဲတိုင်းကိုလည်း ထူးချွန်စွာအောင်မြင်နေတုန်းပေါ့။
တစ်ခါတစ်လေ ဒေါသအရမ်းကြီးတတ်တာက လွဲလို့ အရက်မသောက်၊ ဆေးလိပ်မသောက်၊ လောင်းကစားမလုပ်၊ မိန်းမ မရှုပ်တဲ့ အဖေတစ်ယောက်မို့ ကျွန်မအမြဲဂုဏ်ယူမိတယ်။ ကျွန်မတို့မောင်နှမတွေ ဖေဖေ့လိုအသက်(၇၅)နှစ်ကျော်သည်ထိ မျက်လုံးနှစ်ဖက် ကောင်းစွာမမြင်ရတာက လွဲလို့ ကျန်းမာသန်စွမ်းလှတဲ့ ဖေဖေ့လိုနေနိုင်ပါ့မလား?

မေမေ
ကျွန်မမေမေကလည်း သမဝါယမဝန်ကြီးဌာနက အရာရှိတစ်ယောက်ဖြစ်ပြီး အလုပ်တစ်ဖက်နဲ့ပဲ ကျွန်မတို့မောင်နှမတွေကို အရွယ်ရောက်လာအောင် ထိန်းကျောင်းပဲ့ကိုင်ပေးခဲ့သူပါ။ မိတ်ကပ်မလိမ်း၊ နှုတ်ခမ်းနီမဆိုး အလှမပြင်တတ်တဲ့ ကျွန်မမေမေက တင်ပါးကျော်လောက်ရှိတဲ့ကျစ်ဆံမြီးအရှည်ကြီးနဲ့ သနပ်ခါးသာအမြဲလိမ်းတတ်ပြီး ကျွန်မတို့တွေအတွက် ဝတ်ကောင်းစားလှတွေ ဝယ်ဆင်ပေးတတ်ပေမယ့် သူမကိုယ်တိုင် အဝတ်အစားအသစ်တစ်စုံကို ဝယ်ဖို့နှမြေတွန့်တိုတတ်သူပေါ့။ မေမေဟာငယ်စဉ်ကတည်းက ကျွန်မတို့မောင်နှမတွေကို ရိုက်နှက်ဆုံးမခြင်းအလျဉ်းမရှိခဲ့ပါဘူး။ အကျိုးသင့်အကြောင်းသင့်ပြောပြပြီး မှန်ရာကိုသာရွေးချယ်ခိုင်းခဲ့ပြီး ကျွန်မတို့မောင်နှမတွေကို လိမ္မာရေးခြားရှိအောင်သွန်သင်ပေးခဲ့သူပေါ့။ မေမေပြောနေကြစကားတစ်ခွန်းက “ကျွန်မသားသမီးတွေက ရိုက်နှက်ထုထောင်းပြီး ဆုံးမရလောက်အောင် မိုက်မဲတဲ့သူမဟုတ်ဘူးဆိုတာ ယုံကြည်တယ် … ရိုက်နှက်ဆုံးမလိုက်လို့ ကလေးမှာစိတ်ဒဏ်ရာရသွားခဲ့ရင် သူမတစ်သက်လုံး နောင်တရလို့ ဆုံးမှာမဟုတ်ဘူး”တဲ့လေ။ မေမေကတော့ အလုပ်ကနေ လုပ်သက်ပြည့်ပင်စင်ယူပြီး (၄)လလောက်မှာ အရှိန်ပြင်းစွာချော်လဲပြီး ညာဘက်တစ်ခြမ်းလုံး ကျိုးသွားလို့ ချိုင်းထောက်(သို့)တုတ်ကောက်တစ်ခုခုပါမှ လမ်းကောင်းမွန်စွာ လျှောက်နိုင်သူဖြစ်နေပေမယ့် သူ့လက်သူ့ခြေနဲ့ သူ့စိတ်တိုင်းကျ ကျွန်မတို့မောင်နှမ(၃)ယောက်လုံးကို ကလေးငယ်တွေလို ထိန်းကျောင်းတုန်းပေါ့။ ကျွန်မတို့မောင်နှမတွေ မေမေ့လိုအသက်(၆၅)နှစ်ကျော်သည်ထိ ခြေထောက်မကောင်းတဲ့ဒုက္ခိတဘဝနဲ့ ကျွန်မတို့မျိုးဆက်သစ် သားသမီးတွေကို ထောက်ပံ့ကျွေးမွေးနားလည်ပေးနိုင်ပါ့မလား?
တစ်ခါတစ်လေအလွန်အကဲစိတ်ပူလွန်းတတ်ပြီး ရှင်းပြရခက်တာလေးကလွဲလို့ သားသမီးတွေအပေါ် ၁၀၀% နီးပါးနားလည်ပေးပြီး လိုအပ်သမျှကို တတ်စွမ်းသမျှဖြည့်ဆည်းပေးတတ်တဲ့ မေမေ့သမီးဖြစ်ရတာ ဒီဘဝမှာ ကျွန်မအတွက်တော့ အကောင်းဆုံးဆုလာဒ်တစ်ခုပါပဲ။


**************************************************
ကျွန်မမိဘနှစ်ပါးစလုံးက ကျွန်မတို့မောင်နှမ(၃)ယောက်စလုံးကို ပညာရေးမှာထူးချွန်သူတွေဖြစ်အောင် အားသွန်ခွန်စိုက် ပံ့ပိုးပေးခဲ့ပေမယ့် ထင်သလောက်မထွန်းပေါက်ခဲ့ကြပါဘူး။ မိဘတွေမျှော်မှန်းသလို အမြင့်ဆုံးမရောက်ခဲ့တောင် အောက်ဆုံးမှာရှိမနေခဲ့တဲ့ ကျွန်မတို့မောင်နှမ(၃)ယောက်စလုံးအတွက် အမြဲဂုဏ်ယူနေတတ်ကြသူတွေပါ။ ငယ်စဉ်ကတည်းက ကိုးလလွယ်၊ ဆယ်လဖွားလို့ အပင်ပန်းခံကျွေးမွေးစောင့်ရှောက် ပညာသင်ကြားပေးခဲ့ပြီး လူ့လောကအလယ် မျက်နှာမငယ်ရအောင် လူတန်းစေ့ထားပေးနိုင်အောင် အပင်ပန်းခံလို့ တစ်ဖက်တစ်လမ်းက မိသားစုစားဝတ်နေရေးအတွက် စီးပွားရှာရသလို ကျွန်မတို့မောင်နှမ(၃)ယောက်ကိုလည်း လိမ္မာရေးခြားရှိအောင် ပညာရေးထူးချွန်အောင် အမြဲသွန်သင်ဆုံးမပြသပေးခဲ့တဲ့ မိဘတွေပေါ့။ ကျွန်မအလွန်ဝါသနာပါတဲ့ ပရဟိတအလုပ်ကိုလည်း အတိုင်းထက်အလွန်အားပေးပြီး သေချာလမ်းညွှန်ပြသဆုံးမပေးတတ်သူတွေပါ။
ကျွန်မမိဘ(၂)ပါးစလုံးက ကျန်းမာရေးမကောင်းကြသူတွေ ဖြစ်ပေမယ့် ကျန်းမာရေးချူချာလှတဲ့ ကျွန်မနေမကောင်းဖြစ်ရင်ပဲဖြစ်ဖြစ်၊ ကျွန်မအစ်ကိုနဲ့ ညီမလေး နေမကောင်းရင်ပဲဖြစ်ဖြစ် သူတို့ကိုယ်တိုင်သေချာပြုစုယုယပေးရမှ ကျေနပ်ကြသူတွေပေါ့။ ဘယ်တော့မှ သူတို့အတွက် သူတို့မပူပင်ရဘဲ ကျွန်မတို့မောင်နှမ(၃)ယောက်အတွက်ပဲ အမြဲတစေပူပန်နေတတ်ကြသူတွေပါ။ ကိုကိုကတော့ မေမေပုံသွင်းတဲ့အတိုင်း သူဝါသနာမပါတဲ့ တပ်မတော်နည်းပညာတက္ကသိုလ်တက်ပြီး ရာထူးဂုဏ်ပုဒ်တွေနဲ့ ဖြစ်ခဲ့သလို ညီမလေးကလည်း မေမေတို့မျှော်မှန်းသလောက်နီးပါး ကြိုးစားနိုင်ခဲ့ပါတယ်။ ကျွန်မတစ်ယောက်ထဲ B.Sc(IC)ဆိုတဲ့ ဘွဲ့လေးတစ်ခုနဲ့ ဘွဲ့လွန်ဒီပလိုတစ်ခုနှစ်ခုသာရခဲ့ပေမယ့် မိတ်ဆွေအပေါင်းအသင်းတွေကြားမှာ သူတို့အတွက် ကျွန်မဟာဂုဏ်ယူဝံ့ကြွားစရာသမီးတစ်ယောက်အဖြစ် အမြဲထုတ်ဖော်ပြောခဲ့သူပါ။ ကျွန်မဝါသနာပါလှတဲ့ ပရဟိတလုပ်နေခြင်းအတွက်လည်း သူတို့တွေအမြဲဂုဏ်ယူ နေခဲ့ကြသူတွေပေါ့။
ခုလိုဝါလကင်းလွတ်ပြီး သီတင်းကျွတ်တော့မယ်ဆိုတော့ ခါတိုင်းနှစ်တွေလိုပဲ ကျွန်မတို့မောင်နှမတွေ ကန်တော့ဖြစ်ကြအုံးမှာပါ။ ဒါပေမယ့် ကျွန်မတို့မောင်နှမ(၃)ယောက်စလုံး အရွယ်လေးတွေရလာတော့ မိဘတွေအပေါ်ရှက်တတ်လာတယ်။ အားနာလာတယ်။ ငယ်ငယ်လေးကတည်းက လိုလေသေးမရှိအောင် ပြုစုယုယပေးခဲ့ပေမယ့် ကျွန်မတို့မောင်နှမ(၃)ယောက်စလုံးကတော့ မိဘတွေမျှော်မှန်းထားသည်ထိ မရောက်ခဲ့တဲ့အတွက် ကိုယ့်ကိုကိုယ်ရှက်မိပါတယ်။ အစားထိုးလို့မရနိုင်တဲ့ ကြီးမားသော မြင့်မိုရ်တောင်ကြီးဖြစ်တဲ့ ဖေဖေနဲ့ မေမေတို့ရဲ့သားသမီးဖြစ်ရတာ ဒီဘဝမှာဘာနဲ့မှလဲလို့မရနိုင်တဲ့ အကောင်းဆုံးပိုင်ဆိုင်ခြင်း ဆုလာဒ်ပါပဲ။ ကျွန်မတို့မောင်နှမ(၃)ယောက် မှန်သောအလုပ်ကို လုပ်ခဲ့ရင်လည်း ဝမ်းသာအားရနဲ့ဂုဏ်ယူတတ်သလို မှားတဲ့အမှုကို ပြုခဲ့ရင် အမှန်ကိုလမ်းညွှန်ပြသဆုံးမတတ်သလို နာကျင်ဝမ်းနည်းစရာ ကြုံတွေ့ပြန်ခဲ့ရင်လည်း ရင်ခွင့်တံခါးဖွင့်လို့ နှစ်သိမ့်ငိုကြွေးစေတတ်တဲ့ ကျွန်မ မိဘတွေကို ဆုံးရှုံးရမှာ တစ်နေ့တစ်ခြားတွေးကြောက်နေမိပါတော့တယ်။

မိုးညချမ်း
16.10.2012(10:30 a.m)

Friday, October 19, 2012

Present for 7th Anniversary



ကျွန်မကိုယ်ပိုင် Website လေးနဲ့အတူ Blogger တစ်ယောက်အဖြစ် Blogger လောကထဲကို စဝင်ရောက်လာတာ ၂၀၁၂ ခုနှစ်၊ မတ်လတုန်းကမှပါ။ အရင်က ကဗျာတွေ၊ စာစုတွေ၊ ဝတ္ထုတွေ ရေးဖြစ်တယ် ဆိုပေမယ့် ကျွန်မရဲ့ကိုယ်ပိုင်စာအုပ်၊ ကွန်ပျူတာမှာပဲ ပြည့်နှက်နေခဲ့တာပါ။ Facebook  ပေါ်မှာတော့ ရံဖန်ရံခါ တင်ဖြစ်ခဲ့ဖူးတာပေါ့။ ဒီလိုနဲ့ပဲ www.moenyachan.com ဆိုတဲ့ ကိုယ်ပိုင် domain လေးနဲ့ site လေးတစ်ခုကို ကျွန်မရဲ့ချစ်မမ “မာယာဖြူ” နဲ့ အစ်ကိုတစ်ယောက်ဖြစ်တဲ့ Blogger “ဇောင်း”တို့က လက်ဆောင်အဖြစ် ဖန်တီးပေးခဲ့ပြီးနောက်မှာ ကျွန်မရေးသမျှစာလေးတွေကို www.moenyachan.com ဆိုတဲ့ စာမျက်နှာလေးမှာပဲ သိမ်းဆည်းဖြစ်ခဲ့ပါတယ်။ ကျွန်မရဲ့ site လေးကို ပထမဦးဆုံးလာလည်သွားပြီး အားပေးစကားပြောခဲ့သူတွေက Blogger “ကိုလွင်ပြင်လှိုင်းငယ်” နဲ့ “မမစံပယ်”တို့ပါ။ မနေ့တစ်နေ့ကမှ Blogger လောကထဲကို ခြေစချခဲ့ပေမယ့် ကျွန်မရေးတဲ့စာလေးတွေကို ဖတ်ပြီး ဆက်လက်ကြိုးစားဖို့ အားပေးခဲ့သူတွေပေါ့။ အစ်ကိုနဲ့ အစ်မတို့ရဲ့ အားပေးခြင်းတွေက ရှေ့ဆက်ပြီးကဗျာတွေ ဆက်လက်ထုဆစ်နိုင်အောင်၊ ဝတ္ထုလေးတွေ ဆက်ရေးဖြစ်အောင် တွန်းအားပေးခဲ့ခြင်း အင်အားတွေထဲက အကြောင်းရင်းတစ်ချက်ပါ။

ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၉)ရက်နေ့က ကျွန်မခင်မင်ရတဲ့ Blogger “ကိုလွင်ပြင်နဲ့မမစံပယ်”တို့ရဲ့ ချစ်သူသက်တမ်း (၇)နှစ်ပြည့်အတွက် ကိုလွင်ပြင်ရဲ့ ဆိုဒ်နဲ့ မမစံပယ်တို့ရဲ့ ဆိုဒ်လေးတွေမှာ ကဗျာလေးတွေ ရေးသားပြီး အပြန်အလှန်လက်ဆောင်ပေးခဲ့ကြတာတွေ့တော့ ကျွန်မလည်း ကျွန်မချစ်သော၊ ခင်မင်မိသော အစ်ကိုလွင်ပြင်နဲ့ မမစံပယ်တို့ရဲ့ ချစ်သူသက်တမ်း(၇)နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ကဗျာလေးတစ်ပုဒ် လက်ဆောင်ပေးချင်တာနဲ့ ဒီကဗျာလေးကို ရေးဖြစ်ခဲ့တာပါ။ အစ်ကိုနဲ့အစ်မတို့ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်နော် …။


@************************************@

“ရင်ခွင်အိမ်ငယ်”

*ကဗျာလေးတွေနဲ့ ထုဆစ်ထားတဲ့ဒီအိမ်
အကြင်နာလေးတွေနဲ့ အုပ်မိုးထားတဲ့ဒီအိမ်
အချစ်တွေနဲ့ နွေးထွေးစေတဲ့ဒီအိမ် …။

*ဒီအိမ်လေးမှာ သာယာခြင်းတွေရှိမယ်
မောပန်းခြင်းတွေရှိမယ်
အလွမ်းလေးတွေရှိမယ် …။

*ကြမ်းတမ်းခက်ခဲခြင်းတွေရှိတဲ့အခါ
နှစ်ယောက်အတူလက်ကိုတွဲ
အချစ်တွေနဲ့ဖြတ်ကျော်လို့ …။

*မောပန်းခြင်းတွေရှိတဲ့အခါ
အကြင်နာလေးတွေနဲ့ ထွေးပွေ့လို့ …။

*အလွမ်းလေးတွေရှိတဲ့အခါ
ကဗျာလေးတွေအဖြစ် ထုဆစ်လို့ …။

*ကြည်နူးခြင်း ပျော်ရွှင်ခြင်းတွေနဲ့အတူ
ဒီဘဝတစ်သက်တာလုံး
အစားထိုးခြင်းကင်းမဲ့စွာ
ချစ်ခြင်းတွေနဲ့နွေးထွေးနေတဲ့
ရင်ခွင်အိမ်လေးကို
မြတ်နိုးတန်ဖိုးအထားဆုံးပဲ ချစ်သူ …။


(အစ်ကိုနဲ့အစ်မတို့ ချစ်သူသက်တမ်း(၇)နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ အချစ်အကြင်နာတွေနဲ့အတူ ကဗျာလေးတွေဆက်လက်ထုဆစ်နိုင်ပါစေနော် …)



မိုးညချမ်း
19.10.2012(1:30 p.m)

Sunday, October 7, 2012

မြင့်မြတ်နှလုံးသားတို့ရဲ့အလင်းရောင်





















အာအောက်တိုဘာလ(၅)ရက်နေ့က ကမ္ဘာ့ဆရာများနေ့(World Teachers’ Day)တဲ့။  အမှန်ပြောရရင် ထိုနေ့လေးကို မမေ့ပေမယ့် အဲဒီနေ့လေးရောက်လာတော့မှာကိုတော့ မေ့နေခဲ့တာ အမှန်ပါ။ လွန်ခဲ့သော (၁)ရက်လောက်က Facebook မှာ ကျွန်မခင်မင်ရတဲ့ ပရဟိတနယ်ပယ်က ဆရာဝန်မောင်လေးတစ်ယောက်က ကမ္ဘာ့ဆရာများနေ့အတွက် ဂုဏ်ပြုကဗျာလေးကို ကျွန်မရဲ့Facebook စာမျက်နှာလေးပေါ် Tag လုပ်လာတော့မှ ထိုနေ့လေးရောက်ရှိလာပြီဆိုတာကို ကျွန်မလည်းသတိတရရှိသွားတယ်။ ကျွန်မကို သတိတရနဲ့ စာပေကောင်းလေးနဲ့အတူ ကဗျာလေးကိုပါ တွဲဖက်ပြီး ပြန်လည်မျှဝေပေးတဲ့အတွက်လည်း အတိုင်းမသိအောင် ကျေးဇူးတင်မိပါရဲ့။
ကျွန်မတို့တွေမှာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာပေါင်းမြောက်များစွာကို တွေ့ကြုံခဲ့ကြဖူးမှာပါ။ 

ကျွန်မလည်း ဒီလိုပါပဲ ကျွန်မဘဝမှာမမေ့နိုင်စရာ မြတ်သောဆရာများစွာနဲ့ တွေ့ဆုံပြီး ကောင်းသောအသိဉာဏ်၊ ဗဟုသုတ၊ စိတ်ထားတွေကို ပိုင်ဆိုင်ခဲ့ရဖူးပါတယ်။ ပထမဦးဆုံးဂါရဝပြုချင်တဲ့ဆရာတွေကတော့ “ရှေးဦးဆရာ မည်ထိုက်စွာသား၊ ပုပ္ပာစရိယ မိနှင့်ဖ” ဆိုသလို ကျွန်မရဲ့ဖေဖေနဲ့ မေမေပါ။ ငယ်စဉ်ကတည်းက ကိုးလလွယ်၊ ဆယ်လဖွားလို့ အပင်ပန်းခံကျွေးမွေးစောင့်ရှောက် ပညာသင်ကြားပေးခဲ့တဲ့ ကျွန်မရဲ့မေမေနဲ့ လူ့လောကအလယ် မျက်နှာမငယ်ရအောင် လူတန်းစေ့ထားပေးနိုင်အောင် အပင်ပန်းခံခဲ့ရတဲ့ ဖေဖေတို့ပေါ။ ကျွန်မရဲ့ဖေဖေနဲ့ မေမေက အစိုးရဝန်ထမ်းတွေလေ။ တစ်ဖက်တစ်လမ်းက မိသားစုစားဝတ်နေရေးအတွက် စီးပွားရှာရသလို ကျွန်မတို့မောင်နှမ(၃)ယောက်ကိုလည်း လိမ္မာရေးခြားရှိအောင် ပညာရေးထူးချွန်အောင် အမြဲသွန်သင်ဆုံးမပြသပေးခဲ့သလိုပဲ ကျွန်မဝါသနာပါရာအလုပ်ဖြစ်တဲ့ ပရဟိတအလုပ်တွေနဲ့ပတ်သက်လို့လည်း ကောင်းမွန်သောလမ်းကြောင်း၊ အတွေးတွေကို သင်ကြားပြသ လမ်းညွှန်ပေးတတ်တဲ့ လက်ဦးဆရာမိဘတွေပေါ့။ (ကျွန်မရဲ့မိဘအကြောင်းကိုလည်း ပိုစ့်လေးတစ်ပုဒ် သေချာရေးပြီး ဂါရဝပြုပါအုံးမယ်)…

ကျွန်မရဲ့လက်ဦးဆရာ မိဘတွေပြီးတော့ နောက်ထပ်နောက်ထပ် ဂါရဝပြုလေးစားခဲ့ရတဲ့ ဆရာပေါင်းမြောက်များစွာ ရှိပါသေးတယ်။ ကျွန်မက မေမေရဲ့ရုံးနဲ့နီးရာ မြို့ထဲကျောင်းဖြစ်တဲ့ ဗိုလ်တထောင်(၄) မိန်းကလေးကျောင်းမှာ ပညာသင်ကြားခဲ့ရသူပါ။ အဲဒီကျောင်းမှာ သူငယ်တန်းကစလို့ တက္ကသိုလ်ဝင်တန်းအောင်သည်ထိ ကျွန်မကို သွန်သင်ဆုံးမပေးခဲ့ကြတဲ့ ဆရာမများကိုလည်း ဘယ်တော့မှမေ့ရမယ်မထင်ပါဘူး။ အဲဒီဆရာတွေထဲကမှ ကျွန်မအတွက် မေ့မရနိုင်ဆုံး ဆရာမတစ်ယောက်ရှိခဲ့ဖူးပါတယ်။ ကျွန်မ သတ္တမတန်းအရွယ်တုန်းကပေါ့။ အတန်းပိုင်ဆရာမနာမည်က ဒေါ်စုစုရည်တဲ့။ တစ်ရက်တော့ မှတ်မှတ်ရရ ကျွန်မအဲဒီနေ့က အသည်းအသန်ဖျားနေတာပါ။ ကျောင်းမှာစာမေးပွဲရှိနေတော့ ခွင့်ယူလို့ကလည်းမရဘူးလေ။ မေမေတို့တွေရဲ့ ဂရုစိုက်ပေးမှုနဲ့ ကြိုးစားအားတင်းလို့ ကျောင်းကိုစာမေးပွဲသွားဖြေဖြစ်ခဲ့တယ်။ အတန်းတင်စာမေးပွဲမဟုတ်လို့ သိပ်ကြောက်စရာမဟုတ်ပေမယ့် စာမေးပွဲမဖြေဖြစ်လို့ အဆင့်နောက်ဆုံးရောက်သွားမှာလည်း သိပ်ကြောက်ခဲ့ တာကိုး။ ကျောင်းရောက်တော့ စာမေးပွဲကိုအားတင်းလို့ ကောင်းကောင်းမွန်မွန်ဖြေလို့ရခဲ့တယ်။ ကျွန်မကို စာမေးပွဲပြီးတာနဲ့ လာကြိုမယ်လို့ပြောခဲ့တဲ့ မေမေက တော်တော်နဲ့ ရောက်မလာတော့ အတန်းပိုင်ဆရာမက ရုံးကိုဖုန်းဆက်မေးကြည့်လိုက်တယ်။ ရုံးမှာအစည်းအဝေးရှိလို့ ဘယ်လိုမှထွက်လာလို့မရလို့ ကျောင်းဆင်းမှပဲ လာကြိုတော့မယ်ဆိုတာနဲ့ပဲ ညနေကျောင်းဆင်းချိန်(၂းဝ၀)ထိ အားတင်းစောင့်နေရင်းပဲ နေ့လည်လောက်မှာတော့ ကျွန်မကိုယ်တွေအသည်းအသန်ပူလာတယ်။ အတန်းထဲမှာ ကျွန်မဘယ်လိုမှခေါင်းမထောင်နိုင်တော့ဘူးလေ။ အဲဒီအချိန်မှာပဲ ကျွန်မနည်းတူ ဖျားနေတဲ့အတန်းပိုင်ဆရာမက ဆရာမတွေနားနေခန်းထဲ ကျွန်မကိုခေါ်သွားပြီး သူဝတ်ထားတဲ့အနွေးထည်ကိုချွတ် ကျွန်မကိုဝတ်ပေးပြီး သူကိုယ်တိုင် ကော်ဖီဖျော်၊ ခေါက်ဆွဲပြုတ်ပြီး ဆေးတိုက်ပါတယ်။ သတိလစ်မတတ်အဖျားတက်နေတဲ့ ကျွန်မကိုယုယုယယပြုစုလို့ သူမကိုယ်တိုင်ဖျားနေတယ်ဆိုတာတောင် မေ့လျော့သွားတယ်ထင်ပါရဲ့။ ကျွန်မနားမှာထိုင်လို့ နဖူးပေါ်ရေပတ်အုပ်ပေး၊ ချွေးသုတ်ပေး၊ တစ်နာရီခြားတစ်ခါ အဖျားတိုင်းလို့ ညနေကျောင်းဆင်းချိန် မေမေတို့ လာကြိုသည်ထိပါပဲ။ ကျွန်မကိုပြုစုပေးရင်းနဲ့ နောက်ရက်မှာတော့ ဆရာမလည်းအဖျားတွေတက်ပြီး ကျောင်းတောင်မတက်နိုင်အောင် ဖြစ်သွားခဲ့ရတယ်။ အတန်းပိုင်ဆရာမ ဒေါ်စုစုရည်ရဲ့ကျေးဇူးကိုလည်း ကျွန်မဘယ်တော့မှမမေ့နိုင်ပါဘူး။ ဒီပိုစ့်လေးနဲ့ ဆရာမကိုဂါရဝပြုလိုက်ပါတယ်။

နောက်ထပ်ဂါရဝပြုချင်သူတစ်ယောက်ကတော့ တက္ကသိုလ်စတက်တဲ့အချိန်မှာ ကျွန်မအဆိုတော်ဖြစ်ချင်ခဲ့တဲ့ပိုး (အဆိုတော်ရူး)ပေါ့လေ။ အဲဒီပိုး တော်တော်လေးပြင်းထန်ခဲ့ဖူးပါတယ်။ အဲဒီအချိန်မှာပဲ သူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးလို့ အစ်ကိုတစ်ယောက်နဲ့ ခင်မင်ခဲ့ရတယ်။ အဲဒီအစ်ကိုနဲ့သိကျွမ်းခဲ့ရပြီး ဂစ်တာတီးတာရော vocal ပိုင်းဆိုင်ရာ … ဂီတပိုင်းဆိုင်ရာတွေကို သူ့ဆီက လေ့လာဆည်းပူးဖြစ်ခဲ့ပါတယ်။ ပြန်မပြော နားမထောင်ဖြစ်တဲ့ ကျွန်မလို တပည့်မျိုးကို အတော်လေးစိတ်ရှည်လက်ရှည် သင်ပေးခဲ့ရတဲ့ ဆရာပါ။ သူသင်ပေးတဲ့ပုံစံမျိုးထိ ကျွန်မမလုပ်နိုင်ခဲ့တဲ့ အခါမျိုးဆို “ကျွတ်”တသပ်သပ်နဲ့ အမြဲဆူပူကြိမ်းမောင်းခဲ့တယ်။ အဲဒီလိုအဆူခံရတဲ့ အခါမျိုးတွေဆိုရင် ကျွန်မအတော်လေးဝမ်းနည်းစိတ်တိုခဲ့မိတယ်။ ကျွန်မနည်းတူ နောက်ထပ်သူငယ်ချင်းတွေကြားထဲမှာ ကျွန်မကအညံ့ဆုံးလို့ အပြောခံခဲ့ရတဲ့အတွက်လည်း ကျွန်မငိုခဲ့ရဖူးတယ်။ ခဏခဏပဲ အဲဒီအစ်ကိုအပေါ်ဒေါသနဲ့ပစ်မှားခဲ့ဖူးတယ်။ ခုချိန်မှာပြန်တွေးကြည့်ရင် ကျွန်မဝါသနာပါခဲ့တဲ့ အလုပ်တစ်ခုကို အသပြာတစ်ပြားတစ်ချပ်မှမယူဘဲ ကိုယ်ရောစိတ်ပါနှစ်မြှုပ်သင်ကြား ပေးခဲ့တဲ့ အဲဒီအစ်ကိုကြောင့်ပဲ ဂီတပိုင်းနဲ့ပတ်သက်တဲ့ဗဟုသုတတွေ ပညာတွေအများကြီးရခဲ့တယ်။ ငယ်ငယ်တုန်းက သီချင်းဆိုရင် “အသံလေး အသံကြောင်နဲ့ ဆိုနေရင် ဖြစ်အုံးမယ် ညည်းဖြစ်ချင်တဲ့ အဆိုတော်”လို့ ပြောခဲ့တဲ့ ကျွန်မဖေဖေတောင် “ငါ့သမီး အတော်လေးတိုးတက်လာတာပဲ”လို့ ပြောင်းပြီး ချီးမွမ်းခဲ့ရဖူးတယ်။ ဒါကြောင့် ပိုစ့်လေးနဲ့ပဲ ကျွန်မရဲ့ဆရာတစ်ဆူလည်းဖြစ် အစ်ကိုတစ်ယောက်လည်းဖြစ်တဲ့ “ကိုစိမ်းမောင်”ကို ဝန်ချတောင်းပန်ရင်း ဂါရဝပြုချင်ပါတယ်။

နောက်ထပ်ဆရာကတော့ ကျွန်မစာရေးလာဖြစ်တဲ့အခါ တွေ့ကြုံလာခဲ့ရတဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေကိုပါ။ ပထမအဓိကကျေးဇူးတင်ဂါရဝပြုချင်တာကတော့ ဆရာမဂျူးပေါ့။ ကျွန်မကအလွန်စိတ်ပျော့ညံ့သူလေ။ ဆရာမရဲ့စာအုပ်တော်တော်များများကို ဖတ်ရင်း မိန်းကလေးတစ်ယောက်ရဲ့ ထက်မြက်ပုံ၊ လဲကျတဲ့အချိန်မှာ ကောင်းမွန်စွာပြန်ရပ်တည်နိုင်ပုံလေးတွေ မြင်ရ ဖတ်ရတော့ ကျွန်မအရမ်းကို အားကျဖြစ်ခဲ့ပါတယ်။ အဲဒီလိုထက်မြက်သော မိန်းကလေးမျိုးဖြစ်အောင်လည်း ကြိုးစားဖြစ်ခဲ့တယ်။ အမြင့်ဆုံးမရောက်ခဲ့တောင် အောက်ဆုံးမှာတော့ ရှိမနေခဲ့ပါဘူး။ ဒါကြောင့်ဆရာမကိုလည်း ဒီပိုစ့်လေးနဲ့ ဂါရဝပြုပါရစေ။ ကျွန်မအတွက်တော့ စာပေနယ်ပယ်ထဲက အခြားလေးစားအားကျအတုယူရတဲ့ စာရေးဆရာတွေလည်း အများကြီးရှိပါတယ်။ စာပေနယ်ပယ်အသီးသီးက သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအားလုံးကိုလည်း ကျေးဇူးတင်ဂါရဝပြုပါရစေရှင်။

နောက်ထပ်တစ်ယောက်ကတော့ ကျွန်မနဲ့ပရဟိတလုပ်ရင်း ခင်မင်ခဲ့ရတဲ့ မမမြသွေးနီပါ။ ကျွန်မရဲ့စာရေးချင်စိတ်ကို အားပေးခဲ့ပြီး ရေးတဲ့ပုံစံစနစ်တကျဖြစ်အောင် သင်ကြားပေးခဲ့သူပေါ့။ ခုဆို မမမြသွေးနီရဲ့အားပေးမှုနဲ့ပဲ အရင်ကချမပြရဲခဲ့တဲ့ ကျွန်မရဲ့စာတွေ၊ ကဗျာတွေကို Online ပေါ်မှာပဲ ရဲရဲဝံ့ဝံ့ချပြရဲခဲ့လို့ အားပေးသူတွေ ရရှိလာခဲ့ရတာတွေ၊ စာဖတ်သူတွေရရှိလာခဲ့တာတွေအတွက်လည်း ကျေးဇူးတင်လို့ မဆုံးပါဘူး။ ဒီပိုစ့်လေးကပဲ ကျွန်မချစ်သော လေးစားရသော မမမြသွေးနီကိုလည်း ဂါရဝပြုပါတယ်။

ပရဟိတနယ်ပယ်က သင်ကြားပြသပေးသူ ဆရာတွေကတော့ ကိုကြီး(ကိုရီး)နဲ့ ကိုဗေဒါဇော်တို့ပါ။ ပရဟိတ စိတ်ထားဘယ်လိုထားတတ်အောင် နှုတ်ကသင်ကြားပြသပေးရုံသာမက သူတို့ကိုယ်တိုင်လည်း လုပ်ကိုင်ကြံဆောင်နေကြတဲ့အတွက် အဲဒီအစ်ကို(၂)ယောက်လုံးက ကျွန်မအတွက် သင်ဆရာတင်မကပါဘူး။ မြင်ဆရာ၊ ကြားဆရာဆိုရင်လည်း အမှန်ပါပဲ။ သူတို့ရဲ့စိတ်နေစိတ်ထား လုပ်ဆောင်ပုံတွေကို အတုယူလိုက်နာလို့ အတ္တဟိတနည်းပါးသော ပရဟိတသမားကောင်းတစ်ယောက်ဖြစ်အောင် ကျွန်မကြိုးစားနေပါတယ်။ ဒါကြောင့် ကျွန်မရဲ့ချစ်အစ်ကို(၂)ယောက်လည်းဖြစ် သင်ဆရာတွေလည်းဖြစ်တဲ့ ကိုကြီး(ကိုရီး)နဲ့ ကိုဗေဒါဇော်တို့ကိုလည်း ဒီပိုစ့်လေးကနေ ဂါရဝပြုလိုက်ရပါတယ်။

ကျွန်မဘဝမှာတွေ့ကြုံ ဆုံတွေ့ခဲ့ရတဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ အများကြီးပါ။ အသက်ကြီးမှ မဟုတ်ပါဘူး။ အသက်ငယ်သူတွေထဲကလည်း ကျွန်မအတွက်လေးစားအတုယူလောက်စေတဲ့ ဆရာတွေ အများကြီးပါ။ ထိုသို့ ထိုသို့သော ကျွန်မဘဝရဲ့သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကိုလည်း ဂါရဝပြုလိုက်ပါတယ်။ ကျွန်မရဲ့မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းတွေကလည်း ကျွန်မအတွက် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေပါပဲ။ သူတို့ပြောလိုက်တဲ့စကားတစ်ခွန်းဟာ ကျွန်မအတွက် အသိပညာကောင်းတွေ အများကြီးတိုးစေသလို သင်ခန်းစာတွေလည်း အများကြီးရရှိစေပါတယ်။ ကောင်းသောအလုပ်ကိုလုပ်ဆောင်ဖို့၊ စိတ်ဓါတ်ကျအားငယ်နေချိန်ဆို ဖေးမလမ်းပြလို့ အနားမှာအမြဲရှိနေပေးတဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ဂါရဝပြုပါရစေ။ နောက်ပြီး ကောင်းတာကိုမှသင်ကြားပြသပေးတဲ့သူတွေကို ကမ္ဘာ့ဆရာများနေ့မှာ ဂါရဝပြုချင်သလို မကောင်းတဲ့အမှုကိုပြုနေကြတဲ့ သူတွေကိုလည်း သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအဖြစ် ကျွန်မဂါရဝပြုပါရစေ။ သူတို့တွေမကောင်းတဲ့အမှု၊ မကောင်းတဲ့ကိစ္စတစ်ခုလုပ်လိုက်တိုင်း “ငါလည်း သူတို့လို မဖြစ်အောင် ကြိုးစား နေထိုင်ရမယ်”ဆိုတဲ့ သင်ခန်းစာအတွေးတစ်ခုရသွားခြင်းဟာလည်း ကျွန်မအတွက်တော့ပညာတစ်ခုရလိုက်ခြင်း ဖြစ်တဲ့အတွက် လေးစားအပ်သောဆရာများအဖြစ် ဒီပိုစ့်လေးကနေ ဂါရဝပြုလိုက်ပါရစေရှင်။

ကမ္ဘာ့ဆရာများနေ့မှာ ဒီလိုပိုစ့်လေးရေးသားပြီး ကျွန်မရဲ့သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများကို ဂါရဝပြုနိုင် အောင် ပြုလုပ်ပေးခဲ့တဲ့ မောင်လေးမင်းမောင်စိုးကိုလည်းကျေးဇူးတင်မိပါရဲ့။ သူရေးသားခဲ့တဲ့ ပိုစ့်လေးတစ်ခု ကြောင့် သတိဝင်အမှတ်ရလို့ ဒီဂါရဝပြုပိုစ့်လေးကိုရေးသားဖြစ်ခဲ့တာပါ။ မောင်လေးမင်းမောင်စိုးရေးသားခဲ့တဲ့ ပိုစ့် Link လေးကတော့ “http://www.facebook.com/photo.php?fbid=537908302891825&set=a.316368711712453.98395.100000179790265&type=1&relevant_count=1” မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်ရှင်။


(မှတ်ချက်။  အောက်တိုဘာလ(၅)ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့ (World Teachers’ Day)တွင် ကမ္ဘာပေါ်ရှိသင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးအား ဂါရဝပြုလေးစားလျှက် ….)


မိုးညချမ်း
5.10.2012(11:15 a.m)

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...