Wednesday, August 29, 2012

ခံစားမှုအပိုင်းအစ(၁)



“အသည်းကွဲခြင်း”တဲ့ရှင်။ အမှန်ဆို အသည်းကွဲတဲ့အခါ ကျွန်မလုံးဝလဲကျသွားမယ်ထင်ခဲ့တာ။ အတွေးနဲ့ လက်တွေ့ အရမ်းကိုကွာခြားသွားတာပါလား။ အမှန်ပြောရရင် ကျွန်မလည်း“အချစ်”ကို ယုံခဲ့သူ တစ်ယောက်တော့ မဟုတ်ပါဘူး။ အခြားသူတစ်ယောက်ကို ရူးမိုက်လောက်အောင် ချစ်မိသွားလိမ့်မယ်လို့လည်း ကိုယ့်ကိုကိုယ်မထင်မိခဲ့သူတစ်ယောက်ပါ။ တက္ကသိုလ်ကျောင်းတက်တုန်းက ကျွန်မကို Propose လုပ်တဲ့သူတွေကို ကျွန်မ“မချစ်နိုင်ဘူး”လို့ ငြင်းလိုက်တဲ့အခါ စကားတစ်ခွန်းမှထပ် မထွက်လာဘဲ တိတ်ဆိတ်စွာ နောက်ဆုတ်သွားသူတစ်ယောက်က သိပ်မကြာသေးခင်အချိန်လေးမှာ သူ့ကိုလက်ခံကြည်ဖြူမယ့် မိန်းကလေးတစ်ယောက်နဲ့များ တွဲသွားတာမြင်ရင် “ကောင်းလိုက်တာ … ငါ့လို ဂျွတ်ဆတ်ဆတ် မိန်းမထက်စာရင် ချစ်စရာမိန်းကလေးပဲ”လို့ ကောက်ချက်ချလို့ ၁၀၀% အပြည့်မဟုတ်ရင်တောင် ၇၀% လောက်ထိတော့ မေတ္တာစိတ်ကလေး ထားနိုင်ခဲ့ပါတယ်။ တစ်ချို့တစ်လေတွေများ “မချစ်နိုင်ဘူး”လို့ ငြင်းလိုက်တဲ့အခါ “မင်းကိုမှ မချစ်ရရင် သေရပါလိမ့်မယ် … ဘဝမှာမင်းတစ်ယောက်တည်းချစ်တာပါ”ဆိုတဲ့ စကားအပိုမျိုးပြောခဲ့တဲ့သူကိုများ တစ်ပတ်လောက်နေလို့ ကောင်မလေးတစ်ယောက်နဲ့ မတွေ့လိုက်နဲ့ ကျွန်မ ပညာပေးရမှကျေနပ်တဲ့သူမျိုး … ကျွန်မက အဲလိုအဲဒီပုံ ဆိုးခဲ့တာပေါ့။

မမျှော်လင့်ခဲ့ပါဘူး။ ကျွန်မအသက်(၂၃)နှစ်ဝန်းကျင်လောက်မှာပဲ ကျွန်မသူ့ကိုတွေ့ပြီး စချစ်ခဲ့ပါတယ်။ သူ့မှာချစ်သူရှိတယ်လို့ သိလိုက်ရချိန်မှာ ကျွန်မအရမ်းကိုကြေကွဲဝမ်းနည်းဖူးပါတယ်။ သူနဲ့ကျွန်မဆုံစည်းပြီး (၃)လလောက်အကြာမှာ သူကိုယ်တိုင် ကျွန်မကို“ချစ်နေပါတယ်”ဆိုတဲ့ ဝန်ခံခြင်းတွေနဲ့ သူနဲ့ပတ်သက်သမျှ ကိစ္စတစ်ချို့ဟာလည်း အရာရာကင်းရှင်းနေတာမို့ ကျွန်မအလွန်ပျော်ရွှင်ရင်ခုန်စွာနဲ့ပဲ သူ Propose လုပ်ပြီး သိပ်မကြာခင်မှာပဲ သူ့အချစ်ကို ကျွန်မလက်ခံခဲ့ပါတယ်။ အမှန်အတိုင်းပြောရရင်တော့ သူ့အချစ်ကိုစလက်ခံ ခဲ့တုန်းက ကျွန်မဘက်က ချစ်နေတာမှန်ပေမယ့် စုံနှစ်လို့မချစ်ရဲခဲ့ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ သူကျွန်မအပေါ် အနွံတာခံတာ၊ ကျွန်မကိုချစ်ပြတာတွေအပေါ်မှာ သာယာယစ်မူးလို့ ကျွန်မနဲ့သူနဲ့ ခွဲမရနိုင်တဲ့၊ ဝတ္ထုတွေ၊ ဇာတ်လမ်းတွေထဲမှာ တွေ့မြင်နေရတဲ့ တစ်နေ့မတွေ့ရရင် မနေနိုင်ဘူးဆိုသလိုပဲ ပိုလို့အချစ်တွေတိုးလာခဲ့ပါတယ်။ 

မထင်မှတ်တဲ့တစ်ရက်မှာ သူနဲ့အရင်ကောင်မလေးတို့ ဇာတ်လမ်းမပြီးပြတ်ကြသေးဘူးဆိုတာတွေ၊ အဲဒီကောင်မလေးနဲ့ သူ့ရဲ့မိဘတွေက သဘောတူထားပြီးသားဆိုတဲ့ သတင်းတွေကို ကျွန်မကြားခဲ့့ သိခဲ့ရလို့ တစ်ညလုံးမအိပ်နိုင်ဘဲ နာကျင်စွာငိုကြွေးနေခဲ့ရတဲ့ ကျွန်မကို သူ့ဘက်က “အဲဒီကောင်မလေးကို မောင်မချစ်ပါဘူး … သူအချစ်ဆိုတာကို နားလည်ခံစားခဲ့ရတာ ချစ်နဲ့မှပါ … ချစ်ကို မောင်မခွဲနိုင်ပါဘူး”ဆိုတဲ့ ပျာပျာသလဲရှင်းပြခြင်းတွေနဲ့အတူ  တစ်ညလုံးမအိပ်ဘဲ ဖုန်းတွေပြောရင်း ကျွန်မအိပ်ပျော်သွားသည်ထိ ဖုန်းထဲမှာ ချော့သိပ်ခဲ့တဲ့ သူ့ကို ကျွန်မပိုလို့ အချစ်တိုးခဲ့ပြန်ပါတယ်။
ဒီလိုနဲ့ပဲ ကျွန်မတို့(၂)ယောက်ဟာ အရမ်းချစ်ဖို့ကောင်းတယ်။ ရုပ်ချင်းလည်း ဆင်တယ်ဆိုတဲ့ အများကသတ်မှတ်ချက်ကလေးတွေရဲ့ကြားမှာ ကျွန်မအလွန်ပျော်ရွှင်ကြည်နူးခဲ့ရပါတယ်။ ပျော်ပျော်နေတတ်တဲ့၊ လူတစ်ဖက်သားကို စိတ်တူကိုယ်တူ ကူညီတတ်တဲ့ ကျွန်မတို့ချစ်သူ(၂)ယောက်ကို အားလုံးကလည်း ၀ိုင်းချစ်ကြတယ်။ အကြိုက်ချင်းဆိုလည်း ကြက်ဥမှာ သူက အကာကြိုက်ရင် ကျွန်မက အနှစ်စားလို့၊ ကန်စွန်းရွက်ကြော်ဆို ကျွန်မအရွက်ကြိုက်ရင် သူကအရိုးကို စားလို့ တစ်ယောက်နဲ့တစ်ယောက် ညှိယူစရာမလိုတဲ့ နားလည်မှုတွေနဲ့ပဲ အချစ်တွေပိုခဲ့ကြပါတယ်။ ကျွန်မတို့ရဲ့ခရီးလမ်းလေးဟာလည်း အရမ်းကိုလှပခဲ့ပါတယ်။ တစ်ယောက်နေမကောင်းဘူးဆိုရင် တစ်ယောက်က ပျာယာခတ်အောင်ဂရုစိုက်လို့ ပျော်ရွှင်မှုတွေကို ပိုင်ဆိုင်ခဲ့ကြပါတယ်။ အများတကာရဲ့အမြင်ယူဆချက် အလွန်ချစ်စရာကောင်းပြီး လိုက်ဖက်တဲ့စုံတွဲလေးအဖြစ် ရန်ဖြစ်တဲ့အခါဆိုလည်း တစ်ယောက်နဲ့တစ်ယောက် ကြိတ်မှိတ်ခံစားလို့ တစ်ယောက်ရဲ့နာကျင်မှုတွေကို တစ်ယောက်မျှဝေလို့ ပျော်ရွှင်မှုတွေဆိုလည်း အတူတူမျှဝေခံစားလို့ အများကအားကျရလောက်အောင် ချစ်ပြခဲ့ကြဖူးတယ်။ ဒီလိုနဲ့ပဲ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ တစ်နှစ်ကျော်ဆိုတဲ့ နေ့ရက်အချိန်တွေရောက်လာတဲ့ တစ်ရက်မှာဘာမဟုတ်တာလေးနဲ့ ခါတိုင်းရန်ဖြစ်နေကြအတိုင်း ရန်ဖြစ်ကြပြီး နောက်မှာ သူ့ဘက်ကပြန်ခေါ်နိုး၊ ကိုယ့်ဘက်က ပြန်ခေါ်နိုးစောင့်နေရင်းနဲ့ အဆက်အသွယ်လုံးဝ ပြတ်သွားခဲ့ပါတယ်။ 

ရက်တွေ၊ လတွေများစွာစောင့်စားလာပြီး သူနဲ့ကျွန်မတို့ရဲ့ချစ်သူသက်တမ်း(၂)နှစ်ပြည့် Anniversary ရက်လေးမှာများ အံ့သြဝမ်းသာစွာပြန်လာလေမလားဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ နေ့လတွေကို ကျော်ဖြတ်ရင်း နေသားတစ်ကျဖြစ်လာခဲ့ပါတယ်။ တစ်ရက်မှာတော့ (၆)လလောက် အဆက်အသွယ်မလုပ်ဘဲ ပျောက်နေတဲ့လူတစ်ယောက်ဆီက ဒီနေ့မနက်(၆းဝ၀)နာရီမှာ message တစ်စောင်ရတယ် ... “ငါ့ကိုမေ့လိုက်တာ မင်းအတွက်အကောင်းဆုံးပါပဲ ... သူလည်းဘဝတစ်ခုကို ပြန်တည်ဆောက်နေပြီ”လို့ပြောတဲ့အတွက် “ကျွန်မလည်း လူသစ်စိတ်သစ်နဲ့ ဘဝသစ်မှာ နေသားကျနေပါပြီ”လို့ ပြန်ဖြေဖြစ်ခဲ့တယ် ... ကျွန်မရဲ့အဖြေစကားအတွက်တော့ ကျွန်မမှားတယ်လို့ မယူဆပါဘူး … သူ့ကိုမချစ်ခဲ့တာလည်း မဟုတ်ပါဘူး … ကိုယ့်အနားမှာမနေချင်တော့တဲ့ သူတစ်ယောက်အတွက် မခံစားချင်တော့တာ … မဖက်တွယ် မဆွဲထားချင်တော့တဲ့ စိတ်ဆန္ဒတစ်ခုတည်းနဲ့ ကျွန်မတည်ငြိမ်စွာ လမ်းခွဲခြင်းကို ရင်ဆိုင်နိုင်ခဲ့ပါတယ်။

ထူးဆန်းတဲ့ msg ရပြီးနောက်တစ်ရက်မှာတော့ ထူးဆန်းတာတွေပဲ ထပ်ကြုံလိုက်ရတော့ ကျွန်မနဲ့ ကျွန်မသူငယ်ချင်းတွေ ရီမောကြရပြန်ပါရော။ သူနဲ့ပတ်သက်သမျှအမှတ်တရတွေကို ချန်မထားချင်တာနဲ့ပဲ ဖျောက်ဖျက်ပစ်လို့ ဘာအမှတ်တရမှ မကျန်တော့ပေမယ့် မွေးနေ့လက်ဆောင်အဖြစ် ရခဲ့တဲ ထမင်းဘူးလေးကိုတော့ ကျွန်မကိုယ်တိုင်ကလည်း ကြိုက်တာနဲ့ မဖျက်ဆီးရက်ပဲ ချန်ထားပေမယ့် ထူးဆန်းတဲ့ msg ရပြီး ညနေမှာပဲ အံ့သြစွာပျောက်ဆုံးသွားခဲ့ပါတယ်။ အမှတ်တရမှ ဘာအမှတ်တရမှ မကျန်အောင်ကို ကံတရားက ကျွန်မဘက်ကရှိနေပေးတယ်ထင်ပ။ ဒီလိုနဲ့ ဒီလိုနဲ့ပဲ ကျွန်မနဲ့ သူ့ရဲ့ အမှတ်တရများစွာအတွက် တိုက်ဆိုင်မှုရှိတိုင်း လွမ်းပြီးငိုတတ်တဲ့ ကျွန်မရဲ့အလွမ်းတွေက တဖြည်းဖြည်းနဲ့ နေသားကျသွားတော့မှာပါ။


မိုးညချမ်း
28.8.2012 (4:15 p.m)

Tuesday, August 28, 2012

ဆုတောင်း



တိုက်ဆိုင်မှုတွေရှိတိုင်း လွမ်းတာလား?
လွမ်းတဲ့အခါတိုင်း တိုက်ဆိုင်သွားတာလားတော့
မသိဘူး ချစ်သူ …။

အချိန်တိုင်း လွမ်းတဲ့စိတ်တွေနဲ့
တိုက်ဆိုင်မှုတွေရှိတဲ့အခါတိုင်း
ငါ့မျက်ရည်မိုးတွေ ရွာသွန်းမိတယ် …။

ငါကို“အချစ်ရူး”လို့
လူတွေကတော့ ထင်ကြမှာပဲ …။

တစ်ကယ်တော့ အချစ်ရူးတာမဟုတ်ဘူး …
မင်းအပေါ်မှာ အချစ်ထူးခဲ့တာပါ …။

ဘယ်သူတွေ ဘာပြောပြောပါ
မင်းတစ်ယောက်သာ ပျော်ရွှင်နိုင်မယ်ဆို
စွန့်လွှတ်ခြင်းတွေနဲ့အတူ
ဆုတောင်းပေးလိုက်ပါ့မယ်
မင်းဘဝလေး ပျော်ရွှင်ငြိမ်းချမ်းပါစေ …။



မိုးညချမ်း
28.8.2012 (3:30 p.m)

Tuesday, August 21, 2012

လက်တွဲဖော်



*ငါ့ဘဝမှာ မင်းနဲ့ဆုံတွေ့ပြီး
ချစ်ခွင့်ရတာနဲ့တင်
ကံကောင်းနေပါပြီ ချစ်သူ …။

*ဒါပေမယ့် အတ္တကင်းသူ မဟုတ်လေတော့
မင်းကိုပိုင်ဆိုင်ခွင့်ရချင်တဲ့စိတ်တွေက
ငါ့ဘဝကို တစ္ဆေတစ်ကောင်အလား
အချိန်တိုင်း ခြောက်လှန့်နေတော့
နေ့ဘက်ဆို ကြောက်လန့်စိတ်တွေနဲ့
ညညဆို အိပ်ရေးပျက်ပေါင်းများလာတယ် …။

*မင်းနဲ့ငါက ဘုရားကဖန်ဆင်းပေးတဲ့
ချစ်သူတွေပါ …။
ဘာကြောင့်များအနေစိမ်းနေကြသလဲ?
ဘာတွေကိုများ ငဲ့ညှာနေကြရသလဲ?
မိဘတွေသိမှာစိုးတာလား …
သူငယ်ချင်းတွေ လှောင်မှာစိုးတာလား …
ငါ့ဦးနှောက်နဲ့ ဉာဏ်မီသလောက်စဉ်းစားတယ် …။

*အနာဂတ်မှာ ကြုံတွေ့လာမယ့်
ခရီးကြမ်းတွေ … ပျော်ရွှင်မှုတွေအတွက်
ငါ့ကမ်းတဲ့လက်ကို ဖမ်းဆုပ်လိုက်
ငါ့ရင်ခွင်မှာ နားခိုရင်း
မင်းရှေ့က သတ္တိရှိစွာရင်ဆိုင်ရင်း
အရာအားလုံးကို ရဲရဲဝံ့ဝံ့နဲ့
ဖြတ်ကျော်သွားကြစို့ ချစ်သူ …။

(မှတ်ချက်။      ။ ခင်မင်ရသော မောင်ငယ်လေး “Wai Snow Ko Ko” က သူ့ကောင်မလေးကို ပေးချင်လို့ ရေးပေးဖို့ တောင်းဆိုတာနဲ့ ရေးဖြစ်ခဲ့တာလေးပါ ...
အခြားသူတစ်ယောက်ရဲ့ခံစားချက်လေးကို တစ်ခါမှမရေးပေးဖူးလေတော့ အမှားပါသွားရင် ခွင့်လွှတ်ပေးပါရှင် ...) 



မိုးညချမ်း
21.8.2012 (1:30 p.m)

Tuesday, August 14, 2012

ဒီလိုပါပဲကွယ်















ဒီလိုပါပဲကွယ်...
ငေးခဲ့တဲ့ ညတိုင်း
အလင်းမပျောက်ခဲ့သလို
မြေမှုန် "နွေးနွေး" ပေါ်က "နှင်း" စက်တွေလည်း
ပိုလို့တောင် ဆွတ်ဆွတ် ဖြူနေသေး.....

ဒီလိုပါပဲကွယ်...
"မိုးည" တိုင်းသာ "ဖြူစင်" ကြကြေးဆို.....
မျောနေတဲ့ "ဗေဒါ" တစ်စု လက်ခမောင်း ခတ်နေကြရောပေါ့...

ဒီလိုပါပဲကွယ်...
"ဝေယံ" ပေါ်က "ဇော်"ပျံ နဲ့ စီးချင်းထိုးနေကျ "နတ်စိုး" .....
ဘယ်လောက် ပဲ သျှိုသျှို ဘယ်လောက် ပဲ နင်းနင်း
လောကဇာတ်ခုံမှာ
"အနက်ရောင်" တွေစွန်းနေသရွေ့တော့
(နွေမရောက်ခင်ထိ)

ဒီလိုပါပဲကွယ်........
(Facebook အွန်လိုင်းလေထန်ကုန်းတွင် (ဝေယံမင်း) အစပြုရေးသားခဲ့သော ကဗျာလေးအား ...



ဒီလိုပါပဲကွယ်
ငါးကင် “နွေးနွေး” ပေါ်က “ယဉ်”  ကောင်တွေ ထပျံသွားတိုင်း
မီ“လင်း”ဖိုပေါ်က အမွှေးတိုင်ကြီးကို ငါ“ထွန်း” နေကြပေါ့....
ဒါ “အရုပ်မ”တစ်ယောက်ရဲ့ ရွှေရောင် ဆံနွယ်စတွေ မို့
“နန်း”ဆန်ချင် ဆန်ကောင်းလိမ့်မယ်......... 
(ကိုဗေဒါဇော်မှ ထပ်မံလက်စွမ်းပြသည် ...)

ဒီလိုပါပဲကွယ်
ကောင်းကင် ရင်ခွင် နွေးနွေး ရဲ့ သိင်္ဂ ီ ရောင်ညအဆင်းမှာ
ကျီးကန်း တွေ အုပ်စုဖွဲ့လို့ ကောင်းနေတုန်း
မိုးစွပ် တွေ သည်းဖွဲ နေကြမို့ ဒီတစ်ခါ ရင်ခွင်ကို
အလင်းနဲ့ ခိုင် အောင် ကာထားမယ်.........   
(ကိုဗေဒါဇော်မှ ထပ်မံလက်စွမ်းပြသည် ...)


မာယာဖြူ တွေ လှိုင်လှိုင်ထွေးတဲ့ ဟောဒီ မိုးညချမ်းမှာ
ဗာဂိုးအပျိုလေးရဲ့ ဆောင်းစက်ရိပ်ပမာရင်ခွင်ဟာ
နန်းကလျာအများတို့ တိုးကာပိုပိုချစ် နိုင်စေဖို
့ အမောပြေစရာ စောဝေစွာထားလိုက်မယ်...
အိုဘယ့်... အနက်ရောင်တိမ် ဝေယံ အောက်က
မြသွေးနီလွှမ်း ထုံကာမွှမ်းပါတဲ့ သွေးစက်မင်း သခင်
ထိုအရှင်အား ဇလပ်ဖြူ တို့ ထုံလျှမ်းပါစေ...
မိုးစွတ်တဲ့နေ အလင်းခိုင်မသွားခင် ....
( ဒေါက်တာနတ်စိုးမှ ကဗျာလေးအား ထိုသို့ပေါင်းစပ်ခဲ့သည်...)


နတ်တို့မာယာ ကြောမှာ.. မ ဗေဒါ က တစ်ပင်ထဲ...သိဂီ င်္ ရွှေခွက်နဲ့.. 
ဖြူစင် ရေပက်ဖျမ်း ပါလို့....မိုးညတွေချမ်း တုန်တောင် မမှုပါဘူး ...    စနိုးနှင်း တွေ ကျပစေဦးတော့.. ဇော်ကကနေသူ..ရွှေရုပ်ကလေးမှာဖြင့် သနားစဖွယ်..    အနက်ရောင် အမှောင်လွှမ်းပါလို့...သီတာရေကြည်...နွေးနွေး ရယ်နှင့်...    မြသွေးနီလက်မှိုင်ချရတယ်...အမယ်မင်း........  
(မမမြသွေးနီကလည်း ထပ်မံလက်စွမ်းပြခဲ့ပြန်သည် ...)


(မှတ်ချက်။    ။ တစ်ချိန်က အမှတ်တရလေးတွေကို မေ့နေကြသူများအတွက် ပြန်လည်အမှတ်ရစေဖို့ ... တစ်ယောက်သောသူအား သတိရမိတာနဲ့ အရင်ကကဗျာလေးကို ပြန်လည်ရှာဖွေတင်ဖြစ်လိုက်ပါတယ် .... )



မိုးညချမ်;
14.8.2012 (2:45 p.m) 

Friday, August 10, 2012

ကျွန်တော်ချစ်သော ညနေခင်းလေး


အချစ်လား? ကျွန်တော်မစူးစမ်းဖြစ်ပါဘူးဗျာ။ သူများတွေပြောနေကြတဲ့ … ကျွန်တော့သူငယ်ချင်းအပေါင်းအသင်းတွေ ပြောနေကြတဲ့ … စာအုပ်တွေထဲမှာဖတ်ဖူးတဲ့ “အချစ်”ဆိုတဲ့အရာကို ကျွန်တော်မရှာဖွေ ဖြစ်သလို … မစူးစမ်းဖြစ်တော့ “မင်းဘုန်းခ”လို့အမည်ခေါ်တွင်ပြီး အသက်(၂၈)နှစ်ပြည့်ပြီးသူ ကျွန်တော်တစ်ယောက် ဒီအသက်ဒီအရွယ်ရောက်နေပြီဖြစ်ပေမယ့်  “အချစ်”အကြောင်းကို တိတိကျကျရေရေရာ ပြောမပြတတ်ဘူး။ ငယ်ငယ်တုန်းကတော့ ကျွန်တော်နဲ့ကျောင်းနေဖက်သူငယ်ချင်းမလေးကို သဘောကျမိတာတော့ရှိသားဗျ။ အတန်းထဲမှာ စာတော်လို့ ဆုယူရတဲ့အချိန် သူပြုံးရီတိုင်း ကျွန်တော် လှတယ်လို့သတ်မှတ်ပြီး သဘောကျခဲ့ဖူးတာကို “အချစ်”လို့အမည်တပ်ရမလား။ တက္ကသိုလ်တက်တော့လည်း ကျွန်တော့သူငယ်ချင်းတွေက ချောတယ်၊ လှတယ်လို့သတ်မှတ်ပြီး မိတ်ဆက်ပေးတဲ့မိန်းကလေးတွေကိုလည်း ကျွန်တော်သဘောကျမိသားဗျ။ ဒါပေမယ့် အဲဒါကိုရော“အချစ်”လို့ အမည်တပ်ရမလားတော့ မသိတော့ပါဘူး။ သဘောကျမိပေမယ့် ချစ်သူရည်းစားအဖြစ်မထားခဲ့လေတော့ ကျွန်တော့သူငယ်ချင်းတွေကတော့ သတ်မှတ်သွားကြပါတယ်။ “အသည်းနှလုံးမရှိတဲ့ကောင်၊ ငကြောက်” စသဖြင့် နာမည်အမျိုးမျိုးပေးသွားကြတာပေါ့။ ရပါတယ်ဗျာ။ ကျွန်တော်ကျေနပ်ပါတယ်။ ကျွန်တော်မှ မချစ်တတ်သေးပဲ။ တစ်သက်လုံးလည်း ကျွန်တော်ချစ်တတ်မယ်လို့လည်း ကိုယ့်ကိုကိုယ် မထင်ခဲ့သူပါ။ ဒါပေမယ့်ဗျာ … ကံကြမ္မာဆိုတာ ပြောရခက်သား … မြှားနတ်မောင်က ကျွန်တော့ရင်အစုံကို မြှားတစ်စင်းပစ်ခွင်းလိုက်တဲ့အချိန် “အချစ်”လို့ အမည်တပ်လို့ရလေမလားမသိတဲ့ ခံစားချက်ရင်ခုန်သံကိုတော့ ကျွန်တော်စတင်ခံစားမိလိုက်ရတယ်။

ဒီနေ့ညနေ ကျွန်တော်ရုံးဆင်းတော့ စိတ်ထဲတစ်မျိုးလေး ညစ်ညူးသလိုဖြစ်နေတာနဲ့ အိမ်ကိုချက်ချင်း တန်းမပြန်သေးဘဲ မြို့ထဲဘက်က စာအုပ်ဆိုင်လေးဆီကို သွားဖို့ ကျွန်တော်စိတ်ကူးလိုက်တယ်။ ကျွန်တော်က ဘယ်အရာကိုမှမြတ်မြတ်နိုးနိုး မချစ်တတ်တဲ့ကောင်လို့ ကျွန်တော့်သူငယ်ချင်းတွေက သတ်မှတ်ကြပေမယ့်လည်း စာအုပ်တွေကိုတော့ ကျွန်တော်နှစ်နှစ်ကာကာချစ်မိသားဗျ။ ကျွန်တော့်အတွက်တော့ စာအုပ်တွေကသစ္စာရှိတယ်။ ဗဟုသုတတွေမြောက်များစွာ ရနိုင်တယ်လေ။ စာပေဖတ်ဖို့ အချိန်တွေကို ကျွန်တော်သီးသန့်ဖယ်ထားနိုင်ပေမယ့် မိန်းမတစ်ယောက်အတွက်နဲ့ အချိန်တွေကုန်ဆုံးဖို့တော့ သီးသန့်အချိန်မပေးနိုင်ဘူးလေ။ ကျွန်တော့အတွေးလေးတွေနဲ့ (၁၅)မိနစ်လောက် လမ်းလျှောက်လိုက်တော့ မြို့ထဲက ကျွန်တော်ဝယ်နေကျစာအုပ်ဆိုင်လေးရှေ့ကိုရောက်လာပါတယ်။ ဆိုင်ထဲဝင်မယ်လုပ်တော့ ကျွန်တော့ထက်အလျင် ကောင်မလေးတစ်ယောက် ဝင်သွားတာကိုတော့ မြင်လိုက် မိတယ်။ သူ့နောက်ကကျွန်တော်လိုက်ဝင်သွားရင်း ကျွန်တော်ရွေးချယ်ဝယ်ယူဖြစ်မယ့် စာအုပ်တန်းလေးဆီကို တန်းတန်းမတ်မတ်သွားလိုက်ပါတယ်။ နာရီဝက်လောက်ကြာအောင် ကျွန်တော်လိုချင်တဲ့စာအုပ် သုံးလေးအုပ် လောက်ကို စိတ်ကြိုက်ရွေးချယ်အပြီး ငွေရှင်းဖို့ကောင်တာဘက်ကိုထွက်လာခဲ့လိုက်တယ်။ ကျွန်တော်ကျသင့်ငွေရှင်းပြီး ပြန်အထွက်မှာ စောစောကပဲကျွန်တော့ရှေ့တင်စာအုပ်ဆိုင်ထဲ ဝင်သွားတဲ့ ကောင်မလေးလည်းငွေရှင်းပြီး ပြန်အထွက် စာအုပ်ဆိုင်ရဲ့အဝင်ဝမှာရှိတဲ့ လှေကားနိမ့်လေးကနေ ခြေချော်ကျပြီး ပြိုလဲသွားတာတွေ့လိုက်ရပါတယ်။ ဗုဒ္ဓဘာသာဗမာလူမျိုးတို့ရဲ့ “လဲနေသူ ထူပေးပါ” ဆိုတဲ့ စကားလေးအတိုင်းပေါ့ဗျာ။ ကျွန်တော်လည်း ကူညီချင်စိတ်တွေချက်ချင်းရုန်းကြွလာပြီး အပြေးလေးသွားလို့ သူမကိုထူပေးလိုက်ပါတယ်။ သူမကလည်း ကျွန်တော်တို့ဗမာလူမျိုးတို့ယဉ်ကျေးမှုအတိုင်းပေါ့ဗျာ … “ကျေးဇူးတင်ပါတယ်” ပြန်ပြောလို့ ထော့နဲ့ထော့နဲ့ဖြစ်သွားတဲ့ သူမကိုတွဲပေးလို့ မိတ်ဖြစ်ဆွေဖြစ်နဲ့ အအေးသွားသောက်ကြမယ်ဆိုတဲ့ ရုပ်ရှင်ထဲက ဖိတ်ခေါ်မှုအတိုင်းကို ကျွန်တော်ကစတင်ဖန်တီးလိုက်ပြီး သူမနဲ့ကျွန်တော် မိတ်ဆွေများ ဖြစ်သွားလေသတည်းပေါ့။ 

မေ့လို့ဗျာ … ကျွန်တော်သူမနာမည်လေးကို ပြောမပြရသေးဘူး။ သူမနာမည်က “နွေဆည်းဆာ”တဲ့။ ဆည်းဆာအလှကို အလွန်နှစ်သက်သူတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အနေနဲ့ကတော့ သူမနာမည်လေးကိုလည်း အလွန်ပဲနှစ်သက်မိသလို တမူထူးခြားတဲ့ သူမပုံစံကိုလည်း သဘောကျမိပါရဲ့။ ခေတ်နောက်ပြန်လည်းမဆွဲလွန်း၊ ခေတ်လည်းမဆန်လွန်းတဲ့ သူမရဲ့အပြင်အဆင်၊ သူမရဲ့ပွင့်လင်းစွာ ပြောဆိုတတ်မှု၊ လူတစ်ဖက်သားရဲ့မျက်နှာအမူအရာကိုကြည့်ပြီးမှ စကားအပြောအဆိုသုံးနှုန်းတတ်မှု၊ အထူးသဖြင့်တော့ဗျာ ကျွန်တော်နဲ့ဝါသနာတူဖြစ်တဲ့ စာပေချစ်မြတ်နိုးတတ်မှုလေးတွေကို သဘောကျမိတယ်။ သူမနဲ့ပထမစခင်မင်မိတုန်းကတော့ သူမဟာအလွန်ပေါတောတောနဲ့နေတတ်ပြီး အပေါင်းအသင်းအရမ်းမက်သူလို့ ကျွန်တော်ကောက်ချက်ချခဲ့ဖူးတယ်။ ဒါပေမယ့် သူမနဲ့ခင်မင်ပြီးနောက် အချိန်တွေ တဖြည်းဖြည်းကြာလာတာနဲ့အမျှ အဲဒီကောက်ချက်တွေဟာမှားမှန်းသိလာရတယ်။ သူမရဲ့လူတစ်ဖက်သားအပေါ် အလွန်ဂရုစိုက်တတ်မှုကိုတော့ ကျွန်တော်အလွန်အံ့သြတာအမှန်ပါပဲ။ ကျွန်တော်နဲ့မကြာခဏဆုံဖြစ်တဲ့အချိန် (ကျွန်တော့်ဘက်က တွေ့ချင်လို့တမင်ဖန်တီးယူရတဲ့အချိန်တွေပေါ့ဗျာ)တွေဆို သူမရဲ့ Hand Phone လေး မကြာခဏထမြည်တတ်တာကို သတိထားမိပါတယ်။ “သူမသူငယ်ချင်းတွေဆီက ဖုန်းပါ … ခဏလေးပြောခွင့်ပြုနော်”ဆိုတဲ့ ခွင့်ပြုချက်လေးတောင်းပြီးမှ ဖုန်းပြောတတ်တဲ့ သူမရဲ့အမူအကျင့်လေးတစ်ခုကို လည်း ကျွန်တော်သဘောကျမိပြန်တယ်။ ဖုန်းပြောပြီးတိုင်း ပြုးပြူးပျာပျာနဲ့ “သူငယ်ချင်းတစ်ယောက် စိတ်မကောင်းတွေဖြစ်ပြီး ငိုနေလို့ အမြန်သွားမှရမယ်”ဆိုတဲ့ စကားသံလေးနဲ့အတူ သူမထပြေးတတ်ရင် ကျွန်တော်လည်း မဆိုင်းမတွသူမနောက်ချက်ချင်းထလိုက်တတ်တာမျိုးလေးတွေကတော့ ကျွန်တော့်အတွက် အလေ့အထတစ်ခုလို ဖြစ်လာပြီပေါ့။

ဒီလိုနဲ့ကျွန်တော်တစ်ယောက် “အချစ်”ကို စတင်တွေ့ရှိလာပြီလို့တော့ ယူဆလိုက်တယ်ဗျာ။ သူမနဲ့အတူရှိနေတဲ့ အချိန်တွေဆို ကျွန်တော့ရင်တွေ တဒိတ်ဒိတ်ခုန်နေတတ်တာ၊ သူမပြုံးရီလိုက်တိုင်း၊ ချစ်စဖွယ်အမူအရာလေးတွေ ပြုမူလိုက်တိုင်း (ဥပမာ-ကျွန်တော်နဲ့ချိန်းထားတဲ့အချိန်မှာ တစ်ခါတစ်လေ သူမ နောက်ကျတတ်တဲ့အခါ လျှာလေးတစ်လစ်လေးထုတ်လို့ “တောင်းပန်ပါတယ်။ ဟိုလေ ကားပိတ်လို့၊ လမ်းကြပ်လို့”ဆိုတဲ့ ဆင်ခြေလေးတွေနဲ့ ရီပြတတ်တာ) ကျွန်တော်ငေးမောကြည့်နေမိတတ်တာ၊ သူမနဲ့ချိန်းထားတဲ့နေ့ ကျွန်တော်နောက်ကျတတ်တဲ့အခါ သူမတစ်ယောက်တည်း အားငယ်နေမလားလို့ စိတ်ပူနေတတ်တာ၊ အစုံပါပဲဗျာ။ စက္ကန့်တိုင်း သူမနဲ့ပတ်သတ်သမျှအတွေးတွေက ကျွန်တော့်အချိန်ဇယားတွေ ကိုနေရာယူထားတာတွေကို သတိထားမိလာခဲ့အခါ ကျွန်တော့သူငယ်ချင်းတွေနဲ့ ခေါင်းချင်းဆိုင်တိုင်ပင်လို့ ထိုအရာကို“အချစ်“ဟု ခေါ်သည်ဟု ခေါင်းစဉ်တပ်ပစ်လိုက်ကြပါတယ်။ အချစ်ဆိုတဲ့အရာကို နဖူးတွေ့၊ ဒူးတွေ့ တွေ့လာရတော့ ကျွန်တော့်ရင်တွေအေးမြသလိုလို၊ ပူလောင်သလိုလိုခံစားချက် အမျိုးမျိုးတွေ ကျွန်တော်ခံစားလာရပါပြီ။ သူမနဲ့အတူရှိနေတဲ့အချိန်တိုင်း၊ သူမကိုငေးမောကြည့်နေရတဲ့အချိန်တွေတိုင်း ကျွန်တော့ရင်တွေအေးမြနေတတ်ပေမယ့် သူမနဲ့အဝေးကို ကျွန်တော်ရောက်သွားမှာ၊ သူမကိုလက်လွှတ်ဆုံးရှုံးရမှာတွေကို တွေးမိပြန်တော့ ကျွန်တော့ရင်တွေပူလောင်လာပြန်ရော။ အဲဒီတော့ “ကျွန်တော် ဘာလုပ်ရမလည်း၊ ဘာလုပ်သင့်လည်း”ဆိုတဲ့မေးခွန်းတွေကို ထုတ်လို့ ကျွန်တော့သူငယ်ချင်းတွေနဲ့ အဖြေညှိကြရပြန်တာပေါ့။ ကျွန်တော့်သူငယ်ချင်းတွေကတော့ “ကိုယ့်အချစ်ကို သူသိအောင်ဖွင့်ပြောပေါ့ကွာ”ဆိုတဲ့ အဖြေကိုလည်း ကျွန်တော်မကျေနပ်ပြန်ဘူး။ ကျွန်တော်များဖွင့်ပြောလိုက်လို့ သူမငြင်းလွှတ်လိုက်တဲ့အခါ၊ သူမစိတ်ဆိုးသွားတဲ့အခါ သူမနဲ့ခင်မင်မှုလေးတွေ ပျက်ပြားသွားပြီး သူမဘေးနားနေခွင့်မရတော့မှာလည်း စိုးရိမ်မိပြန်သေးပေါ့။ အစုံပဲဗျာ။ အဲဒီလိုအတွေးတွေ အစုံအလင်နဲ့ပဲ ကျွန်တော့်ရဲ့ညတွေ အိပ်ပျက်လာတယ်။ ကျွန်တော့်ခံစားချက်တွေပေါက်ကွဲပြီး ကဗျာအပိုင်းအစလေးတွေ ဖန်တီးဖြစ်လာတယ်။ ကျွန်တော့်ရဲ့ညတွေဟာ ကဗျာတွေနဲ့ပြည့်နှက်နေခဲ့တာပေါ့။

အိပ်ရေးပျက်ပေါင်းများလာတော့ အားနည်းပြီးနေမကောင်းဖြစ်တဲ့တစ်ရက်မှာတော့ ရုံးကခွင့်ယူပြီး နားလိုက်ရသည်ထိ ဖြစ်လာတော့ အိမ်က ကျွန်တော့မိဘတွေတောင်အံ့သြနေကြတယ်။ ငယ်ငယ်ကတည်းက ဖျားခြင်း၊ နာခြင်းကင်းဝေးလာခဲ့တဲ့ ကျွန်တော်တစ်ယောက် နေမကောင်းဘူးဆိုတော့ တစ်ဦးတည်းသော သားဖြစ်တဲ့ ကျွန်တော့်ကို သည်းသည်းလှုပ်အောင်ချစ်တဲ့ ကျွန်တော့်မေမေတစ်ယောက် အလုပ်များပြီပေါ့ဗျာ။ မနက်စောစောထ ကြက်သားဆန်ပြုတ်ပူပူလေးကို မေမေကိုယ်တိုင်ခွံ့ကျွေးလို့ ဆေးသောက်ပြီး တစ်ရေးတစ်မောပြန်အိပ်မယ်အလုပ်မှာ ကျွန်တော့် Hand Phone လေးဆီမှ သီချင်းသံလေးထွက်လာလေတော့ နံံပါတ်ကြည့်လိုက်တဲ့အခါ ကျွန်တော်ရင်းနှီးနေသော သူမရဲ့ဖုန်းနံပါတ်လေး ဖြစ်နေပါတယ်။ ဖုန်းကိုင်လိုက်တော့ ပထမဦးဆုံးကြားလိုက်ရတာက စိတ်ပူတဲ့အသံကြီးနဲ့ “ကိုမင်းဘုန်းခ … နေမကောင်းဖြစ်တာတောင် မပြောပြနိုင်ရလောက်အောင် မာနကြီးနေတာလား?”ဆိုတဲ့ ဂရုဏာဒေါသနဲ့ မေးမြန်းအပြစ်တင်သံကို ကြားလိုက်ရတော့ ကျွန်တော့ရင်ထဲနွေးထွေးသွားလိုက်တာဗျာ။ ကျွန်တော်ပိုတယ်လို့ပဲ သတ်မှတ်ချင်သတ်မှတ်ကြတော့ဗျာ။ နည်းနည်းလေးတော့ ထပ်ကဲပြီး “ခေါင်းတွေမူးပြီး နေမကောင်းဖြစ်နေတော့ အိပ်ယာထဲကမထနိုင်တာနဲ့ ဖုန်းမဆက်ဖြစ်တာပါ”ဆိုတဲ့ ဖြေရှင်းချက်လေး ပေးလိုက်ပါတယ်။ (၁၀)မိနစ်လောက် စကားတွေဖောင်ဖွဲ့အောင်ပြောပြနေတဲ့ သူမရဲ့စကားသံလေးတွေကို ကြည်နူးစွာနားထောင်ပေးရင်းနဲ့ ဖုန်းချကာနီးမှာ ကျွန်တော့်အိမ်လိပ်စာလေးကို မေးပြီး နေကောင်းအောင်နေနော်၊ ဆေးမှန်မှန်သောက်နော်ဆိုတဲ့ မှာကြားချက်လေးတွေ ကြားရတော့ ကျွန်တော် အတိုင်းမသိကြည်နူးပျော်ရွှင်ရပြန်ပါတယ်။ ဖုန်းပြောပြီး တစ်မှေးလောက်တော့ အိပ်အုံးမယ်ဆိုတဲ့ အတွေးနဲ့ပဲ ကျွန်တော့်အိပ်ပျော်သွားပါတယ်။ အိပ်မက်ထဲမှာ ကျွန်တော့်ဘေးမှာ စိတ်ပူတဲ့မျက်နှာနဲ့ ပြုစုပေးနေတဲ့ သူမကို မြင်ရတော့ ကျွန်တော်အသည်းယားလွန်းလို့ ဖက်မိလိုက်တော့ ကျွန်တော့်ရင်ခွင်ထဲကနေ ရှက်စနိုးလေးနဲ့ ရုန်းကန်နေလေ သူမကိုတင်းကြပ်စွာဖက်ထားမိလေပါပဲ။

ကျွန်တော်ဘယ်လောက်တောင် နှစ်ခြိုက်စွာအိပ်ပျော်ပြီး အိပ်မက်တွေမက်ပစ်လိုက်လည်းတော့ မသိဘူး။ ကျွန်တော့်မေမေ ဆေးသောက်ဖို့ လာနှိုးတဲ့အချိန် နာရီကြည့်လိုက်တော့ နေ့လည်(၁)နာရီခွဲ … မေမေပြုတ်ပေးတဲ့ ကြာဇံပြုတ်ပူပူလေးကို သောက်၊ ဆေးသောက်အပြီး အနွေးထည်ဝတ်လို့ ဝရံတာဘက် ခဏထွက်လာလိုက်ပါတယ်။ ဝရံတာလေးမှာခဏရပ်ပြီး အတွေးလေးတွေနဲ့နစ်မြောနေတုန်း အိမ်ရှေ့ခြံတံခါး ခေါင်းလောင်းတီးသံလေးကြားလိုက်တော့ ကျွန်တော်လှမ်းကြည့်လိုက်တဲ့အခါ အရမ်းကိုအံ့သြသွားရပါတယ်။ သူမ … ကျွန်တော်ချစ်မြတ်နိုးရသော သူမ။ အိမ်လိပ်စာမေးသွားပေမယ့် ကျွန်တော့်အိမ်အထိ ကိုယ်တိုင် လိုက်လာမယ်လို့ မမျှော်လင့်ခဲ့တာတော့ အမှန်ပါပဲလေ။ ကျွန်တော့်ဘက်ကသာ တိတ်တခိုးချစ်နေရတာ သူမဘက်ကတော့ ကျွန်တော့်အပေါ် မိတ်ဆွေအဆင့်ထက်တော့ မပိုဘူးဆိုတာ သိနေတာကိုးဗျ။ ဘာပဲဖြစ်ဖြစ်ပါ ကျွန်တော်အရမ်းအံ့သြဝမ်းသာခဲ့ရတာတော့ အမှန်ပဲ။ ဒါနဲ့အောက်ထပ်ကို သူမကိုတွေ့ချင်ဇောနဲ့ မြန်မြန်လေးဆင်းလိုက်ပါတယ်။ ကျွန်တော့်မေမေကတော့ တံခါးပေါက်မှာ အဆင်သင့်ကြိုနေလေရဲ့။ “သမီး … ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ”ဆိုတဲ့ စကားမျိုးမမေးရအောင် ကျွန်တော့် မေမေက လိမ္မာပါးနပ်လွန်းပါဘိ။ ကျွန်တော်ကပဲ မေမေနဲ့သူမကို စတင်မိတ်ဆက်ပေးလိုက်ပါတယ်။ “အန်တီ့သားရဲ့ ရှားရှားပါးပါးမိန်းကလေးမိတ်ဆွေဆိုတော့ အန်တီလည်း ခင်မင်မိပါတယ်ကွယ်”ဆိုတဲ့ မေမေ့ရဲ့စကားအသုံးအနှုန်းအောက်မှာ ကျွန်တော်ဘယ်လောက်ဂုဏ်တက်သွားသလည်းတော့ မသိဘူး။ သူမကတော့ မေမေနဲ့စကားလက်ဆုံကျနေလေရဲ့။ ခဏကြာတော့ ကျွန်တော့်မေမေက “သားတို့ စကားပြောကြအုံး”ဆိုပြီး အလိုက်တသိထထွက်သွားပေးတော့မှ ကျွန်တော့်စကားလေးတွေ ပြောပြခွင့်အလှည့်ရောက်တော့တယ်။ ကျွန်တော်လည်း သူမနဲ့တောင်စဉ်ရေမရစကားတွေ လျှောက်ပြော၊ သူမပြောတာလေးတွေနားထောင်နဲ့ ညနေစောင်းအချိန်လောက်မှာ သူမပြန်တော့မယ်ဆိုတာနဲ့ ကျွန်တော် ခြံပေါက်ဝထိ လိုက်ပို့လိုက်ပါတယ်။ ပြန်ကာနီးခြံပေါက်ဝမှာသူမပြောသွားတဲ့ “နေကောင်းအောင်နေပါနော် … နို့မို့ဆိုစိတ်ပူရတာနဲ့ပဲ သေမှာပဲ”ဆိုတဲ့ စကားလေးကို အထအနအမျိုးမျိုးကောက်လို့ ကျွန်တော်လိုရာ ဆွဲတွေးပစ်လိုက်ပြီး ရင်ခုန်းကြည်နူးခြင်းတွေ ကျွန်တော့ရင်ထဲမှာစီးဆင်းသွားတာ သူမရိပ်မိသွားမှာလည်း စိုးရိမ်မိပြန်သေးတယ်။

သူမနဲ့ခင်မင်နေခဲ့ရတဲ့အချိန်တွေ … ကျွန်တော်တိတ်တခိုးဖြစ်နေရတဲ့အချိန်တွေကြာလာတဲ့တစ်နေ့ … ကျွန်တော်တို့ခင်မင်မှုသက်တမ်းလေး(၁)နှစ်ကျော်အချိန်လေးဖြစ်လာတဲ့တစ်နေ့မှာတော့ ကျွန်တော့် ခံစားချက်တွေပေါက်ကွဲထွက်သွားမိလိုက်ပါတယ်။ အဲဒီနေ့က နိုင်ငံခြားကခဏပြန်ရောက်လာပါတယ်ဆိုတဲ့ သူမရဲ့အခင်ဆုံးသူငယ်ချင်း “ဝေလင်း”ဆိုတာနဲ့ ကျွန်တော့ကို မိတ်ဆက်ပေးခဲ့တယ်။ သူမနဲ့ပတ်သက်သမျှ အားလုံးနီးပါးသိရှိလာခဲ့ရပေမယ့် သူမနဲ့ကျွန်တော်ခင်မင်လာခဲ့တဲ့နေ့ရက်တစ်လျှောက်မှာ သူမပါးစပ်က ထိုနာမည်ကို တစ်ခါမှမကြားခဲ့ဖူးလေတော့ ကျွန်တော့်အတွက်ကတော့ အထူးအဆန်းလိုပါပဲ။ ခါတိုင်းဆို ယောကျ်ားလေး တစ်ယောက်နဲ့အဲဒီလောက်ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံတာကို မတွေ့ဖူးခဲ့တဲ့ကျွန်တော် ခုသူမနဲ့ အဲဒီအခင်ဆုံးသူငယ်ချင်းဆိုတဲ့ပုဂ္ဂိုလ်နဲ့ ရီလိုက်မောလိုက်စကားတွေပြောလိုက်နဲ့ ကျွန်တော်တစ်ယောက်လုံး ရှိနေတာကို လျစ်လျူရှုပြီး စကားတွေပြောဆိုနေကြတာတွေ့ရတော့ ကျွန်တော့်ရင်ထဲမှာ ဝန်တိုစိတ်တွေ တဖွားဖွားဖြစ်ပြီး ထိုပုဂ္ဂိုလ်ကိုဆွဲမထိုးမိအောင် ဒေါသတွေမနည်းထိန်းချုပ်ထားရတယ်။ ဒါနဲ့ကျွန်တော်လည်း သူမတို့(၂)ယောက်ရှေ့မှာ ဆက်ထိုင်မနေချင်တာနဲ့ သူမကိုမြို့ထဲကစာအုပ်ဆိုင်ဘက်သွားစရာရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရှောင်ထွက်လာလိုက်တယ်။ သူမနဲ့ ထိုပုဂ္ဂိုလ်နဲ့က အရင်ခင်မင်ခဲ့ရတာမဟုတ်လား။ ဒါ့အပြင် ကျွန်တော်နဲ့ သူမကလည်း ဘာမှမသက်ဆိုင်သေးတဲ့ သူ(၂)ယောက်ဖြစ်နေတဲ့အတွက် ကျွန်တော်ကပဲ ရှောင်လာရတာပေါ့ဗျာ။ ဒေါသထွက်နေတာကတစ်ကြောင်း၊ စိတ်ရှုပ်နေတဲ့အချိန် လူကြပ်ကြပ်နဲ့ ဘတ်စ်ကားတိုးမစီးချင်တာကတစ်ကြောင်း၊ ဘတ်စ်ကားပေါ်ရောက်ပြန်ရင်လည်း နေရာလေးရပြီး အေးဆေးလေး အတွေးနယ်ချဲ့လို့မရမှာကတစ်ကြောင်းဆိုတာတွေနဲ့ပဲ ကျွန်တော် Taxi ငှားပြီးပဲ မြို့ထဲက စာအုပ်ဆိုင်လေးဆီသို့ သွားမယ်လို့ စိတ်ကူးပြီး Taxi တစ်စီးတားလို့ Taxi ခ ကျွန်တော့်ဘက်က ပေးနိုင်သလောက်နဲ့ ကားမောင်းသမားဘက်က ကျေနပ်နိုင်မယ့် ကားခကိုညှိယူပြီး ကားပေါ်တက်လိုက်တော့ “ခဏနေပါအုံး”ဆိုတဲ့ အော်ပြောသံလေးနဲ့ ကျွန်တော်ငှားထားတဲ့ Taxi တံခါးလေးအပြေးအလွှားဆွဲဖွင့်လို့ ကျွန်တော့်ဘေးမှာ ဝင်ထိုင်လိုက်တဲ့ သူမကိုမြင်လိုက်ရတော့ အံ့သြသွားမိပါတယ်။ ကားထွက်ထွက်ချင်းမှာပဲ “ဘယ်လိုဖြစ်လို့ ခဏလေးတောင်မစောင့်နိုင်တာလဲ”ဆိုတဲ့ အပြစ်တင်သံနဲ့အတူ သူမနှုတ်ခမ်းလေးစူပြီး ပြောတော့ ငေးကြည့်မိသွားတဲ့ ကျွန်တော်တောင်ကမ္ဘာအပြင်ဘက်ဆီမှာ သူမနဲ့(၂)ယောက်တည်းရှိနေသလိုတောင် ခံစားသွားရပါတယ်။ “သူငယ်ချင်း(၂)ယောက် စကားပြောတာကို အနှောက်အယှက်ဖြစ်မှာစိုးလို့ပါ”ဆိုတဲ့ အကြောင်းပြချက်နောက်ကွယ်က သဝန်တိုမှုတွေကို သူမများရိပ်မိ သွားလေသလားမသိ။ ရယ်သံလေးနဲ့ “ဘာလည်း … အူတိုနေတာလား ?”လို့ သူမကရုတ်တရက်ပွင့်ပွင့်လင်းလင်းကြီး မေးပစ်လိုက်တာ “ဟုတ်တယ် … ကိုယ်မကြိုက်ဘူး … မင်းကို ဘယ်ယောကျ်ားလေးနဲ့မှ တရင်းတနှီးရီမောပြောဆိုစေချင်တာ မဟုတ်ဘူး … အဲဒါဘာဖြစ်လို့လည်းလို့ သိချင်ရင်တော့ ပြောပြပေးမယ် … မင်းကို ငါချစ်နေလို့ပဲ … ငါအရိပ်တကြည့်ကြည့်နဲ့ဖြစ်နေရတဲ့ မင်းကို မြတ်မြတ်နိုးနိုးချစ်မိနေလို့ပဲ” ဆိုပြီး ပြောချပစ်လိုက်မိတယ် … ကျွန်တော့်ရဲ့ဘယ်အချိန်က ပေါက်ကွဲချင်နေတဲ့ ဒေါသတွေလည်းတော့ မသိဘူး။ ကျွန်တော်ကိုယ်တိုင် စီမံထားမိတဲ့ စကားလုံးတွေ အကုန်ထွက်ကျအပြီးမှာတော့ ကားမောင်းနေတဲ့ Taxi သမားကလည်း နောက်ကြည့်မှန်ကနေ ကျွန်တော့်ကို ပြုံးစိစိနဲ့ကြည့်နေသလို … သူမကလည်း တအံ့တသြနဲ့ ကျွန်တော့ကိုကြောင်ငေးကြည့်နေသလို … ကျွန်တော်ကလည်း ပြောချင်ရာပြောပစ်ပြီးကာမှ ထူပူပြီး မနေတတ်မထိုင်တတ်နဲ့ သူမဘေးနားကနေ အငွေ့အဖြစ်နဲ့ပျောက်ကွယ်သွားချင်တဲ့ စိတ်တွေတဖွားဖွားဖြစ်လို့ သူမမျက်နှာမှာ ဖြစ်ပေါ်နေတဲ့ ခံစားချက်အရိပ်တွေကို လိုက်ဖမ်းကြည့်မနေနိုင်တော့ပဲ ကားပြတင်းပေါက်ဆီကနေ ခုန်ချထွက်ပြေးချင်စိတ်ကို မနည်းမျိုသိပ်ပြီး မျက်နှာလွှဲနေလိုက်ပါတယ်။
တစ်ကားလုံးစကားသံတိတ်ဆိတ်လို့ ငြိမ်သက်နေတုန်း ကျွန်တော့ဖုန်းလေးဆီမှ message ရောက်သံ ringtone လေးကြားလိုက်တော့ ဖွင့်ဖတ်ကြည့်လိုက်တာ ဘေးချင်းကပ်ထိုင်နေတဲ့ သူမဆီက “လူလည်ကြီး”ဆိုတဲ့ နောက်ပြောင်စာလေး တွေ့ရတော့ သူမစိတ်တော့ဆိုးမသွားဘူးဆိုတာ သိလိုက်ရပါတယ်။ မြို့ထဲရောက်တော့ ကားခကျသင့်ငွေကိုရှင်းပေးပြီး သူမကိုတောင် ဂရုတစိုက်မခေါ်မိဘဲ ရှေ့ကနေခြေလှမ်းကျဲကြီးတွေနဲ့ ကျွန်တော်ပြေးလေတော့ “ရှေ့ကလူကြီး … စောင့်ပါအုံး … ဘာဖြစ်နေတာလည်း … စာအုပ်ဆိုင်က ထွက်ပြေးသွားမှာကျနေတာပဲ”ဆိုတဲ့ သူမအော်ပြောနေသံလေးကို မကြားတစ်ချက် ကြားတစ်ချက်ပါပဲ။ စာအုပ်ဆိုင်ထဲမှာလည်း သူမနဲ့မျက်နှာချင်းဆိုင်မိမှာစိုးလို့ ကိုယ်လိုချင်တဲ့ စာအုပ်ကိုတောင် အချိန်ပေးအေးဆေးမရှာဖြစ်တော့ဘဲ ကောင်းမယ်ထင်ရာ စာအုပ်(၂)အုပ်လောက်ကိုယူ ... ငွေရှင်းအပြီးမှာ ကျွန်တော့်အနားရောက်လာတဲ့ သူမကို “အိမ်ပြန်တော့မယ်”လို့ နှုတ်ဆက်ပြီး ဆိုင်ထဲက ထွက်လာတော့ “အရှက်အကြောက်သိပ်ကြီးတဲ့လူကြီး … ရှင့်ကိုဘယ်တော့မှမခေါ်တော့ဘူး”ဆိုတဲ့ အသံလေးကို ကြားပေမယ့် ကျွန်တော်ပြန်လှည့်မကြည့်ဖြစ်ခဲ့ပါဘူး။

ဒီလိုနဲ့ကျွန်တော် ရှက်ရှက်နဲ့ပဲ သူမဆီကို ဖုန်းလည်းမဆက် … လူချင်းလည်းမတွေးဘဲရှောင်နေခဲ့လိုက်တာ တစ်ပတ်လောက် အကြာမှာတော့ ကျွန်တော်သူမကို အရမ်းလွမ်းဆွတ်လာမိတယ်ဗျာ။ တစ်ပတ်ကြာမှ လွမ်းမိရလားလို့တော့ မထင်လိုက်ပါနဲ့။ ဟိုးအရင် သူမကို ကျွန်တော်ချစ်မိနေပြီလို့ စပြီးသတိမထားမိခင်ကတည်းက သူမနဲ့တစ်ရက်လောက် မတွေ့ရရင်တောင် သတိရနေတတ်သူပါဗျာ။ သူမနဲ့မတွေ့ဖြစ်ပေမယ့် ဖုန်းတော့ပြောဖြစ်သေးတယ်လေ။ ခုတော့ ကျွန်တော်ချစ်နေပါတယ်လို့ဝန်ခံအပြီး သူမလည်းကျွန်တော့်ခံစားချက်တွေကို သိသွားပြီးနောက်ပိုင်းမှာ လူချင်းလည်းမတွေ့ရ၊ သူမအသံကိုလည်း မကြားရလေတော့ ကျွန်တော့်အလွမ်းတွေက သိသိသာသာပိုဆိုးလာတယ်။ ဒါနဲ့ပဲအပြစ်ရှိသလိုခံစားနေရတဲ့ ခံစားချက်ကြောင့်တစ်ကြောင်း၊ အားနာစိတ်တွေကတစ်ကြောင်းနဲ့ သူမကို ရှောင်နေခဲ့တဲ့ ကျွန်တော်မနေနိုင်တဲ့ အဆုံး ရုံးဆင်းကာနီးညနေခင်းအချိန်လေးတစ်ရက်မှာ ကျွန်တော်ရင်းနှီးနေသော ဖုန်းနံပါတ်လေးတွေကိုနှိပ်လို့ ဖုန်းခေါ်လိုက်ပါတယ်။ “တူ”ဆိုတဲ့ ဖုန်းခေါ်သံလေး အဆုံးမှာ “လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ သတ်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်းမရှိပါသဖြင့် ခေတ္တစောင့်ဆိုင်းပြီးမှ ပြန်လည်ခေါ်ဆိုပါရှင်”တဲ့။ သူမဘာကြောင့် ဖုန်းမကိုင်တာပါလည်း?။ ကျွန်တော့်ဦးနှောက်နဲ့ဉာဏ်မှီသလောက် စဉ်းစားကြည့်လိုက်တော့ ထိုနေ့က မိန်းကလေးတစ်ယောက်ကို လျစ်လျူရှုမိခဲ့မိလိုက်တဲ့ ကျွန်တော်ပြုမူခဲ့တဲ့ အပြုအမူတွေအတွက် ကျွန်တော်လွန်စွာနောင်တရမိပါတယ်။ ကျွန်တော့်အတွေးတွေနဲ့ ရင်တွေတော်တော်ပူသွားပါတယ်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ပါဘူး။ ဒါနဲ့ နောက်တစ်ကြိမ်ဖုန်းခေါ်ကြည့်မယ်ဆိုပြီး တွေးနေတုန်း ကျွန်တော့်ဖုန်းလေးမြည်လာလို့ နံပါတ်ကြည့်လိုက်တော့ သူမ …။ ကျွန်တော်ဟန်တောင်မဆောင်နိုင်ပါဘူး။ ချက်ချင်းဖုန်းကိုင်လိုက်တော့ “လူဆိုးကြီး … အရှက်အကြောက်တော်တော်ကြီးတဲ့လူကြီး … ဖုန်းတစ်ခါခေါ်လို့ မကိုင်မိတာနဲ့ပဲ ထပ်ကိုမခေါ်တော့ဘူး။ ဘယ်လိုလူကြီးမှန်းကို မသိဘူး … အဆက်အသွယ်မလုပ်ဘဲ နေနိုင်နေတာလည်း တစ်ပတ်တောင်ကျော်နေပြီ … နည်းနည်းလေးမှစာနာစိတ်ကိုမရှိဘူး”ဆိုတဲ့ ဝမ်းနည်းသံစွက်နေတဲ့စကားသံကို ကြားလိုက်ရတော့ ကျွန်တော်ရင်ထဲနင့်သွားလိုက်တာဗျာ။ ကျွန်တော်က သူမဘက်ကအခြေအနေကို နည်းနည်းလေးမှမတွေးဘဲ ကျွန်တော်ပြောချင်ရာတွေ ပြောခဲ့ပြီး ကိုယ်လိုရာဆွဲတွေးပြီး အတွေးပေါင်းမြောက်များစွာနဲ့ကျွန်တော့်ကိုယ်ကျွန်တော်တင်မကဘူး … သူမကိုပါ စိတ်ညစ်စေတဲ့ သူတစ်ယောက်ဖြစ်နေပါပြီ။ “စိတ်မဆိုးပါနဲ့ကွာ … ကြောက်တာတွေရော၊ ရှက်တာတွေရော၊ စိတ်ဆိုးသွားမှာစိုးတာတွေရော အစုံလျှောက်တွေးမိပြီး မျက်နှာပူလို့ ရှောင်နေခဲ့မိတာပါ … ကိုယ်မှားသွားပါတယ်”လို့ တောင်းပန်သံအဆုံးမှာ သူမဆီကရှိုက်သံသဲ့သဲ့ထွက်လာတော့ ကျွန်တော်ရင်ထဲ အတော်နာကျင်သွားရပါတယ်။ ကျွန်တော်ထပ်မံမှားမိပြန်ပြီပေါ့။ သူမဆီကစကားသံထွက်မလာဘဲ တိတ်ဆိတ်နေလေတော့ ကျွန်တော်အတော်လေးစိတ်ပူသွားမိတယ်။ “ခုဘယ်မှာလည်း … ခုချက်ချင်းလာခဲ့မယ်”လို့ မေးပြီး ကျွန်တော်ချက်ချင်းပဲသူမရှိရာနေရာလေးသို့ အပြေးလေးသွားမိပါတယ်။ 

သူမရှိနေတဲ့နေရာလေးက ကျွန်တော်တို့စတင်ဆုံစည်းခဲ့လေသော စာအုပ်ဆိုင်လေး … ကျွန်တော်တို့ဆုံစည်းခဲ့လေသော ညနေခင်းအချိန်လေးမှာပါပဲ။ သူမရှေ့ ရောက်သွားတော့ သူမမော့အကြည့်မှာ မျက်ဝန်းထဲကမျက်ရည်စတွေကို တွေ့လိုက်ရတော့ ကျွန်တော့်နှလုံးသားတစ်ခုလုံး ပေါက်ထွက်မထွက် နာကျင်ရပါတယ်။ ဒါနဲ့ အေးဆေးစကားပြောလို့ရမယ့်နေရာလေးတစ်ခုဆီ သူမကိုလက်ဆွဲခေါ်လာလိုက်ပါတယ်။ ဘယ်ကနေဘယ်လိုစပြောရမှန်း မသိဖြစ်နေတဲ့ ကျွန်တော့်အတွက် စကားလုံးတွေစဉ်းစားနေတုန်းမှာ “ပြောချင်ရာတွေပြောသွားပြီး တစ်ဖက်သားဘယ်လိုခံစားကျန်ခဲ့ရတယ် ဆိုတာကို နည်းနည်းလေးမှ ဂရုမစိုက်တဲ့လူ … အနားမှာရှိနေတဲ့လူတစ်ယောက်  ရုတ်တရက်အဆက်အသွယ် မလုပ်ဘဲ ပျောက်သွားတော့ ဘယ်လောက်ဝမ်းနည်းနေရမယ်ဆိုတာ မတွေးမိဘူးလား”ဆိုတဲ့ အပြစ်တင်သံစကားလေးတွေဆက်တိုက်ပြောလို့ ကျွန်တော့်ကိုထုရိုက်ပြီး ဝမ်းနည်းစွာငိုလေတော့ ကျွန်တော်ဘာစကားမှပြန်မပြောဖြစ်ဘဲ သူမကိုကျွန်တော့်ရင်ခွင်ထဲထွေးပိုက်ထားလိုက်ပါတယ်။ သူမ ငိုရှိုက်လို့ အားရသွားတဲ့အချိန်လောက်မှာ ကျွန်တော့်ရင်ခွင်ထဲက မျက်နှာခွာလို့ “ပြောစမ်းပါအုံး … ဘာအကြောင်းကြောင့် ဆိုတဲ့ ဖြေရှင်းချက်လေးတွေ … နားထောင်ကြည့်ရတာပေါ့”လို့ ချစ်စဖွယ်ရန်စွာလေတော့ ကျွန်တော့်ရဲ့ရင်ထဲက ခံစားချက်တွေကို အမှန်အတိုင်းဖွင့်ပြောလိုက်ပါတယ်။ သူမကို ကျွန်တော်ဘယ်လောက်ချစ်မြတ်နိုးရကြောင်းတွေပေါ့ဗျာ။ ကျွန်တော့်စကားသံတွေအဆုံးမှာတော့ ငြိမ်သက်နေတဲ့ သူမကို မရဲတရဲနဲ့ပဲ “စိတ်ဆိုးသွားတာလားဟင်”လို့ မေးမိတော့ “စိတ်ဆိုးတာ မဟုတ်ဘူး … လူတစ်ဖက်သားရဲ့ဘယ်လိုခံစားချက်ရှိတယ်ဆိုတာကို ဂရုမစိုက်တဲ့အတွက် ဒီလိုချစ်ခွင့်ပန်တာကို အကြာကြီးစောင့်လိုက်ရတဲ့အတွက် စိတ်ကောက်တာ”ဆိုတဲ့ အဖြေစကားလေးအဆုံးမှာတော့ ကျွန်တော့် ထကမိမတတ်ပျော်ရွှင်သွားခဲ့ရပါတယ်။ သူမကိုလည်းတင်းကျပ်စွာဖက်လို့ “နောက်ဘယ်တော့မှ ကို့ရဲ့ချစ်သူလေးကို ဘယ်တော့မှမျက်ရည်ကျအောင် … စိတ်ညစ်အောင်မလုပ်တော့ပါဘူးကွာ”ဆိုတဲ့ ကတိတွေနဲ့ ကျွန်တော့်ရဲ့ညနေခင်းလေးဟာ ချစ်သူနဲ့အတူရှိခွင့်ရတဲ့အတွက် လှပနေပါတော့တယ်။


(မှတ်ချက်။ “ ဝတ္ထုဖတ်ချင်ပါသည်၊ ရေးပေးပါအုံး”လို့ပြောလာသော စာချစ်သူချစ်မိတ်ဆွေများအတွက် ဖန်တီးရေးသားဖြစ်ပါသည်။)


မိုးညချမ်း
7.8.2012 (4:35 p.m)

Thursday, August 9, 2012

စိတ်ကူးဆန္ဒ



*ဆုံးရှုံးသွားပြီးမှ ပြန်လိုချင်နေမိတဲ့
ငါ့စိတ်ကူးတွေ …

*ဝေးကွာသွားပြီးမှ မင်းအနားမှာနေချင်တဲ့
ငါ့ဆန္ဒတွေ …

*မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားပြီးမှ
ပြန်ရှာဖွေနေမိတဲ့ ငါ့ရဲ့ရူးသွပ်မှုတွေ …
ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေး
စီးဆင်းသွားတယ် …
ငါ့နှလုံးသားပဲ့ကြွေသံတွေ
မင်းကြားစေတော့ …

*ကော်ဖီပူပူတစ်ခွက်ရယ်
ငါ့အတွေး ငါ့အလွမ်းတွေနဲ့
ကွန်ပျူတာတစ်လုံးသာရှိလို့ကတော့
တိတ်ဆိတ်တဲ့ညဉ့်နက်နက်မှာ
ကဗျာတွေနဲ့ငါ ခရီးထွက်လို့ရပြီ  …



မိုးညချမ်း
25.7.2012 (4:10 p.m)

Tuesday, August 7, 2012

အကယ်၍သာ … (မောင်လေးနွေလရဲ့တဂ်ပိုစ့်)

ကျွန်မ Connection မကောင်းလို့ Online ပေါ်က ပျောက်နေတာ တစ်ပတ်လောက်ရှိရောပေါ့ … မနက်ဆို ရုံးရောက်တာနဲ့ Online ပေါ် အပြေးလေးတက်လို့ ကျွန်မတို့ Save the Aged website လေးထဲကိုဝင် မောင်နှမတွေကို မနက်ခင်းနှုတ်ဆက် စကားလေးပြော၊ ကျွန်မချစ်ခင်ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေကို မနက်ခင်းနှုတ်ခွန်းဆက်စကားလေးတွေပြောပြီးမှ ရုံးလုပ်ငန်းတွေကို လုပ်၊ ရုံးအလုပ်တွေပါးလို့ အားလပ်ချိန်လေးရှိတာနဲ့ ချစ်မိတ်ဆွေBlogger တွေ၊ အားကျအတုယူရတဲ့ Blogger မိတ်ဆွေတွေရဲ့ post အသစ်လေးတွေကို အပြေးလေးဖတ် … ထင်မြင်ချက် comment လေးတွေပေး၊ Facebook ပေါ်မှာလည်း သူငယ်ချင်းမိတ်ဆွေတွေရဲ့ ပုံတွေ၊ Status လေးတွေရဲ့အောက်မှာ comment လေးတွေပေးလို့ ရုံးအလုပ်တွေလုပ်လိုက်၊ Online လေးကို တစ်ချက်တစ်ချက် ဝင်သုံးလိုက်နဲ့ ကျွန်မရဲ့တစ်နေ့တာကိုဖြတ်သန်းနေကြပေါ့ … ဒါပေမယ့် ရုံးမှာဖုန်းလိုင်းမကောင်းတာနဲ့ပဲ connection မကောင်းတာနဲ့ လိုင်းပေါ်ကပျောက်နေခဲ့တာ တစ်ပတ်လောက်ရှိပြီ … ကံကောင်းထောက်မချင်လို့ connection လေးများ မတော်တဆကောင်းသွားတဲ့အချိန် စက္ကန့်ပိုင်းလေးဆို ကျွန်မရဲ့ moenyachan.com site ထဲက ချစ်မိတ်ဆွေ blogger တွေဆီမှာ အသစ်လေးတွေ့တာနဲ့ ချက်ချင်းအပြေးအလွှားလေး click လုပ်ပြီး ဝင်ရတာလည်း အမောတကောပါပဲ … 

ကံကောင်းချင်တော့ သောကြာနေ့(3.8.2012)ရက်နေ့က ကျွန်မတို့ကွန်ပျူတာခန်းက မမတစ်ယောက်နဲ့အတူ လက်စွမ်းပြပြီး မလုပ်တတ်လုပ်တတ်နဲ့ ဖုန်းခေါင်းတွေကို ဖြုတ်လိုက်တပ်လိုက်လုပ်၊ switch က ခေါင်းတွေကို ဖြုတ်၊ တပ် လုပ်လိုက်တာ Router မှာ မီးလေးတွေလင်းလာတာကိုလည်းမြင်ရော အပြေးအလွှားပဲ လိုင်းပေါ်လေးတက်လို့ ကျွန်မရဲ့ moenyachan.com site လေးကို refresh လုပ်လိုက်တော့ ကျွန်မဆိုက်ထဲက Cbox လေးမှာ ကျွန်မရဲ့ ချစ်မိတ်ဆွေဘလော့ဂါ မောင်ငယ်လေး နွေလက “မမမိုးညရေ … blog အသစ်လေးနဲ့ tag စာပို့လိုက်တယ် … ဖတ်ကြည်ပါအုံး”ဆိုတဲ့  စာချန်ထားတာလေးကိုတွေ့လိုက်ပါတယ် … ဒါနဲ့ကျွန်မလည်း မဆိုင်းမတွပဲ link လေးနောက်ကို လိုက်လို့ မောင်လေးနွေလ site ထဲကိုဝင်ကြည့်လိုက်တော့ တွေ့လိုက်ရတဲ့ ခေါင်းစဉ်လေးက “My Treasure” တဲ … ခေါင်းစဉ်လေးက အဆန်းပဲလို့တောင် မှတ်ချက်ချမိလိုက်သေးတယ် … ဒါနဲ့ အောက်ဘက်က စာတွေကို ဖတ်ကြည့်လိုက်တော့ ဘုရား ဘုရား … ကျွန်မတော်တော်လေးတောင် စိတ်မကောင်းဖြစ်သွားတယ် … “မနေ့က ကျွန်တော်ပိုင်ဆိုင်တဲ့ ရတနာလေးတစ်ခု ပျောက်ဆုံးသွားခဲ့ပါတယ်။”ဆိုတဲ့ စကားလုံးတွေအောက်မှာ ရင်ထဲလှိုက်လှိုက်လှဲလှဲ ဝမ်းနည်းသွားရတယ် …

ကျွန်မက စာအုပ်တွေ … Facebook တွေထဲမှာပဲ စာတွေရေးဖြစ်နေပြီး ကျွန်မရဲ့ ချစ်မမ တစ်ယောက်ဖြစ်တဲ့ blogger မာယာဖြူနဲ့ blogger ကိုဇောင်းတို့ ဖန်တီးပေးတဲ့ ကိုယ်ပိုင် website လေးနဲ့ကတော့ ၂၀၁၂ ခုနှစ်၊ မတ်လလောက်ကမှ စရေးဖြစ်တဲ့ စာရေးသူတစ်ယောက်ပါ … ကျွန်မတောင် မနေ့တစ်နေ့ကမှ ဖန်တီးပြီးစာတွေရေးဖြစ်နေတဲ့ website လေးကို အရမ်းမြတ်နိုးပြီး အသက်လောက်တန်ဖိုးထားနေရသူဆိုတော့ မောင်ငယ်လေး နွေလ ဆို ဘယ်ပြောကောင်းမလည်း … ၂၀၁၀ ခုနှစ်၊ မေလကတည်းက စတင်ဖန်တီးခဲ့ရတဲ့ site လေးတစ်ခု ပျောက်ဆုံးသွားခဲ့ခြင်းဆိုတော့ … ကိုယ်ရေးသားထားတဲ့ပိုစ့်အဟောင်းလေးတွေကို ပြန်တင်ပေးလို့ရတယ်ပဲထားအုံး … အဲဒီပိုစ့်လေးတွေတစ်ခုစီတင်တုန်းက စာဖတ်သူတွေဆီကရထားတဲ့ တစ်ယောက်ချင်းစီရဲ့ ဝေဖန်စကားလေးတွေ … ချီးကျူးစကားလေးတွေ … နောက်ပြောင်ကျီစယ်ထားတဲ့ comment လေးတွေကိုတော့ ဘယ်လိုမှပြန်မရနိုင်တော့ဘူးလေ … ကိုယ်ချင်းစာမိပါရဲ့ကွယ် … ကာယကံရှင် မောင်ငယ်လေး ဘယ်လောက်များနှမြောဝမ်းနည်းနေလိမ့်မလည်း …
ကျွန်မလည်း မောင်လေးနွေလရဲ့ “My Treasure”ပိုစ့်လေးလည်းဖတ်အပြီးမှာ အားပေးစကား comment လေးပေးမယ်လုပ်တော့ connection ကြီးက ကျသွားပြန်ပါရော … ဒါနဲ့ပဲ တစ်နေကုန်ရုံးမြန်မြန်ဆင်းပါစေဆိုတဲ့ ဆုတောင်းနဲ့ပဲ ညနေရုံးဆင်းချိန်ရောက်တော့ ချက်ချင်းပဲအပြေးအလွှားပြန်မယ် တကဲကဲလုပ်နေတဲ့ ကျွန်မကို ရုံးကအစ်မတွေတောင်ဝိုင်းနောက်ကြသေးရဲ့ …“ခါတိုင်းဆို အေးဆေးနဲ့ တစ်ရုံးလုံး ကုန်ကာနီးမှပြန်တဲ့ ငါတို့ညလေးက ဒီနေ့တက်တက်ကြွကြွနဲ့ ရှေ့ဆုံးကပြေးပါလားဟေ့ … မရိုးတော့ဘူးထင်တယ်”တဲ့ … ကျွန်မလည်း လူအထင်ကြီးခံရလည်း နည်းလားဆိုတဲ့အတွေးနဲ့ပြန်တောင်ဖြေရှင်းချက်မပေးနိုင်ခဲ့ဘူး … ရုံးကသူငယ်ချင်း(၁)ယောက်နဲ့အတူ အရေးကြီးကိစ္စရှိမှ ထိုင်ဖြစ်တတ်တဲ့ အင်တာနက်ဆိုင်လေးကို ပြေးရပြန်ပါတယ် … အင်တာနက်ဆိုင်ရောက်တော့ ကျွန်မရဲ့သော်ကမြောင်အလှူပိုစ့်လေးကို ကျွန်မ site လေးမှာ တင်ရင်းနဲ့ မောင်ငယ်လေးနွေလရဲ့ site အသစ်လေးထဲကို ပြန်ဝင်လို့ အားပေးစကား comment လေး ပေးဖြစ်လိုက်ပါတယ် … 

*--------------------------------------------------------------------*

အမှန်အတိုင်းဝန်ခံရရင် ကျွန်မအနေနဲ့ တဂ်ပို့စ်ကို တစ်ခါမှမရေးဖူးပါဘူး … မောင်ငယ်လေးနွေလက မမရေ… ခေါင်းရှုပ်ခံပြီးရေးပေးပါအုံးလို့ ပြောတာနဲ့ ဘယ်လိုရေးပေးရင်ကောင်းမလည်း စဉ်းစားနေတုန်း ကျွန်မချစ်ခင်လေးစားရတဲ့ Blogger အစ်ကို ကိုလွင်ပြင်နဲ့ တစ်ခြားချစ်မိတ်ဆွေ Blogger များရဲ့ တဂ်ပိုစ့်လေးတွေကို တွေ့တာနဲ့ပဲ မှီငြမ်းလို့ ကြိုးစားရေးသားဖြစ်လိုက်ပါတယ် …

 (၁) သင့်ဘလော့လေးကို ဘယ်အချိန်ကစပြီး တည်ထောင်ခဲ့ပါသလဲ … ဘယ်လိုတည်ဆောက်ခဲ့ရသလဲ ?   
* ကျွန်မကျောင်းတုန်းကတည်းက စာတွေ၊ ကဗျာတွေဝါသနာပါလို့ သူငယ်ချင်းတွေစုစည်း ထုတ်ဝေတဲ့ ကျောင်းသားအမှတ်တရ ကဗျာစာအုပ်တွေ၊ နောက် Facebook သုံးဖြစ်တော့ FB မှာပဲ ကျွန်မရဲ့ကဗျာတွေ၊ စာတွေ၊ ရင်တွင်းခံစားချက်စာစုလေးတွေကို ကိုယ့်စာမျက်နှာလေးမှာပဲ ရေးဖြစ်နေခဲ့ပါတယ် … ကျွန်မရဲ့ကိုယ်ပိုင် ဘလော့ခ်လေးကိုတော့ ၂၀၁၂ ခုနှစ်၊ မတ်လမှာ စတင်တည်ထောင်ဖြစ်ခဲ့တာပါ … ကျွန်မချစ်ရတဲ့ ချစ်မမ Blogger မာယာဖြူနဲ့ Blogger ကိုဇောင်းတို့ ဖန်တီးပေးခဲ့ကြတာပါ … ကျွန်မ အသက်တမျှတန်ဖိုးထားရတဲ့ အရာလေးတစ်ခုလည်းဖြစ်ခဲ့ပါတယ် … 

(၂) ဘလော့ကို ဘယ်လိုရည်ရွယ်ချက်ကြောင့် တည်ထောင်ဖြစ်ခဲ့သလဲ ?
* ကိုယ်ပိုင် ဘလော့ခ်လေးနဲ့ စာတွေရေးဖြစ်မယ်လို့ မထင်မိခဲ့တာတော့ အမှန်ပဲပေါ့ … ကျွန်မရဲ့ချစ်မမ Blogger မာယာဖြူရဲ့ www.maryarphyu.com ဆီက စာတွေကိုဖတ်၊ ကျွန်မလေးစားအားကျအတုယူရတဲ့ မမမြသွေးနီရဲ့ www.myathwayni.com site လေးဆီက စာပေတွေဖတ်ရင်း ကျွန်မကိုယ်တိုင်ရေးသားထားတဲ့ စာတိုပေစလေးတွေကို ကိုယ်ပိုင် ဘလော့ခ်လေးတစ်ခုနဲ့ ရေးသားချင်လာတယ် … ဒါကြောင့် မမမာယာဖြူကို ပြောပြတော့ ကျွန်မရဲ့ ချစ်မမ Blogger မာယာဖြူနဲ့ ကိုဇောင်းတို့ (၂)ယောက်ရဲ့ ဖန်တီးပေးမှုလေးနဲ့ ကိုယ်ပိုင်ဘလော့ခ်လေးတစ်ခုပိုင်ဆိုင်ခွင့်ရခဲ့ပြီး စာပေတွေကို ကိုင်ပိုင်ဘလော့ခ်လေးနဲ့စတင် ရေးသားဖြစ်ခဲ့တာပါ …
(၃) သင် သင့်ရဲ့ဘလော့လေးအပေါ်မှာ ဘယ်လောက်ထိ ရည်မှန်းထားသလဲ … ဘယ်လောက်ထိ မြတ်နိုးတန်ဖိုးထားသလဲ ?
* အများကြီးရည်မှန်းထားတယ်လို့ မရှိပါဘူး … မောင်လေးနွေလပြောထားသလို မျှော်လင့်ချက်ကလေး ဖြစ်ခဲ့တာတော့ အမှန်ပါပဲ … ကျွန်မပိုစ့်တစ်ခုတင်ပြီးလိုက်တိုင်း ကျွန်မရဲ့ချစ်မိတ်ဆွေတွေ၊ အစ်ကိုအစ်မတွေဆီက ရတဲ့ comment လေးတွေ၊ ကျွန်မရဲ့စာချစ်သူတွေဆီကရရှိတဲ့ comment လေးတွေကို Online ပေါ်တက်တာနဲ့ အပြေးကလေးဖတ်ရတဲ့ ခံစားချက်လေးတွေ၊ အဲဒီ comment လေးတွေကို မြတ်နိုးတန်ဖိုးထားမိတာလေးတွေကတော့ ဘယ်အရာနဲ့မှမလဲနိုင်အောင် ကျွန်မတန်ဖိုးထားမြတ်နိုးရတဲ့ အရာလေးတွေဖြစ်ခဲ့ရပါတယ် …
(၄) သင့်ဘလော့လေး ရုတ်တရက် ပျောက်ဆုံးသွားခဲ့ဖူးပါသလား ?
* ဘလော့ခ်လေးကို ပိုင်ဆိုင်ထားရတာ မကြာသေးတော့ ပျောက်ဆုံးခြင်းဆိုတာတော့ မကြုံဖူးသေးပါဘူး … ဒါပေမယ့် ကျွန်မကိုယ်ပိုင် ဘလော့ခ်လေးကိုပိုင်ဆိုင်ခွင့်ရရှိခဲ့ပြီး တစ်လကျော်လောက်မှာ Tamplate တွေပြောင်း၊ လျှောက်ကလိတာနဲ့ စာချစ်သူတွေပေးထားတဲ့ comment လေးတွေ ပျောက်ဆုံးသွားခဲ့ဖူးပါတယ် … အဲဒီတုန်းက နှမြောဝမ်းနည်းလိုက်တာများလေ … ဒါနဲ့ ကျွန်မ site လေးကို ဖန်တီးပေးခဲ့တဲ့ မမနဲ့ ကိုဇောင်းဆီကို အပူကပ်ရပြန်ပါတယ် … ကိုဇောင်းကလည်း ချက်ချင်းပဲ ပြန်ပြင်ဆင်ပေးခဲ့လို့ comment လေးတွေကို ပြန်မြင်ရမှ အသက်ဝဝရှူရဲတဲ့ အဖြစ်မျိုးတော့ ကြုံခဲ့ဖူးပါတယ် …
(၅) ပျောက်ဆုံးသွားတဲ့အချိန်တုန်းက သင် ဘယ်လောက်ထိ ခံစားခဲ့ရဖူးလဲ … ?
* မပျောက်ဆုံးဖူးပါဘူး … ဒါပေမယ့် ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့ အရာတစ်ခု ဆုံးရှုံးပျောက်ဆုံးသွားတဲ့အခါ ခံစားရတဲ့ခံစားချက်မျိုးကို ကျွန်မကောင်းကောင်းနားလည်ခံစားလို့ရတာပေါ့ … ကျွန်မကိုယ်တိုင်လည်း ထိုအဖြစ်မျိုး မကြုံချင်သလို ကျွန်မချစ်ခင်ရတဲ့ Blogger မိတ်ဆွေသူငယ်ချင်း၊ အစ်ကိုအစ်မ၊ မောင်လေးညီမလေးများကိုလည်း မိမိတို့ရဲ့ဘလော့ခ်လေးပျောက်ဆုံးသွားခြင်းတွေမှ ကင်းဝေးကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါရစေ …

*--------------------------------------------------------------------*

http://nwaila.blogspot.com/ လေးကတော့ Blogger မောင်ငယ်လေးနွေလရဲ့ site လိပ်စာအသစ်လေးပါ …

နောက်ပြီး passward ပေးပြီးအသုံးပြုရတဲ့အရာမှန်သမျှအတွက် ကျွန်မ computer ဒီပလိုမာတက်တုန်းက ဆရာမတစ်ယောက် ဗဟုသုတဖြစ်စေဖို့ပြောပြဖူးတာကိုလည်း သတိရမိလို့ စာချစ်သူမိတ်ဆွေတွေအတွက် ကျွန်မမှတ်သားခဲ့ဖူးသလောက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် …

Passward တစ်ခုပေးတော့မယ်ဆိုရင် ဒီအချက်တွေရှောင်ကြဉ်ပါ …။

(၁) dictionary ထဲမှာရှာလို့လွယ်မယ့် စကားလုံးမျိုးတွေကြီးပဲမပေးရ။
(၂) မိမိရဲ့မွေးနေ့၊ အမှတ်တရနေ့များကြီးပဲ သီးသန့်မပေးရ။
(၃) မိမိကြိုက်နှစ်သက်တဲ့(စားစရာ၊ အသီး၊ အသုံးအဆောင်၊ မင်းသား၊ မင်းသမီး)အမည်များကြီးပဲ သီးသန့်မပေးရ။
(၄) numbers(သို့)letters တွေချည်းမပေးရ။ ဂဏန်းနဲ့ စကားလုံးတွဲဖက် ရှုပ်ထွေးအောင်ပေးပါ။ (ကိုယ့် passward ကိုယ် မှတ်မိအောင်တော့ မှတ်ထားပေါ့နော် … သူများမခန့်မှန်းမိစေဖို့ ရှုပ်နေအောင်ပေးမိပြီး ကိုယ်တိုင်မေ့သွားမှာစိုးလို့ပါ … :P)
(၅) မိမိရဲ့ Account passward များကို အနည်းဆုံး(၂)ပတ်တစ်ကြိမ်၊ အများဆုံး (၂)လတစ်ကြိမ်လောက်တော့  change ပေးပါ။

(တဂ်ပိုစ့်လေးကို တစ်ခါမှမရေးသားဖူးလေတော့ အမှားအယွင်းတစ်စုံတစ်ရာများပါသွားခဲ့ရင် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါရစေရှင် … တဂ်ပိုစ့်လေးရေးသားခွင့်ရတဲ့အတွက် မောင်ငယ်လေးနွေလကိုလည်း
 ကျေးဇူးအများကြီးတင်ပါတယ်နော် … ဘလော့ခ်အသစ်လေးမှာလည်း ပျော်ရွှင်ဖွယ်အတိနဲ့ စာပေကောင်းတွေအများကြီး ရေးသားနိုင်ပါစေ … )


မိုးညချမ်း
7.8.2012(3:30 p.m)

Friday, August 3, 2012

နွေးထွေးခြင်းမေတ္တာဓါတ်တွေနဲ့ အေးမြပါစေသား


မနှစ်ကကျွန်မတို့ဇူလိုင်ဖွားမောင်နှမ(၈)ယောက်မတည်ပြီး အခြားအလှူရှင်များအပါအဝင် ”မရမ်းချောင်းအနာကြီးရောဂါသည်ဂေဟာ”လေးဆီ မွေးနေ့အမှတ်တရအဖြစ် သွားရောက်လှူဒါန်းဖြစ်ခဲ့သလို့ ယခုနှစ် ၂၀၁၂ ခုနှစ်မှာလည်း မွေးနေ့အမှတ်တရအဖြစ် ဘယ်နေရာလေးကို သွားလှူကြရင်ကောင်းမလည်းလို့ ဇူလိုင်ဖွားမောင်နှမတွေ ခေါင်းချင်းဆိုင်စဉ်းစားနေတုန်း တစ်ရက်မှာ မမခက်ရေးသားပြီးFacebook နဲ့ ကျွန်မတို့ Save the Aged website လေးတွေမှာ ပြန်လည်မျှဝေပေးထားတဲ့ ဇူလိုင်လဆန်းလောက်က ဘီးလင်းမြို့၊ တောင်စွန်းရှိ သော်ကမြောင်ပရဟိတ ဂေဟာလေးဆီသို့ သွားရောက်လှူဒါန်းခြင်း ပိုစ့်လေးကို ဖတ်လိုက်ရတော့ ကလေးငယ်တို့ရဲ့လိုအပ်နေမှုလေးတွေကို တစ်အပ်တစ်အား အနည်းငယ်ပဲဖြစ်ဖြစ်ပါဝင်လှူဒါန်းချင်တဲ့ဆန္ဒဖြစ်ပေါ်လာပြီး ကျန်တဲ့ဇူလိုင်ဖွား မောင်နှမတွေကို တိုင်ပင်ကြည့်တဲ့အခါ အားလုံးကသဘောတူလက်ခံတာနဲ့ ယခုနှစ်ဇူလိုင်ဖွားမောင်နှမတွေရဲ့ မွေးနေ့အလှူလေးကို သော်ကမြောင်ပရဟိတဂေဟာလေးဆီသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းမယ် လို့ဆုံးဖြတ်ဖြစ်ခဲ့ကြပါတယ် …
ကျွန်မတို့ဇူလိုင်ဖွားမောင်နှမ ၄ ယောက်ဖြစ်တဲ့ - ဇူလိုင် ၁၅ ရက်နေ့မွေးနေ့ရှင် မမနွဲ့ယဉ်ဝင်းမှ ငွေကျပ် (၃၀၀၀၀ိ/-)၊ ဇူလိုင် ၂၆ ရက်နေ့မွေးနေ့ရှင် ကျွန်မရဲ့ညီမလေး စမိုင်းလ်(ဆုမြတ်ပိုင်)မှ ငွေကျပ် (၁၀၀၀၀ိ/-)၊ ဇူလိုင် ၂၉ ရက်နေ့မွေးနေ့ရှင်များဖြစ်တဲ့ ကိုဝင်းတင့်မှ ငွေကျပ်(၃၀၀၀၀ိ/-) နှင့် ကျွန်မမိုးညချမ်းမှ ငွေကျပ်(၃၀၀၀၀ိ-)၊ မောင်လေးရဲရင့်မှ ငွေကျပ်(၂၅၀၀၀ိ/-)နှင့် မမြတ်ချစ်မှ ငွေကျပ်(၅၀၀၀ိ/-)၊ စုစုပေါင်းငွေကျပ်(၁၃၀၀၀၀ိ/-)အပါအဝင် ၂၇.၇.၂၀၁၂ ရက်နေ့မွေးနေ့ရှင်လေး ကိုမျိုးညွှန့်ရဲ့သားလေးမှလည်း ငွေကျပ် (၄၀၀၀၀၀ိ/-)တန်ဖိုးရှိပစ္စည်းများနှင့် အခြားအခြားသော အလှူရှင်များရဲ့ လှူဒါန်းမှုများဖြစ်တဲ့ ငွေကျပ် (၁၀)သိန်းကျော်တန်ဖိုးရှိ ငွေသားနှင့်ပစ္စည်းများကို ကျွန်မတို့ပရဟိတမောင်နှမ (၂၉)ယောက်တို့ သော်ကမြောင်ပရဟိတဂေဟာလေးဆီသို့ ၂၇.၇.၂၀၁၂ ရက်နေ့ မနက်ပိုင်းမှစလို့ ၂၉.၇.၂၀၁၂ ရက်နေ့ ညနေပိုင်းအထိ နှစ်ညအိပ်သုံးရက်ခရီးအဖြစ် ကိုယ်တိုင်ကိုယ်ကျသွားရောက်၍ လှူဒါန်းဖြစ်ခဲ့ပါတယ် …

၂၇.၇.၂၀၁၂ ရက်(သောကြာနေ့)

သော်ကမြောင်ဆီသို့ အသွားလမ်းမှာ တစ်ကားလုံးဆူညံနေအောင်သောင်းကျန်းနေကြတဲ့ မောင်နှမတွေ

မနက်(၈းဝ၀)နာရီ ကားဂိတ်အရောက်ဆိုတဲ့ ချိန်းဆိုမှုအတိုင်း ကျွန်မလည်းမနက်စောစောထ ပြင်ဆင်လို့ ညကတည်းက ရင်ခုန်လှုပ်ရှားစိတ်တွေနဲ့ ကြိုတင်ပြင်ဆင်ထည့်ထားတဲ့ အဝတ်အစားအိတ်ကို ဆွဲလို့ မမခက်အိမ်ကို မနက်(ရးဝ၀)အကျော်လောက် ရောက်အောင်သွားလိုက်ပါတယ် … မမခက်အိမ်ရောက်တော့ ဝယ်ထားတဲ့လှူဖွယ်ပစ္စည်းတွေ ကားပေါ်တင်လို့ ကျွန်မတို့ရဲ့စုရပ်လေးဖြစ်တဲ့ အောင်မင်္ဂလာအဝေးပြေးကားဂိတ်က တောင်စွန်းနှင့် ရန်ကုန်ပြေးဆွဲနေတဲ့ “ပွင့်သစ်စရတနာ”ကားဂိတ်လေး ဆီကို မမခက်၊ ညီမလေးရတနာနဲ့ ကျွန်မတို့(၃)ယောက် ထွက်လာလိုက်ကြပါတယ် … အောင်မင်္ဂလာကားဂိတ်ကိုရောက်တော့ မနက်(၈းဝ၀)အတိ … အချိန်အမှန်းအဆတော်လိုက်တဲ့ ကျွန်မတို့(၃)ယောက်ပဲ … ဒါနဲ့ တောင်စွန်းကားဂိတ်လေးဆီသွား အဝတ်အစားအိတ်တွေ၊ လှူဖွယ်ပစ္စည်းတွေ ကားပေါ်တင်လို့ နောက်ထပ်ရောက်လာမယ့် မောင်နှမတွေကို စောင့်ရပြန်တာပေါ့ … (၈း၃၀)လောက်မှာတော့ လူစုံလောက်ပြီလို့လည်း ယူဆရတာကတစ်ကြောင်း၊ ကားသမားတွေက ကားပေါ်တက်နေရာယူပေးလို့ အော်နေတာကတစ်ကြောင်းနဲ့ ကားပေါ်တက်လို့ အသီးသီးနေရာယူလိုက်ကြပါတယ် … ကျွန်မနဲ့ချစ်လေးသိဂိံတို့ကတော့ မမခက်နဲ့ညီမလေးရတနာတို့ပထမအတန်းနဲ့ နောက်ကျောတစ်စောင်းမှာ နေရာယူလိုက်ပါတယ် … တောင်စွန်းကိုလိုက်ပါမယ့် ကျွန်မတို့ပရဟိတမောင်နှမ(၂၉)ယောက်လည်း စုံလင်လို့ အခြားခရီးသည်တွေလည်း ကားထိုင်ခုံအပြည့်တင်ဆောင်အပြီးမှာတော့ ကျွန်မတို့ရဲ့ခရီးစဉ်လေးကို မနက်(၉းဝ၀)တိတိမှာ စတင်လိုက်ပါပြီ … ကားပေါ်မှာအခြားခရီးသည်က အနည်းငယ်သာပါပြီး ကျွန်မတို့မောင်နှမတွေက ခပ်များများဆိုတော့ ကိုရဲခေါင်လက်စွမ်းပြတီးခတ်တဲ့ဂစ်တာကို ကျန်တဲ့ကျွန်မတို့ မောင်နှမတွေအားလုံး ကိုယ်ရတဲ့သီချင်းကိုယ် အလှည့်ကျဆိုလို့ ခရီးစဉ်တစ်လျှောက် တစ်ပျော်တစ်ပါးပေါ့ … ပဲခူးအကျော်နားလောက်မှာတော့ ဒီခရီးစဉ်လေးကို လိုက်ပါလာတဲ့မောင်နှမတွေအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက်ရင်းနှီးစေရန်အတွက် တစ်ဦးနှင့်တစ်ဦးမိတ်ဆက်ဖြစ်ခဲ့ကြပါတယ် … မိတ်ဆက်အပြီးမှာတော့ ထုံးစံအတိုင်း မောင်နှမတွေအားလုံး သီချင်းတွေဆိုလိုက် ပါလာတဲ့မုန့်တွေစားလိုက်နဲ့ အချိန်တွေတောင် ကုန်မှန်းမသိကုန်ခဲ့ရတယ် …

လမ်းခရီးတစ်ထောက်နားတုန်းပေါ့ ...

 နေ့လည်(၁၂းဝ၀)လောက်မှာတော့ မုပ္ပလ္လင်မြို့နယ်ကိုရောက်ရှိလာပြီး ကားပေါ်ကခရီးသည်များ နေ့လည်စာ စားသုံးဖို့အတွက်ဆိုပြီး ကားရပ်နားလေတော့ ကျွန်မတို့မောင်နှမ တစ်စုလည်း ကားပေါ်ကဆင်းလို့ နေ့လည်စာစားရင်း စလိုက်နောက်လိုက်နဲ့ပျော်ခဲ့ရတဲ့အချိန်တွေကိုလည်း မေ့နိုင်မယ်မထင်ပါဘူး …
နေ့လည်စာ စားအပြီးကားပေါ်တက်လို့ ခရီးလေးကိုဆက်ခဲ့လိုက်ကြတာ နေ့လည်(၂းဝ၀)အကျော်မှာတော့ တောင်စွန်းရှိ သော်ကမြောင်ပရဟိတဂေဟာလေးဆီသို့ ကျွန်မတို့မောင်နှမတွေ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိ လာခဲ့ကြပြီပေါ့ … ကျွန်မတို့တွေရောက်တယ်ဆိုတာနဲ့ ဂေဟာလေးက ကလေးငယ်လေးတွေက အပြေးအလွှားလေးလာကြိုလို့ ကျွန်မတို့နေထိုင်တည်းခိုရမယ့် ယောကျ်ားလေး အဆောင်၊ မိန်းကလေးအဆောင်လေးတွေဆီ လိုက်ပို့ကြပါတယ် … ကျွန်မတို့တွေလည်း အဝတ်အစားထုပ် တွေအသီးသီးနေရာချလို့ လိုအပ်တာတွေဝယ်ရန်အတွက် မမခက်၊ ညီမလေးရတနာ၊ သိင်္ဂီ၊ မောင်လေးရဲရင့်နဲ့ အခြားမောင်နှမ(၄)ယောက်လောက်နဲ့အတူ စျေးဆီ ဆန်ပလော့(သုံးဘီးဆိုင်ကယ်)လေးစီးလို့ ထွက်လာခဲ့လိုက်တယ် … စျေးမှာလိုအပ်တာတွေ ဝယ်ခြမ်းနေလိုက်တာ ကျောင်းဆီကိုညနေ (၄းဝ၀)နာရီမှာ ပြန်လည်ရောက်ရှိလာခဲ့ကြတယ်လေ … ကျောင်းဆီကိုပြန်အရောက်မှာတော့ ဝယ်လာတဲ့ပစ္စည်းတွေနဲ့ ကျွန်မတို့ရန်ကုန်ကယူသွားတဲ့ လှူဖွယ်ပစ္စည်းတွေကို ကျောင်းအုပ်ဘုန်းဘုန်းအား ဆပ်ကပ်ရန်အတွက် နေရာချလို့ ပထမတစ်ကြိမ်လာရောက်လှူဒါန်းကြတုန်းက ပါလာတဲ့ မမခက်နဲ့ ညီမလေးရတနာတို့ ဦးဆောင်ပြီး အလွန်အေးစိမ့်နေပါတယ်ဆိုတဲ့ ရေတံခွန်စမ်းချောင်းလေးဆီ ရေချိုးဖို့ ထွက်လာခဲ့ကြပါတယ် … စမ်းချောင်းလေးအဆီအသွား မိုးကလည်းအငြိုုးနဲ့များရွာလေသလားတော့ မသိ … သည်းလိုက်တာများလေ … 

စမ်းချောင်းလေးမှာရေချိုးကြတုန်းအမှတ်တရ

မိုးကလေးအေးအေးနဲ့ မိုးသည်းထဲမှာ မောင်နှမတွေအားလုံးမိုးရေချိုးလို့ (၁၀)မိနစ်လောက် လမ်းလျှောက်လိုက်မှ စမ်းချောင်းလေးဆီသို့ ရောက်လာခဲ့ကြပါတယ် … စမ်းချောင်းလေးထဲမှာ ရေချိုးရင်း၊ ဘောလုံးပစ်တမ်းကစားကြရင်းနဲ့ နာရီဝက်လောက်အကြာမှာတော့ ညနေ(၅း၃၀)နေပြီဆိုတာနဲ့ ကပျာကယာနဲ့ ဂေဟာလေးဆီအပြေးပြန်ခဲ့ပြီး ရေမိုးချိုးလို့ ကျောင်းကကျွေးတဲ့ ညနေစာ(ပဲဟင်း၊ ငါးနီတူခြောက်ကြော်နဲ့ ငါးပိရည်တို့စရာဟင်းတွေနဲ့)ကို ဗိုက်ဆာဆာနဲ့ အားမနာတမ်း ကျွန်မတို့မောင်နှမတွေ မြိန်ရည်ယှက်ရည်စားဖြစ်ခဲ့ကြပြန်တယ် … ကျွန်မတို့မောင်နှမတွေအားလုံး ညနေစာ စားအပြီးမှာတော့ ကျောင်းအုပ်ဆရာတော်ရဲ့သြဝါဒခံယူဖို့ စာသင်ဆောင်အပေါ်ထပ်က ခန်းမကျယ်ဆီသို့ တက်လာခဲ့ကြပါတယ် ... ကျွန်မတို့မောင်နှမတွေအားလုံးစုံပြီဆိုတာနဲ့ ကျောင်းအုပ်ဆရာတော်မှ သော်ကမြောင်ဂေဟာလေးဖြစ်ပေါ်လာပုံအကျဉ်းကို ကျွန်မတို့မောင်နှမတွေအားလုံး သိရှိစေဖို့ မိန့်ကြားခဲ့ပါတယ် … 


 ဆုံးမသြဝါဒပေးနေတဲ့ သော်ကမြောင်ပရဟိတဂေဟာရဲ့ကျောင်းအုပ်ဆရာတော် 

လှူဖွယ်ပစ္စည်းများကို လှူဒါန်းပြီး ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပါတယ် … ရေစက်ချတရားနာကြားအပြီးည(၈းဝ၀)လောက်မှစလို့  ကျွန်မတို့မောင်နှမတွေအားလုံး ကလေးငယ်တွေနဲ့အတူ ကိုရဲခေါင်လက်စွမ်းပြတီးခတ်ပြီး ကလေးငယ်များကတစ်လှည့် ကျွန်မတို့မောင်နှမတွေကတစ်လှည့်နဲ့ သီချင်းတွေပျော်ရွှင်ဖွယ်သီဆိုနေကြတုန်း အငြိမ့်ကပြဖျော်ဖြေပေးမယ့် လူရွှင်တော် ၄ ယောက်ကလည်း အဝတ်အစားတွေလဲ … မမကြီး၊ ချစ်လေးသိင်္ဂီနဲ့ ညီမလေးရတနာ တို့ကလည်း ကျွန်မကိုမိတ်ကပ်တွေဝိုင်းပြင်ပေးလို့ မင်းသမီးဝတ်စုံတွေလဲလို့နဲ့ ပျာယာတွေခတ်နေကြပါတယ် … 

မိတ်ကပ်ပြင်ပေးတဲ့ မမခက်၊ ချစ်လေးသိင်္ဂီနဲ့ ညီမလေးရတနာ

ည (၉း၃၀)အချိန်လောက်မှာတော့ ကလေးငယ်တွေအားလုံး မျှော်လင့်စောင့်စားနေကြပါတယ်ဆိုတဲ့ ကျွန်မတို့ အငြိမ့်သဘင်လေးစတင်ကြပြီပေါ့ … အချိန်ယူသေချာကြိုတင်တိုက်ပြီး ကပြခြင်းမျိုးမဟုတ်ခဲ့တဲ့ လူရွှင်တော်တွေရဲ့ဟာသပျက်လုံးတွေကို အားပါးတရရီမောပြီး ကျွန်မရဲ့မကတတ် ကတတ်နဲ့ ကပြပေးတာကိုလည်း အားပေးကြပြန်တော့ ဝမ်းသာပီတိဖြစ်ရပြန်တာပေါ့ … ည(၁၁းဝ၀)လောက်ထိသာ ခွင့်ပြုပေးထားတဲ့ ဘုန်းဘုန်းရဲ့အချိန်ကန့်သတ်ချက်အတိုင်း (၁၁းဝ၀)နာရီတိတိမှာတော့ ကျွန်မတို့ မောင်နှမအားလုံးရဲ့ဖျော်ဖြေမှုအစီအစဉ်တွေအားလုံးကို ရပ်နားလိုက်ပါတယ် … ကလေးငယ်တွေလည်း သူတို့တွေရဲ့အိပ်ဆောင်လေးတွေဆီပြန်သွားကြသလို ကျွန်မတို့မောင်နှမတွေလည်း ခရီးပန်းတာက တစ်ကြောင်း၊ တစ်ညလုံးအော်ဟစ်ခုန်ပေါက် ကပြဖျော်ဖြေထားတာက တစ်ကြောင်းနဲ့ အဝတ်အစားလဲ မျက်နှာသစ်၊ ခြေလက်ဆေးကြောကြပြီးတဲ့နောက်မှာတော့ တစ်ညတာအိပ်စက်အနားယူခြင်းကို စတင်ပစ်လိုက်ပါတယ် …

လူရွှင်တော်(၄)ယောက်နဲ့အမှတ်တရ

၂၈.၇.၂၀၁၂ ရက်(စနေနေ့)
မနက်(၆း၃၀)အတိမှာတော့ ကျွန်မတို့မောင်နှမတွေအားလုံး အိပ်ရေးဝဝလင်လင်နဲ့ လှပတဲ့မနက်ခင်းလေးကို အစပြုလိုက်ကြပါပြီ … ကျွန်မတို့မိန်းကလေးဆောင်ရဲ့ တံခါးမဖွင့်ခင်ကတည်းက အပြင်ဘက်အပေါက်ဝမှာ တဝဲလည်လည်နဲ့ စောင့်နေကြတဲ့ ကလေးငယ်တွေ တံခါးကိုဖွင့်လိုက်ပြီဆိုတာနဲ့ “မမတို့ မင်္ဂလာပါ”ဆိုတဲ့ အသံလေးတွေနဲ့အတူ ကျွန်မတို့ညီအစ်မတွေနားမှာ အသီးသီးထိုင်လို့ ငေးကြည့်နေကြတဲ့ သူတို့လေးတွေရဲ့ မျက်နှာလေးတွေကို မြင်ရတော့ စိတ်မကောင်းဖြစ်မိရပြန်ပါတယ် … မနက်(ရးဝ၀)အတိမှာတော့ သူတို့လေးတွေကို မနက်စာစားဖို့ တုံးခေါက်သံကြားတာနဲ့ “မမတို့ရေ ပြန်လာခဲ့မယ်နော်”ဆိုတဲ့ နှုတ်ဆက်သံ လေးတွေနဲ့ အပြေးကလေးထွက်သွားခဲ့ကြပါတယ် … ဒါနဲ့ ကျွန်မတို့ညီအစ်မတွေလည်း ရေမိုးချိုး … ဖြီးလိမ်းပြင်ဆင်လို့ ထမင်းစားဆောင်လေးဆီသို့ ထွက်လာခဲ့လိုက်ပါတယ် … ထမင်းစားဆောင်လေးဆီ ရောက်တော့ အလှူရှင်သားငယ်လေးတစ်ယောက်ရဲ့မွေးနေ့အလှူအဖြစ် မုန့်ဟင်းခါးတွေကို အားပါတရစားနေကြတဲ့ မြင်ကွင်းလေးကို စာဖတ်သူတွေမြင်စေချင်ပါဘိ … သူတို့လေးတွေအားလုံး မနက်စာအပြီးမှာတော့ ဗိုက်ဟောင်းလောင်းနဲ့မျှော်နေရတဲ့ ကျွန်မတို့မောင်နှမတစ်စုရဲ့ မနက်စာစားရမယ့် အလှည့်ပေါ့ … မနက်စာကို ခပ်မြန်မြန်လေးစားအပြီးမှာတော့ ကလေးငယ်တွေနဲ့ အဖွဲ့လေးတွေခွဲလို့ ကျွန်မတို့မောင်နှမတွေ Game လေးတွေ ကစားဖြစ်ခဲ့ပါသေးတယ် … 

သူတို့လေးတွေရဲ့မနက်စာ


 နေ့ခင်းပိုင်းလောက်ရောက်တဲ့အချိန်မှာ ရန်ကုန်ကနေနောက်ထပ်လိုက်လာမယ့် ကျွန်မရဲ့သူငယ်ချင်းမလေး အိမကို ကြိုဖို့ မြို့ထဲကို ဆန်ပလော့လေးနဲ့ မမခက်၊ ကိုဇော်၊ မမကြီး၊ ကိုရဲခေါင်၊ ညီမလေးရတနာ၊ သိင်္ဂီ၊ ရဲရင့်၊ မအိအိဖြူတို့နဲ့အတူ ထွက်လာခဲ့လိုက်ကြပါတယ် … မြို့ထဲမှာလိုအပ်တာတွေဝယ် နေ့လည်စာစားအပြီး (၁း၃၀)အချိန်လောက်မှာတော့ ကျောင်းဆီသို့ပြန်လာလိုက်ကြပါတယ် …
အချို့စာသင်ခန်းထဲမှာတော့ တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသူကျောင်းသား ကလေးငယ်တွေကို စာသင်နေလေတော့ ကျွန်မတို့တွေလည်း ကျောင်းရဲ့ကွင်းပြင်ကြီးထဲကိုထွက်ပြီး ကလေးငယ်တွေနဲ့ ငယ်ငယ်ကဆော့ခဲ့ဖူးတဲ့ ရုပ်ရှင်ဖွက်တိုင်းတို့၊ ၀ိုင်းကြီးပတ်ပတ်ဒူဝေဝေတို့တွေကို ကစားနေလိုက်တာ မိုးရွာလာတာနဲ့ ကျောင်းဆောင်တွေဆီသို့ ကလေးငယ်တွေနဲ့အတူ ခပ်မြန်မြန်လေး ပြေးဝင်ခဲ့ကြရပြန်ပါတယ် … 

 စာသင်ခန်းထဲကသူတို့လေးတွေ

မိုးကရွာနေလေတော့ အပြင်မှာထွက်ကစားဖို့ ဘယ်လိုမှအဆင်မပြေတာနဲ့ ကိုရဲခေါင်က ဂစ်တာတီးခတ်ပေးလို့  ကလေးငယ်တွေနဲ့အတူ မမခက်၊ ကျွန်မ၊ အိမ၊ သိင်္ဂီနဲ့ ညီမလေးရတနာတို့ သီချင်းတွေတစ်ပုဒ်ပြီး တစ်ပုဒ်မနားတမ်းသီဆိုကြပြန်တာလည်း မမေ့နိုင်စရာအချိန်လေးတွေကို ပိုင်ဆိုင်ခဲ့ကြတာပေါ့ … အချိန်တွေကုန်မှန်းမသိကုန်သွားတဲ့ ညနေစောင်းအချိန်ရောက်တော့ တောင်ပေါ်တက်ကြမယ်ဆိုတဲ့ ကျွန်မတို့မောင်နှမတွေက ဆန်ပလော့တွေနဲ့ ထွက်ခွာသွားကြတဲ့အချိန်မှာ ကျွန်မတို့ကျန်ခဲ့တဲ့ မောင်နှမတွေကလည်း ရေမိုးချိုးအဝတ်အစားလဲလို့ ထမင်းစားဆောင်လေးမှာ ညနေစာစားလိုက်ကြပါတယ် … ကျွန်မတို့ညနေစာစားအပြီးအချိန်လောက်မှာ ကျောင်းရှိကလေးငယ်တွေ အားလုံး ညနေ(၆းဝ၀)ဆို ဝတ်တက်ရတယ်ဆိုတာနဲ့ သူတို့လေးတွေ ဝတ်တက်နေပုံကို ကြည့်ဖို့ ကျောင်းဆောင်အပေါ်ထပ်ကိုတက်လာခဲ့လိုက်တယ် … အရှေ့က ဦးဇင်းတွေ ကိုရင်တွေဦးဆောင်လို့ ယောကျ်ားလေးတွေ ကြီးစဉ်ငယ်လိုက်၊ မိန်းကလေးတွေ ကြီးစဉ်ငယ်လိုက်နေရာယူလို့ ဘုရားရှိခိုးနေကြတဲ့ မြင်ကွင်းလေးကလည်း ပီတိဖြစ်ဖွယ်ကောင်းလိုက်ပါဘိ … ဘုရားရှိခိုးရင်း ကလေးအငယ်ပိုင်းလေးတွေ ခေါင်းမထောင်နိုင်အောင် ငိုက်မြည်းနေတာတွေ ငိုက်နေရင်းကနေ ခေါင်းလုံးဝပြန်မထောင်လာတော့တဲ့ ကလေးငယ်လေးတွေကိုကြည့်ပြီး ချစ်စဖွယ်မြင်ကွင်းလေးကို ကျွန်မရီမောဖြစ်လိုက်ပါသေးတယ် … နောက်တော့ သူတို့လေးတွေကိုကြည့်ပြီး တွေးမိလိုက်တဲ့အတွေးက ကျွန်မကို မျက်ရည်မဆည်နိုင်အောင် ဆို့နင့်ကြေကွဲခဲ့ရပါတယ် … 

တစ်နေ့လုံးမမောမပန်းကစားနေကြတဲ့ သူတို့လေးတွေ ဘုရားဝတ်တက်ချိန်ကျတော့ ငိုက်နေကြလေရဲ့ ...

 ဒီအလှူခရီးစဉ်ကို လိုက်ပါခဲ့တဲ့ ကျွန်မတို့မောင်နှမတွေပဲဖြစ်ဖြစ် … စာဖတ်သူမိတ်ဆွေသူငယ်ချင်းတွေပဲ ဖြစ်ဖြစ်ပေါ့ … ကျွန်မတို့တွေအားလုံးက သူတို့လေးတွေထက်စာရင် ကံကောင်းစွာနဲ့ အပြည့်စုံဆုံးကြီး မဟုတ်တောင် ပြည့်စုံခြင်းတွေနဲ့ပဲ ဘဝကိုအေးဆေးစွာဖြတ်သန်းနေကြရသူတွေမဟုတ်လား … သူတို့လေးတွေခမျာ မိဘကစွန့်ပစ်ခဲ့ရတဲ့သူတွေ၊ မိဘမရှိတော့တဲ့သူတို့တွေ၊ မေတ္တာငတ်မွတ်နေတဲ့ သူတို့လေးတွေကို ကြည့်ပြီး ကျွန်မဘယ်လိုမှ မခံစားနိုင်ခဲ့ပါဘူး … မျက်ရည်တွေကြားထဲကပဲ ကျွန်မသူငယ်ချင်း သိင်္ဂီကို “ငါသာ ပိုက်ဆံအရမ်းချမ်းသာခဲ့ရင်ကောင်းမှာပဲနော် … ဘာပဲဖြစ်ဖြစ် သူတို့တွေအတွက် တစ်ခုခုတော့ လုပ်ပေးနိုင်မှာ”လို့ ပြောမိတော့ ကျွန်မသူငယ်ချင်းမလေးက “မိုးညရယ် … ဘယ်လောက်ပဲ ပိုက်ဆံချမ်းသာ ချမ်းသာ သူတို့တွေလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး … ပိုက်ဆံတွေကို သူတို့တွေအတွက် လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးနိုင်ပေမယ့် သူတို့လိုနေတာက မေတ္တာတရားတွေဆိုရင်ရော? ငါတို့ခုခရီးစဉ်လေးနဲ့ သူတို့တွေအတွက် မေတ္တာတရားတွေကို ကိုယ်နိုင်သလောက် ဖြည့်ဆည်းပေးကြပေမယ့်လည်း ခဏတာပဲလေ … အဲဒီတော့ ငါတို့တွေဘက်က အကောင်းဆုံး လုပ်ပေးနိုင်တာ တစ်ခုက နောက်ဘဝဆက်တိုင်း ဒီလိုအဖြစ်မျိုးလေးတွေနဲ့ မကြုံတွေ့ရပါစေနဲ့” ဆိုတဲ့ ဆုတောင်းလေးတွေသာ ၀ိုင်းပြီးဆုတောင်းပေးကြတာပေါ့တဲ့ … ဟုတ်သားပဲနော် … ကျွန်မအတွေးမှားသွားလိုက်တာ … ကျွန်မဖြည့်ဆည်းပေးနိုင်တဲ့ဘက်က ဖြည့်ဆည်းပေးနိုင်ဖို့ လမ်းဖွင့်ပေးလိုက်တာ သိပ်ကိုကျေးဇူးတင်မိပါတယ် သူငယ်ချင်းရေ …

သူတို့လေးတွေဝတ်တက်အပြီးမှာတော့ ဦးဇင်းတွေ၊ ကိုရင်တွေကတော့ ကျောင်းအောက်ကို ဆင်းသွားကြပေမယ့် ကလေးငယ်တွေကတော့ ကျွန်မတို့တွေရဲ့ဖျော်ဖြေမှုတွေကို ကြည့်ဖို့ ဆက်ပြီး စောင့်စားနေကြလေရဲ့ … တောင်ပေါ်တက်ဖို့ ထွက်သွားကြတဲ့ မောင်နှမတွေကလည်း အချိန်အတော်လင့် နေတာတောင် ပြန်မလာကြသေးလေတော့ ရှိတဲ့ ကျွန်မတို့မောင်နှမ လေးငါးယောက်လောက်နဲ့ပဲ ဂစ်တာတီး သီချင်းတွေဆိုနေလိုက်တာ ည(၉း၃၀)သွားမှန်းတောင် မသိလိုက်ပါဘူး … (၉း၃၀)အချိန်မှာတော့ အခြားမောင်နှမတွေလည်း ပြန်လည်ရောက်ရှိလာတာနဲ့ တစ်ခန်းရပ်ဟာသလေးတွေ၊ ဖြူဖြူကျော်သိန်းရဲ့သီချင်းကိုသီဆိုပြီး Performance လေးတွေကို ဟာသလေးရောလို့ ဖျော်ဖြေနေလိုက်ကြတာ ည(၁၁းဝ၀)အချိန်မှာတော့ ကျွန်မတို့ရဲ့အစီအစဉ်အားလုံးကို အဆုံးသတ်ဖြစ်ခဲ့ကြပါတယ် ... 

 ကလေးငယ်တွေကို တစ်တပ်တစ်အားပါဝင်ဖျော်ဖြေပေးနေတဲ့ ကျွန်ရဲ့ချစ်မမနဲ့အစ်ကိုတွေ ...

ကလေးတွေကို ဖျော်ဖြေကပြခြင်းအစီအစဉ်တွေ ပြီးဆုံးသွားပြီဆိုတာနဲ့ မနက်ဖြန်ပြန်ရတော့မယ်ဆိုတဲ့ အတွေးတွေနဲ့ အိပ်ချိန်လေးတွေကို နှမြောကြတာနဲ့ ဆရာမတွေအဆောင်ကို သွားလို့ မမခက်၊ ကိုဇော်၊ မမကြီး၊ အပျိုကြီး၊ ကိုရဲခေါင်၊ ညီမလေးရတနာ၊ ချစ်လေးသိင်္ဂီ၊ ချစ်လေးအိမ၊ မောင်လေးရဲရင့်၊ မောင်လေးနောင်ရိုးတို့တွေအားလုံး ဂစ်တာတစ်လက်နဲ့ သီချင်းတွေသီဆိုလို့ လ္ဘက်တွေသုတ်စားလို့ ဟာသတွေပြောလို့နဲ့ ည(၁၂းဝ၀)ထိုးတဲ့အချိန်မှာ Happy Birthday သီချင်းလေးကိုလည်း ဂစ်တာတီးပြီး ပြိုင်တူသီဆိုလို့ Birthday Wish လုပ်ပေးကြတဲ့ မမခက်၊ ကိုဇော်၊ မမကြီး(ကိုဇော့်အမျိုးသမီး)၊ ကိုရဲခေါင်၊ ညီမလေးရတနာ၊ ချစ်လေးသိဂိံ၊ ချစ်လေးအိမ၊ မောင်လေးရဲရင့်၊ မောင်လေးနောင်ရိုးနဲ့ သော်ကမြောင်က ဆရာမများကိုလည်း ကျေးဇူးတင်မိရပါတယ် … သူတို့ဆီက အမှတ်တမဲ့ရရှိခဲ့တဲ့ (မမခက်ရဲ့ ဘီစကစ်မုန့်တစ်ထုပ်၊ ချစ်လေးသိဂိံနဲ့ အိမတို့ရဲ့ ကြက်သွန်ဖြူတစ်ဥစီ၊ ညီမလေးရတနာရဲ့ သံပုရာသီးတစ်လုံး၊ ကိုဇော်နဲ့ မမကြီးတို့ရဲ့ ဆေးပေါလိပ်တစ်လိပ်၊ မောင်လေးနောင်ရိုးဆီက ဘယ်ကဖြုတ်လာမှန်းမသိတဲ့ ကြယ်လေးတစ်ခု၊ မောင်လေးရဲရင့်ရဲ့ ငရုတ်သီးတစ်တောင့်၊ ဆရာမလေးတို့ရဲ့ နားကပ်တစ်စုံ) လက်ဆောင်လေးတွေကိုလည်း ကျွန်မအရမ်းကို မြတ်နိုးမိပြန်ပါတယ် … {အနားမှာရှိတာ ပေးရတာတဲ့လေ} … ကျွန်မရဲ့မွေးနေ့ ၂၉.၇.၂၀၁၂ ရက်နေ့(တနင်္ဂနွေနေ့)နေ့လေးရဲ့မနက်ခင်းလေးဟာ ကြည်နူးပီတိတွေနဲ့ အစပြုခဲ့ရပါတယ် … မွေးနေ့ပေါင်းမြောက်များစွာထဲက ဘာနဲ့မှမလဲနိုင်အောင်ကို မြတ်နိုးရတဲ့မွေးနေ့ပွဲလေးပါပဲ … ည(၁းဝ၀)ထိုး အချိန်လောက်မှာတော့ ဆရာမလေးတွေကိုအားနာတာကတစ်ကြောင်း၊ ကျွန်မတို့မောင်နှမတွေလည်း အိပ်ချင်လာကြတာကတစ်ကြောင်းနဲ့ ကိုယ့်အိပ်ဆောင်လေးတွေဆီသို့ အိပ်စက်အနားယူဖို့ ပြန်လာခဲ့ကြပါတော့တယ် …


၂၉.၇.၂၀၁၂ ရက်(စနေနေ့)

 မပြန်ခင်အမှတ်တရလေးရိုက်ချင်ပါတယ်ဆိုတဲ့ သားလေးစည်သူနဲ့ မောင်လေးရဲရင့်

ဒီနေ့ကျွန်မရဲ့(၂၅)နှစ်မြောက် မွေးနေ့လေးပေါ့ … ကျွန်မမွေးနေ့အစပိုင်းကို ကျွန်မချစ်သော မောင်နှမတွေက လှတဲ့မွေးနေ့ပွဲလေး ဖန်တီးပေးခဲ့လို့ မမေ့နိုင်စရာပျော်ရွှင်မှုတွေကို ပိုင်ဆိုင်ခဲ့ရတယ် … ဒီနေ့မနက်နိုးထခြင်းဟာ ကျွန်မအရမ်းကိုပျော်ရွှင်ဝမ်းမြောက်နေရမှာလေ … ဒါပေမယ့် ကျွန်မထင်သလောက် မပျော်မိပြန်ဘူး … အကြောင်းရင်းကိုစဉ်းစားကြည့်တဲ့အခါ ဒီနေ့ကကျွန်မတို့မောင်နှမတွေ သော်ကမြောင်ကနေ ရန်ကုန်ကိုပြန်ရမယ့်နေ့ပဲ … ဒါကြောင့်ကျွန်မတင်မဟုတ်ဘူး ကျန်တဲ့မောင်နှတွေလည်း ဒီနေ့ပြန်ရမှာနော်ဆိုတဲ့ အတွေးတွေနဲ့ ဘာလုပ်လုပ်မတက်ကြွသလို ခံစားနေကြရတာလေ … ဒါပေမယ့် ကျွန်မတို့တွေရဲ့ ဝမ်းနည်းမှုတွေကို ကလေးတွေမြင်သွားလို့မဖြစ်ပြန်ဘူးဆိုတဲ့ အတွေးတွေနဲ့ မျက်နှာသစ်၊ ရေမိုးချိုးလို့ မနက်စာစားဖို့အတွက် ထမင်းစားဆောင်လေးဆီသို့ စားဖိုဆောင်ကအဘွားကြော်ကျွေးတဲ့ ထမင်းကြော်နဲ့ ကြက်ဥကြော်ပူပူလေးကိုလည်း မြိန်ယှက်စွာစားသောက်ပြီး စာသင်ခန်းဆောင်လေးတွေဆီ သွားလို့ အဖွဲ့လေးတွေခွဲ သီချင်းတွေဆိုလိုက်၊ Game တွေကစားလိုက်၊ သူတို့လေးတွေရေးခိုင်းတဲ့ အော်တိုတွေကို တန်းစီပြီးရေးပေးလိုက်နဲ့ ပြန်ရဖို့အချိန်တဖြည်းဖြည်း နီးလာတာကို စိုးထိတ်ဝမ်းနည်းစွာနဲ့ပဲ ပျော်ရွှင်ခဲ့ရပြန်တယ် …

 မပြန်ခင် သူတို့လေးနဲ့အမှတ်တရ

 မပြန်ခင် သူတို့လေးနဲ့အမှတ်တရ

မပြန်ခင် သူတို့လေးနဲ့အမှတ်တရ


 နေ့လည်(၁၁းဝ၀)လောက်မှာတော့ ဆရာမလေးတွေကိုယ်တိုင် အမှတ်တရအဖြစ် ချက်ကြွေးတဲ့ ကြက်သားကာလသားချက်လေးနဲ့ ထမင်းစားဖို့ ထမင်းစားဆောင်လေးဆီသို့ အသွားမှာတော့ HAPPY BIRTHDAY သီချင်းလေးကို ဆရာမလေးတွေအပါအဝင် ကျွန်မတို့မောင်နှမတွေပါ သံပြိုင်သီဆိုပေးလို့ သော်ကမြောင်က ဆရာမလေးတွေရဲ့ ကိုယ်တိုင်ပြုလုပ်ပေး ကြတဲ့ မွေးနေ့ကိတ်(ကပျာကယာ ဗမာဘိန်းမုန့်)ကိုလည်း ဘာနဲ့မှမလဲနိုင်အောင် မြတ်နိုးရပြန်ပါတယ် … ဆရာမလေးတို့ရဲ့ စေတနာမေတ္တာကိုလည်း သိရှိနိုင်ပါရဲ့ … ဒီလိုနဲ့ပဲ ကျွန်မရဲ့(၂၅)နှစ်ပြည့် မွေးနေ့လေးဟာ ပီတိတွေနဲ့ သိပ်ကိုပျော်ရွှင်ဖွယ်လေးနေ့လေး ဖြစ်ခဲ့ရပါတယ် … နေ့လည်စာစားနေတုန်းမှာ ကျောင်းရှိကလေးငယ်တွေက ကရင်ဒုံးယိမ်းအကနဲ့ ကပြပြီးနှုတ်ဆက်ကြမယ်ဆိုတော့ ဝမ်းသာမိရပြန်တယ် … ဒါနဲ့ကျွန်မတို့မောင်နှမတွေလည်း အဝတ်အစားအိတ်တွေကိုထုပ်ပိုးလို့  အားလုံးအဆင်သင့်ဖြစ်အောင် ပြင်ဆင်ခဲ့ကြပြီး ကလေးငယ်တွေကပြမယ့် ကရင်ဒုံးယိမ်းလေးကြည့်ဖို့ စာသင်ဆောင်လေးဆီသို့ လာခဲ့လိုက်တယ် … သူတို့လေးတွေမကပြခင် ကျွန်မတို့ခရီးစဉ်လေးမှာ လိုက်ပါအားဖြည့်ခဲ့ကြတဲ့ မောင်နှမတွေနဲ့အတူ အမှတ်တရဓါတ်ပုံရိုက်ဖြစ်ခဲ့ကြပါသေးတယ် … သူတို့လေးတွေ ကရင်ဒုံးယိမ်းနဲ့ ကပြနေစဉ် ကလေးငယ်လေးတွေ တစ်ယောက်ပြီးတစ်ယောက် “မမတို့က ဒီနေ့ပြန်တော့မှာပေါ့နော်” ဆိုတဲ့ သနားစဖွယ်အမေးလေးတွေကို ကျွန်မခံစားနိုင်စွမ်းမရှိခဲ့ပါဘူး … တိတ်တဆိတ်မျက်ရည်ဝဲလို့ “သားတို့ သမီးတို့တွေဆီ … မေတ္တာငတ်နေတဲ့ မင်းတို့လေးဆွေ နောက်ထပ် နောက်ထပ် အကြိမ်ပေါင်းများစွာ လာရောက်နိုင်အောင် မမတို့တွေကြိုးစားမှာပါကွာ”ဆိုတဲ့ ရင်တွင်းကပဲ တိုးတိတ်ကတိနဲ့ ဝမ်းနည်းကြေကွဲ ရပြန်တယ် … ကလေးငယ်တွေရဲ့ကရင်ဒုံးယိမ်းကပြအပြီးမှာ သူတို့လေးတွေအတွက် ကျွန်မတို့မောင်နှမတွေ စုပေါင်းလို့ ငွေကျပ်(၃၀၀၀၀/-)တိတိ ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ် … နေ့လည်(၁းဝ၀)လောက်မှာတော့ တောင်စွန်း-ရန်ကုန် ကားဂိတ်လေးဆီသို့ လိုက်ပို့ပေးမယ့် ဆန်ပလော(သုံးဘီးဆိုင်ကယ်)လေး ရောက်လာတာနဲ့ အိပ်ဆောင်တွေဆီက ကျွန်မတို့အထုပ်အပိုးတွေဆွဲလို့ ထွက်လာကြတော့ အပြေးအလွှားလေး လာရောက်နှုတ်ဆက်ကြတဲ့ ကလေးငယ်တွေ … ဝမ်းနည်းရိပ်တွေနဲ့ ကလေးငယ်တွေ … “နောက်ထပ်လာပါအုံးနော်”ဆိုတဲ့ သူတို့လေးတွေရဲ့နှုတ်ဆက်သံလေးတွေကို ကြားရတော့ ကျွန်မတို့မောင်နှမ တွေ မျက်ရည်ထိန်းလို့မရခဲ့ကြပါဘူး … 

 ကရင်ဒုံးယိမ်းဝတ်စုံလေးတွေနဲ့ ချစ်စဖွယ်သူတို့လေးတွေ ...


မေတ္တာငတ်နေတဲ့သူတို့လေးတွေ

 မပြန်ခင်ဆရာတော်နဲ့ ကျွန်မတို့မောင်နှမတွေအမှတ်တရ ...


“နေရစ်ခဲ့ပေအုံးတော့ သော်ကမြောင်လေးဆီက သားသားမီးမီးတို့ရေ … မနက်(၈းဝ၀)တစ်ကြိမ်၊ ညနေ(၄းဝ၀)တစ်ကြိမ် တစ်နေ့ကို ထမင်း(၂)ကြိမ်သာ စားကြရတဲ့ မင်းတို့လေးတွေ … ထမင်းစားတိုင်းလည်း ပဲဟင်း၊ ငါးနီတူခြောက် တစ်ယောက်(၃၊ ၄) ကောင်လောက်၊ ငါးပိရည်တို့စရာဟင်းတွေနဲ့သာ တစ်နေ့စာကို စားသောက်နေကြရတဲ့ မင်းတို့လေးတွေ … တစ်နေ့ခင်းလုံးဘာမှမစားရဘဲ ဗိုက်ဟောင်းလောင်းနဲ့ စာသင်နေရတဲ့ မင်းတို့လေးတွေ …




သူတို့လေးတွေဆီက ရခဲ့တဲ့အမှတ်တရလေးတွေ ...

 နောက်ပိုင်းကျရင် တစ်ရက်စာ(၁၅၀၀၀ိ/-)လောက်သာ ကုန်ကျမယ့် နေ့လည်စာအတွက် ကော်ဖီနဲ့မုန့်တိုက်နိုင်အောင် ကြိုးစားနေပါတယ်ဆိုတဲ့ ကျောင်းအုပ်ဆရာတော်ရဲ့ အစောင့်ရှောက်ခံ မင်းတို့လေးတွေ … ကိုကိုမမတို့တွေကို အရမ်းချစ်ပါတယ်၊ သားတို့သမီးတို့ကို အမြဲတမ်း သတိရနေပါဆိုတဲ့ မေတ္တာငတ်နေသူ မင်းတို့လေးတွေ …” မင်းတို့လေးတွေဆီကို မေတ္တာဓါတ်တွေအပြည့်အဝပေးနိုင်မယ့် ယခုခရီးစဉ်လေးက မောင်နှမတွေအပါအဝင် အခြားအခြားသောမောင်နှမတွေနဲ့အတူ နောက်ထပ်လာနိုင်အောင် ကြိုးစားပါ့မယ်ကွာဆိုတဲ့ ကတိတွေနဲ့ပဲ …



မိုးညချမ်း
3.8.2012 (2:00 p.m)

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...