Friday, August 3, 2012

နွေးထွေးခြင်းမေတ္တာဓါတ်တွေနဲ့ အေးမြပါစေသား


မနှစ်ကကျွန်မတို့ဇူလိုင်ဖွားမောင်နှမ(၈)ယောက်မတည်ပြီး အခြားအလှူရှင်များအပါအဝင် ”မရမ်းချောင်းအနာကြီးရောဂါသည်ဂေဟာ”လေးဆီ မွေးနေ့အမှတ်တရအဖြစ် သွားရောက်လှူဒါန်းဖြစ်ခဲ့သလို့ ယခုနှစ် ၂၀၁၂ ခုနှစ်မှာလည်း မွေးနေ့အမှတ်တရအဖြစ် ဘယ်နေရာလေးကို သွားလှူကြရင်ကောင်းမလည်းလို့ ဇူလိုင်ဖွားမောင်နှမတွေ ခေါင်းချင်းဆိုင်စဉ်းစားနေတုန်း တစ်ရက်မှာ မမခက်ရေးသားပြီးFacebook နဲ့ ကျွန်မတို့ Save the Aged website လေးတွေမှာ ပြန်လည်မျှဝေပေးထားတဲ့ ဇူလိုင်လဆန်းလောက်က ဘီးလင်းမြို့၊ တောင်စွန်းရှိ သော်ကမြောင်ပရဟိတ ဂေဟာလေးဆီသို့ သွားရောက်လှူဒါန်းခြင်း ပိုစ့်လေးကို ဖတ်လိုက်ရတော့ ကလေးငယ်တို့ရဲ့လိုအပ်နေမှုလေးတွေကို တစ်အပ်တစ်အား အနည်းငယ်ပဲဖြစ်ဖြစ်ပါဝင်လှူဒါန်းချင်တဲ့ဆန္ဒဖြစ်ပေါ်လာပြီး ကျန်တဲ့ဇူလိုင်ဖွား မောင်နှမတွေကို တိုင်ပင်ကြည့်တဲ့အခါ အားလုံးကသဘောတူလက်ခံတာနဲ့ ယခုနှစ်ဇူလိုင်ဖွားမောင်နှမတွေရဲ့ မွေးနေ့အလှူလေးကို သော်ကမြောင်ပရဟိတဂေဟာလေးဆီသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းမယ် လို့ဆုံးဖြတ်ဖြစ်ခဲ့ကြပါတယ် …
ကျွန်မတို့ဇူလိုင်ဖွားမောင်နှမ ၄ ယောက်ဖြစ်တဲ့ - ဇူလိုင် ၁၅ ရက်နေ့မွေးနေ့ရှင် မမနွဲ့ယဉ်ဝင်းမှ ငွေကျပ် (၃၀၀၀၀ိ/-)၊ ဇူလိုင် ၂၆ ရက်နေ့မွေးနေ့ရှင် ကျွန်မရဲ့ညီမလေး စမိုင်းလ်(ဆုမြတ်ပိုင်)မှ ငွေကျပ် (၁၀၀၀၀ိ/-)၊ ဇူလိုင် ၂၉ ရက်နေ့မွေးနေ့ရှင်များဖြစ်တဲ့ ကိုဝင်းတင့်မှ ငွေကျပ်(၃၀၀၀၀ိ/-) နှင့် ကျွန်မမိုးညချမ်းမှ ငွေကျပ်(၃၀၀၀၀ိ-)၊ မောင်လေးရဲရင့်မှ ငွေကျပ်(၂၅၀၀၀ိ/-)နှင့် မမြတ်ချစ်မှ ငွေကျပ်(၅၀၀၀ိ/-)၊ စုစုပေါင်းငွေကျပ်(၁၃၀၀၀၀ိ/-)အပါအဝင် ၂၇.၇.၂၀၁၂ ရက်နေ့မွေးနေ့ရှင်လေး ကိုမျိုးညွှန့်ရဲ့သားလေးမှလည်း ငွေကျပ် (၄၀၀၀၀၀ိ/-)တန်ဖိုးရှိပစ္စည်းများနှင့် အခြားအခြားသော အလှူရှင်များရဲ့ လှူဒါန်းမှုများဖြစ်တဲ့ ငွေကျပ် (၁၀)သိန်းကျော်တန်ဖိုးရှိ ငွေသားနှင့်ပစ္စည်းများကို ကျွန်မတို့ပရဟိတမောင်နှမ (၂၉)ယောက်တို့ သော်ကမြောင်ပရဟိတဂေဟာလေးဆီသို့ ၂၇.၇.၂၀၁၂ ရက်နေ့ မနက်ပိုင်းမှစလို့ ၂၉.၇.၂၀၁၂ ရက်နေ့ ညနေပိုင်းအထိ နှစ်ညအိပ်သုံးရက်ခရီးအဖြစ် ကိုယ်တိုင်ကိုယ်ကျသွားရောက်၍ လှူဒါန်းဖြစ်ခဲ့ပါတယ် …

၂၇.၇.၂၀၁၂ ရက်(သောကြာနေ့)

သော်ကမြောင်ဆီသို့ အသွားလမ်းမှာ တစ်ကားလုံးဆူညံနေအောင်သောင်းကျန်းနေကြတဲ့ မောင်နှမတွေ

မနက်(၈းဝ၀)နာရီ ကားဂိတ်အရောက်ဆိုတဲ့ ချိန်းဆိုမှုအတိုင်း ကျွန်မလည်းမနက်စောစောထ ပြင်ဆင်လို့ ညကတည်းက ရင်ခုန်လှုပ်ရှားစိတ်တွေနဲ့ ကြိုတင်ပြင်ဆင်ထည့်ထားတဲ့ အဝတ်အစားအိတ်ကို ဆွဲလို့ မမခက်အိမ်ကို မနက်(ရးဝ၀)အကျော်လောက် ရောက်အောင်သွားလိုက်ပါတယ် … မမခက်အိမ်ရောက်တော့ ဝယ်ထားတဲ့လှူဖွယ်ပစ္စည်းတွေ ကားပေါ်တင်လို့ ကျွန်မတို့ရဲ့စုရပ်လေးဖြစ်တဲ့ အောင်မင်္ဂလာအဝေးပြေးကားဂိတ်က တောင်စွန်းနှင့် ရန်ကုန်ပြေးဆွဲနေတဲ့ “ပွင့်သစ်စရတနာ”ကားဂိတ်လေး ဆီကို မမခက်၊ ညီမလေးရတနာနဲ့ ကျွန်မတို့(၃)ယောက် ထွက်လာလိုက်ကြပါတယ် … အောင်မင်္ဂလာကားဂိတ်ကိုရောက်တော့ မနက်(၈းဝ၀)အတိ … အချိန်အမှန်းအဆတော်လိုက်တဲ့ ကျွန်မတို့(၃)ယောက်ပဲ … ဒါနဲ့ တောင်စွန်းကားဂိတ်လေးဆီသွား အဝတ်အစားအိတ်တွေ၊ လှူဖွယ်ပစ္စည်းတွေ ကားပေါ်တင်လို့ နောက်ထပ်ရောက်လာမယ့် မောင်နှမတွေကို စောင့်ရပြန်တာပေါ့ … (၈း၃၀)လောက်မှာတော့ လူစုံလောက်ပြီလို့လည်း ယူဆရတာကတစ်ကြောင်း၊ ကားသမားတွေက ကားပေါ်တက်နေရာယူပေးလို့ အော်နေတာကတစ်ကြောင်းနဲ့ ကားပေါ်တက်လို့ အသီးသီးနေရာယူလိုက်ကြပါတယ် … ကျွန်မနဲ့ချစ်လေးသိဂိံတို့ကတော့ မမခက်နဲ့ညီမလေးရတနာတို့ပထမအတန်းနဲ့ နောက်ကျောတစ်စောင်းမှာ နေရာယူလိုက်ပါတယ် … တောင်စွန်းကိုလိုက်ပါမယ့် ကျွန်မတို့ပရဟိတမောင်နှမ(၂၉)ယောက်လည်း စုံလင်လို့ အခြားခရီးသည်တွေလည်း ကားထိုင်ခုံအပြည့်တင်ဆောင်အပြီးမှာတော့ ကျွန်မတို့ရဲ့ခရီးစဉ်လေးကို မနက်(၉းဝ၀)တိတိမှာ စတင်လိုက်ပါပြီ … ကားပေါ်မှာအခြားခရီးသည်က အနည်းငယ်သာပါပြီး ကျွန်မတို့မောင်နှမတွေက ခပ်များများဆိုတော့ ကိုရဲခေါင်လက်စွမ်းပြတီးခတ်တဲ့ဂစ်တာကို ကျန်တဲ့ကျွန်မတို့ မောင်နှမတွေအားလုံး ကိုယ်ရတဲ့သီချင်းကိုယ် အလှည့်ကျဆိုလို့ ခရီးစဉ်တစ်လျှောက် တစ်ပျော်တစ်ပါးပေါ့ … ပဲခူးအကျော်နားလောက်မှာတော့ ဒီခရီးစဉ်လေးကို လိုက်ပါလာတဲ့မောင်နှမတွေအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက်ရင်းနှီးစေရန်အတွက် တစ်ဦးနှင့်တစ်ဦးမိတ်ဆက်ဖြစ်ခဲ့ကြပါတယ် … မိတ်ဆက်အပြီးမှာတော့ ထုံးစံအတိုင်း မောင်နှမတွေအားလုံး သီချင်းတွေဆိုလိုက် ပါလာတဲ့မုန့်တွေစားလိုက်နဲ့ အချိန်တွေတောင် ကုန်မှန်းမသိကုန်ခဲ့ရတယ် …

လမ်းခရီးတစ်ထောက်နားတုန်းပေါ့ ...

 နေ့လည်(၁၂းဝ၀)လောက်မှာတော့ မုပ္ပလ္လင်မြို့နယ်ကိုရောက်ရှိလာပြီး ကားပေါ်ကခရီးသည်များ နေ့လည်စာ စားသုံးဖို့အတွက်ဆိုပြီး ကားရပ်နားလေတော့ ကျွန်မတို့မောင်နှမ တစ်စုလည်း ကားပေါ်ကဆင်းလို့ နေ့လည်စာစားရင်း စလိုက်နောက်လိုက်နဲ့ပျော်ခဲ့ရတဲ့အချိန်တွေကိုလည်း မေ့နိုင်မယ်မထင်ပါဘူး …
နေ့လည်စာ စားအပြီးကားပေါ်တက်လို့ ခရီးလေးကိုဆက်ခဲ့လိုက်ကြတာ နေ့လည်(၂းဝ၀)အကျော်မှာတော့ တောင်စွန်းရှိ သော်ကမြောင်ပရဟိတဂေဟာလေးဆီသို့ ကျွန်မတို့မောင်နှမတွေ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိ လာခဲ့ကြပြီပေါ့ … ကျွန်မတို့တွေရောက်တယ်ဆိုတာနဲ့ ဂေဟာလေးက ကလေးငယ်လေးတွေက အပြေးအလွှားလေးလာကြိုလို့ ကျွန်မတို့နေထိုင်တည်းခိုရမယ့် ယောကျ်ားလေး အဆောင်၊ မိန်းကလေးအဆောင်လေးတွေဆီ လိုက်ပို့ကြပါတယ် … ကျွန်မတို့တွေလည်း အဝတ်အစားထုပ် တွေအသီးသီးနေရာချလို့ လိုအပ်တာတွေဝယ်ရန်အတွက် မမခက်၊ ညီမလေးရတနာ၊ သိင်္ဂီ၊ မောင်လေးရဲရင့်နဲ့ အခြားမောင်နှမ(၄)ယောက်လောက်နဲ့အတူ စျေးဆီ ဆန်ပလော့(သုံးဘီးဆိုင်ကယ်)လေးစီးလို့ ထွက်လာခဲ့လိုက်တယ် … စျေးမှာလိုအပ်တာတွေ ဝယ်ခြမ်းနေလိုက်တာ ကျောင်းဆီကိုညနေ (၄းဝ၀)နာရီမှာ ပြန်လည်ရောက်ရှိလာခဲ့ကြတယ်လေ … ကျောင်းဆီကိုပြန်အရောက်မှာတော့ ဝယ်လာတဲ့ပစ္စည်းတွေနဲ့ ကျွန်မတို့ရန်ကုန်ကယူသွားတဲ့ လှူဖွယ်ပစ္စည်းတွေကို ကျောင်းအုပ်ဘုန်းဘုန်းအား ဆပ်ကပ်ရန်အတွက် နေရာချလို့ ပထမတစ်ကြိမ်လာရောက်လှူဒါန်းကြတုန်းက ပါလာတဲ့ မမခက်နဲ့ ညီမလေးရတနာတို့ ဦးဆောင်ပြီး အလွန်အေးစိမ့်နေပါတယ်ဆိုတဲ့ ရေတံခွန်စမ်းချောင်းလေးဆီ ရေချိုးဖို့ ထွက်လာခဲ့ကြပါတယ် … စမ်းချောင်းလေးအဆီအသွား မိုးကလည်းအငြိုုးနဲ့များရွာလေသလားတော့ မသိ … သည်းလိုက်တာများလေ … 

စမ်းချောင်းလေးမှာရေချိုးကြတုန်းအမှတ်တရ

မိုးကလေးအေးအေးနဲ့ မိုးသည်းထဲမှာ မောင်နှမတွေအားလုံးမိုးရေချိုးလို့ (၁၀)မိနစ်လောက် လမ်းလျှောက်လိုက်မှ စမ်းချောင်းလေးဆီသို့ ရောက်လာခဲ့ကြပါတယ် … စမ်းချောင်းလေးထဲမှာ ရေချိုးရင်း၊ ဘောလုံးပစ်တမ်းကစားကြရင်းနဲ့ နာရီဝက်လောက်အကြာမှာတော့ ညနေ(၅း၃၀)နေပြီဆိုတာနဲ့ ကပျာကယာနဲ့ ဂေဟာလေးဆီအပြေးပြန်ခဲ့ပြီး ရေမိုးချိုးလို့ ကျောင်းကကျွေးတဲ့ ညနေစာ(ပဲဟင်း၊ ငါးနီတူခြောက်ကြော်နဲ့ ငါးပိရည်တို့စရာဟင်းတွေနဲ့)ကို ဗိုက်ဆာဆာနဲ့ အားမနာတမ်း ကျွန်မတို့မောင်နှမတွေ မြိန်ရည်ယှက်ရည်စားဖြစ်ခဲ့ကြပြန်တယ် … ကျွန်မတို့မောင်နှမတွေအားလုံး ညနေစာ စားအပြီးမှာတော့ ကျောင်းအုပ်ဆရာတော်ရဲ့သြဝါဒခံယူဖို့ စာသင်ဆောင်အပေါ်ထပ်က ခန်းမကျယ်ဆီသို့ တက်လာခဲ့ကြပါတယ် ... ကျွန်မတို့မောင်နှမတွေအားလုံးစုံပြီဆိုတာနဲ့ ကျောင်းအုပ်ဆရာတော်မှ သော်ကမြောင်ဂေဟာလေးဖြစ်ပေါ်လာပုံအကျဉ်းကို ကျွန်မတို့မောင်နှမတွေအားလုံး သိရှိစေဖို့ မိန့်ကြားခဲ့ပါတယ် … 


 ဆုံးမသြဝါဒပေးနေတဲ့ သော်ကမြောင်ပရဟိတဂေဟာရဲ့ကျောင်းအုပ်ဆရာတော် 

လှူဖွယ်ပစ္စည်းများကို လှူဒါန်းပြီး ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပါတယ် … ရေစက်ချတရားနာကြားအပြီးည(၈းဝ၀)လောက်မှစလို့  ကျွန်မတို့မောင်နှမတွေအားလုံး ကလေးငယ်တွေနဲ့အတူ ကိုရဲခေါင်လက်စွမ်းပြတီးခတ်ပြီး ကလေးငယ်များကတစ်လှည့် ကျွန်မတို့မောင်နှမတွေကတစ်လှည့်နဲ့ သီချင်းတွေပျော်ရွှင်ဖွယ်သီဆိုနေကြတုန်း အငြိမ့်ကပြဖျော်ဖြေပေးမယ့် လူရွှင်တော် ၄ ယောက်ကလည်း အဝတ်အစားတွေလဲ … မမကြီး၊ ချစ်လေးသိင်္ဂီနဲ့ ညီမလေးရတနာ တို့ကလည်း ကျွန်မကိုမိတ်ကပ်တွေဝိုင်းပြင်ပေးလို့ မင်းသမီးဝတ်စုံတွေလဲလို့နဲ့ ပျာယာတွေခတ်နေကြပါတယ် … 

မိတ်ကပ်ပြင်ပေးတဲ့ မမခက်၊ ချစ်လေးသိင်္ဂီနဲ့ ညီမလေးရတနာ

ည (၉း၃၀)အချိန်လောက်မှာတော့ ကလေးငယ်တွေအားလုံး မျှော်လင့်စောင့်စားနေကြပါတယ်ဆိုတဲ့ ကျွန်မတို့ အငြိမ့်သဘင်လေးစတင်ကြပြီပေါ့ … အချိန်ယူသေချာကြိုတင်တိုက်ပြီး ကပြခြင်းမျိုးမဟုတ်ခဲ့တဲ့ လူရွှင်တော်တွေရဲ့ဟာသပျက်လုံးတွေကို အားပါးတရရီမောပြီး ကျွန်မရဲ့မကတတ် ကတတ်နဲ့ ကပြပေးတာကိုလည်း အားပေးကြပြန်တော့ ဝမ်းသာပီတိဖြစ်ရပြန်တာပေါ့ … ည(၁၁းဝ၀)လောက်ထိသာ ခွင့်ပြုပေးထားတဲ့ ဘုန်းဘုန်းရဲ့အချိန်ကန့်သတ်ချက်အတိုင်း (၁၁းဝ၀)နာရီတိတိမှာတော့ ကျွန်မတို့ မောင်နှမအားလုံးရဲ့ဖျော်ဖြေမှုအစီအစဉ်တွေအားလုံးကို ရပ်နားလိုက်ပါတယ် … ကလေးငယ်တွေလည်း သူတို့တွေရဲ့အိပ်ဆောင်လေးတွေဆီပြန်သွားကြသလို ကျွန်မတို့မောင်နှမတွေလည်း ခရီးပန်းတာက တစ်ကြောင်း၊ တစ်ညလုံးအော်ဟစ်ခုန်ပေါက် ကပြဖျော်ဖြေထားတာက တစ်ကြောင်းနဲ့ အဝတ်အစားလဲ မျက်နှာသစ်၊ ခြေလက်ဆေးကြောကြပြီးတဲ့နောက်မှာတော့ တစ်ညတာအိပ်စက်အနားယူခြင်းကို စတင်ပစ်လိုက်ပါတယ် …

လူရွှင်တော်(၄)ယောက်နဲ့အမှတ်တရ

၂၈.၇.၂၀၁၂ ရက်(စနေနေ့)
မနက်(၆း၃၀)အတိမှာတော့ ကျွန်မတို့မောင်နှမတွေအားလုံး အိပ်ရေးဝဝလင်လင်နဲ့ လှပတဲ့မနက်ခင်းလေးကို အစပြုလိုက်ကြပါပြီ … ကျွန်မတို့မိန်းကလေးဆောင်ရဲ့ တံခါးမဖွင့်ခင်ကတည်းက အပြင်ဘက်အပေါက်ဝမှာ တဝဲလည်လည်နဲ့ စောင့်နေကြတဲ့ ကလေးငယ်တွေ တံခါးကိုဖွင့်လိုက်ပြီဆိုတာနဲ့ “မမတို့ မင်္ဂလာပါ”ဆိုတဲ့ အသံလေးတွေနဲ့အတူ ကျွန်မတို့ညီအစ်မတွေနားမှာ အသီးသီးထိုင်လို့ ငေးကြည့်နေကြတဲ့ သူတို့လေးတွေရဲ့ မျက်နှာလေးတွေကို မြင်ရတော့ စိတ်မကောင်းဖြစ်မိရပြန်ပါတယ် … မနက်(ရးဝ၀)အတိမှာတော့ သူတို့လေးတွေကို မနက်စာစားဖို့ တုံးခေါက်သံကြားတာနဲ့ “မမတို့ရေ ပြန်လာခဲ့မယ်နော်”ဆိုတဲ့ နှုတ်ဆက်သံ လေးတွေနဲ့ အပြေးကလေးထွက်သွားခဲ့ကြပါတယ် … ဒါနဲ့ ကျွန်မတို့ညီအစ်မတွေလည်း ရေမိုးချိုး … ဖြီးလိမ်းပြင်ဆင်လို့ ထမင်းစားဆောင်လေးဆီသို့ ထွက်လာခဲ့လိုက်ပါတယ် … ထမင်းစားဆောင်လေးဆီ ရောက်တော့ အလှူရှင်သားငယ်လေးတစ်ယောက်ရဲ့မွေးနေ့အလှူအဖြစ် မုန့်ဟင်းခါးတွေကို အားပါတရစားနေကြတဲ့ မြင်ကွင်းလေးကို စာဖတ်သူတွေမြင်စေချင်ပါဘိ … သူတို့လေးတွေအားလုံး မနက်စာအပြီးမှာတော့ ဗိုက်ဟောင်းလောင်းနဲ့မျှော်နေရတဲ့ ကျွန်မတို့မောင်နှမတစ်စုရဲ့ မနက်စာစားရမယ့် အလှည့်ပေါ့ … မနက်စာကို ခပ်မြန်မြန်လေးစားအပြီးမှာတော့ ကလေးငယ်တွေနဲ့ အဖွဲ့လေးတွေခွဲလို့ ကျွန်မတို့မောင်နှမတွေ Game လေးတွေ ကစားဖြစ်ခဲ့ပါသေးတယ် … 

သူတို့လေးတွေရဲ့မနက်စာ


 နေ့ခင်းပိုင်းလောက်ရောက်တဲ့အချိန်မှာ ရန်ကုန်ကနေနောက်ထပ်လိုက်လာမယ့် ကျွန်မရဲ့သူငယ်ချင်းမလေး အိမကို ကြိုဖို့ မြို့ထဲကို ဆန်ပလော့လေးနဲ့ မမခက်၊ ကိုဇော်၊ မမကြီး၊ ကိုရဲခေါင်၊ ညီမလေးရတနာ၊ သိင်္ဂီ၊ ရဲရင့်၊ မအိအိဖြူတို့နဲ့အတူ ထွက်လာခဲ့လိုက်ကြပါတယ် … မြို့ထဲမှာလိုအပ်တာတွေဝယ် နေ့လည်စာစားအပြီး (၁း၃၀)အချိန်လောက်မှာတော့ ကျောင်းဆီသို့ပြန်လာလိုက်ကြပါတယ် …
အချို့စာသင်ခန်းထဲမှာတော့ တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသူကျောင်းသား ကလေးငယ်တွေကို စာသင်နေလေတော့ ကျွန်မတို့တွေလည်း ကျောင်းရဲ့ကွင်းပြင်ကြီးထဲကိုထွက်ပြီး ကလေးငယ်တွေနဲ့ ငယ်ငယ်ကဆော့ခဲ့ဖူးတဲ့ ရုပ်ရှင်ဖွက်တိုင်းတို့၊ ၀ိုင်းကြီးပတ်ပတ်ဒူဝေဝေတို့တွေကို ကစားနေလိုက်တာ မိုးရွာလာတာနဲ့ ကျောင်းဆောင်တွေဆီသို့ ကလေးငယ်တွေနဲ့အတူ ခပ်မြန်မြန်လေး ပြေးဝင်ခဲ့ကြရပြန်ပါတယ် … 

 စာသင်ခန်းထဲကသူတို့လေးတွေ

မိုးကရွာနေလေတော့ အပြင်မှာထွက်ကစားဖို့ ဘယ်လိုမှအဆင်မပြေတာနဲ့ ကိုရဲခေါင်က ဂစ်တာတီးခတ်ပေးလို့  ကလေးငယ်တွေနဲ့အတူ မမခက်၊ ကျွန်မ၊ အိမ၊ သိင်္ဂီနဲ့ ညီမလေးရတနာတို့ သီချင်းတွေတစ်ပုဒ်ပြီး တစ်ပုဒ်မနားတမ်းသီဆိုကြပြန်တာလည်း မမေ့နိုင်စရာအချိန်လေးတွေကို ပိုင်ဆိုင်ခဲ့ကြတာပေါ့ … အချိန်တွေကုန်မှန်းမသိကုန်သွားတဲ့ ညနေစောင်းအချိန်ရောက်တော့ တောင်ပေါ်တက်ကြမယ်ဆိုတဲ့ ကျွန်မတို့မောင်နှမတွေက ဆန်ပလော့တွေနဲ့ ထွက်ခွာသွားကြတဲ့အချိန်မှာ ကျွန်မတို့ကျန်ခဲ့တဲ့ မောင်နှမတွေကလည်း ရေမိုးချိုးအဝတ်အစားလဲလို့ ထမင်းစားဆောင်လေးမှာ ညနေစာစားလိုက်ကြပါတယ် … ကျွန်မတို့ညနေစာစားအပြီးအချိန်လောက်မှာ ကျောင်းရှိကလေးငယ်တွေ အားလုံး ညနေ(၆းဝ၀)ဆို ဝတ်တက်ရတယ်ဆိုတာနဲ့ သူတို့လေးတွေ ဝတ်တက်နေပုံကို ကြည့်ဖို့ ကျောင်းဆောင်အပေါ်ထပ်ကိုတက်လာခဲ့လိုက်တယ် … အရှေ့က ဦးဇင်းတွေ ကိုရင်တွေဦးဆောင်လို့ ယောကျ်ားလေးတွေ ကြီးစဉ်ငယ်လိုက်၊ မိန်းကလေးတွေ ကြီးစဉ်ငယ်လိုက်နေရာယူလို့ ဘုရားရှိခိုးနေကြတဲ့ မြင်ကွင်းလေးကလည်း ပီတိဖြစ်ဖွယ်ကောင်းလိုက်ပါဘိ … ဘုရားရှိခိုးရင်း ကလေးအငယ်ပိုင်းလေးတွေ ခေါင်းမထောင်နိုင်အောင် ငိုက်မြည်းနေတာတွေ ငိုက်နေရင်းကနေ ခေါင်းလုံးဝပြန်မထောင်လာတော့တဲ့ ကလေးငယ်လေးတွေကိုကြည့်ပြီး ချစ်စဖွယ်မြင်ကွင်းလေးကို ကျွန်မရီမောဖြစ်လိုက်ပါသေးတယ် … နောက်တော့ သူတို့လေးတွေကိုကြည့်ပြီး တွေးမိလိုက်တဲ့အတွေးက ကျွန်မကို မျက်ရည်မဆည်နိုင်အောင် ဆို့နင့်ကြေကွဲခဲ့ရပါတယ် … 

တစ်နေ့လုံးမမောမပန်းကစားနေကြတဲ့ သူတို့လေးတွေ ဘုရားဝတ်တက်ချိန်ကျတော့ ငိုက်နေကြလေရဲ့ ...

 ဒီအလှူခရီးစဉ်ကို လိုက်ပါခဲ့တဲ့ ကျွန်မတို့မောင်နှမတွေပဲဖြစ်ဖြစ် … စာဖတ်သူမိတ်ဆွေသူငယ်ချင်းတွေပဲ ဖြစ်ဖြစ်ပေါ့ … ကျွန်မတို့တွေအားလုံးက သူတို့လေးတွေထက်စာရင် ကံကောင်းစွာနဲ့ အပြည့်စုံဆုံးကြီး မဟုတ်တောင် ပြည့်စုံခြင်းတွေနဲ့ပဲ ဘဝကိုအေးဆေးစွာဖြတ်သန်းနေကြရသူတွေမဟုတ်လား … သူတို့လေးတွေခမျာ မိဘကစွန့်ပစ်ခဲ့ရတဲ့သူတွေ၊ မိဘမရှိတော့တဲ့သူတို့တွေ၊ မေတ္တာငတ်မွတ်နေတဲ့ သူတို့လေးတွေကို ကြည့်ပြီး ကျွန်မဘယ်လိုမှ မခံစားနိုင်ခဲ့ပါဘူး … မျက်ရည်တွေကြားထဲကပဲ ကျွန်မသူငယ်ချင်း သိင်္ဂီကို “ငါသာ ပိုက်ဆံအရမ်းချမ်းသာခဲ့ရင်ကောင်းမှာပဲနော် … ဘာပဲဖြစ်ဖြစ် သူတို့တွေအတွက် တစ်ခုခုတော့ လုပ်ပေးနိုင်မှာ”လို့ ပြောမိတော့ ကျွန်မသူငယ်ချင်းမလေးက “မိုးညရယ် … ဘယ်လောက်ပဲ ပိုက်ဆံချမ်းသာ ချမ်းသာ သူတို့တွေလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး … ပိုက်ဆံတွေကို သူတို့တွေအတွက် လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးနိုင်ပေမယ့် သူတို့လိုနေတာက မေတ္တာတရားတွေဆိုရင်ရော? ငါတို့ခုခရီးစဉ်လေးနဲ့ သူတို့တွေအတွက် မေတ္တာတရားတွေကို ကိုယ်နိုင်သလောက် ဖြည့်ဆည်းပေးကြပေမယ့်လည်း ခဏတာပဲလေ … အဲဒီတော့ ငါတို့တွေဘက်က အကောင်းဆုံး လုပ်ပေးနိုင်တာ တစ်ခုက နောက်ဘဝဆက်တိုင်း ဒီလိုအဖြစ်မျိုးလေးတွေနဲ့ မကြုံတွေ့ရပါစေနဲ့” ဆိုတဲ့ ဆုတောင်းလေးတွေသာ ၀ိုင်းပြီးဆုတောင်းပေးကြတာပေါ့တဲ့ … ဟုတ်သားပဲနော် … ကျွန်မအတွေးမှားသွားလိုက်တာ … ကျွန်မဖြည့်ဆည်းပေးနိုင်တဲ့ဘက်က ဖြည့်ဆည်းပေးနိုင်ဖို့ လမ်းဖွင့်ပေးလိုက်တာ သိပ်ကိုကျေးဇူးတင်မိပါတယ် သူငယ်ချင်းရေ …

သူတို့လေးတွေဝတ်တက်အပြီးမှာတော့ ဦးဇင်းတွေ၊ ကိုရင်တွေကတော့ ကျောင်းအောက်ကို ဆင်းသွားကြပေမယ့် ကလေးငယ်တွေကတော့ ကျွန်မတို့တွေရဲ့ဖျော်ဖြေမှုတွေကို ကြည့်ဖို့ ဆက်ပြီး စောင့်စားနေကြလေရဲ့ … တောင်ပေါ်တက်ဖို့ ထွက်သွားကြတဲ့ မောင်နှမတွေကလည်း အချိန်အတော်လင့် နေတာတောင် ပြန်မလာကြသေးလေတော့ ရှိတဲ့ ကျွန်မတို့မောင်နှမ လေးငါးယောက်လောက်နဲ့ပဲ ဂစ်တာတီး သီချင်းတွေဆိုနေလိုက်တာ ည(၉း၃၀)သွားမှန်းတောင် မသိလိုက်ပါဘူး … (၉း၃၀)အချိန်မှာတော့ အခြားမောင်နှမတွေလည်း ပြန်လည်ရောက်ရှိလာတာနဲ့ တစ်ခန်းရပ်ဟာသလေးတွေ၊ ဖြူဖြူကျော်သိန်းရဲ့သီချင်းကိုသီဆိုပြီး Performance လေးတွေကို ဟာသလေးရောလို့ ဖျော်ဖြေနေလိုက်ကြတာ ည(၁၁းဝ၀)အချိန်မှာတော့ ကျွန်မတို့ရဲ့အစီအစဉ်အားလုံးကို အဆုံးသတ်ဖြစ်ခဲ့ကြပါတယ် ... 

 ကလေးငယ်တွေကို တစ်တပ်တစ်အားပါဝင်ဖျော်ဖြေပေးနေတဲ့ ကျွန်ရဲ့ချစ်မမနဲ့အစ်ကိုတွေ ...

ကလေးတွေကို ဖျော်ဖြေကပြခြင်းအစီအစဉ်တွေ ပြီးဆုံးသွားပြီဆိုတာနဲ့ မနက်ဖြန်ပြန်ရတော့မယ်ဆိုတဲ့ အတွေးတွေနဲ့ အိပ်ချိန်လေးတွေကို နှမြောကြတာနဲ့ ဆရာမတွေအဆောင်ကို သွားလို့ မမခက်၊ ကိုဇော်၊ မမကြီး၊ အပျိုကြီး၊ ကိုရဲခေါင်၊ ညီမလေးရတနာ၊ ချစ်လေးသိင်္ဂီ၊ ချစ်လေးအိမ၊ မောင်လေးရဲရင့်၊ မောင်လေးနောင်ရိုးတို့တွေအားလုံး ဂစ်တာတစ်လက်နဲ့ သီချင်းတွေသီဆိုလို့ လ္ဘက်တွေသုတ်စားလို့ ဟာသတွေပြောလို့နဲ့ ည(၁၂းဝ၀)ထိုးတဲ့အချိန်မှာ Happy Birthday သီချင်းလေးကိုလည်း ဂစ်တာတီးပြီး ပြိုင်တူသီဆိုလို့ Birthday Wish လုပ်ပေးကြတဲ့ မမခက်၊ ကိုဇော်၊ မမကြီး(ကိုဇော့်အမျိုးသမီး)၊ ကိုရဲခေါင်၊ ညီမလေးရတနာ၊ ချစ်လေးသိဂိံ၊ ချစ်လေးအိမ၊ မောင်လေးရဲရင့်၊ မောင်လေးနောင်ရိုးနဲ့ သော်ကမြောင်က ဆရာမများကိုလည်း ကျေးဇူးတင်မိရပါတယ် … သူတို့ဆီက အမှတ်တမဲ့ရရှိခဲ့တဲ့ (မမခက်ရဲ့ ဘီစကစ်မုန့်တစ်ထုပ်၊ ချစ်လေးသိဂိံနဲ့ အိမတို့ရဲ့ ကြက်သွန်ဖြူတစ်ဥစီ၊ ညီမလေးရတနာရဲ့ သံပုရာသီးတစ်လုံး၊ ကိုဇော်နဲ့ မမကြီးတို့ရဲ့ ဆေးပေါလိပ်တစ်လိပ်၊ မောင်လေးနောင်ရိုးဆီက ဘယ်ကဖြုတ်လာမှန်းမသိတဲ့ ကြယ်လေးတစ်ခု၊ မောင်လေးရဲရင့်ရဲ့ ငရုတ်သီးတစ်တောင့်၊ ဆရာမလေးတို့ရဲ့ နားကပ်တစ်စုံ) လက်ဆောင်လေးတွေကိုလည်း ကျွန်မအရမ်းကို မြတ်နိုးမိပြန်ပါတယ် … {အနားမှာရှိတာ ပေးရတာတဲ့လေ} … ကျွန်မရဲ့မွေးနေ့ ၂၉.၇.၂၀၁၂ ရက်နေ့(တနင်္ဂနွေနေ့)နေ့လေးရဲ့မနက်ခင်းလေးဟာ ကြည်နူးပီတိတွေနဲ့ အစပြုခဲ့ရပါတယ် … မွေးနေ့ပေါင်းမြောက်များစွာထဲက ဘာနဲ့မှမလဲနိုင်အောင်ကို မြတ်နိုးရတဲ့မွေးနေ့ပွဲလေးပါပဲ … ည(၁းဝ၀)ထိုး အချိန်လောက်မှာတော့ ဆရာမလေးတွေကိုအားနာတာကတစ်ကြောင်း၊ ကျွန်မတို့မောင်နှမတွေလည်း အိပ်ချင်လာကြတာကတစ်ကြောင်းနဲ့ ကိုယ့်အိပ်ဆောင်လေးတွေဆီသို့ အိပ်စက်အနားယူဖို့ ပြန်လာခဲ့ကြပါတော့တယ် …


၂၉.၇.၂၀၁၂ ရက်(စနေနေ့)

 မပြန်ခင်အမှတ်တရလေးရိုက်ချင်ပါတယ်ဆိုတဲ့ သားလေးစည်သူနဲ့ မောင်လေးရဲရင့်

ဒီနေ့ကျွန်မရဲ့(၂၅)နှစ်မြောက် မွေးနေ့လေးပေါ့ … ကျွန်မမွေးနေ့အစပိုင်းကို ကျွန်မချစ်သော မောင်နှမတွေက လှတဲ့မွေးနေ့ပွဲလေး ဖန်တီးပေးခဲ့လို့ မမေ့နိုင်စရာပျော်ရွှင်မှုတွေကို ပိုင်ဆိုင်ခဲ့ရတယ် … ဒီနေ့မနက်နိုးထခြင်းဟာ ကျွန်မအရမ်းကိုပျော်ရွှင်ဝမ်းမြောက်နေရမှာလေ … ဒါပေမယ့် ကျွန်မထင်သလောက် မပျော်မိပြန်ဘူး … အကြောင်းရင်းကိုစဉ်းစားကြည့်တဲ့အခါ ဒီနေ့ကကျွန်မတို့မောင်နှမတွေ သော်ကမြောင်ကနေ ရန်ကုန်ကိုပြန်ရမယ့်နေ့ပဲ … ဒါကြောင့်ကျွန်မတင်မဟုတ်ဘူး ကျန်တဲ့မောင်နှတွေလည်း ဒီနေ့ပြန်ရမှာနော်ဆိုတဲ့ အတွေးတွေနဲ့ ဘာလုပ်လုပ်မတက်ကြွသလို ခံစားနေကြရတာလေ … ဒါပေမယ့် ကျွန်မတို့တွေရဲ့ ဝမ်းနည်းမှုတွေကို ကလေးတွေမြင်သွားလို့မဖြစ်ပြန်ဘူးဆိုတဲ့ အတွေးတွေနဲ့ မျက်နှာသစ်၊ ရေမိုးချိုးလို့ မနက်စာစားဖို့အတွက် ထမင်းစားဆောင်လေးဆီသို့ စားဖိုဆောင်ကအဘွားကြော်ကျွေးတဲ့ ထမင်းကြော်နဲ့ ကြက်ဥကြော်ပူပူလေးကိုလည်း မြိန်ယှက်စွာစားသောက်ပြီး စာသင်ခန်းဆောင်လေးတွေဆီ သွားလို့ အဖွဲ့လေးတွေခွဲ သီချင်းတွေဆိုလိုက်၊ Game တွေကစားလိုက်၊ သူတို့လေးတွေရေးခိုင်းတဲ့ အော်တိုတွေကို တန်းစီပြီးရေးပေးလိုက်နဲ့ ပြန်ရဖို့အချိန်တဖြည်းဖြည်း နီးလာတာကို စိုးထိတ်ဝမ်းနည်းစွာနဲ့ပဲ ပျော်ရွှင်ခဲ့ရပြန်တယ် …

 မပြန်ခင် သူတို့လေးနဲ့အမှတ်တရ

 မပြန်ခင် သူတို့လေးနဲ့အမှတ်တရ

မပြန်ခင် သူတို့လေးနဲ့အမှတ်တရ


 နေ့လည်(၁၁းဝ၀)လောက်မှာတော့ ဆရာမလေးတွေကိုယ်တိုင် အမှတ်တရအဖြစ် ချက်ကြွေးတဲ့ ကြက်သားကာလသားချက်လေးနဲ့ ထမင်းစားဖို့ ထမင်းစားဆောင်လေးဆီသို့ အသွားမှာတော့ HAPPY BIRTHDAY သီချင်းလေးကို ဆရာမလေးတွေအပါအဝင် ကျွန်မတို့မောင်နှမတွေပါ သံပြိုင်သီဆိုပေးလို့ သော်ကမြောင်က ဆရာမလေးတွေရဲ့ ကိုယ်တိုင်ပြုလုပ်ပေး ကြတဲ့ မွေးနေ့ကိတ်(ကပျာကယာ ဗမာဘိန်းမုန့်)ကိုလည်း ဘာနဲ့မှမလဲနိုင်အောင် မြတ်နိုးရပြန်ပါတယ် … ဆရာမလေးတို့ရဲ့ စေတနာမေတ္တာကိုလည်း သိရှိနိုင်ပါရဲ့ … ဒီလိုနဲ့ပဲ ကျွန်မရဲ့(၂၅)နှစ်ပြည့် မွေးနေ့လေးဟာ ပီတိတွေနဲ့ သိပ်ကိုပျော်ရွှင်ဖွယ်လေးနေ့လေး ဖြစ်ခဲ့ရပါတယ် … နေ့လည်စာစားနေတုန်းမှာ ကျောင်းရှိကလေးငယ်တွေက ကရင်ဒုံးယိမ်းအကနဲ့ ကပြပြီးနှုတ်ဆက်ကြမယ်ဆိုတော့ ဝမ်းသာမိရပြန်တယ် … ဒါနဲ့ကျွန်မတို့မောင်နှမတွေလည်း အဝတ်အစားအိတ်တွေကိုထုပ်ပိုးလို့  အားလုံးအဆင်သင့်ဖြစ်အောင် ပြင်ဆင်ခဲ့ကြပြီး ကလေးငယ်တွေကပြမယ့် ကရင်ဒုံးယိမ်းလေးကြည့်ဖို့ စာသင်ဆောင်လေးဆီသို့ လာခဲ့လိုက်တယ် … သူတို့လေးတွေမကပြခင် ကျွန်မတို့ခရီးစဉ်လေးမှာ လိုက်ပါအားဖြည့်ခဲ့ကြတဲ့ မောင်နှမတွေနဲ့အတူ အမှတ်တရဓါတ်ပုံရိုက်ဖြစ်ခဲ့ကြပါသေးတယ် … သူတို့လေးတွေ ကရင်ဒုံးယိမ်းနဲ့ ကပြနေစဉ် ကလေးငယ်လေးတွေ တစ်ယောက်ပြီးတစ်ယောက် “မမတို့က ဒီနေ့ပြန်တော့မှာပေါ့နော်” ဆိုတဲ့ သနားစဖွယ်အမေးလေးတွေကို ကျွန်မခံစားနိုင်စွမ်းမရှိခဲ့ပါဘူး … တိတ်တဆိတ်မျက်ရည်ဝဲလို့ “သားတို့ သမီးတို့တွေဆီ … မေတ္တာငတ်နေတဲ့ မင်းတို့လေးဆွေ နောက်ထပ် နောက်ထပ် အကြိမ်ပေါင်းများစွာ လာရောက်နိုင်အောင် မမတို့တွေကြိုးစားမှာပါကွာ”ဆိုတဲ့ ရင်တွင်းကပဲ တိုးတိတ်ကတိနဲ့ ဝမ်းနည်းကြေကွဲ ရပြန်တယ် … ကလေးငယ်တွေရဲ့ကရင်ဒုံးယိမ်းကပြအပြီးမှာ သူတို့လေးတွေအတွက် ကျွန်မတို့မောင်နှမတွေ စုပေါင်းလို့ ငွေကျပ်(၃၀၀၀၀/-)တိတိ ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ် … နေ့လည်(၁းဝ၀)လောက်မှာတော့ တောင်စွန်း-ရန်ကုန် ကားဂိတ်လေးဆီသို့ လိုက်ပို့ပေးမယ့် ဆန်ပလော(သုံးဘီးဆိုင်ကယ်)လေး ရောက်လာတာနဲ့ အိပ်ဆောင်တွေဆီက ကျွန်မတို့အထုပ်အပိုးတွေဆွဲလို့ ထွက်လာကြတော့ အပြေးအလွှားလေး လာရောက်နှုတ်ဆက်ကြတဲ့ ကလေးငယ်တွေ … ဝမ်းနည်းရိပ်တွေနဲ့ ကလေးငယ်တွေ … “နောက်ထပ်လာပါအုံးနော်”ဆိုတဲ့ သူတို့လေးတွေရဲ့နှုတ်ဆက်သံလေးတွေကို ကြားရတော့ ကျွန်မတို့မောင်နှမ တွေ မျက်ရည်ထိန်းလို့မရခဲ့ကြပါဘူး … 

 ကရင်ဒုံးယိမ်းဝတ်စုံလေးတွေနဲ့ ချစ်စဖွယ်သူတို့လေးတွေ ...


မေတ္တာငတ်နေတဲ့သူတို့လေးတွေ

 မပြန်ခင်ဆရာတော်နဲ့ ကျွန်မတို့မောင်နှမတွေအမှတ်တရ ...


“နေရစ်ခဲ့ပေအုံးတော့ သော်ကမြောင်လေးဆီက သားသားမီးမီးတို့ရေ … မနက်(၈းဝ၀)တစ်ကြိမ်၊ ညနေ(၄းဝ၀)တစ်ကြိမ် တစ်နေ့ကို ထမင်း(၂)ကြိမ်သာ စားကြရတဲ့ မင်းတို့လေးတွေ … ထမင်းစားတိုင်းလည်း ပဲဟင်း၊ ငါးနီတူခြောက် တစ်ယောက်(၃၊ ၄) ကောင်လောက်၊ ငါးပိရည်တို့စရာဟင်းတွေနဲ့သာ တစ်နေ့စာကို စားသောက်နေကြရတဲ့ မင်းတို့လေးတွေ … တစ်နေ့ခင်းလုံးဘာမှမစားရဘဲ ဗိုက်ဟောင်းလောင်းနဲ့ စာသင်နေရတဲ့ မင်းတို့လေးတွေ …




သူတို့လေးတွေဆီက ရခဲ့တဲ့အမှတ်တရလေးတွေ ...

 နောက်ပိုင်းကျရင် တစ်ရက်စာ(၁၅၀၀၀ိ/-)လောက်သာ ကုန်ကျမယ့် နေ့လည်စာအတွက် ကော်ဖီနဲ့မုန့်တိုက်နိုင်အောင် ကြိုးစားနေပါတယ်ဆိုတဲ့ ကျောင်းအုပ်ဆရာတော်ရဲ့ အစောင့်ရှောက်ခံ မင်းတို့လေးတွေ … ကိုကိုမမတို့တွေကို အရမ်းချစ်ပါတယ်၊ သားတို့သမီးတို့ကို အမြဲတမ်း သတိရနေပါဆိုတဲ့ မေတ္တာငတ်နေသူ မင်းတို့လေးတွေ …” မင်းတို့လေးတွေဆီကို မေတ္တာဓါတ်တွေအပြည့်အဝပေးနိုင်မယ့် ယခုခရီးစဉ်လေးက မောင်နှမတွေအပါအဝင် အခြားအခြားသောမောင်နှမတွေနဲ့အတူ နောက်ထပ်လာနိုင်အောင် ကြိုးစားပါ့မယ်ကွာဆိုတဲ့ ကတိတွေနဲ့ပဲ …



မိုးညချမ်း
3.8.2012 (2:00 p.m)

9 comments:

  1. မိုးညရဲ့ အလှူလေးကိုဖတ်ပြီးပီတိဖြစ်ရပါတယ်
    နောင်နှစ်တွေလဲ ဒီထက်မက လှူနိုင်ကြပါစေလို့

    ReplyDelete
  2. သာဓု သာဓု သာဓုပါ မိုးညရေ

    ReplyDelete
  3. မမမိုးညချမ်းရေ အလှူလေးတွေကိုကြည့်ပြီး ပီတိဖြစ်မိပါတယ် ။
    ကလေးတွေပျော်ရွင်နေပုံကလည်း ကြည်နူးစရာကောင်းတယ်နော် ။
    မမမိုးညချမ်းသိုင်းခတ်နေပုံက ပိုတောင်မိုက်သေးတယ် ဟဲ (ခင်လို့စတာနော် )

    ReplyDelete
  4. မိုးညရေ.. ကြည်နူးစရာလေးပါလားရှင်.. ပီတိဖြစ်မိတယ်.. ;)

    ReplyDelete
  5. ပရဟိတအလှူလေးတွေကြည့်ပြီး ပီတိဖြစ်ရပါတယ်..

    ReplyDelete
  6. ဝမ်းသာပီတိဖြစ်ရသလို ခလေးတွေရဲ့ လက်ရေးနဲ့စာလေးမြင်တော့
    စိတ်မကောင်းဖြစ်မိတယ် ညလေးရေ။
    မကြီးလာရောက် အားပေးခဲ့တယ်။


    ချစ်တဲ့
    မကြီးလွမ်း

    ReplyDelete
  7. သာဓုပါ ညီမငယ်...။ ဆက်လုက် ကုသိုလ်ပြုနိုင်ပါစေဗျာ...။

    ReplyDelete
  8. ညလေးရေ..ပိုစ်လေးအတွက် ကြည်နူးပီတိဖြစ်မိပါတယ်ကွယ်... သာဓု..သာဓု..သာဓုပါနော်.. နောင်လာမယ့်မွေးနေ့တိုင်းလည်း ဒီ့ထက်မက လှူတန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ကွယ်။
    ခင်တက်တဲ့
    လေပြေချို

    ReplyDelete
  9. ဓာတ်ပုံလေးတွေကြည့်ပြီး အလှူလေးအတွက်ပီတိဖြစ်မိပါတယ်..
    သာဓုသာဓုသာဓုပါ ညီမရေ...

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...