Friday, August 10, 2012
ကျွန်တော်ချစ်သော ညနေခင်းလေး
အချစ်လား? ကျွန်တော်မစူးစမ်းဖြစ်ပါဘူးဗျာ။ သူများတွေပြောနေကြတဲ့ … ကျွန်တော့သူငယ်ချင်းအပေါင်းအသင်းတွေ ပြောနေကြတဲ့ … စာအုပ်တွေထဲမှာဖတ်ဖူးတဲ့ “အချစ်”ဆိုတဲ့အရာကို ကျွန်တော်မရှာဖွေ ဖြစ်သလို … မစူးစမ်းဖြစ်တော့ “မင်းဘုန်းခ”လို့အမည်ခေါ်တွင်ပြီး အသက်(၂၈)နှစ်ပြည့်ပြီးသူ ကျွန်တော်တစ်ယောက် ဒီအသက်ဒီအရွယ်ရောက်နေပြီဖြစ်ပေမယ့်  “အချစ်”အကြောင်းကို တိတိကျကျရေရေရာ ပြောမပြတတ်ဘူး။ ငယ်ငယ်တုန်းကတော့ ကျွန်တော်နဲ့ကျောင်းနေဖက်သူငယ်ချင်းမလေးကို သဘောကျမိတာတော့ရှိသားဗျ။ အတန်းထဲမှာ စာတော်လို့ ဆုယူရတဲ့အချိန် သူပြုံးရီတိုင်း ကျွန်တော် လှတယ်လို့သတ်မှတ်ပြီး သဘောကျခဲ့ဖူးတာကို “အချစ်”လို့အမည်တပ်ရမလား။ တက္ကသိုလ်တက်တော့လည်း ကျွန်တော့သူငယ်ချင်းတွေက ချောတယ်၊ လှတယ်လို့သတ်မှတ်ပြီး မိတ်ဆက်ပေးတဲ့မိန်းကလေးတွေကိုလည်း ကျွန်တော်သဘောကျမိသားဗျ။ ဒါပေမယ့် အဲဒါကိုရော“အချစ်”လို့ အမည်တပ်ရမလားတော့ မသိတော့ပါဘူး။ သဘောကျမိပေမယ့် ချစ်သူရည်းစားအဖြစ်မထားခဲ့လေတော့ ကျွန်တော့သူငယ်ချင်းတွေကတော့ သတ်မှတ်သွားကြပါတယ်။ “အသည်းနှလုံးမရှိတဲ့ကောင်၊ ငကြောက်” စသဖြင့် နာမည်အမျိုးမျိုးပေးသွားကြတာပေါ့။ ရပါတယ်ဗျာ။ ကျွန်တော်ကျေနပ်ပါတယ်။ ကျွန်တော်မှ မချစ်တတ်သေးပဲ။ တစ်သက်လုံးလည်း ကျွန်တော်ချစ်တတ်မယ်လို့လည်း ကိုယ့်ကိုကိုယ် မထင်ခဲ့သူပါ။ ဒါပေမယ့်ဗျာ … ကံကြမ္မာဆိုတာ ပြောရခက်သား … မြှားနတ်မောင်က ကျွန်တော့ရင်အစုံကို မြှားတစ်စင်းပစ်ခွင်းလိုက်တဲ့အချိန် “အချစ်”လို့ အမည်တပ်လို့ရလေမလားမသိတဲ့ ခံစားချက်ရင်ခုန်သံကိုတော့ ကျွန်တော်စတင်ခံစားမိလိုက်ရတယ်။
ဒီနေ့ညနေ ကျွန်တော်ရုံးဆင်းတော့ စိတ်ထဲတစ်မျိုးလေး ညစ်ညူးသလိုဖြစ်နေတာနဲ့ အိမ်ကိုချက်ချင်း တန်းမပြန်သေးဘဲ မြို့ထဲဘက်က စာအုပ်ဆိုင်လေးဆီကို သွားဖို့ ကျွန်တော်စိတ်ကူးလိုက်တယ်။ ကျွန်တော်က ဘယ်အရာကိုမှမြတ်မြတ်နိုးနိုး မချစ်တတ်တဲ့ကောင်လို့ ကျွန်တော့်သူငယ်ချင်းတွေက သတ်မှတ်ကြပေမယ့်လည်း စာအုပ်တွေကိုတော့ ကျွန်တော်နှစ်နှစ်ကာကာချစ်မိသားဗျ။ ကျွန်တော့်အတွက်တော့ စာအုပ်တွေကသစ္စာရှိတယ်။ ဗဟုသုတတွေမြောက်များစွာ ရနိုင်တယ်လေ။ စာပေဖတ်ဖို့ အချိန်တွေကို ကျွန်တော်သီးသန့်ဖယ်ထားနိုင်ပေမယ့် မိန်းမတစ်ယောက်အတွက်နဲ့ အချိန်တွေကုန်ဆုံးဖို့တော့ သီးသန့်အချိန်မပေးနိုင်ဘူးလေ။ ကျွန်တော့အတွေးလေးတွေနဲ့ (၁၅)မိနစ်လောက် လမ်းလျှောက်လိုက်တော့ မြို့ထဲက ကျွန်တော်ဝယ်နေကျစာအုပ်ဆိုင်လေးရှေ့ကိုရောက်လာပါတယ်။ ဆိုင်ထဲဝင်မယ်လုပ်တော့ ကျွန်တော့ထက်အလျင် ကောင်မလေးတစ်ယောက် ဝင်သွားတာကိုတော့ မြင်လိုက် မိတယ်။ သူ့နောက်ကကျွန်တော်လိုက်ဝင်သွားရင်း ကျွန်တော်ရွေးချယ်ဝယ်ယူဖြစ်မယ့် စာအုပ်တန်းလေးဆီကို တန်းတန်းမတ်မတ်သွားလိုက်ပါတယ်။ နာရီဝက်လောက်ကြာအောင် ကျွန်တော်လိုချင်တဲ့စာအုပ် သုံးလေးအုပ် လောက်ကို စိတ်ကြိုက်ရွေးချယ်အပြီး ငွေရှင်းဖို့ကောင်တာဘက်ကိုထွက်လာခဲ့လိုက်တယ်။ ကျွန်တော်ကျသင့်ငွေရှင်းပြီး ပြန်အထွက်မှာ စောစောကပဲကျွန်တော့ရှေ့တင်စာအုပ်ဆိုင်ထဲ ဝင်သွားတဲ့ ကောင်မလေးလည်းငွေရှင်းပြီး ပြန်အထွက် စာအုပ်ဆိုင်ရဲ့အဝင်ဝမှာရှိတဲ့ လှေကားနိမ့်လေးကနေ ခြေချော်ကျပြီး ပြိုလဲသွားတာတွေ့လိုက်ရပါတယ်။ ဗုဒ္ဓဘာသာဗမာလူမျိုးတို့ရဲ့ “လဲနေသူ ထူပေးပါ” ဆိုတဲ့ စကားလေးအတိုင်းပေါ့ဗျာ။ ကျွန်တော်လည်း ကူညီချင်စိတ်တွေချက်ချင်းရုန်းကြွလာပြီး အပြေးလေးသွားလို့ သူမကိုထူပေးလိုက်ပါတယ်။ သူမကလည်း ကျွန်တော်တို့ဗမာလူမျိုးတို့ယဉ်ကျေးမှုအတိုင်းပေါ့ဗျာ … “ကျေးဇူးတင်ပါတယ်” ပြန်ပြောလို့ ထော့နဲ့ထော့နဲ့ဖြစ်သွားတဲ့ သူမကိုတွဲပေးလို့ မိတ်ဖြစ်ဆွေဖြစ်နဲ့ အအေးသွားသောက်ကြမယ်ဆိုတဲ့ ရုပ်ရှင်ထဲက ဖိတ်ခေါ်မှုအတိုင်းကို ကျွန်တော်ကစတင်ဖန်တီးလိုက်ပြီး သူမနဲ့ကျွန်တော် မိတ်ဆွေများ ဖြစ်သွားလေသတည်းပေါ့။ 
မေ့လို့ဗျာ … ကျွန်တော်သူမနာမည်လေးကို ပြောမပြရသေးဘူး။ သူမနာမည်က “နွေဆည်းဆာ”တဲ့။ ဆည်းဆာအလှကို အလွန်နှစ်သက်သူတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အနေနဲ့ကတော့ သူမနာမည်လေးကိုလည်း အလွန်ပဲနှစ်သက်မိသလို တမူထူးခြားတဲ့ သူမပုံစံကိုလည်း သဘောကျမိပါရဲ့။ ခေတ်နောက်ပြန်လည်းမဆွဲလွန်း၊ ခေတ်လည်းမဆန်လွန်းတဲ့ သူမရဲ့အပြင်အဆင်၊ သူမရဲ့ပွင့်လင်းစွာ ပြောဆိုတတ်မှု၊ လူတစ်ဖက်သားရဲ့မျက်နှာအမူအရာကိုကြည့်ပြီးမှ စကားအပြောအဆိုသုံးနှုန်းတတ်မှု၊ အထူးသဖြင့်တော့ဗျာ ကျွန်တော်နဲ့ဝါသနာတူဖြစ်တဲ့ စာပေချစ်မြတ်နိုးတတ်မှုလေးတွေကို သဘောကျမိတယ်။ သူမနဲ့ပထမစခင်မင်မိတုန်းကတော့ သူမဟာအလွန်ပေါတောတောနဲ့နေတတ်ပြီး အပေါင်းအသင်းအရမ်းမက်သူလို့ ကျွန်တော်ကောက်ချက်ချခဲ့ဖူးတယ်။ ဒါပေမယ့် သူမနဲ့ခင်မင်ပြီးနောက် အချိန်တွေ တဖြည်းဖြည်းကြာလာတာနဲ့အမျှ အဲဒီကောက်ချက်တွေဟာမှားမှန်းသိလာရတယ်။ သူမရဲ့လူတစ်ဖက်သားအပေါ် အလွန်ဂရုစိုက်တတ်မှုကိုတော့ ကျွန်တော်အလွန်အံ့သြတာအမှန်ပါပဲ။ ကျွန်တော်နဲ့မကြာခဏဆုံဖြစ်တဲ့အချိန် (ကျွန်တော့်ဘက်က တွေ့ချင်လို့တမင်ဖန်တီးယူရတဲ့အချိန်တွေပေါ့ဗျာ)တွေဆို သူမရဲ့ Hand Phone လေး မကြာခဏထမြည်တတ်တာကို သတိထားမိပါတယ်။ “သူမသူငယ်ချင်းတွေဆီက ဖုန်းပါ … ခဏလေးပြောခွင့်ပြုနော်”ဆိုတဲ့ ခွင့်ပြုချက်လေးတောင်းပြီးမှ ဖုန်းပြောတတ်တဲ့ သူမရဲ့အမူအကျင့်လေးတစ်ခုကို လည်း ကျွန်တော်သဘောကျမိပြန်တယ်။ ဖုန်းပြောပြီးတိုင်း ပြုးပြူးပျာပျာနဲ့ “သူငယ်ချင်းတစ်ယောက် စိတ်မကောင်းတွေဖြစ်ပြီး ငိုနေလို့ အမြန်သွားမှရမယ်”ဆိုတဲ့ စကားသံလေးနဲ့အတူ သူမထပြေးတတ်ရင် ကျွန်တော်လည်း မဆိုင်းမတွသူမနောက်ချက်ချင်းထလိုက်တတ်တာမျိုးလေးတွေကတော့ ကျွန်တော့်အတွက် အလေ့အထတစ်ခုလို ဖြစ်လာပြီပေါ့။
ဒီလိုနဲ့ကျွန်တော်တစ်ယောက် “အချစ်”ကို စတင်တွေ့ရှိလာပြီလို့တော့ ယူဆလိုက်တယ်ဗျာ။ သူမနဲ့အတူရှိနေတဲ့ အချိန်တွေဆို ကျွန်တော့ရင်တွေ တဒိတ်ဒိတ်ခုန်နေတတ်တာ၊ သူမပြုံးရီလိုက်တိုင်း၊ ချစ်စဖွယ်အမူအရာလေးတွေ ပြုမူလိုက်တိုင်း (ဥပမာ-ကျွန်တော်နဲ့ချိန်းထားတဲ့အချိန်မှာ တစ်ခါတစ်လေ သူမ နောက်ကျတတ်တဲ့အခါ လျှာလေးတစ်လစ်လေးထုတ်လို့ “တောင်းပန်ပါတယ်။ ဟိုလေ ကားပိတ်လို့၊ လမ်းကြပ်လို့”ဆိုတဲ့ ဆင်ခြေလေးတွေနဲ့ ရီပြတတ်တာ) ကျွန်တော်ငေးမောကြည့်နေမိတတ်တာ၊ သူမနဲ့ချိန်းထားတဲ့နေ့ ကျွန်တော်နောက်ကျတတ်တဲ့အခါ သူမတစ်ယောက်တည်း အားငယ်နေမလားလို့ စိတ်ပူနေတတ်တာ၊ အစုံပါပဲဗျာ။ စက္ကန့်တိုင်း သူမနဲ့ပတ်သတ်သမျှအတွေးတွေက ကျွန်တော့်အချိန်ဇယားတွေ ကိုနေရာယူထားတာတွေကို သတိထားမိလာခဲ့အခါ ကျွန်တော့သူငယ်ချင်းတွေနဲ့ ခေါင်းချင်းဆိုင်တိုင်ပင်လို့ ထိုအရာကို“အချစ်“ဟု ခေါ်သည်ဟု ခေါင်းစဉ်တပ်ပစ်လိုက်ကြပါတယ်။ အချစ်ဆိုတဲ့အရာကို နဖူးတွေ့၊ ဒူးတွေ့ တွေ့လာရတော့ ကျွန်တော့်ရင်တွေအေးမြသလိုလို၊ ပူလောင်သလိုလိုခံစားချက် အမျိုးမျိုးတွေ ကျွန်တော်ခံစားလာရပါပြီ။ သူမနဲ့အတူရှိနေတဲ့အချိန်တိုင်း၊ သူမကိုငေးမောကြည့်နေရတဲ့အချိန်တွေတိုင်း ကျွန်တော့ရင်တွေအေးမြနေတတ်ပေမယ့် သူမနဲ့အဝေးကို ကျွန်တော်ရောက်သွားမှာ၊ သူမကိုလက်လွှတ်ဆုံးရှုံးရမှာတွေကို တွေးမိပြန်တော့ ကျွန်တော့ရင်တွေပူလောင်လာပြန်ရော။ အဲဒီတော့ “ကျွန်တော် ဘာလုပ်ရမလည်း၊ ဘာလုပ်သင့်လည်း”ဆိုတဲ့မေးခွန်းတွေကို ထုတ်လို့ ကျွန်တော့သူငယ်ချင်းတွေနဲ့ အဖြေညှိကြရပြန်တာပေါ့။ ကျွန်တော့်သူငယ်ချင်းတွေကတော့ “ကိုယ့်အချစ်ကို သူသိအောင်ဖွင့်ပြောပေါ့ကွာ”ဆိုတဲ့ အဖြေကိုလည်း ကျွန်တော်မကျေနပ်ပြန်ဘူး။ ကျွန်တော်များဖွင့်ပြောလိုက်လို့ သူမငြင်းလွှတ်လိုက်တဲ့အခါ၊ သူမစိတ်ဆိုးသွားတဲ့အခါ သူမနဲ့ခင်မင်မှုလေးတွေ ပျက်ပြားသွားပြီး သူမဘေးနားနေခွင့်မရတော့မှာလည်း စိုးရိမ်မိပြန်သေးပေါ့။ အစုံပဲဗျာ။ အဲဒီလိုအတွေးတွေ အစုံအလင်နဲ့ပဲ ကျွန်တော့်ရဲ့ညတွေ အိပ်ပျက်လာတယ်။ ကျွန်တော့်ခံစားချက်တွေပေါက်ကွဲပြီး ကဗျာအပိုင်းအစလေးတွေ ဖန်တီးဖြစ်လာတယ်။ ကျွန်တော့်ရဲ့ညတွေဟာ ကဗျာတွေနဲ့ပြည့်နှက်နေခဲ့တာပေါ့။
အိပ်ရေးပျက်ပေါင်းများလာတော့ အားနည်းပြီးနေမကောင်းဖြစ်တဲ့တစ်ရက်မှာတော့ ရုံးကခွင့်ယူပြီး နားလိုက်ရသည်ထိ ဖြစ်လာတော့ အိမ်က ကျွန်တော့မိဘတွေတောင်အံ့သြနေကြတယ်။ ငယ်ငယ်ကတည်းက ဖျားခြင်း၊ နာခြင်းကင်းဝေးလာခဲ့တဲ့ ကျွန်တော်တစ်ယောက် နေမကောင်းဘူးဆိုတော့ တစ်ဦးတည်းသော သားဖြစ်တဲ့ ကျွန်တော့်ကို သည်းသည်းလှုပ်အောင်ချစ်တဲ့ ကျွန်တော့်မေမေတစ်ယောက် အလုပ်များပြီပေါ့ဗျာ။ မနက်စောစောထ ကြက်သားဆန်ပြုတ်ပူပူလေးကို မေမေကိုယ်တိုင်ခွံ့ကျွေးလို့ ဆေးသောက်ပြီး တစ်ရေးတစ်မောပြန်အိပ်မယ်အလုပ်မှာ ကျွန်တော့် Hand Phone လေးဆီမှ သီချင်းသံလေးထွက်လာလေတော့ နံံပါတ်ကြည့်လိုက်တဲ့အခါ ကျွန်တော်ရင်းနှီးနေသော သူမရဲ့ဖုန်းနံပါတ်လေး ဖြစ်နေပါတယ်။ ဖုန်းကိုင်လိုက်တော့ ပထမဦးဆုံးကြားလိုက်ရတာက စိတ်ပူတဲ့အသံကြီးနဲ့ “ကိုမင်းဘုန်းခ … နေမကောင်းဖြစ်တာတောင် မပြောပြနိုင်ရလောက်အောင် မာနကြီးနေတာလား?”ဆိုတဲ့ ဂရုဏာဒေါသနဲ့ မေးမြန်းအပြစ်တင်သံကို ကြားလိုက်ရတော့ ကျွန်တော့ရင်ထဲနွေးထွေးသွားလိုက်တာဗျာ။ ကျွန်တော်ပိုတယ်လို့ပဲ သတ်မှတ်ချင်သတ်မှတ်ကြတော့ဗျာ။ နည်းနည်းလေးတော့ ထပ်ကဲပြီး “ခေါင်းတွေမူးပြီး နေမကောင်းဖြစ်နေတော့ အိပ်ယာထဲကမထနိုင်တာနဲ့ ဖုန်းမဆက်ဖြစ်တာပါ”ဆိုတဲ့ ဖြေရှင်းချက်လေး ပေးလိုက်ပါတယ်။ (၁၀)မိနစ်လောက် စကားတွေဖောင်ဖွဲ့အောင်ပြောပြနေတဲ့ သူမရဲ့စကားသံလေးတွေကို ကြည်နူးစွာနားထောင်ပေးရင်းနဲ့ ဖုန်းချကာနီးမှာ ကျွန်တော့်အိမ်လိပ်စာလေးကို မေးပြီး နေကောင်းအောင်နေနော်၊ ဆေးမှန်မှန်သောက်နော်ဆိုတဲ့ မှာကြားချက်လေးတွေ ကြားရတော့ ကျွန်တော် အတိုင်းမသိကြည်နူးပျော်ရွှင်ရပြန်ပါတယ်။ ဖုန်းပြောပြီး တစ်မှေးလောက်တော့ အိပ်အုံးမယ်ဆိုတဲ့ အတွေးနဲ့ပဲ ကျွန်တော့်အိပ်ပျော်သွားပါတယ်။ အိပ်မက်ထဲမှာ ကျွန်တော့်ဘေးမှာ စိတ်ပူတဲ့မျက်နှာနဲ့ ပြုစုပေးနေတဲ့ သူမကို မြင်ရတော့ ကျွန်တော်အသည်းယားလွန်းလို့ ဖက်မိလိုက်တော့ ကျွန်တော့်ရင်ခွင်ထဲကနေ ရှက်စနိုးလေးနဲ့ ရုန်းကန်နေလေ သူမကိုတင်းကြပ်စွာဖက်ထားမိလေပါပဲ။
ကျွန်တော်ဘယ်လောက်တောင် နှစ်ခြိုက်စွာအိပ်ပျော်ပြီး အိပ်မက်တွေမက်ပစ်လိုက်လည်းတော့ မသိဘူး။ ကျွန်တော့်မေမေ ဆေးသောက်ဖို့ လာနှိုးတဲ့အချိန် နာရီကြည့်လိုက်တော့ နေ့လည်(၁)နာရီခွဲ … မေမေပြုတ်ပေးတဲ့ ကြာဇံပြုတ်ပူပူလေးကို သောက်၊ ဆေးသောက်အပြီး အနွေးထည်ဝတ်လို့ ဝရံတာဘက် ခဏထွက်လာလိုက်ပါတယ်။ ဝရံတာလေးမှာခဏရပ်ပြီး အတွေးလေးတွေနဲ့နစ်မြောနေတုန်း အိမ်ရှေ့ခြံတံခါး ခေါင်းလောင်းတီးသံလေးကြားလိုက်တော့ ကျွန်တော်လှမ်းကြည့်လိုက်တဲ့အခါ အရမ်းကိုအံ့သြသွားရပါတယ်။ သူမ … ကျွန်တော်ချစ်မြတ်နိုးရသော သူမ။ အိမ်လိပ်စာမေးသွားပေမယ့် ကျွန်တော့်အိမ်အထိ ကိုယ်တိုင် လိုက်လာမယ်လို့ မမျှော်လင့်ခဲ့တာတော့ အမှန်ပါပဲလေ။ ကျွန်တော့်ဘက်ကသာ တိတ်တခိုးချစ်နေရတာ သူမဘက်ကတော့ ကျွန်တော့်အပေါ် မိတ်ဆွေအဆင့်ထက်တော့ မပိုဘူးဆိုတာ သိနေတာကိုးဗျ။ ဘာပဲဖြစ်ဖြစ်ပါ ကျွန်တော်အရမ်းအံ့သြဝမ်းသာခဲ့ရတာတော့ အမှန်ပဲ။ ဒါနဲ့အောက်ထပ်ကို သူမကိုတွေ့ချင်ဇောနဲ့ မြန်မြန်လေးဆင်းလိုက်ပါတယ်။ ကျွန်တော့်မေမေကတော့ တံခါးပေါက်မှာ အဆင်သင့်ကြိုနေလေရဲ့။ “သမီး … ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ”ဆိုတဲ့ စကားမျိုးမမေးရအောင် ကျွန်တော့် မေမေက လိမ္မာပါးနပ်လွန်းပါဘိ။ ကျွန်တော်ကပဲ မေမေနဲ့သူမကို စတင်မိတ်ဆက်ပေးလိုက်ပါတယ်။ “အန်တီ့သားရဲ့ ရှားရှားပါးပါးမိန်းကလေးမိတ်ဆွေဆိုတော့ အန်တီလည်း ခင်မင်မိပါတယ်ကွယ်”ဆိုတဲ့ မေမေ့ရဲ့စကားအသုံးအနှုန်းအောက်မှာ ကျွန်တော်ဘယ်လောက်ဂုဏ်တက်သွားသလည်းတော့ မသိဘူး။ သူမကတော့ မေမေနဲ့စကားလက်ဆုံကျနေလေရဲ့။ ခဏကြာတော့ ကျွန်တော့်မေမေက “သားတို့ စကားပြောကြအုံး”ဆိုပြီး အလိုက်တသိထထွက်သွားပေးတော့မှ ကျွန်တော့်စကားလေးတွေ ပြောပြခွင့်အလှည့်ရောက်တော့တယ်။ ကျွန်တော်လည်း သူမနဲ့တောင်စဉ်ရေမရစကားတွေ လျှောက်ပြော၊ သူမပြောတာလေးတွေနားထောင်နဲ့ ညနေစောင်းအချိန်လောက်မှာ သူမပြန်တော့မယ်ဆိုတာနဲ့ ကျွန်တော် ခြံပေါက်ဝထိ လိုက်ပို့လိုက်ပါတယ်။ ပြန်ကာနီးခြံပေါက်ဝမှာသူမပြောသွားတဲ့ “နေကောင်းအောင်နေပါနော် … နို့မို့ဆိုစိတ်ပူရတာနဲ့ပဲ သေမှာပဲ”ဆိုတဲ့ စကားလေးကို အထအနအမျိုးမျိုးကောက်လို့ ကျွန်တော်လိုရာ ဆွဲတွေးပစ်လိုက်ပြီး ရင်ခုန်းကြည်နူးခြင်းတွေ ကျွန်တော့ရင်ထဲမှာစီးဆင်းသွားတာ သူမရိပ်မိသွားမှာလည်း စိုးရိမ်မိပြန်သေးတယ်။
သူမနဲ့ခင်မင်နေခဲ့ရတဲ့အချိန်တွေ … ကျွန်တော်တိတ်တခိုးဖြစ်နေရတဲ့အချိန်တွေကြာလာတဲ့တစ်နေ့ … ကျွန်တော်တို့ခင်မင်မှုသက်တမ်းလေး(၁)နှစ်ကျော်အချိန်လေးဖြစ်လာတဲ့တစ်နေ့မှာတော့ ကျွန်တော့် ခံစားချက်တွေပေါက်ကွဲထွက်သွားမိလိုက်ပါတယ်။ အဲဒီနေ့က နိုင်ငံခြားကခဏပြန်ရောက်လာပါတယ်ဆိုတဲ့ သူမရဲ့အခင်ဆုံးသူငယ်ချင်း “ဝေလင်း”ဆိုတာနဲ့ ကျွန်တော့ကို မိတ်ဆက်ပေးခဲ့တယ်။ သူမနဲ့ပတ်သက်သမျှ အားလုံးနီးပါးသိရှိလာခဲ့ရပေမယ့် သူမနဲ့ကျွန်တော်ခင်မင်လာခဲ့တဲ့နေ့ရက်တစ်လျှောက်မှာ သူမပါးစပ်က ထိုနာမည်ကို တစ်ခါမှမကြားခဲ့ဖူးလေတော့ ကျွန်တော့်အတွက်ကတော့ အထူးအဆန်းလိုပါပဲ။ ခါတိုင်းဆို ယောကျ်ားလေး တစ်ယောက်နဲ့အဲဒီလောက်ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံတာကို မတွေ့ဖူးခဲ့တဲ့ကျွန်တော် ခုသူမနဲ့ အဲဒီအခင်ဆုံးသူငယ်ချင်းဆိုတဲ့ပုဂ္ဂိုလ်နဲ့ ရီလိုက်မောလိုက်စကားတွေပြောလိုက်နဲ့ ကျွန်တော်တစ်ယောက်လုံး ရှိနေတာကို လျစ်လျူရှုပြီး စကားတွေပြောဆိုနေကြတာတွေ့ရတော့ ကျွန်တော့်ရင်ထဲမှာ ဝန်တိုစိတ်တွေ တဖွားဖွားဖြစ်ပြီး ထိုပုဂ္ဂိုလ်ကိုဆွဲမထိုးမိအောင် ဒေါသတွေမနည်းထိန်းချုပ်ထားရတယ်။ ဒါနဲ့ကျွန်တော်လည်း သူမတို့(၂)ယောက်ရှေ့မှာ ဆက်ထိုင်မနေချင်တာနဲ့ သူမကိုမြို့ထဲကစာအုပ်ဆိုင်ဘက်သွားစရာရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရှောင်ထွက်လာလိုက်တယ်။ သူမနဲ့ ထိုပုဂ္ဂိုလ်နဲ့က အရင်ခင်မင်ခဲ့ရတာမဟုတ်လား။ ဒါ့အပြင် ကျွန်တော်နဲ့ သူမကလည်း ဘာမှမသက်ဆိုင်သေးတဲ့ သူ(၂)ယောက်ဖြစ်နေတဲ့အတွက် ကျွန်တော်ကပဲ ရှောင်လာရတာပေါ့ဗျာ။ ဒေါသထွက်နေတာကတစ်ကြောင်း၊ စိတ်ရှုပ်နေတဲ့အချိန် လူကြပ်ကြပ်နဲ့ ဘတ်စ်ကားတိုးမစီးချင်တာကတစ်ကြောင်း၊ ဘတ်စ်ကားပေါ်ရောက်ပြန်ရင်လည်း နေရာလေးရပြီး အေးဆေးလေး အတွေးနယ်ချဲ့လို့မရမှာကတစ်ကြောင်းဆိုတာတွေနဲ့ပဲ ကျွန်တော် Taxi ငှားပြီးပဲ မြို့ထဲက စာအုပ်ဆိုင်လေးဆီသို့ သွားမယ်လို့ စိတ်ကူးပြီး Taxi တစ်စီးတားလို့ Taxi ခ ကျွန်တော့်ဘက်က ပေးနိုင်သလောက်နဲ့ ကားမောင်းသမားဘက်က ကျေနပ်နိုင်မယ့် ကားခကိုညှိယူပြီး ကားပေါ်တက်လိုက်တော့ “ခဏနေပါအုံး”ဆိုတဲ့ အော်ပြောသံလေးနဲ့ ကျွန်တော်ငှားထားတဲ့ Taxi တံခါးလေးအပြေးအလွှားဆွဲဖွင့်လို့ ကျွန်တော့်ဘေးမှာ ဝင်ထိုင်လိုက်တဲ့ သူမကိုမြင်လိုက်ရတော့ အံ့သြသွားမိပါတယ်။ ကားထွက်ထွက်ချင်းမှာပဲ “ဘယ်လိုဖြစ်လို့ ခဏလေးတောင်မစောင့်နိုင်တာလဲ”ဆိုတဲ့ အပြစ်တင်သံနဲ့အတူ သူမနှုတ်ခမ်းလေးစူပြီး ပြောတော့ ငေးကြည့်မိသွားတဲ့ ကျွန်တော်တောင်ကမ္ဘာအပြင်ဘက်ဆီမှာ သူမနဲ့(၂)ယောက်တည်းရှိနေသလိုတောင် ခံစားသွားရပါတယ်။ “သူငယ်ချင်း(၂)ယောက် စကားပြောတာကို အနှောက်အယှက်ဖြစ်မှာစိုးလို့ပါ”ဆိုတဲ့ အကြောင်းပြချက်နောက်ကွယ်က သဝန်တိုမှုတွေကို သူမများရိပ်မိ သွားလေသလားမသိ။ ရယ်သံလေးနဲ့ “ဘာလည်း … အူတိုနေတာလား ?”လို့ သူမကရုတ်တရက်ပွင့်ပွင့်လင်းလင်းကြီး မေးပစ်လိုက်တာ “ဟုတ်တယ် … ကိုယ်မကြိုက်ဘူး … မင်းကို ဘယ်ယောကျ်ားလေးနဲ့မှ တရင်းတနှီးရီမောပြောဆိုစေချင်တာ မဟုတ်ဘူး … အဲဒါဘာဖြစ်လို့လည်းလို့ သိချင်ရင်တော့ ပြောပြပေးမယ် … မင်းကို ငါချစ်နေလို့ပဲ … ငါအရိပ်တကြည့်ကြည့်နဲ့ဖြစ်နေရတဲ့ မင်းကို မြတ်မြတ်နိုးနိုးချစ်မိနေလို့ပဲ” ဆိုပြီး ပြောချပစ်လိုက်မိတယ် … ကျွန်တော့်ရဲ့ဘယ်အချိန်က ပေါက်ကွဲချင်နေတဲ့ ဒေါသတွေလည်းတော့ မသိဘူး။ ကျွန်တော်ကိုယ်တိုင် စီမံထားမိတဲ့ စကားလုံးတွေ အကုန်ထွက်ကျအပြီးမှာတော့ ကားမောင်းနေတဲ့ Taxi သမားကလည်း နောက်ကြည့်မှန်ကနေ ကျွန်တော့်ကို ပြုံးစိစိနဲ့ကြည့်နေသလို … သူမကလည်း တအံ့တသြနဲ့ ကျွန်တော့ကိုကြောင်ငေးကြည့်နေသလို … ကျွန်တော်ကလည်း ပြောချင်ရာပြောပစ်ပြီးကာမှ ထူပူပြီး မနေတတ်မထိုင်တတ်နဲ့ သူမဘေးနားကနေ အငွေ့အဖြစ်နဲ့ပျောက်ကွယ်သွားချင်တဲ့ စိတ်တွေတဖွားဖွားဖြစ်လို့ သူမမျက်နှာမှာ ဖြစ်ပေါ်နေတဲ့ ခံစားချက်အရိပ်တွေကို လိုက်ဖမ်းကြည့်မနေနိုင်တော့ပဲ ကားပြတင်းပေါက်ဆီကနေ ခုန်ချထွက်ပြေးချင်စိတ်ကို မနည်းမျိုသိပ်ပြီး မျက်နှာလွှဲနေလိုက်ပါတယ်။
တစ်ကားလုံးစကားသံတိတ်ဆိတ်လို့ ငြိမ်သက်နေတုန်း ကျွန်တော့ဖုန်းလေးဆီမှ message ရောက်သံ ringtone လေးကြားလိုက်တော့ ဖွင့်ဖတ်ကြည့်လိုက်တာ ဘေးချင်းကပ်ထိုင်နေတဲ့ သူမဆီက “လူလည်ကြီး”ဆိုတဲ့ နောက်ပြောင်စာလေး တွေ့ရတော့ သူမစိတ်တော့ဆိုးမသွားဘူးဆိုတာ သိလိုက်ရပါတယ်။ မြို့ထဲရောက်တော့ ကားခကျသင့်ငွေကိုရှင်းပေးပြီး သူမကိုတောင် ဂရုတစိုက်မခေါ်မိဘဲ ရှေ့ကနေခြေလှမ်းကျဲကြီးတွေနဲ့ ကျွန်တော်ပြေးလေတော့ “ရှေ့ကလူကြီး … စောင့်ပါအုံး … ဘာဖြစ်နေတာလည်း … စာအုပ်ဆိုင်က ထွက်ပြေးသွားမှာကျနေတာပဲ”ဆိုတဲ့ သူမအော်ပြောနေသံလေးကို မကြားတစ်ချက် ကြားတစ်ချက်ပါပဲ။ စာအုပ်ဆိုင်ထဲမှာလည်း သူမနဲ့မျက်နှာချင်းဆိုင်မိမှာစိုးလို့ ကိုယ်လိုချင်တဲ့ စာအုပ်ကိုတောင် အချိန်ပေးအေးဆေးမရှာဖြစ်တော့ဘဲ ကောင်းမယ်ထင်ရာ စာအုပ်(၂)အုပ်လောက်ကိုယူ ... ငွေရှင်းအပြီးမှာ ကျွန်တော့်အနားရောက်လာတဲ့ သူမကို “အိမ်ပြန်တော့မယ်”လို့ နှုတ်ဆက်ပြီး ဆိုင်ထဲက ထွက်လာတော့ “အရှက်အကြောက်သိပ်ကြီးတဲ့လူကြီး … ရှင့်ကိုဘယ်တော့မှမခေါ်တော့ဘူး”ဆိုတဲ့ အသံလေးကို ကြားပေမယ့် ကျွန်တော်ပြန်လှည့်မကြည့်ဖြစ်ခဲ့ပါဘူး။
ဒီလိုနဲ့ကျွန်တော် ရှက်ရှက်နဲ့ပဲ သူမဆီကို ဖုန်းလည်းမဆက် … လူချင်းလည်းမတွေးဘဲရှောင်နေခဲ့လိုက်တာ တစ်ပတ်လောက် အကြာမှာတော့ ကျွန်တော်သူမကို အရမ်းလွမ်းဆွတ်လာမိတယ်ဗျာ။ တစ်ပတ်ကြာမှ လွမ်းမိရလားလို့တော့ မထင်လိုက်ပါနဲ့။ ဟိုးအရင် သူမကို ကျွန်တော်ချစ်မိနေပြီလို့ စပြီးသတိမထားမိခင်ကတည်းက သူမနဲ့တစ်ရက်လောက် မတွေ့ရရင်တောင် သတိရနေတတ်သူပါဗျာ။ သူမနဲ့မတွေ့ဖြစ်ပေမယ့် ဖုန်းတော့ပြောဖြစ်သေးတယ်လေ။ ခုတော့ ကျွန်တော်ချစ်နေပါတယ်လို့ဝန်ခံအပြီး သူမလည်းကျွန်တော့်ခံစားချက်တွေကို သိသွားပြီးနောက်ပိုင်းမှာ လူချင်းလည်းမတွေ့ရ၊ သူမအသံကိုလည်း မကြားရလေတော့ ကျွန်တော့်အလွမ်းတွေက သိသိသာသာပိုဆိုးလာတယ်။ ဒါနဲ့ပဲအပြစ်ရှိသလိုခံစားနေရတဲ့ ခံစားချက်ကြောင့်တစ်ကြောင်း၊ အားနာစိတ်တွေကတစ်ကြောင်းနဲ့ သူမကို ရှောင်နေခဲ့တဲ့ ကျွန်တော်မနေနိုင်တဲ့ အဆုံး ရုံးဆင်းကာနီးညနေခင်းအချိန်လေးတစ်ရက်မှာ ကျွန်တော်ရင်းနှီးနေသော ဖုန်းနံပါတ်လေးတွေကိုနှိပ်လို့ ဖုန်းခေါ်လိုက်ပါတယ်။ “တူ”ဆိုတဲ့ ဖုန်းခေါ်သံလေး အဆုံးမှာ “လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ သတ်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်းမရှိပါသဖြင့် ခေတ္တစောင့်ဆိုင်းပြီးမှ ပြန်လည်ခေါ်ဆိုပါရှင်”တဲ့။ သူမဘာကြောင့် ဖုန်းမကိုင်တာပါလည်း?။ ကျွန်တော့်ဦးနှောက်နဲ့ဉာဏ်မှီသလောက် စဉ်းစားကြည့်လိုက်တော့ ထိုနေ့က မိန်းကလေးတစ်ယောက်ကို လျစ်လျူရှုမိခဲ့မိလိုက်တဲ့ ကျွန်တော်ပြုမူခဲ့တဲ့ အပြုအမူတွေအတွက် ကျွန်တော်လွန်စွာနောင်တရမိပါတယ်။ ကျွန်တော့်အတွေးတွေနဲ့ ရင်တွေတော်တော်ပူသွားပါတယ်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ပါဘူး။ ဒါနဲ့ နောက်တစ်ကြိမ်ဖုန်းခေါ်ကြည့်မယ်ဆိုပြီး တွေးနေတုန်း ကျွန်တော့်ဖုန်းလေးမြည်လာလို့ နံပါတ်ကြည့်လိုက်တော့ သူမ …။ ကျွန်တော်ဟန်တောင်မဆောင်နိုင်ပါဘူး။ ချက်ချင်းဖုန်းကိုင်လိုက်တော့ “လူဆိုးကြီး … အရှက်အကြောက်တော်တော်ကြီးတဲ့လူကြီး … ဖုန်းတစ်ခါခေါ်လို့ မကိုင်မိတာနဲ့ပဲ ထပ်ကိုမခေါ်တော့ဘူး။ ဘယ်လိုလူကြီးမှန်းကို မသိဘူး … အဆက်အသွယ်မလုပ်ဘဲ နေနိုင်နေတာလည်း တစ်ပတ်တောင်ကျော်နေပြီ … နည်းနည်းလေးမှစာနာစိတ်ကိုမရှိဘူး”ဆိုတဲ့ ဝမ်းနည်းသံစွက်နေတဲ့စကားသံကို ကြားလိုက်ရတော့ ကျွန်တော်ရင်ထဲနင့်သွားလိုက်တာဗျာ။ ကျွန်တော်က သူမဘက်ကအခြေအနေကို နည်းနည်းလေးမှမတွေးဘဲ ကျွန်တော်ပြောချင်ရာတွေ ပြောခဲ့ပြီး ကိုယ်လိုရာဆွဲတွေးပြီး အတွေးပေါင်းမြောက်များစွာနဲ့ကျွန်တော့်ကိုယ်ကျွန်တော်တင်မကဘူး … သူမကိုပါ စိတ်ညစ်စေတဲ့ သူတစ်ယောက်ဖြစ်နေပါပြီ။ “စိတ်မဆိုးပါနဲ့ကွာ … ကြောက်တာတွေရော၊ ရှက်တာတွေရော၊ စိတ်ဆိုးသွားမှာစိုးတာတွေရော အစုံလျှောက်တွေးမိပြီး မျက်နှာပူလို့ ရှောင်နေခဲ့မိတာပါ … ကိုယ်မှားသွားပါတယ်”လို့ တောင်းပန်သံအဆုံးမှာ သူမဆီကရှိုက်သံသဲ့သဲ့ထွက်လာတော့ ကျွန်တော်ရင်ထဲ အတော်နာကျင်သွားရပါတယ်။ ကျွန်တော်ထပ်မံမှားမိပြန်ပြီပေါ့။ သူမဆီကစကားသံထွက်မလာဘဲ တိတ်ဆိတ်နေလေတော့ ကျွန်တော်အတော်လေးစိတ်ပူသွားမိတယ်။ “ခုဘယ်မှာလည်း … ခုချက်ချင်းလာခဲ့မယ်”လို့ မေးပြီး ကျွန်တော်ချက်ချင်းပဲသူမရှိရာနေရာလေးသို့ အပြေးလေးသွားမိပါတယ်။ 
သူမရှိနေတဲ့နေရာလေးက ကျွန်တော်တို့စတင်ဆုံစည်းခဲ့လေသော စာအုပ်ဆိုင်လေး … ကျွန်တော်တို့ဆုံစည်းခဲ့လေသော ညနေခင်းအချိန်လေးမှာပါပဲ။ သူမရှေ့ ရောက်သွားတော့ သူမမော့အကြည့်မှာ မျက်ဝန်းထဲကမျက်ရည်စတွေကို တွေ့လိုက်ရတော့ ကျွန်တော့်နှလုံးသားတစ်ခုလုံး ပေါက်ထွက်မထွက် နာကျင်ရပါတယ်။ ဒါနဲ့ အေးဆေးစကားပြောလို့ရမယ့်နေရာလေးတစ်ခုဆီ သူမကိုလက်ဆွဲခေါ်လာလိုက်ပါတယ်။ ဘယ်ကနေဘယ်လိုစပြောရမှန်း မသိဖြစ်နေတဲ့ ကျွန်တော့်အတွက် စကားလုံးတွေစဉ်းစားနေတုန်းမှာ “ပြောချင်ရာတွေပြောသွားပြီး တစ်ဖက်သားဘယ်လိုခံစားကျန်ခဲ့ရတယ် ဆိုတာကို နည်းနည်းလေးမှ ဂရုမစိုက်တဲ့လူ … အနားမှာရှိနေတဲ့လူတစ်ယောက်  ရုတ်တရက်အဆက်အသွယ် မလုပ်ဘဲ ပျောက်သွားတော့ ဘယ်လောက်ဝမ်းနည်းနေရမယ်ဆိုတာ မတွေးမိဘူးလား”ဆိုတဲ့ အပြစ်တင်သံစကားလေးတွေဆက်တိုက်ပြောလို့ ကျွန်တော့်ကိုထုရိုက်ပြီး ဝမ်းနည်းစွာငိုလေတော့ ကျွန်တော်ဘာစကားမှပြန်မပြောဖြစ်ဘဲ သူမကိုကျွန်တော့်ရင်ခွင်ထဲထွေးပိုက်ထားလိုက်ပါတယ်။ သူမ ငိုရှိုက်လို့ အားရသွားတဲ့အချိန်လောက်မှာ ကျွန်တော့်ရင်ခွင်ထဲက မျက်နှာခွာလို့ “ပြောစမ်းပါအုံး … ဘာအကြောင်းကြောင့် ဆိုတဲ့ ဖြေရှင်းချက်လေးတွေ … နားထောင်ကြည့်ရတာပေါ့”လို့ ချစ်စဖွယ်ရန်စွာလေတော့ ကျွန်တော့်ရဲ့ရင်ထဲက ခံစားချက်တွေကို အမှန်အတိုင်းဖွင့်ပြောလိုက်ပါတယ်။ သူမကို ကျွန်တော်ဘယ်လောက်ချစ်မြတ်နိုးရကြောင်းတွေပေါ့ဗျာ။ ကျွန်တော့်စကားသံတွေအဆုံးမှာတော့ ငြိမ်သက်နေတဲ့ သူမကို မရဲတရဲနဲ့ပဲ “စိတ်ဆိုးသွားတာလားဟင်”လို့ မေးမိတော့ “စိတ်ဆိုးတာ မဟုတ်ဘူး … လူတစ်ဖက်သားရဲ့ဘယ်လိုခံစားချက်ရှိတယ်ဆိုတာကို ဂရုမစိုက်တဲ့အတွက် ဒီလိုချစ်ခွင့်ပန်တာကို အကြာကြီးစောင့်လိုက်ရတဲ့အတွက် စိတ်ကောက်တာ”ဆိုတဲ့ အဖြေစကားလေးအဆုံးမှာတော့ ကျွန်တော့် ထကမိမတတ်ပျော်ရွှင်သွားခဲ့ရပါတယ်။ သူမကိုလည်းတင်းကျပ်စွာဖက်လို့ “နောက်ဘယ်တော့မှ ကို့ရဲ့ချစ်သူလေးကို ဘယ်တော့မှမျက်ရည်ကျအောင် … စိတ်ညစ်အောင်မလုပ်တော့ပါဘူးကွာ”ဆိုတဲ့ ကတိတွေနဲ့ ကျွန်တော့်ရဲ့ညနေခင်းလေးဟာ ချစ်သူနဲ့အတူရှိခွင့်ရတဲ့အတွက် လှပနေပါတော့တယ်။
(မှတ်ချက်။ “ ဝတ္ထုဖတ်ချင်ပါသည်၊ ရေးပေးပါအုံး”လို့ပြောလာသော စာချစ်သူချစ်မိတ်ဆွေများအတွက် ဖန်တီးရေးသားဖြစ်ပါသည်။)
မိုးညချမ်း
7.8.2012 (4:35 p.m)
9 comments:
  1. လှပတဲ့ ဇာတ်သိမ်းလေးနဲ့ဝထ္ထုကိုခံစားလို့က်ရလို့
    အမောပြေသွားပြီကွယ်
    ReplyDelete
  2. ဇာတ်လမ်းလေး ကဖတ်လို့အရမ်းကောင်းပါတယ်
    စဖတ်ကတည်းက ဇာတ်လမ်းထဲမှာ မျှောပါသွားတာအမှန်ပါပဲ
    အရေးအသားမှာတွေကော် ရေးချင်တာကို ပေါ်လွင်လှပါတယ်
    သည်ဝတ္တုလေးက စာဖတ်သူကိုလည်း ပီတိဖြစ်စေပါတယ် သူများတော့မသိဘူးလေ ကျွန်တော်တော့ပီတိဖြစ်မိသား တစ်ယောက်တည်းဖတ်ရင်းပြုံးနေတာ ^_^
    ဇာတ်သိမ်းခန်းလေးမှာ လည်း ခံစားလို့တော့ ကောင်းသား ^_^
    ခင်တဲ့(အိမ်မက်ကောင်းကင်)
    ReplyDelete
  3. ညလေးရေ... တော်၏...အားပေးတွားတယ်။
    မကြီးလွမ်းကတော့ အဲလိုတွေ ရေးတတ်ဖူး။
    စံပယ်လိုလည်း ကဗျာတွေ မဖန်တီးတတ်ဘူး.
    ဖတ်ပြီး ခံစားယုံ သက်သက်ဘဲ တတ်သူ...
    အဆုံးသတ်လည်းလှတယ်။
    ReplyDelete
  4. အားပေးသွားတယ်နော် ညီမလေး..နောက်လည်း အများကြီးဖန်တီးနိုင်ပါစေ :)
    ReplyDelete
  5. ဇာတ်လမ်းလေးကိုကြိုက်တယ်... ရေးတဲ့သူလည်းတော်တယ်..:)
    ReplyDelete
  6. ၀ထ္ထုတိုလေးအားပေးသွားပါကြောင်း
    ReplyDelete
  7. ကြည်နူးစရာပဲ.. အနာဂါတ်မှာ သူ့ချစ်သူလေးတော့ မျက်ရည်လဲ ကင်းပြီပေါ့.. :)
    ReplyDelete
  8. အရမ်းကောင်းတာပဲ နောက်လည်း
    ဆက်ရေးဖို့တိုက်တွန်းပါတယ်....
    ReplyDelete
တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)
  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...