Wednesday, August 29, 2012

ခံစားမှုအပိုင်းအစ(၁)



“အသည်းကွဲခြင်း”တဲ့ရှင်။ အမှန်ဆို အသည်းကွဲတဲ့အခါ ကျွန်မလုံးဝလဲကျသွားမယ်ထင်ခဲ့တာ။ အတွေးနဲ့ လက်တွေ့ အရမ်းကိုကွာခြားသွားတာပါလား။ အမှန်ပြောရရင် ကျွန်မလည်း“အချစ်”ကို ယုံခဲ့သူ တစ်ယောက်တော့ မဟုတ်ပါဘူး။ အခြားသူတစ်ယောက်ကို ရူးမိုက်လောက်အောင် ချစ်မိသွားလိမ့်မယ်လို့လည်း ကိုယ့်ကိုကိုယ်မထင်မိခဲ့သူတစ်ယောက်ပါ။ တက္ကသိုလ်ကျောင်းတက်တုန်းက ကျွန်မကို Propose လုပ်တဲ့သူတွေကို ကျွန်မ“မချစ်နိုင်ဘူး”လို့ ငြင်းလိုက်တဲ့အခါ စကားတစ်ခွန်းမှထပ် မထွက်လာဘဲ တိတ်ဆိတ်စွာ နောက်ဆုတ်သွားသူတစ်ယောက်က သိပ်မကြာသေးခင်အချိန်လေးမှာ သူ့ကိုလက်ခံကြည်ဖြူမယ့် မိန်းကလေးတစ်ယောက်နဲ့များ တွဲသွားတာမြင်ရင် “ကောင်းလိုက်တာ … ငါ့လို ဂျွတ်ဆတ်ဆတ် မိန်းမထက်စာရင် ချစ်စရာမိန်းကလေးပဲ”လို့ ကောက်ချက်ချလို့ ၁၀၀% အပြည့်မဟုတ်ရင်တောင် ၇၀% လောက်ထိတော့ မေတ္တာစိတ်ကလေး ထားနိုင်ခဲ့ပါတယ်။ တစ်ချို့တစ်လေတွေများ “မချစ်နိုင်ဘူး”လို့ ငြင်းလိုက်တဲ့အခါ “မင်းကိုမှ မချစ်ရရင် သေရပါလိမ့်မယ် … ဘဝမှာမင်းတစ်ယောက်တည်းချစ်တာပါ”ဆိုတဲ့ စကားအပိုမျိုးပြောခဲ့တဲ့သူကိုများ တစ်ပတ်လောက်နေလို့ ကောင်မလေးတစ်ယောက်နဲ့ မတွေ့လိုက်နဲ့ ကျွန်မ ပညာပေးရမှကျေနပ်တဲ့သူမျိုး … ကျွန်မက အဲလိုအဲဒီပုံ ဆိုးခဲ့တာပေါ့။

မမျှော်လင့်ခဲ့ပါဘူး။ ကျွန်မအသက်(၂၃)နှစ်ဝန်းကျင်လောက်မှာပဲ ကျွန်မသူ့ကိုတွေ့ပြီး စချစ်ခဲ့ပါတယ်။ သူ့မှာချစ်သူရှိတယ်လို့ သိလိုက်ရချိန်မှာ ကျွန်မအရမ်းကိုကြေကွဲဝမ်းနည်းဖူးပါတယ်။ သူနဲ့ကျွန်မဆုံစည်းပြီး (၃)လလောက်အကြာမှာ သူကိုယ်တိုင် ကျွန်မကို“ချစ်နေပါတယ်”ဆိုတဲ့ ဝန်ခံခြင်းတွေနဲ့ သူနဲ့ပတ်သက်သမျှ ကိစ္စတစ်ချို့ဟာလည်း အရာရာကင်းရှင်းနေတာမို့ ကျွန်မအလွန်ပျော်ရွှင်ရင်ခုန်စွာနဲ့ပဲ သူ Propose လုပ်ပြီး သိပ်မကြာခင်မှာပဲ သူ့အချစ်ကို ကျွန်မလက်ခံခဲ့ပါတယ်။ အမှန်အတိုင်းပြောရရင်တော့ သူ့အချစ်ကိုစလက်ခံ ခဲ့တုန်းက ကျွန်မဘက်က ချစ်နေတာမှန်ပေမယ့် စုံနှစ်လို့မချစ်ရဲခဲ့ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ သူကျွန်မအပေါ် အနွံတာခံတာ၊ ကျွန်မကိုချစ်ပြတာတွေအပေါ်မှာ သာယာယစ်မူးလို့ ကျွန်မနဲ့သူနဲ့ ခွဲမရနိုင်တဲ့၊ ဝတ္ထုတွေ၊ ဇာတ်လမ်းတွေထဲမှာ တွေ့မြင်နေရတဲ့ တစ်နေ့မတွေ့ရရင် မနေနိုင်ဘူးဆိုသလိုပဲ ပိုလို့အချစ်တွေတိုးလာခဲ့ပါတယ်။ 

မထင်မှတ်တဲ့တစ်ရက်မှာ သူနဲ့အရင်ကောင်မလေးတို့ ဇာတ်လမ်းမပြီးပြတ်ကြသေးဘူးဆိုတာတွေ၊ အဲဒီကောင်မလေးနဲ့ သူ့ရဲ့မိဘတွေက သဘောတူထားပြီးသားဆိုတဲ့ သတင်းတွေကို ကျွန်မကြားခဲ့့ သိခဲ့ရလို့ တစ်ညလုံးမအိပ်နိုင်ဘဲ နာကျင်စွာငိုကြွေးနေခဲ့ရတဲ့ ကျွန်မကို သူ့ဘက်က “အဲဒီကောင်မလေးကို မောင်မချစ်ပါဘူး … သူအချစ်ဆိုတာကို နားလည်ခံစားခဲ့ရတာ ချစ်နဲ့မှပါ … ချစ်ကို မောင်မခွဲနိုင်ပါဘူး”ဆိုတဲ့ ပျာပျာသလဲရှင်းပြခြင်းတွေနဲ့အတူ  တစ်ညလုံးမအိပ်ဘဲ ဖုန်းတွေပြောရင်း ကျွန်မအိပ်ပျော်သွားသည်ထိ ဖုန်းထဲမှာ ချော့သိပ်ခဲ့တဲ့ သူ့ကို ကျွန်မပိုလို့ အချစ်တိုးခဲ့ပြန်ပါတယ်။
ဒီလိုနဲ့ပဲ ကျွန်မတို့(၂)ယောက်ဟာ အရမ်းချစ်ဖို့ကောင်းတယ်။ ရုပ်ချင်းလည်း ဆင်တယ်ဆိုတဲ့ အများကသတ်မှတ်ချက်ကလေးတွေရဲ့ကြားမှာ ကျွန်မအလွန်ပျော်ရွှင်ကြည်နူးခဲ့ရပါတယ်။ ပျော်ပျော်နေတတ်တဲ့၊ လူတစ်ဖက်သားကို စိတ်တူကိုယ်တူ ကူညီတတ်တဲ့ ကျွန်မတို့ချစ်သူ(၂)ယောက်ကို အားလုံးကလည်း ၀ိုင်းချစ်ကြတယ်။ အကြိုက်ချင်းဆိုလည်း ကြက်ဥမှာ သူက အကာကြိုက်ရင် ကျွန်မက အနှစ်စားလို့၊ ကန်စွန်းရွက်ကြော်ဆို ကျွန်မအရွက်ကြိုက်ရင် သူကအရိုးကို စားလို့ တစ်ယောက်နဲ့တစ်ယောက် ညှိယူစရာမလိုတဲ့ နားလည်မှုတွေနဲ့ပဲ အချစ်တွေပိုခဲ့ကြပါတယ်။ ကျွန်မတို့ရဲ့ခရီးလမ်းလေးဟာလည်း အရမ်းကိုလှပခဲ့ပါတယ်။ တစ်ယောက်နေမကောင်းဘူးဆိုရင် တစ်ယောက်က ပျာယာခတ်အောင်ဂရုစိုက်လို့ ပျော်ရွှင်မှုတွေကို ပိုင်ဆိုင်ခဲ့ကြပါတယ်။ အများတကာရဲ့အမြင်ယူဆချက် အလွန်ချစ်စရာကောင်းပြီး လိုက်ဖက်တဲ့စုံတွဲလေးအဖြစ် ရန်ဖြစ်တဲ့အခါဆိုလည်း တစ်ယောက်နဲ့တစ်ယောက် ကြိတ်မှိတ်ခံစားလို့ တစ်ယောက်ရဲ့နာကျင်မှုတွေကို တစ်ယောက်မျှဝေလို့ ပျော်ရွှင်မှုတွေဆိုလည်း အတူတူမျှဝေခံစားလို့ အများကအားကျရလောက်အောင် ချစ်ပြခဲ့ကြဖူးတယ်။ ဒီလိုနဲ့ပဲ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ တစ်နှစ်ကျော်ဆိုတဲ့ နေ့ရက်အချိန်တွေရောက်လာတဲ့ တစ်ရက်မှာဘာမဟုတ်တာလေးနဲ့ ခါတိုင်းရန်ဖြစ်နေကြအတိုင်း ရန်ဖြစ်ကြပြီး နောက်မှာ သူ့ဘက်ကပြန်ခေါ်နိုး၊ ကိုယ့်ဘက်က ပြန်ခေါ်နိုးစောင့်နေရင်းနဲ့ အဆက်အသွယ်လုံးဝ ပြတ်သွားခဲ့ပါတယ်။ 

ရက်တွေ၊ လတွေများစွာစောင့်စားလာပြီး သူနဲ့ကျွန်မတို့ရဲ့ချစ်သူသက်တမ်း(၂)နှစ်ပြည့် Anniversary ရက်လေးမှာများ အံ့သြဝမ်းသာစွာပြန်လာလေမလားဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ နေ့လတွေကို ကျော်ဖြတ်ရင်း နေသားတစ်ကျဖြစ်လာခဲ့ပါတယ်။ တစ်ရက်မှာတော့ (၆)လလောက် အဆက်အသွယ်မလုပ်ဘဲ ပျောက်နေတဲ့လူတစ်ယောက်ဆီက ဒီနေ့မနက်(၆းဝ၀)နာရီမှာ message တစ်စောင်ရတယ် ... “ငါ့ကိုမေ့လိုက်တာ မင်းအတွက်အကောင်းဆုံးပါပဲ ... သူလည်းဘဝတစ်ခုကို ပြန်တည်ဆောက်နေပြီ”လို့ပြောတဲ့အတွက် “ကျွန်မလည်း လူသစ်စိတ်သစ်နဲ့ ဘဝသစ်မှာ နေသားကျနေပါပြီ”လို့ ပြန်ဖြေဖြစ်ခဲ့တယ် ... ကျွန်မရဲ့အဖြေစကားအတွက်တော့ ကျွန်မမှားတယ်လို့ မယူဆပါဘူး … သူ့ကိုမချစ်ခဲ့တာလည်း မဟုတ်ပါဘူး … ကိုယ့်အနားမှာမနေချင်တော့တဲ့ သူတစ်ယောက်အတွက် မခံစားချင်တော့တာ … မဖက်တွယ် မဆွဲထားချင်တော့တဲ့ စိတ်ဆန္ဒတစ်ခုတည်းနဲ့ ကျွန်မတည်ငြိမ်စွာ လမ်းခွဲခြင်းကို ရင်ဆိုင်နိုင်ခဲ့ပါတယ်။

ထူးဆန်းတဲ့ msg ရပြီးနောက်တစ်ရက်မှာတော့ ထူးဆန်းတာတွေပဲ ထပ်ကြုံလိုက်ရတော့ ကျွန်မနဲ့ ကျွန်မသူငယ်ချင်းတွေ ရီမောကြရပြန်ပါရော။ သူနဲ့ပတ်သက်သမျှအမှတ်တရတွေကို ချန်မထားချင်တာနဲ့ပဲ ဖျောက်ဖျက်ပစ်လို့ ဘာအမှတ်တရမှ မကျန်တော့ပေမယ့် မွေးနေ့လက်ဆောင်အဖြစ် ရခဲ့တဲ ထမင်းဘူးလေးကိုတော့ ကျွန်မကိုယ်တိုင်ကလည်း ကြိုက်တာနဲ့ မဖျက်ဆီးရက်ပဲ ချန်ထားပေမယ့် ထူးဆန်းတဲ့ msg ရပြီး ညနေမှာပဲ အံ့သြစွာပျောက်ဆုံးသွားခဲ့ပါတယ်။ အမှတ်တရမှ ဘာအမှတ်တရမှ မကျန်အောင်ကို ကံတရားက ကျွန်မဘက်ကရှိနေပေးတယ်ထင်ပ။ ဒီလိုနဲ့ ဒီလိုနဲ့ပဲ ကျွန်မနဲ့ သူ့ရဲ့ အမှတ်တရများစွာအတွက် တိုက်ဆိုင်မှုရှိတိုင်း လွမ်းပြီးငိုတတ်တဲ့ ကျွန်မရဲ့အလွမ်းတွေက တဖြည်းဖြည်းနဲ့ နေသားကျသွားတော့မှာပါ။


မိုးညချမ်း
28.8.2012 (4:15 p.m)

9 comments:

  1. မမမိုးညချမ်းရေး ထားတဲ့ စာလေးတွေက
    ဖတ်လို့ အရမ်းကောင်းပြီး ဆွဲဆောင်မှု ရှိလွန်းလှပါတယ် ။
    မမမိုးညချမ်းခံစားရတာတွေကို ရေးထားပေမဲ့လည်း
    အရေးအသားကောင်းလွန်းလို့ စာဖတ်သူတွေကိုတောင်
    ခံစားချက်တွေ ကူးစက်သွားပါတယ်
    အားပေးသွာတယ်နော် မမမိုးညချမ်း
    နောက်လည်းသည်ထက်မကရေးသားနိုင်ပါစေ

    ReplyDelete
  2. ပို့အသစ်လေးအားပေးသွားတယ်...
    ကိုယ်တိုင်ဝင်ပြီးခံစားရသလိုပါပဲ....
    စာရေးကောင်းသားပဲ
    အားပေးနေမယ်နော်..
    ခင်တဲ့..မိုးနတ်

    ReplyDelete
  3. အရေးအသားကောင်းတယ်။ တကယ်အဖြစ်အပျက်လားဟင်။

    ReplyDelete
  4. ခံစားရတဲ့ ပိုစ့်လေးကို အားပေးသွားပါတယ်နော်

    ReplyDelete
  5. တကယ့်အဖြစ်အပျက်လိုပဲ
    ကိုယ်တိုင် ဝင်စားမိသွားတယ်

    ReplyDelete
  6. အရမ်းကောင်းတာပဲအစ်မရေ အရမ်းမျောပါသွားတယ်.....။

    ReplyDelete
  7. ဖြစ်တတ်ပါတယ် ..ကြာလာတော့ သွေးအေးသွားတာပဲလား ..အစကတည်းက အချစ်မစစ်လို့ပဲလား .. ဘယ်လိုလဲတော့ မသိ ..ဒါပေမယ့် ဒီလိုနဲ့ပဲ အချစ်တွေ သွေးအေး တစ်ယောက်နဲ့တစ်ယောက် ဝေးသွားကြတာမျိုးတွေ တွေ့ဖူးတယ်

    ReplyDelete
  8. ထမင်းဘူးလေးတစ်ဘူးကောက်ရထားတယ် ၊ မှတ်ပုံတင်ပြ ၊ လိပ်စာပေး ၊ သံခေါင်စာရင်းပြ အားလုံးမှန်ရင် ပြန်ပေးမယ် ...........းP
    နောက်တာ အားလုံးကောင်းတယ် ၊ အရေးအသားညက်လေ၏ .......

    ReplyDelete
  9. အဖြစ်အပျက်တစ်ခုကို သမားရိုးကျရှင်းပြနေသလိုပဲနော်

    အဲဒါကိုပုံစံပြောင်းပြီး ဝတ္ထုအဖြစ်ထုဆစ်မွမ်းမံလိုက်မယ်

    ဆိုရင် ပိုကောင်းမယ်လို့ထင်ပါတယ်။အထင်ကိုပြောတာပါ

    တမက်သက်သက်အပျက်သို့ ရည်ရွယ်ပြီးပြောတာမဟုတ်

    ပါဘူး။

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...