Thursday, January 24, 2013

၂၀၁၂ ရဲ့နိဒါန်း၊ စာကိုယ်၊ နိဂုံး



၂၀၁၂ က ကျွန်မအတွက်ထူးခြားသောနှစ်ပဲ ပြောရမလား? အဆိုးတွေနဲ့ရင်ဆိုင်ရတယ်ပဲ ပြောရမလား? ၂၀၁၁ ကုန်ဆုံးလို့ ၂၀၁၂ အစ New Year ညကတည်းက မျက်ရည်တွေနဲ့ အစပြုခဲ့ရတာပေါ့။ ၂၀၁၁ အကုန် ၂၀၁၂ အကူး New Year ညကတည်းက ကျွန်မရဲ့အခန်းကျဉ်းထဲ ကျွန်မချစ်သောချစ်သူနဲ့စေ့စပ်ထားသူ ကောင်မလေးတို့အတူ Party တစ်ခုထဲမှာ ရှိနေကြတယ်ဆိုတဲ့အတွေးက ကျွန်မစိတ်ကိုပူလောင်နေစေခဲ့ပါတယ်။ ၂၀၁၂ ကိုအစပြုဖို့ ၅ မိနစ်အလိုမှာပဲ ကျွန်မရဲ့ cell phone လေးထမြည်လာပါတယ်။ နံပါတ်ကြည့်လိုက်တော့ ကျွန်မချစ်သောချစ်သူဆီကဖြစ်နေတာနဲ့ ပျော်ရွှင်ခြင်း တစ်ချို့ရောက်ရှိလာချိန်လေးအတွက် ချစ်သူကိုကျေးဇူတင်လိုက်မိပါတယ်။ 

ချစ်သူဆီက “HAPPY NEW YEAR ပါ မောင့်ချစ်သူ”ဆိုတဲ့ စကားလေးကပဲ ကျွန်မရင်ထဲကပူလောင်ခြင်း တစ်ချို့ပျောက်ရှကုန်ခဲ့ဖူးပါတယ်။ ဒီလိုနဲ့ကျွန်မ မောင်နဲ့စကားပြောရင်း ဆူညံသံတစ်ချို့ကြားနေရပေမယ့် ကျွန်မကျေနပ်နေပါတယ်။ ကိုယ့်ချစ်သူနဲ့ ကြည်နူးစရာအချိန်လေးကိုပိုင်ဆိုင်နေတာကိုး။ ဒီလိုနဲ့ မောင်နဲ့စကားပြောနေတာ တစ်နာရီလောက်ကြာတော့ “ချစ်ကို လူတစ်ယောက်နဲ့စကားပေးပြောမယ် … သူကလည်းချစ်ကို သိတယ် … ချစ်ကလည်း သူ့ကိုသိနေမှာပါ”တဲ့။ ဘယ်သူဘယ်ဝါမှန်းမသိပေမယ့် အဲဒီသူနဲ့ စကားပြောဖို့ ကျွန်မလက်ခံလိုက်ပါတယ်။

“Hello … မမလား … ညီမလေး စိမ့်ပါ … ”တဲ့ ...

ကျွန်မတစ်ကိုယ်လုံး တောင့်တင်းပြီး တုန်ရီမောဟိုက်သွားပါတယ်။ “စိမ့်”တဲ့လားရှင်။ မောင်ကျွန်မကို လူတစ်ယောက်နဲ့ စကားပေးပြောမယ်ဆိုတာ မောင်နဲ့စေ့စပ်ထားသူကောင်မလေး ဖြစ်နေပါရောလားကွယ်။ ကျွန်မခံနိုင်ရည်မရှိခဲ့ပါဘူး။ အသားတွေတဆတ်ဆတ်တုန်လို့ စကားသံတွေဆွံ့အပြီး မျက်ရည်တွေစီးကျလာခဲ့ပါတယ်။ ရှိုက်သံတစ်ချို့ထွက်သွားတယ်ထင်ပါရဲ့။ ဖုန်းထဲမှာ မောင့်အသံချက်ချင်း ထွက်လာပြီး “ချစ် … မောင့်ကိုစိတ်ဆိုးသွားလား? မောင် ဒီ Party ကိို မလာချင်ဘဲ လာခဲ့ရတယ်ဆိုတာ ချစ်သိမှာပါ … မောင့်အနေအထား၊ မောင့်အိမ်ရဲ့သဘောထားကို ချစ်သိမှာပါ”ဆိုတဲ့ မေးသံတစ်ချို့နဲ့အတူ မောင်ကျွန်မကို ၁၅ မိနစ်လောက်ကြာအောင် ချော့ပါတယ်။ မောင်နဲ့စကားပြောနေရင်း ဘေးကနေ ဖုန်းလုသံ၊ မောင်နဲ့ “စိမ့်”ဆိုတဲ့ ကောင်မလေးတို့ တစ်ယောက်နဲ့တစ်ယောက်အော်ပြောသံ အဆုံးမှာ ကောင်မလေးထံ ဖုန်းရောက်သွားခဲ့လေသလား မသိဘူး။ မူးနေလေသလားမသိရတဲ့ မူမမှန်အသံမျိုးနဲ့

“မမရယ် … မငိုပါနဲ့ … အဲဒီလိုငိုတော့ ညီမလေး စိတ်မကောင်းဘူး … အရင်တုန်းက ကိုကိုနဲ့ ညီမလေးတို့က သမီးရည်းစားဖြစ်ခဲ့တယ် ဆိုပေမယ့် ခုချိန်မှာ ကိုကိုက မမကို ဘယ်လောက်ချစ်တာ ညီမလေး အသိဆုံး … မမလည်း ကိုကို့ကို ဘယ်လောက်ချစ်တာ ညီမလေး ခံစားလို့ရနေတယ် … မိဘတွေသဘောတူတာ မတူတာ ညီမလေး မသိဘူး … ခုချိန်မှာတော့ ညီမလေးနဲ့ ကိုကိုက မောင်နှမတွေပါပဲ … မမနဲ့ ကိုကိုတို့ မင်္ဂလာဆောင်ရင် ညီမလေးကို ပန်းကြဲခွင့်ပေးနော်”ဆိုတဲ့ စကားလုံးတွေရဲ့ အောက်မှာ ကျွန်မရှိုက်ကြီးတငင် ငိုကြွေးရင်း သူမပြောသမျှကို  ကျွန်မနားထောင်နေရင်းဖုန်းချကာနီး မောင့်ရဲ့“ချစ်ရေ … ဒီဘဝမှာ မောင်အချစ်ဆုံးက ချစ်တစ်ယောက်တည်းဆိုတာ ယုံပေးပါနော် … စိမ့်နဲ့ ချစ်ကို ဖုန်းပေးပြောတာကလည်း မောင်ချစ်နောက်ကွယ်မှာ ဘာမှမဟုတ်တာမလုပ်တာ ယုံစေချင်ယုံသပ်သပ်ပါ … ချစ်ကို မခွဲနိုင်အောင် မောင်သိပ်ချစ်ပါတယ်”ဆိုတဲ့ စကားတွေအောက်မှာပဲ ၂၀၁၁ အကုန် ၂၀၁၂ ရဲ့အစမှာ မျက်ရည်တွေနဲ့ မိုးလင်းခဲ့ရဖူးတယ်။

ဒီလိုနဲ့ ၂၀၁၂ ရဲ့ နှစ်လယ်လောက်မှာပဲ ကျွန်မသိပ်ချစ်ရသောချစ်သူတစ်ယောက် အကြောင်းတစ်စုံတစ်ရာ မယ်မယ်ရရ မရှိပါဘဲ၊ နှုတ်ဆက်ခြင်းမရှိပါဘဲ ပျောက်ခြင်းမလှပျောက်သွားခဲ့ဖူးတယ်။ တစ်နေ့ပြန်လာနိုး ပြန်လာနိုးနဲ့ ကျွန်မညတွေ မိုးလင်းခဲ့ရဖူးတယ်။ နေ့ရက်အချို့ပျောက်ရှလို့ လအချို့သာကူးပြောင်းသွားတယ်။ မောင်နဲ့ပတ်သက်သမျှသတင်းအစအနတောင် မရခဲ့ဘူး။ ဒီလိုနဲ့ ဒဏ်ရာတစ်ချို့အနည်ထိုင်နေချိန် တစ်ရက်မှာတော့ ကျွန်မဖုန်းလေးဆီသို့ ထူးဆန်းသော message တစ်စောင်ရောက်လာပါတယ်။ “ကျွန်မတို့လမ်းခွဲခြင်းအတွက် သူ့ဘက်ကစိတ်မကောင်းပါဘူး။ သူအခုဘဝသစ်မှာပျော်နေပြီ”တဲ့။ ကျွန်မလည်း “လူသစ်စိတ်သစ်နဲ့ဘဝသစ်မှာ နေသားကျနေပြီ”ဆိုတဲ့ ပြန်စာတစ်စောင်နဲ့အတူ သူနဲ့ကျွန်မတို့ရဲ့ ချစ်သူသက်တမ်း (၂)နှစ်ကျော်အချိန်ကာလဆိုတာ ဘာမှမဟုတ်သလို အဆုံးသတ်သွားခဲ့ပါတယ်။

ဒီလိုနဲ့“အသည်းကွဲခြင်း”ဆိုတဲ့ အောင့်သက်သက်နာကျင်ခြင်းတစ်ချို့ကို မေ့ပျောက်စေဖို့ရာ ခရီးတစ်ချို့ထွက်ဖြစ်ပေမယ့် “သူသာပါရင်”ဆိုတဲ့အတွေးတွေနဲ့ ကျွန်မဒဏ်ရာတွေကို ပိုနာကျင်စေခဲ့ဖူးတယ်။ အရင်းနှီးဆုံးသူငယ်ချင်းတစ်ချို့ကလွဲလို့ ကျွန်မတို့ (၂)ယောက်အကြောင်း “က”ကနေ “အ”အထိ မသိခဲ့သူ မိတ်ဆွေတွေကတော့ ဒါတွေကအသေးအမွှားပါ။ အချိန်တန်ရင်မေ့သွားမှာပါ ပြောဆိုနှစ်သိမ့်ကြပေမယ့် ဆွေမျိုးအသိုင်းအဝိုင်းတွေနဲ့ယှဉ်လို့ ကျွန်မရရှိခဲ့ဖူတဲ့ ဒဏ်ရာအတိမ်အနက်ကို ကျွန်မကိုယ်တိုင်ပဲ သိခဲ့လို့ ညညတွေတိတ်တဆိတ်ငိုကြွေးရင်း နှစ်တစ်နှစ်ကိုကုန်ဆုံးစေခဲ့သလိုပါပဲ။

ဒီလိုနဲ့ ၂၀၁၂ ကုန်ဆုံကာနီး တစ်လအလိုမှာတော့ ကျွန်မအတွက်ကံကောင်းခြင်းတွေရောက်လာလေသလား မသိပါဘူး။ ဟိုအရင်က ဝင်ခွင့်လျှောက်ထားခဲ့ဖူးတဲ့ နိုင်ငံခြားတက္ကသိုလ်က စာမေးပွဲကိုအောင်မြင်လို့ ကျောင်းတက်ခွင့်ရခဲ့သလို အခြားဝင်ခွင့်စာမေးပွဲ (၂)ခုလည်းတစ်ပြိုင်နက်အောင်ခဲ့လို့ ဝမ်းသာရပြန်တယ်။ ၂၀၁၂ ကုန်ဆုံးကာနီးမှာပဲ ကျွန်မအတွက် မိတ်ဆွေစစ်တစ်ချို့ကိုလည်း အမှတ်မထင်တွေ့ရှိရပြန်တယ်။ ကျွန်မချစ်သော သူငယ်ချင်းမလေးတွေဆီက ချစ်စဖွယ်တူ၊ တူမလေးတွေရရှိခဲ့လို့ ပျော်ရပြန်တယ်။ 

ကျွန်မအပေါ်ချစ်ခင်သူပေါများကြောင်းကိုလည်း ကျွန်မနေမကောင်းဖြစ်တဲ့အခါ၊ ကျွန်မဝမ်းနည်းတဲ့အခါ ဂရုတစိုက်ရှိကြသလို ဝမ်းသာစရာရှိရင်လည်း ကျွန်မထက်တောင်ပိုဝမ်းသာတတ်တဲ့ သူငယ်ချင်းမိတ်ဆွေတွေရှိနေကြောင်းကိုလည်း သိခဲ့ရတယ်။ ၂၀၁၂ အဆုံး ၂၀၁၃ အစပြုမယ့် New Year ညလေးမှာလည်း ကျွန်မချစ်သော အစ်ကို၊ အစ်မတွေရဲ့ နွေးထွေးသောချစ်ခြင်းမေတ္တာတွေနဲ့ ပျော်ရွှင်သော New Year ညလေးကိုပိုင်ဆိုင်လို့ တန်ဖိုးမဖြတ်နိုင်သော လက်ဆောင်လေးများကိုရရှိခဲ့ရင်း ဝမ်းနည်းစရာကောင်သောအတိတ်တွေနဲ့ ၂၀၁၂ ကို အပြီးအပိုင် နှုတ်ဆက်လို့ ၂၀၁၃ ရဲ့အစဟာ နွေးထွေးခြင်း၊ ပျော်ရွှင်ခြင်းတွေနဲ့ လှပနေခဲ့ပါတော့တယ်။

(မှတ်ချက်။   ကိုမိုးဇက် သတိတရနဲ့ တဂ်လုပ်ပေးခြင်းအတွက်လည်း ကျေးဇူးတင်သလို တဂ်ပို့ရေးတင်တာ နောက်ကျသွားတဲ့အတွက်လည်း တောင်းပန်ပါတယ် … ဘာရေးရမှန်း တော်တော်နဲ့ စဉ်းစားမရတာနဲ့ အတော်လေးကြာသွားတယ် ... )

မိုးညချမ်း
20.1.2013 (8:30 p.m)

Saturday, January 12, 2013

ပြုံးပြနှုတ်ဆက်ကြကြေး




*ခပ်အေးအေးလေပြေတစ်ချို့
ပြတင်းတံခါးကိုဖြတ်ကျော်လို့
ငါ့ပါးပြင်ကိုတို့ထိလာတယ် …။

*မပီပြင်ဝိုးတဝါးနဲ့ အိပ်ပျက်ညမှာ
ကလောင်ကိုကိုင်ဆွဲ ခပ်နဲ့နဲ့နှလုံးသားနဲ့
ကဗျာတစ်ပုဒ်ထုဆစ်ကြည့်တယ် …။

*သြော် … Sweet December တဲ့လားကွယ်
နှလုံးသားတစ်စုံပေါင်းစပ်လို့
ကဗျာရေးခဲ့ဖူးတဲ့ညတွေ ပျောက်ရှကုန်တော့
တစ်ခြမ်းပဲ့နှလုံးသားနဲ့ ကဗျာတစ်ဝက်တစ်ပျက်ကိုလည်း
ငါထုဆစ်နေရအုံးမှာပါပဲ …။

*လရောင်ခပ်မိုက်မိုက်ကို ငေးကြည့်ရင်း
ကလောင်ကိုကိုင်စွဲ ကော်ဖီခါးခါးတစ်ခွက်ကို
အဖော်ပြုလို့ ကာရံမညီသံစဉ်တစ်ချို့လည်း
စည်းချက်မဲ့စွာ မြူးထူးခုန်ပေါက်နေကြလေရဲ့ …။

*ဇာတ်လမ်းအစက မသေသပ်ခဲ့လေတော့
ဇာတ်သိမ်းမလှခဲ့တာကလည်း
ဘယ်သူ့ကြောင့်ရယ်လို့ ငြိုးမယ်မဖွဲ့ချင်တော့ပါဘူး …။

*အပြစ်ရှိသူရယ်လို့ ခေါင်းစဉ်တပ်ကြကြေးဆိုရင်တော့
ထားသွားတဲ့မင်းမှာလည်း အပြစ်ရှိသလို
ချစ်မိခဲ့တဲ့ငါ့မှာလည်း အပြစ်ရှိပါတယ် ချစ်သူ …။

*တစ်ကယ်လို့များ
ဘယ်လိုပုံစံ ဘယ်လိုအနေအထားတွေနဲ့ပဲဖြစ်ဖြစ်
ငါတို့လမ်းခွဲခြင်းက အမုန်းတွေနဲ့မဟုတ်ခဲ့လေတော့
တစ်ချိန်ချိန်မှာ မင်းနဲ့ပြန်ဆုံခဲ့ကြမယ်ဆိုရင်
ပြုံးပြနှုတ်ဆက်ကြကြေးနော် …။


(Blog ကိုရောက်ဖြစ်နေပေမယ့် အသစ်မတင်ဖြစ်တဲ့အတွက်ရော … ချစ်သော Blogger မောင်နှမတို့ရဲ့ အိမ်တွေဆီ အလည်ရောက်ဖြစ်ပေမယ့် comment ခြေရာလေးတွေ မချန်ဖြစ်ခဲ့တာတွေအားလုံးအတွက် တောင်းပန်ပါရစေနော် …)


မိုးညချမ်း
9.12.2012(11:20 p.m)

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...