Friday, April 19, 2013

ညီမလေးသို့ပေးစာ (၁)




သို့/

 ချစ်ရတဲ့ညီမလေးရေ …

“အသည်းကွဲခြင်း”ဆိုတဲ့ အရသာကို ညီမလေးတစ်ယောက် ကြုံတွေ့ခံစားနေရတယ်ဆို …။ “အသည်းကွဲခြင်း” ကြောင့်ပဲ မမရဲ့ညီမလေးတစ်ယောက် ပူဆွေးငိုကြွေးနေရတယ်ဆိုတာကို ကြားရတော့ အတော်လေး စိတ်မကောင်းဖြစ်မိပါတယ်ကွယ်။ “အသည်းကွဲခြင်း”ဆိုတဲ့ အရသာကို စတင်ခံစားရချိန်မှာတော့ ညီမလေးတစ်ယောက် အတော်လေခံစားရခက်မှာပေါ့။ ခါးသက်ခြင်းတွေ၊ နာကျင်ခြင်းတွေ၊ မေ့မရခြင်းတွေ၊ လွမ်းဆွတ်ခြင်းတွေကို လူးလှိမ့်နေအောင် ခံစားရမှာပေါ့။ “အချစ်”ဆိုတဲ့ အရာရဲ့ ချိုမြိန်ခြင်းတွေကို စားသုံးပြီးတဲ့နောက်မှာ “အသည်းကွဲခြင်း”ဆိုတဲ့ အရသာကတော့ အတော်လေး ခါးသက်နာကျင်မှာပေါ့။ “လွမ်းစရာရှိရင် နာစရာနဲ့ဖြေပါ”ဆိုတဲ့ စကားတွေကလည်း “အသည်းကွဲခြင်း”ဆိုတဲ့အရာကို ကြုံတွေ့ကာစမှာတော့ အသုံးဝင်အုံးမှာ မဟုတ်ဘူးလေ။ နားလည်ပါတယ် ညီမလေးရေ။

ဒါပေမယ့် ညီမလေးရေ …။ မမတစ်ခုတော့ အကြံပေးပါရစေနော်။ “အသည်းကွဲခြင်း”ဆိုတဲ့အရာကို စတင်ကြုံတွေ့ကာစ အချိန်မှာ လွမ်းစရာရှိတာ ပွင့်လင်းစွာလွမ်းပစ်လိုက်နော်။ ကြည်နူးစရာအတိတ်တွေကို အောက်မေ့တမ်းတမိလို့ လွမ်းတသသနဲ့ ငိုချင်ရင်လည်း ငိုချပစ်လိုက်ပါ။ “မငိုဘူး … မလွမ်းဘူး”ဆိုပြီး တင်းထားစရာ၊ အောင့်အီးနေစရာမလိုပါဘူးကွယ်။ သို့ပေမယ့် ကိစ္စမရှိပါဘူး ညီမလေးရေ။ တစ်ပတ်၊ တစ်လဆိုတဲ့ အချိန်အတောအတွင်းမှာတော့ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဘဲနဲ့ ချစ်သူကိုလွမ်းနေချင်သပဆို လွမ်းနေလိုက်နော်။ ကိုယ့်ချစ်သူနဲ့ တွဲခဲ့တဲ့သက်တမ်းအလိုက် အချိန်ကာလ အတို၊ အရှည်တော့ ကွာလိမ့်မပေါ့။ ညီမလေးစိတ်ကြိုက်လွမ်းပစ်ပါ။ တိုက်ဆိုင်မှုတစ်ခုခုကြုံလာလို့ ငိုချင်ရင်လည်း ငိုချပစ်လိုက်။ ကိုယ့်စိတ်ကိုယ် ထွက်ပေါက်တစ်ခုတော့ ပေးထားလိုက်ပါ။

ဒါပေမယ့် ညီမလေးရေ …။ “အသည်းကွဲခြင်း”ဆိုတာကြီးကို ကြုံနေရချိန်မှာတော့ ကိုယ့်ကိုကိုယ်နာကျင်အောင် လုပ်တာမျိုး၊ ကိုယ့်အသက်ကိုယ် ရန်ရှာတာမျိုး၊ စိတ်ဓါတ်အကြီးအကျယ်ကျပြီး သေကြောင်းကြံတာမျိုး၊ ဘယ်တော့မှ ရုန်းမထွက်နိုင်တော့ဘူးလို့ တွေးပြီး စိတ်ဓါတ်ကျပြီး လမ်းကြောင်းအမှားကို လိုက်တာမျိုးတွေတော့ အတတ်နိုင်ဆုံး(လုံးဝ)မလုပ်မိပါစေနဲ့။ အဲဒီလိုစိတ်မျိုးတွေဝင်လာပြီဆို ရအောင်တွန်းထုတ်၊ တိုက်ထုတ်ပစ်နော်။ မမ နားလည်ပါတယ်ကွယ်။ “အချစ်ရေး”မှာ အဆင်မပြေရင် လူတိုင်းဟာ သေချင်စိတ်တောင်ပေါက်သည်ထိ စိတ်ဓါတ်ကျတတ်ကြတယ်ဆိုတာကိုပေါ့။

ဒါပေမယ့် ညီမလေးရေ …။ “အသည်းကွဲခြင်း”ကြောင့်သာ မိမိကိုယ်ကို အနစ်မွန်းခံမယ်ဆိုရင် မိအေး နှစ်ခါနစ်နာမပေါ့ကွယ်။ မိမိကိုယ်ကို နစ်မွန်းခံလို့ရော ညီမလေးရဲ့ချစ်သူက ပြန်လာမှာတဲ့လား?။ မှတ်ထားပါ ညီမလေး။ “အချစ်”ကို ယုံကြည်ကိုးစား ကိုးကွယ်မိလို့ “အသည်းကွဲခြင်း”ဆိုတာကို ခုလိုခံစားရခက်စွာ ကြုံတွေ့ရတာပေါ့။ လုံလောက်တဲ့အချိန်တစ်ခု၊ သင့်တော်တဲ့အချိန်တစ်ခုလောက် ခံစားပြီးတာနဲ့ “အသည်းကွဲခြင်း”ဆိုတဲ့ အရာကနေ ရအောင်ရုန်းထွက်ပါ။ လိုအပ်မယ်ထင်တဲ့ သင်တန်းတွေတက်ပါ။ ကိုယ်တတ်ထားတဲ့ ပညာအရည်အချင်းအလိုက် ပိုပြီးတော်အောင် ထက်မြတ်အောင် ကြိုးစားပါ။ ဘွဲ့လွန်သင်တန်းတွေလည်း အများကြီး၊  ဘွဲ့တွေကိုလည်း မိမိကြိုးစားရင် ကြိုးစားသလောက် ရယူနေနိုင်တဲ့ ခေတ်ကြီးထဲမှာ အရင်ထက်ပိုတော်ပြီး ထူးချွန်ထက်မြတ်တဲ့သူဖြစ်အောင် ကြိုးစားဖို့သိပ်မခက်ခဲပါဘူးကွယ်။

ချစ်သူနှစ်ဦးချစ်နေကြချိန်မှာ “မာန”ဆိုတဲ့ အရာက ချစ်သူနှစ်ဦးကြားမှာ လုံးဝမထားသင့်တဲ့အရာတစ်ခုဖြစ်ပေမယ့် ဘယ်လိုမှပြန်ဆက်မရအောင် ကွဲကွာခဲ့ရပြီဆိုရင်တော့ “သူထားခဲ့ပေမယ့် ငါကနည်းနည်းမှဂရုမစိုက်ဘူး … အရင်ကထက် ပိုတော် ပိုထက်မြတ်စေရမယ်”လို့တွေးပြီး ကိုယ့်မာနကို ကောင်းစွာ အသုံးချပါညီမလေးရေ …။
နောက်တစ်ခုထပ်အကြံပေးချင်တာက ကိုယ့်ချစ်သူနဲ့သွားခဲ့တဲ့ နေရာတွေ၊ အမှတ်တရဖြစ်စေတဲ့ အရာတွေမှန်သမျှကို သတိတရလွမ်းမိမှာစိုးလို့ဆိုပြီး မရှောင်ပါနဲ့ ညီမလေးရေ …။ ဒီတစ်ခေါက် ရှောင်ပေမယ့် နောက်အခေါက်ဆိုတာ ရှိနိုင်တယ်လေ။ ဒီတစ်ခေါက် ဒီတစ်ခေါက်နဲ့ ရှောင်နေခြင်းက ကိုယ့်အတွက်နာကျင်ခြင်းတွေကို အချိန်အကြာကြီး ဆွဲယူထားသလို ဖြစ်လိမ့်မယ်လို့ မမထင်တယ်။ 

ဒါကြောင့်မို့ သတိတရနေရာ၊ အမှတ်တရနေရာတွေကို သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် သွားပါ။ နေရာဟောင်းကို ရောက်လာလို့၊ တိုက်ဆိုင်မှုရှိလာလို့ဆိုတဲ့ အချိန်တွေမှာ လွမ်းတသသနဲ့ ငိုချင်သပဆိုရင် အားပါးတရငိုချပစ်ပါ ညီမလေးရေ …။ ဒီလိုနဲ့ အဲဒီနာကျင်စရာ၊ အမှတ်တရနေရာတွေဆိုတာက ကြာလာတော့ ညီမလေးအတွက် ကျင့်သားရလာပါလိမ့်မယ်။ အမှတ်တရတွေဆိုတာ ဖျောက်ဖျက်ပစ်လို့ မရပေမယ့် ကျင့်သားရလာတဲ့အခါ “အသည်းကွဲခြင်း”ဆိုတာက ညီမလေးအတွက် တဖြည်းဖြည်းသက်သာရာရပြီး ဒဏ်ရာဆိုတာတွေ အကုန်ပျောက်ကုန်ပါလိမ့်မယ်။ ဒဏ်ရာတွေ ပျောက်သွားပေမယ့် “အမာရွတ်တော့ ကျန်မှာပဲ”လို့တော့ ထပ်မတွေးနဲ့နော်။ ဒီခေတ်က တိုးတက်နေတဲ့ ခေတ်ကြီးပါကွယ်။ အမာရွတ်ကို အရှင်းပျောက်တဲ့ ဆေးတွေတောင် ရနေတဲ့ ခေတ်ကြီးမှာ မမချစ်တဲ့ ညီမလေးတစ်ယောက် တန်ဖိုးထားမြတ်နိုးစရာ ငြိမ်းချမ်းသိမ်မွေ့အေးမြပြီး ပြည့်စုံနေသော ဘဝလက်တွဲဖော်အစစ်ရဲ့ “မေတ္တာတွေလွှမ်းခြုံနေတဲ့ အချစ်ချိုချို”ကို ထပ်တွေ့တဲ့အခါမှာ အနာနဲ့ဆေးတွေ့သလိုမျိုး ပျောက်ကင်းသွားပါလိမ့်မယ်။ တစ်ခုတော့ရှိတယ်နော်။ မမပြောထားတဲ့ အကြံပေးခြင်းတွေကိုတော့ မမေ့ပါနဲ့ကွယ် …။

“မမရဲ့ညီမလေးတစ်ယောက် ဘဝတစ်ကွေ့မှာ မထင်မှတ်ဘဲ ကြုံလိုက်ရတဲ့ “အသည်းကွဲခြင်း”ဆိုတဲ့ အရာကို ကောင်းမွန်စွာဖြတ်ကျော်နိုင်ပါစေ”လို့ ဆုတောင်းလျှက် ...

ချစ်ခြင်းများဖြင့်
မမ …


(“အသည်းကွဲခြင်း”ကြောင့် ခံစားနေရသော မောင်လေး ညီမလေးများအတွက် ရေးသားဖြစ်ပါသည် ...)



မိုးညချမ်း
18.4.2013 (8:06 p.m)

3 comments:

  1. အသည်းကွဲလားဆိုတော့................
    အင်းးးးးးးးးးးးးးးးးးးးးးးး
    ခံစားနေရတယ်..................း(

    ReplyDelete
  2. ဘာမှမပြောနိုင်လောက်အောင် အများကြီးပြောခဲ.တာပဲလေ..
    နဂိုကတည်းကချှဉ်ပြီးသားမို. နင်မဲ.ပြတာကို ထူးပြီးရင်ခုန်မနေတော.ပါဘူး....
    နောင်တရဖို.တောင် သတိမေ.ခဲ.တဲ. ကိုယ်.ရင်ကိုယ်ပဲ နောင်တရမိတယ်...
    လွမ်းလို.ငိုတာမဟုတ်ဘူး...ငိုချင်လို.လွမ်းခဲ.တာ ...ညလေး.....

    ReplyDelete
  3. ဒီညီမက မောင်လေး ၊ ညီမလေးတွေအတွက်ဘဲရေးတာ။ အကို နဲ့ အမတွေအတွက်မပါဘူး။ :))
    အပိုင်း ( ၂ ) မန့်ပြီး အပိုင်း ( ၁ ) လာမန့်ပါတယ်။
    အမက ရည်းစားတော့ မရှိဘူး။ ကိုယ်ဘက်က တဖက်သတ်ကြိုက်ခဲ့ရတဲ့သူတော့ ရှိတယ်။ ဒါပေမဲ့ မင်္ဂလာဆောင်သွားပြီမို့ အသည်းက ပက်ပက်စက်စက်ကိုကွဲပါတယ်။ ညီမပြောသလိုဘဲ ငိုပါတယ်။
    ရည်းစားသက်တမ်းအများကြီးရှိခဲ့သူဆိုရင်တော့ တော်တော်ခံစားရမှာဘဲ။ ရည်းစားမထားဖူးပေမဲ့လဲ အသည်းကွဲခြင်းရဲ့ အရသာကတော့ သိပ်ကို ခံရခက်လွန်းပါတယ်။
    အဓိကကတော့ ကိုယ်နဲ့ဖူးစာမရှိလို့ဘဲနေမှာ။

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...