Monday, June 17, 2013

ကျွန်မနဲ့ ရခိုင်မုန့်တီ



ရခိုင်မုန့်တီ ???? ရခိုင်မုန့်တီ ???? အိပ်နေရင်းနဲ့တောင် ထယောင်သလား၊ လမ်းလျှောက်ရင်းနဲ့တောင် ရေရွတ်နေသလား အောက်မေ့ရတယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်း ဘယ်လိုချဉ်ခြင်းတပ်မှန်း မသိဘူး။ အရမ်းကို စားချင်နေမိတယ်။ ရုံးဆင်းတော့ ရုံးနားကဆိုင်မှာ သွားစားမယ်လုပ်တော့လည်း ကျွန်မတစ်ယောက်တည်းမို့ မစားဖြစ်ပြန်ဘူး။ အိမ်ပြန်ရောက်တော့လည်း ညီမလေးက အလုပ်ကပြန်မရောက်သေးတော့ တစ်ယောက်တည်းမို့ မစားဖြစ်ပြန်ဘူး။ ဒီလိုနဲ့တစ်ရက်ရွှေ့ တစ်ရက်ရွှေ့နဲ့ တစ်ပတ်လောက်ကြာလာတယ်။

တစ်ယောက်ထဲကလည်း သွားမစားချင်ဘူး။ ရခိုင်မုန့်တီဆိုတော့ စာဖတ်သူတို့သိတဲ့အတိုင်းပဲ။ ငရုတ်သီးထောင်းအနှစ်လေး များများထည့် မန်ကျည်းရေလေး ငံပြာရည်လေးနဲ့ ရှူးရှူးရှဲရှဲနဲ့စားရင်း စပ်လို့ချွေးတွေပြန် နှာရည်လေးတွေ တရွှဲရွှဲ၊ တစ်ချို့ဆို မျက်ရည်လေးတွေဝဲလို့ တရှူးရှူးနဲ့ဖြစ်နေရင် လက်ကလေးယပ်ခပ်တဲ့ပုံ၊ လျှာလေးတထုတ်ထုတ်နဲ့ ရှူးကနဲ ရှူးကနဲဖြစ်မှာဆိုတော့ တစ်ယောက်ထဲသွားစားဖို့ကျတော့လည်း နည်းနည်းရှက်သလိုလို ရှိန်သလိုလိုဖြစ်နေတာနဲ့ပဲ အဖော်လေးပါမှ သွားစားလို့အဆင်ပြေမယ်ဆိုပြီး မစားဖြစ်ပြန်ဘူး။

ကျွန်မက ရခိုင်မုန့်တီ၊ ရခိုင်သုတ်၊ ရှမ်းခေါက်ဆွဲတို့ကို ငရုတ်သီးစပ်စပ်လေးထည့်စားရတာကို ကြိုက်မှကြိုက်။ ဒါပေမယ့် တစ်ခါမှ ဒီလောက်စားချင်စိတ်မဖြစ်မိဘူး။ ကြုံရင်တော့စားလိုက်တယ်။ ဒီတစ်ခေါက်တော့ အတော်လေးစားချင်စိတ်ဖြစ်နေတာတောင် အဖော်မရှိလို့ မစားရဲတာနဲ့ တစ်ပတ်လောက်ကြာသွားတယ်။ တစ်ပတ်လောက်အကြာ တစ်ရက်မှာ စားချင်စိတ်ကို မအောင့်အီးနိုင်တာနဲ့ပဲ ညီမလေးရုံးက ပြန်ရောက်လာတာနဲ့ ညီအစ်မနှစ်ယောက် မုန့်တီစားဖို့ ထွက်လာကြတော့ အိမ်နားကစားနေကြမုန့်တီဆိုင်က ပိတ်ထားတယ်တဲ့။ ငိုချင်စိတ်တောင် ပေါက်လိုက်တာ မပြောပါနဲ့တော့။ 

ဒါနဲ့ပဲ ညီအစ်မနှစ်ယောက် လမ်းလျှောက်ရင်း မုန့်တီဆိုင်လိုက်ရှာတာ နှစ်မှတ်တိုင်ကျော်လောက်ဖြစ်သွားတယ်။ ညီမလေးက “မမရယ် ညောင်းလာပြီဟာ”လို့ ပြောတာနဲ့ သူ့ကိုအားလည်းနာ သနားလည်း သနားပြီး “လမ်းလေးထဲတော့ ခဏဝင်ကြည့်ရအောင် အငယ်လေးရယ် … မမစားချင်တာကို အောင့်ထားရတာ တစ်ပတ်လောက်ရှိနေပြီ”လို့ ညီအစ်မနှစ်ယောက်စကားတစ်ပြောပြောနဲ့ လမ်းလေးထဲ ဝင်လာလိုက်တော့ ဆိုင်းဘုတ်လေးတစ်ခုတွေ့လိုက်တယ်။ “ရခိုင်မုန့်တီ၊ ကြာဇံသုတ်၊ မုန့်ဟင်းခါး”တဲ့။ ဝမ်းသာအားရ ဝင်ထိုင်ပြီး “ရခိုင်မုန့်တီ နှစ်ပွဲ”လို့ မှာလိုက်တော့ “မုန့်တီက မုန့်ဖတ်မရှိတော့ဘူး … ဟင်းရည်ပဲရှိတော့တယ် … ဟင်းရည်နဲ့ အကြော်သောက်မလား”တဲ့။ စိတ်တောင်ညစ်သွားတယ်။ မိုးကလည်းချုပ်နေပြီမို့ “လာပါ အငယ်လေးရယ် ဘယ်တတ်နိုင်မလဲ ပြန်ကြတာပေါ့”ဆိုပြီး နှစ်မှတ်တိုက်ကျော်လောက်ကို ကားမစီးပဲ မုန့်တီဆိုင်လေးများတွေ့အုံးမလားလို့ မျှော်လင့်ချက်လေးနဲ့ လမ်းလျှောက်ပဲပြန်လာလိုက်တယ်။

 အိမ်နားရောက်ကာနီး လမ်းကြားလေးထဲမှာ မီးရောင်မှိန်ပြပြနဲ့ဆိုင်လေးတစ်ဆိုင်လှမ်းတွေ့လိုက်လို့ အနားသွားကြည့်လိုက်တော့ ဆိုင်းဘုတ်လေးမှာရေးထားတာက “လက်ညှစ်ရခိုင်မုန့်တီ”တဲ့။ မျက်လုံးလေးကို အရောင်လက်သွားပြီး သွားရေတောင် ကျခမန်းလိလိပဲ။ ထိုင်မယ်လို့ပြင်ပြီးကာမှ ဆိုင်ရှင်အဒေါ်ကြီးက “သမီးတို့ မုန့်တီကုန်ပြီနော် … ခေါက်ဆွဲသုတ်ပဲ ရတော့မယ်”တဲ့။ ကျကာနီးသွားရေကို ပြန်သိမ်းပြီး ဆိုင်ထဲက ခေါင်းငိုက်စိုက် ငိုက်စိုက်နဲ့ကို အိမ်ပြန်သွားလိုက်ရတယ်။

နောက်တစ်ရက်မှာတော့ ရုံးကအပြန် ကိစ္စရှိလို့ တာမွေဘက်ကို သွားရင်းနဲ့ ရခိုင်မုန့်တီဆိုင်ကို တွေ့လိုက်ရတော့ ဟန်တောင် မဆောင်နိုင်ဘူး။ တစ်ယောက်ထဲသော ဘာသော ညာသောတွေ စဉ်းစားမနေနိုင်တော့ဘူး။ ဆိုင်ထဲ တန်းဝင်ထိုင်ပြီး အငြိုးတကြီးနဲ့ကို ရခိုင်မုန့်တီတစ်ပွဲ၊ ရခိုင်သုတ်စပ်စပ်လေးတစ်ပွဲ၊ ငါးဖယ်ရခိုင်သုတ်လေးတစ်ပွဲမှာပြီး တစ်ရှူးကိုတစ်ဘက်ကကိုင် ညာဘက်လက်က ဇွန်းကိုမချတမ်း ချွေးတရွှဲရွှဲနဲ့ တရှူးရှူးတရှဲရှဲနဲ့ စားလိုက်တာ အိမ်ပြန်ရောက်တော့ ဗိုက်တွေအောင့်လို့ ဆေးသောက်ယူလိုက်ရတဲ့အထိပဲ။

ကဲ မှတ်ကရော … ဘာရမလည်း အဲဒီလောက်ကို အငြိုးကြီးတာ ရခိုင်မုန့်တီရေ!!!!!!

(မှတ်ချက် ။  မုန့်တီစားတုန်းက ရိုက်ယူလာတဲ့ပုံလေး ပျက်သွားလို့ Google က ရှာပြီး ဖော်ပြလိုက်ပါသည်...)

စာဖတ်သူများကို အစဉ်လေးစားလျှက်
မိုးညချမ်း
14.6.2013(9:30 p.m)

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...