Thursday, June 28, 2012

ကျွန်မလေးစားချစ်ခင်ရသော သူတို့တွေ


ကျွန်မဒီအကြောင်းအရာလေးတွေကို ရေးမယ်ဆိုပြီး စိတ်ကူးထားတာကြာလှပေါ့ … စိတ်ကူးသာရှိတာ ချမရေးဖြစ်ခဲ့ပါဘူး … ဒီနေ့တော့ အလုပ်ထဲမှာ အနည်းငယ်အားနေတာကတစ်ကြောင်း … စာရေးချင်စိတ်တွေလည်း ထက်သန်နေတာကတစ်ကြောင်း ချက်ချင်းပဲ အကောင်အထည်ဖော်ဖြစ် လိုက်ပါတယ် …

လူတိုင်းလူတိုင်းမှာ လေးစားအားကျအတုယူဖွယ် ပုဂ္ဂိုလ်တွေရှိကြမှာပေါ့နော် … ကျွန်မလည်း ငယ်စဉ်ကတည်းက လေးစားအားကျအတုယူချင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေရှိခဲ့ပါတယ် … ပထမဦးဆုံး ငယ်စဉ်ကတည်းက လေးစားအားကျခဲ့တာကတော့ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ကျွန်မရဲ့  ဖေဖေနဲ့မေမေပါ … 

ကျွန်မတို့ရဲလွပ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက မိမိရဲ့အသက်ကိုတောင်ပဓာနမထားဘဲ နိုင်ငံ့လွတ်လပ်ရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့တာတွေကို စာအုပ်တွေထဲက ဖတ်ရှုခဲ့ရပြီး လေးစားချစ်ခင်ခဲ့ရပါတယ် … ထပ်မံလေးစားရသူ ကျွန်မဖေဖေက အစိုးရဝန်ထမ်း တစ်ယောက်ဖြစ်ပြီး လာဘ်လာဘပေါများစွာရရှိနိုင်မယ့် ဌာနတစ်ခုကအရာရှိပါ … ဖေဖေ့ဆီကို လာဘ်လာဘတွေပေးကမ်း ကန်တော့လာကြတဲ့သူတွေတိုင်းကို “မင်းတို့နဲ့ထိုက်ရင် ဖြစ်လာမှာပေါ့ကွ”ဆိုတဲ့ စကားလှလှလေးတစ်ခွန်းနဲ့ပဲ ပေးလာသမျှ ငွေကြေး၊ ပစ္စည်းတိုင်းကို ငြင်းပယ်လို့ သူလုပ်ပေးစရာရှိတဲ့အပိုင်းကို ကျေပြွန်အောင် ထမ်းဆောင်ပေးခဲ့တဲ့ ဝန်ထမ်းကောင်းတစ်ယောက်ပါ … ကျွန်မဖေဖေဟာ အင်္ဂလိပ်စာနဲ့ပတ်သက်လို့ အရမ်းထူးချွန်ပြီး ကျွန်မတို့ကိုလည်း သူ့လိုဖြစ်အောင် ငယ်စဉ်ကတည်းက သင်ကြားပြသပေးခဲ့သော်လည်း ကျွန်မတို့မောင်နှမတွေဟာ အဖေလောက်နီးပါးတော်ဖို့မပြောနဲ့ ဖေဖေ့ခြေဖျားတောင်လိုက်မမှီခဲ့ကြပါဘူး … ဗုဒ္ဓဝင်သမိုင်းကြောင်းနဲ့ပတ်သက်လို့ပဲ ဆွေးနွေးမလား … အထွေထွေဗဟုသုတနဲ့ပတ်သက်လို့ပဲ ပြောမလား … ဖေဖေမသိဘူးဆိုတဲ့စကားမျိုးဘယ်တော့မှ မကြားခဲ့ရပါဘူး … ကျွန်မတို့မောင်နှမတွေသာမက မည်သူနဲ့ပဲ ဖြစ်ဖြစ်၊ ကျွန်မတို့သူငယ်ချင်းအပေါင်းအသင်းတွေကအစ မသိတာရှိလို့မေးခဲ့ရင်လည်း ဖေဖေ့ဘက်က အမြဲတမ်းပြောပြဆွေးနွေးပေးခဲ့တာချည်းပါပဲ ….

နောက်ထပ်တစ်ဦးကတော့ ကျွန်မရဲ့မေမေပါ … ကျွန်မမေမေကလည်း အစိုးရဝန်ထမ်းအရာရှိ တစ်ယောက်ဖြစ်ပြီး အလုပ်တစ်ဖက်နဲ့ပဲ ကျွန်မတို့မောင်နှမတွေကို အရွယ်ရောက်လာအောင် ထိန်းကျောင်းပဲ့ကိုင်ပေးခဲ့သူပါ … မေမေဟာငယ်စဉ်ကတည်းက ကျွန်မတို့မောင်နှမတွေကို ရိုက်နှက်ဆုံးမခြင်းအလျဉ်းမရှိခဲ့ပါဘူး … အကျိုးသင့်အကြောင်းသင့်ပြောပြပြီး မှန်ရာကိုသာရွေးချယ်ခိုင်းခဲ့ပြီး ကျွန်မတို့မောင်နှမတွေကို လိမ္မာရေးခြားရှိအောင်သွန်သင်ပေးခဲ့သူပေါ့ … မေမေပြောနေကြစကားတစ်ခွန်းက “ကျွန်မသားသမီးတွေက ရိုက်နှက်ထုထောင်းပြီး ဆုံးမရလောက်အောင် မိုက်မဲတဲ့သူမဟုတ်ဘူးဆိုတာ ယုံကြည်တယ်”တဲ့ … ကျွန်မဝါသနာပါတဲ့ ပရဟိတအလုပ်ကိုလည်း ဖြစ်သင့်တာတွေ ... ဖြစ်ချင်တာတွေကို ... လုပ်သင့်၏ မလုပ်သင့်၏ ပြောဆိုပြီး လမ်းပြအားပေးနေတဲ့ ကျွန်မရဲ့မိဘတွေပါ ...

ငယ်စဉ်ကတည်းက ဖေဖေနဲ့ မေမေတို့ဝယ်ပေးတဲ့စာအုပ်တွေဖတ်ခဲ့ရတယ်ဆိုပေမယ့် အရွယ်ရောက်လာလို့ ကျွန်မကိုယ်တိုင်ရွေးချယ်လို့ဖတ်ဖြစ်ခဲ့တဲ့ စာအမျိုးအစားတွေထဲကမှ ကျွန်မလေးစားအတုယူအားကျရတာတွေက ဆရာမဂျူး၊ ဆရာကြီးချစ်စံဝင်း၊ ဂျာနယ်ကျော်မမလေးတို့လေ … နောက်ထပ်နှစ်သက်တာတွေက တာရာမင်းဝေ၊ နီကိုရဲတို့ပေါ့ …

နောက်ကျွန်မအရွယ်ရောက်လာလို့ လုပ်ငန်းခွင်ဝင်တော့ ကျွန်မနဲ့အနီးကပ်ဆုံးရှိကြတဲ့ တစ်ဌာနထဲက အစ်မတွေပါ … ကျွန်မက ရုံးမှာပျော်ပျော်နေတတ်သူမို့ တစ်ခါတစ်ရံစိတ်ညစ်စရာများရှိလို့ အနေတိတ် နေတဲ့အခါ ပြာပြာသလဲဂရုတစ်စိုက်နဲ့ စိုးရိမ်တတ်သူတွေပေါ့ … ကျွန်မအလုပ်တွေများလွန်းတဲ့အခါ မျိုးတွေဆိုရင် ကျွန်မကိုဝိုင်းကူညီရင်း အားပေးကြတယ် … နေမကောင်းဖြစ်ခဲ့ရင်လည်း စိုးရိမ်တကြီးနဲ့ ဂရုစိုက်ပေးတတ်သူ ကျွန်မချစ်ရတဲ့ အစ်မတွေပါ …

အလုပ်တစ်ဖက်နဲ့ပဲ ပရဟိတတွေလုပ်ဖြစ်တော့ ကျွန်မထပ်မံလေးစားရတဲ့သူတွေက အစ်ကိုတွေလို ချစ်ခင်ရတဲ့ ကိုဗေဒါဇော်၊ ကိုကြီး(ကိုရီး)၊ ကိုဇော်တို့ပါ … ကျွန်မအတွက် ဖြစ်သင့်တာ ဖြစ်ထိုက်တာ ဖြစ်ချင်တာတွေကို ညီမျှခြင်းချလို့အကောင်းဆုံးလမ်းတွေကို လျှောက်လှမ်းနိုင်အောင် သွန်သင်ဆုံးမလမ်းပြပေးခဲ့တဲ့ အစ်ကိုတွေပါ … ဖြစ်သင့်တာဆိုလည်း ဆက်လုပ်ဖြစ်အောင် အားပေးလို့ … ဖြစ်ထိုက်တဲ့အရာတွေဆိုလည်း လမ်းပြပေးလို့ … ဖြစ်ချင်တာတွေဆိုလည်း တိုင်ပင်ညှိနှိုင်းလမ်းပြပေးကြသူတွေပေါ့ … နောက်ထပ် ကျွန်မနဲ့အတူ ပရဟိတတွေကို လုပ်ကိုင်နေကြတဲ့ ပရဟိတနယ်ပယ်အသီးသီးက မောင်နှမတွေအပါအဝင် Save the Aged အဖွဲ့ထဲက သူရဲသုံးကောင်(စနိုးသူ၊ နွေးနွေး၊ ဖြူစင်သူ)၊ ပြည်တွင်းပြည်ပက အဖွဲ့ဝင်မောင်ငယ်ညီမငယ်လေးတွေ၊ အစ်မတွေ၊ အစ်ကိုတွေ၊ သူငယ်ချင်းတွေအားလုံးကိုလည်း ကျွန်မ မလေးစားဘဲမနေနိုင်ပြန်ပါဘူး …  အရွယ်တွေနဲ့မမျှအောင် လူရောစိတ်ပါအားတက်သရောနဲ့ ပရဟိတအလုပ်တွေကို လုပ်ဆောင်နေကြတဲ့ ပရဟိတစိတ်ဓါတ်ပြည့်ဝသူတွေပါပဲ …

နောက်ထပ်လေးစားချစ်ခင်ရသူကတော့ ပရဟိတလုပ်ရင်းနဲ့ခင်မင်ခဲ့ရတဲ့ မမမြသွေးနီပါ … ငယ်စဉ်ကတည်းက စာတွေရေးချင်ခဲ့ပေမယ့် အားပေးမယ့်သူမရှိတာကတစ်ကြောင်း … ကိုယ်ရေးတဲ့စာတွေကို အများကိုချပြရတဲ့ သတ္တိမရှိတာကတစ်ကြောင်းနဲ့ပဲ ကျွန်မရဲ့ကိုယ်ပိုင် Diary ထဲမှာပဲ ကဗျာအတိုအစတွေချရေးလို့ …. ကျွန်မနှစ်သက်တဲ့စာသားလေးတွေနဲ့ ဆောင်ပုဒ်လေးတွေဆိုလည်း စာရွက်လေးတွေမှာချရေးလို့ ကျွန်မရဲ့မှေးစက်ရာအခန်းကျဉ်းလေးတွေမှာပဲ ပြည့်နှက်နေခဲ့တာပေါ့ … စာရေးဆရာတွေရဲ့ စာတွေ၊ ကဗျာတွေဖတ်ရင်း … မမမြသွေးနီရဲ့စာတွေဖတ်ရင်း စာရေးချင်စိတ်တွေပြင်းပြနေတဲ့ တစ်ရက်မှာတော့ ကျွန်မရဲ့ Save the Aged အသင်းအတွက် မရမ်းချောင်းအနာကြီးရောဂါသည်ဂေဟာကို ကွင်းဆင်းခဲ့တဲ့ခရီးစဉ်မှတ်တမ်းလေးကို STA website လေးမှာ ချရေးမိတော့ ကျွန်မရဲ့စာအရေးအသားလေးတွေအတွက် အားပေးခဲ့သူ … ကျွန်မစာတွေကို ဆက်ရေးဖြစ်အောင် အားပေးခဲ့သူက မမမြသွေးနီပါ … မမမြသွေးနီရဲ့အားပေးမှုကြောင့်ပဲ ကျွန်မစာလေးတွေစရေးဖြစ်ခဲ့ပါတယ် …  

ကျွန်မလေးစားချစ်ခင်ရတဲ့သူတွေရဲ့ဂုဏ်တွေကို မမောနိုင်မပန်းနိုင်သာ ပြောပြရကြေးဆိုရင် ဒီနေ့တစ်ရက်တည်းနဲ့ ဒီပိုစ့်လေးတစ်ပုဒ်နဲ့တင် လုံလောက်နိုင်မယ်မထင်ပါဘူး … ကျွန်မရဲ့အားငယ်ချိန်တွေကိုအားပေးခဲ့တဲ့သူတို့တွေ၊ ကျွန်မအတွက်သတ္တိတွေဖြစ်လာအောင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းတွေနဲ့ဖြစ်စေ အားပေးခဲ့တဲ့သူတို့တွေရဲ့ ကျေးဇူးတရားတွေကို ကျွန်မဘယ်တော့မှ မေ့ပျောက်နိုင်မယ် မထင်ပါဘူး …
ကျွန်မရေးတဲ့စာတွေတိုင်းကိုလည်း ကောင်း၏ဆိုး၏ဝေဖန်ပေးလာကြတဲ့ စာချစ်ပရိသတ်လေးတွေလည်း ရရှိလာရပါတယ် … ကျွန်မလိုဝါသနာရှင်လောက်အဆင့်လောက်နဲ့သာ ရေးဖြစ်နေတဲ့ စာရေးသူတစ်ဦးကိုလည်း အားပေးဝေဖန်ပေးနေတဲ့ ကျွန်မရဲ့သူငယ်ချင်းတွေ၊ ကျွန်မအလုပ်ထဲက အစ်မတွေနဲ့ သူငယ်ချင်းတွေ၊ ကျွန်မအတွက်စာဖတ်ပရိသတ်အဖြစ်ရပ်တည်ပေးလာတဲ့သူတွေကိုလည်း ကျွန်မကျေးဇူးတင်လေးစားမိလို့ ဒီပိုစ့်လေးနဲ့ ကျေးဇူးတင်စကားပြောလိုက်ပါရစေရှင် …



မိုးညချမ်း
28.6.2012(4:00 p.m)

Tuesday, June 26, 2012

နှုတ်ဆက်ကြစို့နော်



ကျွန်မ“အချစ်”ဆိုတဲ့အရာကို မယုံကြည်ဘဲ နေထိုင်လာခဲ့တာ ဆယ်ကျော်သက်အရွယ်ကိုကျော်လွန်လို့ အများက အပျိုကြီးလို့ခေါ်ဝေါ်နောက်ပြောင်လာကြတဲ့ သုံးဆယ်ကျော်အရွယ်ထိ ကြာလှပေါ့ … တစ်ကယ်လည်း ကျွန်မ မယုံကြည်လို့ တစ်ကိုယ်တည်းအပျိုကြီးလုပ်မယ်ဆိုတဲ့ စိတ်ကူးတွေနဲ့လွတ်လပ်စွာနေထိုင်ရှင်သန်လာခဲ့တာပါ … ဒါပေမယ့် “သူ” …. သူကဘာလို့ကျွန်မဘဝထဲကို မဖိတ်ခေါ်ဘဲ ဝင်ရောက်လာခဲ့တာပါလည်း … မနှင်ဘဲနဲ့ရော ဘာလို့နှုတ်မဆက်ဘဲ ပြန်လည်ထွက်ခွာသွားခဲ့ရတာလည်းဆိုတဲ့ မသေချာတဲ့အတွေးတွေနဲ့ ယောင်ချာချာနဲ့အတိတ်ကနေ့ရက်တစ်ချို့ကိုပြန်လည်တွေးမိတဲ့အခါ ...

ဒီနေ့ကျွန်မစိတ်တွေ ဘာဖြစ်နေမှန်းကို နားမလည်နိုင်တော့ပါဘူး … ဘာကြောင့်လည်း အမည်တပ်လို့မရ … အလုပ်ထဲလည်း စိတ်နှစ်လို့မရ … ဘာအတွက်လည်းခေါင်းစဉ်တပ်လို့မရဘဲ စိတ်တွေဂယောက်ဂယက်ဖြစ်နေမိတယ် … ဒါနဲ့စိတ်ပြေလက်ပျောက် ကော်ဖီဖျော်ဖို့ dining room ဘက်ကို ထွက်လာတော့ “မမရေ … ဖုန်းလာနေတယ်” ဆိုတဲ့ ညီမလေးတစ်ယောက်ရဲ့ခေါ်သံကြောင့် အခန်းထဲပြန်ဝင်လာပြီး ဖုန်းနားထောင်လိုက်တော့ “ကိုယ်ပါ“ ဆိုတဲ့ ခပ်ချိုချိုစကားသံနဲ့ မနေ့တစ်နေ့ကမှ အလုပ်ကိစ္စနဲ့ခင်မင်ခဲ့သူ ရွှေအလင်္ကာကုမ္ပဏီက GM ဆိုတဲ့ လူပျိုကြီးကိုမင်းသူပါ … “ဟုတ်ကဲ့ … ကိုမင်းသူ … ကျွန်မဘာများကူညီရမလည်းရှင်” လို့ ကျွန်မဘက်ကအမေးအတွက် ရေရေရာရာတိတိကျကျမရှိတဲ့ အဖြေတွေနဲ့ နောက်ဆုံးသူပြောသွားတာက “သတိရလို့ ဖုန်းဆက်တာပါ”တဲ့ … ကျွန်မ အံ့သြခြင်းများစွာနဲ့ ဘာမှတောင်ပြန်မပြောနိုင်ခင်လေးမှာပဲ ဖုန်းချသွားပါတယ် …

ဖုန်းခွက်ကိုကိုင်ရင်း ကြောင်ပြီးရပ်နေတဲ့ ကျွန်မကို  ညီမလေးတစ်ယောက်က “မမ ဘာဖြစ်လို့လည်းဟင်”လို့ စိတ်ပူစွာမေးသံကြားတော့မှ ကျွန်မသတိပြန်ဝင်လာပါတယ် … သတိထားလိုက်မိတဲ့အချိန်မှာပဲ ကျွန်မရင်တွေ တလှပ်လှပ်ခုန်နေတာကို သိလိုက်တော့ ကိုယ့်ကိုကိုယ် မလုံမလဲဖြစ်ရင်း ကော်ဖီဖျော်ဖို့တောင် မေ့သွားပြီး ကျွန်မရဲ့အလုပ်ခန်းလေးထဲပြန်ဝင်လာလိုက်ပါတယ် … မနက်ကတည်းက အဖြေရှာမရတဲ့အကြောင်းအရာ တစ်ခုကိုတော့ ကျွန်မသိလိုက်ရပါတယ် … ညကအိမ်မက်ထဲမှာ ကိုမင်းသူနဲ့အတူ ကျွန်မတို့ မင်္ဂလာခန်းမထဲမှာ အတူလက်တွဲလို့ပြုံးနေကြတာဆိုတဲ့ အိမ်မက်ကြောင့်ပဲ ကျွန်မစိတ်တွေ ယောက်ယက်ခတ်နေခဲ့တာပဲ … ကျွန်မ မသိမသာမျှော်လင့်နေခဲ့တာပဲ … လွန်ခဲ့တဲ့(၃)ရက်လောက်က ကျွန်မတို့ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ငန်းတစ်ခုလုပ်ဖို့ သဘောတူစာချုပ်ချုပ်တဲ့နေ့လေးမှာ ရွှေအလင်္ကာကုမ္ပဏီက ကျွန်မထက် အနည်းငယ်အသက်ကြီးတဲ့ ကိုယ်စားလှယ်ဆိုသူ GM ကိုမင်းသူနဲ့ဆုံတွေ့ခဲ့ရပါတယ် … စာချုပ်လက်မှတ်ထိုးနေကတည်းက သူ့ရဲ့အကြည့်တွေအတွက် ကျွန်မ မလုံမလဲဖြစ်နေခဲ့ရပါတယ် … လက်အောက်ဝန်ထမ်းတွေရှေ့မှာဆိုတော့ ကျွန်မ မသိချင်ယောင်ဆောင်နေခဲ့ရပေမယ့် ရင်တွေတဒိတ်ဒိတ်ခုန်နေခဲ့တာကို ကျွန်မကိုယ်တိုင်သတိထားမိခဲ့ပါတယ် … ခုတော့ တိုက်ဆိုင်စွာပဲ သူက ကျွန်မဆီဖုန်းဆက်လာတော့ အံ့သြစွာနဲ့ပဲ ဝမ်းသာခဲ့ရပြန်ပါရော …

ဒီလိုနဲ့ ဒီလိုနဲ့ပဲ ကျွန်မနဲ့သူ  အလုပ်ကိစ္စကြောင့်မဟုတ်ဘဲ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ပါ အပြင်မှာ တွေ့ဖြစ်ခဲ့ကြပါတယ် … ရုံးကို သူရောက်လာရင်လည်း ကျွန်မအတွက် မုန့်… ဒါမှမဟုတ် ဘာအထိမ်းအမှတ်မှ မရှိဘဲနဲ့ လက်ဆောင်တစ်ခုခု အမြဲပါလာနေကြပါ … တစ်ရက်တော့ မထင်မှတ်ဘဲ ပန်းစည်းလက်ဆောင်ရ လိုက်တော့ ရုံးကညီမငယ်လေးတွေက ပြုံးစိစိနဲ့ စနောက်ကြတော့ ရှက်လည်းရှက် ကြည်လည်းကြည်နူးမှုတွေနဲ့ ကျွန်မပျော်ခဲ့ရပါတယ် … ဆယ်ကျော်သက်အရွယ်တုန်းက ကျွန်မကို Propose လုပ်တဲ့သူတွေဆီက လက်ဆောင်ရခဲ့ဖူးပါတယ် … အဲဒီအချိန်တုန်းက အချစ်ကိုမယုံကြည်သူ ကျွန်မအနေနဲ့ ဟာသတစ်ခုလို သဘောထားပြီး ရခဲ့တဲ့လက်ဆောင်တိုင်းကို လွှင့်ပစ်ခဲ့တာချည်းပဲ … ချစ်တယ်လို့ပြောလာ သူတိုင်းကို ဟားတိုက်ရီမောခဲ့ဖူးတာချည်းပဲပေါ့ … တစ်ချို့က ကျွန်မကိုမာနကြီးသူ … မာန်တက်နေသူ အဖြစ်တောင် သတ်မှတ်သွားကြသေးရဲ့ …

ခုတော့ ကျွန်မ သူ့ဆီက လက်ဆောင်လေးတွေကိုလည်း မြတ်နိုးတတ်နေပါပြီ … သူ့ပါးစပ်ကဖွင့်ဟလို့ ပြောလာမယ့် စကားတစ်ခွန်းကိုလည်း စောင့်မျှော်တတ်လာပြီလေ … ကျွန်မမျှော်လင့်တဲ့အတိုင်းပါပဲ သူ့ဘက်ကလည်း ကျွန်မကြားချင်တဲ့စကားတစ်ခွန်းကို ဖွင့်ပြောလာခဲ့တုန်းက ရင်တွေခုန်လို့ ဘယ်လောက်ပျော်ရွှင်ခဲ့ရတယ်ဆိုတာ သူနားလည်နိုင်ပါ့မလား …
သူဖွင့်ပြောပြီး လေးငါးလအကြာမှာ သူ့အချစ်ကို ကျွန်မလက်ခံခဲ့ပါတယ် … သူနဲ့ကျွန်မ ချစ်သူသက်တမ်း တစ်နှစ်ကျော်လောက်အကြာမှာတော့ ကျွန်မကို လက်ထပ်ခွင့်တောင်းလာခဲ့ပါတယ် … ကျွန်မလည်း ချစ်တဲ့သူနဲ့ အတူနေရဖို့အရေးဆိုတော့ ဟန်ဆောင်မှုကင်းမဲ့စွာနဲ့ ခေါင်းညိတ်လက်ခံခဲ့ပါတယ် … ဒီလိုနဲ့ ကျွန်မနဲ့သူ အပျော်တွေတနင့်တပိုးနဲ့ မင်္ဂလာကိစ္စအတွက် ကြိုးပမ်းနေစဉ် တစ်ရက်မှာ …
“ဆုနှင်း … မင်းဘာလို့ ခုချိန်ထိ ကိုယ့်ကို ချစ်တယ် ဆိုတဲ့စကားတစ်ခွန်းကို မပြောရတာလည်း … မင်းဆီက အဲဒီစကားကြားချင်လို့ ကိုယ်ခဏခဏ မေးတာလည်း ရှောင်ထွက်ပေါင်း များလှပြီ … ခုမင်္ဂလာဆောင်ဖို့တောင် လုပ်နေကြပြီ … ဘာလို့တစ်ခါလောက် ကိုယ့်ကို ချစ်တယ် ဆိုတဲ့စကားတစ်ခွန်း မပြောနိုင်ရတာလည်းကွာ … မင်းပါးစပ်က ချစ်တယ်လို့ မပြောမချင်း မင်းအချစ်ကို ကိုယ်မယုံနိုင်ဘူး …. ဒီတစ်ခေါက်မှ မင်းဘက်က မပြောဘူးဆိုရင် ကိုယ်တို့မင်္ဂလာကိစ္စကို ဖျက်သိမ်းရလိမ့်မယ်” …

အို … ကျွန်မအံ့သြသွားလိုက်ရတာ … သူဘာလို့အဲလိုများပြောထွက်ရက်ပါလိမ့် … ကျွန်မက ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းကိုမပြောလို့ ကျွန်မတို့အချစ်တွေကိုသက်သေထူနိုင်မယ့် မင်္ဂလာပွဲကိုတောင်ဖျက်သိမ်းမယ်လို့ ပြောရက်လိုက်တာ … ကျွန်မ သူ့မျက်နှာကိုစေ့စေ့ကြည့်ပြီး “ကောင်းပြီလေ … ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းအတွက်နဲ့ ကျွန်မအချစ်ကို မယုံကြည်မှတော့ ဖျက်သိမ်းလိုက်ပါ … ကျွန်မဝမ်းမနည်းပါဘူး”လို့ ပြန်ပြောပြီး ကျွန်မတို့ဇာတ်လမ်းလေးကို အဆုံးသတ်ပစ်ခဲ့ပါတယ် … တစ်လ နှစ်လကြာသည့်တိုင် သူမဆက်သွယ်ခဲ့ပါဘူး … မလွမ်းဘူးလို့တော့ မလိမ်ချင်ပါဘူး … သူ့ကိုသတိတော့ရမိသား … နှစ်လကျော်ပြီး တစ်ရက်မှာတော့ ကျွန်မရဲ့ဆဲလ်ဖုန်းလေးထမြည်လာလို့ နံပါတ်ကို ကြည့်လိုက်တော့ သူ့ဖုန်းနံပါတ်ဖြစ်နေပါတယ် …  သူ့ဘက်ကဆက်တိုက်ခေါ်နေပေမယ့် ကျွန်မဘက်က ဖုန်းမကိုင်လေတော့ ရုံးက ကျွန်မနဲ့ညီအစ်မအရင်းတွေလို ချစ်ရတဲ့ ညီမလေးတစ်ယောက်ရဲ့ဖုန်းကိုဆက်ပြီး “ကျွန်မကို တောင်းပန်ပါတယ်တဲ့ … သူမှားသွားမှန်းသူသိပါပြီတဲ့” နေ့စဉ်ရက်ဆက်ဖုန်းတွေဆက်လို့ သူ့ဘက်က တောင်းပန်ပေမယ့် ကျွန်မရဲ့မာနကြောင့်ပဲလား? ကျွန်မအချစ်ကို သူမယုံကြည်တဲ့အတွက်ကြောင့်ရယ်လားတော့ မသိပါဘူး … ကျွန်မနဲ့သူ့ရဲ့ဇာတ်လမ်းလေးကို ရှေ့ဆက်ဖို့ ကျွန်မဘက်ကမဝံ့မရဲစိတ်တွေ … အတွေးပေါင်းမြောက်များစွာတွေနဲ့ပဲ ခေတ္တခဏလောက်ဖြစ်ဖြစ် နှုတ်ဆက်ခွင့်ပြုပါတော့နော် ….



မိုးညချမ်း
26.6.2012 (4:15 p.m)

Saturday, June 16, 2012

ဇွန်တခုရဲ့မိုးစက်

မပီဝိုးတိုး ဆည်းဆာရောတဲ့
မယုံမရဲ ဆုံဆည်းမှုက
ရေစက်တစက်ဆိုရင်
ဇွန်တခုရဲ့မိုးစက်လေးတော့ဖြစ်ပါစေ ...

ဝသန်ဦးရဲ့  မိုးစက်လေးရေ ...
သူရိန်ခက်ဖြာ လေးရူးသွဲ့လို့
စီးမျောလိုက်ပါ လွင့်ပြယ်မယ်ဆို
ရောင်ခြည်ဖွဖွ သံစဉ်ထက်မှာ
တွဲခိုရစ်သီ မှေးစက်ပါလေ ...

မိုးစက်လေးရေ ...
သက်ဝင်နိုးထ အရောင်စုံလို့
ထိုးဆင်းပျံသန်း ဝေ့ဝဲမယ်ဆို
အလွမ်းကာရံ မိုးခြိမ်းသံနဲ့
ရင်ခုန်သံစဉ် တေးသီဟစ်ဖို့
ကြင်နာလျှပ်ပန်း သဲ့သဲ့လေးတော့ လင်းလက်ပါလေ ....

မိုးစက်လေးရေ ...
ရွာသွန်းပြေးဆော့ စိတ်တိုင်းကျတော့
နွမ်းလျမောပန်း မိုးပြေးလည်းစဲ
ရှစ်ခွင်တိမ်တောင် နေညိုတာနဲ့
ရင်ခွင်ဝေ၀ါး တမ်းတခဲ့သော်
အလွမ်းလက်ကျန် ရောင်စဉ်သက်တန့်
ခပ်လဲ့လဲ့လေး ဖြန့်ကျတ်ရုံနဲ့
ဇွန်တခုရဲ့  ညနေကိုမှေးစက်ပါလေ ...။
 
waiphyojune 
31.03.2010

Thursday, June 14, 2012

ကိုကို့ရဲ့သတို့သမီး



 
 “ကိုကို” … ကျွန်မအပေါ်ဂရုတစ်စိုက်ရှိပြီး ကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင် … ကျွန်မအနားမှာမရှိပေမယ့် အဝေးကနေ အမြဲလိုလိုဂရုစိုက်ပေးတတ်တဲ့ “ကိုကို” … တစ်ခါတစ်လေ အားငယ်စိတ်တွေဝင်လာခဲ့ရင် အဝေးတစ်နေရာက စိတ်ပူနေတတ်တဲ့ “ကိုကို” … ကျွန်မအတွက် ကျွန်မဘဝအတွက် လိုအပ်ရသူ“ကိုကို” …

တစ်ကယ်တော့ ကျွန်မနဲ့ ကိုကိုက ငယ်စဉ်ကတည်းကအတူကြီးပြင်းလာခဲ့သူတွေလည်း မဟုတ်ပါဘူး …  အခြားသူတွေလို အပြင်မှာတွေ့ဆုံပြီး ခင်မင်ခဲ့ရသူလည်း မဟုတ်ပါဘူး … ကျွန်မ တက္ကသိုလ်ဝင်တန်းအောင်တဲ့ နှစ်၊ ဖေဖေဆုံးသွားတဲ့အချိန်မှာပဲ မေမေနဲ့ တစ်ဦးတည်းသောသမီးဖြစ်တဲ့ ကျွန်မတို့(၂)ယောက်သာ လူ့လောကအလယ်မှာ ကျန်နေခဲ့ပြီး စိတ်ဓါတ်တွေကျ အားငယ်နေချိန် သူငယ်ချင်းတွေရဲ့ဆွဲဆောင်မှုကြောင့်ပဲ Online စသုံးဖြစ်ခဲ့ပါတယ် … Online သုံးရင်းနဲ့ပဲ ကျွန်မ ပထမဦးဆုံးခင်မင်မိသူက “ကိုကို”နဲ့ပါ … ကိုကိုက ဘွဲ့ရပြီးလို့ အဆင့်မြင့်ပညာတွေဆက်သင်ဖို့အတွက် နိုင်ငံရပ်ခြားကိုရောက်နေသူတဲ့ … ခုဆို ကျွန်မကျောင်းပြီးလို့ ကွန်ပျူတာသင်တန်းကျောင်းတစ်ခုမှာ ဆရာမလေးတောင်ဖြစ်နေခဲ့ပေါ့ … ကိုကိုနဲ့ ကျွန်မခင်မင်လာခဲ့တဲ့ သက်တမ်းကလည်းနှစ်တွေကြာလာပြီလေ … အပြင်မှာမတွေ့ဖူးကြပေမယ့် ဓါတ်ပုံချင်းဖလှယ်လို့တော့ တည်ကြည်ခန့်ညားတဲ့ ကိုကို့ရုပ်သွင်ကို ကျွန်မမြင်ဖူးနေပါတယ် … ဖုန်းလည်းအမြဲပြောဖြစ်လို့ ကိုကို့ရဲ့တည်ငြိမ်ပြီးဆွဲဆောင်မှုရှိတဲ့ အသံလေးတွေကိုလည်း ကျွန်မစွဲလန်းနေခဲ့ရတာပေါ့ …. တစ်နေ့တစ်ခြား ကိုကို့ကို သံယောဇဉ်တွေပိုပိုတိုးလာလို့ ကိုကိုမြန်မာပြည်ပြန်လာမယ့် နေ့ရက်တွေကိုသာ လက်ချိုးရေလို့စောင့်စားနေခဲ့ရသူပါ …
ကျွန်မမွေးနေ့ပဲဖြစ်ဖြစ် … ကိုကိုနဲ့ ကျွန်မစတင်ဆုံစည်းခဲ့တဲ့ အမှတ်တရနေ့ပဲဖြစ်ဖြစ် …  ကျွန်မစိတ်ညစ် နေလို့ပဲဖြစ်ဖြစ် ကျွန်မကိုဂရုတစ်စိုက်နဲ့ ပန်းစည်းလေးတွေ အရုပ်လေးတွေပို့ပေးလို့ တစ်မျိုး ဖုန်းဆက်လို့ တစ်ဖုံ ကျွန်မကိုပျော်ရွှင်မှုတွေပေးခဲ့သူပေါ့ … ကျွန်မနဲ့ဖုန်းပြောရင်း အခန့်မသင့်လို့စကားများစိတ်ကောက် ခဲ့ကြရင် ပျာယာခတ်အောင် ပြန်ချော့ခဲ့သူ ကိုကို … ကျွန်မကျောင်းတက်တုန်းကဆို ယောကျ်ားလေးသူငယ်ချင်း တိုင်းကို သူနှင့်မိတ်ဆက်မပေးမိတဲ့အခါများရှိခဲ့ရင် စိတ်ဆိုးတာများမပြောလေနဲ့ … ကျွန်မလည်းဒီလိုပဲပေါ့ ကိုကိုနဲ့ ကောင်မလေးတစ်ယောက်ယောက်နဲ့များတွဲရိုက်ထားတဲ့ပုံ မတွေ့လေနဲ့ … တွေ့တာနဲ့စိတ်ကောက် ပြီပဲ … မောင်နှမတွေထက်ပိုချစ်ပြီး ချစ်သူလို့ တိတိကျကျအမည်တပ်မရပေတဲ့ ကိုကိုနဲ့ ကျွန်မတို့ရဲ့ ၁၅၀၀ မကျ , ၅၂၈ မကျတဲ့ အချစ်မျိုးတွေနဲ့ တစ်ယောက်နဲ့တစ်ယောက်အကြင်နာတွေပိုလို့ ချစ်နေခဲ့ရတာလေ …

ဒီလိုတွေနဲ့ပဲ ကိုကိုနဲ့ကျွန်မရဲ့ကြားထဲက သံယောဇဉ်ကြိုး လေးကို ခိုင်မြဲအောင်တည်ဆောက်ရင်း နေ့တွေလတွေနှစ်တွေကို ဖြတ်ကျော်ရင်း မမျှော်လင့်တဲ့တစ်နေ့ … မနက်စောစောစီးစီး ဖုန်းမြည်လာလို့ နားထောင်လိုက်တော့“ဝေနှင်း … ကိုကိုပြန်ရောက်နေပြီ … ညနေကျောင်းလာကြိုမယ်”တဲ့ … ကျွန်မဝမ်းသာဝမ်းနည်းဖြစ်ခဲ့ရပါတယ် … ကိုကိုနဲ့ကျွန်မခင်မင်လာခဲ့တဲ့(၄)နှစ်ကျော် သက်တမ်းမှာ ဖုန်း၊ အီးမေးလ်တွေနဲ့ပဲ ဆက်သွယ်နေခဲ့ရပေမယ့် ခုတော့ အပြင်မှာလက်တွေ့ဆုံဆည်းကြတော့မယ် … ကျွန်မ ဖော်မပြနိုင်အောင် မြူးတူးခုန်ပေါက်လို့ အောက်ဆင်းလာတော့ မေမေကတောင်ထူးဆန်းသလို ကြည့်နေတော့ ကျွန်မရှက်ပြုံးလေး ပြုံးပြလိုက်ပြီး “မေမေ … သမီးဒီနေ့ နောက်ကျလည်းစိတ်မပူနဲ့နော် … ကိုကို ပြန်ရောက် နေပြီတဲ့ မေမေရ … အဲဒါ ကိုကိုနဲ့အေးဆေးတွေ့ပြီးမှ ပြန်လာမယ်နော်”လို့ ပြောပြီး အိမ်ရှေ့ထွက်လို့ လာကြိုမယ့် Freey လေးကို တပြုံးပြုံးနဲ့စောင့်နေလိုက်ပါတယ် … စာသင်ချိန်တွေမှာလည်း တက်ကြွနေလေတော့ သင်တန်းသားတွေနဲ့ အခြားဆရာမတွေကတောင် “တို့ဆရာမလေးတော့ ဒီနေ့ အတော်လေးပျော်စရာတစ်ခုခု ဖြစ်ထားတယ်ထင်တယ်”လို့ သတိထားမိကုန်တဲ့ အခြေအနေအထိတောင် ကျွန်မပျော်နေခဲ့ရပါတယ် … ညနေ(၃)နာရီမထိုးခင် သင်တန်းချိန်တွေပြီးဆုံးကာနီးမှာတော့ ကျွန်မ မသိတဲ့ပြည်တွင်းနံပါတ်လေးတစ်ခုနဲ့ ဖုန်းလေးထမြည်လာတော့ ဝေ၀ါးဝါးနဲ့ ကိုကိုပဲဖြစ်မှာလို့တွေးရင်း နားထောင်လိုက်တော့ ထင်တဲ့အတိုင်း ကိုကိုပါပဲ … ဒါပေမယ့် ကိုကိုက “ကလေးရေ … ကိုကိုလာမကြိုဖြစ်တော့ဘူးကွာ … ကိစ္စလေးနည်းနည်းရှိလို့”တဲ့ …

ကျွန်မမပျော်တွေဘယ်ရောက်ကုန်လည်းတောင် မသိတော့ပါဘူး … ဒါနဲ့ပဲ အိမ်ကိုပြန်လာ အခန်းထဲက အပြင်မထွက်တော့ပဲ စာအုပ်တွေဖတ်နေတာ ဘယ်လောက်တောင်ကြာသွားလည်း မသိဘူး … “သမီးရေ … ခဏထွက်လာပါအုံး”လို့ မေမေ့ လှမ်းခေါ်သံကြားလိုက်ရတော့မှ နာရီကိုကြည့်လိုက်တော့ ညနေ(၆)နာရီ ကျော်နေမှန်းသိလိုက်တော့တယ် …  ဒါနဲ့အခန်းပြင်ကိုထွက်ပြီး အောက်ထပ်ကိုဆင်းလာလိုက်တော့ ဧည့်ခန်းမှာမေမေနဲ့စကားပြောနေတဲ့ ဧည့်သည်တစ်ယောက် … “ဟော … ဆင်းလာပါပြီ”တဲ့ လို့ပြောပြီး မေမေက ဧည့်သည်အတွက်စားစရာစီစဉ်လိုက်အုံးမယ်ဆိုပြီး နောက်ဖေးဘက်ထွက်သွားပါတယ် … ကျွန်မလည်း နောက်ကျောပေးထိုင်နေတဲ့ ဧည့်သည်ရှေ့တည့်တည့်ကို ရောက်တော့မှပဲ “ဟာ … ကိုကို … ဘယ်လိုဖြစ်ပြီးတော့” လို့ စကားစလိုက်ပြီးမှ ညနေက ကိုကိုရဲ့ပျက်ကွက်မှုအတွက် စိတ်ကောက်ဖို့ သတိရသွားပါတယ် … “ကလေး … စိတ်ကောက်ပြီမဟုတ်လား … ကိုကိုသိသားပဲ … ညနေက အရေးကြီးကိစ္စရှိလို့ မလာဖြစ်တာပါကွာ … နောက်ကိုအဲလိုမဖြစ်စေရဘူး … နောက်ပြီး ကိုကိုက နိုင်ငံခြား ပြန်မသွားတော့ဘူးလေ … လုပ်ငန်းတစ်ခုထောင်ပြီး ဒီမှာပဲအပြီးနေဖို့ပြန်လာတာပဲဟာ”ဆိုပြီး ချော့တော့လည်း ကျွန်မကြာကြာစိတ်မကောက်နိုင်ခဲ့ပါဘူး … မေမေဖျော်တိုက်တဲ့ကော်ဖီကို သောက်ရင်းစကားတွေ မကုန်နိုင်အောင် ပြောနေလိုက်ကြတာ ည(၈)ထိုးကာနီးတော့မှပဲ ကိုကိုက ပြန်တော့မယ့်အကြောင်း ပြောရင်း “ဒါနဲ့ ဝေနှင်း … ကိုကိုတောင်လာရင်းကိစ္စမေ့တော့မလို့ … ဟိုးအရင်တုန်းက ကိုကို့ကို ပြောဖူးတာ မှတ်မိလား … ကိုကိုမင်္ဂလာဆောင်ရင် ကလေးက ရှေ့ဆုံးကပန်းကြဲပေးချင်တယ်ဆိုတာလေ … အဲဒါ ဝေနှင်းလေး ပန်းကြဲဖို့သာ ပြင်ထားနော် … ကဲ ကိုကိုပြန်ပြီ … ”တဲ့ … ကျွန်မ ကိုကို့ကို နှုတ်ဆက်ဖို့တောင်သတိမရလိုက် ပါဘူး … ကြောင်တောင်တောင်နဲ့ ကိုကိုပြောသွားတဲ့ အဓိပ္ပါယ်ကို ဘာသာပြန်ရင်း ကျွန်မဝမ်းနည်းလာပါတယ် … ကိုကို့ဘက်က နောက်ပြောင်တဲ့သဘောနဲ့ ပြောသွားခြင်းမျိုးလား တစ်ကယ်ပဲလားတော့ ဝေခွဲမရပေမယ့် ကျွန်မကတော့ ရက်သတ္တပတ်တစ်ပတ်လောက်ဟာ အတွေးမျိုးစုံနဲ့ပဲ ဖြတ်သန်းခဲ့ရတယ် … ကိုကို့ကို မေးတော့လည်း ပြုံးရုံသာပြုံးပြပြီး ဘာမှရေရေရာရာ တိတိကျကျမသိခဲ့ရဘူး …

တစ်ပတ်ကျော် ကျွန်မရဲ့သင်တန်းအားလပ်ရက် ဆန်းဒေးလေးမှာ မေမေ့ကိုအိမ်အလုပ်တွေကူလုပ်ပေး နေတုန်း ကိုကိုရောက်လာပါတယ် … “ကလေး … ဒီနေ့အားလား … ကိုကိုနဲ့တစ်နေရာလိုက်ခဲ့နော် …”လို့ ကျွန်မကိုပြောရင်း “ အန်တီ … ကျွန်တော် ဝေနှင်းကို ခဏခေါ်သွားမယ်နော်”လို့ မေမေ့ဆီ ခွင့်တောင်းပြီး ကိုကိုနောက်ကို ဘာကိစ္စမှန်းမသိ ဘုမသိဘမသိနဲ့ လိုက်လာမိပါတယ် … တစ်နေရာရောက်လို့ ဆိုင်တစ်ဆိုင်ရှေ့မှာ ကားရပ်လိုက်တော့ “မင်္ဂလာဝတ်စုံဆိုင်”တဲ့ … “ဆင်းလေ ကလေး … ကိုကိုတို့ လူတစ်ယောက်ခဏစောင့်ရအုံးမှာ”ဆိုတာနဲ့ ကျွန်မလည်း ကိုကိုပြောတဲ့အတိုင်း ယောင်ချာချာနဲ့ ဆင်းပြီး ကိုကိုနဲ့အတူ ဆိုင်ထဲလေးမှာ မိနစ်ပိုင်းလောက်စောင့်နေတုန်း ခပ်ချောချောမမတစ်ယောက် တံခါးတွန်းဖွင့် ဝင်လာတော့ “လှလိုက်တာ”လို့ ကျွန်မတောင် တီးတိုးလေးရေရွတ်လိုက်မိသေးတယ် …
မထင်မှတ်ခဲ့ပါဘူး … အဲဒီ မမကပဲ ကိုကို့နားကိုလာပြီး “မောင်ရောက်နေတာကြာပြီလား … နောက်ကျသွားတာ ဆောရီးပါကွယ်”တဲ့ … “ဟင် မောင် … မောင်ဆိုပါလား … ဒါဆို ကိုကိုနဲ့ အဲဒီ မမနဲ့က … ပြီးတော့ သူတို့ ၂ ယောက်ချိန်းထားကြတာ မင်္ဂလာဝတ်စုံဆိုင်မှာ …”  ကျွန်မ အတွေးတွေနဲ့ နစ်မြောနေတုန်း “သီရိ … ဒါ မောင့်ရဲ့အချစ်ရဆုံး ညီမလေး ဝေနှင်းတဲ့ … မောင်တို့ Wedding မှာ ညီမလေးကိုပန်းကြဲခိုင်းမလို့လေ …. ခုကလေးက လိုက်သာလာတာ … ဘာကိစ္စမှန်းမသိသေးဘူး … သူ့ကိုအံ့သြသွားအောင်ရယ် … သီရိနဲ့လည်း တစ်ခါတည်းဆုံစေချင်တာရယ်ကြောင့် ကြိုမပြောထားမိဘူးလေ …” ကျွန်မကို ကိုကိုမိတ်ဆက်ပေးတော့ အဲဒီမမက တရင်းတနှီးစကားပြောပါတယ် … သူမ ဘာပြောနေမှန်းတော့ ကျွန်မတိတိကျကျမသိပါဘူး … ကျွန်မဝမ်းနည်းစိတ်နဲ့ ကြားတစ်ချက်မကြားတစ်ချက်ပါပဲ …

ဒီလိုနဲ့ပဲ ကိုကိုရဲ့မင်္ဂလာဆောင်မှာ ပန်းကြဲမယ်လို့ ဟိုးအရင်က ကျွန်မအမှတ်တမဲ့ ဟာသအဖြစ် နောက်ပြောင်ခဲ့တဲ့စကားအတိုင်း ကျွန်မရင်နာစွာနဲ့ပဲ လုပ်ပေးဖြစ်ခဲ့ပါတယ် … ဒီနေ့ ကိုကိုတို့ Wedding နေ့လေး … မင်္ဂလာအချိန်မတိုင်ခင်ကတည်းက သတို့သမီးနဲ့အတူ ဟိုတယ်မှာမိတ်ကပ်အလှပြင်ဖို့ ကြိုရောက်နှင့်နေခဲ့ပြီး ကိုကိုရောက်လာတဲ့အချိန်မှာ ဝတ်စုံပြည့်နဲ့ဖြစ်နေပါပြီ … ကိုကို့ရဲ့သတို့သမီးလေးက လည်း လှလိုက်တာများ … ဖြူလွနေတဲ့အဖြူရောင်သတို့သမီးဝတ်စုံလေးနဲ့ ချစ်သူတစ်ယောက်ကို ကြည့်တဲ့ ကိုကို့အကြည့်တွေကလည်း ချစ်ခြင်းတွေပြည့်နေလိုက်တာများ …

ချစ်သူရှိနေတာကို  ဘာကြောင့် ဘာကြောင့်ကြိုမပြောပြခဲ့သလည်း ကိုကိုရယ် … တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကိုကို့ရဲ့သတို့သမီး ဖြစ်ဖို့စိတ်ကူးအိမ်မက်တွေနဲ့ ပြည့်နှက်နေသူတစ်ယောက်ကို ရက်စက်နိုင်လိုက်တာ ကိုကိုရယ် … ကိုကို့မင်္ဂလာဆောင်မှာ ပန်းကြဲမှာနော်လို့ နောက်ပြောင်ဖူးသလို … ကိုကို့သူငယ်ချင်းမင်္ဂဆောင်ပုံမှာ သတို့သမီး၊ သတို့သားနဲ့ဓါတ်ပုံတွဲရိုက်တော့ သူတို့ဝတ်စုံတွေကိုကြည့်ပြီး ကိုကိုနဲ့ကလေးမင်္ဂလာဆောင်ဖြစ်ရင်  အဲလိုမဝတ်ဘူးနော် … ပန်းရောင်အဖျော့လေးဖြစ်ဖြစ် … အဖြူရောင်အဖျော့လေးဖြစ်ဖြစ် ဆင်ပေးမှာလို့ ကိုကိုပြောတော့ ကျွန်မဝမ်းသာအားရပဲ ပန်းရောင်ဖျော့လေး ဝတ်မှာနော်လို့ ပြောခဲ့တာရော ကိုကိုသတိမရဘူးလားဟင် …
ပန်းကြဲမယ့်သူ … သတို့သား၊ သတို့သမီး၊ အရံတွေနဲ့ နှစ်ဘက်မိဘတွေအားလုံး နေရာယူပြီးချိန် မင်္ဂလာတီးလုံးလေးစတဲ့အချိန်မှာ လေးလံသောခြေလှမ်းတွေ … မကျအောင်ထိန်းထားတဲ့မျက်ဝန်းက မျက်ရည်တွေ … ရင်ထဲကတဆစ်ဆစ်နာကျင်မှုဒဏ်တွေကို မင်္ဂလာခန်းမကြီးထဲက အခြားသူတွေမရိပ်မိအောင် ကြိုးစားထိန်းရင်း ကျွန်မတိတ်တိတ်လေးဆုတောင်းလိုက်မိတာက “နောင်ဘဝဆက်တိုင်း ကိုကို့ရဲ့သတို့သမီးလေးသာ ဖြစ်ပါရစေ ... ကိုကို”

မိုးညချမ်း
14.6.2012 (4.30 p.m)

Monday, June 11, 2012

တစ်နေ့နေ့



*ငါမင်းကို ချောလို့ချစ်ခဲ့တာမဟုတ်ပါဘူး
ချစ်လို့ချောခဲ့တာပါ …
*ငါမင်းကို အထင်ကြီးလို့ချစ်ခဲ့တာ မဟုတ်ပါဘူး
ချစ်လို့အထင်ကြီးခဲ့တာပါ …
*ငါမင်းကို အားကိုးချင်လို့ ချစ်ခဲ့တာမဟုတ်ပါဘူး
ချစ်လို့ အားကိုးချင်ခဲ့တာပါ …
*ငါမင်းကို လက်ထပ်ချင်လို့ချစ်ခဲ့တာ မဟုတ်ပါဘူး
ချစ်လို့လက်ထပ်ချင်ခဲ့တာပါ …
*ငါမင်းကို ရယူခြင်းမျိုးတွေနဲ့ ချစ်ခဲ့တာမဟုတ်ပါဘူး
ပေးဆပ်ခြင်းတွေနဲ့သာ ချစ်ခဲ့တာပါ …
*မင်းကို မျှော်လင့်ခြင်းတွေနဲ့ ချစ်ခဲ့တာမဟုတ်ပါဘူး
ချစ်လွန်းလို့ မျှော်လင့်မိသွားတာပါ …
*မင်းကိုငါ မချစ်လို့စွန့်လွှတ်ခဲ့တာ မဟုတ်ပါဘူး
မင်းနာကျင်မှာစိုးလို့ ငါရင်နာစွာနဲ့ စွန့်လွှတ်ခဲ့ရတာပါ …
*မင်းကိုငါ မချစ်တော့တာမဟုတ်ပါဘူး
ငါ့အချစ်တွေက မင်းအတွက်အနှောက်အယှက်ဖြစ်မှာစိုးလို့
မချစ်ချင်ယောင်ဆောင်လိုက်ရတာပါ …
*အချိန်တွေ၊ နာရီတွေ၊ နေ့ရက်တွေသာ
ပြောင်းချင်ပြောင်းသွားလိမ့်မယ်
ငါ့အချစ်၊ ငါ့ရင်ခွင်၊ ငါ့နှလုံးသားတွေဟာ
မင်းအတွက်ပဲနော် …
*မင်းမှာနာကျင်စရာတွေများလာတဲ့တစ်နေ့
ငါ့ရင်ခွင်မှာ နားခိုရင်း
ငါ့နှလုံးသား ငါ့အချစ်တွေကို
ပြန်လည်အသိအမှတ်ပြုဖို့
မမေ့ပါနဲ့ ချစ်သူ …။

မိုးညချမ်း
11.6.2012
(1:30 p.m)

Thursday, June 7, 2012

ဝေးသွားပြီ


*မဆုံနိုင်တော့တဲ့ ဖူးစားကိုဖက်တွယ်ရင်း
ငါမင်းကို စောင့်မျှော်နေဆဲပါ …
*အသိစိတ်က မချစ်တော့ဘူး
ဒါပေမယ့် မသိစိတ်ကတော့ ချစ်နေတုန်းပဲ …
*အသိစိတ်က မလွမ်းတော့ဘူး
ဒါပေမယ့် မသိစိတ်ကတော့ လွမ်းနေတုန်းပဲ …
*သိစိတ်ကတော့ မမျှော်တော့ပါဘူး
ဒါပေမယ့် မသိစိတ်ကတော့ စောင့်မျှော်နေဆဲပဲ …
*ဝေးသွားပြီတဲ့လား
ငါကြိုတင်မျှော်လင့်ထားခဲ့သောအရာ မဟုတ်ခဲ့တော့
သိစိတ်က လက်ခံနိုင်ဖို့ကြိုးစားရအုံးမှာပေါ့ …
*မင်းဘက်က အကြောင်းပြချက်မရှိ
ဝေးသွားဖို့အင်အားတွေရှိပေမယ့်
ငါ့နှလုံးသားကတော့ မင်းနဲ့ဝေးကွာခြင်းအတွက်
ခံနိုင်ရည်ရှိလောက်မယ် မထင်လေနဲ့ …
*ဆုံစည်းခွင့်တဲ့လား
တစ်ခြားသူတွေဆုတောင်းသလို
ငါဆုတောင်းခဲ့ဖူးတာပေါ့ …
ဒါပေမယ့် ခုချိန်မှာတော့ မင်းနဲ့ငါ ဝေးသွားပြီ …
မိုးညချမ်း
7.6.2012 (12:58 p.m)

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...