Thursday, June 28, 2012

ကျွန်မလေးစားချစ်ခင်ရသော သူတို့တွေ


ကျွန်မဒီအကြောင်းအရာလေးတွေကို ရေးမယ်ဆိုပြီး စိတ်ကူးထားတာကြာလှပေါ့ … စိတ်ကူးသာရှိတာ ချမရေးဖြစ်ခဲ့ပါဘူး … ဒီနေ့တော့ အလုပ်ထဲမှာ အနည်းငယ်အားနေတာကတစ်ကြောင်း … စာရေးချင်စိတ်တွေလည်း ထက်သန်နေတာကတစ်ကြောင်း ချက်ချင်းပဲ အကောင်အထည်ဖော်ဖြစ် လိုက်ပါတယ် …

လူတိုင်းလူတိုင်းမှာ လေးစားအားကျအတုယူဖွယ် ပုဂ္ဂိုလ်တွေရှိကြမှာပေါ့နော် … ကျွန်မလည်း ငယ်စဉ်ကတည်းက လေးစားအားကျအတုယူချင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေရှိခဲ့ပါတယ် … ပထမဦးဆုံး ငယ်စဉ်ကတည်းက လေးစားအားကျခဲ့တာကတော့ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ကျွန်မရဲ့  ဖေဖေနဲ့မေမေပါ … 

ကျွန်မတို့ရဲလွပ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက မိမိရဲ့အသက်ကိုတောင်ပဓာနမထားဘဲ နိုင်ငံ့လွတ်လပ်ရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့တာတွေကို စာအုပ်တွေထဲက ဖတ်ရှုခဲ့ရပြီး လေးစားချစ်ခင်ခဲ့ရပါတယ် … ထပ်မံလေးစားရသူ ကျွန်မဖေဖေက အစိုးရဝန်ထမ်း တစ်ယောက်ဖြစ်ပြီး လာဘ်လာဘပေါများစွာရရှိနိုင်မယ့် ဌာနတစ်ခုကအရာရှိပါ … ဖေဖေ့ဆီကို လာဘ်လာဘတွေပေးကမ်း ကန်တော့လာကြတဲ့သူတွေတိုင်းကို “မင်းတို့နဲ့ထိုက်ရင် ဖြစ်လာမှာပေါ့ကွ”ဆိုတဲ့ စကားလှလှလေးတစ်ခွန်းနဲ့ပဲ ပေးလာသမျှ ငွေကြေး၊ ပစ္စည်းတိုင်းကို ငြင်းပယ်လို့ သူလုပ်ပေးစရာရှိတဲ့အပိုင်းကို ကျေပြွန်အောင် ထမ်းဆောင်ပေးခဲ့တဲ့ ဝန်ထမ်းကောင်းတစ်ယောက်ပါ … ကျွန်မဖေဖေဟာ အင်္ဂလိပ်စာနဲ့ပတ်သက်လို့ အရမ်းထူးချွန်ပြီး ကျွန်မတို့ကိုလည်း သူ့လိုဖြစ်အောင် ငယ်စဉ်ကတည်းက သင်ကြားပြသပေးခဲ့သော်လည်း ကျွန်မတို့မောင်နှမတွေဟာ အဖေလောက်နီးပါးတော်ဖို့မပြောနဲ့ ဖေဖေ့ခြေဖျားတောင်လိုက်မမှီခဲ့ကြပါဘူး … ဗုဒ္ဓဝင်သမိုင်းကြောင်းနဲ့ပတ်သက်လို့ပဲ ဆွေးနွေးမလား … အထွေထွေဗဟုသုတနဲ့ပတ်သက်လို့ပဲ ပြောမလား … ဖေဖေမသိဘူးဆိုတဲ့စကားမျိုးဘယ်တော့မှ မကြားခဲ့ရပါဘူး … ကျွန်မတို့မောင်နှမတွေသာမက မည်သူနဲ့ပဲ ဖြစ်ဖြစ်၊ ကျွန်မတို့သူငယ်ချင်းအပေါင်းအသင်းတွေကအစ မသိတာရှိလို့မေးခဲ့ရင်လည်း ဖေဖေ့ဘက်က အမြဲတမ်းပြောပြဆွေးနွေးပေးခဲ့တာချည်းပါပဲ ….

နောက်ထပ်တစ်ဦးကတော့ ကျွန်မရဲ့မေမေပါ … ကျွန်မမေမေကလည်း အစိုးရဝန်ထမ်းအရာရှိ တစ်ယောက်ဖြစ်ပြီး အလုပ်တစ်ဖက်နဲ့ပဲ ကျွန်မတို့မောင်နှမတွေကို အရွယ်ရောက်လာအောင် ထိန်းကျောင်းပဲ့ကိုင်ပေးခဲ့သူပါ … မေမေဟာငယ်စဉ်ကတည်းက ကျွန်မတို့မောင်နှမတွေကို ရိုက်နှက်ဆုံးမခြင်းအလျဉ်းမရှိခဲ့ပါဘူး … အကျိုးသင့်အကြောင်းသင့်ပြောပြပြီး မှန်ရာကိုသာရွေးချယ်ခိုင်းခဲ့ပြီး ကျွန်မတို့မောင်နှမတွေကို လိမ္မာရေးခြားရှိအောင်သွန်သင်ပေးခဲ့သူပေါ့ … မေမေပြောနေကြစကားတစ်ခွန်းက “ကျွန်မသားသမီးတွေက ရိုက်နှက်ထုထောင်းပြီး ဆုံးမရလောက်အောင် မိုက်မဲတဲ့သူမဟုတ်ဘူးဆိုတာ ယုံကြည်တယ်”တဲ့ … ကျွန်မဝါသနာပါတဲ့ ပရဟိတအလုပ်ကိုလည်း ဖြစ်သင့်တာတွေ ... ဖြစ်ချင်တာတွေကို ... လုပ်သင့်၏ မလုပ်သင့်၏ ပြောဆိုပြီး လမ်းပြအားပေးနေတဲ့ ကျွန်မရဲ့မိဘတွေပါ ...

ငယ်စဉ်ကတည်းက ဖေဖေနဲ့ မေမေတို့ဝယ်ပေးတဲ့စာအုပ်တွေဖတ်ခဲ့ရတယ်ဆိုပေမယ့် အရွယ်ရောက်လာလို့ ကျွန်မကိုယ်တိုင်ရွေးချယ်လို့ဖတ်ဖြစ်ခဲ့တဲ့ စာအမျိုးအစားတွေထဲကမှ ကျွန်မလေးစားအတုယူအားကျရတာတွေက ဆရာမဂျူး၊ ဆရာကြီးချစ်စံဝင်း၊ ဂျာနယ်ကျော်မမလေးတို့လေ … နောက်ထပ်နှစ်သက်တာတွေက တာရာမင်းဝေ၊ နီကိုရဲတို့ပေါ့ …

နောက်ကျွန်မအရွယ်ရောက်လာလို့ လုပ်ငန်းခွင်ဝင်တော့ ကျွန်မနဲ့အနီးကပ်ဆုံးရှိကြတဲ့ တစ်ဌာနထဲက အစ်မတွေပါ … ကျွန်မက ရုံးမှာပျော်ပျော်နေတတ်သူမို့ တစ်ခါတစ်ရံစိတ်ညစ်စရာများရှိလို့ အနေတိတ် နေတဲ့အခါ ပြာပြာသလဲဂရုတစ်စိုက်နဲ့ စိုးရိမ်တတ်သူတွေပေါ့ … ကျွန်မအလုပ်တွေများလွန်းတဲ့အခါ မျိုးတွေဆိုရင် ကျွန်မကိုဝိုင်းကူညီရင်း အားပေးကြတယ် … နေမကောင်းဖြစ်ခဲ့ရင်လည်း စိုးရိမ်တကြီးနဲ့ ဂရုစိုက်ပေးတတ်သူ ကျွန်မချစ်ရတဲ့ အစ်မတွေပါ …

အလုပ်တစ်ဖက်နဲ့ပဲ ပရဟိတတွေလုပ်ဖြစ်တော့ ကျွန်မထပ်မံလေးစားရတဲ့သူတွေက အစ်ကိုတွေလို ချစ်ခင်ရတဲ့ ကိုဗေဒါဇော်၊ ကိုကြီး(ကိုရီး)၊ ကိုဇော်တို့ပါ … ကျွန်မအတွက် ဖြစ်သင့်တာ ဖြစ်ထိုက်တာ ဖြစ်ချင်တာတွေကို ညီမျှခြင်းချလို့အကောင်းဆုံးလမ်းတွေကို လျှောက်လှမ်းနိုင်အောင် သွန်သင်ဆုံးမလမ်းပြပေးခဲ့တဲ့ အစ်ကိုတွေပါ … ဖြစ်သင့်တာဆိုလည်း ဆက်လုပ်ဖြစ်အောင် အားပေးလို့ … ဖြစ်ထိုက်တဲ့အရာတွေဆိုလည်း လမ်းပြပေးလို့ … ဖြစ်ချင်တာတွေဆိုလည်း တိုင်ပင်ညှိနှိုင်းလမ်းပြပေးကြသူတွေပေါ့ … နောက်ထပ် ကျွန်မနဲ့အတူ ပရဟိတတွေကို လုပ်ကိုင်နေကြတဲ့ ပရဟိတနယ်ပယ်အသီးသီးက မောင်နှမတွေအပါအဝင် Save the Aged အဖွဲ့ထဲက သူရဲသုံးကောင်(စနိုးသူ၊ နွေးနွေး၊ ဖြူစင်သူ)၊ ပြည်တွင်းပြည်ပက အဖွဲ့ဝင်မောင်ငယ်ညီမငယ်လေးတွေ၊ အစ်မတွေ၊ အစ်ကိုတွေ၊ သူငယ်ချင်းတွေအားလုံးကိုလည်း ကျွန်မ မလေးစားဘဲမနေနိုင်ပြန်ပါဘူး …  အရွယ်တွေနဲ့မမျှအောင် လူရောစိတ်ပါအားတက်သရောနဲ့ ပရဟိတအလုပ်တွေကို လုပ်ဆောင်နေကြတဲ့ ပရဟိတစိတ်ဓါတ်ပြည့်ဝသူတွေပါပဲ …

နောက်ထပ်လေးစားချစ်ခင်ရသူကတော့ ပရဟိတလုပ်ရင်းနဲ့ခင်မင်ခဲ့ရတဲ့ မမမြသွေးနီပါ … ငယ်စဉ်ကတည်းက စာတွေရေးချင်ခဲ့ပေမယ့် အားပေးမယ့်သူမရှိတာကတစ်ကြောင်း … ကိုယ်ရေးတဲ့စာတွေကို အများကိုချပြရတဲ့ သတ္တိမရှိတာကတစ်ကြောင်းနဲ့ပဲ ကျွန်မရဲ့ကိုယ်ပိုင် Diary ထဲမှာပဲ ကဗျာအတိုအစတွေချရေးလို့ …. ကျွန်မနှစ်သက်တဲ့စာသားလေးတွေနဲ့ ဆောင်ပုဒ်လေးတွေဆိုလည်း စာရွက်လေးတွေမှာချရေးလို့ ကျွန်မရဲ့မှေးစက်ရာအခန်းကျဉ်းလေးတွေမှာပဲ ပြည့်နှက်နေခဲ့တာပေါ့ … စာရေးဆရာတွေရဲ့ စာတွေ၊ ကဗျာတွေဖတ်ရင်း … မမမြသွေးနီရဲ့စာတွေဖတ်ရင်း စာရေးချင်စိတ်တွေပြင်းပြနေတဲ့ တစ်ရက်မှာတော့ ကျွန်မရဲ့ Save the Aged အသင်းအတွက် မရမ်းချောင်းအနာကြီးရောဂါသည်ဂေဟာကို ကွင်းဆင်းခဲ့တဲ့ခရီးစဉ်မှတ်တမ်းလေးကို STA website လေးမှာ ချရေးမိတော့ ကျွန်မရဲ့စာအရေးအသားလေးတွေအတွက် အားပေးခဲ့သူ … ကျွန်မစာတွေကို ဆက်ရေးဖြစ်အောင် အားပေးခဲ့သူက မမမြသွေးနီပါ … မမမြသွေးနီရဲ့အားပေးမှုကြောင့်ပဲ ကျွန်မစာလေးတွေစရေးဖြစ်ခဲ့ပါတယ် …  

ကျွန်မလေးစားချစ်ခင်ရတဲ့သူတွေရဲ့ဂုဏ်တွေကို မမောနိုင်မပန်းနိုင်သာ ပြောပြရကြေးဆိုရင် ဒီနေ့တစ်ရက်တည်းနဲ့ ဒီပိုစ့်လေးတစ်ပုဒ်နဲ့တင် လုံလောက်နိုင်မယ်မထင်ပါဘူး … ကျွန်မရဲ့အားငယ်ချိန်တွေကိုအားပေးခဲ့တဲ့သူတို့တွေ၊ ကျွန်မအတွက်သတ္တိတွေဖြစ်လာအောင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းတွေနဲ့ဖြစ်စေ အားပေးခဲ့တဲ့သူတို့တွေရဲ့ ကျေးဇူးတရားတွေကို ကျွန်မဘယ်တော့မှ မေ့ပျောက်နိုင်မယ် မထင်ပါဘူး …
ကျွန်မရေးတဲ့စာတွေတိုင်းကိုလည်း ကောင်း၏ဆိုး၏ဝေဖန်ပေးလာကြတဲ့ စာချစ်ပရိသတ်လေးတွေလည်း ရရှိလာရပါတယ် … ကျွန်မလိုဝါသနာရှင်လောက်အဆင့်လောက်နဲ့သာ ရေးဖြစ်နေတဲ့ စာရေးသူတစ်ဦးကိုလည်း အားပေးဝေဖန်ပေးနေတဲ့ ကျွန်မရဲ့သူငယ်ချင်းတွေ၊ ကျွန်မအလုပ်ထဲက အစ်မတွေနဲ့ သူငယ်ချင်းတွေ၊ ကျွန်မအတွက်စာဖတ်ပရိသတ်အဖြစ်ရပ်တည်ပေးလာတဲ့သူတွေကိုလည်း ကျွန်မကျေးဇူးတင်လေးစားမိလို့ ဒီပိုစ့်လေးနဲ့ ကျေးဇူးတင်စကားပြောလိုက်ပါရစေရှင် …



မိုးညချမ်း
28.6.2012(4:00 p.m)

4 comments:

  1. ညလေးစာကို ဖတ်ပြီး လွမ်းသလိုလို ဆွေးသလိုလိုတောင် ဖြစ်သွားရတယ်...။
    ဘ၀တစ်ကွေ့မှာ အမှတ်မထင် ဆုံဆည်းခဲ့ကြပေမယ့် သံယောဇဉ်တွေ တွယ်သွားတတ်တာ ရှေးရေစက်ပဲ ထင်ပါတယ် ညလေးရေ..။
    စာတွေကိုတော့ အရှိန်မပျက်ဆက်ရေးပါနော်...။

    ReplyDelete
  2. ပရဟိတအလုပ်တွေနဲ့ မအားလပ်တဲ့ကြားထဲက တွေ့ကြုံရသမျှကို စာတွေအဖြစ် ချပြနိုင်တာကို လေးစားပါတယ် ညလေးရေ။ ဘယ်လိုပဲဖြစ်ဖြစ် ခံစားတွေ့ကြုံသမျှကို ဆက်ပြီး ရေးပါ.. အမြဲအားပေးနေပါ့မယ်.. ။
    ချမ်းမြေ့ပျော်ရွှင်ပါစေ ညလေး..။
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  3. လေးစားပါတယ်.. မိုးညရေ.. . စာပေ၀ါသနာတူချင်းမို့အမြဲလဲအားပေးနေပါတယ်ရှင်..

    ReplyDelete
  4. မိုညလေး
    မိုးညလေးချစ်ခင်လေးစားရတဲ.အကိုအမတွေနဲ.အတူ
    မိုးည၀ါသနာပါသောစာပေရေးသားခြင်းပရဟိတလုပ်ကိုင်ခြင်း
    တွေကိုစိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင်.ဆထက်တပိုးတိုးလို.
    လုပ်ဆောင်နိုင်ပါစေ။အားပေးလျှက်ခင်တဲ.အန်တီလေးမေခင်။

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...