Tuesday, June 26, 2012

နှုတ်ဆက်ကြစို့နော်



ကျွန်မ“အချစ်”ဆိုတဲ့အရာကို မယုံကြည်ဘဲ နေထိုင်လာခဲ့တာ ဆယ်ကျော်သက်အရွယ်ကိုကျော်လွန်လို့ အများက အပျိုကြီးလို့ခေါ်ဝေါ်နောက်ပြောင်လာကြတဲ့ သုံးဆယ်ကျော်အရွယ်ထိ ကြာလှပေါ့ … တစ်ကယ်လည်း ကျွန်မ မယုံကြည်လို့ တစ်ကိုယ်တည်းအပျိုကြီးလုပ်မယ်ဆိုတဲ့ စိတ်ကူးတွေနဲ့လွတ်လပ်စွာနေထိုင်ရှင်သန်လာခဲ့တာပါ … ဒါပေမယ့် “သူ” …. သူကဘာလို့ကျွန်မဘဝထဲကို မဖိတ်ခေါ်ဘဲ ဝင်ရောက်လာခဲ့တာပါလည်း … မနှင်ဘဲနဲ့ရော ဘာလို့နှုတ်မဆက်ဘဲ ပြန်လည်ထွက်ခွာသွားခဲ့ရတာလည်းဆိုတဲ့ မသေချာတဲ့အတွေးတွေနဲ့ ယောင်ချာချာနဲ့အတိတ်ကနေ့ရက်တစ်ချို့ကိုပြန်လည်တွေးမိတဲ့အခါ ...

ဒီနေ့ကျွန်မစိတ်တွေ ဘာဖြစ်နေမှန်းကို နားမလည်နိုင်တော့ပါဘူး … ဘာကြောင့်လည်း အမည်တပ်လို့မရ … အလုပ်ထဲလည်း စိတ်နှစ်လို့မရ … ဘာအတွက်လည်းခေါင်းစဉ်တပ်လို့မရဘဲ စိတ်တွေဂယောက်ဂယက်ဖြစ်နေမိတယ် … ဒါနဲ့စိတ်ပြေလက်ပျောက် ကော်ဖီဖျော်ဖို့ dining room ဘက်ကို ထွက်လာတော့ “မမရေ … ဖုန်းလာနေတယ်” ဆိုတဲ့ ညီမလေးတစ်ယောက်ရဲ့ခေါ်သံကြောင့် အခန်းထဲပြန်ဝင်လာပြီး ဖုန်းနားထောင်လိုက်တော့ “ကိုယ်ပါ“ ဆိုတဲ့ ခပ်ချိုချိုစကားသံနဲ့ မနေ့တစ်နေ့ကမှ အလုပ်ကိစ္စနဲ့ခင်မင်ခဲ့သူ ရွှေအလင်္ကာကုမ္ပဏီက GM ဆိုတဲ့ လူပျိုကြီးကိုမင်းသူပါ … “ဟုတ်ကဲ့ … ကိုမင်းသူ … ကျွန်မဘာများကူညီရမလည်းရှင်” လို့ ကျွန်မဘက်ကအမေးအတွက် ရေရေရာရာတိတိကျကျမရှိတဲ့ အဖြေတွေနဲ့ နောက်ဆုံးသူပြောသွားတာက “သတိရလို့ ဖုန်းဆက်တာပါ”တဲ့ … ကျွန်မ အံ့သြခြင်းများစွာနဲ့ ဘာမှတောင်ပြန်မပြောနိုင်ခင်လေးမှာပဲ ဖုန်းချသွားပါတယ် …

ဖုန်းခွက်ကိုကိုင်ရင်း ကြောင်ပြီးရပ်နေတဲ့ ကျွန်မကို  ညီမလေးတစ်ယောက်က “မမ ဘာဖြစ်လို့လည်းဟင်”လို့ စိတ်ပူစွာမေးသံကြားတော့မှ ကျွန်မသတိပြန်ဝင်လာပါတယ် … သတိထားလိုက်မိတဲ့အချိန်မှာပဲ ကျွန်မရင်တွေ တလှပ်လှပ်ခုန်နေတာကို သိလိုက်တော့ ကိုယ့်ကိုကိုယ် မလုံမလဲဖြစ်ရင်း ကော်ဖီဖျော်ဖို့တောင် မေ့သွားပြီး ကျွန်မရဲ့အလုပ်ခန်းလေးထဲပြန်ဝင်လာလိုက်ပါတယ် … မနက်ကတည်းက အဖြေရှာမရတဲ့အကြောင်းအရာ တစ်ခုကိုတော့ ကျွန်မသိလိုက်ရပါတယ် … ညကအိမ်မက်ထဲမှာ ကိုမင်းသူနဲ့အတူ ကျွန်မတို့ မင်္ဂလာခန်းမထဲမှာ အတူလက်တွဲလို့ပြုံးနေကြတာဆိုတဲ့ အိမ်မက်ကြောင့်ပဲ ကျွန်မစိတ်တွေ ယောက်ယက်ခတ်နေခဲ့တာပဲ … ကျွန်မ မသိမသာမျှော်လင့်နေခဲ့တာပဲ … လွန်ခဲ့တဲ့(၃)ရက်လောက်က ကျွန်မတို့ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ငန်းတစ်ခုလုပ်ဖို့ သဘောတူစာချုပ်ချုပ်တဲ့နေ့လေးမှာ ရွှေအလင်္ကာကုမ္ပဏီက ကျွန်မထက် အနည်းငယ်အသက်ကြီးတဲ့ ကိုယ်စားလှယ်ဆိုသူ GM ကိုမင်းသူနဲ့ဆုံတွေ့ခဲ့ရပါတယ် … စာချုပ်လက်မှတ်ထိုးနေကတည်းက သူ့ရဲ့အကြည့်တွေအတွက် ကျွန်မ မလုံမလဲဖြစ်နေခဲ့ရပါတယ် … လက်အောက်ဝန်ထမ်းတွေရှေ့မှာဆိုတော့ ကျွန်မ မသိချင်ယောင်ဆောင်နေခဲ့ရပေမယ့် ရင်တွေတဒိတ်ဒိတ်ခုန်နေခဲ့တာကို ကျွန်မကိုယ်တိုင်သတိထားမိခဲ့ပါတယ် … ခုတော့ တိုက်ဆိုင်စွာပဲ သူက ကျွန်မဆီဖုန်းဆက်လာတော့ အံ့သြစွာနဲ့ပဲ ဝမ်းသာခဲ့ရပြန်ပါရော …

ဒီလိုနဲ့ ဒီလိုနဲ့ပဲ ကျွန်မနဲ့သူ  အလုပ်ကိစ္စကြောင့်မဟုတ်ဘဲ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ပါ အပြင်မှာ တွေ့ဖြစ်ခဲ့ကြပါတယ် … ရုံးကို သူရောက်လာရင်လည်း ကျွန်မအတွက် မုန့်… ဒါမှမဟုတ် ဘာအထိမ်းအမှတ်မှ မရှိဘဲနဲ့ လက်ဆောင်တစ်ခုခု အမြဲပါလာနေကြပါ … တစ်ရက်တော့ မထင်မှတ်ဘဲ ပန်းစည်းလက်ဆောင်ရ လိုက်တော့ ရုံးကညီမငယ်လေးတွေက ပြုံးစိစိနဲ့ စနောက်ကြတော့ ရှက်လည်းရှက် ကြည်လည်းကြည်နူးမှုတွေနဲ့ ကျွန်မပျော်ခဲ့ရပါတယ် … ဆယ်ကျော်သက်အရွယ်တုန်းက ကျွန်မကို Propose လုပ်တဲ့သူတွေဆီက လက်ဆောင်ရခဲ့ဖူးပါတယ် … အဲဒီအချိန်တုန်းက အချစ်ကိုမယုံကြည်သူ ကျွန်မအနေနဲ့ ဟာသတစ်ခုလို သဘောထားပြီး ရခဲ့တဲ့လက်ဆောင်တိုင်းကို လွှင့်ပစ်ခဲ့တာချည်းပဲ … ချစ်တယ်လို့ပြောလာ သူတိုင်းကို ဟားတိုက်ရီမောခဲ့ဖူးတာချည်းပဲပေါ့ … တစ်ချို့က ကျွန်မကိုမာနကြီးသူ … မာန်တက်နေသူ အဖြစ်တောင် သတ်မှတ်သွားကြသေးရဲ့ …

ခုတော့ ကျွန်မ သူ့ဆီက လက်ဆောင်လေးတွေကိုလည်း မြတ်နိုးတတ်နေပါပြီ … သူ့ပါးစပ်ကဖွင့်ဟလို့ ပြောလာမယ့် စကားတစ်ခွန်းကိုလည်း စောင့်မျှော်တတ်လာပြီလေ … ကျွန်မမျှော်လင့်တဲ့အတိုင်းပါပဲ သူ့ဘက်ကလည်း ကျွန်မကြားချင်တဲ့စကားတစ်ခွန်းကို ဖွင့်ပြောလာခဲ့တုန်းက ရင်တွေခုန်လို့ ဘယ်လောက်ပျော်ရွှင်ခဲ့ရတယ်ဆိုတာ သူနားလည်နိုင်ပါ့မလား …
သူဖွင့်ပြောပြီး လေးငါးလအကြာမှာ သူ့အချစ်ကို ကျွန်မလက်ခံခဲ့ပါတယ် … သူနဲ့ကျွန်မ ချစ်သူသက်တမ်း တစ်နှစ်ကျော်လောက်အကြာမှာတော့ ကျွန်မကို လက်ထပ်ခွင့်တောင်းလာခဲ့ပါတယ် … ကျွန်မလည်း ချစ်တဲ့သူနဲ့ အတူနေရဖို့အရေးဆိုတော့ ဟန်ဆောင်မှုကင်းမဲ့စွာနဲ့ ခေါင်းညိတ်လက်ခံခဲ့ပါတယ် … ဒီလိုနဲ့ ကျွန်မနဲ့သူ အပျော်တွေတနင့်တပိုးနဲ့ မင်္ဂလာကိစ္စအတွက် ကြိုးပမ်းနေစဉ် တစ်ရက်မှာ …
“ဆုနှင်း … မင်းဘာလို့ ခုချိန်ထိ ကိုယ့်ကို ချစ်တယ် ဆိုတဲ့စကားတစ်ခွန်းကို မပြောရတာလည်း … မင်းဆီက အဲဒီစကားကြားချင်လို့ ကိုယ်ခဏခဏ မေးတာလည်း ရှောင်ထွက်ပေါင်း များလှပြီ … ခုမင်္ဂလာဆောင်ဖို့တောင် လုပ်နေကြပြီ … ဘာလို့တစ်ခါလောက် ကိုယ့်ကို ချစ်တယ် ဆိုတဲ့စကားတစ်ခွန်း မပြောနိုင်ရတာလည်းကွာ … မင်းပါးစပ်က ချစ်တယ်လို့ မပြောမချင်း မင်းအချစ်ကို ကိုယ်မယုံနိုင်ဘူး …. ဒီတစ်ခေါက်မှ မင်းဘက်က မပြောဘူးဆိုရင် ကိုယ်တို့မင်္ဂလာကိစ္စကို ဖျက်သိမ်းရလိမ့်မယ်” …

အို … ကျွန်မအံ့သြသွားလိုက်ရတာ … သူဘာလို့အဲလိုများပြောထွက်ရက်ပါလိမ့် … ကျွန်မက ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းကိုမပြောလို့ ကျွန်မတို့အချစ်တွေကိုသက်သေထူနိုင်မယ့် မင်္ဂလာပွဲကိုတောင်ဖျက်သိမ်းမယ်လို့ ပြောရက်လိုက်တာ … ကျွန်မ သူ့မျက်နှာကိုစေ့စေ့ကြည့်ပြီး “ကောင်းပြီလေ … ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းအတွက်နဲ့ ကျွန်မအချစ်ကို မယုံကြည်မှတော့ ဖျက်သိမ်းလိုက်ပါ … ကျွန်မဝမ်းမနည်းပါဘူး”လို့ ပြန်ပြောပြီး ကျွန်မတို့ဇာတ်လမ်းလေးကို အဆုံးသတ်ပစ်ခဲ့ပါတယ် … တစ်လ နှစ်လကြာသည့်တိုင် သူမဆက်သွယ်ခဲ့ပါဘူး … မလွမ်းဘူးလို့တော့ မလိမ်ချင်ပါဘူး … သူ့ကိုသတိတော့ရမိသား … နှစ်လကျော်ပြီး တစ်ရက်မှာတော့ ကျွန်မရဲ့ဆဲလ်ဖုန်းလေးထမြည်လာလို့ နံပါတ်ကို ကြည့်လိုက်တော့ သူ့ဖုန်းနံပါတ်ဖြစ်နေပါတယ် …  သူ့ဘက်ကဆက်တိုက်ခေါ်နေပေမယ့် ကျွန်မဘက်က ဖုန်းမကိုင်လေတော့ ရုံးက ကျွန်မနဲ့ညီအစ်မအရင်းတွေလို ချစ်ရတဲ့ ညီမလေးတစ်ယောက်ရဲ့ဖုန်းကိုဆက်ပြီး “ကျွန်မကို တောင်းပန်ပါတယ်တဲ့ … သူမှားသွားမှန်းသူသိပါပြီတဲ့” နေ့စဉ်ရက်ဆက်ဖုန်းတွေဆက်လို့ သူ့ဘက်က တောင်းပန်ပေမယ့် ကျွန်မရဲ့မာနကြောင့်ပဲလား? ကျွန်မအချစ်ကို သူမယုံကြည်တဲ့အတွက်ကြောင့်ရယ်လားတော့ မသိပါဘူး … ကျွန်မနဲ့သူ့ရဲ့ဇာတ်လမ်းလေးကို ရှေ့ဆက်ဖို့ ကျွန်မဘက်ကမဝံ့မရဲစိတ်တွေ … အတွေးပေါင်းမြောက်များစွာတွေနဲ့ပဲ ခေတ္တခဏလောက်ဖြစ်ဖြစ် နှုတ်ဆက်ခွင့်ပြုပါတော့နော် ….



မိုးညချမ်း
26.6.2012 (4:15 p.m)

1 comment:

  1. မမမိုးညချမ်းရဲ့ခံစားချက်နဲ့ရေးထားလို့လည်း မသိဘူးဖတ်လို့အရမ်းကောင်းပါတယ် ^_^

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...