Friday, March 22, 2013

ကျွန်မ၏ ခုတလော



 
မမမိုးငွေ့ တဂ်တာကို မပစ်ကရေးပြီး ထပ်တဂ်တော့ မိုးညလည်း ဒီပိုစ့်လေးရေးချင်လာတာနဲ့ တဂ်ပိုစ့်လေး ရေးဖြစ်လိုက်ပြန်ပါပြီ။

ခုတလော

“တွေးနေမိတာက” --
 
*ခရီးသွားချင်လွန်းလို့ ဘယ်ခရီးကို ဘယ်သူတွေနဲ့သွားရမလည်းဆိုတဲ့အကြောင်းရယ် … သင်္ကြန်ကို ယောပြန်ရမလား? အသိအစ်ကိုတွေနဲ့အတူ သံချပ်အလှပြယာဉ်နဲ့လိုက်ပြီး ယိမ်းကရင်ကောင်းမလားဆိုတဲ့ အကြောင်းလေးရယ် တွေးမိနေတယ် …။
*======================================*

“ကိုယ့်ကိုယ်ကိုပြန်ဆင်ခြင်မိတာက” --

*လူတွေဟာ စေတနာထားတိုင်း မကောင်းဘူးဆိုတာရယ်၊ သူများအပူကိုယ့်အပူ ဖြစ်လွန်းရင် နေမကောင်းဖြစ်ဖြစ်သွားရတာရယ်၊ ကိုယ်ကစေတနာနဲ့ ပြောပေမယ့် အမြင်စောင်းပြီး ကိုယ့်ကိုပစ်ပယ်သွားကြတာမျိုးတွေရယ်ကို ဆင်ခြင်ရမယ် …။
======================================*

“ကျန်းမာရေး” --

*ကောင်းချင်လည်း ကောင်းနေတာပဲ …။ ဖြစ်ပြီဆိုလည်း အိမ်ယာထဲလဲပြီပဲ …။ တစ်နေ့ရွှေ တစ်နေ့ငွေ ဖြစ်နေတယ် …။
======================================*

“ဖတ်ဖြစ်တဲ့စာအုပ်တွေက”--

*ဆရာမဂျူးစာအုပ်တွေကို အကုန်ရှာဝယ်စုဆောင်းပြီး ပြန်ဖတ်နေတယ် …။ ဆရာချစ်ဦးညို ၊ ဆရာဖေမြင့် ၊ ခင်နှင်းယု ၊ Blogger မောင်နှမတွေရဲ့ရသဝတ္ထုတိုစာအုပ်နှစ်အုပ်ကိုလည်း ဒုတိယအကြိမ်အဖြစ် ပြန်ဖတ်နေတယ် …။
======================================*

“ရောက်ဖြစ်နေတာက”--

*အလုပ်နဲ့အိမ် … အိမ်နဲ့ အလုပ်ပါပဲလေ …။
======================================*

“နားထောင်ဖြစ်နေတာက”--

*အေသင်ချိုဆွေရဲ့ “စာ”သီချင်းရယ် … ထွန်းအိန္ဒြာဗိုလ်ရဲ့ “ချစ်ခြင်းကိုမခွဲပါနဲ့”
======================================*

“ရွတ်နေဖြစ်တဲ့ကဗျာက”--

*ငယ်ငယ်တုန်းက ဒိုင်ယာရီ စာအုပ်လေးထဲမှာ မတောက်တခေါက်နဲ့ ကိုယ်တိုင်ရေးကဗျာတွေရော၊ ကြိုက်လို့ကူးထားတဲ့ကဗျာတွေရော ပြန်ဖတ်ပြီး ရွတ်ဆိုပြီး ပြုံးမိနေတယ် …။
======================================*

“ဖြစ်ချင်နေတာက”--

*လူတစ်ယောက်ကို အကောင်းဆုံးကလဲ့စားချေနည်းဖြစ်တဲ့ ခွင့်လွှတ်ခြင်းနဲ့ ကောင်းသော အောင်မြင်ကျော်ကြားသူ တစ်ယောက်ဖြစ်ချင်နေတယ် …။
======================================*

“စားဖြစ်နေတတ်တာက”--

*Ready made ခေါက်ဆွဲတွေတော့ နေ့တိုင်းနီးပါး စားဖြစ်နေတယ် …။ ထမင်းနဲ့ဟင်းကတော့ မစားမဖြစ်ပေါ့လေ …။
======================================*

“သနားနေမိတာက”--

*ကျွန်မကိုယ်တိုင်နဲ့ အနီးပတ်ဝန်းကျင်က လောဘ၊ ဒေါသ၊ မောဟတွေနဲ့ပြည့်နှက်နေတဲ့ လူသားတွေရဲ့ စိတ်ပင်ပန်းမှုတွေကို အလွန်သနားနေမိတယ် …။
======================================*

“လွမ်းနေမိတာက”--

*ကျွန်မ ကဗျာတွေထဲက “မောင်ရင်”လို့ သုံးနှုန်းခေါ်ဝေါ်နေမိသူ တစ်ယောက်ရယ် … ဆုံးသွားတဲ့ ကျွန်မအစ်ကိုအကြီးဆုံးရယ်ကို လွမ်းနေမိပါတယ် …။
======================================*

“မေ့လျော့ပစ်နေရတာက”--

*ကျွန်မစေတနာတွေကို စော်ကားသွားတတ်တဲ့သူတွေကို ဥပေက္ခာပြုခြင်းတွေနဲ့ မေ့လျော့သွားအောင် နေနေရတာ ပင်ပန်းနေတယ် …။
======================================*

“ခါးသက်နေမိတာက”--

*ညဉ့်နက်နက်မှာ အတွေးနက်နက်တွေနဲ့ လွင့်ပျံလာမိတဲ့ အလွမ်းတွေက ကျွန်မအတွက် သိပ်ကိုခါးသက်နေတယ် …။
======================================*

“တမ်းတနေမိတာက”--

*အမည်းစက်တွေ မစွန်းထင်းသေးတဲ့၊ မာနတရားတွေ မဖုံးလွှမ်းသေးတဲ့၊ ခါးသီးခြင်းတွေကို မဖက်တွယ်မိသေးတဲ့ အဖြူရောင်ဘဝလေးကို တမ်းတနေမိတယ် …။
======================================*

“ကြိတ်ပြီးချီးကျူးနေမိတာက”--

*ကျွန်မနာကျင်ချိန်တွေမှာ မမျှော်လင့်သောနေရာက ထွက်ပေါ်လာတတ်ကြတဲ့ ကျွန်မသူငယ်ချင်း မိတ်ဆွေတွေရဲ့ သံယောဇဉ်တွေကိုပါ …။
======================================*
 
“ကြိတ်ပြီးအထင်သေးနေမိတာက”--

*တစ်ခါတစ်လေ သဘောထားကြီးကြီးနဲ့ အကောင်းမမြင်ပေးတတ်တဲ့ ကိုယ့်စိတ်ကို အထင်သေးနေတယ် …။
======================================*

“ဆန္ဒမရှိတဲ့နေရာ”--

*ကိုယ်မလုပ်ဘဲ မျက်လုံးစိမ်းတွေနဲ့ အကြည့်ခံရတဲ့၊ ကိုယ်မမှားဘဲ စိတ်ကျဉ်းကြပ်နေရတဲ့၊ အမှန်တရားတွေ၊ ကိုယ်ချင်းစာစိတ်တွေပျောက်ကွယ်နေတဲ့ ကြောက်စရာမျက်နှာဖုံးများစွပ်ထားသော သူများရှိရာ ကျွန်မရဲ့ လုပ်ငန်းခွင်ကို ကြောက်နေတယ် …။
======================================*

“ဆန္ဒရှိနေတဲ့ကိစ္စ”--

*အဖြစ်ချင်ဆုံးတစ်ခုကို ဖြစ်အောင် တိတ်တိတ်လေးကြိုးစားနေတယ် …။ တစ်ကယ်ဖြစ်လာတဲ့အခါကျမှ အားလုံးကို တရားဝင်ပြောပြချင်မိနေတယ် …။
======================================*

“မုန်းတီးနေမိတာက”--

*တစ်ခါတစ်လေ စာရေးတဲ့အခါ ရေးချင်တဲ့အကြောင်းအရာကို တွေးမိပေမယ့် ရေးဖို့စကားလုံးတွေရှာမရတဲ့အခါ
ပြန်အစဖော်မရအောင် ရေးမယ့် အကြောင်းအရာ ပျောက်ပျောက်သွားတတ်တဲ့ မှတ်ဉာဏ်ကို မုန်းတယ် …။
======================================*

“ချစ်နေတာက”--

*အင်း!!!!!!! စဉ်းစားစရာပဲ …။
======================================*

“စိတ်ပျက်နေမိတာက”--

*အလုပ်မရှိ အလုပ်ရှာပြီး စကားကို အစကတည်းက ကားအောင်လျှောက်ပြောတတ်ပြီး ပြဿနာကို မီးထွန်းရှာနေတဲ့ ပတ်ဝန်းကျင်ကလူတွေကို သိပ်စိတ်ပျက်နေမိတယ် …။
======================================*

“စွဲလန်းနေမိတာက”--

*ဒီဇင်ဘာလ ချောင်းသာသွားတုန်းက မနက်စောစော နှင်းတွေရဲ့ကြားမှာ ကမ်းစပ်မှာရပ်ပြီး ပင်လယ်ပြာကြီးကို ငေးကြည့်နေမိတဲ့ အချိန်လေးနဲ့ တစ်ချိန်က တစ်ယောက်သောသူရေးပေးဖူးတဲ့ ကဗျာအပိုင်းအစတွေရယ် … ချစ်သော Blogger မောင်နှမတွေရဲ့ Blog အိမ်လေးတွေရယ် …။
======================================*

“လိုအပ်နေတာက”--

*တစ်စုံတစ်ယောက်ဆီက တစ်စုံတစ်ရာကို …။
======================================*

“ရောက်နေတဲ့နေရာက”--

*ကမ္ဘာကြီးတစ်နေရာရာရဲ့ အခန်းကဏ္ဍတစ်ခုခုဆီမှာ ရောက်နေတယ် …။
======================================*

“နက်နက်နဲနဲပြန်စဉ်းစားနေမိတာက”--

*ငါရုတ်တရက်သေသွားခဲ့ရင် ငါ့နောက်ပါမယ့် အရာတွေကို လုပ်ပြီးပြီလား? ငါ့ကြောင့် လူတွေထိခိုက်နစ်နာဖူးလား? ငါဘာကြောင့် စိတ်ဓါတ်ပျော့ညံ့ရတာလဲ?
*======================================*

“Blogger အစ်ကို အစ်မ မောင်ငယ် ညီမငယ်လေးများဆီသို့ တဂ်ပါသည် ...”


မိုးညချမ်း
22.3.2013 (9:45 p.m)

Tuesday, March 12, 2013

ကျွန်မဒီနေ့ ဘတ်စ်ကားစီးခဲ့ပြီ




ဒီနေ့တော့ မနက် (၆)နာရီလောက်ထလိုက်တယ်။ မနေ့ကရလာတဲ့စိတ်ကူးလေးကို အကောင်အထည်ဖော်ရင်း ဖေဖေဖြစ်ချင်တဲ့ ဆန္ဒတစ်ခုကိုဖြည့်ဆည်းခွင့်ရမယ်ဆိုတဲ့ စိတ်ကလေးက ကျွန်မအတွက်အလွန်ကိုကြည်နူးပီတိဖြစ်ကာ တက်ကြွရွှင်လန်းစွာ အိပ်ယာထဖြစ်ခဲ့တယ်။ အိပ်ယာကိုသေသေသပ်သပ်သိမ်းဆည်းလို့ အောက်ထပ်ဆင်းလာကာ ဂတ်စ်မီးဖို (၂)ဖိုတွဲ တစ်ဖက်က ညကချက်ထားတဲ့အသားဟင်းလေးကိုနွှေးထားရင်းနဲ့ ကျန်တဲ့တစ်ဖက်မှာ ထမင်းအိုးလေး ကပျာကယာတည်ထားတုန်း မျက်နှာသစ်၊ သွားတိုက်လိုက်တယ်။ အိမ်ကမီးဖိုက ဂတ်စ်မီးဖိုဆိုတော့ အကျက်မြန်တယ်လေ။ ထမင်းအိုးဆူလာတဲ့အချိန် ထမင်းရည်ငှဲ့ မီးမျှင်းမျှင်းနဲ့နှပ်ထားလိုက်တယ်။ ထမင်းကျက်တာနဲ့တစ်ပြိုင်နက် နွှေးပြီးသားဟင်းပူပူနွေးနွေးနဲ့ ထမင်းကို ဆွမ်းတော်အတွက်ခူး၊ ဖေဖေနဲ့မေမေ့အတွက် ပန်းကန်တစ်ချပ်နဲ့ အဦးဖယ်ထားပြီး ကျွန်မထမင်းချိုင့်ထဲ ဟင်းနဲ့ထမင်းမျှတအောင်ထည့်လိုက်ပြီး ရေနွေးအိုးလေးတစ်အိုး ကောက်တည်လိုက်တယ်။

ရေနွေးအိုးကို မီးမှိန်မှိန်နဲ့ တည်ထားခဲ့လိုက်ပြီး ရေမိုးချိုးဖီးလိမ်းပြင်ဆင်ကာ ရုံးယူနီဖောင်းလဲပြီး အောက်ဆင်းလာတော့ ရေနွေးအိုးက ဆူနေပြီ။ မီးဖိုချောင်ကဓါတ်ဘူးထဲ အဖြူထည်ကို အရင်ဖြည့်၊ ကျန်တာကိုတော့ ဖေဖေရဲ့ရေနွေးကြမ်းဓါတ်ဘူးနဲ့ မေမေရဲ့ရေနွေးကြမ်းဓါတ်ဘူးကို ဖြည့်လိုက်တယ်။ တစ်ယောက်ကို ဓါတ်ဘူးတစ်ဘူးဆိုလို့ လင်မယား(၂)ယောက်မတည့်ကြလို့နေမယ်လို့တော့ မတွေးလေနဲ့။

အစိုးရဝန်ထမ်းတွေဖြစ်ကြတဲ့ ကျွန်မဖေဖေနဲ့မေမေတို့ (၂)ဦးစလုံး ပင်စင်ယူပြီးကတည်းက ဖေဖေကအပေါ်ထပ်မှာ တရားနာ၊ တရားစာအုပ်ဖတ်နဲ့ အောက်ထပ်သိပ်မဆင်းတတ်သလို၊ မေမေကလည်း အောက်ထပ်က တီဗွီရှေ့မှာတစ်နေကုန်နီးပါး ကိုရီးယားကားကို ထိုင်ကြည့်နေတတ်ကြသူတွေ။ ကျွန်မတို့မောင်နှမတွေကလည်း အစ်ကိုက တပ်မတော်အရာရှိတစ်ယောက်ပေမို့ တာဝန်ကျရာမြို့တစ်ခုမှာ၊ ကျွန်မကလည်း ကုမ္ပဏီတစ်ခုကဝန်ထမ်းတစ်ဦး၊ ညီမလေးကလည်း ပုဂ္ဂလိကဘဏ်တစ်ခုကဝန်ထမ်းတွေမို့ အိမ်မှာမရှိတတ်ကြသူတွေ။ 

ဖေဖေကတော့ သူဝါသနာပါရာ ရပ်ကွက်သာရေး၊ နာရေးတွေလုပ်နေရလို့ အပြင်ထွက်ဖြစ်ပေမယ့် မေမေကတော့ ပင်စင်ယူပြီးကတည်းက ချော်လဲကာခြေထောက်ကျိုးခဲ့ပြီး ဒုက္ခိတဖြစ်ခဲ့သူမို့ တစ်နေ့တစ်နေ့ တီဗွီရှေ့နဲ့ သူမအိပ်စက်ရာ အိပ်ခန်းကိုသာ ကူးခတ်နေရသူ။ အပြင်တောင်မထွက်ဖြစ်တဲ့သူဆိုတော့ မေမေထိုင်တတ်တဲ့နေရာနားမှာ ရေနွေးသောက်ချင်တဲ့အခါ အလွယ်တကူရနိုင်အောင် ဓါတ်ဘူးကိုချထားပေးသလို အပေါ်ထပ်က ဖေဖေထိုင်ကာတရားနာတတ်တဲ့ ပက်လက်ကုလားထိုင်နားမှာလည်း ရေနွေးသောက်ချင်တဲ့အခါ အဆင်သင့်ဖြစ်အောင် ဓါတ်ဘူးလေးတစ်ခု ထားပေးလိုက်တယ်။ လူကြီးတွေဆိုတော့လည်း ရေအေးထက် ရေနွေးကို ခုံမင်တတ်ကြသူတွေ မဟုတ်လား။

*--------------------------------------------------------------*

ကျွန်မတို့မိသားစုလေးက ကြပ်တည်းဆင်းရဲလွန်းတဲ့ မိသားစုမျိုးမဟုတ်သလို ကျိကျိတက်ချမ်းသာလွန်းတဲ့ မိသားစုတော့လည်း မဟုတ်ပါဘူး။ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ အစိုးရကချပေးတဲ့မြေကွက်လေးကို (၂)ယောက်သားစုထားတဲ့ချွေးနည်းစာလေးနဲ့ နှစ်ထပ်တိုက်အိမ်လေးဆောက်နိုင်ခဲ့ပြီး ဖေဖေနဲ့မေမေတို့ (၂)ဦးလုံး ပင်စင်ယူတဲ့အခါမှာတော့ အိုးပိုင်အိမ်ပိုင်နဲ့ အခြေမပျက်ခဲ့ပါဘူး။ စုတတ်ဆောင်းတတ်တဲ့ မေမေ့ကြောင့် ဘဏ်မှာပိုက်ဆံအနည်းငယ်စုထားမိခဲ့လို့ မိဘ(၂)ပါးလုံးပင်စင်ယူချိန်မှာ ဘဏ်တိုးလေးနဲ့ မိသားစုစားဝတ်နေရေးအဆင်ပြေချောမွေ့နေခဲ့ပေမယ့် သူများချွေးနည်းစာကို လိမ်လည်လှည့်ယူတတ်တဲ့ သူအချို့ကြောင့် စုဆောင်းမိထားတဲ့ငွေကြေးတွေဆုံးရှုံးခဲ့ချိန်မှာတော့ အစ်ကိုကြီးနဲ့ကျွန်မဘွဲ့ရပြီးလို့ လုပ်ငန်းခွင်ဝင်ချိန်မှာပေါ့။

အစ်ကိုက တပ်မတော်နည်းပညာတက္ကသိုလ်ကဘွဲ့ရခဲ့ပြီး သူကျောင်းဆင်းကတည်းက သူ့လစာချက်စာအုပ်ကို မေမေ့ဆီ အပ်ထားခဲ့တယ်။ သူ့လစာကို မေမေထုတ်ပေးပြီး အိမ်စရိတ်၊ သူ့ဘဏ်စာအုပ်ထဲ စုဖို့ငွေဆိုပြီး ခွဲခြမ်းစိတ်ဖြာကာ ပို့သလောက်ငွေကိုသာ လောက်ငှအောင်သုံးခဲ့ပြီး ဘယ်တော့မှအိမ်ကို နောက်ထပ်လက်ဖြန့်မတောင်းတတ်ခဲ့သူ။ ကျွန်မကတော့ ကုမ္ပဏီတစ်ခုက အကြီးပိုင်းဝန်ထမ်းတစ်ဦး။ ရတဲ့လစာက နှစ်သိန်းကျော်။ မေမေ့ကို တစ်သိန်းလောက်သာအပ်ပြီး ကျန်တာကို ကျွန်မသုံးဖို့ချန်ထားတတ်တယ်။ အစ်ကို့လစာကပိုတဲ့ တစ်သိန်းရယ်၊ ကျွန်မအပ်တဲ့လစာ တစ်သိန်း၊ စုစုပေါင်း နှစ်သိန်းနဲ့ တစ်လတစ်လအိမ်စရိတ်ကို အဆင်ပြေအောင် မေမေက လောက်ငှအောင်စီမံပေးတယ်။ စျေးဝယ်ပေးတာက ညီမလေး။ ချက်တာပြုတ်တာတော့ ကျွန်မနဲ့ညီမလေး အဆင်ပြေသလိုချက်ကြတယ်။ အပိုဝင်ငွေရယ်လို့ မရှိတော့တဲ့ ကျွန်မတို့မိသားစုလေးအတွက် အစစအရာရာအဆင်ပြေချောမွေ့ပြီး မီးဖိုချောင်ကိစ္စကိုလည်း သေချာစွာစီမံခန့်ခွဲတတ်သူက မေမေ။

ကျွန်မက နှလုံးရောဂါရှိသူမို့ အနံ့အသက်ဆိုးတာတို့ အသက်ရှုကြပ်လာတာတို့ဆို မူးမေ့တတ်သူပါ။ ငယ်စဉ်ကလည်း ဖေဖေ့ရုံးမှ ဖေဖေ့အတွက် သီးသန့်ပေးထားသော ကားဖြင့်သာ ကျောင်းသွားကျောင်းပြန်ခဲ့ရသလို တက္ကသိုလ်ကျောင်းတက်ပြန်တော့လည်း အိမ်ရှေ့အထိလာကြိုပေးတဲ့ ကျောင်းကားနဲ့သာ ကျောင်းတက်ခဲ့ရပါတယ်။ ဒါကြောင့်မို့ လုပ်ငန်းခွင်ဝင်တဲ့အခါမှာတော့ ရုံး Ferry မရှိတဲ့အတွက် ကျွန်မရုံးသွားတဲ့အခါ ဘတ်စ်ကားကြပ်လို့ အသက်ရှူကြပ်မှာတို့၊ ရုံးပြန်တဲ့အချိန် ချွေးနံ့တွေကြားထဲမှာ အနံ့မခံနိုင်ဖြစ်ပြီး မူးမေ့လဲမှာတို့ကြောက်ပြီး တစ်လတစ်လရတဲ့ လစာထဲကနေ ရုံးသွားရုံးပြန်ကို တက္ကစီနဲ့သာ သွားဖြစ်နေတာ အလုပ်စဝင်ကတည်းကပဲပေါ့။ အလုပ်နဲ့အိမ်နဲ့ကို တက္ကစီတစ်ခါငှား ၁၅၀၀ိ/-၊ အသွားအပြန်ဆိုတော့ တစ်ရက်ကို ၃၀၀၀ိ/- ကုန်တယ်။ မေမေ့ကို တစ်သိန်းအပ်ပြီး ကျန်တဲ့တစ်သိန်းကျော်က တစ်လတစ်လ တက္ကစီဖိုးတင် ကိုးသောင်းနီးပါးကုန်တယ်။ ဒါတောင်ကျန်တဲ့ တိုလီမုတ်စပစ္စည်းတွေ၊ အဝတ်အစားတွေဝယ်တာ မပါသေးဘူး။ အဲဒီတော့ ကျွန်မတစ်လတစ်လ ပိုက်ဆံလေးတောင် စုမိတယ်လို့လည်း မရှိခဲ့ဘူးပေါ့။

အသက်(၈၀)နားကပ်နေပြီး အစိုးရဝန်ထမ်းပင်စင်စားတစ်ယောက်ဖြစ်တဲ့ ကျွန်မဖေဖေက ရပ်ကွက်သာရေး၊ နာရေးကိုလည်း အားကြိုးမာန်တက်လုပ်ပေးတဲ့အပြင် ဗုဒ္ဓတက္ကသိုလ်တစ်ခုမှာလည်း ဒီပလိုမာတက်ရောက်ပြီး ဗုဒ္ဓစာပေတွေကို လေ့လာကျက်မှတ်နေသူ။ တစ်ကယ်ဆို ကျွန်မဖေဖေရဲ့ ညာဘက်မျက်လုံးက ခွဲစိတ်မှုမှားယွင်းခြင်းကြောင့် မျက်ကြည်လွှာပျက်စီးနေခဲ့ပြီး နောက်တစ်ဖက်ကတော့ သွေးကြောလေးတွေပေါက်နေလို့ မျက်စိနှစ်ကွင်းကလည်း ကောင်းမွန်စွာအလင်းရနေတာတော့မဟုတ်ပါဘူး။ မျက်မှန်အထူကြီးတပ်ရတဲ့အပြင် မှန်ဘီလူးအထူကြီးနဲ့ ကြည့်ပါမှ စာတွေကိုဝေဝေ၀ါးဝါးမြင်ရသူတစ်ယောက်ဖြစ်ပေမယ့် ဇွဲမလျှော့ကာ ဗုဒ္ဓယဉ်ကျေးမှုတက္ကသိုလ်က ဒီပလိုမာစာမေးပွဲကို ရအောင်ဖြေဆိုခဲ့ပါတယ်။ 

ဒီလိုနဲ့ လွန်ခဲ့တဲ့တစ်ပတ်ကျော်လောက်က ကျွန်မရုံးကပြန်လာတော့ ဖေဖေနဲ့မေမေတို့ စကားပြောနေသံကြားပြီး အတော်လေး စိတ်မကောင်းဖြစ်သွားမိတယ်။

“အမေကြီးရေ … ကိုယ်တော့ စာမေးပွဲအောင်တယ် … အဲဒါ နောက်နှစ်လလောက်နေရင် ဗုဒ္ဓတက္ကသိုလ်ရဲ့ ကျောင်းအုပ်ဆရာတော်ရှိရာ မြို့လေးမှာ ဒီပလိုမာသွားယူရမှာ … အတူတူစာမေးပွဲအောင်တဲ့ ဦးဝင်းလှိုင်တို့ … ဦးမော်စီတို့တွေလည်း ပါမယ် … အကုန်သွားကြမှာကွ … ဆရာတော်ကလည်း ကိုယ်တိုင်ကိုယ်ကျတက်ယူစေချင်တယ်လို့ ပြောတယ်ကွာ … အားလုံးကသွားကြမယ်ဆိုတော့ ကိုယ်လည်းလိုက်သွားချင်လိုက်တာ … တစ်သိန်းခွဲလောက်တော့ ကုန်မယ်ပြောတယ် အမေကြီးရာ”

“လိုက်ချင်တာတော့ လိုက်ချင်တာပေါ့ အဖေကြီးရယ် … ဒါပေမယ့် ကျွန်မတို့မှာ ဘယ်မလည်းပိုက်ဆံ … သားကြီးနဲ့ သမီးလတ်တို့လစာတွေနဲ့ တစ်လတစ်လ အလျင်မီလောက်ငှအောင် စားနေကြရတာ … ဘယ်ကပိုက်ဆံရှိမှာလည်းရှင် … ဒါတောင် သမီးငယ်လေးကျောင်းပြီးသွားလို့ အများကြီးတော်သွားတာ”

“အေးကွာ … ကိုယ်လည်း မနက်က ဆရာတော်ဆီ ဦးဝင်းလှိုင်တို့နဲ့အတူသွားရင်း စာမေးပွဲအောင်ပြီး ဒီပလိုမာရတဲ့သူတွေ အကုန်သွားကြမှာဆိုတော့ လိုက်ချင်သွားလို့ပါကွာ … ဒီလိုပဲ ပြောကြည့်တာ”

“ဒီလိုလုပ် … ကျွန်မ လက်ကောက်နှစ်ကွင်းလောက်ကို တစ်ယောက်ယောက်ဆီပေါင်ပြီး ပိုက်ဆံချေးကြည့်မယ် … အဲဒါနဲ့သွားပေါ့ … နောက်မှတဖြည်းဖြည်းချင်း ပြန်ရွေးကြတာပေါ့”

“ဟာ … မဖြစ်ပါဘူးကွာ … ပြန်ရွေးမယ်ဆိုလည်း ဘာပိုက်ဆံနဲ့ပြန်ရွေးကြမှာတုန်းကွ … တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှလည်း ပေါင်နှံပြီး ဘယ်သူ့ဆီကမှ ပိုက်ဆံမချေးဖူးဘူးကွာ … နေပါစေ … ကိုယ်မသွားတော့ပါဘူး …”

သြော် … ဖြစ်ရလေ ဖေဖေရယ်။ ကျွန်မ ဖေဖေဆန္ဒကိုဘယ်လိုဖြည့်ဆည်းပေးရပါ့။ သူငယ်ချင်းတွေဆီ ပိုက်ဆံလိုက်ချေးကြည့်ရ ကောင်းမလား? ဒါမှမဟုတ် ရုံးကချေးငွေထုတ်ရင်ကောင်းမလား? ခက်တာက ငယ်ငယ်ကတည်းက မေမေဆုံးမထားတဲ့အတိုင်း “ငွေရေးကြေးရေး ချေးတာငှားတာ မကြိုက်ဘူး။ မလုပ်ရဘူး”ဆိုတဲ့ စကားအတိုင်း သူငယ်ချင်းတွေဆီက တစ်ခါမှ အချေးအငှားလည်း လုပ်ဖူးတာမဟုတ်။ ကျွန်မကိုယ်ပိုင်စုထားတဲ့ ပိုက်ဆံကလည်းမရှိနဲ့တော့ ခက်နေပါပြီ။ နောက်နှစ်လကျော်လောက်မှဆို အချိန်တော့ရပါသေးတယ်။ ဒါပေမယ့် လိုက်မယ့်သူစာရင်းက ကြိုပေးရတာလားမသိ။ ကျွန်မလည်းအတွေးပေါင်းမြောက်များစွာနဲ့ တစ်ညလုံးအိပ်မပျော်ခဲ့ပါဘူး။ အသက်အရွယ်ကြီးရင့်နေတဲ့ မိဘတွေကို ဖြစ်ချင်တဲ့ဆန္ဒတွေ၊ လုပ်ချင်တာတွေကို စိတ်တိုင်းကျ ပေးမလုပ်စေနိုင်တဲ့အတွက်လည်း ကျွန်မဝမ်းနည်းမိတယ်။ ဒါနဲ့များ ဘုရားရှိခိုးတိုင်း ဆုတောင်းမိတာရှိသေးတယ်။ “မိဘကျေးဇူးဆပ်နိုင်သော သားသမီးဖြစ်ရပါလို၏”တဲ့လား? … 

*--------------------------------------------------------------*

တစ်ပတ်လောက်စဉ်းစားရင်း အဖြေကမထွက်တော့ စိတ်လည်းညစ်လှပြီ။ ဖေဖေ့ကိုလည်း သနားလှပြီ။ အိမ်ကိုလာလည်ကြတဲ့ ဖေဖေ့မိတ်ဆွေတွေက “ဦးစစ်နိုင်ရေ ဒီပလိုမာ အောင်လက်မှတ်တက်ယူဖို့ လိုက်မှာမှတ်လား”လို့ မေးကြတိုင်း လိုက်ချင်ရဲ့သားနဲ့ မျက်စိကောင်းကောင်းမမြင်ရတာကလွဲလို့ ကျန်းမာရေးဒေါင်ဒေါင်မြည်တဲ့ ဖေဖေက “မလိုက်တော့ပါဘူးဗျာ … ကျွန်တော့်ကျန်းမာရေးကလည်း သိပ်ကောင်းတာမဟုတ်ဘူး”ဆိုတဲ့ ငြင်းလိုက်သံတွေကြားတိုင်း စိတ်မကောင်းဖြစ်မိတယ်။

တစ်ရက်တော့ မနက် (၆းဝ၀)နာရီကလည်း ထိုးနေပြီ … ဆက်အိပ်လို့လည်းမရတာနဲ့ ခပ်စောစောပဲထလိုက်တယ်။ ခါတိုင်းဆို (၈)နာရီထိုးကာနီးလောက် အိပ်ယာထတတ်ပြီး မနက်(၉)နာရီထိုးကာနီးမှာ ကားငှားကာ ရုံးကိုသွားရပေမယ့် ဒီနေ့တော့ ကျွန်မအဖို့စောစောစီးစီးနိုးလာလို့ မေမေကတောင် အံ့သြနေတာမြင်တော့ ဘာမှအထွေအထူးရှင်းပြမနေတော့ပဲ ရေမိုးချိုး၊ ရုံးယူနီဖောင်းလဲပြီး ထမင်းချိုင့်လေးဆွဲလို့ အိမ်နဲ့သိပ်မဝေးလှသော ဘတ်စ်ကားဂိတ်ဆီသို့ ထွက်လာလိုက်တယ်။ 

အချိန်ကအတော်လေးစောနေတာနဲ့ ကားချက်ချင်းမငှားသေးဘဲ ဘတ်စ်ကားဂိတ်မှာ ရပ်နေတုန်း ကျွန်မရှေ့ကိုထိုးရပ်လာတဲ့ BM တစ်စီး “တောင်ဥက္ကလာ၊ မိုးကောင်း၊ ရန်ကင်း၊ စျေးကွေ့၊ ဆူးလေ”လို့ တကြော်ကြော်အော်ခေါ်နေတဲ့ ယာဉ်နောက်လိုက်လုပ်သားလေးရဲ့ အသံကိုနားထောင်ရင်း “ဒီကားက အတော်လေးချောင်တာပဲ … ရုံးနားကိုလည်း ရောက်တယ်ဆိုတော့ စီးသွားမယ်”လို့ စိတ်ကူးလိုက်ပြီး ကားပေါ်တက်လိုက်တယ်။ ကားပေါ်ရောက်တော့ ချက်ချင်းနေရာမရသေးပေမယ့် သုံးမှတ်တိုင်လောက်အရောက်မှာ ကျွန်မရပ်နေတဲ့ခုံနားကလူကြီးတစ်ယောက်ဆင်းသွားလို့ ဝင်ထိုင်လိုက်ရင်း စိတ်ကူးတစ်ချို့ပျံ့လွင့်သွားရင်းနဲ့ ရုတ်တရက်ကျွန်မအတွေးတစ်ခုရသွားတယ်။

အခုလိုမျိုးရုံးကို စောစောထွက်လာတဲ့အချိန်ဆို လူရှင်း၊ ကားချောင်တာမို့ ကျွန်မကြောက်တဲ့ အနံ့အသက်ဆိုတွေ၊ ကားကြပ်ကြပ်မှာ လေမရလို့ အသက်ရှူကြပ်တာတွေမကြုံရတော့ဘူး။ ကားခက ရုံးအထိမှ ၂၀၀ိ/-၊ ကျွန်မတစ်နေ့တစ်နေ့ တက္ကစီငှားလို့ကုန်ကျငွေက တစ်ရက်ကို ၃၀၀၀ိ/-၊ တစ်လဆို ၉၀၀၀၀ိ/-၊ ခုဆိုဘတ်ကားစီးရင် တစ်ရက်မှ အသွားအပြန်အတွက် ၄၀၀ိ/-၊ တစ်လလုံးစာမှ ၁၂၀၀၀ိ/-ပဲ ကုန်မှာ။ တက္ကစီငှားစီးမယ့် ပိုက်ဆံ ၉၀၀၀၀ိ/- ကို ချွေတာပြီးစုလိုက်ရင် (၂)လဆိုတာနဲ့ ၁၈၀၀၀၀ိ/- လောက်ရမှာ။ ဖေဖေ ဒီပလိုမာသွားယူဖို့ကလည်း နောက်(၂)လလောက်နေမှဆိုတော့ ကျွန်မဖေဖေ့ကို ခရီးစရိတ်ကန်တော့လို့ရပြီပေါ့။ ဖေဖေလည်း သူ့ဆန္ဒအတိုင်း ဗုုဒ္ဓတက္ကသိုလ်က ချီးမြှင့်တဲ့ ဒီပလိုမာကို ကိုယ်တိုင်ကိုယ်ကျသွားပြီး တက်ယူနိုင်ပြီပေါ့။ ကျွန်မစိတ်ကူးလေးနဲ့ ကျွန်မပျော်ရွှင်ရတဲ့အတွက် နှုတ်ခမ်းကပြုံးမိသွားတယ်ထင်ပ။ ဘေးမှာထိုင်နေတဲ့အန်တီကြီးနဲ့ မတ်တပ်ရပ်ခရီးသည်အချို့ ကျွန်မကို ကြည့်နေကြတာမြင်လည်း မရှက်နိုင်တော့ပါဘူး။

*--------------------------------------------------------------*

ဒီနေ့တော့ ရုံးသွားမယ့်ကျွန်မခြေလှမ်းတွေ တက်ကြွနေခဲ့ပါတယ်။ မနက်စောစောထ ထမင်းဟင်းချက်ခဲ့ပြီး ရုံးသွားဖို့ အိမ်ကမထွက်ခင်လေးမှာ-

“ဖေဖေ …. ဗုဒ္ဓတက္ကသိုလ်ကနေပေးတဲ့ ဒီပလိုမာကို ဖေဖေကိုယ်တိုင် တက်ယူချင်တာမှတ်လား … ခရီးစရိတ်အတွက် မပူနဲ့ … သမီးကန်တော့မယ်” ဆိုပြီး ကျွန်မစိတ်ကူးလေးကို ပြောလိုက်တဲ့အချိန် အံ့သြဝမ်းသာသွားတဲ့ ဖေဖေ့ရဲ့မျက်နှာ ကျွန်မတစ်သက်မေ့နိုင်မယ် မထင်ပါဘူး။

“ဖြစ်ပါ့မလား သမီးရယ် … ငါ့သမီးက ကျန်းမာရေးလည်း ကောင်းတာမဟုတ်ဘူး … ဘတ်စ်ကားပေါ်မှာ မူးမေ့လဲနေမှဖြင့် …..”

“အို ဖေဖေရယ် … သမီးက လူငယ်ပါ … ငါနှလုံးရောဂါသည်ပါဆိုပြီး နုနေရင် သမီးဘယ်တော့မှ ကျန်းမာမှာမဟုတ်တော့ဘူး … ပြီးတော့သမီးကျန်းမာစွာနဲ့ သမီးကိုဒီအရွယ်ထိ ကျွေးမွေးစောင့်ရှောက်ပြုစုလာခဲ့တဲ့ ဖေဖေ၊ မေမေတို့ ကျေးဇူးကိုဖြင့် သမီးဘယ်လောက်မှဆပ်နိုင်သေးတာ မဟုတ်ဘူး … သမီး ဒီလောက်လေးတော့ ဖြည့်ဆည်းပေးပါရစေ ဖေဖေရယ်”လို့ ပြောရင်း ဝမ်းသာစွာနဲ့ မျက်ရည်တွေဝဲလို့ ကျန်ခဲ့တဲ့ဖေဖေ့ကို နှုတ်ဆက်လို့ ဘတ်စ်ကားဂိတ်လေးဆီသို့ ထွက်လာသောခြေလှမ်းတွေဟာ ပေါ့ပါးသွက်လက်လို့ မလှမ်းမကမ်းကားဂိတ်မှာ ခရီးသည်တွေတင်နေရင်း “မိုးကောင်း၊ ရန်ကင်း၊ စျေးကွေ့၊ ဆူးလေ”လို့ အော်နေတဲ့ BM ဘတ်စ်ကား ယာဉ်နောက်လိုက်လေးရဲ့ အသံလေးဟာ ကျွန်မနားထဲမှာတော့ ချိုမြိန်လှသလို မနက်ခင်းလေးဟာလည်း လှပနေပါတော့တယ်။



မိုးညချမ်း
10.3.2013 (11:30 p.m)

Thursday, March 7, 2013

ကျွန်မ၏အတွေးကဗျာ အပိုင်းအစတစ်ချို့(၁)



ဒဿန
* “ကိုယ့်အလှည့်ကျရင် ခံနိုင်ပါ့မလား”ဆိုတဲ့ အတွေးလေးနဲ့ တစ်ဦးနဲ့တစ်ဦး respect လေးတော့ ထားမှပေါ့ကွယ်။

*လူတစ်ဦးစီမှာ ကိုယ်ပိုင်အရည်အချင်းအလိုက် ထူးချွန်မှု၊ တတ်ကျွမ်းမှုတစ်ခုစီတော့ ရှိကြပါတယ်။ သင့်ရဲ့တတ်ကျွမ်းထူးချွန်မှုလောက် သူမတတ်ကျွမ်းတဲ့အခါ သင်သာသူ့ကို အထင်သေး ပျက်ရယ်ပြု နှိမ့်ချမယ်ဆိုရင် သင်ဟာအလွန်အထင်သေးစရာကောင်းသော လူသားအဖြစ် မှတ်ချက်ပြုရပါလိမ့်မယ်။


*မျှော်လင့်ချက်တွေပေးပြီးမှ ရိုက်ချိုးချတတ်တဲ့သူတွေကို ကျွန်မရှုံ့ချတယ်။ ပြီးရင်တော့ မျှော်လင့်ချက်တွေကို အားကိုးတကြီးဖက်တွယ်မိတဲ့ ငါ့ကိုငါလည်း အပြစ်တင်ရလိမ့်မယ်။

*မယုံမရှိနဲ့ … ဘယ်သူတွေ ဘယ်လောက်ပဲ ဘေးနားမှာရှိခဲ့ပါစေ၊ ရှိနေပါစေ … နောက်ဆုံးကိုယ်တစ်ယောက်ထဲပဲ အထီးကျန်စွာ ကျန်နေခဲ့ကြရတာပါပဲ။ အဲဒီအထီးကျန်ခြင်းမှာ အားငယ်စွာရက်မနေဘဲ အကျိုးရှိစွာ အသုံးချတတ်ဖို့ပဲ လိုအပ်တာပါ။

*“နေရာ၊ အသိအမှတ်ပြုခံရခြင်း”ဆိုတဲ့ အရာတွေကိုရဖို့အတွက် မည်သူ့ကိုမျှ“ဖား”စရာမလိုသလို မည်သူ့ကိုမျှလည်း “ဖိ”စရာမလိုပါဘူး။ ကိုယ်လုပ်စရာရှိတဲ့အလုပ်ကို တစ်ကယ်လုပ်ရင် “နေရာ”ဆိုတာ ပေါ်လာမှာဖြစ်သလို ကိုယ်လုပ်ပေးတဲ့ စေတနာမှန်လျှင်လည်း “အသိအမှတ်ပြုခြင်း” ခံရမှာ မလွဲပါပဲ။
*ခင်ဗျားတို့ သိထားတဲ့ “လောကမာယာ”ဆိုတာ တသမတ်ထဲသွားနေတာ မဟုတ်ဘူးဗျ။ အရောင်စုံစုတ်ချက်တွေနဲ့ နိမ့်ချည်မြင့်ချည် အကွေ့အကောက်ပုံစံတွေနဲ့ စိတ်ဓါတ်တွေကို အောက်ဆုံးထိဆွဲချလိုက်၊ အပေါ်ပင့်တင်လိုက်နဲ့ အမျိုးမျိုးကြုံတွေ့လှည့်စားခံနေရမှာပဲ။

*လူတစ်ယောက်ကို လက်ညှိုးထိုး ခိုင်းစေတတ်တာ လူတိုင်းရဲ့မွေးရာပါအတတ်ပညာတစ်ခုပါ။ သို့ပေမယ့် သူတစ်ပါးကို လက်ညှိုးထိုးမခိုင်းခင် “မိမိကိုယ်တိုင်ရော ကိုယ်ခိုင်းမည့်ကိစ္စတစ်ခုကို လုပ်တတ်ရဲ့လား?”ဆိုတာ အသေအချာစဉ်းစား ချင့်ချိန်ဖို့လိုသလို စကားအပြောအဆို အသုံးအနှုန်းတစ်ခုကလည်း ဘယ်လောက်အတိုင်းအတာထိ “တာ”သွားတယ်ဆိုတာ သတိထားဖို့တော့ လိုအပ်ပါလိမ့်မယ်။

*လူတစ်ယောက်ရဲ့ အဆင့်အတန်းဆိုတာ “ပေတံ”နဲ့တိုင်းတာလို့ရတာမျိုးလား? အဆင့်မရှိဘူးလို့ သတ်မှတ်ခံရတဲ့ လူသားတွေက အဆင့်တွေနဲ့စတီးချိုင့်တွေမှ မဟုတ်တာ။ တစ်ခါတစ်လေမှာ “လူနေချုံကြား၊ စိတ်နေဘုံဖျား”ဆိုသလို လမ်းဘေးစျေးသည်ကတောင် တိုက်တွေ၊ ကားတွေနဲ့ နေတဲ့သူထက်တောင် စိတ်ထားမြင့်မြတ်သေးတယ်။ အတွေးအခေါ်ရင့်ကျက်သေးတယ်။

*တစ်ကယ်တော့ ကဗျာဆရာတွေဆိုတာ လူတွေရဲ့ရင်ထဲက ပုံရိပ်တွေကို ထင်ဟပ်စေအောင် ကိုယ်တိုင်လည်း ခံစားရေးဖွဲ့ သီကျူးသူတွေပါပဲ။
*စင်ပေါ်တက်ပြီး ငါက“သူရဲကောင်း”ပါဆိုပြီး အော်ဟစ်ကြွေးကြော်နေတာထက် ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာတစ်ခု အရည်အချင်းတစ်ခုအတွက် အချိန်တစ်ခု ရောက်လာတဲ့အခါ “သူရဲကောင်း”ဆိုတဲ့ ဘွဲ့ကို အများက ကြည်ကြည်ဖြူဖြူပေးလာမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။

*စောင့်စားခြင်း၊ ငိုကြွေးခြင်း၊ နာကြည်းခြင်း၊ လွမ်းဆွတ်ခြင်း၊ ပူဆွေးခြင်း၊ ရှုံးနိမ့်ခြင်း၊ အောင်ငြမ်ခြင်း”တွေမှာ နေ့ရက်မရှိဘူး၊ အချိန်မရှိဘူး။ မင်းရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက် အတွေးတစ်စပေါ်ပဲ မူတည်တယ်။
*လူ့လောကအလယ်မှာ တစ်ယောက်တည်း လွတ်လပ်စွာပျံသန်းကြည့်တော့ လူတွေက ချီးမွမ်းခြင်းတွေထက် ကဲ့ရဲ့ခြင်းတွေ၊ ဖေးမနှစ်သိမ့်ပေးခြင်းထက် လှောင်ရီခြင်းတွေ၊ ဆွဲထူးခြင်းထက် တွန်းချခြင်းတွေက ပိုများနေပါရော့လား မေမေ။

*ကောင်းကင်ထက်က နေမင်းကြီးလောက်တော့ မထွန်းလင်းနိုင်ပေမယ့် ကိုယ့်ကမ္ဘာငယ်လေးမှာ ထွန်းလင်းပေးနိုင်တဲ့ ကြယ်လေးတစ်ပွင့်တော့ ဖြစ်ချင်ခဲ့မိတယ် ... 


***********************************************

အချစ် 

*အချစ်မှာ ရိုးသားချင်ကြသော်လည်း ချစ်သူနာကျင်မှာစိုးတဲ့ စိုးထိတ်တွေနဲ့ လိမ်လည်လှည့်ဖြား နေကြရတာပဲ၊ ဒါကို သိသိကြီးနဲ့ မခွဲမခွာနိုင်အောင် အလွမ်းတွေနဲ့ဝန်းရံထားကြတာလည်း “အချစ်”ပါပဲ။

*ဟိုးမှာတွေ့လား? အရောင်စုံတဲ့နူးညံ့ခြင်းတွေနဲ့ ဖန်ဆင်းထားတဲ့ တို့နှစ်ယောက်ရဲ့ကမ္ဘာလေးဆီရောက်ဖို့ ငါ့လက်ကို မြဲမြဲဆုပ်ကိုင်ရင်း နားလည်မှုယုံကြည်ခြင်းတွေပဲ လိုအပ်တယ်။

*လေတစ်ချက်အဝှေ့မှာ ဝဲလွင့်သွားတဲ့ သူမဆံနွယ်လေးတွေကို ငေးမောရင်း ကျွန်တော်ခပ်တိုးတိုးလေး ရေရွတ်လိုက်မိတယ် “ကျွန်တော် သူမကိုချစ်တယ်…”။
 
*အဝေးတစ်နေရာဆီ ငါ့ချစ်ခြင်းအလွမ်းတစ်စုံပစ်လွှတ်လိုက်မယ်။ မင်းရင်ခွင်မှာ အေးချမ်းခြင်းတွေ ခိုနားပါစေသား …။
*ပန်းတစ်ပွင့်ကြွေကျသွားချိန်မှာ သူမကိုကျွန်တော် အသက်တမျှ တန်ဖိုးထားချစ်မိလိုက်ပြီဆိုတာ “သူမ” မသိလိုက်ဘူး။ 

*သူ့ဆီက “ချစ်ခြင်း”တစ်ခုရရှိဖို့အတွက် “လွမ်းဆွတ်ခြင်း၊ စွန့်စားခြင်း၊ သတ္တိရှိခြင်း”စတဲ့ “ခြင်း”ပေါင်းများစွာကို စတေးပစ်ခဲ့ပြီးမှ နောက်ဆုံး“အသည်းကွဲခြင်း၊ နာကျင်ခြင်း”တွေကိုပါ အဆစ်ပေးသွားခဲ့လေသလားကွယ်။

*ဆုံမှတ်တစ်ခုရဲ့နောက်ကွယ်မှာ ဝေးကွာခြင်းတွေရှိမယ်ဆိုတာသာ ကြိုသိခဲ့ရင် ငါဒီဇာတ်ကို “က”ဖြစ်ခဲ့မှာ မဟုတ်ဘူး။

*နင်နဲ့ငါ့ကြားမှာ အသက်အရွယ်တွေ အသိုင်းအဝိုင်းတွေ စည်းတွေ ဘောင်တွေမရှိခဲ့ရင် သိပ်ကောင်းမှာပဲ ချစ်သူရယ် ... နင်နဲ့ငါ လက်တွေမြဲမြဲတွဲလို့ ဘယ်သူမှမရှိတဲ့ ကမ္ဘာလေးတစ်ခုစီ လွတ်လပ်စွာပျံသန်းလိုက်ချင်တယ် ...

*အချိန်တစ်စက္ကန့်တောင် ကြာလိုက်ပါရဲ့လား? နှလုံးသားတွေအရည်ပျော် ရင်ခုန်သံတွေ ဝုန်းဒိုင်းကြဲ သံစဉ်တွေ စည်းချက်နဲ့အညီ ကခုန်ကုန်ကြတာ အလွမ်းတွေ ကောက်သိမ်းဖို့တောင် အချိန်မီသတိမရလိုက်ဘူး ...

*နှုတ်ခမ်းဖျားက လွမ်းတယ်ပြောတိုင်းသာ ငါ့ရင်ထဲက “အလွမ်း”တွေ ပြေပျောက်ရမယ်ဆို စက္ကန့်မလပ် မင်းကို လွမ်းတဲ့အကြောင်းတွေချည်း ပြောနေမိလိမ့်မယ် ချစ်သူ ...။ 



မိုးညချမ်း
7.3.2013 (7:21 p.m) 

Saturday, March 2, 2013

ကြွေလွင့် ကြေမွခဲ့လေသော နိဂုံး (ဇာတ်သိမ်း)

ဇာတ်လမ်းအစလေးကို စဖတ်ချင်တယ်ဆိုရင်တော့ အပိုင်း(၁) ကိုဝင်လိုက်နော် ...

(အပိုင်း-၂) လေးကိုဖတ်ချင်ရင် ဒီ Link ကို နှိပ်နော် ...



ကျွန်မအတော်လေးစဉ်းစားရကြပ်နေသော်လည်း ဘယ်ကဘယ်လိုကြားလာမှန်းမသိတဲ့ “ညီမလေးရေ … ရန်ကုန်က မမအသိတစ်ယောက်က ဖုန်းဆက်တယ် … ကိုကိုနဲ့ကောင်မလေးတစ်ယောက်ကို Plaza တစ်ခုမှာ တွေ့လိုက်တယ်တဲ့ …”ဆိုတဲ့ သတင်းအချို့နဲ့အတူ မမတစ်ယောက်စိတ်ဆင်းရဲရပြန်ပါရော။ မမအတွက်လည်း တစ်ဖက်ကစိတ်ပူရင်း နိုင်ငံခြားတက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက်လည်း သင်တန်းတွေနဲ့အလုပ်ရှုပ်ရင်း တစ်ရက်မှာတော့-

“ညီမလေးရေ … ကိုကိုပြန်ရောက်လာတယ် … မမတို့ပွင့်ပွင့်လင်းလင်းစကားပြောဖြစ်ကြတယ် … မမဘက်က ကွဲပေးပါ့မယ်လို့ ပြောတော့လည်း ကိုကိုက လက်မခံဘူး … သူတစ်ကယ်ချစ်တာ မမပါ … အဲဒီကောင်မလေးက အကြောင်းကိစ္စတစ်ခုကြောင့် နီးစပ်ရင်းသံယောဇဉ်ဖြစ်ကြတာပါတဲ့ … ဒါပေမယ့် ဘယ်ကောင်းမလည်း ညီမလေးရယ် … မမ မိန်းကလေးချင်းကိုယ်ချင်းစာပါတယ် … ကွာရှင်းဖို့ကိုတော့ ကိုကိုကလုံးဝသဘောမတူဘူးတဲ့ … သူ အဲဒီကောင်မလေးနဲ့ အဆက်အသွယ်ဖြတ်ပါ့မယ်လို့ မမကိုတော့ ကတိပေးတယ် … မမလည်း အိမ်ထောင်ရေးမပြိုကွဲချင်ပါဘူး …”ဆိုတဲ့ အီးမေးလ်လေးဖတ်လိုက်ရတဲ့အချိန်မှာ မမဆီချက်ချင်းဖုန်းခေါ်လိုက်ပြီး အတော်လေးကြာအောင် ကျွန်မတို့ညီအစ်မနှစ်ယောက် ဖုန်းပြောဖြစ်ခဲ့တယ်။

ဒီလိုနဲ့ပဲ နှစ်ပတ်ကျော်လောက် ကျွန်မကျောင်းကိစ္စအတွက် စာတွေနဲ့လုံးပန်းရင်း … ကျွန်မရဲ့အသစ်ထွက်မယ့် ဝတ္ထုလေးအတွက်ရော အလုပ်တွေရှုပ်နေရင်း မမနဲ့အဆက်အသွယ်ပြတ်နေခဲ့ပါတယ် … မမတစ်ယောက် ဘယ်လိုများနေလိမ့်မလည်းဆိုတဲ့ အတွေးလေးကတော့ တွေးမိပေမယ့် တကူးတကဖုန်းမဆက်ခဲ့မိပါဘူး။

နိုင်ငံခြားက တက္ကသိုလ်တစ်ခုရဲ့ ဝင်ခွင့်စာမေးပွဲလေး အောင်မြင်ကြောင်းသိရတဲ့ နေ့မှာပဲ မမဆီက တိုက်တိုက်ဆိုင်ဆိုင် ဖုန်းဆက်လာတယ်။

“ညီမလေးရေ … မမဝမ်းသာစရာသတင်းပြောမလို့…”

“ဘာများလည်း … အသံကတော့ အတော်လေးပျော်ရွှင်မြူးတူးနေတဲ့ အသံနဲ့နော် … သိချင်လှပြီ မြန်မြန်ပြောလေ မမ …”

“ညီမလေး တူလေးလိုချင်လား? တူမလေးလိုချင်လားဟင်?”

“ဟင် ထူးထူးဆန်းဆန်း … ဘာဖြစ်လို့ မေးတာလည်း … မဟုတ်မှလွဲရော မမ တစ်ခုခု … !!!!!!!! ဟုတ်လား ညီမလေးတွေးတာဟုတ်လားဟင် မမ …”

“အင်း … ညီမလေး … ဟုတ်ပ … မမမှာလေ ကိုယ်ဝန်ရှိနေပြီတဲ့ … သိလား? (၃)လကျော်နေပြီတဲ့ … ကိုကိုလည်း သိပ်ကိုပျော်နေတယ် … ပျော်ရွှင်ရတဲ့နေ့ရက်လေးတွေ ရပြီထင်ပါရဲ့ ညီမလေးရယ်”

“Yes!!!! ဒါမှ တို့မမကွ … ပျော်လိုက်တာ မမရယ် … စိတ်ချမ်းသာအောင် နေရမှာနော် … ညီမလေးအတွက် ချစ်စရာတူလေး … တူမလေးတွေ များကြီးမွေးပေးရမှာ … နော် … မမ …”
“အယ် … အများကြီးမွေးခိုင်းရင် ညီမလေးပဲ ထိန်းပေးရမှာနော် …”

“ထိန်းပေးမှာပေါ့ မမရဲ့ … ဒါနဲ့ ညီမလေးလည်း မမကို ပြန်ကြွားလိုက်အုံးမယ် … ညီမလေး မမကိုတစ်ခါပြောဖူးတယ်လေ … နိုင်ငံခြားက တက္ကသိုလ်တစ်ခုမှာ ကျောင်းသွားတက်မယ်ဆိုတာ … အဲဒါမနက်ကပဲ သိရတယ် … ဝင်ခွင့်အောင်တယ်တဲ့ … အဲဒါ ညီမလေးလည်း ကျောင်းသွားတက်ရတော့မယ် …”

“…………………………”

“မမ … ကြားလားလို့ … ဟယ်လို …”

“အင်း ကြားတယ် ညီမလေးရဲ့ … ဝမ်းသာလွန်းလို့ ဘာပြောရမှန်း မသိဖြစ်သွားတာ … Congratulation ညီမလေး … ဒါဆို မမမွေးမယ့်အချိန်ကျ ညီမလေးမရှိဘူးပေါ့နော် … မမကလေ မွေးတဲ့အချိန်ကျရင် ကိုကိုနဲ့ညီမလေးကို အနားမှာရှိစေချင်တာ”

“အော် မမရယ် … ညီမလေးဖြစ်အောင် ပြန်လာမှာပေါ့ … ခုဝင်ခွင့်အောင်တယ်ဆိုပေမယ့် ဟိုမှာ အတန်းတက်ပြီး စာမေးပွဲထပ်ဖြေရအုံးမှာ မမရဲ့ … ပထမနှစ်ဝက်စာမေးပွဲပြီးတာနဲ့ ခဏပြန်လာရမှာ …”

“မျှော်နေမှာနော် ညီမလေး”ဆိုတဲ့ စကားလေးနဲ့အတူ ပျော်ရွှင်သောနေ့ရက်လေးတွေအတွက် အစီအစဉ်လေးတွေပြောပြရင်း မမရဲ့မွေးလာမယ့် ရင်သွေးငယ်လေးအတွက် အနာဂတ်အစီအစဉ်လေးတွေ စိတ်ကူးလေးတွေပြောပြရင်း အတော်လေးကြာအောင် မမနဲ့ကျွန်မတို့ ဖုန်းပြောဖြစ်လိုက်ခြင်းဟာ နောက်ဆုံးပါပဲ။

****************************************************

ကျွန်မတို့ဘယ်လိုမှ ထင်မှတ်မထားတဲ့အဖြစ်အပျက်တွေဟာ လူတိုင်းတွေ့ကြုံရမြဲပါပဲလေ။ ကျွန်မလည်းပြည်ပနိုင်ငံကို ထွက်သွားပြီး (၅)လကျော်လောက် ကျောင်းတက်ရင်း နောက်ထပ်စာမေးပွဲအတွက် လုံးပန်းရပြန်ပါတယ်။ ထိုကာလတွေမှာ မမနဲ့လည်း လုံးဝကိုအဆက်အသွယ်ပြတ်သွားခဲ့တယ်။ Online မှာ တွေ့ဖို့အတွက်ကလည်း နေ့နဲ့ညဆန့်ကျင်ဘက်ဖြစ်နေတဲ့ နိုင်ငံ(၂)ခုပေမို့ အဆက်အသွယ်မရှိခဲ့ပြန်ပါဘူး။ ဖုန်းဆက်ဖို့ကျတော့လည်း Part Time အလုပ်၊ ကျောင်းတက်ချိန်တွေနဲ့ပင်ပန်းပြီး ကျွန်မနေထိုင်ရာအိမ်လေးဆီ ပြန်ရောက်ချိန်မှာ အလွန်ပင်ပန်းနွမ်းနယ်နေပြီမို့ ရေမိုးချိုးပြီး အိပ်ယာဝင်လိုက်တာမို့ အချိန်ပေးပြီး ဖုန်းမဆက်ဖြစ်ခဲ့ဘူးလေ။ 

ဒီလိုနဲ့ စာမေးပွဲတွေလည်း ချောမောစွာဖြေအပြီးမှာတော့ ကျွန်မရဲ့ဖေဖေနဲ့မေမေ့ကိုရော ကျွန်မချစ်သောမမကိုရော အရမ်းကိုသတိရလှပြီမို့ မဆိုင်းမတွပဲအမိမြန်မာနိုင်ငံဆီသို့ ပြန်လာခဲ့ပါတယ်။ ရန်ကုန်ကိုပြန်ရောက်ရောက်ချင်း၊ အိမ်ကိုရောက်ရောက်ချင်းပဲ အထုပ်အပိုးတွေတောင် နေရာမချနိုင်ဘူး ကျွန်မအလွန်ချစ်ရသော မမဆီဖုန်းဆက်လိုက်ပါတယ်။

“ဟယ်လို အမိန့်ရှိပါ ….”

ဖုန်းကိုင်သူက အမျိုးသမီးကြီးတစ်ယောက်။ မမတို့အိမ်မှာ အိမ်အကူတောင်မထားလို့ ကျွန်မဖုန်းဆက်တိုင်း မမသာဖုန်းကိုင်ခဲ့ပေမယ့် ခုတော့စိတ်ထဲထူးဆန်းမှုတစ်မျိုးတော့ ခံစားမိတာအမှန်ပါပဲ။ ဒါပေမယ့် မမမီးဖွားတဲ့ အချိန် အထောက်အကူရအောင် ခေါ်ထားတာနေမှာပါလေဆိုတဲ့ အတွေးလေးနဲ့-

“ဟုတ်ကဲ့ … မချမ်းမြေ့လင်းနဲ့ပြောချင်လို့ပါ”

“ဘယ်သူ … ဘယ်သူနဲ့ပြောချင်တာ”

“မချမ်းမြေ့လင်းပါရှင့်”

“သမီးမေးတာ ချမ်းမြေ့လင်းနော် … ဟုတ်လား … ဒါနဲ့သမီးက ဘယ်သူလည်း မသိဘူး …”

ခက်နေပါပြီ။ စစ်စစ်ပေါက်ပေါက် မေးတော့မယ့်ပုံပါလား? တော်တော်နဲ့ရော ခေါ်ပေးပါ့မလား? မမနဲ့ပြောမှ ဒီအဒေါ်ကြီးက “စသုံးလုံး”ကလားလို့ ရီစရာအဖြစ်ပြောရအုံးမယ်လို့ တွေးပြီး ….

“သမီးက ရန်ကုန်ကပါ … မမရဲ့အသိညီမလေးတစ်ယောက်ပါရှင် … မမရှိလားမသိဘူး”

“ရန်ကုန်ကဆိုတော့ သမီးက ကြည်ဖြူ ဆိုတာများလား?”

“ဟုတ်ပါတယ် … သမီး ကြည်ဖြူပါ အန်တီ”

“အမယ်လေး … သမီးရယ် … ချမ်းမြေ့လေးက သမီးကိုမျှော်နေခဲ့တာပါကွယ်”

ငိုသံပေါက်လာတဲ့ အသံနဲ့ ကျွန်မကိုပြောလိုက်ချိန်မှာတော့ ရင်ထဲမှာလှိုက်ခနဲ့ ဝမ်းနည်းသွားတယ်။ ကျွန်မချစ်သော မမ သူမွေးဖွားကာနီး ကျွန်မကိုမျှော်နေခဲ့တာပါလားကွယ်လို့ တွေးပြီး မျက်ရည်ဝဲသွားရပါတယ်။ ကျွန်မအတွေးလေးနဲ့ဝမ်းနည်းနေခိုက် တစ်ဖက်ကအန်တီပြောလိုက်တဲ့ စကားတွေကြားပြီး ကျွန်မဘယ်လိုမှ ဖြေမဆည်နိုင်အောင် ရှိုက်ကြီးတငင်ငိုမိပါတော့တယ်။

“အန်တီက ချမ်းမြေ့လင်းအဒေါ်ပါကွယ် … သမီးကို ဘယ်ကစပြောရမှန်းမသိတော့ဘူး … သမီးစိတ်သာခိုင်ခိုင်ထားနော် … သမီးမမ ချမ်းမြေ့လင်း ဆုံးသွားတာ (၃)လလောက်တောင် ရှိနေပါပြီကွယ်…”

“ရှင် … မမချမ်းမြေ့က ဆုံးသွားပြီ ဟုတ်လား? သမီးနားကြားမှားတာတော့မဟုတ်ပါဘူးနော်… တစ်ကယ်ကြီးလားဟင်? မမချမ်းမြေ့လင်းနော် အန်တီ… ကိုသူရိန်ရဲ့အမျိုးသမီးကို ပြောတာနော်…”

“ဟုတ်ပါတယ်ကွယ် … မောင်သူရိန်ရဲ့အမျိုးသမီး ချမ်းမြေ့လင်းပါ … အန်တီတူမလေး ချမ်းမြေ့လင်းပါ…”

“ဘယ်လိုကနေ ဘယ်လိုတွေဖြစ်ကုန်တာလည်း အန်တီရယ် … သမီးကိုပြောပြပါအုံး …”

တစ်ဖက်ကပြောပြနေတဲ့ အန်တီ့ရဲ့စကားသံတွေအဆုံးမှာတော့ ကျွန်မရင်ထဲတစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရသလိုမျိုးခံစားလိုက်ရပါတယ်။ ဇာတ်ကြောင်းကုန်စင်သိရပြီးနောက်မှာတော့ “ဖြစ်ရလေ မမရယ်”ဆိုတဲ့ အတွေးနဲ့ ကျွန်မမျက်ရည်တွေ ဘယ်လိုမှထိန်းမရနိုင်အောင် ကျဆင်းလို့ ကမ္ဘာလောကကြီးနဲ့အဆက်အသွယ်ပြတ်သွားခဲ့တော့တယ်။

****************************************************

ကျွန်မသတိရလာတော့ ကုတင်ဘေးမှာ စိတ်ပူစွာနဲ့ ထိုင်ကြည့်နေတဲ့ ကျွန်မရဲ့မေမေ ….။

“မေမေ … မမလေ မမ ….”ဆိုပြီး စကားဆက်မပြောနိုင်လောက်အောင် ကျွန်မရင်ထဲဝမ်းနည်း ဆို့တစ်နေပါတယ်။ မေမေ့ကိုဖက်လို့ ရှိုက်ကြီးတငင်နဲ့အားပါးတရငိုကြွေးပစ်လိုက်မိတယ်။

ကျွန်မပြည်ပနိုင်ငံရောက်နေတုန်း မမအမျိုးသားက ဟိုအမျိုးသမီးငယ်လေးနဲ့ ဇာတ်လမ်းဆက်မြဲပါပဲ။ တောင်ပေါ်မြို့လေးဆီကိုတောင် ထိုအမျိုးသမီးရောက်လာခဲ့ပြီး မမအမျိုးသားနဲ့တွေ့ဆုံကြတယ်။ ကိုယ်ဝန်ကြီးနဲ့ မမတစ်ယောက် ဘယ်လောက်များစိတ်ဆင်းရဲနေခဲ့မလဲ။ ဖွင့်ဟတိုင်ပင်စရာ ကျွန်မနဲ့ကလည်း အဆက်အသွယ်ပြတ်နေခဲ့တာ။ တောင်ပေါ်မြို့လေးဆီမှာ မမအမျိုးသားနဲ့ထိုအမျိုးသမီးတို့ ပေါ်ပေါ်ထင်ထင် တွဲသွားတွဲလာလုပ်ဖန်များလာတာကို ပတ်ဝန်းကျင်ကတွေ့လာ မြင်လာရတော့ မမကိုပြန်ပြောကြ။ ဖိအားတွေပေးကြနဲ့ နောက်ဆုံးမမအမျိုးသားနဲ့ မမတို့ အကြီးအကျယ်စကားများကြရင်းကနေ ကွဲကြကွာကြဖြစ်ခဲ့ပြီး စိတ်ဆင်းရဲခြင်းနေ့ရက်တွေအလယ်မှာ ကိုယ်ဝန်လွယ်ထားရတဲ့ မမတစ်ယောက်တည်း ဘယ်လောက်တောင်များ ကြိတ်ခံစားနေခဲ့ရမလဲ။

မမရဲ့ဖေဖေကလည်း သမီးရဲ့အိမ်ထောင်ရေးအဆင်မပြေမှုကြောင့် “သူတို့တွေမကောင်းလို့ သမီးလေး ဒီလိုဖြစ်ရတာ”ဆိုတဲ့ စိတ်နဲ့ပဲ ကွယ်လွန်သွားခဲ့ပါတယ်။ မမရဲ့မိခင်နဲ့မမရဲ့အဒေါ်ဖြစ်သူတို့က မမအနားမှာလိုလေသေးမရှိအောင်၊ စိတ်ချမ်းသာအောင် ထားခဲ့ကြပေမယ့် မမတစ်ယောက်တိတ်တဆိတ် ငိုကြွေးခြင်းတွေနဲ့ပဲ ကျန်းမာရေးချို့ယွင်းပြီး တဖြည်းဖြည်းပိန်လာခဲ့ပါတယ်တဲ့။

ဒီလိုနဲ့မမရဲ့ကိုယ်ဝန် (၇)လဝန်းကျင်တစ်နေ့မှာတော့ ဗိုက်အတော်လေးနာလာပြီး သွေးတွေလည်း အများကြီးဆင်းနေတာမို့ မြို့နယ်ဆေးရုံကို ပို့လိုက်ကြတယ်။ လမစေ့ဘဲ မွေးကြတော့မယ်အထင်နဲ့ပေါ့။ ဆေးရုံရောက်တော့ သွေးတွေတအားဆင်းနေပုံအရ စိုးရိမ်ရတယ်၊ ခွဲခန်းဝင်ရလိမ့်မယ်ဆိုတဲ့ ဆရာဝန်ပေါက်စလေးတွေရဲ့ မှတ်ချက်နဲ့ လိုအပ်တာတွေ ဆောင်ရွက်ရတော့တယ်။  မွေးဖွားပေးမယ့် သားဖွားမီးယပ်ဆရာဝန်မက ခွဲခန်းဝင်နေတာမို့ သူနာပြုမလေးတွေရဲ့ညွှန်ကြားချက်နဲ့ လိုအပ်တာတွေဝယ်ပေးကာ ဗိုက်နာတာကို မခံမရပ်နိုင်ဖြစ်နေတဲ့ မမအတွက်ဘုရားစာရွတ်ဆုတောင်းခြင်းတွေနဲ့ စောင့်စားနေကြပါတယ်။ ခွဲစိပ်ခန်းက လူနာတစ်ယောက်ထွက်လာချိန်မှာတော့ မမကိုချက်ချင်းခွဲခန်းမဝင်စေသေးဘဲ ထိုသားဖွားမီးယပ်ဆရာဝန်မက အချိန်ဆွဲနေပြန်ပါတယ်။

မမရဲ့နာကျင်ခံစားနေရမှုကိုသာ အာရုံရောက်နေတဲ့ မမရဲ့မေမေနဲ့ အဒေါ်တို့က ဆရာဝန်မကို ငွေကြေးပေးကမ်းရတယ်ဆိုတာ သတိမထားမိဘဲ ခွဲခန်းအမြန်ဝင်ပြီး မမနဲ့ မမရင်သွေးလေးတို့ အန္တရာယ်ကင်းဖို့သာ မျှော်လင့်စွာစိတ်ပူနေခဲ့ကြတယ်။ တော်တော်လေးကြာလို့ ခွဲခန်းမဝင်ရသေးတာနဲ့ မေးကြည့်တော့ ဆရာဝန်မက ပင်ပန်းလို့ပြန်သွားပြီ။ နက်ဖြန်မှပဲ ခွဲတော့မယ်တဲ့။

“အို… ဖြစ်မှဖြစ်ရလေ မမရယ်...”။ လူ့အသက်တစ်ချောင်းက အရေးကြီးနေတာ။ ခုဆို အသက်(၂)ချောင်းက အရေးကြီးနေတာကို အဲဒီဆရာဝန်မက အဲဒီလိုလုပ်လို့ရခဲ့ရိုးလားရှင်။ ကံဆိုးလိုက်တဲ့ မမရယ်။ ဒါနဲ့ပဲ ဆိုးဝါးစွာနာကျင်နေတဲ့ မမရဲ့နာကျင်မှုကို မမြင်ရက်တဲ့ ဆရာဝန်ပေါက်စအချို့က ကူညီဖေးမလို့ ခွဲပေးဖို့ ကြိုးစားနေတုန်းမှာပဲ မမတစ်ယောက် သူ့ရဲ့ဆိုးဝါးလှတဲ့ လောကဓံကို ကျောခိုင်းလို့၊ သူမချစ်သော သူတွေ၊ သူမကိုချစ်သောသူတွေကို ကျောခိုင်းလို့ အေးငြိမ်းတဲ့နေရာလေးဆီကို တစ်သက်လုံးထွက်ခွာဖို့ ထာဝရအိပ်စက်သွားပါတော့တယ်။ ဗိုက်နာနေရင်းကနေ နောက်ဆုံးအချိန်အထိ အသံသဲ့သဲ့နဲ့ ကျွန်မနာမည်ကို ရေရွတ်ကာတောင့်တနေခဲ့တာပါတဲ့။

မမသေဆုံးအပြီးမှာ ထွက်လာတဲ့ဆေးစစ်ချက်အဖြေကတော့ မမမျှော်လင့်ထားသော မမရဲ့ရင်သွေးငယ်လေးဟာ မိခင်ဝမ်းဗိုက်ထဲမှာ သေဆုံးနေခဲ့တာ အတော်လေးကြာနေခဲ့ပြီး ပုပ်တောင်နေပါပြီတဲ့ကွယ်။ အချိန်မီမသိခဲ့တာက တစ်ကြောင်း၊ သိခဲ့တဲ့အချိန်ကလည်း အလွန်နောက်ကျသွားခဲ့ပြီး ချက်ချင်းခွဲစိပ်ပြီး သားအိမ်ကိုမသန့်ရှင်းပေးနိုင်ခဲ့လို့ ခုလိုမိခင်အသက်ပါ ဆုံးရှုံးခဲ့ခြင်းပါတဲ့ရှင်။

ကျွန်မချစ်ရသော မမချမ်းမြေ့လင်းရဲ့ဘဝအကြောင်းလေး မလှခဲ့ပါလားကွယ်။ ကျွန်မဘယ်လိုဖြေဆည်ရမလည်း။ ကံကြမ္မာက အဲဒီလောက်တောင် မမကိုမျက်နှာသာမပေးခဲ့ပါလား။ တစ်ကယ်ဆို အိမ်ထောင်ရေးကံမကောင်းပေမယ့် ချစ်စရာ့ရင်သွေးလေးနဲ့ ပျော်ရွှင်စွာနေထိုင်နေရမှာလေ။

 “မုန်တိုင်းပြီးလျှင် လေပြေလာတယ်”ဆိုပေမယ့်လည်း မုန်တိုင်းတိုက်ခတ်ချိန် အတောအတွင်းလေးမှာပဲ မမကိုသေမင်းက ဆွဲခေါ်သွားခဲ့ပါတယ်။ ပြည်ပနိုင်ငံကနေ အမိမြေကို ပြန်ရောက်ရောက်ချင်း မမရဲ့သတင်းဆိုးကို ကြားလိုက်ရပြီး တစ်ပတ်လောက်စိတ်မကောင်းခြင်းတွေနဲ့ နေမကောင်းဖြစ်ကာ အိပ်ယာထက်မှာလဲနေခဲ့ပြီး ပြန်လည်ကျန်းမာလာချိန်မှာတော့ တောင်ပေါ်မြို့လေးဆီက မမရဲ့ရုပ်အလောင်းလေး မြေမြှုပ်ထားရာ အုတ်ဂူလေးဆီကို တစ်ခေါက်ရောက်ဖြစ်ခဲ့ပါတယ်။

အခုတစ်ခေါက်မှာတော့ မမအမျိုးသားဆိုသူ မမသေဆုံးပြီး တစ်နှစ်မပြည့်ခင်အချိန်လေးမှာပဲ မင်္ဂလာဆောင်တော့မယ်ဆိုတဲ့ သတင်းလေးကြားပြီး တောင်ပေါ်မြို့လေးဆီ နောက်ထပ်တစ်ခေါက် ထပ်ရောက်ဖြစ်ခဲ့ပြန်ပါတယ်။ 

မမအမျိုးသားဆိုသူရဲ့ မင်္ဂလာဆောင်လေးဆီသို့ ကျွန်မသွားဖြစ်အုံးမှာပါ။ စိတ်သဘောထားဖြူစင်ပြီး ချစ်စရာကောင်းသော မမချမ်းမြေ့လင်းကို စိတ်ဆင်းရဲခြင်းတွေပေးပြီး ရင်သွေးငယ်လေးရော မမကိုပါ တမလွန်ဘဝဆီသို့ ရောက်အောင်ပို့ဆောင်ပေးခဲ့တဲ့ ယောကျ်ားတစ်ယောက် ဘယ်လိုအပြုံးမျက်နှာတွေနဲ့ ရှေ့ဆက်မှာလည်းဆိုတာကို သိချင်မှုအပြည့်နဲ့ပေါ့လေ……။

အုတ်ဂူဖြူဖြူလေးထက်မှာတော့ “ချမ်းမြေ့လင်း … အသက် (၃၄)နှစ် … ၁၈.၉.၂၀၁၁ ခုနှစ်တွင်ကွယ်လွန်သည်…”တဲ့ …။

ဒီဇာတ်လမ်းမှာ ဘယ်သူကအပြစ်ရှိခဲ့သူလည်း။ မမကိုယ်တိုင်လား? မမအမျိုးသားလား? မမအမျိုးသားနဲ့ချစ်ကြိုက်နေတဲ့ အမျိုးသမီးလား? အန္တရာယ်ဖြစ်နေတဲ့လူနာတစ်ယောက်ကို ချက်ချင်းခွဲစိပ်မကုသပေးတဲ့ သားဖွားမီးယပ်ဆရာဝန်မလား? ဘာပဲဖြစ်ဖြစ် ကျွန်မကိုယ်တိုင်တောင် အပြစ်ရှိသူတစ်ယောက်လို ခံစားရတာတော့ အမှန်ပါပဲ။ တစ်ကယ်ဆို မမနဲ့အဆက်အသွယ်မပြတ်နေခဲ့သင့်တာ။ ကျွန်မနောင်တရလို့မဆုံးပါဘူး။

ဘယ်လိုပဲ တွေးတွေးပါ မမရယ် …“နောက်ဘဝဆက်တိုင်း ဆက်တိုင်း ဒီဘဝလိုအဖြစ်မျိုး မကြုံမဆုံရပါစေနဲ့ … ဘဝဆက်တိုင်းမှာလည်း မမနဲ့ဆုံစည်းပြီး မမချစ်သော ညီမလေးအဖြစ် ဆုံစည်းခွင့်ရပါစေ”လို့ မမရဲ့အငွေ့အသက်တွေရှိရာ တောင်ပေါ်မြို့လေးဆီက မမရဲ့အုတ်ဂူဖြူဖြူလေးဘေးမှာ မျက်ရည်များနဲ့ ဆုတောင်းနေမိပါတော့တယ်။



မိုးညချမ်း
1.3.2013(1:50 p.m)

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...