Saturday, March 2, 2013
ကြွေလွင့် ကြေမွခဲ့လေသော နိဂုံး (ဇာတ်သိမ်း)
ဇာတ်လမ်းအစလေးကို စဖတ်ချင်တယ်ဆိုရင်တော့ အပိုင်း(၁) ကိုဝင်လိုက်နော် ...
(အပိုင်း-၂) လေးကိုဖတ်ချင်ရင် ဒီ Link ကို နှိပ်နော် ...
ကျွန်မအတော်လေးစဉ်းစားရကြပ်နေသော်လည်း ဘယ်ကဘယ်လိုကြားလာမှန်းမသိတဲ့ “ညီမလေးရေ … ရန်ကုန်က မမအသိတစ်ယောက်က ဖုန်းဆက်တယ် … ကိုကိုနဲ့ကောင်မလေးတစ်ယောက်ကို Plaza တစ်ခုမှာ တွေ့လိုက်တယ်တဲ့ …”ဆိုတဲ့ သတင်းအချို့နဲ့အတူ မမတစ်ယောက်စိတ်ဆင်းရဲရပြန်ပါရော။ မမအတွက်လည်း တစ်ဖက်ကစိတ်ပူရင်း နိုင်ငံခြားတက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက်လည်း သင်တန်းတွေနဲ့အလုပ်ရှုပ်ရင်း တစ်ရက်မှာတော့-
“ညီမလေးရေ … ကိုကိုပြန်ရောက်လာတယ် … မမတို့ပွင့်ပွင့်လင်းလင်းစကားပြောဖြစ်ကြတယ် … မမဘက်က ကွဲပေးပါ့မယ်လို့ ပြောတော့လည်း ကိုကိုက လက်မခံဘူး … သူတစ်ကယ်ချစ်တာ မမပါ … အဲဒီကောင်မလေးက အကြောင်းကိစ္စတစ်ခုကြောင့် နီးစပ်ရင်းသံယောဇဉ်ဖြစ်ကြတာပါတဲ့ … ဒါပေမယ့် ဘယ်ကောင်းမလည်း ညီမလေးရယ် … မမ မိန်းကလေးချင်းကိုယ်ချင်းစာပါတယ် … ကွာရှင်းဖို့ကိုတော့ ကိုကိုကလုံးဝသဘောမတူဘူးတဲ့ … သူ အဲဒီကောင်မလေးနဲ့ အဆက်အသွယ်ဖြတ်ပါ့မယ်လို့ မမကိုတော့ ကတိပေးတယ် … မမလည်း အိမ်ထောင်ရေးမပြိုကွဲချင်ပါဘူး …”ဆိုတဲ့ အီးမေးလ်လေးဖတ်လိုက်ရတဲ့အချိန်မှာ မမဆီချက်ချင်းဖုန်းခေါ်လိုက်ပြီး အတော်လေးကြာအောင် ကျွန်မတို့ညီအစ်မနှစ်ယောက် ဖုန်းပြောဖြစ်ခဲ့တယ်။
ဒီလိုနဲ့ပဲ နှစ်ပတ်ကျော်လောက် ကျွန်မကျောင်းကိစ္စအတွက် စာတွေနဲ့လုံးပန်းရင်း … ကျွန်မရဲ့အသစ်ထွက်မယ့် ဝတ္ထုလေးအတွက်ရော အလုပ်တွေရှုပ်နေရင်း မမနဲ့အဆက်အသွယ်ပြတ်နေခဲ့ပါတယ် … မမတစ်ယောက် ဘယ်လိုများနေလိမ့်မလည်းဆိုတဲ့ အတွေးလေးကတော့ တွေးမိပေမယ့် တကူးတကဖုန်းမဆက်ခဲ့မိပါဘူး။
နိုင်ငံခြားက တက္ကသိုလ်တစ်ခုရဲ့ ဝင်ခွင့်စာမေးပွဲလေး အောင်မြင်ကြောင်းသိရတဲ့ နေ့မှာပဲ မမဆီက တိုက်တိုက်ဆိုင်ဆိုင် ဖုန်းဆက်လာတယ်။
“ညီမလေးရေ … မမဝမ်းသာစရာသတင်းပြောမလို့…”
“ဘာများလည်း … အသံကတော့ အတော်လေးပျော်ရွှင်မြူးတူးနေတဲ့ အသံနဲ့နော် … သိချင်လှပြီ မြန်မြန်ပြောလေ မမ …”
“ညီမလေး တူလေးလိုချင်လား? တူမလေးလိုချင်လားဟင်?”
“ဟင် ထူးထူးဆန်းဆန်း … ဘာဖြစ်လို့ မေးတာလည်း … မဟုတ်မှလွဲရော မမ တစ်ခုခု … !!!!!!!! ဟုတ်လား ညီမလေးတွေးတာဟုတ်လားဟင် မမ …”
“အင်း … ညီမလေး … ဟုတ်ပ … မမမှာလေ ကိုယ်ဝန်ရှိနေပြီတဲ့ … သိလား? (၃)လကျော်နေပြီတဲ့ … ကိုကိုလည်း သိပ်ကိုပျော်နေတယ် … ပျော်ရွှင်ရတဲ့နေ့ရက်လေးတွေ ရပြီထင်ပါရဲ့ ညီမလေးရယ်”
“Yes!!!! ဒါမှ တို့မမကွ … ပျော်လိုက်တာ မမရယ် … စိတ်ချမ်းသာအောင် နေရမှာနော် … ညီမလေးအတွက် ချစ်စရာတူလေး … တူမလေးတွေ များကြီးမွေးပေးရမှာ … နော် … မမ …”
“အယ် … အများကြီးမွေးခိုင်းရင် ညီမလေးပဲ ထိန်းပေးရမှာနော် …”
“ထိန်းပေးမှာပေါ့ မမရဲ့ … ဒါနဲ့ ညီမလေးလည်း မမကို ပြန်ကြွားလိုက်အုံးမယ် … ညီမလေး မမကိုတစ်ခါပြောဖူးတယ်လေ … နိုင်ငံခြားက တက္ကသိုလ်တစ်ခုမှာ ကျောင်းသွားတက်မယ်ဆိုတာ … အဲဒါမနက်ကပဲ သိရတယ် … ဝင်ခွင့်အောင်တယ်တဲ့ … အဲဒါ ညီမလေးလည်း ကျောင်းသွားတက်ရတော့မယ် …”
“…………………………”
“မမ … ကြားလားလို့ … ဟယ်လို …”
“အင်း ကြားတယ် ညီမလေးရဲ့ … ဝမ်းသာလွန်းလို့ ဘာပြောရမှန်း မသိဖြစ်သွားတာ … Congratulation ညီမလေး … ဒါဆို မမမွေးမယ့်အချိန်ကျ ညီမလေးမရှိဘူးပေါ့နော် … မမကလေ မွေးတဲ့အချိန်ကျရင် ကိုကိုနဲ့ညီမလေးကို အနားမှာရှိစေချင်တာ”
“အော် မမရယ် … ညီမလေးဖြစ်အောင် ပြန်လာမှာပေါ့ … ခုဝင်ခွင့်အောင်တယ်ဆိုပေမယ့် ဟိုမှာ အတန်းတက်ပြီး စာမေးပွဲထပ်ဖြေရအုံးမှာ မမရဲ့ … ပထမနှစ်ဝက်စာမေးပွဲပြီးတာနဲ့ ခဏပြန်လာရမှာ …”
“မျှော်နေမှာနော် ညီမလေး”ဆိုတဲ့ စကားလေးနဲ့အတူ ပျော်ရွှင်သောနေ့ရက်လေးတွေအတွက် အစီအစဉ်လေးတွေပြောပြရင်း မမရဲ့မွေးလာမယ့် ရင်သွေးငယ်လေးအတွက် အနာဂတ်အစီအစဉ်လေးတွေ စိတ်ကူးလေးတွေပြောပြရင်း အတော်လေးကြာအောင် မမနဲ့ကျွန်မတို့ ဖုန်းပြောဖြစ်လိုက်ခြင်းဟာ နောက်ဆုံးပါပဲ။
****************************************************
ကျွန်မတို့ဘယ်လိုမှ ထင်မှတ်မထားတဲ့အဖြစ်အပျက်တွေဟာ လူတိုင်းတွေ့ကြုံရမြဲပါပဲလေ။ ကျွန်မလည်းပြည်ပနိုင်ငံကို ထွက်သွားပြီး (၅)လကျော်လောက် ကျောင်းတက်ရင်း နောက်ထပ်စာမေးပွဲအတွက် လုံးပန်းရပြန်ပါတယ်။ ထိုကာလတွေမှာ မမနဲ့လည်း လုံးဝကိုအဆက်အသွယ်ပြတ်သွားခဲ့တယ်။ Online မှာ တွေ့ဖို့အတွက်ကလည်း နေ့နဲ့ညဆန့်ကျင်ဘက်ဖြစ်နေတဲ့ နိုင်ငံ(၂)ခုပေမို့ အဆက်အသွယ်မရှိခဲ့ပြန်ပါဘူး။ ဖုန်းဆက်ဖို့ကျတော့လည်း Part Time အလုပ်၊ ကျောင်းတက်ချိန်တွေနဲ့ပင်ပန်းပြီး ကျွန်မနေထိုင်ရာအိမ်လေးဆီ ပြန်ရောက်ချိန်မှာ အလွန်ပင်ပန်းနွမ်းနယ်နေပြီမို့ ရေမိုးချိုးပြီး အိပ်ယာဝင်လိုက်တာမို့ အချိန်ပေးပြီး ဖုန်းမဆက်ဖြစ်ခဲ့ဘူးလေ။ 
ဒီလိုနဲ့ စာမေးပွဲတွေလည်း ချောမောစွာဖြေအပြီးမှာတော့ ကျွန်မရဲ့ဖေဖေနဲ့မေမေ့ကိုရော ကျွန်မချစ်သောမမကိုရော အရမ်းကိုသတိရလှပြီမို့ မဆိုင်းမတွပဲအမိမြန်မာနိုင်ငံဆီသို့ ပြန်လာခဲ့ပါတယ်။ ရန်ကုန်ကိုပြန်ရောက်ရောက်ချင်း၊ အိမ်ကိုရောက်ရောက်ချင်းပဲ အထုပ်အပိုးတွေတောင် နေရာမချနိုင်ဘူး ကျွန်မအလွန်ချစ်ရသော မမဆီဖုန်းဆက်လိုက်ပါတယ်။
“ဟယ်လို အမိန့်ရှိပါ ….”
ဖုန်းကိုင်သူက အမျိုးသမီးကြီးတစ်ယောက်။ မမတို့အိမ်မှာ အိမ်အကူတောင်မထားလို့ ကျွန်မဖုန်းဆက်တိုင်း မမသာဖုန်းကိုင်ခဲ့ပေမယ့် ခုတော့စိတ်ထဲထူးဆန်းမှုတစ်မျိုးတော့ ခံစားမိတာအမှန်ပါပဲ။ ဒါပေမယ့် မမမီးဖွားတဲ့ အချိန် အထောက်အကူရအောင် ခေါ်ထားတာနေမှာပါလေဆိုတဲ့ အတွေးလေးနဲ့-
“ဟုတ်ကဲ့ … မချမ်းမြေ့လင်းနဲ့ပြောချင်လို့ပါ”
“ဘယ်သူ … ဘယ်သူနဲ့ပြောချင်တာ”
“မချမ်းမြေ့လင်းပါရှင့်”
“သမီးမေးတာ ချမ်းမြေ့လင်းနော် … ဟုတ်လား … ဒါနဲ့သမီးက ဘယ်သူလည်း မသိဘူး …”
ခက်နေပါပြီ။ စစ်စစ်ပေါက်ပေါက် မေးတော့မယ့်ပုံပါလား? တော်တော်နဲ့ရော ခေါ်ပေးပါ့မလား? မမနဲ့ပြောမှ ဒီအဒေါ်ကြီးက “စသုံးလုံး”ကလားလို့ ရီစရာအဖြစ်ပြောရအုံးမယ်လို့ တွေးပြီး ….
“သမီးက ရန်ကုန်ကပါ … မမရဲ့အသိညီမလေးတစ်ယောက်ပါရှင် … မမရှိလားမသိဘူး”
“ရန်ကုန်ကဆိုတော့ သမီးက ကြည်ဖြူ ဆိုတာများလား?”
“ဟုတ်ပါတယ် … သမီး ကြည်ဖြူပါ အန်တီ”
“အမယ်လေး … သမီးရယ် … ချမ်းမြေ့လေးက သမီးကိုမျှော်နေခဲ့တာပါကွယ်”
ငိုသံပေါက်လာတဲ့ အသံနဲ့ ကျွန်မကိုပြောလိုက်ချိန်မှာတော့ ရင်ထဲမှာလှိုက်ခနဲ့ ဝမ်းနည်းသွားတယ်။ ကျွန်မချစ်သော မမ သူမွေးဖွားကာနီး ကျွန်မကိုမျှော်နေခဲ့တာပါလားကွယ်လို့ တွေးပြီး မျက်ရည်ဝဲသွားရပါတယ်။ ကျွန်မအတွေးလေးနဲ့ဝမ်းနည်းနေခိုက် တစ်ဖက်ကအန်တီပြောလိုက်တဲ့ စကားတွေကြားပြီး ကျွန်မဘယ်လိုမှ ဖြေမဆည်နိုင်အောင် ရှိုက်ကြီးတငင်ငိုမိပါတော့တယ်။
“အန်တီက ချမ်းမြေ့လင်းအဒေါ်ပါကွယ် … သမီးကို ဘယ်ကစပြောရမှန်းမသိတော့ဘူး … သမီးစိတ်သာခိုင်ခိုင်ထားနော် … သမီးမမ ချမ်းမြေ့လင်း ဆုံးသွားတာ (၃)လလောက်တောင် ရှိနေပါပြီကွယ်…”
“ရှင် … မမချမ်းမြေ့က ဆုံးသွားပြီ ဟုတ်လား? သမီးနားကြားမှားတာတော့မဟုတ်ပါဘူးနော်… တစ်ကယ်ကြီးလားဟင်? မမချမ်းမြေ့လင်းနော် အန်တီ… ကိုသူရိန်ရဲ့အမျိုးသမီးကို ပြောတာနော်…”
“ဟုတ်ပါတယ်ကွယ် … မောင်သူရိန်ရဲ့အမျိုးသမီး ချမ်းမြေ့လင်းပါ … အန်တီတူမလေး ချမ်းမြေ့လင်းပါ…”
“ဘယ်လိုကနေ ဘယ်လိုတွေဖြစ်ကုန်တာလည်း အန်တီရယ် … သမီးကိုပြောပြပါအုံး …”
တစ်ဖက်ကပြောပြနေတဲ့ အန်တီ့ရဲ့စကားသံတွေအဆုံးမှာတော့ ကျွန်မရင်ထဲတစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရသလိုမျိုးခံစားလိုက်ရပါတယ်။ ဇာတ်ကြောင်းကုန်စင်သိရပြီးနောက်မှာတော့ “ဖြစ်ရလေ မမရယ်”ဆိုတဲ့ အတွေးနဲ့ ကျွန်မမျက်ရည်တွေ ဘယ်လိုမှထိန်းမရနိုင်အောင် ကျဆင်းလို့ ကမ္ဘာလောကကြီးနဲ့အဆက်အသွယ်ပြတ်သွားခဲ့တော့တယ်။
****************************************************
ကျွန်မသတိရလာတော့ ကုတင်ဘေးမှာ စိတ်ပူစွာနဲ့ ထိုင်ကြည့်နေတဲ့ ကျွန်မရဲ့မေမေ ….။
“မေမေ … မမလေ မမ ….”ဆိုပြီး စကားဆက်မပြောနိုင်လောက်အောင် ကျွန်မရင်ထဲဝမ်းနည်း ဆို့တစ်နေပါတယ်။ မေမေ့ကိုဖက်လို့ ရှိုက်ကြီးတငင်နဲ့အားပါးတရငိုကြွေးပစ်လိုက်မိတယ်။
ကျွန်မပြည်ပနိုင်ငံရောက်နေတုန်း မမအမျိုးသားက ဟိုအမျိုးသမီးငယ်လေးနဲ့ ဇာတ်လမ်းဆက်မြဲပါပဲ။ တောင်ပေါ်မြို့လေးဆီကိုတောင် ထိုအမျိုးသမီးရောက်လာခဲ့ပြီး မမအမျိုးသားနဲ့တွေ့ဆုံကြတယ်။ ကိုယ်ဝန်ကြီးနဲ့ မမတစ်ယောက် ဘယ်လောက်များစိတ်ဆင်းရဲနေခဲ့မလဲ။ ဖွင့်ဟတိုင်ပင်စရာ ကျွန်မနဲ့ကလည်း အဆက်အသွယ်ပြတ်နေခဲ့တာ။ တောင်ပေါ်မြို့လေးဆီမှာ မမအမျိုးသားနဲ့ထိုအမျိုးသမီးတို့ ပေါ်ပေါ်ထင်ထင် တွဲသွားတွဲလာလုပ်ဖန်များလာတာကို ပတ်ဝန်းကျင်ကတွေ့လာ မြင်လာရတော့ မမကိုပြန်ပြောကြ။ ဖိအားတွေပေးကြနဲ့ နောက်ဆုံးမမအမျိုးသားနဲ့ မမတို့ အကြီးအကျယ်စကားများကြရင်းကနေ ကွဲကြကွာကြဖြစ်ခဲ့ပြီး စိတ်ဆင်းရဲခြင်းနေ့ရက်တွေအလယ်မှာ ကိုယ်ဝန်လွယ်ထားရတဲ့ မမတစ်ယောက်တည်း ဘယ်လောက်တောင်များ ကြိတ်ခံစားနေခဲ့ရမလဲ။
မမရဲ့ဖေဖေကလည်း သမီးရဲ့အိမ်ထောင်ရေးအဆင်မပြေမှုကြောင့် “သူတို့တွေမကောင်းလို့ သမီးလေး ဒီလိုဖြစ်ရတာ”ဆိုတဲ့ စိတ်နဲ့ပဲ ကွယ်လွန်သွားခဲ့ပါတယ်။ မမရဲ့မိခင်နဲ့မမရဲ့အဒေါ်ဖြစ်သူတို့က မမအနားမှာလိုလေသေးမရှိအောင်၊ စိတ်ချမ်းသာအောင် ထားခဲ့ကြပေမယ့် မမတစ်ယောက်တိတ်တဆိတ် ငိုကြွေးခြင်းတွေနဲ့ပဲ ကျန်းမာရေးချို့ယွင်းပြီး တဖြည်းဖြည်းပိန်လာခဲ့ပါတယ်တဲ့။
ဒီလိုနဲ့မမရဲ့ကိုယ်ဝန် (၇)လဝန်းကျင်တစ်နေ့မှာတော့ ဗိုက်အတော်လေးနာလာပြီး သွေးတွေလည်း အများကြီးဆင်းနေတာမို့ မြို့နယ်ဆေးရုံကို ပို့လိုက်ကြတယ်။ လမစေ့ဘဲ မွေးကြတော့မယ်အထင်နဲ့ပေါ့။ ဆေးရုံရောက်တော့ သွေးတွေတအားဆင်းနေပုံအရ စိုးရိမ်ရတယ်၊ ခွဲခန်းဝင်ရလိမ့်မယ်ဆိုတဲ့ ဆရာဝန်ပေါက်စလေးတွေရဲ့ မှတ်ချက်နဲ့ လိုအပ်တာတွေ ဆောင်ရွက်ရတော့တယ်။  မွေးဖွားပေးမယ့် သားဖွားမီးယပ်ဆရာဝန်မက ခွဲခန်းဝင်နေတာမို့ သူနာပြုမလေးတွေရဲ့ညွှန်ကြားချက်နဲ့ လိုအပ်တာတွေဝယ်ပေးကာ ဗိုက်နာတာကို မခံမရပ်နိုင်ဖြစ်နေတဲ့ မမအတွက်ဘုရားစာရွတ်ဆုတောင်းခြင်းတွေနဲ့ စောင့်စားနေကြပါတယ်။ ခွဲစိပ်ခန်းက လူနာတစ်ယောက်ထွက်လာချိန်မှာတော့ မမကိုချက်ချင်းခွဲခန်းမဝင်စေသေးဘဲ ထိုသားဖွားမီးယပ်ဆရာဝန်မက အချိန်ဆွဲနေပြန်ပါတယ်။
မမရဲ့နာကျင်ခံစားနေရမှုကိုသာ အာရုံရောက်နေတဲ့ မမရဲ့မေမေနဲ့ အဒေါ်တို့က ဆရာဝန်မကို ငွေကြေးပေးကမ်းရတယ်ဆိုတာ သတိမထားမိဘဲ ခွဲခန်းအမြန်ဝင်ပြီး မမနဲ့ မမရင်သွေးလေးတို့ အန္တရာယ်ကင်းဖို့သာ မျှော်လင့်စွာစိတ်ပူနေခဲ့ကြတယ်။ တော်တော်လေးကြာလို့ ခွဲခန်းမဝင်ရသေးတာနဲ့ မေးကြည့်တော့ ဆရာဝန်မက ပင်ပန်းလို့ပြန်သွားပြီ။ နက်ဖြန်မှပဲ ခွဲတော့မယ်တဲ့။
“အို… ဖြစ်မှဖြစ်ရလေ မမရယ်...”။ လူ့အသက်တစ်ချောင်းက အရေးကြီးနေတာ။ ခုဆို အသက်(၂)ချောင်းက အရေးကြီးနေတာကို အဲဒီဆရာဝန်မက အဲဒီလိုလုပ်လို့ရခဲ့ရိုးလားရှင်။ ကံဆိုးလိုက်တဲ့ မမရယ်။ ဒါနဲ့ပဲ ဆိုးဝါးစွာနာကျင်နေတဲ့ မမရဲ့နာကျင်မှုကို မမြင်ရက်တဲ့ ဆရာဝန်ပေါက်စအချို့က ကူညီဖေးမလို့ ခွဲပေးဖို့ ကြိုးစားနေတုန်းမှာပဲ မမတစ်ယောက် သူ့ရဲ့ဆိုးဝါးလှတဲ့ လောကဓံကို ကျောခိုင်းလို့၊ သူမချစ်သော သူတွေ၊ သူမကိုချစ်သောသူတွေကို ကျောခိုင်းလို့ အေးငြိမ်းတဲ့နေရာလေးဆီကို တစ်သက်လုံးထွက်ခွာဖို့ ထာဝရအိပ်စက်သွားပါတော့တယ်။ ဗိုက်နာနေရင်းကနေ နောက်ဆုံးအချိန်အထိ အသံသဲ့သဲ့နဲ့ ကျွန်မနာမည်ကို ရေရွတ်ကာတောင့်တနေခဲ့တာပါတဲ့။
မမသေဆုံးအပြီးမှာ ထွက်လာတဲ့ဆေးစစ်ချက်အဖြေကတော့ မမမျှော်လင့်ထားသော မမရဲ့ရင်သွေးငယ်လေးဟာ မိခင်ဝမ်းဗိုက်ထဲမှာ သေဆုံးနေခဲ့တာ အတော်လေးကြာနေခဲ့ပြီး ပုပ်တောင်နေပါပြီတဲ့ကွယ်။ အချိန်မီမသိခဲ့တာက တစ်ကြောင်း၊ သိခဲ့တဲ့အချိန်ကလည်း အလွန်နောက်ကျသွားခဲ့ပြီး ချက်ချင်းခွဲစိပ်ပြီး သားအိမ်ကိုမသန့်ရှင်းပေးနိုင်ခဲ့လို့ ခုလိုမိခင်အသက်ပါ ဆုံးရှုံးခဲ့ခြင်းပါတဲ့ရှင်။
ကျွန်မချစ်ရသော မမချမ်းမြေ့လင်းရဲ့ဘဝအကြောင်းလေး မလှခဲ့ပါလားကွယ်။ ကျွန်မဘယ်လိုဖြေဆည်ရမလည်း။ ကံကြမ္မာက အဲဒီလောက်တောင် မမကိုမျက်နှာသာမပေးခဲ့ပါလား။ တစ်ကယ်ဆို အိမ်ထောင်ရေးကံမကောင်းပေမယ့် ချစ်စရာ့ရင်သွေးလေးနဲ့ ပျော်ရွှင်စွာနေထိုင်နေရမှာလေ။
 “မုန်တိုင်းပြီးလျှင် လေပြေလာတယ်”ဆိုပေမယ့်လည်း မုန်တိုင်းတိုက်ခတ်ချိန် အတောအတွင်းလေးမှာပဲ မမကိုသေမင်းက ဆွဲခေါ်သွားခဲ့ပါတယ်။ ပြည်ပနိုင်ငံကနေ အမိမြေကို ပြန်ရောက်ရောက်ချင်း မမရဲ့သတင်းဆိုးကို ကြားလိုက်ရပြီး တစ်ပတ်လောက်စိတ်မကောင်းခြင်းတွေနဲ့ နေမကောင်းဖြစ်ကာ အိပ်ယာထက်မှာလဲနေခဲ့ပြီး ပြန်လည်ကျန်းမာလာချိန်မှာတော့ တောင်ပေါ်မြို့လေးဆီက မမရဲ့ရုပ်အလောင်းလေး မြေမြှုပ်ထားရာ အုတ်ဂူလေးဆီကို တစ်ခေါက်ရောက်ဖြစ်ခဲ့ပါတယ်။
အခုတစ်ခေါက်မှာတော့ မမအမျိုးသားဆိုသူ မမသေဆုံးပြီး တစ်နှစ်မပြည့်ခင်အချိန်လေးမှာပဲ မင်္ဂလာဆောင်တော့မယ်ဆိုတဲ့ သတင်းလေးကြားပြီး တောင်ပေါ်မြို့လေးဆီ နောက်ထပ်တစ်ခေါက် ထပ်ရောက်ဖြစ်ခဲ့ပြန်ပါတယ်။ 
မမအမျိုးသားဆိုသူရဲ့ မင်္ဂလာဆောင်လေးဆီသို့ ကျွန်မသွားဖြစ်အုံးမှာပါ။ စိတ်သဘောထားဖြူစင်ပြီး ချစ်စရာကောင်းသော မမချမ်းမြေ့လင်းကို စိတ်ဆင်းရဲခြင်းတွေပေးပြီး ရင်သွေးငယ်လေးရော မမကိုပါ တမလွန်ဘဝဆီသို့ ရောက်အောင်ပို့ဆောင်ပေးခဲ့တဲ့ ယောကျ်ားတစ်ယောက် ဘယ်လိုအပြုံးမျက်နှာတွေနဲ့ ရှေ့ဆက်မှာလည်းဆိုတာကို သိချင်မှုအပြည့်နဲ့ပေါ့လေ……။
အုတ်ဂူဖြူဖြူလေးထက်မှာတော့ “ချမ်းမြေ့လင်း … အသက် (၃၄)နှစ် … ၁၈.၉.၂၀၁၁ ခုနှစ်တွင်ကွယ်လွန်သည်…”တဲ့ …။
ဒီဇာတ်လမ်းမှာ ဘယ်သူကအပြစ်ရှိခဲ့သူလည်း။ မမကိုယ်တိုင်လား? မမအမျိုးသားလား? မမအမျိုးသားနဲ့ချစ်ကြိုက်နေတဲ့ အမျိုးသမီးလား? အန္တရာယ်ဖြစ်နေတဲ့လူနာတစ်ယောက်ကို ချက်ချင်းခွဲစိပ်မကုသပေးတဲ့ သားဖွားမီးယပ်ဆရာဝန်မလား? ဘာပဲဖြစ်ဖြစ် ကျွန်မကိုယ်တိုင်တောင် အပြစ်ရှိသူတစ်ယောက်လို ခံစားရတာတော့ အမှန်ပါပဲ။ တစ်ကယ်ဆို မမနဲ့အဆက်အသွယ်မပြတ်နေခဲ့သင့်တာ။ ကျွန်မနောင်တရလို့မဆုံးပါဘူး။
ဘယ်လိုပဲ တွေးတွေးပါ မမရယ် …“နောက်ဘဝဆက်တိုင်း ဆက်တိုင်း ဒီဘဝလိုအဖြစ်မျိုး မကြုံမဆုံရပါစေနဲ့ … ဘဝဆက်တိုင်းမှာလည်း မမနဲ့ဆုံစည်းပြီး မမချစ်သော ညီမလေးအဖြစ် ဆုံစည်းခွင့်ရပါစေ”လို့ မမရဲ့အငွေ့အသက်တွေရှိရာ တောင်ပေါ်မြို့လေးဆီက မမရဲ့အုတ်ဂူဖြူဖြူလေးဘေးမှာ မျက်ရည်များနဲ့ ဆုတောင်းနေမိပါတော့တယ်။
မိုးညချမ်း
1.3.2013(1:50 p.m)
10 comments:
  1. အဓိက အကြောင်းအရင်းကတော့ အိမ်ထောင်ရေးဖောက်ပြန်တတ်တဲ့ သူ့အမျိုးသားကြောင့်လို့ပဲ ကိုဏီမြင်မိတယ်...။
    အင်း...
    နေ့ကောင်းရက်သားတွေရွေးပြီး ဆောင်ခဲ့ကြတဲ့ မင်္ဂလာဆောင်တွေထဲမှာ ဒီလို ဇာတ်သိမ်းမလှတဲ့ အိမ်ထောင်ရေးမျိုး... ဘယ်နှခုလောက်များ ရှိနေခဲ့လိမ့်မလဲ....
    ခင်မင်ခြင်းအားဖြင့်...
    ဏီလင်းညို
    ReplyDelete
    ReplyDelete
  3. ဖတ်ပြီးစိတ်မကောင်းလိုက်တာသမီးရယ်
    ရေးတတ်လိုက်တာ။အထက်ကပြောသလိုခေတ်သစ်
    (ဂျုး) ပေါက်စလေးလားအောက်မေ.ရတယ်။
    ဆက်လက်ထုဆစ်နိုင်ပါစေ။
    ခင်တဲ.အန်တီလေးမေခင်
    ReplyDelete
  4. အင်းးးးးးးးးးးးး
    မိုးနတ်အမြင်လဲ အကိုဏီလင်းနဲ့ အတူတူပါပဲ
    သူကမှ မမသေဆုံးရခြင်းရဲ့ ဇာစ်မြစ်အမှန်ပဲ
    အဲလိုယောကျာ်းတွေကို အားကြီးမုန်းတယ် :(((
    ReplyDelete
  5. သံယောဇဉ်နှောင်ကြိုးတွေနဲ့ အထပ်ထပ်ရစ်ပတ်ပြီး ရှုပ်ထွေးနေတဲ့
    လူ့လောကကြီးထဲမှာ ဖြည်ရခက်တဲ့ ကြိုးထုံးပေါင်းများစွားပေါ့ မိုးညရေ။
    ဘယ်သူ့ ဘယ်သူ့မှလည်း အပြစ်မတင်ချင်ပါဘူးကွယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  6. အိမ်ထောင်ရေးဖောက်ပြန်တတ်သူတွေကြောင့်အဲလိုဖြစ်ရတယ်ထင်တာပဲ
    အိမ်ထောင်ရေးဆိုတာထီထိုးရသလိုပါပဲ---အဲတာဖြစ်နိုင်တယ်နော်
    ကံနဲ့အများကြီးဆိုင်တာပေါ့နော် ဇတ်သိမ်းလေးအရမ်းလွမ်းစရာကောင်းလှတယ်
    ReplyDelete
  7. အိမ်ထောင်မှု့တစ်ခုဆိုတာကလည်း ပြောရခက်သားနော်
    အခုခေတ်ထဲမှာတော့ အဘက်ဘက်က ပြည်စုံပြီး ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တွေ တွေ့ရတာနည်းတယ် ။
    နောက်ဆုံးတော့လည်း ကံကိုဘဲ ရိုးမယ်ဖွဲ့ကြတာပေါ့။
    ReplyDelete
  8. အစ အဆုံး အားပေးသွားတယ် မိုးညရေ...
    အရှည်ရေးနိုင်တဲ့ လက်ကို ချီးကျူးမိပါတယ်..
    ReplyDelete
  9. အာ.. မျက်ရည်တကယ်ကျမိတော့မယ်။
    စာရေးသူက တကယ်ရေးတတ်တယ်။
    နောက်ပြီး ဇာတ်ကောင်နှစ်ယောက်အတွက် စိတ်ထဲဒေါသတော်တော်ထွက်မိတယ်။
    ReplyDelete
  10. အားပေးသွားတယ် ညီမလေး
    ကိုယ့်စိတ်အလိုပြည့်မှု့ တစ်ခုတည်းအတွက် နဲ့ ကိုယ်ကျင့်သီလပျက် ခံပြီး ဘာလို့များ အပြစ်ကျူးလွန်ချင်ကြတာလဲ......
    အဓိက တရားခံ ကတော့ စိတ် ပါဘဲလေ.....
    စိတ် ကို မချုပ်ထိမ်းနိုင်လို့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာရတယ်လို့ ဘဲ မြင်ပါတယ်။
    ReplyDelete
တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)
  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...