Thursday, March 7, 2013
ကျွန်မ၏အတွေးကဗျာ အပိုင်းအစတစ်ချို့(၁)
ဒဿန
* “ကိုယ့်အလှည့်ကျရင် ခံနိုင်ပါ့မလား”ဆိုတဲ့ အတွေးလေးနဲ့ တစ်ဦးနဲ့တစ်ဦး respect လေးတော့ ထားမှပေါ့ကွယ်။
*လူတစ်ဦးစီမှာ ကိုယ်ပိုင်အရည်အချင်းအလိုက် ထူးချွန်မှု၊ တတ်ကျွမ်းမှုတစ်ခုစီတော့ ရှိကြပါတယ်။ သင့်ရဲ့တတ်ကျွမ်းထူးချွန်မှုလောက် သူမတတ်ကျွမ်းတဲ့အခါ သင်သာသူ့ကို အထင်သေး ပျက်ရယ်ပြု နှိမ့်ချမယ်ဆိုရင် သင်ဟာအလွန်အထင်သေးစရာကောင်းသော လူသားအဖြစ် မှတ်ချက်ပြုရပါလိမ့်မယ်။
*မျှော်လင့်ချက်တွေပေးပြီးမှ ရိုက်ချိုးချတတ်တဲ့သူတွေကို ကျွန်မရှုံ့ချတယ်။ ပြီးရင်တော့ မျှော်လင့်ချက်တွေကို အားကိုးတကြီးဖက်တွယ်မိတဲ့ ငါ့ကိုငါလည်း အပြစ်တင်ရလိမ့်မယ်။
*မယုံမရှိနဲ့ … ဘယ်သူတွေ ဘယ်လောက်ပဲ ဘေးနားမှာရှိခဲ့ပါစေ၊ ရှိနေပါစေ … နောက်ဆုံးကိုယ်တစ်ယောက်ထဲပဲ အထီးကျန်စွာ ကျန်နေခဲ့ကြရတာပါပဲ။ အဲဒီအထီးကျန်ခြင်းမှာ အားငယ်စွာရက်မနေဘဲ အကျိုးရှိစွာ အသုံးချတတ်ဖို့ပဲ လိုအပ်တာပါ။
*“နေရာ၊ အသိအမှတ်ပြုခံရခြင်း”ဆိုတဲ့ အရာတွေကိုရဖို့အတွက် မည်သူ့ကိုမျှ“ဖား”စရာမလိုသလို မည်သူ့ကိုမျှလည်း “ဖိ”စရာမလိုပါဘူး။ ကိုယ်လုပ်စရာရှိတဲ့အလုပ်ကို တစ်ကယ်လုပ်ရင် “နေရာ”ဆိုတာ ပေါ်လာမှာဖြစ်သလို ကိုယ်လုပ်ပေးတဲ့ စေတနာမှန်လျှင်လည်း “အသိအမှတ်ပြုခြင်း” ခံရမှာ မလွဲပါပဲ။
*ခင်ဗျားတို့ သိထားတဲ့ “လောကမာယာ”ဆိုတာ တသမတ်ထဲသွားနေတာ မဟုတ်ဘူးဗျ။ အရောင်စုံစုတ်ချက်တွေနဲ့ နိမ့်ချည်မြင့်ချည် အကွေ့အကောက်ပုံစံတွေနဲ့ စိတ်ဓါတ်တွေကို အောက်ဆုံးထိဆွဲချလိုက်၊ အပေါ်ပင့်တင်လိုက်နဲ့ အမျိုးမျိုးကြုံတွေ့လှည့်စားခံနေရမှာပဲ။
*လူတစ်ယောက်ကို လက်ညှိုးထိုး ခိုင်းစေတတ်တာ လူတိုင်းရဲ့မွေးရာပါအတတ်ပညာတစ်ခုပါ။ သို့ပေမယ့် သူတစ်ပါးကို လက်ညှိုးထိုးမခိုင်းခင် “မိမိကိုယ်တိုင်ရော ကိုယ်ခိုင်းမည့်ကိစ္စတစ်ခုကို လုပ်တတ်ရဲ့လား?”ဆိုတာ အသေအချာစဉ်းစား ချင့်ချိန်ဖို့လိုသလို စကားအပြောအဆို အသုံးအနှုန်းတစ်ခုကလည်း ဘယ်လောက်အတိုင်းအတာထိ “တာ”သွားတယ်ဆိုတာ သတိထားဖို့တော့ လိုအပ်ပါလိမ့်မယ်။
*လူတစ်ယောက်ရဲ့ အဆင့်အတန်းဆိုတာ “ပေတံ”နဲ့တိုင်းတာလို့ရတာမျိုးလား? အဆင့်မရှိဘူးလို့ သတ်မှတ်ခံရတဲ့ လူသားတွေက အဆင့်တွေနဲ့စတီးချိုင့်တွေမှ မဟုတ်တာ။ တစ်ခါတစ်လေမှာ “လူနေချုံကြား၊ စိတ်နေဘုံဖျား”ဆိုသလို လမ်းဘေးစျေးသည်ကတောင် တိုက်တွေ၊ ကားတွေနဲ့ နေတဲ့သူထက်တောင် စိတ်ထားမြင့်မြတ်သေးတယ်။ အတွေးအခေါ်ရင့်ကျက်သေးတယ်။
*တစ်ကယ်တော့ ကဗျာဆရာတွေဆိုတာ လူတွေရဲ့ရင်ထဲက ပုံရိပ်တွေကို ထင်ဟပ်စေအောင် ကိုယ်တိုင်လည်း ခံစားရေးဖွဲ့ သီကျူးသူတွေပါပဲ။
*စင်ပေါ်တက်ပြီး ငါက“သူရဲကောင်း”ပါဆိုပြီး အော်ဟစ်ကြွေးကြော်နေတာထက် ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာတစ်ခု အရည်အချင်းတစ်ခုအတွက် အချိန်တစ်ခု ရောက်လာတဲ့အခါ “သူရဲကောင်း”ဆိုတဲ့ ဘွဲ့ကို အများက ကြည်ကြည်ဖြူဖြူပေးလာမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။
*စောင့်စားခြင်း၊ ငိုကြွေးခြင်း၊ နာကြည်းခြင်း၊ လွမ်းဆွတ်ခြင်း၊ ပူဆွေးခြင်း၊ ရှုံးနိမ့်ခြင်း၊ အောင်ငြမ်ခြင်း”တွေမှာ နေ့ရက်မရှိဘူး၊ အချိန်မရှိဘူး။ မင်းရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက် အတွေးတစ်စပေါ်ပဲ မူတည်တယ်။
*လူ့လောကအလယ်မှာ တစ်ယောက်တည်း လွတ်လပ်စွာပျံသန်းကြည့်တော့ လူတွေက ချီးမွမ်းခြင်းတွေထက် ကဲ့ရဲ့ခြင်းတွေ၊ ဖေးမနှစ်သိမ့်ပေးခြင်းထက် လှောင်ရီခြင်းတွေ၊ ဆွဲထူးခြင်းထက် တွန်းချခြင်းတွေက ပိုများနေပါရော့လား မေမေ။
*ကောင်းကင်ထက်က နေမင်းကြီးလောက်တော့ မထွန်းလင်းနိုင်ပေမယ့် ကိုယ့်ကမ္ဘာငယ်လေးမှာ ထွန်းလင်းပေးနိုင်တဲ့ ကြယ်လေးတစ်ပွင့်တော့ ဖြစ်ချင်ခဲ့မိတယ် ... 
***********************************************
အချစ် 
*အချစ်မှာ ရိုးသားချင်ကြသော်လည်း ချစ်သူနာကျင်မှာစိုးတဲ့ စိုးထိတ်တွေနဲ့ လိမ်လည်လှည့်ဖြား နေကြရတာပဲ၊ ဒါကို သိသိကြီးနဲ့ မခွဲမခွာနိုင်အောင် အလွမ်းတွေနဲ့ဝန်းရံထားကြတာလည်း “အချစ်”ပါပဲ။
*ဟိုးမှာတွေ့လား? အရောင်စုံတဲ့နူးညံ့ခြင်းတွေနဲ့ ဖန်ဆင်းထားတဲ့ တို့နှစ်ယောက်ရဲ့ကမ္ဘာလေးဆီရောက်ဖို့ ငါ့လက်ကို မြဲမြဲဆုပ်ကိုင်ရင်း နားလည်မှုယုံကြည်ခြင်းတွေပဲ လိုအပ်တယ်။
*လေတစ်ချက်အဝှေ့မှာ ဝဲလွင့်သွားတဲ့ သူမဆံနွယ်လေးတွေကို ငေးမောရင်း ကျွန်တော်ခပ်တိုးတိုးလေး ရေရွတ်လိုက်မိတယ် “ကျွန်တော် သူမကိုချစ်တယ်…”။
*အဝေးတစ်နေရာဆီ ငါ့ချစ်ခြင်းအလွမ်းတစ်စုံပစ်လွှတ်လိုက်မယ်။ မင်းရင်ခွင်မှာ အေးချမ်းခြင်းတွေ ခိုနားပါစေသား …။
*ပန်းတစ်ပွင့်ကြွေကျသွားချိန်မှာ သူမကိုကျွန်တော် အသက်တမျှ တန်ဖိုးထားချစ်မိလိုက်ပြီဆိုတာ “သူမ” မသိလိုက်ဘူး။ 
*သူ့ဆီက “ချစ်ခြင်း”တစ်ခုရရှိဖို့အတွက် “လွမ်းဆွတ်ခြင်း၊ စွန့်စားခြင်း၊ သတ္တိရှိခြင်း”စတဲ့ “ခြင်း”ပေါင်းများစွာကို စတေးပစ်ခဲ့ပြီးမှ နောက်ဆုံး“အသည်းကွဲခြင်း၊ နာကျင်ခြင်း”တွေကိုပါ အဆစ်ပေးသွားခဲ့လေသလားကွယ်။
*ဆုံမှတ်တစ်ခုရဲ့နောက်ကွယ်မှာ ဝေးကွာခြင်းတွေရှိမယ်ဆိုတာသာ ကြိုသိခဲ့ရင် ငါဒီဇာတ်ကို “က”ဖြစ်ခဲ့မှာ မဟုတ်ဘူး။
*နင်နဲ့ငါ့ကြားမှာ အသက်အရွယ်တွေ အသိုင်းအဝိုင်းတွေ စည်းတွေ ဘောင်တွေမရှိခဲ့ရင် သိပ်ကောင်းမှာပဲ ချစ်သူရယ် ... နင်နဲ့ငါ လက်တွေမြဲမြဲတွဲလို့ ဘယ်သူမှမရှိတဲ့ ကမ္ဘာလေးတစ်ခုစီ လွတ်လပ်စွာပျံသန်းလိုက်ချင်တယ် ...
*အချိန်တစ်စက္ကန့်တောင် ကြာလိုက်ပါရဲ့လား? နှလုံးသားတွေအရည်ပျော် ရင်ခုန်သံတွေ ဝုန်းဒိုင်းကြဲ သံစဉ်တွေ စည်းချက်နဲ့အညီ ကခုန်ကုန်ကြတာ အလွမ်းတွေ ကောက်သိမ်းဖို့တောင် အချိန်မီသတိမရလိုက်ဘူး ...
*နှုတ်ခမ်းဖျားက လွမ်းတယ်ပြောတိုင်းသာ ငါ့ရင်ထဲက “အလွမ်း”တွေ ပြေပျောက်ရမယ်ဆို စက္ကန့်မလပ် မင်းကို လွမ်းတဲ့အကြောင်းတွေချည်း ပြောနေမိလိမ့်မယ် ချစ်သူ ...။ 
မိုးညချမ်း
7.3.2013 (7:21 p.m) 
11 comments:
  1. ဒသန တွေကိုပိုပြီးကြိုက်တယ်
    အချစ်အကြောင်းလေးတွေလဲ ကောင်းတာပါပဲ
    ကိုယ်ကအသက်ကြီးပြီလေ
    ReplyDelete
  2. မိုးညရဲ့ ဒဿနလေးတွေနဲ့ အချစ်အကြောင်းကို အားပေးသွားတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  3. မိုးညရဲ့ ဒဿနတွေ အချစ်အကြောင်းတွေ
    တစေ့တစောင်း လာချောင်းသွားတယ်ဝေ့ :)))
    ချစ်တဲ့....မိုးနတ်
    ReplyDelete
    စာသားတွေက အမှန်တွေ။ အလန်းတွေ။ ရင်ထဲလဲထိတယ်။။။
    ReplyDelete
  5. နှစ်ပုဒ်စလုံးကောင်းတယ်
    ဒဿနကတော့ ကိုယ့်အရွယ်နဲ့ပိုကိုက်လို့ ပိုသဘောကျတယ်ဗျာ...။
    ReplyDelete
  6. မိုးညချမ်း ညီမလေးရေ
    ဒဿနဆိုတာလေးကိုဖတ်ရှုသွားပါတယ်
    မိုးသူ ခရီးထွက်နေလို့ သူငယ်ချင်း blog တွေကို
    မရောက်ဖြစ်တာပါ
    ခင်တဲ့
    မိုးသူ(တောင်ကြီး)
    ReplyDelete
  7. ဒဿနလေးတွေ တစ်ကြောင်းချင်း သေချာဖတ်သွားတယ် ညီမလေး :)
    ချစ်သော
    အစ်မ
    ReplyDelete
  8. လူတစ်ယောက်ကို လက်ညှိုးထိုး ခိုင်းစေတတ်တာ
    သို့ပေမဲ့ သူတစ်ပါးကို လက်ညှိုးထိုးမခိုင်းခင်
    သိပ်ကြိုက်တဲ့ စာသားလေးတစ်ကြောင်းပဲ
    မှန်တယ် ... ကျွန်တော်ကတော့
    ဘယ်သူ့ကိုမှ လက်ညှိုးမထိုးချင်ဘူး
    ဘယ်သူကမှလည်း လက်ညိုးလာထိုးတာ
    မခံချင်ဘူး
    ReplyDelete
  9. ဖတ်မှတ်သွားပါတယ်ဗျာ.....
    တစ်ခါတစ်ခါတော့ လူဆိုတာ ခင်ဗျားပြောသွားသလိုပါဘဲ။
    ReplyDelete
  10. အချစ်ဒသနတွေကိုပိုကြိုက်မိတယ်မမရေ
    ReplyDelete
  11. မမိုးညရေဒီနေ့လဲလာေ၇ာက်သွားပါတယ်နော်...
    ReplyDelete
တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)
  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...