Tuesday, April 30, 2013

အစိမ်းရင့်ရောင် ပန်းချီကားတစ်ချပ်




ဒီနေ့ ကျွန်မချစ်သူရဲ့မွေးနေ့လေးပါ .. ညကတည်းက ချစ်သူဆီ Birthday wish message လေးပို့ .. ချစ်သူနဲ့ တူတူဘုရားတက်ဖို့ချိန်းဆိုထားမှုရဲ့ စိတ်လှုပ်ရှားမှုဟာ ကျွန်မကို တစ်ညလုံးအိပ်မရအောင် နှိပ်စက်နေခဲ့ပါတယ်။ ဒါနဲ့ မနက် 5.30 လောက်ကျတော့ ဆက်အိပ်မရတော့တာနဲ့ ရေမိုးချိုး .. အဝတ်အစားလဲပြီး ချစ်သူရဲ့ မနက်ကျရင်နှိုးပေးနော်ဆိုတဲ့စကားလေးကြောင့်ပဲ ကျွန်မချစ်သူဆီဖုန်းခေါ်လိုက်ပါတယ် .. 

“ဟော .. ကံကောင်းချင်တော့ ဖုန်းက ဆက်သွယ်မှုဧရိယာပြင်ပ”ဆိုတဲ့ ပြန်ဖြေသံမဟုတ်တော့ ဝမ်းသာသွားပါတယ် .. တစ်ခါခေါ် မကိုင် .. ဒုတိယတစ်ကြိမ်ထပ်ခေါ် .. တတိယတစ်ကြိမ် ခေါ် .. နောက်ဆုံးတစ်ကြိမ်မှာ ပြန်ဖြေသွားတာက “လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာမအားသေးပါရှင်တဲ့” .. 

ဒါနဲ့ ကျွန်မလည်း ချစ်သူဘုရားကိုတော့ချိန်းဆိုထားတဲ့ 7း00 နာရီမှာ ရောက်နေမှာပါပဲဆိုတဲ့အတွေးနဲ့ပဲ ထွက်လာလိုက်ပါတယ် .. ကားပေါ်ရောက်တော့ ချစ်သူဆီ “သွားနေပြီနော်” ဆိုတဲ့ Msg လေးပို့ပြီး ရင်ခုန်လှုပ်ရှားမှုတွေနဲ့ပဲ အရှေ့ဘက်မုခ်ဘုရားအောက်ခြေကိုရောက်လာပါတယ် .. ချစ်သူကိုရှာတော့မတွေ့တာနဲ့ “အော် .. သူအပေါ်ဘက်မှာ စောင့်နေတာဖြစ်မယ်”ဆိုတဲ့အတွေးနဲ့ ဘုရားရင်ပြင်တော်ပေါ်ကိုတက်လာပါတယ် …

ပန်းဆိုင်မှာ ချစ်သူအတွက် ပန်းသက်စေ့ကပ်ပေးဖို့ နှင်းဆီ(၂၄)ပွင့်နဲ့ အောင်သပြေတွေဝယ်ရင်း ချစ်သူဆီ ဖုန်းလှမ်းခေါ်လိုက်တော့ “ဆောရီး .. သူ အိပ်ပျော်နေတာတဲ့” .. ဒါနဲ့ ကျွန်မလည်းသူအိပ်ရေးပျက်ပြီးနေမကောင်းထပ်ဖြစ်မှာစိုးလို့ ဒါဆိုလည်း နားလိုက်ပါလေ … တစ်ယောက်တည်းပဲဘုရားပန်းကပ်ဆုတောင်းလိုက်တော့မယ်လေ … လို့ ပြောလိုက်တော့ ချစ်သူဆီက “ဟာ .. လာမှာပေါ့ကွ .. စောင့်နေပါကွာ”ဆိုတဲ့ ကြားချင်တဲ့စကားမျိုးတော့မဟုတ်ခဲ့ပါဘူး .. “အင်း .. အင်း ဒါဆိုလည်းပြီးရောလေ” တဲ့ .. ကျွန်မ ဝမ်းနည်းသွားပါတယ် .. ဖုန်းပြောနေရင်းနဲ့ အပေါ်ဘက်လှေကားထိပ်နားကို လှမ်းကြည့်လိုက်တော့ ချစ်သူနဲ့တူသော လူတစ်ယောက်နောက်ကျောလေးကို မြင်လိုက်တော့ .. “အော် … သူငါ့ကို စနေတာပါလား”ဆိုပြီး ဝမ်းသာသွားတယ် .. ဘုရားပန်းဖိုးရှင်းအပေါ်ဘက်တက် .. လှေကားထိပ်မှာ မသိသလို လုပ်ပြီး .. ချစ်သူ ကိုရှာမိပါတယ် .. သူ့ရဲ့ အံ့သြအောင်လုပ်မှုက ကျွန်မတစ်ကယ်ကို ဝမ်းသာအံ့သြရပါတယ်ဆိုတဲ့ အတွေးနဲ့ပေါ့ .. 

ကျွန်မအတွေးအမြင်တွေ အနည်းငယ်လွဲချော်သွားခဲ့ပါတယ် .. ကျွန်မချစ်သူမဟုတ်ပါဘူး .. သူ့ကောင်မလေးကိုစောင့်နေရှာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ချစ်သူပါ … ဒါနဲ့ ကျွန်မ ချစ်သူနဲ့ကျွန်မရဲ့ နေ့နံတူ ထောင့်မှာ ပန်း၊ ဆီမီး၊ ရေချမ်းတွေသက်စေ့ကပ် .. ချစ်သူဘဝလေးပျော်ရွှင်ငြိမ်းချမ်းပါစေ”ဆိုတဲ့ ဆုတောင်းခြင်းတွေနဲ့ပေါ့ .. ဘုရားရှိခိုးပြီး ဘုရားဘက်စုံပြုပြင်မွမ်းမံရေးအလှူခံဌာနမှာ ကျွန်မချစ်သူနာမည်လေး ရွတ်ပြပြီး အလှူငွေထည့်တော့ ဂေါပကလူကြီးတွေက “သမီး .. နာမည်လေးထည့်အုံးမလား”တဲ့ .. ဟင့်အင်း ကျွန်မနာမည်မထည့်ချင်ပါဘူး .. ချစ်သူမွေးနေ့အတွက် သီးသန့် လှူပေးတာမို့လို့လေ .. ပြီးတာနဲ့ အောင်မြေမှာ ဘုရားရှိခိုးရင်း ကျွန်မချစ်သူ ကျွန်မကိုနောက်နေတာဆိုတဲ့ အတွေးနဲ့ ကျွန်မနာရီဝက်လောက်ထိုင်စောင့်နေခဲ့ပါတယ် … 8.30 အချိန်လောက်မှာ ကျွန်မ ရင်တွေပူလာပါပြီ … ချစ်သူရဲ့ အလေးအနက်မထားမှုတွေက ကျွန်မကို ပူလောင်ခါးသက်စေမှန်းသတိထားမိလာပါပြီ .. ထွက်ကျလာချင်နေတဲ့ မျက်ရည်တွေကိုကျွန်မထိန်းရင်း ကျွန်မပြန်ဖို့ထလိုက်ပါတယ် ..

လှေကားကဆင်းရင်းနဲ့ ကျွန်မချစ်သူ အောက်ဘက်မှာစောင့်ပြီးကျွန်မကို အံ့သြအောင်လုပ်မှာပါလားဆိုတဲ့ မဖြစ်နိုင်သော အတွေးကိုလည်း ကျွန်မအဆုံးမသတ်နိုင်ခဲ့ပြန်ပါဘူး .. ဘုရားအောက်ခြေနားရောက်တော့ ချစ်သူအတွက် ငှက်(၂၄)ကောင် သက်စေ့လွှတ်ပေးရင်း သူတစ်နေရာကများကြည့်နေတာလားဆိုတဲ့ မိုက်မဲတဲ့အတွေး တွေးမိဆဲပါ .. နောက်ဆုံးမှာတော့ “တော်လောက်ပြီ ..မဖြစ်နိုင်တာတွေ တွေးတွေးပြီး ကိုယ့်ကိုကိုယ်လိမ်နေတာ တွေကို ရပ်တော့”လို့ အားပြန်တင်းပြီး ချစ်သူရဲ့ ကျွန်မအပေါ် အလေးအနက်မထားမှု .. ချစ်သူရဲ့စိမ်းကားမှုတွေကို ခံနိုင်ရည်ရှိဖို့အချိန်အတိုင်းအတာ တစ်ခုတော့ယူဖို့ ကျွန်မ ကြိုးစားရအုံးမှာပါလို့ ထိန်းမရတော့တဲ့ မျက်ရည်တွေကျရင်း ကျွန်မအားတင်းရင်းနဲ့ပဲ ……………
 
 


စာချစ်သူများကို အစဉ်လေးစားစွာဖြင့်
မိုးညချမ်း
2.12.2010 (11း00)AM

Saturday, April 20, 2013

ညီမလေးသို့ပေးစာ (၂)






သို့/

ချစ်ရတဲ့ညီမလေးရေ …

ညီမလေးရဲ့သူငယ်ချင်းမလေး အကြောင်းကိုကြားရတော့ မမစိတ်မကောင်းဖြစ်မိပါတယ်။ လက်ထပ်မှုမပြုရသေးခင် အတူနေထိုင်မိခြင်းရဲ့ နောက်ဆက်တွဲအကျိုးရလဒ်က ကိုယ်ဝန်ရှိလာတဲ့အခါ ယောကျ်ားလေးဘက်က “တာဝန်မယူနိုင်ပါဘူး”ဆိုပြီး အရှက်တကွဲအကျိုးနည်း ဖြစ်ရာက မိန်းကလေးခမျာစိတ်ဆင်းရဲခြင်းကြီးစွာနဲ့ ကျန်းမာရေးထိခိုက်ပြီး ကလေးပျက်ကျသည်ထိ ဖြစ်ရတာတွေ ကြားရတော့ မမချစ်တဲ့ညီမလေးအပါအဝင် မိန်းကလေးအများစုအတွက် မမသိသလောက် ပြောပြချင်တာလေးတွေ ပေါ်လာပြန်တယ်ကွယ်။

“အပျို”ဆိုတဲ့ ဝေါဟာရနဲ့ “အပျိုစင်”ဆိုတဲ့ ဝေါဟာရ မတူညီတာကို မိန်းကလေးတွေ ဗဟုသုတအနေနဲ့ မှတ်သားထားစေချင်လို့ မမသိသလောက် ပြန်လည်မျှဝေပေးလိုက်ခြင်းပါ …

မမ နားလည်ထားသလို ရှင်းပြရရင် -

“အပျို”ဆိုတာ လက်ထပ်ခြင်းမပြုရသေးသမျှ အဲဒီမိန်းကလေးဟာ အပျိုလို့သတ်မှတ်လို့ရပါတယ် …။

“အပျိုစင်”ဆိုတာကတော့ မိမိနဲ့လိင်ဆန့်ကျင်ဘက် ယောက်ျားတစ်ဦးဦးနဲ့ လိင်ဆက်ဆံမှုမပြုသေး သမျှ အဲဒီမိန်းကလေးဟာ အပျိုစင်ပါပဲ …။

ရိုးရှင်းစွာဥပမာပေးရရင်ဖြင့်- မိန်းကလေးတစ်ဦးဟာ မင်္ဂလာဆောင်ပွဲအပြီး ဟန်းနီးမွန်းခရီးထွက်ရင်း Accidient တစ်စုံတစ်ခုကြောင့် မိမိရဲ့သတို့သားသေဆုံးသွားလို့ သူမကိုအပျိုမဟုတ်တော့ဘူး လို့ သတ်မှတ်လို့ရပေမယ့် အမျိုးသားနဲ့ အတူတကွပေါင်းသင်းမနေထိုင်ရသေးတဲ့အတွက် သူမဟာ အပျိုတော့မဟုတ်တော့ပါဘူး … ဒါပေမယ့် သူမဟာ အပျိုစင်တစ်ယောက်ဖြစ်နေဆဲပါ ..

အချို့သောမိန်းကလေးများဟာ အိမ်ထောင်မပြုရသေးဘဲ မင်္ဂလာမဆောင်ရသေးဘဲ မိမိရဲ့ချစ်သူရည်းစားနဲ့အတူတကွ (သို့) အမျိုးသားတစ်ဦးဦးနဲ့ လိင်ဆက်ဆံနေထိုင်ဖူးကြပြီဆိုရင် အဲဒီမိန်းကလေးဟာ လက်ထပ်ခြင်းမပြုလုပ်ရသေးလို့ အပျိုလို့ခေါ်ဆိုသတ်မှတ်လို့ရပေမယ့် သူမဟာ အပျိုစင်ဘဝကို ဆုံးရှုံးပြီးသူတစ်ယောက်လို့ သတ်မှတ်လိုက်လို့ရပါတယ် ….

အိမ်ထောင်မပြုရသေးဘဲနဲ့ ချစ်သူရည်းစားအပေါ်ကို ချစ်လွန်းတဲ့စိတ်တွေနဲ့ အရာရာအလိုမလိုက်မိစေဖို့ကိုလည်း သတိထားပါညီမလေးရေ …။ လွယ်လွယ်ရတဲ့ပစ္စည်းတစ်ခုကို မည်သူတစ်ဦးတစ်ယောက်ကမှ တန်ဖိုးမထားတတ်ကြတာ မမ ပတ်ဝန်းကျင်မှာတွေ့မြင်နေရတာမို့ မမချစ်သော ညီမလေးအပါအဝင် မိန်းကလေးငယ်တွေကို မိမိတို့ရဲ့အပျိုစင်ဘဝလေးကို တန်ဖိုးထားစေချင်ပါတယ်ကွယ် …။

ဒါကြောင့် မမ ပြောပြချင်တဲ့ ညီမလေးအပါအဝင် မိန်းကလေးများကို သတိထားစေချင်တဲ့အချက်လေးက “မိမိတို့ရဲ့ အပျိုဆိုတဲ့ ဂုဏ်ပုဒ်ကို ထိန်းသိမ်းစေချင်သလို .. မိမိတို့ရဲ့ အပျိုစင်ဘဝလေးကို အထူးဂရုတစိုက်နဲ့ တန်ဖိုးထားထိန်းသိမ်းစေချင်တာ” မမရဲ့ ရင်ထဲက စေတနာအစစ်အမှန်လေးပါ ...။

“မမချစ်ရတဲ့ညီမလေးအပါအဝင် မိန်းကလေးများအားလုံး မိမိတို့ရဲ့အပျိုစင်ဘဝလေးကို တန်ဖိုးထားတတ်ပါစေလို့ ဆုတောင်းလျှက် …”

ချစ်ခြင်းများဖြင့်
မမ …

 (လွန်ခဲ့သော ၂၀၁၁ ခုနှစ်က Facebook မှာတင်ဖြစ်ခဲ့တဲ့ ပိုစ့်လေးပါပဲ … ခုတစ်လောရေးဖြစ်ဖို့ စိတ်ကူးရလာတဲ့ “ညီမလေးသို့ပေးစာ”ဆိုတဲ့ ကဏ္ဍလေးအတွက် ပြန်လည်တင်ဖြစ်လိုက်တာပါ …)


မိုးညချမ်း
9.3.2011 (10:21 a.m)

Friday, April 19, 2013

ညီမလေးသို့ပေးစာ (၁)




သို့/

 ချစ်ရတဲ့ညီမလေးရေ …

“အသည်းကွဲခြင်း”ဆိုတဲ့ အရသာကို ညီမလေးတစ်ယောက် ကြုံတွေ့ခံစားနေရတယ်ဆို …။ “အသည်းကွဲခြင်း” ကြောင့်ပဲ မမရဲ့ညီမလေးတစ်ယောက် ပူဆွေးငိုကြွေးနေရတယ်ဆိုတာကို ကြားရတော့ အတော်လေး စိတ်မကောင်းဖြစ်မိပါတယ်ကွယ်။ “အသည်းကွဲခြင်း”ဆိုတဲ့ အရသာကို စတင်ခံစားရချိန်မှာတော့ ညီမလေးတစ်ယောက် အတော်လေခံစားရခက်မှာပေါ့။ ခါးသက်ခြင်းတွေ၊ နာကျင်ခြင်းတွေ၊ မေ့မရခြင်းတွေ၊ လွမ်းဆွတ်ခြင်းတွေကို လူးလှိမ့်နေအောင် ခံစားရမှာပေါ့။ “အချစ်”ဆိုတဲ့ အရာရဲ့ ချိုမြိန်ခြင်းတွေကို စားသုံးပြီးတဲ့နောက်မှာ “အသည်းကွဲခြင်း”ဆိုတဲ့ အရသာကတော့ အတော်လေး ခါးသက်နာကျင်မှာပေါ့။ “လွမ်းစရာရှိရင် နာစရာနဲ့ဖြေပါ”ဆိုတဲ့ စကားတွေကလည်း “အသည်းကွဲခြင်း”ဆိုတဲ့အရာကို ကြုံတွေ့ကာစမှာတော့ အသုံးဝင်အုံးမှာ မဟုတ်ဘူးလေ။ နားလည်ပါတယ် ညီမလေးရေ။

ဒါပေမယ့် ညီမလေးရေ …။ မမတစ်ခုတော့ အကြံပေးပါရစေနော်။ “အသည်းကွဲခြင်း”ဆိုတဲ့အရာကို စတင်ကြုံတွေ့ကာစ အချိန်မှာ လွမ်းစရာရှိတာ ပွင့်လင်းစွာလွမ်းပစ်လိုက်နော်။ ကြည်နူးစရာအတိတ်တွေကို အောက်မေ့တမ်းတမိလို့ လွမ်းတသသနဲ့ ငိုချင်ရင်လည်း ငိုချပစ်လိုက်ပါ။ “မငိုဘူး … မလွမ်းဘူး”ဆိုပြီး တင်းထားစရာ၊ အောင့်အီးနေစရာမလိုပါဘူးကွယ်။ သို့ပေမယ့် ကိစ္စမရှိပါဘူး ညီမလေးရေ။ တစ်ပတ်၊ တစ်လဆိုတဲ့ အချိန်အတောအတွင်းမှာတော့ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဘဲနဲ့ ချစ်သူကိုလွမ်းနေချင်သပဆို လွမ်းနေလိုက်နော်။ ကိုယ့်ချစ်သူနဲ့ တွဲခဲ့တဲ့သက်တမ်းအလိုက် အချိန်ကာလ အတို၊ အရှည်တော့ ကွာလိမ့်မပေါ့။ ညီမလေးစိတ်ကြိုက်လွမ်းပစ်ပါ။ တိုက်ဆိုင်မှုတစ်ခုခုကြုံလာလို့ ငိုချင်ရင်လည်း ငိုချပစ်လိုက်။ ကိုယ့်စိတ်ကိုယ် ထွက်ပေါက်တစ်ခုတော့ ပေးထားလိုက်ပါ။

ဒါပေမယ့် ညီမလေးရေ …။ “အသည်းကွဲခြင်း”ဆိုတာကြီးကို ကြုံနေရချိန်မှာတော့ ကိုယ့်ကိုကိုယ်နာကျင်အောင် လုပ်တာမျိုး၊ ကိုယ့်အသက်ကိုယ် ရန်ရှာတာမျိုး၊ စိတ်ဓါတ်အကြီးအကျယ်ကျပြီး သေကြောင်းကြံတာမျိုး၊ ဘယ်တော့မှ ရုန်းမထွက်နိုင်တော့ဘူးလို့ တွေးပြီး စိတ်ဓါတ်ကျပြီး လမ်းကြောင်းအမှားကို လိုက်တာမျိုးတွေတော့ အတတ်နိုင်ဆုံး(လုံးဝ)မလုပ်မိပါစေနဲ့။ အဲဒီလိုစိတ်မျိုးတွေဝင်လာပြီဆို ရအောင်တွန်းထုတ်၊ တိုက်ထုတ်ပစ်နော်။ မမ နားလည်ပါတယ်ကွယ်။ “အချစ်ရေး”မှာ အဆင်မပြေရင် လူတိုင်းဟာ သေချင်စိတ်တောင်ပေါက်သည်ထိ စိတ်ဓါတ်ကျတတ်ကြတယ်ဆိုတာကိုပေါ့။

ဒါပေမယ့် ညီမလေးရေ …။ “အသည်းကွဲခြင်း”ကြောင့်သာ မိမိကိုယ်ကို အနစ်မွန်းခံမယ်ဆိုရင် မိအေး နှစ်ခါနစ်နာမပေါ့ကွယ်။ မိမိကိုယ်ကို နစ်မွန်းခံလို့ရော ညီမလေးရဲ့ချစ်သူက ပြန်လာမှာတဲ့လား?။ မှတ်ထားပါ ညီမလေး။ “အချစ်”ကို ယုံကြည်ကိုးစား ကိုးကွယ်မိလို့ “အသည်းကွဲခြင်း”ဆိုတာကို ခုလိုခံစားရခက်စွာ ကြုံတွေ့ရတာပေါ့။ လုံလောက်တဲ့အချိန်တစ်ခု၊ သင့်တော်တဲ့အချိန်တစ်ခုလောက် ခံစားပြီးတာနဲ့ “အသည်းကွဲခြင်း”ဆိုတဲ့ အရာကနေ ရအောင်ရုန်းထွက်ပါ။ လိုအပ်မယ်ထင်တဲ့ သင်တန်းတွေတက်ပါ။ ကိုယ်တတ်ထားတဲ့ ပညာအရည်အချင်းအလိုက် ပိုပြီးတော်အောင် ထက်မြတ်အောင် ကြိုးစားပါ။ ဘွဲ့လွန်သင်တန်းတွေလည်း အများကြီး၊  ဘွဲ့တွေကိုလည်း မိမိကြိုးစားရင် ကြိုးစားသလောက် ရယူနေနိုင်တဲ့ ခေတ်ကြီးထဲမှာ အရင်ထက်ပိုတော်ပြီး ထူးချွန်ထက်မြတ်တဲ့သူဖြစ်အောင် ကြိုးစားဖို့သိပ်မခက်ခဲပါဘူးကွယ်။

ချစ်သူနှစ်ဦးချစ်နေကြချိန်မှာ “မာန”ဆိုတဲ့ အရာက ချစ်သူနှစ်ဦးကြားမှာ လုံးဝမထားသင့်တဲ့အရာတစ်ခုဖြစ်ပေမယ့် ဘယ်လိုမှပြန်ဆက်မရအောင် ကွဲကွာခဲ့ရပြီဆိုရင်တော့ “သူထားခဲ့ပေမယ့် ငါကနည်းနည်းမှဂရုမစိုက်ဘူး … အရင်ကထက် ပိုတော် ပိုထက်မြတ်စေရမယ်”လို့တွေးပြီး ကိုယ့်မာနကို ကောင်းစွာ အသုံးချပါညီမလေးရေ …။
နောက်တစ်ခုထပ်အကြံပေးချင်တာက ကိုယ့်ချစ်သူနဲ့သွားခဲ့တဲ့ နေရာတွေ၊ အမှတ်တရဖြစ်စေတဲ့ အရာတွေမှန်သမျှကို သတိတရလွမ်းမိမှာစိုးလို့ဆိုပြီး မရှောင်ပါနဲ့ ညီမလေးရေ …။ ဒီတစ်ခေါက် ရှောင်ပေမယ့် နောက်အခေါက်ဆိုတာ ရှိနိုင်တယ်လေ။ ဒီတစ်ခေါက် ဒီတစ်ခေါက်နဲ့ ရှောင်နေခြင်းက ကိုယ့်အတွက်နာကျင်ခြင်းတွေကို အချိန်အကြာကြီး ဆွဲယူထားသလို ဖြစ်လိမ့်မယ်လို့ မမထင်တယ်။ 

ဒါကြောင့်မို့ သတိတရနေရာ၊ အမှတ်တရနေရာတွေကို သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် သွားပါ။ နေရာဟောင်းကို ရောက်လာလို့၊ တိုက်ဆိုင်မှုရှိလာလို့ဆိုတဲ့ အချိန်တွေမှာ လွမ်းတသသနဲ့ ငိုချင်သပဆိုရင် အားပါးတရငိုချပစ်ပါ ညီမလေးရေ …။ ဒီလိုနဲ့ အဲဒီနာကျင်စရာ၊ အမှတ်တရနေရာတွေဆိုတာက ကြာလာတော့ ညီမလေးအတွက် ကျင့်သားရလာပါလိမ့်မယ်။ အမှတ်တရတွေဆိုတာ ဖျောက်ဖျက်ပစ်လို့ မရပေမယ့် ကျင့်သားရလာတဲ့အခါ “အသည်းကွဲခြင်း”ဆိုတာက ညီမလေးအတွက် တဖြည်းဖြည်းသက်သာရာရပြီး ဒဏ်ရာဆိုတာတွေ အကုန်ပျောက်ကုန်ပါလိမ့်မယ်။ ဒဏ်ရာတွေ ပျောက်သွားပေမယ့် “အမာရွတ်တော့ ကျန်မှာပဲ”လို့တော့ ထပ်မတွေးနဲ့နော်။ ဒီခေတ်က တိုးတက်နေတဲ့ ခေတ်ကြီးပါကွယ်။ အမာရွတ်ကို အရှင်းပျောက်တဲ့ ဆေးတွေတောင် ရနေတဲ့ ခေတ်ကြီးမှာ မမချစ်တဲ့ ညီမလေးတစ်ယောက် တန်ဖိုးထားမြတ်နိုးစရာ ငြိမ်းချမ်းသိမ်မွေ့အေးမြပြီး ပြည့်စုံနေသော ဘဝလက်တွဲဖော်အစစ်ရဲ့ “မေတ္တာတွေလွှမ်းခြုံနေတဲ့ အချစ်ချိုချို”ကို ထပ်တွေ့တဲ့အခါမှာ အနာနဲ့ဆေးတွေ့သလိုမျိုး ပျောက်ကင်းသွားပါလိမ့်မယ်။ တစ်ခုတော့ရှိတယ်နော်။ မမပြောထားတဲ့ အကြံပေးခြင်းတွေကိုတော့ မမေ့ပါနဲ့ကွယ် …။

“မမရဲ့ညီမလေးတစ်ယောက် ဘဝတစ်ကွေ့မှာ မထင်မှတ်ဘဲ ကြုံလိုက်ရတဲ့ “အသည်းကွဲခြင်း”ဆိုတဲ့ အရာကို ကောင်းမွန်စွာဖြတ်ကျော်နိုင်ပါစေ”လို့ ဆုတောင်းလျှက် ...

ချစ်ခြင်းများဖြင့်
မမ …


(“အသည်းကွဲခြင်း”ကြောင့် ခံစားနေရသော မောင်လေး ညီမလေးများအတွက် ရေးသားဖြစ်ပါသည် ...)



မိုးညချမ်း
18.4.2013 (8:06 p.m)

Friday, April 12, 2013

အလင်းရောင်





အားနွဲ့ ပေမယ့် ခွန်အားအပြည့် ရှိတယ်... 
မတောက်ပပေမယ့် အေးချမ်း လင်းမြ စေတယ်... 
ဒီလို သန်မာ လင်းအေး စေမယ့် အလင်းမျိုး 
ဘယ် နှလုံးသား မျိုးမှာ ရှာမလဲ...? 

" အူမတောင့် မှ သီလစောင့် မယ် " တဲ့ 
သူမက... 
ကိုယ်ကိုကိုယ် အရောင်မှိန်စေပြီး 
လိုအပ်နေ သူတွေအတွက်... လင်းတယ်...။ 

အေးချမ်းစိမ်းလန်း စေမယ့် အနာဂါတ်တွေ... 
ပြီးပြည့်စုံအောင် ကုန်ဆုံးစေမယ့် နိဂုံးဘဝတွေ... 
ခိုင်မာအောင် လက်တွဲထားပေးမယ့်...အဖော်အဆွေတွေ(STA) 

မမ.. 
ချစ်ခင်ရပါသော မမ... 
မမရဲ့ စိတ်ဓာတ် အလင်းတွေ 
ကမ္ဘာ တည်သရွှေ့...မြဲစေ...။       ။ 

  

 ၀ိုင်မင်းမဟာ
(မမ မိုးညချမ်းအတွက် အမှတ်တရ)
by Y-min Maha Fof (Notes) on Thursday, April 11, 2013 at 10:36am



(မိုးညအတွက် Facebook က ခင်မင်ရတဲ့ မောင်လေးတစ်ယောက် လက်ဆောင်ရေးပေးတဲ့ကဗျာလေးပါ ... သဘောကျနှစ်သက် ကြည်နူးရလို့ Blog လေးမှာ ပြန်တင်လိုက်တာပါ ... )

Thursday, April 4, 2013

''လွမ်းလွန်းလို့ရေးမိတဲ့ကဗျာ''




* ဒီည ဒီညလေးမှာပဲ
တို့နှစ်ယောက်ရဲ့ နှလုံးသားတွေ
တစ်ထပ်တည်းကျခဲ့တာ …

* အလွမ်းတွေဘောင်ဘင်ခတ်
ဘယ်ဘက်ရင်အုံမှာ တဆစ်ဆစ်နဲ့
အသည်းကွဲခြင်းကို တယုတယထွေးပွေ့ဖို့
ဘယ်သူက နင့်နင့်နဲ့နဲ့ချစ်ဖူးခဲ့လဲ?

* အတူထိုင်နေကြ ခုံပြာတန်း
အတူလျှောက်နေကြမြေနီလမ်းဆိုတာတွေကို
ကဗျာတွေ စာတွေမှာပဲ ဖတ်ဖူးခဲ့တာ …

* တစ်ကယ်တမ်း ငါတစ်ယောက်တည်း
မြေနီလမ်းမှာလျှောက်ရင်း
ခုံပြာတန်းလေးမှာ ထိုင်မိတဲ့အခါ
အလွမ်းသံစဉ်တွေက
ထိန်းမရအောင် ပေါက်ကွဲထွက်ကုန်တယ် …

* နောက်လူရင်မှာ မင်းပျော်လား?
ငါတိုးတိုးလေးညည်းမိတဲ့အခါ
ငါသိခဲ့ရတဲ့သတင်းတစ်ခုက
''မင်းလောက် ကိုယ့်အပေါ် ဘယ်သူမှမကောင်းဘူး''တဲ့လားကွယ် …


မိုးညချမ်း
4.4.2013 (11:50 a.m)

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...