Monday, July 30, 2012

ငွေရတုမွေးနေ့နှင့် မွေးနေ့ဆုတောင်းလေးများ

အော် … ၂၉.၇.၂၀၁၂ ရက်နေ့ကဆို ဘာလိုလိုနဲ့ ကျွန်မအသက်တောင်(၂၅)နှစ်တင်းတင်းပြည့်ခဲ့ပြီလေ … လူ့သက်တမ်းကို (၇၅)နှစ်နဲ့သာ တွက်ရကြေးဆို ဘဝရဲ့သုံးပုံနှစ်ပုံဖြတ်သန်းလာခဲ့ပြီးပြီပေါ့ … “တကယ်တမ်းတော့ မွေးနေ့ဆိုတာ တစ်ရက်ထဲရှိတာပါ”ဆိုတဲ့ ယောဆရာတော်ရဲ့ အဆိုအမိန့်လေးအတိုင်းပေါ့ … ကျွန်မတို့တွေ အတွက် မွေးနေ့ဆိုတာ တစ်ရက်တည်းရှိတာပါ … ကျန်တဲ့နေ့ရက်အချိန်လေးတွေက သေဖို့အချိန်တွေ တစ်ရက်ထက်တစ်ရက်နီးလာသလိုပဲပေါ့ … ငယ်ငယ်ကတည်းက မိဘတွေပြုလုပ်ပေးတဲ့ မွေးနေ့ပွဲလေးကိုအရမ်းပဲ သဘောကျနေခဲ့သလို ကြီးလာပြန်တော့လည်း မွေးနေ့မှာ မနက်စောစော ဖေဖေ၊ မေမေကိုကန်တော့လို့ မိဘတွေဆီက ရတဲ့မုန့်ဖိုးနဲ့ပဲ သူငယ်ချင်းတွေနဲ့ဘုရားသွား၊ လျှောက်လည်၊ မုန့်စားနဲ့ပဲ မွေးနေ့လေးကို ဖြတ်သန်းခဲ့နေကြပါ … ၂၀၀၉ ခုနှစ်မွေးနေ့ကစလို့ ကျွန်မရတဲ့လုပ်အားခနဲ့ အကျိုးရှိတဲ့၊ တန်ဖိုးရှိတဲ့မွေးနေ့လေး ဖြစ်အောင်ဖန်တီးမယ်လို့ စိတ်ကူးမိခဲ့တယ် … ၂၀၀၉ ခုနှစ်ကတော့ အိမ်နားကဘုန်းကြီးကျောင်းလေး တစ်ကျောင်းက မိဘမဲ့ကလေးတွေဆီကို သွားလှူဖြစ်ခဲ့ပါတယ် … ၂၀၁၀ ခုနှစ်မွေးနေ့မတိုင်ခင်လေး မှာတော့ ကျွန်မရဲ့ချစ်ရသူဆီက “ဆည်းဆာရိပ်ဘိုးဘွားရိပ်သာ”မှာ တစ်နေ့စာလှူဒါန်းမှု မွေးနေ့လက်ဆောင်လေးကို ရရှိလှူဒါန်းဖြစ်ခဲ့ပါတယ် … ၂၀၁၁ ခုနှစ်မှာတော့ “မရမ်းချောင်းအနာကြီးရောဂါသည်ဂေဟာ”လေးကို သွားရောက်လှူဒါန်းမယ်လို့ စိတ်ကူးမိဖြစ်ခဲ့တယ် … မရမ်းချောင်းကိုသွားလှူမယ်ဆိုတော့ ကျွန်မတစ်ယောက်တည်းရဲ့ငွေအင်အားနဲ့ မလုံလောက်လေတော့ ဇူလိုင်ဖွားမိတ်ဆွေသူငယ်ချင်းတွေကိုပြောပြတဲ့အခါ သူတို့လည်းပါဝင်လှူဒါန်း မယ်ဆိုတာနဲ့ ကျွန်မတို့မွေးနေ့ရှင်(၈)ယောက်က မတည်လို့ ကျန်တဲ့အခြားအလှူရှင်များပါဝင်ပြီး လှူဖွယ်ပစ္စည်းများအပါအဝင် ငွေသားများစုစုပေါင်း(၁၃)သိန်းကျော်ဖိုး လှူဒါန်းနိုင်ခဲ့ပါတယ် …

ဒီနှစ် ၂၀၁၂ ခုနှစ်မှာတော့ ဘယ်နေရာကိုလှူရမှန်း မသိတာနဲ့ စဉ်းစားနေတုန်း ကျွန်မတို့ပရဟိတ အဖွဲ့ထဲက မမခက်က ပြီးခဲ့တဲ့ဇူလိုင်လဆန်းက သူမအပါအဝင်အခြားအလှူရှင်များသွားရောက် လှူဒါန်းထားတဲ့ ဘီးလင်းမြို့နယ်၊ တောင်စွန်းရှိ သော်ကမြောင်ပရဟိတဂေဟာလေးကို သွားရောက် လှူကြမယ်ဆိုတာနဲ့ ကျွန်မအပါအဝင် အခြားဇူလိုင်ဖွားမောင်နှမများအားလုံးနှင့် အခြားအလှူရှင်များ စုပေါင်းလို့ ငွေကျပ်(၁၀)သိန်းကျော် တန်ဖိုးရှိ ငွေသား၊ ဆန်၊ ဆီ၊ ပဲ၊ ကလေးအသုံးအဆောင်များနဲ့ တစ်နေ့စာများ လှူဒါန်းဖြစ်ခဲ့ပြန်ပါတယ် … သော်ကမြောင်က မိဘမဲ့တွေနဲ့ မိဘတွေရဲ့အစွန့်ပစ်ခံ ကလေးငယ်တွေကို ကျွန်မတို့တွေ ပစ္စည်းတွေသာ လှူဒါန်းခြင်းမျိုးမဟုတ်ဘဲ ကျွန်မကိုယ်တိုင် မင်းသမီးအဖြစ်နဲ့ လူရွှင်တော် ၄ ယောက်အပါအဝင် အငြိမ့်တွေလည်းကပြခဲ့ကြ၊ သီချင်းတွေလည်း သီဆို၊ Game တွေလည်းအတူတူကစားခဲ့ရင်း မေတ္တာတွေလည်း အပြည့်အဝလှူဒါန်းပြီး နွေးထွေးမှုတွေပေးဖြစ်ခဲ့ကြလေတော့ အထုပ်အပိုးတွေဆွဲလို့ ပြန်ကြဖို့ ကားပေါ်တက်ကာနီး “မမတို့ရယ် မပြန်ပါနဲ့အုံး”ဆိုတဲ့ မျက်ရည်တွေဝဲလို့ တားနေကြတဲ့ ကလေးငယ်တွေကို မြင်ရတော့ မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရပြန်ပါတယ် … 

ကျွန်မတို့ပရဟိတမောင်နှမတွေနဲ့ သော်ကမြောင်က ကလေးငယ်အချို့ ...


28.7.2012 ရက်နေ့ (စနေနေ့)ညက ကျွန်မရဲ့မွေးနေ့ကို မအိပ်ကြပဲ ည(၁၂းဝ၀)နာရီတိတိထိုးတဲ့အချိန်ကိုစောင့်လို့ … ပါလာတဲ့ကိတ်မုန့်လေးကို ကျွန်မအံ့သြဝမ်းသာအောင် ဖယောင်းတိုင်မီးလေးထွန်းလို့ … Happy Birthday သီချင်းလေးကိုလည်း ဂစ်တာတီးပြီး ပြိုင်တူသီဆိုလို့ Birthday Wish လုပ်ပေးကြတဲ့ မမခက်၊ ကိုဇော်၊ မမကြီး(ကိုဇော့်အမျိုးသမီး)၊ ကိုရဲခေါင်၊ ညီမလေးရတနာ၊ ချစ်လေးသိဂိံ၊ ချစ်လေးအိမ၊ မောင်လေးရဲရင့်၊ မောင်လေးနောင်ရိုးနဲ့ သော်ကမြောင်က ဆရာမများကိုလည်း ကျေးဇူးတင်မိရပါတယ် … သူတို့ဆီက အမှတ်တမဲ့ရရှိခဲ့တဲ့ (မမခက်ရဲ့ ဘီစကစ်မုန့်တစ်ထုပ်၊ ချစ်လေးသိဂိံနဲ့ အိမတို့ရဲ့ ကြက်သွန်ဖြူတစ်ဥစီ၊ ကိုဇော်နဲ့ မမကြီးတို့ရဲ့ ဆေးပေါလိပ်တစ်လိပ်၊ မောင်လေးနောင်ရိုးဆီက ဘယ်ကဖြုတ်လာမှန်းမသိတဲ့ ကြယ်လေးတစ်ခု၊ မောင်လေးရဲရင့်ရဲ့ ငရုတ်သီးတစ်တောင့်၊ ဆရာမလေးတို့ရဲ့ နားကပ်တစ်စုံ) လက်ဆောင်လေးတွေကိုလည်း ကျွန်မအရမ်းကို မြတ်နိုးမိပြန်ပါတယ် … {အနားမှာရှိတာ ပေးရတာတဲ့လေ} … ကျွန်မရဲ့မွေးနေ့ ၂၉.၇.၂၀၁၂ ရက်နေ့(တနင်္ဂနွေနေ့)မနက်မှာတော့ သော်ကမြောင်က ဆရာမလေးတွေရဲ့ ကိုယ်တိုင်ပြုလုပ်ပေး ကြတဲ့ မွေးနေ့ကိတ်(ကပျာကယာ ဗမာဘိန်းမုန့်)ကိုလည်း ဘာနဲ့မှမလဲနိုင်အောင် မြတ်နိုးရပြန်ပါတယ် … ဆရာမလေးတို့ရဲ့ စေတနာမေတ္တာကိုလည်း သိရှိနိုင်ပါရဲ့ … ဒီလိုနဲ့ပဲ ကျွန်မရဲ့(၂၅)နှစ်ပြည့် မွေးနေ့လေးဟာ ပီတိတွေနဲ့ သိပ်ကိုပျော်ရွှင်ဖွယ်လေးနေ့လေး ဖြစ်ခဲ့ရပါတယ် … သော်ကမြောင်ဆီသို့ သွားရောက်လှူဒါန်းခြင်းအသေးစိတ်ကိုတော့ Post လေးတစ်ခုနဲ့ ထပ်မံရေးသားဖြစ်အုံးမှာပါ … 

ကျွန်မမွေးနေ့ရဲ့မနက်အစောပိုင်းကစလို့ ညမအိပ်ပဲစောင့်ဆိုင်း ဖုန်းဆက်လို့ တစ်မျိုး၊ message ပို့လို့ တစ်ဖုံ မွေးနေ့ဆုတောင်းပေးခဲ့ကြတဲ့ သူငယ်ချင်းတွေ၊ ချစ်မမတွေနဲ့ မောင်လေးညီမလေးတွေ နဲ့ Facebook တို့၊ Email တို့ကနေ ဆုတောင်းပေးကြတဲ့ မိတ်ဆွေအပေါင်းအသင်းတွေကိုလည်း ကျေးဇူးတင်မိပါရဲ့ … ဒီနေ့မနက်တော့ ကျွန်မရုံးကိုရောက်ရောက်ချင်းပဲ မနေ့က ဘယ်သူတွေမွေးနေ့ဆုတောင်းပေးထားကြလည်းလို့ သိချင်စိတ်တွေနဲ့ Online ပေါ်ချက်ချင်းတက်လိုက်ပါတယ် … တစ်ယောက်ချင်းဆီရဲ့ တစ်မျိုးဆီမွေးနေ့ဆုတောင်းထားပေးကြတာလေးတွေ တွေ့ရတော့ ဘယ်လိုပျော်ရွှင်မိမှန်းမသိပါဘူး … မွေးနေ့ဆုတောင်းအများကြီးထဲကမှ Facebook က ဆုတောင်းလေးတွေကိုပဲ ပြန်လည်စုစည်း ရေးသားဖြစ်လိုက်ပါတယ် …

သူတို့ရဲ့မွေးနေ့ဆုတောင်းလေးများ

Po Po Chit-Moe Nya Chan
ညီမလေးမိုးညရေ..
ပျော်ရွှင်စရာမွေးနေ့ရက်ဖြစ်ပါစေနော်..ဆန္ဒနဲ့ထပ်တူကျတဲ့ဘဝကို ပိုင်ဆိုင်ပြီး ပရဟိတလုပ်ငန်းများဒီထက်မက ဆောင်ရွက်နိုင်ပါစေ..


ပျော်ရွှင်မှုတွေ ပိုင်ဆိုင်ပါစေ မမ...
Happy Birthday Ma Moe Nya!


Happy Birthday to u, our lovely sis :)

Happy Birthday Moe Nya.... :)



ပျော်ရွှင်ဖွယ် မွေးနေ့လေးဖြစ်ပါစေ ညလေးရေ ...
ဘ၀ရဲ့ အခက်အခဲတိုင်းကို အားအင်အသစ်တွေနဲ့ကျော်ဖြတ်လို့ အောင်မြင်မှုတွေကို အရယူနိုင်တဲ့သူ ဖြစ်ပါစေ ။။



HAPPY BIRTHDAY
စိတ်ညစ်စရာဆိုတာ ဘ၀မှာ ရှိခဏ သာဖြစ်ပါစေ


Happy Birthday ပါ ချစ်ညီမလေးရေ....မွေးနေ့ကစတင်ပြီး ဘ၀မှာ ပျော်ရွှင်ချမ်းမြေ့မှူတွေနဲ့ပဲ ကြုံတွေ့ရပါစေ....ဘ၀ဆက်တိုင်း ချစ်တဲ့သူနဲ့ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရပါစေလို့.........



Happy Birthday :)


  • Happy birthday!!!!! My sister!!!:-) may u be happy and healthy!!!
  • Happy birthday ma ma
HAPPY BIRTHDAY !!A birthday is just the first day of another 365-day journey around the sun. Enjoy the trip.

ချစ်ညလေးမွေးနေ့မှစပီးနှစ်ပေါင်းများစွာပျော်ရွှင်ကံကောင်းပါစေနော်..ပရဟိတခရီးစဉ်လေးလဲအဆင်ပြေပျော်ရွှင်ပါစေနော်....ချစ်မတရဲဖြူ

မိုးညေ၇.......အသက်တွေ တစ်နှစ်ထက်ကြီးလာပြန်ပီနော်........ဘဝမှာ ကျေနပ်စ၇ာတွေ ဘာတွေများ လုပ်ပီးပီလဲ သယ်ချင်း...မရှိသေးလို့၇င်လည်း ဒီနှစ်က စပီးတော့ ကျေနပ်ပျော်၇ွှင်ဖွယ်၇ာ အလုပ်တွေ လုပ်နိုင်ပါစေ..ဘဝမှာ ကျန်တာ ဘာမှ မဖြစ်ချင်နေပါစေ..ကိုယ်ဖြစ်ချင်တာနဲ့ လုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်နိုင်တဲ့သူဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်....ပြန်လာ၇င်တော့ မုန့်ဝယ်ကျွေး....

မွေးနေ့မှာပျော်ရွှင်ပါစေနော်.....
ဆန္ဒနဲ့ဘ၀တစ်ထပ်တည်းကျပါစေ.....
အကယ်၍မကျခဲ့ရင်လည်း...... လက်ရှိဘ၀ကို ပျော်ရွှင်နေတဲ့
ဆန္ဒရှိပါစေလို့ ဆုတောင်းပေးပါတယ်......

မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်စရာကောင်းသောနေ့ရက်များကို ပိုင်ဆိုင်နိုင်ပါစေ ။ (29.7.2012)

Happy Birthday Sister Lay Moe Nya Yayyyyy.........

Happy Birthday!! :)

HAPPY BIRTHDAY ပါ ချစ်ညီမလေးရေ
စိတ်ချမ်းမြေ့ပျော်ရွှင်ဖွယ်ရာနေ့ရက်တွေကို ပိုင်ဆိုင်ပါစေ

happy birthday ပါမမ မိုးည ရေ ဤမွေးနေ့မှ ထာဝရပျှော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးပါတယ် ခင်ဗျာ။

ညီမလေး.မိုးညရေ.
ပန်းလေးတွေများစွာဖူးပွင့်နေတဲ့ ဒီမြေမှာ
ညီမလေးလည်း.ပန်းကလေးတွေလို.....
အမြဲတမ်း.ဖြူစင်မွှေးပျံနေပါစေ.ပျော်ရွင်သောမွေးနေ့ပါ.ညီမလေးရေ။

Happy Birthday

Happy Birthday!!!!!

ဟက်ပီးဘတ်ဒေးပါ အမမိုးညရေ..ဤမွေးနေ့ မှသည် နောင်နှစ်များစွာတိုင် စိတ်သွားတိုင်းကိုယ်ပါနိုင်ပြီး ပရဟိအကျိုး သယ်ပိုးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်...(မွေးနေ့ ကိတ်ယူတာ မနက်ကတည်းက ခုချိန်ထိကြာတယ်..ကွန်နက်ရှင်က over weight ဖြစ်နေလို့ သယ်မရဘူး..ဒါကြောင့် စာနဲ့ ပဲ ဆုတောင်းလိုက်တယ်နော်)

Happy birthday ghost 4. May all of yr dream come true

Happy birthday ghost 4. May all of yr dream come trueး)

မမမိုးညရေhappy birthday:::::::::::::::::::

ဟိတ်..ချစ်စကစ်လေး....မွေးနေ့ဟုတ်တဲ့နေ့ကော..မွေးနေ့မဟုတ်တဲ့နေ့တွေပါ ပျော်ရွှင်ပါစေ..မုန့်တွေလည်း..မွေးနေ့ဟုတ်တဲ့နေ့ကော..မွေးနေ့ မဟုတ်တဲ့နေ့တွေပါ ကျွေးမွေးနိုင်တဲ့သူဖြစ်ပါစေ....
(ဒီတခေါက်မီမီ ပြန်လာရင်တော့ ဘိုဘိုမင်းလောက်နဲ့မရတော့ဝူးနော်....ဟိဟိဟိ....:P:P:P:P:P:P )

Happy Birthday ပါမမိုးညရေ....
ပူစရာမရှိပဲ...အေးချမ်းသောဘ၀လေးကိုပိုင်ဆိုင်နိုင်ပါစေဗျာ

Happy Birthday sis...

May your dream come true asap..... ;D


Happy Birthday to u,,,,:)

Many Happy return ! dear

မွေးနေ့မှာပျော်ရွှင်ပါစေနော်.....
ဆန္ဒနဲ့ဘ၀တစ်ထပ်တည်းကျပါစေ.....
အကယ်၍မကျခဲ့ရင်လည်း...... လက်ရှိဘ၀ကို ပျော်ရွှင်နေတဲ့
ဆန္ဒရှိပါစေလို့ ဆုတောင်းပေးပါတယ်.မမ


Happy Birthday par ma.....:)
Wish U All The Best Ma.......:)

Happy Birthday ညလေးရယ် .... မွေးနေ့မျာပျှော်ရွှင်ပါစေနော့် ..း)

Hla Myo Hanposted to Moe Nya Chan
ညလေးမိုးည မွေးနေ့မှာပျော်ရွှင်ပါစေ
ချစ်သော ချစ်သောမောင်posted to Moe Nya Chan
သယ်ရင်း ဟတ်ပီးတဲ့ ဗတ်ဒေးပါ ဘာမှလဲစားရဘူး :p

လန်း ဆန်းposted to Moe Nya Chan
Happy Birthday to u.
Connection မကောင်းလို့ခုမှ ပြောဖြစ်တော့တယ် :(
ကိုယ်ချစ်သောသူနဲ့ ပေါင်းဖက်ရပါစေ... မမည :)



မိုးညချမ်း
30.7.2012 (3:00 p.m)


Wednesday, July 25, 2012

ကဗျာ (၁)





တိတ်ဆိတ်တဲ့ မိုးညချမ်းမှာ
မာယာဖြူလွှလွှနဲ့
ငါ့ရဲ့ ဖြူစင်တဲ့အချစ်တွေကို
မင်းမမြင်ခဲ့ဘူး …

ငါ့ရင်ခုန်သံ နွေးနွေး အောက်မှာ
မင်းမှေးစက်ခဲ့တဲ့အချိန်တွေဆို
ဗေဒါ တွေလည်း ပွင့်နေလောက်ရဲ့ …

တစ်ကယ်ဆို မင်းဘက်က
ရဲရဲရင့်ရင့်နဲ့ သတ္တိတွေသာ ရှိခဲ့မယ်ဆိုရင်
ငါတို့နှစ်ယောက်လုံး
အတူနေခွင့်ရှိတာ ကြာလှပေါ့ …

အော် … ဘာရယ်တော့ မဟုတ်ပါဘူး ..
ဘာလိုလိုနဲ့တော့ မင်းကိုလွမ်းမိပြန်ပြီ …


(ဘာရယ်မဟုတ်ပါဘူး … စိတ်ထဲရေးချင်တာတွေကို 
ကဘောက်တိကဘောက်ချာ ချရေးပစ်လိုက်မိတယ် …)



မိုးညချမ်း
25.7.2012 (12:00 p.m)

Monday, July 23, 2012

မေတ္တာဆိုတာ ရောင်ပြန်ဟပ်တတ်ပါတယ်



ဒီနေ့မနက် ကျွန်မရုံးကိုလာရင်း ဘတ်စ်ကားပေါ်မှာ ရင်ခွင်ပိုက်ကလေးငယ်လေးကို ချီထားတဲ့ အမျိုးသမီးတစ်ယောက် မတ်တပ်ရပ်နေရတာကို အနားမှာရှိသမျှခုံကသူတွေက အလိုက်တသိနဲ့ နေရာမဖယ်ပေးကြလေတော့ ကားကိုခပ်ကြမ်းကြမ်းမောင်းတတ်တဲ့ B.M ကားပေါ်မှာ ကလေးကိုတစ်ဖက်က ချီရင်း၊ တစ်ဖက်က လက်ဆွဲအိတ်ကလေးကို ကိုင်ရင်းနဲ့ ယိုင်ထိုးယိုင်ထိုးဖြစ်နေတဲ့ အသည်းယားစရာ အဖြစ်အပျက်လေးကို မြင်တွေ့ခဲ့ရလို့ ၂၀၁၁ ခုနှစ်တုန်းက Save the Aged website လေးမှာ ရေးခဲ့ဖူးတဲ့ ပိုစ့်လေးကို ပြန်တင်ဖြစ်လိုက်တာပါ …

@*****************************************@

    ကျွန်မတို့ဗုဒ္ဓဘာသာဗမာလူမျိုးတွေဟာ လူမှုရေးစိတ်ဓါတ်၊ ဘာသာရေးစိတ်ဓါတ်အရင်းခံလေးတွေရှိ ကြတဲ့သူတွေပါ … လမ်းမှာသွားရင်းလာရင်း အကူအညီလိုတဲ့သူနဲ့တွေ့ရင်တောင် အနည်းစုသော လူတွေဟာ ဥပေက္ခာမပြုဘဲ ကူညီဖေးမတတ်သူတွေပါ …. ဘတ်စ်ကားပေါ်မှာဆိုပြန်ရင်လည်း ကိုယ်နေရာရလို့ ထိုင်နေတဲ့အနားကို ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ .. ရဟန်သံဃာတွေ … ကလေးချီထားတဲ့ မိခင်တွေတွေ့ရင် ကိုယ့်နေရာလေး ဖယ်ပေးလို့ ဦးစားပေးတတ်တဲ့သူတွေလည်း ရှိတတ်ကြပါတယ် … အဲဒီလိုလူမျိုးတွေထဲမှာ ကျွန်မတို့ Save The Aged-သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေးပရဟိတလူငယ်များအဖွဲ့က အဖွဲ့ဝင် မောင်နှမတွေသာမက စာဖတ်ရှုသူမိတ်ဆွေတွေလည်း အပါအဝင်ဖြစ်မှာ မလွဲပါဘူး ….

 ဒါပေမယ့် ကျွန်မရဲ့ ကိုယ်တွေ့ဖြစ်ရပ်လေးတွေနဲ့ နှိုင်းယှဉ်ပြီး အခြားအဖွဲ့ဝင်မောင်နှမတွေသာမက အခြားအခြားသောသူတွေကိုလည်း ကျွန်မလိုမဖြစ်စေဖို့ ပြောပြချင်ခဲ့မိတာပါ … လွန်ခဲ့တဲ့ လေးငါးလ လောက်က ကျွန်မသင်တန်းတစ်ခုသွားရင်းနဲ့ ဘတ်စ်ကားပေါ်မှာနေရာရလို့ထိုင်နေတုန်း တောင်ဥက္ကလာစာတိုက်မှတ်တိုင်အရောက်မှာ အတော်လေးကို အသက်ကြီးနေပြီဖြစ်တဲ့ အဘိုးတစ်ယောက် တက်လာပါတယ် …. ကားကအကျပ်ကြီးမဟုတ်ပေမယ့် ဘရိတ်ဆောင့် အုပ်လိုက်ရင်တော့ လူပြိုလဲသွားနိုင်တဲ့အနေအထားလောက်တော့ရှိတာပေါ့ .. ဒါနဲ့ကျွန်မက ကားရဲ့နောက်ပိုင်းမှာထိုင်နေတာ အဲဒီအဘိုးမတ်တပ်ရပ်နေတာကို မြင်တော့မြင်တယ် .. ကျွန်မ နေရာကိုလည်း ဖယ်ပေးချင်တယ် .. ဒါပေမယ့် အဘိုးကကားရှေ့ပိုင်းနားမှာဆိုတော့ အလှမ်းဝေး နေတာနဲ့ ကျွန်မ လှမ်းမခေါ်ရဲခဲ့ဘူး .. ကျွန်မ အသံပြဲနဲ့ အဘိုးကိုလှမ်းအော်ခေါ်လိုက်ရင် ကားပေါ်က အခြားခရီးသည်တွေ ကျွန်မကိုဝိုင်းကြည့်ကြမှာကို ကျွန်မအလွန်ရှက်ခဲ့မိတယ် … ကျွန်မတို့ရန်ကုန်က ဘတ်စ်ကားတွေက သိတဲ့အတိုင်းပဲ ကားပြိုင်မောင်းကြပြီဆိုရင် တလကြမ်းမောင်းတော့တာလေ .. ဒီလိုနဲ့ ရန်ကင်းနား အရောက်မှာ ရှေ့ကားကိုကျော်တက်ရင်း တစ်ဖက်က ကားတစ်စီးလာနေတာကို တွေ့တော့ ဘရိတ်ကိုဆောင့်အုပ်လိုက်တာ အဘိုးခမျာသူ့ကိုယ်သူမထိန်းနိုင်ပဲ ပြိုလဲရှာပါတယ် … အဘိုးလည်းဘေးနားက ခရီးသည်အချို့အကူအညီနဲ့ထလိုက်တဲ့အချိန်မှာ အဘိုးနဲ့အနီးဆုံးမှာရှိတဲ့ အသက်(၁၂)နှစ်လောက်ပဲရှိတဲ့ ကလေးငယ်တစ်ဦး “ဘိုးဘိုး ဒီမှာလာထိုင်ပါဗျာ”တဲ့ … အဲဒီတော့မှ အနီးဆုံးက လူကြီးတစ်ယောက်က “ကလေး ထိုင်နေ ဦးထလိုက်မယ်”တဲ့ … အဲဒီတော့မှ ကျွန်မ ကိုယ့်ဘာသာရှက်စိတ်တွေ တဖွားဖွားဖြစ်ပေါ်လာခဲ့ပါတယ် …. “အော် .. ငါဟာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေးပရဟိတလူငယ်များ”ဆိုတဲ့ အဖွဲ့က အဖွဲ့ဝင်တစ်ယောက် … အဖွဲ့ဝင်တောင်မှ အမာခံအဖွဲ့ဝင်တစ်ယောက် … အဖွဲ့က ထောက်ပံ့ထားတဲ့အဘိုးအဘွားတွေ အတွက်ဆို မဆိုင်းမတွလုပ်ပေးနေတဲ့သူတစ်ယောက်ဖြစ်ပြီး ခုလိုသက်ကြီးရွယ်အိုတစ်ယောက် အဆင်မပြေဖြစ်နေတာတွေ့တာတောင် ကျွန်မအရှက်ရမှာဆိုပြီးနေနိုင်လိုက်လေခြင်း .. ငါဟာ အဖွဲ့အတွက် အဖွဲ့ဝင်တစ်ယောက်တောင်မဖြစ်ထိုက်တဲ့သူတစ်ယောက် .. အပေါ်ယံကြောသာ လုပ်ပေးနေသလိုဖြစ်နေတဲ့သူတစ်ယောက်ဖြစ်နေပါလား …. တစ်ကယ်ဆို ကျွန်မဟာ အဖွဲ့က ထောက်ပံ့ထားတဲ့အဘိုးအဘွားတွေကို ကိုယ့်အဘိုးအဘွားလို့သာသတ်မှတ်ပြီး လုပ်ပေးချင်နေသလို ဖြစ်နေပါရော့လား … မဖြစ်သင့်ဘူး .. Save The Aged က အဖွဲ့ဝင်တစ်ယောက်ဟာ ဒီလိုမဖြစ်သင့်ဘူး … သက်ကြီးရွယ်အိုမှန်သမျှ ကိုယ့်အဘိုးအဘွားတွေလို့ မှတ်ယူပြီး ကူညီဖေးမသင့်တာ … ကျွန်မ အဲဒီနေ့က ၁၂ အရွယ်ကလေးလောက်တောင် ကိုယ်ချင်းစာစိတ်မရှိခဲ့ပါဘူး … အဖွဲ့ဝင်ကောင်းတစ်ယောက် မပီသခဲ့ပါဘူး …
အရင်ကကိုယ့်နားမှာလာရပ်မှ နေရာဖယ်ပေးတတ်တဲ့ကျွန်မတစ်ယောက် ..... အဲဒီနေ့ကစလို့ နောက်ပိုင်းဘတ်စ်ကားများစီးလို့ နေရာရတဲ့အခါ သက်ကြီးရွယ်အို ဒါမှမဟုတ် အခြားကိုယ်ဝန်ဆောင်မိခင် .. ကလေးချီထားတဲ့ မိခင်စတဲ့သူတွေကို တွေ့တာနဲ့ ကျွန်မနဲ့ ဘယ်လောက်အလှမ်းဝေးဝေး ကျွန်မလှမ်းခေါ်ပြီး နေရာဖယ်ပေးဖြစ်ခဲ့ပါတယ် … ဒါမှမဟုတ် အခြားကြားလူကနေတစ်ဆင့် လက်တို့ခေါ်ခိုင်းပြီး နေရာရှောင်ပေးဖြစ်ခဲ့ပါတယ် … အဲဒီလိုအသံကျယ်နဲ့ လှမ်းခေါ်လိုက်လို့အခြားသူတွေဝိုင်းကြည့်တဲ့အခါ ကျွန်မ မရှက်တော့ပါဘူး .. သူတို့ကြည့်တဲ့အကြည့်ဟာ ကျွန်မကိုလေးစားလို့ကြည့်တဲ့အကြည့်လို့ပဲ မှတ်ယူပြီး ဂုဏ်ယူတတ်ခဲ့ပါတယ် …

တစ်ရက် ကျွန်မရုံးအသွား ကားပေါ်မှာ ကျွန်မနဲ့မနီးမဝေးမှာရပ်နေတဲ့ အသက်တော်တော်ကြီး နေပြီဖြစ်တဲ့ အဘွားကြီးတစ်ယောက်ကို သတိထားမိပါတယ် .. သူက စိတ်သိပ်မူမမှန်တဲ့ အဘွားတစ်ယောက်ဖြစ်မယ်လို့ ကျွန်မယူဆမိလိုက်တယ် … ဘာလို့လည်းဆိုတော့ သူ့နားလာရပ်တဲ့သူမှန်သမျှ သူနဲ့ကျောချင်းကပ်ရပ်နေတဲ့သူ မှန်သမျှ သူ့နားကပ်လာတာနဲ့ တတောင်နဲ့ထိုးလိုက် .. ပါးစပ်က ပွစိပွစိပြောလိုက်နဲ့ လုပ်နေတဲ့ လုပ်ရပ်လေးတွေကို ကျွန်မသတိထားမိလို့ပါ … ဒါနဲ့သူ့နားမှာ ဘယ်သူမှမရပ်ရဲတော့လောက်အောင် နည်းနည်းခပ်ခွာခွာ ဖြစ်နေကြပါတယ် … ဒီလိုနဲ့ တောင်ဥက္ကလာအကျော်လောက်ရောက်တော့ ကျွန်မရပ်နေတဲ့နားက ထိုင်ခုံက ခရီးသည်ထသွားလို့ ကျွန်မထိုင်မယ်အလုပ်မှာ အဲဒီအဘွားကို ကျွန်မလှမ်းခေါ်ပြီးနေရာ ပေးလိုက်မိပါတယ် … သူဘယ်လောက်ပဲစိတ်မူမမှန်ဘူးပြောပြော သူမဟာ သက်ကြီးရွယ်အိုတစ်ယောက်လေ … ဒါနဲ့ကျွန်မ အဘွားကိုနေရာပေးလိုက်ပြီး ကျွန်မက ရပ်မြဲရပ်နေပါတယ် … သူထိုင်ပြီးကတည်းကစလို့ ကျွန်မလက်ထဲက ခြင်းတောင်းကို ယူပြီးကိုင်ထားပေးပါတယ် … နောက်ပြီးတော့ ကျွန်မနားလာရပ်တဲ့သူမှန်သမျှ သူ့လက်နဲ့ လှမ်းရိုက်လိုက် .. အော်လိုက်နဲ့ လုပ်နေပါတယ် … ကျွန်မအစတော့နားမလည်ခဲ့ပါဘူး .. နောက် ကားအရမ်းကြပ်လာတဲ့ အချိန်မှာပိုသတိထားမိတာက သူမဟာ ကျွန်မကို ကာကွယ်ပေးနေတာပဲ … ကားကြပ်လို့ကျွန်မနားတိုးဝှေ့လာတဲ့သူမှန်သမျှကို သူမက “ဒီနားလာမရပ်နဲ့လေ … ဒီကောင်မလေး ကြပ်နေမှာပေါ့”လို့ ရေရွတ်ပြီး သူမတွန်းထုတ်ပေးနေတာများ .. ကျွန်မရင်ထဲ ပီတိလေးတစ်ခု စီးဝင်သွားသလိုပါပဲ .. ကျွန်မဆင်းမယ့်မှတ်တိုင်ရောက်ကာနီးတော့ သူမဆီက ခြင်းတောင်းလေးကို လှမ်းယူပြီး “အဘွား.. ကျေးဇူးပဲနော် .. သမီးဆင်းတော့မယ် .. ”လို့ပြောလိုက်တော့ … “ငါ့မြေး သတိထားသွားနော် … လူတွေက ကောင်းတာမဟုတ်ဘူး”တဲ့ … ကျွန်မ အဘွားကို “ဟုတ်ကဲ့”လို့ ပြန်ဖြေလိုက်ပြီး ကားပေါ်က ဆင်းလိုက်ပါတယ် … ဘာပဲပြောပြော ကျွန်မအတွက် မေတ္တာရောင်ပြန်ဟပ်ခဲ့တာပါ … သူမအနားကို တိုးလာသူမှန်သမျှ သူမ လိုက်လံတွန်းထုတ် အော်ဟစ်ဆဲဆိုနေပေမယ့် သူမကို မေတ္တာထားခဲ့တဲ့ ကျွန်မအတွက်တော့ သူမဆီက မေတ္တာနဲ့ ကာကွယ်မှုကို ရရှိခဲ့ပါတယ် … နောက်ပိုင်း ကျွန်မဘတ်စ်ကားစီးတိုင်း သူမစီးတတ်တဲ့ ကားမှတ်တိုင် လေးမှာ အဘွားကို တွေ့လိုတွေ့ငြားရှာမိတတ်ပါသေးတယ် …

အားနည်းသူကို ကူညီတာဟာ သူများပစ္စည်းခိုးတာ .. သူများဒုက္ခရောက်အောင် လုပ်တာမဟုတ်တဲ့အတွက် ရှက်စရာမဟုတ်ပါဘူး … မိမိတတ်စွမ်းသလောက် အကူအညီပေးခြင်းဟာ ကောင်းမွန်တဲ့မင်္ဂလာတစ်ပါးပဲ မဟုတ်ပါလားရှင် …



စာချစ်သူများကို အစဉ်လေးစားစွာဖြင့်
မိုးညချမ်
18.7.2012 (2:01 p.m)

Friday, July 20, 2012

မင်းမသိခဲ့ဘူး


ငါက အတ္တကြီးသူတဲ့
မင်းရဲ့စွပ်စွဲချက် …

ငါက စိတ်ကူးယဉ်ဆန်သူတဲ့
မင်းရဲ့လှောင်ပြောင်မှု …

ငါက တစ်ကိုယ်ကောင်းဆန်သူတဲ့
မင်းရဲ့ယူဆချက် …

ငါက အလေးအနက်မထားတတ်သူတဲ့
မင်းရဲ့အတွေး …

တကယ်တမ်းတော့
မင်းနဲ့ပတ်သက်သမျှအရာရာကို
အသက်တမျှ အလေးအနက်ထားပြီး
မင်းတစ်ယောက်ကိုသာ ပိုင်ဆိုင်ခွင့်ရချင်ပြီး
မင်းနဲ့ထာဝရလက်တွဲသွားချင်တဲ့
စိတ်ကူးယဉ်အိပ်မက်တွေနဲ့
ရူးသွပ်နေရတဲ့ အချစ်ရူးတစ်ယောက်ဆိုတာ
မင်းမသိခဲ့ဘူး ချစ်သူ …။

မိုးညချမ်း
18.7.2012 (1:15 p.m)

Monday, July 16, 2012

Save the Aged (၂)နှစ်ပြည့်မှ ဒုတိယဆု


ကျွန်မတို့ Save the Aged အသင်းကြီးရဲ့ (၂)နှစ်ပြည့် အမှတ်အဖြစ် အသင်းထဲက ကလောင်စွမ်း ရှိသူ မောင်နှမတွေကို ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို/ရှည်ပြိုင်ပွဲတစ်ခု ကျင်းပပြီး ဂုဏ်ပြုဆုတွေပေးမယ် ဆိုတာနဲ့ ကျွန်မလည်း မကြာခဏဆိုသလို အသင်းရဲ့ website လေးမှာ စာလေးတွေ ရေးဖြစ်နေသူ ဆိုတော့ ကျွန်မကိုယ်တိုင်ဝင်ပြိုင်ချင်တာက တစ်ကြောင်း၊ အသင်းထဲကမောင်နှမတွေက တိုက်တွန်း တာကတစ်ကြောင်းနဲ့ ဝင်ပြိုင်လိုက်တာ ဝတ္ထုတို(ဒုတိယဆု)ဆိုပြီး ရခဲ့ပါတယ် … ကျွန်မရေးသား ဝင်ပြိုင်ဖြစ်ခဲ့တဲ့ ဝတ္ထုလေးကို အမှတ်တရအဖြစ် ပြန်လည်တင်လိုက်တာပါ …

*--------------------------------------------------------*

ဝတ္ထု ဒုတိယဆု( မိုးညချမ်း - “ ရင်ထဲက လက်တွဲဖော် ... သူ ” )



 “ ရင်ထဲက လက်တွဲဖော် .... သူ ”

                ကျွန်မ သူ့အကြောင်းကို မမတစ်ယောက် ပြောပြလို့ ကြားဖူးနေတာတော့ ရက်ပိုင်းလောက်ရှိပါပြီ ..... ဒီနေ့တော့ သူ့ကိုမထင်မှတ်ပဲ Online သုံးရင်းနဲ့ စတင်ခင်မင်ရင်းနှီးခဲ့ရပါတယ် .... သူနဲ့ကျွန်မ Online ပေါ်မှာပဲ ခင်မင်ရင်းနှီးနေခဲ့ပေမယ့် သူနဲ့လက်တွေ့အပြင်မှာ ဆုံဆည်းခဲ့တာကတော့ ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ(၂၄)ရက် နေ့မှာပါ .... ရွှေသံလွင်ဘိုးဘွားရိပ်သာမှာပေါ့ ...... သူ့အကြောင်းကြားဖူးကတည်းက
သူ့ကိုစိတ်ဝင်စားနေခဲ့တာ ခုလိုသူနဲ့စတင်ခင်မင်ရင်းနှီးခွင့်ရခဲ့တော့ သူ့အပေါ် ကျွန်မချစ်မိခဲ့ပြီလေ ..... သူ့အတွက်ဆို ကျွန်မဘာပဲဖြစ်ဖြစ်လုပ်ပေးမယ်လို့ စိတ်ကူးဆုံးဖြတ်ခဲ့ပါတယ် .... သူဟာ အရမ်းနွေးထွေးလွန်းပြီးဖော်ရွေတယ်လေ .... သူကခိုကိုးရာမဲ့အပစ်ပယ်ခံ သက်ကြီးရွယ်အိုဘိုးဘွားတွေကို မိဘအရင်းသဖွယ် ကူညီစောင့်ရှောက်ချင်တယ်တဲ့... ပြီးတော့ အခြားလူမှုရေးနှင့် လစဉ်လတိုင်းမှာလည်း ပရဟိတလုပ်ငန်းတွေကိုစဉ်ဆက်မပြတ်လုပ်ဆောင်ပြီး လူမှုဖွံ့ဖြိုးမှုနိမ့်ကျတဲ့ပတ်ဝန်းကျင်ကိုလည်း ထိရောက်စွာ အကျိုးပြုချင်တယ်လို့ မထင်မှတ်ပဲ သူ့ရည်ရွယ်ချက်လေးကို သိခဲ့ရတော့ ကျွန်မ လေးစားမိပြီး ပိုချစ်မိပြန်ရော .... ကျွန်မ သူ့ကိုလေးစားချစ်ခင်ပြီး သူ့ရင်ခွင်နွေးနွေးမှာ တစ်ခြားမောင်နှမတွေနဲ့အတူ ခိုလှုံခဲ့ပါတယ် .... ။

                 သူနဲ့အတူ ပရဟိတလုပ်ငန်းတွေကို အခြားလူငယ်မောင်နှမတွေနဲ့ လက်တွဲလုပ်ဆောင် ခဲ့တာ အကြိမ်ပေါင်းလည်း မနည်းတော့ဘူးလေ ... သူ့ရဲ့ကိုယ်စားမိဘတွေကိုလည်း ကျွန်မမိဘတွေလို ချစ်ခင်တယ်။ သူနဲ့အတူ အဘိုးအဘွားတွေဆီသွားလို့ ပီတိတွေလည်း အကြိမ်ကြိမ်စားသုံးခဲ့ရဖူးတယ်လေ .... သူနဲ့အတူ ကျွန်မအပါအဝင် အခြားလူငယ်မောင်နှမတွေ ကိုယ်စားမိဘ အဘိုးအဘွားတွေဆီ သွားကြရင် အဘိုးအဘွားတွေရဲ့ အတိုင်းမသိဝမ်းသာနေတဲ့ မျက်နှာလေးတွေကို မြင်ရပြန်တော့ ကျွန်မရင်ထဲ ပီတိနွေးနွေးလေး ရလိုက်လို့သူ့ကိုပိုချစ်ပြီးလေးစားမိပြန်ရောပေါ့ .... ဒါပေမယ့် ကျွန်မ သူ့အပေါ်တာဝန်မကျေတာတွေ သူနဲ့ကျွန်မတို့ရဲ့ကိုယ်စားမိဘတွေအပေါ် မှားခဲ့တာတွေ ရှိခဲ့ပါတယ် ... သူနဲ့ကျွန်မတို့ရဲ့ ကိုယ်စားမေမေတစ်ယောက်ဖြစ်တဲ့ အဘွားဒေါ်တင်နွဲ့က ဖျားပြီးနေမကောင်းဖြစ်လို့ ကျွန်မဆီဖုန်းဆက်တော့ ကျွန်မနဲ့အတူ အခြားသူငယ်ချင်း(၄)ယောက်နဲ့အတူ ချက်ချင်းသွားဖြစ်ခဲ့ပါတယ် .... အဘွားဆီရောက်တော့ အဘွားကို ဆေးခန်းတွေပြ မုန့်တွေဝယ်ပေးပြီး ပိုက်ဆံအချို့ကန်တော့မယ်လုပ်တော့ “ငါက နင်တို့ကို သတိရလို့ တွေ့ချင်လို့ခေါ်တာ ပိုက်ဆံလိုချင်လို့ ခေါ်တယ်ထင်ရင် ပြန်တော့၊ နောက် ဘယ်တော့မှ မလာခဲ့နဲ့၊ ငါဘာဖြစ်ဖြစ် ဖုန်းမဆက်တော့ဘူးတဲ့” .... ကျွန်မရဲ့အမှားအတွက် ကျွန်မ မျက်ရည်များတောင်ဝဲမိပါတယ် ...သူ့အပေါ်လည်း ကျွန်မအားနာသွားမိပါတယ် .... သူသိပ်ချစ်တဲ့ ကျွန်မနဲ့အတူ အခြားမောင်နှမတွေ သိပ်ချစ်ရတဲ့အမေကို စော်ကားမိလေခြင်းပေါ့ ...။

                      တောင်းပန်ပါတယ် သူရယ် ... ကျွန်မတောင်းပန်ရုံနဲ့ဖြေဖျောက်လို့မရနိုင်တဲ့ကိစ္စမှန်း သိပါတယ်ကွယ် ... နောက်တစ်ခါလည်း ထပ်တူညီသောအမှားမျိုးမကျူးလွန်စေရပါဘူးလို့ သူ့ကိုတောင်းပန်ခဲ့ပေမယ့်လည်း သူနဲ့ကျွန်မဆုံဆည်း ချစ်ခင်ခဲ့တဲ့ သက်တမ်း(၁)နှစ်ပြည့်ကာနီးလေးမှာပဲ သူနဲ့ကျွန်မတို့ရဲ့ ကိုယ်စား မေမေ တစ်ယောက်ဖြစ်တဲ့အဘွားဒေါ်တင်လှအကြောင်းကို သိလိုက်ရတော့ ......... အဲဒီနေ့က သူနဲ့အတူ ပရဟိတအလုပ်တွေကို လက်တွဲလုပ်ဆောင်နေတဲ့ မမတစ်ယောက်ရဲ့ မွေးနေ့လေးပါ .... အဲဒီမမရဲ့ရွှေသံလွင်မှာကျင်းပတဲ့ မွေးနေ့ပွဲလေးကအပြန် အဘွားဆီကို ကိုယ်တိုင်းယူဖို့ သွားရင်းနဲ့ အဘွားမှာ ရင်သားမှာအကြိတ်လိုမျိုးဖြစ်ပြီး  မနေ့တစ်နေ့ကပေါက်ထွက်လို့ပြည်တွေသွေးတွေ ထွက်နေတယ်လို့
အဘွားပြောပြလို့သိရတာနဲ့ ကျွန်မနဲ့အတူ အခြားမောင်နှမ(၂)ယောက်တို့ ဆေးခန်းကို ချက်ချင်းခေါ်သွားပြီးဆေးစစ်ကြည့်တော့ ဆရာဝန်ရဲ့ပြောပြချက်အရ အဘွားက ရင်သားကင်ဆာအဆင့်(၄) … ကံကောင်းတာကအဆုတ်ထိဆဲလ်တွေမပြန့်သေးဘူးလို့ပြောပြတော့ …. ကျွန်မရဲ့နောင်တမျက်ရည်တွေ လုံးဝကို ထိန်းမရတော့ပါဘူး ..... တစ်ကယ်ဆို ကျွန်မဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်စိတ်ကူး ... သူ့ကိုပေးခဲ့တဲ့ ကတိတွေ ကျွန်မလုပ်မပေးနိုင်ခဲ့ပါဘူး ... သူနဲ့အခြားသောမောင်နှမတွေက မွန်မြတ်သောစိတ်ဓါတ်နဲ့ အပြစ် မမြင်ကြပေမယ့် ကျွန်မကအပြောနဲ့အလုပ်နဲ့မညီဘူးဆိုတာကျွန်မကိုယ်တိုင်သိခဲ့နားလည်ခဲ့ရပြီလေ ... ကျွန်မ အသွေးအသားထဲက ထပ်မံတောင်းပန်မိပြန်ပါတယ် ... ကျွန်မအဖြစ်က လူတစ်ယောက်ကိုဒုက္ခတွေကြီးကြီး မားမားပေးလိုက် ပြန်တောင်းပန်လိုက်နဲ့ဖြစ်နေပါရော့လား ....။

                   သူနဲ့အခြားသောမောင်နှမတွေကတော့ နွေးထွေးသောမေတ္တာတွေနဲ့ပဲ ကျွန်မကိုခွင့်လွှတ်နားလည် ပေးခဲ့ကြပါတယ် .... ဒါနဲ့ပဲ အဘွားကိုဆေးရုံတင် ဆေးကုသမှုတွေ လုပ်ပေးလို့အဘွားပြန်လည်ကျန်းမာလာပြီး သုံးလလောက်အကြာမှာပဲ သူနဲ့ ကျွန်မအပါအဝင် အခြားသောမောင်နှမတွေရဲ့ ကိုယ်စားဖေဖေ တစ်ယောက်ဖြစ်တဲ့ အဘိုးဦးသိန်းတစ်ယောက် ၂၀၁၁ ခုနှစ်၊ ဧပြီလ(၂၅)ရက်နေ့မှာ ကွယ်လွန်သွားခဲ့တဲ့အတွက် သူနဲ့ကျွန်မအပါအဝင် အခြားသောမောင်နှမ တွေရော မိသားစုနဲ့ထပ်တူဝမ်းနည်းခဲ့ရပါတယ် ... ဒီလိုနဲ့အဘိုးရဲ့နာရေးရက်လည်မပြီးခင် ဧပြီလ(၃၀) ရက်နေ့မှာပဲ သူ၊ ကျွန်မအပါအဝင် အခြားသောမောင်နှမတွေရဲ့ ကိုယ်စားဖေဖေတစ်ယောက်ဖြစ်တဲ့ အဘိုးဦးကျော်သိန်းကို ထပ်မံဆုံးရှုံးလိုက်ရတော့ အလွန်ကြေကွဲဝမ်းနည်းနေတဲ့ သူနဲ့အခြားမောင်နှမတွေနဲ့ ထပ်တူ မိုးပြိုကျသလိုမျိုး ခံစားမှုကို ကျွန်မလည်းထပ်တူခံစားဝမ်းနည်းကြေကွဲခဲ့ရပါတယ် ... သူ့ရဲ့ ကိုယ်စားဖေဖေတွေကို ဆုံးရှုံးလိုက်ရ ပြီးနောက်မှာ အခြားကိုယ်စားဖေဖေ၊ မေမေတို့ကို ပိုမိုဂရုတစိုက် စောင့်ရှောက်လာရင်းနဲ့ပဲ ၂၀၁၁ ခုနှစ်၊
ဒီဇင်ဘာလ(၁၀)ရက်နေ့မှာပဲ သူနဲ့ကျွန်မအပါအဝင် အခြားသော မောင်နှမတွေရဲ့ ကိုယ်စားမေမေတစ်ယောက်ဖြစ်တဲ့ အဘွားဒေါ်စန်းရီတစ်ယောက် ထပ်မံတိမ်းပါးသွားပြန် ပြီလေ .... ကျွန်မရဲ့စိတ်ထဲတောင် အလွန်တရာ ဝမ်းနည်းကြေကွဲနေတော့ သူ ..... သူဆိုရင်ရော .. အခြား မောင်နှမတွေရော ... ပြောဖွယ်ရာ ဘယ်ရှိတော့မလည်းကွယ် ... အားလုံးရဲ့ရင်ထဲဘယ်လောက်တောင် ထိခိုက် ကြေကွဲနေကြလိမ့်မလည်း ....
“အို ... ကိုယ်စားဖေဖေ၊ မေမေတွေတစ်ယောက်ပြီးတစ်ယောက် သူနဲ့ ကျွန်မအပါအဝင် အခြားသောမောင်နှမတွေကို ခွဲခွာသွားနေလိုက်ကြတာများ ... ကျန်ရစ်သူနဲ့ ချန်ရစ်သူ ဘယ်သူက ပိုပြီးဝမ်းနည်းနေမလည်းကွယ် ... ကိုယ်စားမေမေ အဘွားဒေါ်စန်းရီရဲ့ရုပ်ကလာဘ်ကို မီးသဂြိုဟ်စဉ်က အဘွားရဲ့ခင်ပွန်းဖြစ်သူ ကျွန်မတို့ရဲ့ ကိုယ်စားဖေဖေဖြစ်သူ အဘိုးဦးသန်းမောင်ရဲ့ “ငါလည်း မင်းနောက် လိုက်ခဲ့ရမယ့် တစ်နေ့နီးပါပြီကွာ” ဆိုတဲ့ တီးတိုးရေရွှတ်သံကို ကြားမိလိုက်ရတော့ ကျွန်မရဲ့ရင်ထဲဆို့နင့် ဝမ်းနည်းသွားခဲ့ရပါတယ် ....။

                 ဒီလိုနဲ့ကျွန်မရဲ့ကျန်းမာရေးနဲ့ အခြားအခြားသောကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ သူနဲ့ကျွန်မ အဆက်အသွယ်မပြတ်ခဲ့ပေမယ့် အနည်းငယ်တော့ဝေးကွာခဲ့ပါတယ် ... အရင်လိုသူနဲ့အတူ အစည်းအဝေးတွေ မတက်နိုင် ...လစဉ်ပရဟိတတွေမလိုက်နိုင်ခဲ့ပါဘူး ... လစဉ်အလှူတွေ အစည်းအဝေးတွေရှိတဲ့နေ့တွေဆို သူနဲ့အတူ အခြားသောမောင်နှမတွေနဲ့အတူ ကျွန်မအရမ်းကိုလိုက်ချင်ပေမယ့် အခြားလူမှုရေး၊ ကျန်းမာရေး ကိစ္စတွေကြောင့် ကျွန်မပျက်ကွက်ခဲ့ရပါတယ် ... ခုဆို ခုဆို ကျွန်မသူနဲ့ အချိန်အတိုင်းအတာတစ်ခုအထိ တစ်ကယ်ကိုခွဲခွာကြရတော့မယ် ...။

                        အဆက်အသွယ်တောင်လုပ်လို့ရပါ့မလားလို့ ပူပန်နေခဲ့ရပြီလေ ... ကျန်းမာရေးအခြေအနေ တစ်ဖြည်းဖြည်းချို့ယွင်းလာခဲ့တဲ့ ကျွန်မ ...မနေ့တစ်နေ့ကမှ သိလိုက်ရတဲ့ ကျွန်မရဲ့ဆေးစစ်ချက်အဖြေ ... ကျွန်မ သူနဲ့အတူအခြားသောမောင်နှမတွေကိုပါ အချိန်တစ်ခုအထိ အကြာကြီး ခွဲခွာရမှာပါလား ... သူနဲ့အတူ အခြားမောင်နှမတွေနဲ့အတူ လက်တွဲဆောင်ရွက်ခဲ့ကြတဲ့ ပရဟိတ အလုပ်တွေ ... သူနဲ့အတူ အခြားမောင်နှမတွေကိုရော ကျွန်မကိုပါချစ်တဲ့ ရာသက်ပန်အစောင့်ရှောက်ခံအဘိုးအဘွားတွေ .. ကျွန်မကိုချစ်တဲ့ အခြားမောင်နှမနဲ့အတူ .. သူ ....... မရမ်းချောင်းအနာကြီးရောဂါသည်ဂေဟာက ကျွန်မကိုချစ်တဲ့ အဘိုးအဘွားတွေ ... အခြားပရဟိတ ဂေဟာကိုအတူတူသွားရောက် ကုသိုလ်ယူခဲ့ကြတဲ့ မောင်နှမတွေကို
ကျွန်မလွမ်းနေရအုံးမှာပါ ... ဘယ်တော့မှ မခွဲခွာချင်ခဲ့တဲ့ သူ့ကိုလည်း ကျွန်မအချိန်အတိုင်းအတာတစ်ခုအထိ အဆက်အသွယ်ဖြတ်လို့ ခွဲခွာရတော့မှာ ပေါ့ ... ကျွန်မကို သိပ်ရက်စက်တတ်တဲ့သူလို့ သူရော အခြားမောင်နှမတွေရောသတ်မှတ်ကြတော့မှာလား ဆိုတဲ့ စိုးရိမ်စိတ်ကလည်း ကျွန်မကို ထိတ်လန့်ဝမ်းနည်းစေခဲ့ပါတယ် ...ကျွန်မရဲ့ကူးစက်ရောဂါကြောင့်လည်း ကျွန်မ စိုးရိမ်အားငယ်နေခဲ့ရပြန်ပါတယ်... ဒီလိုအားငယ်ချိန်ဆို ကျွန်မရဲ့ သူနဲ့အခြားမောင်နှမတွေကို သတိရလိုက်တာ ... လွမ်းလိုက်တာ ... ကျွန်မမိဘတွေကလည်း သူ့ကိုအရမ်းချစ်ပေမယ့် ကျွန်မရဲ့ကျန်းမာရေး အခြေအနေကြောင့် သူနဲ့ ခဏတာအဆက်ဖြတ်ဖို့ပြောနေကြပြီလေ.... ဘယ်လိုမှထင်မထားခဲ့တဲ့ ခဏတာ ခွဲခွာခြင်း နေ့ရက်တွေ အတွက် ကျွန်မဘယ်လိုရှင်သန်ရအုံးမှာပါလဲ .... ရက်စက်လိုက်တာ ကံကြမ္မာရယ်လို့ ကျွန်မ အပြစ်ဖွဲ့လို့ မရပေမယ့် ကျွန်မကံကြမ္မာကိုပဲ အပြစ်တင်လိုက်မိပါတယ် ... ။

                  ကျွန်မအလွန်နှစ်သက်သော ပရဟိတအလုပ်တွေ ... ကျွန်မ အလွန်ချစ်ရတဲ့ သူနဲ့ ... အခြားသောမောင်နှမတွေကို အချိန်အကြာကြီး ခွဲခွာရမယ်ဆိုတာအိပ်မက်တောင်မမက်ခဲ့ဖူးပါဘူး ... ခုတော့ ကျွန်မရဲ့ရင်ထဲဘယ်လိုမှဖြေမဆည်နိုင်အောင် ဝမ်းနည်းနေခဲ့ရပါပြီ ... ခုလိုအချိန်အတိုင်းအတာတစ်ခု ခွဲခွာမှုအတွက် ခွင့်လွှတ်ပေးကြပါ .. Save the Aged အဖွဲ့ဝင်မောင်နှမတွေနဲ့ ... Save the Aged ဆိုတဲ့ သူရယ် ........။




မိုးညချမ်း
13.7.2012 (4.30 p.m)

Friday, July 13, 2012

ပြန်တွေ့ဖြစ်ခဲ့ကြရင် ??



သူများတွေပြောနေကြတဲ့ “အသည်းကွဲခြင်း”ဆိုတဲ့အရာကြီးကို ကျွန်မမသိခဲ့ပါဘူး … ကျွန်မသူငယ်ချင်းတွေထဲက အသည်းကွဲပြီး ခံစားနေရတယ်လို့ ပြောတိုင်း အသည်းကွဲခြင်းဆိုတာ နှလုံးသားက တဆစ်ဆစ်နဲ့နာကျင်စွာခံစားရမယ်မှန်း မသိခဲ့ပါဘူး … သူတို့ခံစားနေရချိန်တွေဆို နှစ်သိမ့်အားပေးနေရုံကလွဲလို့လည်း ကျွန်မဘာမှမဝေဖန်ဖြစ်ခဲ့ပါဘူး … နှစ်သိမ့်စကားတွေနဲ့ပဲ အားပေးဖြစ်ခဲ့တဲ့ ကျွန်မဆီကို အချစ်ဆိုတဲ့အရာက တည့်တည့်ဝင်တိုးလာတဲ့အချိန် ကျွန်မဘဝထဲကို သူဝင်လာခဲ့တဲ့အချိန်ကစလို့ အချစ်ကိုခံစားတတ်ခဲ့တယ် … အလွမ်းဆိုတာကိုလည်း ခံစားဖူးခဲ့တယ် … ကျွန်မနဲ့စိတ်ချင်းတစ်ထပ်တည်းကျခဲ့တဲ့ သူ့ကို ကျွန်မသိပ်ချစ်ခဲ့တယ် … ကျွန်မတစ်ဘဝလုံးစာ လက်တွဲဖော်အဖြစ် ရွေးချယ်ဖြစ်ခဲ့တယ် … 

*-------------------------------------------------------------------*

ကျွန်မဘဝမှာ ဆယ်ကျော်သက်အရွယ်ကစလို့အချစ်ဆိုတာကို စိတ်မဝင်စားသလို ကျွန်မဘဝထဲကိုလည်း အဝင်မခံခဲ့ပါဘူး … ဒါပေမယ့် သူ့ကိုကျတော့ ကျွန်မရူးရူးမူးမူးချစ်မိခဲ့တယ် … သူနဲ့ပတ်သက်ပြီး အချစ်ဟာ ကျွန်မအတွက်ကိုးကွယ်ရာ ၊ ရှင်သန်ရာ တစ်ခုဖြစ်လာခဲ့တော့ ကျွန်မကိုယ်ကျွန်မတောင် အံ့သြမိရုံတင်မကဘူး … ကျွန်မချစ်သူငယ်ချင်းတွေကပါ ၀ိုင်းပြီးအပြစ်တင်ရှုံ့ချလာကြသည်ထိ ကျွန်မသူ့ကို သိပ်ချစ်ခဲ့ရတာပါ … သူငယ်ချင်းတွေနဲ့ အတိုက်အခံ လုပ် … မိဘတွေနဲ့ အတိုက်အခံလုပ်ရင်း တစ်ယောက်တည်းဖြစ်လာမှန်းမသိ ဖြစ်လာခဲ့ရပေမယ့် ကျွန်မဘေးမှာ သူအမြဲရှိနေတာပဲဆိုတဲ့ အတွေးတွေနဲ့ ပျော်ရွှင်ရတဲ့နေ့ရက်တွေကို ပိုင်ဆိုင်ခဲ့ဖူးရတာပေါ့ … တစ်ချိန်မှာ အတူနေခွင့်ရမယ်ဆိုတဲ့ စိတ်ကူးမျိုးကို ကျွန်မဘက်ကပဲ မိုက်မဲစွာတွေးနေမိခဲ့ပါတယ် …
တစ်ကယ်တော့ သူ့ဘက်က ကျွန်မတို့(၂)ယောက်အတူနေနိုင်ဖို့ အခွင့်အလမ်းတွေအများကြီးရှိပါရက်နဲ့ သူဘယ်တော့မှ မဆုပ်ကိုင်ခဲ့ဘူး … သူ့စိတ်ကူး၊ သူ့အတ္တတွေနဲ့ကတော့ သူ့အတွေးသူမှန်တယ်လို့ ထင်နေခဲ့လေသလား တော့ ကျွန်မ မသိပေမယ့် ကျွန်မမိုက်မဲစွာနဲ့ပဲ သူနဲ့တစ်နေ့မှာနီးစပ်ခွင့်ဆိုတဲ့ အတွေးမျိုးတွေနဲ့ ရူးသွပ် နေခဲ့မိပါတယ် … သူနဲ့ကျွန်မချစ်သူသက်တမ်း (၂)နှစ်ကျော်အချိန်လေးမှာ အကြောင်းပြချက် ဘာတစ်ခုမှ မရှိဘဲနဲ့ ကျွန်မဘဝထဲကနေ လုံးဝထွက်ခွာပျောက်သွားခဲ့တယ် … သူမရှိတဲ့အချိန်တွေကို အလူးအလဲခံစားရင်း၊ “အသည်းကွဲခြင်း”ဆိုတဲ့ အရသာကို နှလုံးသားက တဆစ်ဆစ်နာကျင်စွာခံစားရင်း ရက်၊ လ၊ နှစ်တွေကို ကြိုးစားကြိတ်မှိတ်ဖြတ်သန်းရင်းနေထိုင်လာခဲ့တာ ခုဆို(၃)နှစ်ပြည့်တော့မယ်လေ …

*-------------------------------------------------------------------*

သူငယ်ချင်းတွေကတော့ အားပေးနှစ်သိမ့်ပေးကြပေမယ့် ကျွန်မကိုယ်တိုင်မေ့ပစ်မှရမယ်ဆိုတာကိုတော့ ကျွန်မတဖြည်းဖြည်းနားလည်လာပါတယ် … မျက်ရည်တွေနဲ့ အလွမ်းတွေပြည့်နှက်နေရတဲ့ နေ့တွေကိုလည်း ကျွန်မတဖြည်းဖြည်း မုန်းလာမိပါတယ် …  ကျွန်မဘဝထဲကိုသူပြန်လာလေမလား? ကျွန်မရင်ခွင်ထဲကို သူပြန်ခိုဝင်လေမလားဆိုတဲ့ မိုက်မဲတဲ့ အတွေးတွေကတော့ မိုက်မဲစွာတွေးမိဆဲပါပဲ … ဒါပေမယ့် တစ်ချိန်မှာ သူကျွန်မဆီပြန်လာတဲ့အခါ ကျွန်မရင်ခွင်တံခါးကိုဖွင့်လို့ အပြုံးတွေနဲ့ ကျွန်မကြိုဆိုနိုင်ပါ့မလား? ဒါမှမဟုတ် တစ်ချိန်ချိန် တစ်နေရာရာမှာ ပုံစံတစ်မျိုးမျိုး အနေအထားတစ်ခုခုနဲ့ ကျွန်မနဲ့သူ တစ်နေရာရာမှာ ပြန်တွေ့ဖြစ်ခဲ့ကြရင်ရော ???????



မိုးညချမ်း
13.7.2012 (2:15 p.m)

Wednesday, July 11, 2012

ချစ်လိုက်ပြီ



*ဟိုးခပ်လှမ်းလှမ်းမှာ အရိပ်တစ်ခု
တဖြည်းဖြည်းနီးလာတဲ့အခါ
ငါ့ရင်တွေ တလှပ်လှပ်ခုန်လာတယ် …။

*မလှမ်းမကမ်းကို ရောက်လာတော့
အချစ်မှန်းသိလိုက်ချိန်
ရင်ခုန်သံတွေ တဒိတ်ဒိတ်နဲ့
မင်းနဲ့နီးအောင် ရှေ့တိုးမိခဲ့တယ် …။

*အချစ်က ခါးသက်ခြင်းလား?

*အချစ်က ချိုမြိန်ခြင်းလား?

*အချစ်က ပူဆွေးခြင်းလား?

*အချစ်က အေးမြခြင်းလား?

*အချစ်က နာကျင်ခြင်းလား?

*အချစ်က ကြည်နူးခြင်းလား?

*အချစ်က ဆုံစည်းခြင်းလား?

*အချစ်က အသည်းကွဲခြင်းလား?

*ဘာရယ်မှန်းတော့ မဆန်းစစ်ဖြစ်ခင်လေးမှာပဲ
မာနတွေအရည်ပျော် သိက္ခာတွေဘေးဖယ်ကာ
နှလုံးသားတစ်ခုလုံး မင်းသိမ်းပိုက်လို့
ငါကတော့ချစ်မိလိုက်ပြီ …။



မိုးညချမ်း
11.7.2012 (4:00 p.m)

Monday, July 9, 2012

အကြောင်းပြချက်မရှိ



*ဝမ်းနည်းအားငယ်ချိန်တွေဆို
အားပေးနှစ်သိမ့်တတ်တဲ့
ကျွန်မရဲ့ချစ်သူ …။

*စိတ်ဓါတ်ကျစိတ်ပျက်နေချိန်တွေဆို
ခွန်အားတွေပေးတတ်တဲ့
ကျွန်မရဲ့ချစ်သူ …။

*စကားတွေဖောင်ဖွဲ့အောင်ပြောနေချိန်ဆို
ကြည်နူးခြင်းတွေနဲ့ပြုံးပြီးကြည့်နေတတ်တဲ့
ကျွန်မရဲ့ချစ်သူ …။

*စိတ်ကောက်နေချိန်ဆို
မနေတတ်မထိုင်တတ်ချော့မြူတတ်တဲ့
ကျွန်မရဲ့ချစ်သူ …။

*ဖြစ်ချင်တဲ့ စိတ်ကူးဆန္ဒတွေကို
အမြဲဖြစ်မြောက်အောင် ဖြည့်ဆည်းပေးတတ်တဲ့
ကျွန်မရဲ့ချစ်သူ …။

*အားလုံးရဲ့အဆုံးသတ်မှာ
အကြောင်းပြချက်မရှိ ထားသွားခဲ့သူ
ကျွန်မရဲ့ချစ်သူ …။

*ထိုသို့ ထိုပုံမည်သော ချစ်သူအား
အကြောင်းပြချက်မရှိ ကျွန်မချစ်မိသည် …။


မိုးညချမ်း
9.7.2012(4:15 p.m)

Friday, July 6, 2012

ကိုယ့်သမိုင်း ကိုယ်သာရေးပါ




သင်အသည်းကွဲနေချိန်မှာ
သင့်အချစ်တွေကို နားလည်ပေးနိုင်သူရှိမယ်
ပျက်ရယ်ပြုသူရှိမယ် …။

သင့်အလွမ်းတွေကို စာနာနိုင်သူရှိမယ်
လှောင်ပြောင်နေသူရှိမယ် ...။

သင့်နာကျင်မှုတွေကို ဖေးမနှစ်သိမ့်ပေးသူရှိမယ်
ကဲ့ရဲ့မယ့်သူရှိမယ် …။

သင့်ရင်ဖွင့်စကားတွေကို နားထောင်ပေးသူရှိမယ်
ရှောင်ပြေးချင်တဲ့သူရှိမယ် …။

သူငယ်ချင်း အဆိုးဆုံးတွေကို ဥပေက္ခာပြုလို့
အကောင်းဆုံးနေ့သစ်တွေရဖို့
အကောင်းဆုံးပြယုဂ်တွေ၊ အကောင်းဆုံးမျှော်လင့်ခြင်းတွေနဲ့
“ကိုယ့်သမိုင်း ကိုယ်သာရေးပါ” …။



မိုးညချမ်း
6.7.2012 (10:20 a.m)

Wednesday, July 4, 2012

တိုးတိုးတိတ်တိတ်အလွမ်း



*မိုးတွင်းရဲ့ ညဉ့်နက်နက်မှာ
အိပ်စက်ခြင်းဆိုတာက
ငါ့အတွက်ရန်သူဖြစ်နေလေတော့
ကော်ဖီခါးခါးတစ်ခွက်နဲ့
ငါ့အတွေးတွေကို နယ်ချဲ့မိလိုက်ပြန်ပေါ့ ...။

*မင်းနဲ့ငါ့ရဲ့ ချစ်ခြင်းတွေက
အဓိပ္ပါယ်မဲ့စွာနဲ့ အဆုံးသတ်သွားခဲ့တယ်တဲ့လား ...။

*အသက်ရှူလိုက်တဲ့
ဝင်သက်ထွက်သက်တိုင်းဟာ မင်းနဲ့နီးလေမလားဆိုတဲ့
မျှော်လင့်ချက်တွေကို ဖန်တီးနေမိလေတော့
ငါ့ရှင်သန်မှုကိုတောင် မုန်းတီးလာမိတယ် ...။

*ဘာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပေါ့ ချစ်သူ
မင်းနာမည်ကို တိုးတိုးလေးရေရွှတ်လို့
ခိုးခိုးပြီးတော့ လွမ်းမိသားကွယ် ...။


မိုးညချမ်း
3.7.2012 (6:15 p.m)

Tuesday, July 3, 2012

ချစ်သူရေးတဲ့ ကဗျာ



လူအဖြစ်ကိုပြန်လည်ရရှိစေတဲ့ ဝရန်တာလေး၊
ညညဆို ခဏခဏနိုးတတ်တဲ့
ဇီးကွက်တစ်ပိုင်းမလေးနေထိုင်ရာ၊ အိမ်ပြူးပြူးလေး.....
အိပ်စက်နေသလား၊
မောင့်ကို နင့်နင့်သီးသီးမုန်းတီးနေသလားကွယ်.....
စည်းရိုးတံခါးပိတ်ထားပေမယ့်၊
ပြတင်းဝကတော့၊ သခင်မကို လရောင်ဖျန်းရင်း၊
လေပြည်နဲ့ ချော့သိပ်နေလေရဲ့.....
လမ်းမကြီးရဲ့အထီးကျန်မှုကို
မချိပြုံးတောင် မစွန့်ကျဲခဲ့နိုင်တဲ့အကောင်.....
လွန်ခဲ့တဲ့ တစ်နာရီက ဘီယာဟောင်းနဲ့
အိပ်ပျက်အောင်ကို ခေါင်းကိုက်ပစ်လိုက်တယ်.....
အိပ်မက်ခွင့်တော့ ပြုဦးကွယ်.....


*(ဘာရယ်မဟုတ်ပါဘူး ...တစ်ချိန်က ချစ်သူရေးပေးတဲ့ကဗျာလေးပေါ့ ...
ချစ်သူကိုလွမ်းလို့ တင်လိုက်တာပါ ...)


Doyou Knowme
28.5.2011(1:00 a.m)

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...