Monday, July 23, 2012

မေတ္တာဆိုတာ ရောင်ပြန်ဟပ်တတ်ပါတယ်



ဒီနေ့မနက် ကျွန်မရုံးကိုလာရင်း ဘတ်စ်ကားပေါ်မှာ ရင်ခွင်ပိုက်ကလေးငယ်လေးကို ချီထားတဲ့ အမျိုးသမီးတစ်ယောက် မတ်တပ်ရပ်နေရတာကို အနားမှာရှိသမျှခုံကသူတွေက အလိုက်တသိနဲ့ နေရာမဖယ်ပေးကြလေတော့ ကားကိုခပ်ကြမ်းကြမ်းမောင်းတတ်တဲ့ B.M ကားပေါ်မှာ ကလေးကိုတစ်ဖက်က ချီရင်း၊ တစ်ဖက်က လက်ဆွဲအိတ်ကလေးကို ကိုင်ရင်းနဲ့ ယိုင်ထိုးယိုင်ထိုးဖြစ်နေတဲ့ အသည်းယားစရာ အဖြစ်အပျက်လေးကို မြင်တွေ့ခဲ့ရလို့ ၂၀၁၁ ခုနှစ်တုန်းက Save the Aged website လေးမှာ ရေးခဲ့ဖူးတဲ့ ပိုစ့်လေးကို ပြန်တင်ဖြစ်လိုက်တာပါ …

@*****************************************@

    ကျွန်မတို့ဗုဒ္ဓဘာသာဗမာလူမျိုးတွေဟာ လူမှုရေးစိတ်ဓါတ်၊ ဘာသာရေးစိတ်ဓါတ်အရင်းခံလေးတွေရှိ ကြတဲ့သူတွေပါ … လမ်းမှာသွားရင်းလာရင်း အကူအညီလိုတဲ့သူနဲ့တွေ့ရင်တောင် အနည်းစုသော လူတွေဟာ ဥပေက္ခာမပြုဘဲ ကူညီဖေးမတတ်သူတွေပါ …. ဘတ်စ်ကားပေါ်မှာဆိုပြန်ရင်လည်း ကိုယ်နေရာရလို့ ထိုင်နေတဲ့အနားကို ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ .. ရဟန်သံဃာတွေ … ကလေးချီထားတဲ့ မိခင်တွေတွေ့ရင် ကိုယ့်နေရာလေး ဖယ်ပေးလို့ ဦးစားပေးတတ်တဲ့သူတွေလည်း ရှိတတ်ကြပါတယ် … အဲဒီလိုလူမျိုးတွေထဲမှာ ကျွန်မတို့ Save The Aged-သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေးပရဟိတလူငယ်များအဖွဲ့က အဖွဲ့ဝင် မောင်နှမတွေသာမက စာဖတ်ရှုသူမိတ်ဆွေတွေလည်း အပါအဝင်ဖြစ်မှာ မလွဲပါဘူး ….

 ဒါပေမယ့် ကျွန်မရဲ့ ကိုယ်တွေ့ဖြစ်ရပ်လေးတွေနဲ့ နှိုင်းယှဉ်ပြီး အခြားအဖွဲ့ဝင်မောင်နှမတွေသာမက အခြားအခြားသောသူတွေကိုလည်း ကျွန်မလိုမဖြစ်စေဖို့ ပြောပြချင်ခဲ့မိတာပါ … လွန်ခဲ့တဲ့ လေးငါးလ လောက်က ကျွန်မသင်တန်းတစ်ခုသွားရင်းနဲ့ ဘတ်စ်ကားပေါ်မှာနေရာရလို့ထိုင်နေတုန်း တောင်ဥက္ကလာစာတိုက်မှတ်တိုင်အရောက်မှာ အတော်လေးကို အသက်ကြီးနေပြီဖြစ်တဲ့ အဘိုးတစ်ယောက် တက်လာပါတယ် …. ကားကအကျပ်ကြီးမဟုတ်ပေမယ့် ဘရိတ်ဆောင့် အုပ်လိုက်ရင်တော့ လူပြိုလဲသွားနိုင်တဲ့အနေအထားလောက်တော့ရှိတာပေါ့ .. ဒါနဲ့ကျွန်မက ကားရဲ့နောက်ပိုင်းမှာထိုင်နေတာ အဲဒီအဘိုးမတ်တပ်ရပ်နေတာကို မြင်တော့မြင်တယ် .. ကျွန်မ နေရာကိုလည်း ဖယ်ပေးချင်တယ် .. ဒါပေမယ့် အဘိုးကကားရှေ့ပိုင်းနားမှာဆိုတော့ အလှမ်းဝေး နေတာနဲ့ ကျွန်မ လှမ်းမခေါ်ရဲခဲ့ဘူး .. ကျွန်မ အသံပြဲနဲ့ အဘိုးကိုလှမ်းအော်ခေါ်လိုက်ရင် ကားပေါ်က အခြားခရီးသည်တွေ ကျွန်မကိုဝိုင်းကြည့်ကြမှာကို ကျွန်မအလွန်ရှက်ခဲ့မိတယ် … ကျွန်မတို့ရန်ကုန်က ဘတ်စ်ကားတွေက သိတဲ့အတိုင်းပဲ ကားပြိုင်မောင်းကြပြီဆိုရင် တလကြမ်းမောင်းတော့တာလေ .. ဒီလိုနဲ့ ရန်ကင်းနား အရောက်မှာ ရှေ့ကားကိုကျော်တက်ရင်း တစ်ဖက်က ကားတစ်စီးလာနေတာကို တွေ့တော့ ဘရိတ်ကိုဆောင့်အုပ်လိုက်တာ အဘိုးခမျာသူ့ကိုယ်သူမထိန်းနိုင်ပဲ ပြိုလဲရှာပါတယ် … အဘိုးလည်းဘေးနားက ခရီးသည်အချို့အကူအညီနဲ့ထလိုက်တဲ့အချိန်မှာ အဘိုးနဲ့အနီးဆုံးမှာရှိတဲ့ အသက်(၁၂)နှစ်လောက်ပဲရှိတဲ့ ကလေးငယ်တစ်ဦး “ဘိုးဘိုး ဒီမှာလာထိုင်ပါဗျာ”တဲ့ … အဲဒီတော့မှ အနီးဆုံးက လူကြီးတစ်ယောက်က “ကလေး ထိုင်နေ ဦးထလိုက်မယ်”တဲ့ … အဲဒီတော့မှ ကျွန်မ ကိုယ့်ဘာသာရှက်စိတ်တွေ တဖွားဖွားဖြစ်ပေါ်လာခဲ့ပါတယ် …. “အော် .. ငါဟာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေးပရဟိတလူငယ်များ”ဆိုတဲ့ အဖွဲ့က အဖွဲ့ဝင်တစ်ယောက် … အဖွဲ့ဝင်တောင်မှ အမာခံအဖွဲ့ဝင်တစ်ယောက် … အဖွဲ့က ထောက်ပံ့ထားတဲ့အဘိုးအဘွားတွေ အတွက်ဆို မဆိုင်းမတွလုပ်ပေးနေတဲ့သူတစ်ယောက်ဖြစ်ပြီး ခုလိုသက်ကြီးရွယ်အိုတစ်ယောက် အဆင်မပြေဖြစ်နေတာတွေ့တာတောင် ကျွန်မအရှက်ရမှာဆိုပြီးနေနိုင်လိုက်လေခြင်း .. ငါဟာ အဖွဲ့အတွက် အဖွဲ့ဝင်တစ်ယောက်တောင်မဖြစ်ထိုက်တဲ့သူတစ်ယောက် .. အပေါ်ယံကြောသာ လုပ်ပေးနေသလိုဖြစ်နေတဲ့သူတစ်ယောက်ဖြစ်နေပါလား …. တစ်ကယ်ဆို ကျွန်မဟာ အဖွဲ့က ထောက်ပံ့ထားတဲ့အဘိုးအဘွားတွေကို ကိုယ့်အဘိုးအဘွားလို့သာသတ်မှတ်ပြီး လုပ်ပေးချင်နေသလို ဖြစ်နေပါရော့လား … မဖြစ်သင့်ဘူး .. Save The Aged က အဖွဲ့ဝင်တစ်ယောက်ဟာ ဒီလိုမဖြစ်သင့်ဘူး … သက်ကြီးရွယ်အိုမှန်သမျှ ကိုယ့်အဘိုးအဘွားတွေလို့ မှတ်ယူပြီး ကူညီဖေးမသင့်တာ … ကျွန်မ အဲဒီနေ့က ၁၂ အရွယ်ကလေးလောက်တောင် ကိုယ်ချင်းစာစိတ်မရှိခဲ့ပါဘူး … အဖွဲ့ဝင်ကောင်းတစ်ယောက် မပီသခဲ့ပါဘူး …
အရင်ကကိုယ့်နားမှာလာရပ်မှ နေရာဖယ်ပေးတတ်တဲ့ကျွန်မတစ်ယောက် ..... အဲဒီနေ့ကစလို့ နောက်ပိုင်းဘတ်စ်ကားများစီးလို့ နေရာရတဲ့အခါ သက်ကြီးရွယ်အို ဒါမှမဟုတ် အခြားကိုယ်ဝန်ဆောင်မိခင် .. ကလေးချီထားတဲ့ မိခင်စတဲ့သူတွေကို တွေ့တာနဲ့ ကျွန်မနဲ့ ဘယ်လောက်အလှမ်းဝေးဝေး ကျွန်မလှမ်းခေါ်ပြီး နေရာဖယ်ပေးဖြစ်ခဲ့ပါတယ် … ဒါမှမဟုတ် အခြားကြားလူကနေတစ်ဆင့် လက်တို့ခေါ်ခိုင်းပြီး နေရာရှောင်ပေးဖြစ်ခဲ့ပါတယ် … အဲဒီလိုအသံကျယ်နဲ့ လှမ်းခေါ်လိုက်လို့အခြားသူတွေဝိုင်းကြည့်တဲ့အခါ ကျွန်မ မရှက်တော့ပါဘူး .. သူတို့ကြည့်တဲ့အကြည့်ဟာ ကျွန်မကိုလေးစားလို့ကြည့်တဲ့အကြည့်လို့ပဲ မှတ်ယူပြီး ဂုဏ်ယူတတ်ခဲ့ပါတယ် …

တစ်ရက် ကျွန်မရုံးအသွား ကားပေါ်မှာ ကျွန်မနဲ့မနီးမဝေးမှာရပ်နေတဲ့ အသက်တော်တော်ကြီး နေပြီဖြစ်တဲ့ အဘွားကြီးတစ်ယောက်ကို သတိထားမိပါတယ် .. သူက စိတ်သိပ်မူမမှန်တဲ့ အဘွားတစ်ယောက်ဖြစ်မယ်လို့ ကျွန်မယူဆမိလိုက်တယ် … ဘာလို့လည်းဆိုတော့ သူ့နားလာရပ်တဲ့သူမှန်သမျှ သူနဲ့ကျောချင်းကပ်ရပ်နေတဲ့သူ မှန်သမျှ သူ့နားကပ်လာတာနဲ့ တတောင်နဲ့ထိုးလိုက် .. ပါးစပ်က ပွစိပွစိပြောလိုက်နဲ့ လုပ်နေတဲ့ လုပ်ရပ်လေးတွေကို ကျွန်မသတိထားမိလို့ပါ … ဒါနဲ့သူ့နားမှာ ဘယ်သူမှမရပ်ရဲတော့လောက်အောင် နည်းနည်းခပ်ခွာခွာ ဖြစ်နေကြပါတယ် … ဒီလိုနဲ့ တောင်ဥက္ကလာအကျော်လောက်ရောက်တော့ ကျွန်မရပ်နေတဲ့နားက ထိုင်ခုံက ခရီးသည်ထသွားလို့ ကျွန်မထိုင်မယ်အလုပ်မှာ အဲဒီအဘွားကို ကျွန်မလှမ်းခေါ်ပြီးနေရာ ပေးလိုက်မိပါတယ် … သူဘယ်လောက်ပဲစိတ်မူမမှန်ဘူးပြောပြော သူမဟာ သက်ကြီးရွယ်အိုတစ်ယောက်လေ … ဒါနဲ့ကျွန်မ အဘွားကိုနေရာပေးလိုက်ပြီး ကျွန်မက ရပ်မြဲရပ်နေပါတယ် … သူထိုင်ပြီးကတည်းကစလို့ ကျွန်မလက်ထဲက ခြင်းတောင်းကို ယူပြီးကိုင်ထားပေးပါတယ် … နောက်ပြီးတော့ ကျွန်မနားလာရပ်တဲ့သူမှန်သမျှ သူ့လက်နဲ့ လှမ်းရိုက်လိုက် .. အော်လိုက်နဲ့ လုပ်နေပါတယ် … ကျွန်မအစတော့နားမလည်ခဲ့ပါဘူး .. နောက် ကားအရမ်းကြပ်လာတဲ့ အချိန်မှာပိုသတိထားမိတာက သူမဟာ ကျွန်မကို ကာကွယ်ပေးနေတာပဲ … ကားကြပ်လို့ကျွန်မနားတိုးဝှေ့လာတဲ့သူမှန်သမျှကို သူမက “ဒီနားလာမရပ်နဲ့လေ … ဒီကောင်မလေး ကြပ်နေမှာပေါ့”လို့ ရေရွတ်ပြီး သူမတွန်းထုတ်ပေးနေတာများ .. ကျွန်မရင်ထဲ ပီတိလေးတစ်ခု စီးဝင်သွားသလိုပါပဲ .. ကျွန်မဆင်းမယ့်မှတ်တိုင်ရောက်ကာနီးတော့ သူမဆီက ခြင်းတောင်းလေးကို လှမ်းယူပြီး “အဘွား.. ကျေးဇူးပဲနော် .. သမီးဆင်းတော့မယ် .. ”လို့ပြောလိုက်တော့ … “ငါ့မြေး သတိထားသွားနော် … လူတွေက ကောင်းတာမဟုတ်ဘူး”တဲ့ … ကျွန်မ အဘွားကို “ဟုတ်ကဲ့”လို့ ပြန်ဖြေလိုက်ပြီး ကားပေါ်က ဆင်းလိုက်ပါတယ် … ဘာပဲပြောပြော ကျွန်မအတွက် မေတ္တာရောင်ပြန်ဟပ်ခဲ့တာပါ … သူမအနားကို တိုးလာသူမှန်သမျှ သူမ လိုက်လံတွန်းထုတ် အော်ဟစ်ဆဲဆိုနေပေမယ့် သူမကို မေတ္တာထားခဲ့တဲ့ ကျွန်မအတွက်တော့ သူမဆီက မေတ္တာနဲ့ ကာကွယ်မှုကို ရရှိခဲ့ပါတယ် … နောက်ပိုင်း ကျွန်မဘတ်စ်ကားစီးတိုင်း သူမစီးတတ်တဲ့ ကားမှတ်တိုင် လေးမှာ အဘွားကို တွေ့လိုတွေ့ငြားရှာမိတတ်ပါသေးတယ် …

အားနည်းသူကို ကူညီတာဟာ သူများပစ္စည်းခိုးတာ .. သူများဒုက္ခရောက်အောင် လုပ်တာမဟုတ်တဲ့အတွက် ရှက်စရာမဟုတ်ပါဘူး … မိမိတတ်စွမ်းသလောက် အကူအညီပေးခြင်းဟာ ကောင်းမွန်တဲ့မင်္ဂလာတစ်ပါးပဲ မဟုတ်ပါလားရှင် …



စာချစ်သူများကို အစဉ်လေးစားစွာဖြင့်
မိုးညချမ်
18.7.2012 (2:01 p.m)

9 comments:

  1. အားနည်းသူကို ကူညီတာဟာ မင်္ဂလာတစ်ပါးပါပဲညီမလေးရေ။နောက်လည်း ဆက်ကူညီနိုင်ပါစေ။

    ReplyDelete
  2. အားနည်းသူကို ကူညီတာဟာ မင်္ဂလာတစ်ပါးပါပဲညီမလေးရေ။နောက်လည်း ဆက်ကူညီနိုင်ပါစေ။

    ReplyDelete
  3. အားနဲနေသူကိုကူညီပါ လှဲနေသူကိုထူပေးပါ
    ပိုစ့်ကောင်းလေးဖတ်ခဲ့တယ်မိုးညရေ

    ReplyDelete
  4. အရင်တင်ပိုစ့်ဟောင်းလေးပေမဲ့ မကြီးကတော့ ခုမှဖတ်ဖြစ်လို့
    အဟောင်းတွေထဲက ကောင်းဆဲပိုစ့်လေးကို အားပေး မှတ်သားသွားတယ် ညလေးရေ။
    ပျော်ရွှင်ပါစေ ညလေးရေ

    ReplyDelete
  5. နောက်တစ်ခေါက် ထပ်ဖတ်သွားပါတယ်..

    ReplyDelete
  6. အရင်ကမဖတ်ဖူးလို့ အကို့အတွက်တော့ အသစ်ပါပဲ ။အားနည်းတဲ့သူကို ကူညီတာ မင်္ဂလာတပါးပါပဲလေ ။

    ReplyDelete
  7. ကျွန်တော်တို့ နိုင်ငံမှာ ပရဟိစိတ်တွေဒီထက်ကျယ်ပြန့် 
    လာရင်သိပ်ကောင်းမယ်လို့ တွေးမိပါတယ်
    အခုခပ်များများတွေ့ နေရတာ
    ခေတ်စနစ်ဆိုးကြောင့်ထင်ပါရဲ့ 
    အတ္တဟိတ စိတ်တွေ လူတော်တော်များများရဲ့ 
    စိတ်မှာကိန်းအောင်းနေတာ စိတ်မကောင်းဘူး
    ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံလို့ အမည်ခံယူထားပြီး
    ဗုဒ္ဓအဆုံးအမတွေနဲ့ သွေဖီနေကျတယ်ဗျာ.......

    ReplyDelete
  8. ဖတ်လို့ကောင်းတဲ့ ရသစာစုလေးတစ်ပုဒ်ပါပဲ ။
    စာလေးထဲမှာကိုပင်
    တစ်ယောက်ကိုတစ်ယောက်ရိုင်းပင်းကူညီကြတာဟာအလွန်ကြည်နူးစရာကောင်းလှပါတယ် ။

    ReplyDelete
  9. အတွေးစတွေကို..အစဆွဲထုတ်စေတဲ့ပို့စ်လေးပါပဲ။ နာမကျန်းဖြစ်မှ..ကျန်းမာခြင်းရဲ့အရသာကို လူတိုင်းသိနိုင်ပေမယ့်...နောက်လာဖို့မသေချာတဲ့ အိုခြင်း၊ နာခြင်း ဆိုတဲ့ အိုမင်းရင့်ရော်၊ အားနည်းချိန်မှာမှ နုပျိုလတ်ဆတ်မှုရဲ့တန်ဖိုးကိုကြိုသိနိုင်ဖို့ဆိုတာ..မလွယ်လှပါဘူး။ ကျွန်တော်တို့လဲ..အိုမင်းပြီး..အားနည်ချည့်နဲ့တဲ့တချိန်ကိုရင်ဆိုင်ကြုံတွေ့ရမှာပါလို့တော့.သေချာပေါက်မပြောနိုင်ပါဘူး။ ဘာလို့လဲဆိုတော့..မရဏ ဆိုသော သေခြင်းတရားသည်..ကျွန်တော်တို့ရဲ့.အနီးကပ်ဆုံးနေရာမှာ စက္ကန့်မလပ်ရှိနေတာကြောင့်ပါပဲ။

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...