Friday, July 13, 2012

ပြန်တွေ့ဖြစ်ခဲ့ကြရင် ??



သူများတွေပြောနေကြတဲ့ “အသည်းကွဲခြင်း”ဆိုတဲ့အရာကြီးကို ကျွန်မမသိခဲ့ပါဘူး … ကျွန်မသူငယ်ချင်းတွေထဲက အသည်းကွဲပြီး ခံစားနေရတယ်လို့ ပြောတိုင်း အသည်းကွဲခြင်းဆိုတာ နှလုံးသားက တဆစ်ဆစ်နဲ့နာကျင်စွာခံစားရမယ်မှန်း မသိခဲ့ပါဘူး … သူတို့ခံစားနေရချိန်တွေဆို နှစ်သိမ့်အားပေးနေရုံကလွဲလို့လည်း ကျွန်မဘာမှမဝေဖန်ဖြစ်ခဲ့ပါဘူး … နှစ်သိမ့်စကားတွေနဲ့ပဲ အားပေးဖြစ်ခဲ့တဲ့ ကျွန်မဆီကို အချစ်ဆိုတဲ့အရာက တည့်တည့်ဝင်တိုးလာတဲ့အချိန် ကျွန်မဘဝထဲကို သူဝင်လာခဲ့တဲ့အချိန်ကစလို့ အချစ်ကိုခံစားတတ်ခဲ့တယ် … အလွမ်းဆိုတာကိုလည်း ခံစားဖူးခဲ့တယ် … ကျွန်မနဲ့စိတ်ချင်းတစ်ထပ်တည်းကျခဲ့တဲ့ သူ့ကို ကျွန်မသိပ်ချစ်ခဲ့တယ် … ကျွန်မတစ်ဘဝလုံးစာ လက်တွဲဖော်အဖြစ် ရွေးချယ်ဖြစ်ခဲ့တယ် … 

*-------------------------------------------------------------------*

ကျွန်မဘဝမှာ ဆယ်ကျော်သက်အရွယ်ကစလို့အချစ်ဆိုတာကို စိတ်မဝင်စားသလို ကျွန်မဘဝထဲကိုလည်း အဝင်မခံခဲ့ပါဘူး … ဒါပေမယ့် သူ့ကိုကျတော့ ကျွန်မရူးရူးမူးမူးချစ်မိခဲ့တယ် … သူနဲ့ပတ်သက်ပြီး အချစ်ဟာ ကျွန်မအတွက်ကိုးကွယ်ရာ ၊ ရှင်သန်ရာ တစ်ခုဖြစ်လာခဲ့တော့ ကျွန်မကိုယ်ကျွန်မတောင် အံ့သြမိရုံတင်မကဘူး … ကျွန်မချစ်သူငယ်ချင်းတွေကပါ ၀ိုင်းပြီးအပြစ်တင်ရှုံ့ချလာကြသည်ထိ ကျွန်မသူ့ကို သိပ်ချစ်ခဲ့ရတာပါ … သူငယ်ချင်းတွေနဲ့ အတိုက်အခံ လုပ် … မိဘတွေနဲ့ အတိုက်အခံလုပ်ရင်း တစ်ယောက်တည်းဖြစ်လာမှန်းမသိ ဖြစ်လာခဲ့ရပေမယ့် ကျွန်မဘေးမှာ သူအမြဲရှိနေတာပဲဆိုတဲ့ အတွေးတွေနဲ့ ပျော်ရွှင်ရတဲ့နေ့ရက်တွေကို ပိုင်ဆိုင်ခဲ့ဖူးရတာပေါ့ … တစ်ချိန်မှာ အတူနေခွင့်ရမယ်ဆိုတဲ့ စိတ်ကူးမျိုးကို ကျွန်မဘက်ကပဲ မိုက်မဲစွာတွေးနေမိခဲ့ပါတယ် …
တစ်ကယ်တော့ သူ့ဘက်က ကျွန်မတို့(၂)ယောက်အတူနေနိုင်ဖို့ အခွင့်အလမ်းတွေအများကြီးရှိပါရက်နဲ့ သူဘယ်တော့မှ မဆုပ်ကိုင်ခဲ့ဘူး … သူ့စိတ်ကူး၊ သူ့အတ္တတွေနဲ့ကတော့ သူ့အတွေးသူမှန်တယ်လို့ ထင်နေခဲ့လေသလား တော့ ကျွန်မ မသိပေမယ့် ကျွန်မမိုက်မဲစွာနဲ့ပဲ သူနဲ့တစ်နေ့မှာနီးစပ်ခွင့်ဆိုတဲ့ အတွေးမျိုးတွေနဲ့ ရူးသွပ် နေခဲ့မိပါတယ် … သူနဲ့ကျွန်မချစ်သူသက်တမ်း (၂)နှစ်ကျော်အချိန်လေးမှာ အကြောင်းပြချက် ဘာတစ်ခုမှ မရှိဘဲနဲ့ ကျွန်မဘဝထဲကနေ လုံးဝထွက်ခွာပျောက်သွားခဲ့တယ် … သူမရှိတဲ့အချိန်တွေကို အလူးအလဲခံစားရင်း၊ “အသည်းကွဲခြင်း”ဆိုတဲ့ အရသာကို နှလုံးသားက တဆစ်ဆစ်နာကျင်စွာခံစားရင်း ရက်၊ လ၊ နှစ်တွေကို ကြိုးစားကြိတ်မှိတ်ဖြတ်သန်းရင်းနေထိုင်လာခဲ့တာ ခုဆို(၃)နှစ်ပြည့်တော့မယ်လေ …

*-------------------------------------------------------------------*

သူငယ်ချင်းတွေကတော့ အားပေးနှစ်သိမ့်ပေးကြပေမယ့် ကျွန်မကိုယ်တိုင်မေ့ပစ်မှရမယ်ဆိုတာကိုတော့ ကျွန်မတဖြည်းဖြည်းနားလည်လာပါတယ် … မျက်ရည်တွေနဲ့ အလွမ်းတွေပြည့်နှက်နေရတဲ့ နေ့တွေကိုလည်း ကျွန်မတဖြည်းဖြည်း မုန်းလာမိပါတယ် …  ကျွန်မဘဝထဲကိုသူပြန်လာလေမလား? ကျွန်မရင်ခွင်ထဲကို သူပြန်ခိုဝင်လေမလားဆိုတဲ့ မိုက်မဲတဲ့ အတွေးတွေကတော့ မိုက်မဲစွာတွေးမိဆဲပါပဲ … ဒါပေမယ့် တစ်ချိန်မှာ သူကျွန်မဆီပြန်လာတဲ့အခါ ကျွန်မရင်ခွင်တံခါးကိုဖွင့်လို့ အပြုံးတွေနဲ့ ကျွန်မကြိုဆိုနိုင်ပါ့မလား? ဒါမှမဟုတ် တစ်ချိန်ချိန် တစ်နေရာရာမှာ ပုံစံတစ်မျိုးမျိုး အနေအထားတစ်ခုခုနဲ့ ကျွန်မနဲ့သူ တစ်နေရာရာမှာ ပြန်တွေ့ဖြစ်ခဲ့ကြရင်ရော ???????



မိုးညချမ်း
13.7.2012 (2:15 p.m)

9 comments:

  1. ညီမလေးရေ။

    ကိုယ်ချစ်မရှာနဲ့ မကြီးလွမ်းလို သူချစ်ရှာ။
    ကိုယ်ချစ်က ပူလောင်တယ်။ သူချစ်က ပီတိဖြစ်ဖို့ကောင်းတယ်။
    သူ့ချစ်ခြင်းတွေကို ကိုကျေနပ်ပီတိဖြစ်လာမှု့ များလာလေလေ
    သံယောဇဉ်တွယ်လာလေလေပေါ့။
    ကြာလာတော့လည်း သူချစ်ကနေ သူချစ်ကိုယ်ချစ်လေးဖြစ်လာတော့
    အေးချမ်းသွားတယ်။ ညီမလေးလည်း ကိုယ်ချစ်သူချစ်နဲ့ ဘဝမှာ
    စိတ်ချမ်းသာခြင်းတွေနဲ့ ပြည့်ဝနိုင်ပါစေလို့...



    ခင်မင်တဲ့
    မကြီးလွမ်း

    ReplyDelete
  2. အချစ်ကြောင့် ပျော်ရွှင်ရသလို
    အချစ်ကြောင့် ၀မ်းနည်းရတယ်
    ပြန်ဆုံဖြစ်ကြရင်တော့ . . .
    ကိုယ့်နှလုံးသားလေးကို ငုံ့ကြည့်ပြီး
    " ငါ့နှလုံးသားမှာ သူရှိသေးရဲ့လား " လို့
    မေးကြည့်လိုက်ပါဗျာ

    ReplyDelete
  3. ကိုယ်တိုင်မေ့ဖို့ကြိုးစားရမယ်မိုးညရေ
    မမေ့နိုင်သရွှေ့ကတော့ ကိုယ့်ရဲ့ စိတ်ကိုသူကအမြဲလွှမ်းမိုးထားမှာပဲ

    ReplyDelete
  4. အင်း....အချစ် အချစ် ခက်ပါလားနော် ။

    ReplyDelete
  5. ကိုယ်တိုင်ခံစားဖူးလို့လားမသိဘူး သည်ပိုစ့်ကိုဖတ်ပြီး ၀မ်းနည်းမိပါတယ်
    ကိုယ်ချင်းလည်းစာမိပါတယ်
    နောက်ဆုတ်ဖို့ကြိုးစားရင်း........ရှေ့တိုးမိတယ်......
    မေ့ပျောက်ဖို့ကြိုးစားမှ.............သတိကရနေပြန်ပြီ...........
    သည်သီချင်းလေးအတိုင်းပေါ့ ^_^

    ReplyDelete
  6. ပြန်တွေ့ဖြစ်ခဲ့ကြရင် ကိုယ့်ကိုယ်ကိုအရင်မေးကြည့်ပါ
    သူ့ကိုလက်ခံနိုင်သေးတယ် ဆိုရင်တော့ ......

    ReplyDelete
  7. ဖတ်ပြီးတော့ ထပ်တူခံစားလိုက်ရတယ်..

    ReplyDelete
  8. ဖတ်ရင်းနဲ့ငိုချင်လာပီ။ တစ်ချိန်က မျက်ရည်တွေကို သတိရလို့။

    ReplyDelete
  9. အင်းဒီအချစ်နဲ့ အလွမ်းတွေကတော့ တို့တွေကို တော်တော်နှိပ်စက်တယ်နော်။

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...