Saturday, August 30, 2014

Blog Day အမှတ်တရ Blogger ဘဝ



ဘလော့ဂါ Day အမှတ်တရပိုစ့်တဲ့ …။ တီတင့်က ဆော်သြလိုက်တော့ အားလုံးသော Blogger မောင်နှမတွေက ကိုယ်စီကိုယ်ငှ တက်တက်ကြွကြွရေးနေကြလေတော့ ကိုယ်လည်း Blog တစ်ခုနဲ့ စာတိုပေစလေးတွေရေးနေတဲ့ စာရူးသူပေမို့ တဂ်ပိုစ့်လေးကို မရမကရေးချင်လာမိတယ်…။

ကဲ … blogger ဘဝဘယ်ကစလည်းလို့ ပြောရရင်တော့ ၂၀၁၂ ခုနှစ်၊ မတ်လလောက်မှာ စတာပေါ့။ ငယ်ငယ်လေးကလည်းက ဆရာမဂျူး၊ ဆရာဖေမြင့်၊ ဆရာကြီးချစ်စံဝင်းတို့ရဲ့ စာအုပ်တွေဖတ် …။ ကိုယ်လည်း အဲလိုစာလေးတွေရေးကြည့်ချင်တယ်ဆိုတဲ့ အတွေးလေးက ရှိလေတော့ ဗလာစာအုပ်လေးတစ်အုပ်နဲ့ ဟိုခြစ်သည်ခြစ်ပေါ့လေ။ မှတ်မှတ်ရရ ရှစ်တန်းနှစ်မှာ စာမျက်နှာ ၄၀ ရှိတဲ့ အကြမ်းစာအုပ်လေးနဲ့ ကိုယ်ဖန်တီးတဲ့ ဝတ္ထုစာအုပ်လေးတစ်အုပ် ရေးဖူးတယ်။ ဇာတ်သိမ်းထိမရောက်ပေမယ့် စာအုပ်တစ်ဝက်ကျော်သည်ထိ ဇာတ်အိမ်က ပါလာပြီးသား။

ဒါပေမယ့် ကိုးတန်းနှစ်ရောက်တော့ ရှစ်တန်းစာအုပ်တွေ ရှင်းလင်းရေးလုပ်တော့ ပါသွားသလား ဘာလားတော့ မသိဘူး။ အဲဒီဝတ္ထုစာအုပ်လေး ဘယ်လိုမှရှာမတွေ့တော့ဘူး။ နှမြောလိုက်တာလေ … အဲဒီတုန်းက စိတ်ကူးအတိုင်း အခုနေရေးပါဆို ဇာတ်အိမ်တော့ စဉ်းစားလို့ရတယ်။ ဒါပေမယ့် ခံစားမှုချင်းမတူတော့ ဘယ်လိုမှရေးလို့မရတော့ဘူး။

Facebook ဆိုတဲ့ Social site ကြီးပေါ်လာတော့ ကိုယ်ရေးထားတဲ့စာအတိုအစတွေ ဟိုရေး သည်ရေးပေါ့။ ပရဟိတအလုပ် လုပ်ရင်းနဲ့လည်း အလှူခရီးစဉ် Documentary လေးတွေကိုမပျက်မကွက်ရေးဖြစ်နေခဲ့တယ်။ မှတ်မှတ်ရရ ကျွန်မရေးထားတဲ့ မရမ်းချောင်းအနာကြီးရောဂါသည်ဂေဟာကို သွားလှူတဲ့အလှူပိုစ့်လေးကို မမမြသွေးနီက ဖတ်ပြီး “မိုးညရေ … ညလေးက စာအရေးအသား ကောင်းတယ် … ဆက်ရေးနော်”ဆိုတဲ့ အားပေးလိုက်မှုက ကျွန်မကို စာတွေဆက်ရေးဖို့ အားဖြစ်စေခဲ့တာပါ။
ဒီလိုပဲ Facebook ပေါ်မှာ ကျွန်မရေးတဲ့ ကဗျာတွေ ဝတ္ထုတိုတွေကို ဖတ်ပြီး Blogger အစ်ကိုတစ်ယောက်ဖြစ်တဲ့ ဦးဇောင်းနဲ့ Blogger တစ်ယောက်ဖြစ်တဲ့ ချစ်မမ မာယာဖြူ တို့က “Blog လေးလုပ်ပြီး ညလေးရေးထားတဲ့ စာလေးတွေ တင်ပါလား”လို့ ပြောလာပါတယ်။ ဒီလိုနဲ့ပဲ ၂၀၁၂ ခုနှစ်၊ မတ်လမှာ ဦးဇောင်း ဖန်တီးပေးတဲ့ www.moenyachan.com ဆိုတဲ့ blog လေးမှာ ကျွန်မရေးတဲ့စာလေးတွေကို တစ်စုတစ်စည်းထဲ တင်ဖြစ်လာပါတယ်။

ကျွန်မရဲ့ blog လေးဆီ ပထမဦးဆုံးစာတွေဝင်ဖတ်အားပေးသူတွေက ကိုလွင်ပြင်နဲ့ မမစံပယ်၊ အဲဒီနောက်မှာတော့ နွေလ၊ အိမ်မက်ကောင်းကင်၊ မြတ်နိုးသူ၊ မမမြသွေးနီတို့က တင်သမျှစာလေးတွေမှန်မှန်ဖတ်ပြီး မှတ်ချက်တွေ comment တွေ ပေးကြလေတော့ ကျွန်မရဲ့ Blog လေးဟာ တစ်နေ့တစ်ခြား ဝေဆာလာခဲ့တယ်။ blogger အချင်းချင်းကတစ်ဆင့် facebook က စာချစ်သူတွေပါ ကျွန်မ blog လေးဆီ စာတွေဝင်ဖတ်ကြတော့ ကျွန်မရဲ့စာရေးချင်တဲ့စိတ်တွေက တစ်နေ့တစ်ခြား ပိုပိုတိုးလာခဲ့တယ်။

၂၀၁၃ ခုနှစ် အစပိုင်းမှာတော့ တီတင့်နဲ့ ခင်မင်ရင်းနှီးခဲ့ပြီး တီတင့်ရဲ့ဖိတ်ကြားချက်အရပဲ တီတင့်အိမ်မှာ blogger များ ဆုံဆည်းကြလေတော့ စီနီယာ အစ်ကိုအစ်မတွေ သူငယ်ချင်းတွေကို တွေ့ဖူးမြင်ဖူးချင်တာနဲ့ မရောက် ရောက်အောင် သွားဖြစ်ခဲ့တယ်။ တီတင့် ချက်ကျွေးတဲ့ မုန့်တွေကို Blogger မောင်နှမတွေ တပျော်တပါးစားရင်း ပျော်ရွှင်ခဲ့ရတဲ့ နေ့လေးတစ်နေ့ ပိုင်ဆိုင်ခဲ့ပြီး Blogger မောင်နှမတွေနဲ့ ခင်မင်ရင်းနှီးခဲ့ရတဲ့ အမှတ်တရနေ့လေးကို သတိရလျှက်ပေါ့။ ဖြစ်နိုင်မယ်ဆိုရင် အားလုံးနဲ့ နောက်တစ်ခေါက်ပြန်ဆုံပြီး အမှတ်တရတွေထပ်ပိုင်ဆိုင်ချင်ပါရဲ့။ ကျွန်မရဲ့ Blog လေးမှာလည်း ကျွန်မဝါသနာပါပြီး ရေးချင်တဲ့စာလေးတွေကို ရေးသားရင်း Blog လေးလည်း ရေရှည်တည်တံ့ချင်ပါရဲ့။ comment လေးတွေလည်း အများကြီး အများကြီး လိုချင်မိပါရဲ့။

ဒါနဲ့လေ စကားမစပ် တီတင့်ပေးထားတဲ့ ကျွန်မရဲ့ Blogger အမှတ်က(၈၄)နော် …။


စာချစ်သူများကို အစဉ်လေးစားလျှက်
မိုးညချမ်း
30.8.2014 (6:13 p.m)

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...