Monday, February 11, 2013

ကြွေလွင့် ကြေမွခဲ့လေသော နိဂုံး (အပိုင်း-၁)





“သမီးရေ … သမီး ဖုန်းလာနေတယ် အောက်ခဏဆင်းခဲ့အုံး”လို့ မေမေ့ခေါ်သံကြားမှ ကျွန်မရေးလက်စ စာကို ခဏဖြတ်လို့ အောက်ထပ်ဆင်းလာလိုက်ပါတယ်။ မေမေက “နှင်းလေး …”လို့ ပြောရင်း ကျွန်မထံသို့ ဖုန်းလှမ်းပေးပြီး မီးဖိုချောင်ကိုဝင်သွားလေရဲ့။

“သူငယ်ချင်းရေ … နင့်အစ်မ အမျိုးသားက လာမယ့် Sunday မင်္ဂလာဆောင်တဲ့ဟ … ငါ့အစ်မ သူငယ်ချင်းနဲ့ပဲ … အဲဒါလှမ်းဖုန်းဆက်ပေးတာ…”ဆိုတဲ့ ကျွန်မရဲ့ ချစ်သူငယ်ချင်းမ နှင်းလေးရဲ့ သတင်းပေးစကားနဲ့အတူ (၁၀)မိနစ်လောက်ဖုန်းပြောအပြီးမှာတော့ “ငါ အဲဒီမင်္ဂလာဆောင်ကို သွားဖြစ်ရင် နင်လိုက်ခဲ့ပေးနော်”ဆိုတဲ့ ချိန်းဆိုမှုကိုပြောကာ ဖုန်းချလိုက်ပြီး အတိတ်နေ့ရက်ဆီသို့ အတွေး တစ်ချို့ ရောက်သွားမိလိုက်ချိန်မှာတော့ ကျွန်မရင်ထဲအတော်လေး ဆို့နင့်သွားရပါတယ်။

****************************************************

“ချမ်းမြေ့လင်း” ကျွန်မချစ်ခင်ရသော အစ်မတစ်ယောက် …။ ဆွေမျိုးနီးစပ်တော်သည့် ညီအစ်မ သံယောဇဉ်မျိုး မဟုတ်ဘဲ အင်တာနက်အွန်လိုင်းကနေ ခင်မင်ရတဲ့အစ်မ …။ ခင်မင်စကတော့ အပြင်မှာ တစ်ခါမှမမြင်ဖူးပေမယ့် အမြဲလိုလိုဖုန်းပြောဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ရင်ဖွင့်ပြောပြ တိုင်ပင် တတ်ခြင်းတွေနဲ့ တစ်ကယ့်ညီအစ်မတွေလို သံယောဇဉ်တွယ်နေကြတာပေါ့။  ကျွန်မကလည်း ဖေဖေမေမေတို့ရဲ့ တစ်ဦးတည်းသောသမီးဖြစ်လို့ မောင်နှမသံယောဇဉ်ကို ငတ်မွတ်သူ တစ်ယောက်အနေနဲ့ မမချမ်းမြေ့ကို အစ်မရင်းတစ်ယောက်လိုချစ်ခင်မိသလို ညီမ မရှိတဲ့ မမအဖို့လည်း ကျွန်မက တိုင်ပင်ဖော်ဖြစ်ခဲ့ရတယ်။ မမနဲ့ခင်မင်ပြီး (၁)နှစ်ကျော်အချိန်လောက်မှာတော့ ကျွန်မရဲ့အသစ်ရေးမယ့် ဝတ္ထုတစ်ပုဒ်အတွက် ကုန်ကြမ်းရှာရင်း မမရှိရာ တောင်ပေါ်မြို့လေးဆီသို့ အလည်တစ်ခေါက်ရောက်ဖြစ်ခဲ့ပါတယ်။

တစ်ခါမျှမရောက်ဖူးတဲ့ တောင်ပေါ်ဒေသတစ်ခုကို တစ်ခါမှမမြင်ဖူးပဲ သံယောဇဉ်တွယ် ချစ်ခင်ရတဲ့မမ အားကိုးနဲ့ပဲ အလည်ရောက်ဖြစ်ခဲ့ပါတယ်။ မမရဲ့ဖိတ်ခေါ်မှုနဲ့ပဲ မမအိမ်မှာသာတည်းခိုဖြစ်ခဲ့ပြီး ချစ်စဖွယ်အပြုံးမျက်နှာ၊ နွေးထွေးစွာဖော်ရွေမှုတို့နဲ့ ကျွန်မအလည်ရောက်တုန်း (၁)လ အတောအတွင်းမှာ သေချာစွာဂရုစိုက်ပေးရင်း မမနဲ့ကျွန်မတို့ (၂)ယောက်ရဲ့သံယောဇဉ် ပိုလို့ခိုင်မာခဲ့ရတယ်။ ကျွန်မအလည် ရောက်တုန်းအချိန်အတွင်းမှာ မမအမျိုးသားဆိုသူကို (၃) (၄)ကြိမ်တွေ့ခဲ့ဖူးတယ်။ အလုပ်များလို့ဆိုတဲ့ အကြောင်းပြချက်နဲ့အတူ မနက်အစောထွက်သွား ညအတော်လေးမိုးချုပ်မှပြန်လာတတ်ပြီး တစ်ခါတစ်ရံ ယမကာအနည်းငယ် မှီဝဲလာချိန်ဆိုရင်တော့ မမနဲ့သူ့အမျိုးသားတို့ စကားအနည်းငယ်များကြတာကို တိတ်ဆိတ်တဲ့ ညဉ့်နက်နက်မှာ တစ်ဖက်ခန်းမှာရှိတဲ့ အိပ်မပျော်သေးသော ကျွန်မကအတိုင်းသား ကြားနေရတတ်ပါတယ်။ ကိုယ်နဲ့မဆိုင်သောကိစ္စရပ်တစ်ခုဆိုပေမယ့်လည်း ကိုယ့်အစ်မအရင်းတစ်ယောက်လို သံယောဇဉ် တွယ်နေရသူဖြစ်တဲ့ မမက တောင်းပန်တိုးလျှိုးပြီး ပြောသံတွေ၊ ငိုသံပါနေတဲ့အသံတွေကြားပြီး မမအပေါ် သနားစိတ်ကလေးလည်း ဖြစ်ပေါ်လာမိပြန်တယ်။

တစ်နေ့တစ်နေ့ ကျယ်ဝန်းသောအိမ်ထဲမှာ မနက်မိုးလင်းကနေ ညနေမိုးချုပ်သည်ထိ ခြံထဲက ပန်းပင်လေး တွေနဲ့သာ အဖော်ပြုနေတတ်သူ၊ အိမ်ထောင်မှုကိစ္စအဝဝကို မိမိကိုယ်တိုင်သာလုပ်ချင်လို့ အိမ်အကူ တစ်ယောက်တစ်လေတောင် ခေါ်မထားတတ်တဲ့ အိမ်ရှင်မပီသသူ၊ တစ်ခါတစ်ရံ ခြံထဲကထိုင်ခုံလေး ပေါ်မှာထိုင်ရင်း ဝမ်းနည်းရိပ်တွေနဲ့ ငေးမောနေတတ်သူ၊ နှုတ်ကဖွင့်ဟမပြောပေမယ့် အလွန်အားငယ် အထီးကျန်မှုကို ခံစားနေရသူဆိုတာ ကျွန်မအလည်ရောက်နေသည့်အချိန် အတောအတွင်းမှာ သိလိုက်ရခြင်းအတွက် မမအပေါ်သံယောဇဉ် ပိုတိုးမိပြန် ပါရော။ တောင်ပေါ်မြို့လေးဆီသို့ စရောက်ကာစက အသားဖြူသွယ်လျသော်လည်း မျက်နှာ အနည်းငယ် ချောင်ကျသယောင်ရှိသော မမတစ်ယောက် ကျွန်မအလည် ရောက်နေစဉ်အတောအတွင်း ဘယ်လောက်များ ဝမ်းသာနေသလည်းဆိုတာ ပြည့်ပြည့်ဖြိုးဖြိုးဖြစ်လာတဲ့ မမရဲ့မျက်နှာသွင်ပြင်အရ ရိပ်မိတာပေါ့။ ထိုမြို့လေးဆီက မရောက်ဖူးတဲ့ဘုရားတွေ၊ နေရာတွေကို ကိုယ်တိုင်ကိုယ်ကျလိုက်ပို့လို့ ကျွန်မစားချင်သော အစားအစာတွေကို ဖွယ်ဖွယ်ရာရာချက်ကျွေးရင်း ကျွန်မနဲ့အတူ ညီအစ်မ (၂)ယောက်လက်ဆုံစားရင်း “ညီမလေး ပြန်သွားရင်တော့ မမအရမ်းလွမ်းကျန်ခဲ့ တော့မှာပဲကွယ်”ဆိုတဲ့ စကားတွေအောက်မှာ ကျွန်မမျက်ရည်ဝဲခဲ့ဖူးပါတယ်။

ဒီလိုနဲ့ကျွန်မပြန်မယ့်နေ့မှာ မျက်နှာလေးညှိုးငယ်လို့ မျက်ဝန်းအိမ်မှာမျက်ရည်တွေနဲ့ “မမဆီမကြာခဏ လာလည်ပါ ညီမလေးရယ်”ဆိုတဲ့ စကားလုံးတွေအောက်မှာ ကျွန်မမျက်ရည်တွေထိန်းမရခဲ့ပါဘူး။ ကျွန်မရန်ကုန်ပြန်ရောက်ပြီးနောက်ပိုင်းလည်း နေ့တိုင်းလိုလို မမနဲ့ဖုန်းပြောဖြစ်၊ Online မှာလည်း အမြဲစကားတွေပြောဖြစ်ရင်း အဆက်အသွယ်မပြတ်ခဲ့ပါဘူး။ ကျွန်မစိတ်ညစ်တဲ့အခါဆိုရင်လည်း ဖုန်းထဲကနေ အနည်းငယ်ပျက်ယွင်းနေတဲ့ စကားပြောသံကြောင့် ချက်ချင်းရိပ်မိတတ်တဲ့ မမပေါ့။ မမဆီက ဖုန်းမလာတဲ့ရက်ဆို နေမကောင်းလို့များလား တွေးရင်းစိတ်ပူပြီး ကျွန်မဘက်က ချက်ချင်းဖုန်းခေါ် တတ်တာမျိုးပေါ့။ ကျွန်မမေမေကတောင် မမကိုမမြင်ဖူးပေမယ့် တရင်းတနှီးရှိနေပြီ။ အဲဒီလောက်ထိ သံယောဇဉ်တွယ်နေရင်း နေ့တိုင်းနီးပါးအဆက်အသွယ်မပြတ် ဖုန်းပြောဖြစ်နေကြရင်းကနေ ကြိုတင် ပြောပြခြင်းမရှိပါဘဲ မမဆီက ဖုန်းအဆက်အသွယ်ပြတ်သွားခဲ့ပါတော့တယ်။ ကျွန်မဘက်က ဖုန်းခေါ်ပေမယ့် လည်း တစ်ဖက်ကဖုန်းကိုင်ဖြေကြားပေးခြင်း မရှိလေတော့ မမတစ်ယောက် ဘာများဖြစ်လို့လည်းလို့ စိတ်ပူခြင်းများစွာနဲ့ တောင်ပေါ်မြို့လေးဆီလိုက်သွားဖို့ ပြင်ဆင်နေတုန်း မေမေကလည်း ရုတ်တရက် ကျန်းမာရေးမကောင်းဖြစ်သွားတာနဲ့တိုက်ဆိုင်ပြီး မမဆီသွားဖို့စိတ်ကူးကို ဖျက်ပစ်လိုက်ရတော့တာပေါ့။
တစ်လကျော် နှစ်လလောက်နီးပါး ဖုန်းအဆက်အသွယ်ပြတ်သွားပြီး တစ်ရက်မှာတော့ ကျွန်မဆီသို့ ဆိုင်းမဆင့်ဘုံမဆင့် မမတစ်ယောက်ရောက်ချလာပါတယ်။ ညှိုးငယ်နေတဲ့မျက်နှာနဲ့ ကျွန်မကိုတွေ့တွေ့ချင်းပဲ “ညီမလေးရယ်”ဆိုပြီး ရှိုက်ကြီးတငင်ငိုပါတော့တယ်။ ဘာအကြောင်းအရာရယ်လို့ သေချာမသိပေမယ့် မမရဲ့ငိုရှိုက်သံကြောင့် ကျွန်မပါမျက်ရည်တွေ ကျလာမိတယ်။

“မမ … ဘာဖြစ်လာတာလည်း … ပြော ညီမလေးကို ပြောပြ”လို့ မေးပေမယ့် ပြန်ဖြေဖော်မရအောင် ဝမ်းနည်း ပက်လက်ငိုနေတဲ့ မမကိုဘယ်လိုချော့ရမလည်းတောင် မစဉ်းစားနိုင်အောင်ပါပဲ။ အတော်လေးကြာအောင် ငိုနေပြီး မျက်လုံးတွေမို့အစ်လာတော့မှ “မမ … တော်တော့ ဘာတွေဖြစ်လာလို့လည်း … ညီမလေးကို ပြောပါအုံး … စိတ်ပူလို့ သေတော့မယ်”လို့ တရစပ်မေးရပါတော့တယ်။

“မမ ဘယ်ကစပြောရမှန်းတောင် မသိတော့ပါဘူး ညီမလေးရယ် … ပြောရမှာလည်း ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို ဖြစ်နေမလားလည်း စိုးတယ် … မမကြောင့် ညီမလေး စိတ်ရှုပ်သွား ရမှာလည်း ကြောက်တယ်ကွယ် …”

“အို … မမရယ် …. မမနဲ့ညီမလေးက သူစိမ်းတွေမှမဟုတ်ကြပဲကွယ် … ပြောပြပါအုံး။ ဘာများဖြစ်လာတာ လည်းဟင်”ဆိုတဲ့  ကျွန်မရဲ့အမေးအတွက် ရှိုက်သံသဲ့သဲ့နဲ့ ရင်ဖွင့်ပါတော့တယ်။



အပိုင်း(၂) ဆက်ရန် …


မိုးညချမ်း
3.2.2012 (1:00 p.m)

13 comments:

  1. အင်းးး... စိတ်ဝင်စားစရာပဲ ဒုတိယပိုင်းလေး မျှော်နေပါတယ်

    ReplyDelete
  2. ဇာတ်လမ်းလေးကတော့ အစကောင်းပါပဲ...
    အရှိန်တော့ရနေပြီ မိုးညရေ....
    အပိုင်း (၂)လေးမျှော်နေတယ်နော်...:)
    ချစ်တဲ့.....မိုးနတ်

    ReplyDelete
  3. စိတ်ဝင်စားစရာကောင်းအောင်

    ဆွဲဆောင်ထားတာမို့၊

    အပိုင်း ၂ ကို စောင့်နေပါ့မယ်။

    ReplyDelete
  4. လက်ဆက်စောင့်ဖတ်နေမယ် ညီမလေးမိုးညရေ..
    အားပေးနေတယ်။


    ချစ်ခြင်းများစွာဖြင့်
    မကြီးလွမ်း

    ReplyDelete
  5. တကယ်ကိုကောင်းတဲ့အခန်းလေးမှာပဲ မီးပျက်သွားပါကြောင်း
    စာဖတ်သူများအားလုံးကိုအသိပေးအပ်ပါတယ်

    ReplyDelete
  6. စောင့်မျှော်လျှက်ပါကွယ်..
    ချစ်စံအိမ်

    ReplyDelete
  7. ဟုတ်ပ.. တကယ့်အချိန်ကြီးမှာ ဖြတ်ချလိုက်တယ်. ဇွတ် :/

    ReplyDelete
  8. FB ကနေတစ်ဆင့် ၀င်ပြီးစာလာဖတ်သွားတယ် ညီမလေး...
    အပေါ်က မောင်နှမတွေပြောသလိုပဲ ပြောချင်ပါတော့တယ်...
    အခန်းဆက်လေး ဖတ်ခွင့်ရချင်ပါသေးတယ်...

    ခင်မင်ခြင်းအားဖြင့်...
    ဏီလင်းညို

    ReplyDelete
  9. အပိုင်း (၂) ကိုမြန်မြန်လေးဗျို့ :)

    ReplyDelete
  10. ဇတ်လမ်းက အဖွင့်မှာကိုပဲ တခါထဲ ဇတ်ရှိန် တက်သွားခဲ့တယ်..၊ ဘယ်လိုတွေကြောင့်များ ဝမ်းနည်းခြင်းတွေနဲ့ ဆုံဆည်းရတာလဲလို့ သိချင်စိတ် ဖြစ်တာမို့ ဆက်ရန်ကို စောင့်နေပါတယ် ညီမရေ...။

    ReplyDelete
  11. ရက်စက်လှပါသော်ကောဗျာ
    ဖတ်ကောင်းပြီဆိုရင် နောက်ထပ်မျှော်ရန်စာကြောင်းတွေပေါ်ပေါ်လာတာ မကောင်းဘူး။
    မျှော်ဆိုတော့လည်း မျှော်ရတာပေါ့ဗျာ့ သို့ပေသိ မြန်မြန်တင်ဗျ ။

    ReplyDelete
  12. စိတ်ဝင်စားစွာဖြင့် စောင့်မျှော်လျှက်ပါ မိုးညရေ...

    ReplyDelete
  13. အပိုင်း ၂ သွားဖတ်လိုက်ဦးမယ်နော်။ :))

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...