Friday, February 1, 2013
အဖြူရောင်ကလေးငယ်
ဒီမနက်တော့ ဆရာဖေမြင့်ရေးသားတဲ့ “ဦးနှောက်နှင့် နှလုံးသား(ခံစားမှုနှင့် အတွေးစာစု)”စာအုပ်လေးထဲက “သားသမီးကိုချစ်သလား၊ အညွန့်တုံးအောင်မပြောပါနှင့်”ဆိုတဲ့ အကြောင်းအရာလေးကို ဖတ်ပြီး ဟိုးတစ်လောက ပျံကျရပ်ကွက်တစ်နေရာကို ပရဟိတကိစ္စနဲ့ပတ်သတ်လို့သွားရင်း အဖေဖြစ်ဟန်တူသူက ကလေးငယ်လေးကို မစာမနာရိုက်နှက်နေတဲ့ မြင်ကွင်းလေးကို ကျွန်မ သွားသတိရလိုက်ပါတယ်။ ကလေးက အလွန်ဆုံးရှိလှ (၄) (၅)နှစ်ပေါ့။ ကလေးကို သူ့ရဲ့ဖိနပ်နဲ့ ခေါင်းကိုရိုက်လိုက်၊ ပါးကိုရိုက်လိုက် ခြေထောက်တွေနဲ့ ကန်လိုက်ရိုက်နေလိုက်တာများရှင်။ ကလေးခမျာမှာလည်း လူးလှိမ့်လို့ “ကြောက်ပါပြီ။ သားကိုမရိုက်ပါနဲ့တော့”လို့ အော်ဟစ်ငိုယိုတောင်းပန်နေတဲ့ မြင်ကွင်းကိုကြည့်ပြီး ရင်ထဲမချိအောင်ပါပဲ။ ကျွန်မနဲ့ဘာမှမသက်ဆိုင်တဲ့ မြင်ကွင်းတစ်ခုလို့ပြောလို့ရပေမယ့် အတော်လေးကြာအောင် ထိုမြင်ကွင်းကို စိုက်ကြည့်နေမိတယ်။ အတူပါလာတဲ့ သူငယ်ချင်းမလေးက “ဟဲ့ ဘာငေးနေတာလည်း သွားမယ်လေ”လို့ သတိပေးလိုက်မှ ကျွန်မကိုယ့်ကိုကိုယ် ပြန်သတိထားမိလိုက်တာက မျက်ရည်တွေကျနေမိတယ်ဆိုတာပါပဲ။
အဲဒီကလေးငယ် ခိုးသလား? ဝှက်သလား? မဟုတ်တာပဲ လုပ်သလား? ရိုက်ပါ။ သို့ပေမယ့် ထိုလောက်ကြီး မြေမှာလူးလိမ့်နေလောက်သည်ထိ ရိုက်နှက်ဖို့ လိုသလားရှင်။ “မိဘ”က ပညာမတတ်လို့ အဲဒီလိုဖြစ်တာလို့ ပြောလို့ရနိုင်ပေမယ့် သူ့မှာအနည်းအကျဉ်းတော့ တွေးခေါ်တတ်စိတ်ရှိလောက်မှာပါ။ သူတွေးတောတတ် စဉ်းစားတတ်လို့ ကလေးငယ်မှားလို့ပဲဖြစ်ဖြစ်၊ သူခိုင်းတာတစ်ခုခုမလုပ်ပေးလို့ပဲဖြစ်ဖြစ် ရိုက်နှက်ဆုံးမတာလို့ ကျွန်မယူဆမိလိုက်ပါတယ်။ ကလေးငယ်မှာ အမှားမရှိဘဲ အသားလွတ်ရိုက်ခြင်းဆိုရင်တော့ သူ့စိတ်ဓါတ်ဟာ အတော်လေးဆိုးရွားနေပြီလို့ ထင်မိတယ်။ ပညာမတတ်သော်လည်း အသိဉာဏ်ရှိတဲ့သူတစ်ယောက်အနေနဲ့ လက်အုပ်ချီငိုယိုတောင်းပန်နေတဲ့ကလေးငယ်ကို မစာမနာရိုက်နှက်နေခြင်းအတွက် ကျွန်မကသာ မခံမရပ်နိုင် ဖြစ်လို့ မျက်ရည်တွေကျနေမိတာ။ ဘေးကလူတွေကတော့ အေးဆေးပဲ။ ဝင်လည်း မဆွဲကြဘူး။ ဒီအတိုင်း ရပ်ကြည့်နေကြလေရဲ့။ သူတို့ပတ်ဝန်းကျင်မှာ ဒီလိုမြင်ကွင်းကဖြစ်ပျက်နေကြလား မသိပေမယ့် ကျွန်မ အသိစိတ်နဲ့ နှလုံးသားကတော့ ဘယ်လိုမှလက်မခံနိုင်တဲ့ မြင်ကွင်းဖြစ်နေပါတယ်။
မှန်ပါတယ် “မိဘ”ဆိုတာ သားသမီးကို ရိုက်နှက်ဆုံးမပိုင်ခွင့်လည်း ရှိကြပါတယ်။ သို့ပေမယ့်လည်း နှလုံးသားနုသေးတဲ့၊ အတွေးအခေါ်မရင့်ကျက်သေးတဲ့ ကလေးငယ်တစ်ယောက်က အမှားလုပ်ခဲ့မိတယ်ပဲ ထားအုံး။ အမှားတစ်ခါလုပ်တိုင်းသာ အဲဒီကလေးငယ်ကို ကျွဲရိုက်၊ နွားရိုက် ရိုက်ရမယ်ဆိုရင် ကလေးငယ်ရဲ့ စိတ်ထဲမှာ ဖော်မပြနိုင်တဲ့ “ဒဏ်ရာ”တစ်ခုရသွားပြီ။ အဲဒီကလေးအရွယ်ရောက်လာတာနဲ့အမျှ သူ့ဘဝမှာ ပျော်ရွှင်စရာတွေ တွေ့ကြုံရတယ်ဆိုတော်သေးရဲ့။ စိတ်ညစ်စရာတွေ၊ စိတ်ဓါတ်ကျစရာတွေသာ ကြုံတွေ့နေရ မယ်ဆို ငယ်စဉ်ကတည်းက ရခဲ့တဲ့ စိတ်ဒဏ်ရာ ဘယ်လောက်ထိ ဆိုးဝါးစွာ စိတ်အစဉ်ကို ဒုက္ခပေးနေ လိုက်မလဲရှင်။ ကိုယ်ချင်းစာမိပါရဲ့။
ကျွန်မငယ်စဉ်က ဖေဖေဘုရားရှိခိုး၊ တရားထိုင်နေတုန်း ပစ္စည်းတစ်ခုလွတ်ကျလို့ အသံကျယ်လောင်စွာ ထွက်သွားခြင်းအတွက် ဖေဖေ့ရဲ့လမ်းလျှောက်တုတ်ကောက်ကျိုးသည်ထိ လှိမ့်နေအောင်အရိုက်ခံရဖူးပါတယ်။ အဲဒီတုန်းက အပြစ်မရှိဘဲရိုက်ပါတယ်ဆိုပြီး ဖေဖေ့ကိုစိတ်ဆိုးလွန်းလို့ တစ်လလောက်စကားမပြောဖြစ်ခဲ့ဘူး။ ဖေဖေက “သူမုန်းလို့ရိုက်တာမဟုတ်ဘူး၊ အဲဒီတုန်းက သူအလုပ်မှာလည်းအဆင်မပြေခြင်း၊ အချို့ကိစ္စတွေ မှာလည်း အဆင်မပြေခြင်းတွေအတွက် ကျွန်မကဒေါသဖြေလျှော့ရာဖြစ်ခဲ့ရတာပါ”လို့ မေမေ့ကိုပြောပြခြင်း တွေကို ကြားခဲ့ရပေမယ့် ကျွန်မစိတ်ထဲမမေ့ပျောက်နိုင်တဲ့ဒဏ်ရာတစ်ခု ရခဲ့ဖူးတယ်။ တစ်ခါတစ်ရံဖေဖေနဲ့ စကားပြောဖြစ်တဲ့အခါ တိုက်ဆိုင်တိုင်း ကျွန်မထိုသို့ရိုက်နှက်ခံရဖူးခြင်းကို “ဖေဖေ သမီးငယ်ငယ်က အဲလိုရိုက်ခဲ့ဖူးတာကို သမီးမေ့လို့မရဘူး”လို့ ပြောလိုက်တဲ့အခါ စိတ်မကောင်းဖြစ်ဖြစ်သွားတတ်တဲ့ ဖေဖေ့ကို ကြည့်ပြီး ကျွန်မအမြဲငိုခဲ့ဖူးတယ်။ ဒါတောင် ကျွန်မရရှိဖူးတဲ့ စိတ်ဒဏ်ရာက ခပ်နက်နက်မဟုတ်သေးပေမယ့် ကလေးဘဝရဲ့ နူးညံ့တဲ့စိတ်ရှိစဉ်အခါက ရခဲ့တာဆိုတော့ မေ့ဖျောက်မရတဲ့ နာကျင်စရာဖြစ်ခဲ့ရတယ်။ “စိတ်ဒဏ်ရာ”ဆိုတာ ပြောတော့သာ စကားလုံးလေး (၃)လုံးတည်းရယ်။ တစ်ကယ်တမ်းခံစားရတဲ့အခါ တဆစ်ဆစ်နဲ့ဘယ်လောက်နာကျင်ရတယ်ဆိုတာ ခံစားဖူးသူတွေသာ အသိဆုံးပေါ့။
ကလေးငယ်တစ်ယောက်ရဲ့ နူးညံ့တဲ့အဖြူရောင်စိတ်လေးမှာ ခပ်ညစ်ညစ်အရောင်တစ်ချို့ စွန်းထင်းသွားပြီ ဆိုရင်တော့ အဲဒီကလေးငယ်ရဲ့ ဘဝတစ်လျှောက်လုံး ခပ်ညစ်ညစ်အရောင်စွန်းနေတဲ့ စိတ်က တိုက်ဆိုင်မှု ရှိတိုင်းပဲဖြစ်ဖြစ် စိတ်ဓါတ်ကျနေချိန်ပဲဖြစ်ဖြစ် ဘယ်လောက်များစိတ်ဒုက္ခပေးလိုက်မလည်းလို့ တွေးမိပါရဲ့။ ကလေးငယ်တွေရဲ့အနာဂတ်လှပဖို့နဲ့ စိတ်ဓါတ်ရေးရာနဲ့သက်ဆိုင်လို့ကတော့ အုပ်ထိန်းသူတွေနဲ့အများကြီး သက်ဆိုင်မယ်လို့ ကျွန်မထင်မြင်မိပါတယ်။
@*****************************************@
ဒီအကြောင်းလေးရေးရင်းနဲ့ ငယ်စဉ်က ကျွန်မဖတ်ခဲ့ဖူးတဲ့ စာအုပ်တစ်အုပ်မှ အချက်လေးတွေကို စာချစ်သူတို့ ဗဟုသုတရစေဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
“ဘဝမှရရှိသော သင်ခန်းစာ”
* နှိမ်ချပြက်ရယ်ပြုခြင်းကို အမြဲတစေခံစားရသောကလေးသည် တွန့်ဆုတ်ကြောက်ရွံ့လေ့ရှိ၏။
* ပြစ်တင်ရှုံ့ချခြင်းကို အမြဲတစေခံရသောကလေးသည် သူတစ်ပါးကို အပြစ်ရှာလေ့ရှိ၏။
* အမုန်းနှင့်ထိတွေ့ရသောကလေးသည် သူတစ်ပါးကို ရန်မူလေ့ရှိ၏။
* မေတ္တာဖြင့်ထွေးပိုက်ခြင်း မခံရသောကလေးသည် သူတစ်ပါးကိုရန်မူလေ့ရှိ၏။
* ထောက်ခံအားပေးမှုခံရသောကလေးသည် မိမိစွမ်းရည်ကို အားထားယုံကြည်လေ့ရှိ၏။
* ချီးမြှင့်မြှောက်စားခြင်းခံရသောကလေးသည် သူတစ်ပါး၏ ကျင့်ကြံဆောင်ရွက်မှုကို တန်ဖိုးထားလေ့ရှိ၏။
* အေးအတူပူအမျှစိတ်ထားရှိသူနှင့်နေရသော ကလေးသည် သူတစ်ပါးအပေါ်၌ စာနာလေ့ရှိ၏။
* သည်းခံတတ်သူနှင့်ထိတွေ့ရသောကလေးသည် သူတစ်ပါးကိုခွင့်လွှတ်လေ့ရှိ၏။
* ဗဟုသုတရှာမီးသူများနှင့်ထိတွေ့ရသောကလေးသည် ပညာ၏တန်ဖိုးကို သိရှိနားလည်တတ်၏။
* ပျော်ရွှင်သောပေါင်းသင်းစုနှင့်ထိတွေ့နေရသောကလေးသည် မေတ္တာနှင့်လှပခြင်းကို ရှာဖွေသိရှိတတ်၏။
မိုးညချမ်း
25.1.2013 (1:15 p.m)
11 comments:
  1. တန်ဖိုးရှိလှတဲ့ ပို့စ်လေးပါပဲ မိုးညရေ....
    မိုးနတ်လဲ မိုးညနဲ့တူတူပဲ ....တိုက်ဆိုင်လိုက်တာသိလား
    မိုးနတ်အကိုကိစ္စနဲ့ ပတ်သက်ပြီး မိုးနတ်လဲ အဖေရိုက်တာကို
    ဘုမသိဘမသိ အသားလွတ်ခံလိုက်ရသေးတယ်...တကယ်က
    ရိုက်တယ်ဆိုတာထက် နထင်ကိုလက်သီးနဲ့ထိုးလိုက်တာ...အဲဒါက
    သေရာပါ ဒဏ်ရာတစ်ခုလိုမိုးနတ်မှာ တော်တော်နဲ့ကို ဖျောက်လို့မရခဲ့ဘူး
    ကိုယ့်မှာအပြစ်မရှိပဲ အရိုက်ခံရတယ်ဆိုပြီး အဖေ့ကိုစိတ်နာနေခဲ့တာ...
    ခုနောက်ပိုင်း နဲနဲကြီးလာမှ အဲတုန်းက ဖေက အကို့ကိစ္စကို
    မိုးနတ်ကို ရိုက်တာနဲ့ စိတ်ထွက်ပေါက်ပေးလိုက်မှန်းသိတယ်..
    ဒါပေမဲ့....ထားပါလေ..ခုတော့ စိတ်ထဲဘာမှမရှိတော့ပါဘူး
    ဆိုလိုချင်တာက မိုးညပြောသလို “စိတ်ဒဏ်ရာ”ဆိုတာ ပြောတော့သာ စကားလုံးလေး (၃)လုံးတည်းရယ်။ တစ်ကယ်တမ်းခံစားရတဲ့အခါ တဆစ်ဆစ်နဲ့ဘယ်လောက်နာကျင်ရတယ်ဆိုတာ ခံစားဖူးသူတွေသာ အသိဆုံးပေါ့ ဆိုသလိုပဲ ငယ်ရွယ်နုနယ်တဲ့ ကလေးငယ်တို့ရဲ့စိတ်တွေမှာ
    ဒဏ်ရာတွေ မရကြရင်တော့ အကောင်းဆုံးပါပဲ...:)
    ချစ်တဲ့....မိုးနတ်
    ReplyDelete
  2. မိုးညရဲ့ ပိုစ့်လေးဖတ်ပြီင ယ်ငယ်က အမေပြောဖူးတဲ့စကားလေးမှတ်မိသွားတယ်.. ကျွန်မသမီးကြီးက အရမ်းရိုးတာ လိမ္မာတယ် မိဘတွေကိုသိတတ်တယ်လို့ အမေက အမြဲ သူများတွေကိုပြောတော့ အမကဆိုးချင်တာ
    တောင် လိမ္မာအောင်နေလိုက်တယ်.. မိဘဆိုတာ သားသမီးတွေရဲ့ ပထမဆုံးဆရာပါ ဆုံးမ တတ်ဖို့ အရမ်းလိုပါတယ် ကလေး အသားနာအောင်လုပ်တာ ဆုံးမတာနဲ့ မတူတော့ဘူး စိတ်ဒဏ်ရာပေးတာဖြစ်နေတယ်
    ပိုစ့်ကောင်းလေးပါမိုးညရေ ..
    ReplyDelete
  3. ကလေးတွေကို ထိန်းကျောင်းတဲ့နေရာမှာ အဲလိုရိုက်နှက်ဆုံးမတာတွေ ခဏခဏတွေ့ဖူးတယ်.. အဲလိုခံရတဲ့ ကလေးတွေ ကြီးလာတော့ လူတော်တွေဖြစ်လာကြသလားဆိုတော့ တွေ့ဖူးသမျှက ပေကပ်ကပ်ဂျစ်ကန်ကန်လေးတွေ ဖြစ်သွားကြသလိုပဲ..။ အကျိုးသင့်အကြောင်းသင့် ဆုံးမပဲ့ပြင်ပြီး ကလေးတစ်ယောက်ကို သူ့ဘာသာ အကောင်းအဆိုးခွဲခြားတတ်အောင် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိအောင် .. စာနာစိတ်၊ ကြိုးစားချင်စိတ်ရှိအောင် လမ်းညွှန်ရမှာ.. တစ်ချို့ကျတော့လည်း ဖြစ်စေချင်လွန်းအားကြီးပြီး အားမလိုအားမရ ရိုက်နှက်ဆုံးမတာမျိုးဖြစ်ကုန်ကြပြန်တယ်..။ လူတစ်ယောက်ကို ကလေးဘ၀မှာ လူကောင်းတစ်ယောက်ဖြစ်အောင် သွန်သင်ဆုံးမရတာလည်း တော်တော်မလွယ်တဲ့ အနုပညာတစ်ခုလိုပဲနော်...
    ReplyDelete
  4. ရိုက်တာကို တရားနည်းလမ်းအရ သဘောကျပါတယ်.။ ဒါပေမယ့် တရားလွန်ရိုက်တာတွေ.၊ ခေါင်းကို ရိုက်တာတွေ
    အလွန်အကျွံရိုက်တာတွေကို တားဆီးသင့်တယ်.။ မလုပ်သင့်ဖူးပေါ့ အစ်မရယ်.။ ကျွန်တော်ငယ်ငယ်ကလည်း ရိုက်
    ခံရတာပါပဲ။ အဲဒီလောက်တော့ မဆိုးဘူး.။ နောက်မလုပ်အောင် မှတ်သွားတာထက် မပိုပါဘူး.။
    ReplyDelete
  5. ခေတ်ရဲ့ အရှိတရားတွေထဲက တစ်ခုကို မိမိရရ ချပြနိုင်ခဲ့တယ်လို့ ခံစားမိပါတယ်။
    စာရေးညက်ညောတာမို့၊ ရင်ထဲရောက်စေခဲ့ပါတယ်။
    ဆက်လက်ထုဆစ်နိုင်ပါစေဗျာ။
    ReplyDelete
  6. မိဘတိုင်း သတိပြုသင့်တဲ့ အပြုအမူတွေပါပဲ ညီမလေးရေ။ တစ်ခါတစ်ရံတော့ ကလေးဆိုတာ ဆိုးတတ်နွဲ့တတ် ဂျီကျတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ မိဘတွေက တခြားသော အဆင်မပြေဖြစ်ရတဲ့ ကိစ္စတွေအတွက် စိတ်ထွက်ပေါက်အနေနဲ့ ကလေးအပေါ် ပုံမချသင့်ပါဘူး။ ကလေးဆိုတာ အပြစ်ကင်းပါတယ်။
    သတိရလျက်
    မြဝတီဇော်
    ReplyDelete
  7. ကလေးတွေကို တတ်နိုင်သလောက် မရိုက်တာ အကောင်းဆုံးပါပဲ...၊ အရိုက်ခံရလေ့ ရှိတဲ့ကလေးက နောင်တစ်ချိန် လူကြီး ဖြစ်လာတဲ့အခါ သူ့ရဲ့ မကျေနပ်မှုကို ရိုက်နှက်ခြင်းနဲ့ပဲ ထွက်ပေါက်ရှာတတ် ပါတယ်၊ ထစ်ကနဲရှိ လက်ပါတတ်တဲ့ လူတွေကို လူ့အသိုင်းအဝိုင်းကနေ လျှော့ချဖို့ဆိုရင် အရိုက်အနှက် မခံရဘဲ ကလေးငယ်လေးတွေ ကြီးပြင်းလာဖို့ လိုအပ်ပါတယ်၊ ကလေး တစ်ယောက်ကို မရိုက်ဘဲနဲ့ ဆုံးမနိုင်မယ့် နည်းလမ်းတွေ အများကြီး ရှိတယ် မဟုတ်လားဗျာ....၊
    မိဘတိုင်း၊ အုပ်ထိန်းသူတိုင်း ဖတ်သင့်တဲ့၊ ပြန်ပြီး သုံးသပ်ဆင်ခြင်သင့်တဲ့ ပို့စ်လေး တစ်ပုဒ်ပါပဲ ညီမရေ...။
    ReplyDelete
  8. တကယ့်ကို အရေးအသားကောင်းပါတယ် ။ကလေးတွေကို မရိုက်တာဟာကောင်းပါတယ်။စကားနဲ့
    သေချာဆုံးမတာဟာ အကောင်းဆုံးပါပဲ ။
    ReplyDelete
    ကလေးဆိုတာအဖြူထည့်လေးတွေပါ
    မိဘတွေအရောင်အမျိုးမျိုစိုးပေးလိုက်ရင်းက
    အဖြူထည်လေးကနေပြောင်းလဲလာရတာ
    ကလေးငယ်တွေကိုဖြူစေချင်ရင်လျှော်ဖွတ်ပေးရမှာမိဘရဲတာဝန်ပါ
    အရောင်စိုးပေးခဲ့ရင်တော့ပြန်ဖြရင်နဂိုလောက်မဖြူနိုင်တော့ပါဘူး
    ReplyDelete
  10. မှတ်သားစရာကောင်းပြီး တန်ဖိုးရှိလှတဲ့ ပိုစ့်လေးပါပဲ
    မှန်ပါတယ် ကလေးကို ရိုက်နှက်ဆုံးမတာထက် အနုနည်းလေးနဲ့ဆုံးမတာက ပိုကောင်းပါတယ်
    ကလေးဆိုတာ အချော့ကြိုက်တဲ့အမျိုးပဲလေ ကျွန်တော်လည်း မမမိုးညချမ်းနဲ့ ထပ်တူ စိတ်မကောင်းဖြစ်မိပါတယ်
    ဘ၀မှ ရရှိတဲ့ သင်ခန်းစာဆိုတဲ့စာသားလေးတွေကိုလည်း အရမ်းကြိုက်တယ်
    မှတ်သားသွားတယ်နော်
    ကျေးဇူးပါ
    ခင်တဲ့(အိပ်မက်ကောင်းကင်)
    ReplyDelete
  11. သည်ပိုစ့်လေးကို မိဘတွေ များများဖတ်သင့်တယ်လို့ ထင်မိတယ်
    မြန်မာပြည်မှာက အခုအချိန်အထိ မိဘ ကသာအမှန် တစ်ဆိတ်ရှိ ရိုက်ဖို့လောက်တတ်တာ
    တော်တော်ကို ဗဟုသုတ နည်းသော မိဘ နှစ်ဦးရဲ့ သားသမီးဖြစ်ရတာ အသားတင်မကဘူး
    စိတ်ကိုပါ ဒဏ်ရာရစေတယ်။
    ReplyDelete
တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)
  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...