Thursday, February 21, 2013
ဘဝနေဝင်ချိန်လေးလှခဲ့ပြီ …
“အောက် အီး အီး အွတ် … ” ဆိုတဲ့ ကြက်တွန်သံလေး ကြားရတာနဲ့ မနက်(၄းဝ၀)နာရီထိုးပြီဆိုတာ သိလိုက်ပြီ။ အိပ်ယာမှ ကပျာကယာလေးထလို့ မျက်နှာသစ်ပြီး ထမင်းအိုးလေးကောက်တည်လိုက်ပါတယ်။ ဆွမ်းကပ်ချင်လို့သာ ထမင်းတစ်လုံးချက်လောက် တည်ရတာ ကျွန်မကအပြင်ထွက်စျေးရောင်းနေသူမို့ ထမင်းကိုကြုံသလိုစားလိုက်တာက ခပ်များများရယ်။ ထမင်းအိုးတည်ထားချိန် မနေ့က ကျန်နေသေးတဲ့ အသီးအနှံလေးတွေကို ဗန်းထဲနေရာတကျ ထည့်အပြီးမှာ ထမင်းအိုးဆူလာလို့ ရေငှဲ့လိုက်ပြီး ခဏနှပ်ထားလိုက်တုန်း (၃)ရက်လောက်ရေမလဲဘဲ ရှိနေပြီဖြစ်တဲ့ 
ဘုရားပန်းအိုးလေး(၂)လုံး ရေလဲလိုက်ပါတယ်။ ကြာကြာခံမယ့် သပြေအငုတ်တိုလေးတွေ ထိုးထားလို့သာ တော်တော့တယ်။ လှလှပပနဲ့ အရောင်စုံတဲ့ပန်းတွေသာဆို ခဏလေးညှိုးညှိုးသွားတာရယ်။
ဘုရားပန်းအိုးလေးလဲအပြီး ထမင်းလည်းနပ်ပြီမို့ ပန်းကန်လေးထဲထည့် ကြက်သွန်နီခပ်ပါးပါးလေးလှီးလို့ မနေ့ညနေကဘေးအိမ်ကဝယ်ထားပေးတဲ့ပဲပြုတ်နဲ့နယ်ပြီး ဘုရားဆွမ်းတော်ကပ်ဝတ်ပြုပြီးချိန်မှာတော့ ငါးနာရီထိုးလုဆဲဆဲ …။ စျေးတောင်းခေါင်းပေါ်ရွက်လို့ လမ်းထိပ်နားက ရေအိုးစင်လေးဘေးမှာ စျေးရောင်းဖို့ထွက်လာရင်း ကျွန်မရဲ့တစ်နေ့တာအစပြုလိုက်ြပန်ပြီပေါ့။ 
ကျွန်မအသက်(၈၂)နှစ်၊ သားသမီး(၆)ယောက်ရှိတဲ့အမေဆို ဘယ်သူကယုံကြမှာတုန်း။ ကျွန်မငယ်စဉ်ကတည်းက မိဘတွေမရှိလို့ ဆွေမကင်းမျိုးမကင်းအိမ်မှာ ကပ်နေပြီး အသက် (၂၀)လောက်မှာအိမ်ထောင်ကျခဲ့တယ်။ ယောကျ်ားလုပ်သူက တပ်မတော်ကရဲဘော်တစ်ဦးမို့ ရတဲ့လစာလေးကမလောက်မငနဲ့ သားသမီး(၄)ယောက်ရသည်ထိ စျေးတောင်းခေါင်းရွက်လို့ တစ်ဖက်တစ်လမ်းကရှာဖွေစားသောက်ခဲ့ကြရတာ။ အငယ်ဆုံးသားလေးအခါလည်လောက် ကျွန်မအသက်(၅၀)ကျော်လောက်မှာ ယောကျ်ားကရှေ့တန်းမှာဆုံးသွားလုိ့ ကလေး(၄)ယောက်နဲ့ကျွန်မဖြစ်သလို ရုန်းကန်နေခဲ့ရင်းနဲ့ ဒုတိယအိမ်ထောင်ထူထောင်ဖို့ဖြစ်လာပြန်ရော။ ကျွန်မတစ်ယောက်တည်းအားနဲ့မရုန်းကန်နိုင်တော့လို့ အားကိုးအားထားပြုနိုင်ရာ နောက်အိမ်ထောင်ထူထောင်လိုက်ချိန်မှာတော့ သူ့ဘက်ကပါလာတဲ့ကလေး(၂)ယောက်၊ ကျွန်မဘက်က ကလေး(၄)ယောက်ရဲ့တာဝန်တွေ ပိုပိလာတာပေါ့။ ဒါပေမယ့် ကျွန်မရဲ့ဒုတိယအိမ်ထောင်က အမျိုးသားကစီးပွားအရှာတော်လေတော့ ကလေးတွေအတွက် ပညာရေးကို မပူပင်ရသလို ရွှေတိုရွှေစလေးနဲ့ ငွေအနည်းငယ်စုဆောင်းမိလာတာပေါ့။ ကလေးတွေအရွယ်ရောက်လာချိန်မှာတော့ မှော်ဘီမြို့ဘက်နားမှာ အိမ်တစ်လုံး၊ ဆိုက္ကား(၂)စီးနဲ့ ရွှေအနည်းငယ်ပိုင်ဆိုင်ထားမိပြီေပါ့။ သားသမီး(၆)ယောက်လုံး အရွယ်ရောက်ပြီးသိတတ်လာချိန်မှာေတာ့ စိတ်ဝမ်းတွေကွဲလာကြပြီလေ။ ဖအေဘက်ကပါလာတဲ့ကလေး၊ မအေဘက်ကပါလာတဲ့ကလေးနဲ့ ပတ်ဝန်းကျင်က စကားတွေကိုလည်း နားယောင်လာချိန်မှာတော့ အိမ်တွင်းရန်လေးတွေမကြာခဏ ဖြစ်လာကြတော့တာပေါ့။ ကျွန်မတို့လင်မယား(၂)ယောက်လည်း အတတ်နိုင်ဆုံးကလေးတွေစိတ်ဝမ်းမကွဲရလေအောင် ပြောဆိုဆုံးမ ခဲ့ပေမယ့် ပတ်ဝန်းကျင်ကြောင့်ပဲ တဖြည်းဖြည်းပိုပိုဆိုးလာတဲ့အြပင် အမွေကိစ္စတွေပါ ပါလာကြပြီပေါ့။ တစ်နေ့ တစ်နေ့ ကလေး(၆)ယောက်လုံး တစ်ယောက်နဲ့တစ်ယောက်ရန်စောင်လို့ ဘယ်အချိန်ထပေါက်ကွဲမယ့် ယမ်းပုံကြီးလည်းလို့ စိုးတထိတ်ထိတ်နဲ့နေလာရင်း ကျွန်မအသက် (၇၀)ကျော်လောက်မှာ ကျွန်မရဲ့ဒုတိယအမျိုးသားဆုံးပါးသွားခဲ့ပါတယ်။ ကျွန်မအမျိုးသားရှိစဉ်ကတည်းက သားတစ်ယောက် သမီးတစ်ယောက်အိမ်ထောင်သွားပြီဆိုပေမယ့် မိဘအိမ်မှာကပ်နေကြတုန်း။ အိမ်ခွဲနေရင် အမွေမရလိုက်မှာစိုးလို့ဆိုတဲ့ ဉာဉ်ဆိုးတွေနဲ့ပေါ့လေ။ 
ကျွန်မအမျိုးသားဆုံးပါးသွားပြီးနောက်ပိုင်းမှာ သားသမီးတွေက ပိုဆိုးလာခဲ့ပါတယ်။ သူတို့အချင်းချင်းစကားများနြေကသံ၊ အမွေကိစ္စပြောသံတွေကို တစ်နေ့တစ်မျိုးမရိုးနိုင်အောင် ကြားနေရဆဲ၊ ကျွန်မအမျိုးသားရှိစဉ်ကတည်းက ပိုင်ဆိုင်ထားခဲ့တဲ့ ဆိုက္ကား(၂)စီးနဲ့ ရွှေတိုရွှေစလေးတွေလည်း သားသမီး(၆)ယောက်ရဲ့လက်ချက်နဲ့ပဲ တတိတိကုန်လာလိုက်တာ အိမ်အခွံချည်းသပ်သပ်ကျန်ရှိတဲ့အထိပါပဲ။ “ဒီအိမ်တစ်လုံးကိုတော့ ငါသေမှပဲ အမွေခွဲကြဟေ့”လို့ မာန်တင်းလို့ ဟစ်ကြွေးထားပေမယ့် ယောကျ်ားဘက်ကသားသမီးတွေက “ဒီအဘွားကြီး သေကို မသေနိုင်သေးဘူး”လို့ တစ်မျိုး၊ ကျွန်မသားတစ်ယောက်ရဲ့မိန်းမ၊ ကျွန်မချွေးမထံမှ နေ့စဉ်ညူစူနေသံတွေကြားရဖန်များလာရလို့ တစ်ဖုံနဲ့ နောက်ဆုံးမှာတော့ ကျွန်မဒုတိယအမျိုးသားခေါင်းချသွားခဲ့တဲ့ အိမ်ကြီးနဲ့ ကျွန်မသားသမီးတွေအားလုံးကို စွန့်ခွာလို့ ဘယ်တော့မှပြန်မလာတော့ဘူးဆိုတဲ့ ဝမ်းနည်းသောဆုံးဖြတ်ချက်တွေနဲ့တိတ်ဆိတ်စွာပဲ အဝေးကိုထွက်ပြေးခဲ့ပါတော့တယ်။
ဘာပစ္စည်းတစ်ခုမှမပါ ဘာမှကြိုတင်စဉ်းစားထားခြင်းမရှိဘဲ အသက်(၈၀)ကျော်မှ အိမ်ကထွက်ပြေးလာရတဲ့ ကျွန်မအဖြစ်ကို ဘယ်သူယုံနိုင်ကြမှာတုန်းရှင်။ ဒီလိုပဲရွာရိုးကိုးပေါက်လျှောက်ရင်း အများကပေးစာကမ်းစာလေးကို ရှာဖွေစားသောက်ရင်း တစ်ရက်တော့ အတော်လေးနေမကောင်းဖြစ်နေတာနဲ့ ရန်ကုန်ကစျေးတစ်ခုရဲ့အပေါက်ဝနားလေးက ရေချမ်းစင်လေးဘေးမှာ မှီလို့မှေးကနဲအိပ်ပျော်သွားပါတယ်။
“အဘွား … အဘွား”ဆိုတဲ့ လှုပ်နှိုးခေါ်သံလေးတစ်ခုကြားလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကလေးမလေး တစ်ယောက် ကျွန်မနားလေးမှာထိုင်လို့ ဂရုဏာသက်စွာငေးကြည့်နေပါတယ်။ “အဘွား … နေမကောင်းလို့လားဟင်”လို့ ဂရုဏာအမေးလေးနဲ့အတူ ကျွန်မနဖူးကို ညင်သာစွာလာစမ်းပါတယ်။
“ဟယ် … အဘွားအတော်လေးကိုယ်ပူနေတာပဲ … အဘွားဘယ်မှာနေတာလည်း … သမီးအိမ်ပြန်လိုက်ပို့ပေးမယ်”လို့ မေးတော့ ကျွန်မဝမ်းနည်းစွာနဲ့ပဲ “အဘွားမှာ ပြန်စရာအိမ်မရှိပါဘူး သမီးရယ် … စိတ်ရှုပ်ထွေးလွန်းလို့အိမ်က ထွက်လာတာ”လို့ပဲ ပြန်ဖြေလိုက်ပါတယ်။ “အို … အဘွားရယ် … ခုလည်းတော်တော်နေမကောင်းဖြစ်ေနတာ ဘယ်လို လုပ်မလည်း … သမီးတစ်ခုခုစီစဉ်ကြည့်ပါအုံးမယ်”ဆိုတဲ့ အပြောစကားလေးနဲ့တင် ကျွန်မအတော်လေး ကြည်နူး သွားမိပါတယ်။ နောက်တော့ကျွန်မနဲ့မလှမ်းမကမ်းမှာ သူမရဲ့ဖုန်းတစ်လုံးနဲ့အတော်လေ ကြာအောင် စကားပြော အပြီးမှာတော့ ကျွန်မအနားမှာပြန်လာထိုင်လို့ “အဘွား … သမီးကိုယ့်ကိုကိုယ်ပဲ မိတ်ဆက်တော့မယ်နော် … သမီးနာမည်က “သိမ်မွေ့” ပါ … သမီးက သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေး ပရဟိတအသင်းက အသင်းဝင်တစ်ယောက်ပေါ့ … သမီးတို့အသင်းက အဘွားတို့လို ခိုကိုးရာမဲ့ အဘိုးအဘွားတွေကို ရာသက်ပန် စောင့်ရှောက်ထောက်ပံ့ပေးနေတာလေ … ဒီနေ့မနက်သမီးစျေးလာရင်း အဘွားကို တွေ့တာ … ဟိုနေ့တွေက အဘွားကို မတွေ့မိပါဘူး …”ဆိုတဲ့ အမေးတွေကို တစ်ခုချင်းပြန်ဖြေပေးနေတုန်း ကျွန်မတို့အနားကို လူငယ်လေးအချို့ ရောက်လာပါတယ်။
“ဟော လာကြပြီ … ဒီအဖွားပေါ့ နေလည်းမကောင်းဘူး … သွားစရာအိမ်လည်းမရှိဘူး အသက်ကလည်း(၈၁)နှစ်တဲ့။ အဲဒါ သိမ်မွေ့တို့ အသင်းက တစ်ခုခုများစီစဉ်ပေးနိုင်မလားလုိ့ လှမ်းဖုန်းဆက်လိုက်တာ”ဆိုတဲ့ စကားလေးကိုအစချီလို့ သူတို့လေးတွေတိုင်ပင်စကားပြောေနသံတော့ ကြားနေပေမယ့် ခေါင်းထဲမူးနောက်နောက်ရှိလှတာေြကာင့် မျက်လုံးလေးမှိတ်လို့ မှိန်းနေတုန်း “အဘွား … သမီးတို့နဲ့လိုက်ခဲ့နော် … သမီးတို့အဘွားကို သက်တောင့်သက်သာရှိစေဖို့ အိမ်လေးတစ်လုံးလောက်စီစဉ်ပေးမယ် … ပြီးတော့ အဘွားကို သမီးတို့သားတို့ရဲ့ ကိုယ်စားမိဘတစ်ယောက်လို့ ရာသက်ပန်ကျွေးမွေးစောင့်ရှောက်ခွင့်ပြုပါ”လို့ ခွင့်တောင်းသံတွေကြားလိုက်ရတော့ ကျွန်မရင်ထဲဆို့နင့်သွားပါတယ်။ ကျွန်မရဲ့ဝမ်းနဲ့လွယ်မွေးထားရတဲ့ သားသမီးတွေ၊ ကျွန်မဝမ်းနဲ့လွယ်မမွေးရပေမယ့် သားသမီးအရင်းနဲ့မခြား ကျွေးမွေးစောင့်ရှောက်ပေးရတဲ့ သားသမီးတွေကတောင် ငြူစူငြိုငြင်လို့ အဝေးထွက်ပြေးခဲ့ရတဲ့ ကျွန်မကို ဘာမှသွေးမတော်သားမစပ်တဲ့ မြေးအရွယ်ကလေးတွေက ကျွန်မကို ကိုယ်စားမိဘတစ်ယောက်လို ရာသက်ပန်စောင့်ရှောက်ဖို့ ခွင့်ပန်နေကြတဲ့ မြင်ကွင်းလေးတွေ့ရတော့ မျက်ရည်တွေမဆည်နိုင်ခဲ့ပါဘူး။ ဝမ်းနည်းဝမ်းသာစွာနဲ့ ကလေးတွေကိုဆုတွေတောင်းပေးခဲ့ပါတယ်။ ကျွန်မနေထိုင်စားသောက်ဖို့ရာ လစဉ်ထောက်ပံ့ပေးလို့ ကျွန်မနဲ့ကလေးငယ်တွေစတင်တွေ့ရှိခဲ့တဲ့ စျေးအနီးဝန်းကျင်က အိမ်တစ်လုံးကို ငှားရမ်းပေးလို့ ကျွန်မရဲ့နေ့ရက်တွေကို သာယာစေခဲ့ပါတယ်။ 
သူတို့လေးတွေရဲ့လစဉ်ငွေကြေးထောက်ပံ့မှု၊ ဆေးဝါးထောက်ပံ့မှုတွေကို လုံလောက်စွာရရှိနေပေမယ့် ကျန်းမာရေးကောင်းဖို့ လှုပ်လှုပ်ရှားရှားအနေနဲ့ အလုပ်တစ်ခုလုပ်ချင်တာကတစ်ကြောင်း၊ ကျွန်မရဲ့သားသမီးတွေ မြေးတွေ ကျွန်မဆီလာရင်ဖြင့် တစ်ဖက်တစ်လမ်းကစျေးရောင်းလို့ ရရှိထားတဲ့ ကိုယ်ပိုင် ဝင်ငွေလေးနဲ့ မုန့်ပဲသားရေစာကျွေးချင်စိတ်ကေလးရှိတာကတစ်ကြောင်းနဲ့ပဲ သားသမီးတွေ လစဉ်ထောက်ပံ့ ကန်တော့ငွေနဲ့ အရင်းအနှီးလေးလုပ်လို့ စျေးပေါက်ဝကရေအိုးစင်လေးနားမှာပဲ အသီးအနှံလေးတွေရောင်းချ ဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ကျွန်မလိုခိုကိုးရာမဲ့အဘိုးအဘွားတွေကို မိဘရင်းနဲ့မခြား ကျန်းမာရေး၊ နေထိုင်ရေး၊ စားသောက်ရေးကအစ ပြုစုစောင့်ရှောက်ခံရင်းနေလာလိုက်တာ ခုဆိုတစ်နှစ်တောင်ကျော်ရောပေါ့လို့ အတွေးထဲမှာနစ်မျောနေတုန်း-
“အဘွားရေ … သမီးတို့လာတယ် …”ဆိုတဲ့ အသံစာစာနဲ့ သမီးလေး“သိမ်မွေ့”လေးအပါအဝင် ကျွန်မရဲ့သားသမီးတွေရောက်လာပြီေပါ့။ “သမီးတို့ အဘွားအိမ်တောင်ရောက်ခဲ့သေးတယ်။ စျေးရောင်းထွက်သွားပြီဆိုလို့ ဒီကိုပဲလိုက်လာတာ။ အဘွားကလေ နားနားနေနေလည်း နေခိုင်းလို့မရ … ပင်ပန်းပါ့မယ်ပြောနေတဲ့ဟာကို”ဆိုပြီး ဂရုဏာဒေါသောအသံလေးနဲ့ သမီးလေး“သိမ်မွေ့”က အဆက်မပြတ်စကားတွေ ပြောနေလိုက်တာ အင်မတန်ချစ်ဖို့ကောင်းလိုက်ပါဘိရှင်။ 
“ဒါနဲ့ အဘွားရေ … နောက်လဆိုရင် သမီးတို့ STA အသင်းကြီး (၃)နှစ်ပြည့်တော့မယ် … (၃)နှစ်ပြည့်အခမ်းအနားလေးလုပ်မယ် … အဘွားတို့တွေနဲ့အတူတူ မွေးနေ့ကိတ်ကြီးလှီးမယ် … အဲဒါကြောင့် အဲဒီပွဲလေးမှာဝတ်ဖို့ဝတ်စုံလေးေတွလာပေးတာလေ … အဲဒီနေ့ကျရင် သမီးတို့တွေအဘွားကို လာကြိုမယ်နော်”ဆိုပြီး ကျွန်မနဲ့ သူတို့လေးတွေစကားပြောနေလိုက်တာ အချိန်လေးအတော်ကြာသွားမှပဲ “အဘွားရေ သားတို့သမီးတို့ သွားလိုက်အုံးမယ်နော် … ကျန်တဲ့အဘိုးအဘွားတွေဆီ သွားရအုံးမယ် ဘွားရဲ့”လို့ နှုတ်ဆက်ပြီးထွက်သွားတဲ့ သူတို့လေးတွေရဲ့ကျောပြင်လေးကိုေငးကြည့်ရင်း ကျွန်မတို့လို ခိုကိုးရာမဲ့ ဘိုးဘွားတွေရဲ့နေဝင်ချိန်ကို လှပစေဖို့ ကျွန်မရဲ့သားသမီးတွေရဲ့စေတနာေမတ္တာတွေအပြည့်နဲ့ အုပ်မိုးတည်ဆောက်ထားကြတဲ့ Save the Aged ဆိုတဲ့ မေတ္တာအိမ်ကြီးတောင် (၃)နှစ်ပြည့်တော့မှာပါလားလို့ေတွးတောရင်း … Save the Aged အသင်းကြီးလည်း ထာဝရအဓွန့်ရှည်တည်တံ့ပါစေလို့ တောင်းဆုတွေပြုရင်းပဲ ကျွန်မရဲ့ဘဝနေဝင်ချိန်လေးတွေလှပနေခဲ့ပါတော့တယ်။
(Save the Aged မှ ရာသက်ပန်စောင့်ရှောက်ထောက်ပံ့ပေးထားသော အဘွားနှစ်ဦး၏အကြောင်းအား အခြေခံပုံဖော်ရေးသားထားပြီး Save The Aged (၃)နှစ်ပြည့်အထိမ်းအမှတ်စာမူပြိုင်ပွဲတွင် “အဆုံးသတ်မလှပသောကြောင့် ပထမဆုနှင့်လွဲခဲ့ရခြင်းဖြစ်ပါသည်”ဟူသော မှတ်ချက်နှင့်အတူ ဒုတိယဆုကိုပိုင်ဆိုင်ရရှိခဲ့သော စာမူလေးပါ ...)
မိုးညချမ်း
14.12.2012(3:30 p.m)
9 comments:
  1. ကောင်းတယ်ဗျာ.....
    save the Aged ကိုလည်း ဤကောင်းမှု့အစုစုတွေအတွက် ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်မိပါတယ်။
    ယခုလို ၃ နှစ်ပြည့်လေးမှသည် နောင်နှစ်ပေါင်းများစွားတိုင်အောင် အများအကျိုးကို သယ်ပိုးနိုင်ပါစေကြောင်း ဆုတောင်းပေးခဲ့ပါတယ်။
    ReplyDelete
  2. ဘ၀နေ၀င်ချိန်လေးလှပဖို.လူတိုင်းဘာတွေကြိုတင်ပြင်ရမလည်းဆိုတာ
    သိနေရတော.မှာပေါ.နော်။တီလေးတို.လည်းဘ၀နေ၀င်ချိန်လှပဖို......
    အားပေးလျှက်ပါ။ခင်တဲ.အန်တီလေးမေခင်
    ReplyDelete
  3. စိတ်ဓာတ်ကောင်းလေးပါပဲ မိုးညရေ အမနိုင်ငံမှာ အများကြီးကိုလိုအပ်နေတဲ့ကွက်လပ်လေးပါပဲ... ဖတ်ရင်ပီတိဖြစ်မိတယ်..
    ReplyDelete
  4. မိုးညရေ....ဖတ်ပြီးတော့ ပီတိအကြီးကြီးဖြစ်မိသွားတယ်...
    Save the Aged နဲ့အတူတူ အားလုံးကိုယ်စားဂုဏ်ယူမိပါတယ်...
    မိုးညက ရေးတတ်လိုက်တာနော် .....အာ့ကြောင့် မိုးနတ်က
    ချစ်တာ အာဘွားးးးးးးးးးးးးးးးးးးး :P
    ReplyDelete
  5. ညလေးရေ...မကြီးလွမ်းလည်း ဖတ်ပြီး အားရကျေနပ်သွားပါတယ်။လိုအပ်နေတဲ့ အဖိုးအဖွားအတွက်
    Save the Aged က အားဆေးတစ်ခွက်ပါဘဲ။တွဲလက်များ ခိုင်မာစွာဖြင့် Save the Aged ကြီး
    ရေရှည်အတွန့်ရှည် တည်တံ့နိုင်ပါစေ။
    ချစ်ခြင်းအားဖြင့်
    မကြီးလွမ်း
    ReplyDelete
  6. ဖတ်သွားတယ်... ညီမလေး...။
    အဲ့ဒီလိုအသင်းမျိုးတွေ ရှိနေတာ တကယ့်ကို ကောင်းမွန်ပါရဲ့ဗျား...။
    နောက်ထပ်ပြိုင်ပွဲတွေမှာလည်း အောင်မြင်မှုတွေ ရရှိပါစေဗျာ...
    ခင်မင်ခြင်းအားဖြင့်....
    ဏီလင်းညို
    ReplyDelete
  7. ဒုတိယ ဆိုပေမဲ့ အရမ်းကိုကောင်းပါတယ်
    Save the Aged အသင်းကြီးလဲ အတွန့်ရှည်ပါစေလို့
    ReplyDelete
  8. ပီပြင်တဲ့ဝတ္ထုတစ်ပုဒ်ပါပဲ။ ဆွဲဆောင်မှုလဲရှိတယ်။
    ReplyDelete
  9. ရေးထားတာလေး အရမ်းကောင်းပါတယ် ညီမ။
    ညီမကိုလဲ အရမ်းလေးစားတယ်။
    ငယ်ငယ်ရွယ်ရွယ်နဲ့ ပရဟိတလုပ်ငန်းမှာ ပါဝင်ကူညီနေသူမို့ လေးစားမိပါတယ်။
    ReplyDelete
တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)
  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...