Friday, October 19, 2012

Present for 7th Anniversary



ကျွန်မကိုယ်ပိုင် Website လေးနဲ့အတူ Blogger တစ်ယောက်အဖြစ် Blogger လောကထဲကို စဝင်ရောက်လာတာ ၂၀၁၂ ခုနှစ်၊ မတ်လတုန်းကမှပါ။ အရင်က ကဗျာတွေ၊ စာစုတွေ၊ ဝတ္ထုတွေ ရေးဖြစ်တယ် ဆိုပေမယ့် ကျွန်မရဲ့ကိုယ်ပိုင်စာအုပ်၊ ကွန်ပျူတာမှာပဲ ပြည့်နှက်နေခဲ့တာပါ။ Facebook  ပေါ်မှာတော့ ရံဖန်ရံခါ တင်ဖြစ်ခဲ့ဖူးတာပေါ့။ ဒီလိုနဲ့ပဲ www.moenyachan.com ဆိုတဲ့ ကိုယ်ပိုင် domain လေးနဲ့ site လေးတစ်ခုကို ကျွန်မရဲ့ချစ်မမ “မာယာဖြူ” နဲ့ အစ်ကိုတစ်ယောက်ဖြစ်တဲ့ Blogger “ဇောင်း”တို့က လက်ဆောင်အဖြစ် ဖန်တီးပေးခဲ့ပြီးနောက်မှာ ကျွန်မရေးသမျှစာလေးတွေကို www.moenyachan.com ဆိုတဲ့ စာမျက်နှာလေးမှာပဲ သိမ်းဆည်းဖြစ်ခဲ့ပါတယ်။ ကျွန်မရဲ့ site လေးကို ပထမဦးဆုံးလာလည်သွားပြီး အားပေးစကားပြောခဲ့သူတွေက Blogger “ကိုလွင်ပြင်လှိုင်းငယ်” နဲ့ “မမစံပယ်”တို့ပါ။ မနေ့တစ်နေ့ကမှ Blogger လောကထဲကို ခြေစချခဲ့ပေမယ့် ကျွန်မရေးတဲ့စာလေးတွေကို ဖတ်ပြီး ဆက်လက်ကြိုးစားဖို့ အားပေးခဲ့သူတွေပေါ့။ အစ်ကိုနဲ့ အစ်မတို့ရဲ့ အားပေးခြင်းတွေက ရှေ့ဆက်ပြီးကဗျာတွေ ဆက်လက်ထုဆစ်နိုင်အောင်၊ ဝတ္ထုလေးတွေ ဆက်ရေးဖြစ်အောင် တွန်းအားပေးခဲ့ခြင်း အင်အားတွေထဲက အကြောင်းရင်းတစ်ချက်ပါ။

ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၉)ရက်နေ့က ကျွန်မခင်မင်ရတဲ့ Blogger “ကိုလွင်ပြင်နဲ့မမစံပယ်”တို့ရဲ့ ချစ်သူသက်တမ်း (၇)နှစ်ပြည့်အတွက် ကိုလွင်ပြင်ရဲ့ ဆိုဒ်နဲ့ မမစံပယ်တို့ရဲ့ ဆိုဒ်လေးတွေမှာ ကဗျာလေးတွေ ရေးသားပြီး အပြန်အလှန်လက်ဆောင်ပေးခဲ့ကြတာတွေ့တော့ ကျွန်မလည်း ကျွန်မချစ်သော၊ ခင်မင်မိသော အစ်ကိုလွင်ပြင်နဲ့ မမစံပယ်တို့ရဲ့ ချစ်သူသက်တမ်း(၇)နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ကဗျာလေးတစ်ပုဒ် လက်ဆောင်ပေးချင်တာနဲ့ ဒီကဗျာလေးကို ရေးဖြစ်ခဲ့တာပါ။ အစ်ကိုနဲ့အစ်မတို့ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်နော် …။


@************************************@

“ရင်ခွင်အိမ်ငယ်”

*ကဗျာလေးတွေနဲ့ ထုဆစ်ထားတဲ့ဒီအိမ်
အကြင်နာလေးတွေနဲ့ အုပ်မိုးထားတဲ့ဒီအိမ်
အချစ်တွေနဲ့ နွေးထွေးစေတဲ့ဒီအိမ် …။

*ဒီအိမ်လေးမှာ သာယာခြင်းတွေရှိမယ်
မောပန်းခြင်းတွေရှိမယ်
အလွမ်းလေးတွေရှိမယ် …။

*ကြမ်းတမ်းခက်ခဲခြင်းတွေရှိတဲ့အခါ
နှစ်ယောက်အတူလက်ကိုတွဲ
အချစ်တွေနဲ့ဖြတ်ကျော်လို့ …။

*မောပန်းခြင်းတွေရှိတဲ့အခါ
အကြင်နာလေးတွေနဲ့ ထွေးပွေ့လို့ …။

*အလွမ်းလေးတွေရှိတဲ့အခါ
ကဗျာလေးတွေအဖြစ် ထုဆစ်လို့ …။

*ကြည်နူးခြင်း ပျော်ရွှင်ခြင်းတွေနဲ့အတူ
ဒီဘဝတစ်သက်တာလုံး
အစားထိုးခြင်းကင်းမဲ့စွာ
ချစ်ခြင်းတွေနဲ့နွေးထွေးနေတဲ့
ရင်ခွင်အိမ်လေးကို
မြတ်နိုးတန်ဖိုးအထားဆုံးပဲ ချစ်သူ …။


(အစ်ကိုနဲ့အစ်မတို့ ချစ်သူသက်တမ်း(၇)နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ အချစ်အကြင်နာတွေနဲ့အတူ ကဗျာလေးတွေဆက်လက်ထုဆစ်နိုင်ပါစေနော် …)



မိုးညချမ်း
19.10.2012(1:30 p.m)

9 comments:

  1. သတိတရ လေးရေးပေးလို့ ရင်ထဲကနေပီတိတွေ တပွေ့တပိုက်ကြီးဖြစ်ရတယ်
    ကဗျာလဲကောင်းတယ် ကူးယူပြီးသိမ်းထားမယ်နော်
    ချစ်တဲ့ sis jasmine

    ReplyDelete
  2. အရမ်းကောင်းတယ် မိုးညရေ။
    အားပေးသွားတယ်နော်။

    ReplyDelete
  3. ရေးတတ်လိုက်တာမိုးညရေ..

    ReplyDelete
  4. အမှတ်တရလေးရေးပေးလို့ကျေးဇူးပါ ညလေးရေ ။ကဗျာလေးလဲအရမ်းကောင်းပါတယ်

    ReplyDelete
  5. ကြမ်းတမ်းခက်ခဲခြင်းတွေရှိတဲ့အခါ


    ရင်ခွင်အိမ်လေးကို
    ကဗျာလေးအရမ်းကောင်းတယ်အမ
    အရမ်းရေးတတ်တယ်အားပေးသွားပါတယ်

    ReplyDelete
  6. အရမ်းကြည်နူးစရာကောင်းတာပဲ အစ်မရေ။ တကယ်ရေးတတ်တာပဲဗျာ...။

    ReplyDelete

  7. *ဒီအိမ်လေးမှာ သာယာခြင်းတွေရှိမယ်
    အလွမ်းလေးတွေရှိမယ် …။

    ရင်ခုန်ခြင်းတွေကော ရှိမယ်
    ဘာကြောင့်လဲ ဆိုတော့ အချစ်ဆိုတဲ့  အသံ ကြားကြားမိနေသိလို.
    ခံစားရလို့ ရယ်.........

    ReplyDelete
  8. ကြိုးစားထားညီမရေ.... ဘလော့ဘက်ကို မလှည့်နိုင်ကြပဲ... ဖဘမှာပဲ ပျော်မြူးနေကြတဲ့ ဘလော့ဂါတွေများလာချိန်မှာ အခုလိုအချိန်ပေးရေးနိုင်တာ တကယ်ချီးကျူးပါတယ်... အောင်မြင်ပါစေမြန်မာပြည်.... အဲ.... မှားလို့ အောင်မြင်ပါစေ မိုးညချမ်း... . :)

    ခင်မင်စွာဖြင့်
    ကိုကိုးအိမ်(မန္တလေး)

    ReplyDelete
  9. Min Htet Naing(Hmawbi)November 25, 2012 at 9:52 AM

    ရသအပြည့်နဲ့ ကဗျာကောင်းလေး တစ်ပုဒ်ပါ

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...