Sunday, October 7, 2012

မြင့်မြတ်နှလုံးသားတို့ရဲ့အလင်းရောင်





















အာအောက်တိုဘာလ(၅)ရက်နေ့က ကမ္ဘာ့ဆရာများနေ့(World Teachers’ Day)တဲ့။  အမှန်ပြောရရင် ထိုနေ့လေးကို မမေ့ပေမယ့် အဲဒီနေ့လေးရောက်လာတော့မှာကိုတော့ မေ့နေခဲ့တာ အမှန်ပါ။ လွန်ခဲ့သော (၁)ရက်လောက်က Facebook မှာ ကျွန်မခင်မင်ရတဲ့ ပရဟိတနယ်ပယ်က ဆရာဝန်မောင်လေးတစ်ယောက်က ကမ္ဘာ့ဆရာများနေ့အတွက် ဂုဏ်ပြုကဗျာလေးကို ကျွန်မရဲ့Facebook စာမျက်နှာလေးပေါ် Tag လုပ်လာတော့မှ ထိုနေ့လေးရောက်ရှိလာပြီဆိုတာကို ကျွန်မလည်းသတိတရရှိသွားတယ်။ ကျွန်မကို သတိတရနဲ့ စာပေကောင်းလေးနဲ့အတူ ကဗျာလေးကိုပါ တွဲဖက်ပြီး ပြန်လည်မျှဝေပေးတဲ့အတွက်လည်း အတိုင်းမသိအောင် ကျေးဇူးတင်မိပါရဲ့။
ကျွန်မတို့တွေမှာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာပေါင်းမြောက်များစွာကို တွေ့ကြုံခဲ့ကြဖူးမှာပါ။ 

ကျွန်မလည်း ဒီလိုပါပဲ ကျွန်မဘဝမှာမမေ့နိုင်စရာ မြတ်သောဆရာများစွာနဲ့ တွေ့ဆုံပြီး ကောင်းသောအသိဉာဏ်၊ ဗဟုသုတ၊ စိတ်ထားတွေကို ပိုင်ဆိုင်ခဲ့ရဖူးပါတယ်။ ပထမဦးဆုံးဂါရဝပြုချင်တဲ့ဆရာတွေကတော့ “ရှေးဦးဆရာ မည်ထိုက်စွာသား၊ ပုပ္ပာစရိယ မိနှင့်ဖ” ဆိုသလို ကျွန်မရဲ့ဖေဖေနဲ့ မေမေပါ။ ငယ်စဉ်ကတည်းက ကိုးလလွယ်၊ ဆယ်လဖွားလို့ အပင်ပန်းခံကျွေးမွေးစောင့်ရှောက် ပညာသင်ကြားပေးခဲ့တဲ့ ကျွန်မရဲ့မေမေနဲ့ လူ့လောကအလယ် မျက်နှာမငယ်ရအောင် လူတန်းစေ့ထားပေးနိုင်အောင် အပင်ပန်းခံခဲ့ရတဲ့ ဖေဖေတို့ပေါ။ ကျွန်မရဲ့ဖေဖေနဲ့ မေမေက အစိုးရဝန်ထမ်းတွေလေ။ တစ်ဖက်တစ်လမ်းက မိသားစုစားဝတ်နေရေးအတွက် စီးပွားရှာရသလို ကျွန်မတို့မောင်နှမ(၃)ယောက်ကိုလည်း လိမ္မာရေးခြားရှိအောင် ပညာရေးထူးချွန်အောင် အမြဲသွန်သင်ဆုံးမပြသပေးခဲ့သလိုပဲ ကျွန်မဝါသနာပါရာအလုပ်ဖြစ်တဲ့ ပရဟိတအလုပ်တွေနဲ့ပတ်သက်လို့လည်း ကောင်းမွန်သောလမ်းကြောင်း၊ အတွေးတွေကို သင်ကြားပြသ လမ်းညွှန်ပေးတတ်တဲ့ လက်ဦးဆရာမိဘတွေပေါ့။ (ကျွန်မရဲ့မိဘအကြောင်းကိုလည်း ပိုစ့်လေးတစ်ပုဒ် သေချာရေးပြီး ဂါရဝပြုပါအုံးမယ်)…

ကျွန်မရဲ့လက်ဦးဆရာ မိဘတွေပြီးတော့ နောက်ထပ်နောက်ထပ် ဂါရဝပြုလေးစားခဲ့ရတဲ့ ဆရာပေါင်းမြောက်များစွာ ရှိပါသေးတယ်။ ကျွန်မက မေမေရဲ့ရုံးနဲ့နီးရာ မြို့ထဲကျောင်းဖြစ်တဲ့ ဗိုလ်တထောင်(၄) မိန်းကလေးကျောင်းမှာ ပညာသင်ကြားခဲ့ရသူပါ။ အဲဒီကျောင်းမှာ သူငယ်တန်းကစလို့ တက္ကသိုလ်ဝင်တန်းအောင်သည်ထိ ကျွန်မကို သွန်သင်ဆုံးမပေးခဲ့ကြတဲ့ ဆရာမများကိုလည်း ဘယ်တော့မှမေ့ရမယ်မထင်ပါဘူး။ အဲဒီဆရာတွေထဲကမှ ကျွန်မအတွက် မေ့မရနိုင်ဆုံး ဆရာမတစ်ယောက်ရှိခဲ့ဖူးပါတယ်။ ကျွန်မ သတ္တမတန်းအရွယ်တုန်းကပေါ့။ အတန်းပိုင်ဆရာမနာမည်က ဒေါ်စုစုရည်တဲ့။ တစ်ရက်တော့ မှတ်မှတ်ရရ ကျွန်မအဲဒီနေ့က အသည်းအသန်ဖျားနေတာပါ။ ကျောင်းမှာစာမေးပွဲရှိနေတော့ ခွင့်ယူလို့ကလည်းမရဘူးလေ။ မေမေတို့တွေရဲ့ ဂရုစိုက်ပေးမှုနဲ့ ကြိုးစားအားတင်းလို့ ကျောင်းကိုစာမေးပွဲသွားဖြေဖြစ်ခဲ့တယ်။ အတန်းတင်စာမေးပွဲမဟုတ်လို့ သိပ်ကြောက်စရာမဟုတ်ပေမယ့် စာမေးပွဲမဖြေဖြစ်လို့ အဆင့်နောက်ဆုံးရောက်သွားမှာလည်း သိပ်ကြောက်ခဲ့ တာကိုး။ ကျောင်းရောက်တော့ စာမေးပွဲကိုအားတင်းလို့ ကောင်းကောင်းမွန်မွန်ဖြေလို့ရခဲ့တယ်။ ကျွန်မကို စာမေးပွဲပြီးတာနဲ့ လာကြိုမယ်လို့ပြောခဲ့တဲ့ မေမေက တော်တော်နဲ့ ရောက်မလာတော့ အတန်းပိုင်ဆရာမက ရုံးကိုဖုန်းဆက်မေးကြည့်လိုက်တယ်။ ရုံးမှာအစည်းအဝေးရှိလို့ ဘယ်လိုမှထွက်လာလို့မရလို့ ကျောင်းဆင်းမှပဲ လာကြိုတော့မယ်ဆိုတာနဲ့ပဲ ညနေကျောင်းဆင်းချိန်(၂းဝ၀)ထိ အားတင်းစောင့်နေရင်းပဲ နေ့လည်လောက်မှာတော့ ကျွန်မကိုယ်တွေအသည်းအသန်ပူလာတယ်။ အတန်းထဲမှာ ကျွန်မဘယ်လိုမှခေါင်းမထောင်နိုင်တော့ဘူးလေ။ အဲဒီအချိန်မှာပဲ ကျွန်မနည်းတူ ဖျားနေတဲ့အတန်းပိုင်ဆရာမက ဆရာမတွေနားနေခန်းထဲ ကျွန်မကိုခေါ်သွားပြီး သူဝတ်ထားတဲ့အနွေးထည်ကိုချွတ် ကျွန်မကိုဝတ်ပေးပြီး သူကိုယ်တိုင် ကော်ဖီဖျော်၊ ခေါက်ဆွဲပြုတ်ပြီး ဆေးတိုက်ပါတယ်။ သတိလစ်မတတ်အဖျားတက်နေတဲ့ ကျွန်မကိုယုယုယယပြုစုလို့ သူမကိုယ်တိုင်ဖျားနေတယ်ဆိုတာတောင် မေ့လျော့သွားတယ်ထင်ပါရဲ့။ ကျွန်မနားမှာထိုင်လို့ နဖူးပေါ်ရေပတ်အုပ်ပေး၊ ချွေးသုတ်ပေး၊ တစ်နာရီခြားတစ်ခါ အဖျားတိုင်းလို့ ညနေကျောင်းဆင်းချိန် မေမေတို့ လာကြိုသည်ထိပါပဲ။ ကျွန်မကိုပြုစုပေးရင်းနဲ့ နောက်ရက်မှာတော့ ဆရာမလည်းအဖျားတွေတက်ပြီး ကျောင်းတောင်မတက်နိုင်အောင် ဖြစ်သွားခဲ့ရတယ်။ အတန်းပိုင်ဆရာမ ဒေါ်စုစုရည်ရဲ့ကျေးဇူးကိုလည်း ကျွန်မဘယ်တော့မှမမေ့နိုင်ပါဘူး။ ဒီပိုစ့်လေးနဲ့ ဆရာမကိုဂါရဝပြုလိုက်ပါတယ်။

နောက်ထပ်ဂါရဝပြုချင်သူတစ်ယောက်ကတော့ တက္ကသိုလ်စတက်တဲ့အချိန်မှာ ကျွန်မအဆိုတော်ဖြစ်ချင်ခဲ့တဲ့ပိုး (အဆိုတော်ရူး)ပေါ့လေ။ အဲဒီပိုး တော်တော်လေးပြင်းထန်ခဲ့ဖူးပါတယ်။ အဲဒီအချိန်မှာပဲ သူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးလို့ အစ်ကိုတစ်ယောက်နဲ့ ခင်မင်ခဲ့ရတယ်။ အဲဒီအစ်ကိုနဲ့သိကျွမ်းခဲ့ရပြီး ဂစ်တာတီးတာရော vocal ပိုင်းဆိုင်ရာ … ဂီတပိုင်းဆိုင်ရာတွေကို သူ့ဆီက လေ့လာဆည်းပူးဖြစ်ခဲ့ပါတယ်။ ပြန်မပြော နားမထောင်ဖြစ်တဲ့ ကျွန်မလို တပည့်မျိုးကို အတော်လေးစိတ်ရှည်လက်ရှည် သင်ပေးခဲ့ရတဲ့ ဆရာပါ။ သူသင်ပေးတဲ့ပုံစံမျိုးထိ ကျွန်မမလုပ်နိုင်ခဲ့တဲ့ အခါမျိုးဆို “ကျွတ်”တသပ်သပ်နဲ့ အမြဲဆူပူကြိမ်းမောင်းခဲ့တယ်။ အဲဒီလိုအဆူခံရတဲ့ အခါမျိုးတွေဆိုရင် ကျွန်မအတော်လေးဝမ်းနည်းစိတ်တိုခဲ့မိတယ်။ ကျွန်မနည်းတူ နောက်ထပ်သူငယ်ချင်းတွေကြားထဲမှာ ကျွန်မကအညံ့ဆုံးလို့ အပြောခံခဲ့ရတဲ့အတွက်လည်း ကျွန်မငိုခဲ့ရဖူးတယ်။ ခဏခဏပဲ အဲဒီအစ်ကိုအပေါ်ဒေါသနဲ့ပစ်မှားခဲ့ဖူးတယ်။ ခုချိန်မှာပြန်တွေးကြည့်ရင် ကျွန်မဝါသနာပါခဲ့တဲ့ အလုပ်တစ်ခုကို အသပြာတစ်ပြားတစ်ချပ်မှမယူဘဲ ကိုယ်ရောစိတ်ပါနှစ်မြှုပ်သင်ကြား ပေးခဲ့တဲ့ အဲဒီအစ်ကိုကြောင့်ပဲ ဂီတပိုင်းနဲ့ပတ်သက်တဲ့ဗဟုသုတတွေ ပညာတွေအများကြီးရခဲ့တယ်။ ငယ်ငယ်တုန်းက သီချင်းဆိုရင် “အသံလေး အသံကြောင်နဲ့ ဆိုနေရင် ဖြစ်အုံးမယ် ညည်းဖြစ်ချင်တဲ့ အဆိုတော်”လို့ ပြောခဲ့တဲ့ ကျွန်မဖေဖေတောင် “ငါ့သမီး အတော်လေးတိုးတက်လာတာပဲ”လို့ ပြောင်းပြီး ချီးမွမ်းခဲ့ရဖူးတယ်။ ဒါကြောင့် ပိုစ့်လေးနဲ့ပဲ ကျွန်မရဲ့ဆရာတစ်ဆူလည်းဖြစ် အစ်ကိုတစ်ယောက်လည်းဖြစ်တဲ့ “ကိုစိမ်းမောင်”ကို ဝန်ချတောင်းပန်ရင်း ဂါရဝပြုချင်ပါတယ်။

နောက်ထပ်ဆရာကတော့ ကျွန်မစာရေးလာဖြစ်တဲ့အခါ တွေ့ကြုံလာခဲ့ရတဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေကိုပါ။ ပထမအဓိကကျေးဇူးတင်ဂါရဝပြုချင်တာကတော့ ဆရာမဂျူးပေါ့။ ကျွန်မကအလွန်စိတ်ပျော့ညံ့သူလေ။ ဆရာမရဲ့စာအုပ်တော်တော်များများကို ဖတ်ရင်း မိန်းကလေးတစ်ယောက်ရဲ့ ထက်မြက်ပုံ၊ လဲကျတဲ့အချိန်မှာ ကောင်းမွန်စွာပြန်ရပ်တည်နိုင်ပုံလေးတွေ မြင်ရ ဖတ်ရတော့ ကျွန်မအရမ်းကို အားကျဖြစ်ခဲ့ပါတယ်။ အဲဒီလိုထက်မြက်သော မိန်းကလေးမျိုးဖြစ်အောင်လည်း ကြိုးစားဖြစ်ခဲ့တယ်။ အမြင့်ဆုံးမရောက်ခဲ့တောင် အောက်ဆုံးမှာတော့ ရှိမနေခဲ့ပါဘူး။ ဒါကြောင့်ဆရာမကိုလည်း ဒီပိုစ့်လေးနဲ့ ဂါရဝပြုပါရစေ။ ကျွန်မအတွက်တော့ စာပေနယ်ပယ်ထဲက အခြားလေးစားအားကျအတုယူရတဲ့ စာရေးဆရာတွေလည်း အများကြီးရှိပါတယ်။ စာပေနယ်ပယ်အသီးသီးက သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအားလုံးကိုလည်း ကျေးဇူးတင်ဂါရဝပြုပါရစေရှင်။

နောက်ထပ်တစ်ယောက်ကတော့ ကျွန်မနဲ့ပရဟိတလုပ်ရင်း ခင်မင်ခဲ့ရတဲ့ မမမြသွေးနီပါ။ ကျွန်မရဲ့စာရေးချင်စိတ်ကို အားပေးခဲ့ပြီး ရေးတဲ့ပုံစံစနစ်တကျဖြစ်အောင် သင်ကြားပေးခဲ့သူပေါ့။ ခုဆို မမမြသွေးနီရဲ့အားပေးမှုနဲ့ပဲ အရင်ကချမပြရဲခဲ့တဲ့ ကျွန်မရဲ့စာတွေ၊ ကဗျာတွေကို Online ပေါ်မှာပဲ ရဲရဲဝံ့ဝံ့ချပြရဲခဲ့လို့ အားပေးသူတွေ ရရှိလာခဲ့ရတာတွေ၊ စာဖတ်သူတွေရရှိလာခဲ့တာတွေအတွက်လည်း ကျေးဇူးတင်လို့ မဆုံးပါဘူး။ ဒီပိုစ့်လေးကပဲ ကျွန်မချစ်သော လေးစားရသော မမမြသွေးနီကိုလည်း ဂါရဝပြုပါတယ်။

ပရဟိတနယ်ပယ်က သင်ကြားပြသပေးသူ ဆရာတွေကတော့ ကိုကြီး(ကိုရီး)နဲ့ ကိုဗေဒါဇော်တို့ပါ။ ပရဟိတ စိတ်ထားဘယ်လိုထားတတ်အောင် နှုတ်ကသင်ကြားပြသပေးရုံသာမက သူတို့ကိုယ်တိုင်လည်း လုပ်ကိုင်ကြံဆောင်နေကြတဲ့အတွက် အဲဒီအစ်ကို(၂)ယောက်လုံးက ကျွန်မအတွက် သင်ဆရာတင်မကပါဘူး။ မြင်ဆရာ၊ ကြားဆရာဆိုရင်လည်း အမှန်ပါပဲ။ သူတို့ရဲ့စိတ်နေစိတ်ထား လုပ်ဆောင်ပုံတွေကို အတုယူလိုက်နာလို့ အတ္တဟိတနည်းပါးသော ပရဟိတသမားကောင်းတစ်ယောက်ဖြစ်အောင် ကျွန်မကြိုးစားနေပါတယ်။ ဒါကြောင့် ကျွန်မရဲ့ချစ်အစ်ကို(၂)ယောက်လည်းဖြစ် သင်ဆရာတွေလည်းဖြစ်တဲ့ ကိုကြီး(ကိုရီး)နဲ့ ကိုဗေဒါဇော်တို့ကိုလည်း ဒီပိုစ့်လေးကနေ ဂါရဝပြုလိုက်ရပါတယ်။

ကျွန်မဘဝမှာတွေ့ကြုံ ဆုံတွေ့ခဲ့ရတဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ အများကြီးပါ။ အသက်ကြီးမှ မဟုတ်ပါဘူး။ အသက်ငယ်သူတွေထဲကလည်း ကျွန်မအတွက်လေးစားအတုယူလောက်စေတဲ့ ဆရာတွေ အများကြီးပါ။ ထိုသို့ ထိုသို့သော ကျွန်မဘဝရဲ့သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကိုလည်း ဂါရဝပြုလိုက်ပါတယ်။ ကျွန်မရဲ့မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းတွေကလည်း ကျွန်မအတွက် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေပါပဲ။ သူတို့ပြောလိုက်တဲ့စကားတစ်ခွန်းဟာ ကျွန်မအတွက် အသိပညာကောင်းတွေ အများကြီးတိုးစေသလို သင်ခန်းစာတွေလည်း အများကြီးရရှိစေပါတယ်။ ကောင်းသောအလုပ်ကိုလုပ်ဆောင်ဖို့၊ စိတ်ဓါတ်ကျအားငယ်နေချိန်ဆို ဖေးမလမ်းပြလို့ အနားမှာအမြဲရှိနေပေးတဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ဂါရဝပြုပါရစေ။ နောက်ပြီး ကောင်းတာကိုမှသင်ကြားပြသပေးတဲ့သူတွေကို ကမ္ဘာ့ဆရာများနေ့မှာ ဂါရဝပြုချင်သလို မကောင်းတဲ့အမှုကိုပြုနေကြတဲ့ သူတွေကိုလည်း သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအဖြစ် ကျွန်မဂါရဝပြုပါရစေ။ သူတို့တွေမကောင်းတဲ့အမှု၊ မကောင်းတဲ့ကိစ္စတစ်ခုလုပ်လိုက်တိုင်း “ငါလည်း သူတို့လို မဖြစ်အောင် ကြိုးစား နေထိုင်ရမယ်”ဆိုတဲ့ သင်ခန်းစာအတွေးတစ်ခုရသွားခြင်းဟာလည်း ကျွန်မအတွက်တော့ပညာတစ်ခုရလိုက်ခြင်း ဖြစ်တဲ့အတွက် လေးစားအပ်သောဆရာများအဖြစ် ဒီပိုစ့်လေးကနေ ဂါရဝပြုလိုက်ပါရစေရှင်။

ကမ္ဘာ့ဆရာများနေ့မှာ ဒီလိုပိုစ့်လေးရေးသားပြီး ကျွန်မရဲ့သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများကို ဂါရဝပြုနိုင် အောင် ပြုလုပ်ပေးခဲ့တဲ့ မောင်လေးမင်းမောင်စိုးကိုလည်းကျေးဇူးတင်မိပါရဲ့။ သူရေးသားခဲ့တဲ့ ပိုစ့်လေးတစ်ခု ကြောင့် သတိဝင်အမှတ်ရလို့ ဒီဂါရဝပြုပိုစ့်လေးကိုရေးသားဖြစ်ခဲ့တာပါ။ မောင်လေးမင်းမောင်စိုးရေးသားခဲ့တဲ့ ပိုစ့် Link လေးကတော့ “http://www.facebook.com/photo.php?fbid=537908302891825&set=a.316368711712453.98395.100000179790265&type=1&relevant_count=1” မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်ရှင်။


(မှတ်ချက်။  အောက်တိုဘာလ(၅)ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့ (World Teachers’ Day)တွင် ကမ္ဘာပေါ်ရှိသင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးအား ဂါရဝပြုလေးစားလျှက် ….)


မိုးညချမ်း
5.10.2012(11:15 a.m)

10 comments:

  1. မိုးညရေ မှတ်သားစရာတွေ အများကြီးရခဲ့တယ်
    ဒီပိုစ့်လေးဖတ်ပြီး ကိုယ့်ကိုချစ်ခင်ပြီးဂရုတစိုက်ရှိခဲ့တဲ့ ဆရာ-ဆရာမတွေအားလုံးကိုလဲ သတိရနေမိတယ်
    ချစ်တဲ့ sis jasmine

    ReplyDelete
  2. မိုးညလေးရေ...ကြည်နူးစရာ ပို့စ်ကောင်းလေးဖတ်ပြီး..ရင်ထဲမှာ အတိုင်းမသိ
    ကြည်နူးသွားမိတယ် ..မိုးနတ်လဲ ဒီနေ့လေးကိုမေ့နေတာ...မိုးညလေးသတိပေးမှ...
    ကျေးဇူးပဲနော်..မိုးည
    ခင်မင်နေတဲ့...မိုးနတ်

    ReplyDelete
  3. မိုးညရေ ပိုစ့်လေးဖတ်မိတော့ဆရာသမားကိုပိုသတိရမိတယ်ကျေးဇူးညီမ

    ReplyDelete
  4. မိုးညရေ ....

    ဒီစာလေးဖတ်ပြီး ဆရာတွေရဲ့ ဂုဏ်ကျေးဇူးကို အမှတ်၇မိပါတယ်

    ကျေးဇူးပါ

    ခင်တဲ့
    မိုးသူ(တောင်ကြီး)

    ReplyDelete
  5. ပို့စ်ခေါင်းစဉ်လေးနဲ့ အကြောင်းအရာလေးက အရမ်းလိုက်ဖက်သလို အရေးအသားတွေလည်း ပီပြင်ပါတယ် ညီမလေးရေ

    ReplyDelete
  6. တကယ်ကိုတန်ဖိုးရှိတဲ့စာအရေးသားလေးပါ
    ဆရာများနေ့ကိုဒီစာလေးဖတ်ရင်းနဲ့စိတ်ကနေရည်းမှန်းပြီး
    ဂါရ၀ပြုသွားပါတယ်

    ReplyDelete
  7. ညီမလေးရေ..

    ပိုစ့်လေးဖတ်ပြီး မကြီးလွမ်း ဆရာမတွေကိုတောင် သွားသတိရမိသေးတယ်။
    ပိုစ့်အရေးအသားလေးကလည်း ခေါင်းစဉ်လေးနဲ့လိုက်ဖတ်သလို
    ဖတ်ရသူတွေလည်း အားရကျေနပ်မိတယ်။


    ချစ်တဲ့
    မကြီးလွမ်း

    ReplyDelete
  8. ဆရာ ဆရာမရဲ့ ဂုဏ်ကျေးဇူးအရေးအသားတွေက အရမ်းကောင်းပါတယ်

    ReplyDelete
  9. လေးလေးစားစားဖတ်သွားပါတယ်အစ်မ.။ ဒါနဲ့ အစ်မ ဂစ်တာတီးတတ်တယ်ဆိုလို့ တော်တော်လေးစားသွားတယ်.။ မိန်းကလေးတွေဂစ်တာတီးရင် အလွန် လေးစားတယ်...။။

    ReplyDelete
  10. ဆရာတစ်ယောက်ရဲ့ကျေးဇူးကို
    အထူးသိရှိသွားတယ်...
    လေးစားပါတယ် ။

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...