Sunday, October 5, 2014

ပျံပါလေတော့




ကျွန်မ မိုးရေထဲမှာ ဘယ်လောက်ကြာအောင် ရပ်နေမိမှန်းမသိ..။ ကိုယ်ကိုတိုင်လည်း ဘာတွေလုပ်နေမိမှန်းမသိ…။ ကျွန်မ မိုးစက်တွေကိုချစ်သည်။ မိုးရွာနေတဲ့အချိန် မိုးရေထဲ လမ်းလျှောက်နေရခြင်း၊ မိုးရေထဲမှာ ရပ်နေရခြင်းကို ကြိုက်သည်။ ဘာကြောင့်လဲလို့သိချင်ကြမပေါ့။ မိုးစက်လေးတွေက ကျွန်မရဲ့မျက်ရည်တွေကို ကာကွယ်ပေးသည်။ ကျွန်မရဲ့အထီးကျန်ခြင်းကို အဖော်ပြုပေးသည်။

ကျွန်မဟာ ဟန်ဆောင်တတ်ခဲ့သူလား? ကျွန်မကိုယ့်ကိုကိုယ် ဟန်မဆောင်တတ်သူအဖြစ် သိထားသူပါ။ ငိုချင်ရင် မျက်ရည်တောင် မထိန်းနိုင်ဘဲ ငိုတတ်သည့်မိန်းကလေးမျိုးပါ။ သို့ပေမယ့် အခု သူထွက်သွားတော့မှာကို ဘာ့ကြောင့် ကျွန်မ မတားဘဲ ထွက်ခွာခွင့်ပြုခဲ့ပါလိမ့်။ သူထွက်သွားမှာကို အရူးတစ်ပိုင်းလို ကျွန်မ အော်ဟစ်မငိုကြွေးမိခဲ့ပါလိမ့်?

“အင်း … ဟုတ်ပြီလေ … ထွက်သွားမှာမဟုတ်လား … ပြင်ဆင်စရာရှိတာတွေပြင်တာပေါ့ … မေ့ကျန်တာ ဘာညာလည်း မဖြစ်စေနဲ့”

“ဟာ … ဒီအတိုင်း ထွက်သွားခွင့်ပေးတယ်ပေါ့ … ခုလိုထွက်သွားမယ်ပြောတာ ဘယ်လိုမှမခံစားရဘူးလား”

ဟုတ်ပါသည်။ ကျွန်မ မျက်ရည်တစ်စက်တောင် မထွက်ဘဲ အားတင်းရင်းပြောလိုက်မိသည့် စကားများအတွက် ကျွန်မကိုယ်တိုင် အံ့သြမိသည်။ တစ်ကယ်ဆို ကျွန်မငိုကြွေးရမှာ…။ ကိုယ်ချစ်တဲ့သူတစ်ယောက် ကိုယ်နေ့တိုင်းမြင်တွေ့နေရတဲ့သူတစ်ယောက် ကိုယ့်အနားကနေ ထွက်ခွာသွားမယ့်အချိန်အတွက် ကျွန်မ လက်မှိုင်ကျငိုကြွေးရမှာ…။

သူ ကျွန်မကို မုန်းသွားပါလိမ့်မည်။ စိတ်နာသွားပါလိမ့်မည်။ “ကျွန်မ ဘာ့ကြောင့် မတားခဲ့သလဲ”ဆိုသည့် အမေးအတွက် ကျွန်မမှာ တိုးတိတ်စွာအဖြေရှိသည်။ သူ ကျွန်မအနားမှာသာ အမြဲနေလျှင် အချိန်တိုင်းနေလျှင် ပင်ပန်းဆင်းရဲရသည်။ သောကဗျာပါဒ များရသည်။ စိတ်ပင်ပန်းရသည်။ ကျွန်မအနားကထွက်ခွာသွားပြီး သူ့လမ်း သူဖောက်နိုင်မှ သူ့ဘဝသာယာ လှပပေလိမ့်မည်။ သူ့ဘဝလေး အေးချမ်းလိမ့်မည်။ ကျွန်မတစ်ယောက်ထဲရဲ့စိတ်ဆန္ဒ သာယာချမ်းမြေ့မှုတစ်ခုကြောင့် သူ့ဘဝလေးကို မဖျက်ဆီးရက်ပါ။

ကျွန်မဟာ ငယ်ငယ်လေးကတည်းက ဘာကိုမှ မတောင်းဆိုတတ်တဲ့ … ပိုင်ဆိုင်ချင်ရင်တောင် အဆင်ပြေပါ့မလားဆိုတဲ့စိတ်နဲ့ ကြီးပြင်းလာရသူတစ်ယောက်ပေါ့။ လူဆိုတာ “ပိုင်ဆိုင်ခွင့် … တောင်းဆိုခွင့်”ရှိတယ်တဲ့။ ငယ်ငယ်လေးတုန်းက ဘယ်ဆီကမှန်းမသိဘဲ ကြားမိတဲ့စကားအတိုင်းဆို သူ့ကို ကျွန်မအနားမှာ အချိန်ပြည့်ထားချင်သည်။ အချိန်တိုင်း နေ့ရက်တိုင်း သူ့မျက်နှာမြင်နေရရင် … သူနဲ့အတူတူရှိနေခွင့်ရရင် ကျွန်မအတွက် ဘယ်အရာမှ မက်မောစရာမလိုအောင် ပြည့်စုံလွန်းလှသည်။ အခက်အခဲ အန္တရာယ်မြောက်များစွာကို ရင်ဆိုင်တိုက်ခိုက်ရဲသည်။ အခက်အခဲများကြောင့် ဟန်ချက်ပျက်ပြီး လဲကျသွားခဲ့တောင် ပြန်လည်နိုးထနိုင်တဲ့ အင်အားတွေရှိလာသည်။

သို့ပေမယ့် ကျွန်မဟာ ငယ်ငယ်လေးကတည်းက ကိုယ့်ကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ ဒုက္ခမရောက်စေလိုတဲ့ စိတ်ဆင်းရဲ ပင်ပန်းခြင်းတွေ မရှိစေလိုတဲ့ အတွေးတွေနဲ့ပဲ ကြီးပြင်းလာခဲ့ရသည်။ ကျွန်မခင်မင်ရင်းနှီးရတဲ့မိတ်ဆွေ အပေါင်းအသင်းတွေတောင် သူတို့ကိုယ်တိုင်ဖွင့်ဟမပြောပေမယ့် “ကျွန်မကြောင့် စိတ်အနှောင့်အယှက်နဲ့ပင်ပန်းရတယ်”လို့ ခံစားလာရရင် မြင်လာရရင် စားမဝင်၊ အိပ်မပျော်အောင်အထိ ကျွန်မ အားနာစိတ်သောကရောက်ရသည်။

အခုတော့ သူဟာ ကျွန်မချစ်ရသူ … ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲထွက်မတတ်ချစ်ရသူ … အရာအားလုံးနဲ့လဲယူပြီး ချစ်ရသူ …။ ကျွန်မ သူ့ကို ဘယ်လိုအင်အားမျိုးနှင့် “ထွက်မသွားပါနဲ့”လို့ တားမြစ်ပိတ်ပင်ရမည်နည်း။ မျက်နှာကတော့ ဟန်မပျက်အောင် ထိန်းထားရပေမယ့် ရင်ထဲမှာတော့ ပူလောင်နေပြီဆိုတာ ကိုယ့်ကိုကိုယ်သာ သိသည်။ သူထွက်ခွာသွားပြီး သူ့ဘဝလေး ပြည့်စုံသာယာမှုရှိလာမည့် လမ်းတစ်ခုအတွက် ကျွန်မ မျက်ရည်နဲ့ တားမြစ်ခြင်းတွေက ခလုတ်ကန်သင်းမဖြစ်စေချင်ပါ။

“ဟုတ်ပြီလေ”ဆိုတဲ့ သူ့စကားရဲ့နောက်ကွယ်က နာကြည်းမှုကို ကျွန်မမြင်တွေ့လိုက်ရပါသည်။ ရှင်းမပြလိုတော့ပါ …။ 

ချစ်တဲ့သူကို အနားကထွက်သွားစေအောင် ရင်အကွဲခံဟန်ဆောင်ရတာလောက် ပင်ပန်းတဲ့အရာမရှိ။ ကျွန်မ ပင်ပန်းသည်။ တစ်လောကလုံးကြားအောင် အော်ဟစ်ငိုကြွေးပြချင်သည်။ တစ်ယောက်ယောက်ဆီပြေးပြီး ဖွင့်ဟပြောပြချင်သည်။

“ဟင့်အင်း … ငါ့စိတ်ကိုမလွှတ်လိုက်နဲ့ … ငါ့ကြောင့် ဘယ်သူမှဒုက္ခမရောက်စေနဲ့”ဆိုတဲ့ တိတ်တဆိတ်ငိုကြွေးနေခြင်းရဲ့နောက်ကွယ်မှာ ကျွန်မစိတ်တွေ လေနှင်ရာဆီသို့ ရွက်လွှင့်ရင်းဖြင့်သာ …။


စာချစ်သူများကို အစဉ်လေးစားစွာဖြင့်
မိုးညချမ်း
5.10.2014 (2:22 P.M)

5 comments:

  1. ရင်တွင်းခံစားချက်ကို လစ်လျူရှုပြီး ထိန်းချုပ်ရခက်တဲ့ စိတ်စေတသိက်ကို ဦးတည်ရာသို့ ရွက်လွှင့်ခဲ့....

    ReplyDelete
  2. တခါတလေမှာထိန်းချုပ်မှု့တွေဟာမလိုအပ်ဘူးညီမငယ် သက်တမ်းတိုလွန်းတယ်

    ReplyDelete
  3. စာတစ်ပုဒ်သာဖြစ်ပါစေ မိုးညရေ
    တကယ် အဖြစ်အပျက် တစ်ခု
    မဖြစ်ပါစေနဲ့  ...လို့ 

    ReplyDelete
  4. ဟန်ဆောင် ထိန်းချုပ်ခြင်းဆိုတာ
    ချစ်ခြင်းတရားမှာ မထားကောင်းဘူးညီမ...

    ReplyDelete
  5. တိတ်တဆိတ်ငိုကြွေးနေခြင်းရဲ့နောက်ကွယ်မှာလဲ....................အမြဲငိုနေရတတ်တယ်ညီမရေ

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...