Thursday, May 24, 2012

မမေ့ပါနဲ့


 
*မင်းမမေ့ပါနဲ့မင်းကိုချစ်နေတဲ့
ငါတစ်ယောက်ရှိနေသေးတယ်ဆိုတာ …

*မင်းမမေ့ပါနဲ့ မင်းကိုစောင့်မျှော်နေသူတစ်ယောက်
ရှိနေသေးတယ်ဆိုတာ …

*မင်းမမေ့ပါနဲ့မင်းနာကျင်မောပန်းတဲ့အခါ
မင်းနားခိုဖို့ငါ့ရင်ခွင်ရှိနေသေးတယ်ဆိုတာ …

*မင်းမမေ့ပါနဲ့ မင်းတစ်ယောက်ဟာ
ငါ့အတွက်ပထမဦးဆုံးနဲ့ နောက်ဆုံးချစ်ရသူဆိုတာ …

*မင်းမမေ့ပါနဲ့ ငါ့ဘဝ ငါ့ရင်ခွင် ငါ့အချစ်တွေအားလုံးက
မင်းတစ်ယောက်တည်းအတွက်ဆိုတာ …

*မင်းမမေ့ပါနဲ့ မင်းနဲ့ဘဝတစ်ခုကို
အတူတည်ဆောက်ချင်ခဲ့တယ်ဆိုတာ …

*မင်းမမေ့ပါနဲ့ မင်းနဲ့ကောင်းခြင်းဆိုးခြင်းတွေကို
အတူမျှဝေခံစားချင်နေတဲ့ချစ်သူငါဆိုတာ …

*မင်းမမေ့ပါနဲ့ မင်းဆီကဖုန်းခေါ်မယ့်အချိန်
မင်းဆီက msg တစ်စောင်ကို အချိန်တိုင်း
စောင့်မျှော်နေသူငါတစ်ယောက်ဆိုတာ …

*မင်းမမေ့ပါနဲ့ မင်းစွန့်ပစ်သွားသည့်တိုင်
မင်းကိုရူးလောက်အောင် စောင့်မျှော်ရင်း
ချစ်နေဆဲဆိုတာတွေကိုပါ …

24.5.2012 (1:55 P.M)

Thursday, May 17, 2012

အသည်းကွဲ Candy



သာယာတဲ့နေ့လေးပဲ … ကျွန်မအရမ်းကိုတက်ကြွနေမိနေပါတယ် … ကျွန်မဒီနေ့တက္ကသိုလ်စတက်ရပြီလေ … ကျွန်မမျှော်မှန်းထားတဲ့ ဆေးတက္ကသိုလ်တော့မဟုတ်ပါဘူး … တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းထုတ်တော့ ဆေးတက္ကသိုလ်မှီဖို့ (၁၀)မှတ်လောက်လိုသွားတာကိုလည်း နောင်တရလို့မဆုံးပါဘူး … တစ်ကယ်ဆို ကျွန်မ ဒီထက်ပိုကြိုးစားခဲ့သင့်တာပေ့ါ … ဆေးအမှတ်မမှီတာနဲ့ပဲ ကျွန်မအဝေးသင်တက္ကသိုလ်ပဲ တက်ဖို့ဆုံးဖြတ် လိုက်ချိန်မှာ ကျွန်မမေမေက တက္ကသိုလ်ကျောင်းသားဘဝကို ငယ်တုန်းမှာခံစားရတာဆိုတဲ့ စကားနဲ့ပဲ ကျွန်မ မေမေရွေးချယ်ပေးတဲ့ IC Major ကိုပဲရွေးချယ်လို့ တက်ဖြစ်ခဲ့ပါတယ် …
ဘာပဲဖြစ်ဖြစ်ကျွန်မ တက္ကသိုလ်စတက်ရမယ့်နေ့လေးကိုတော့ ရင်ခုန်မိနေပါတယ် … ကျွန်မမြန်မာဇာတ်ကား တစ်ချို့ကြည့်ဖူးပါတယ် … အဲဒီ ဇာတ်ကားတွေထဲက ပျော်ရွှင်စရာတက္ကသိုလ်ကျောင်းသားဘဝလေးတွေ … မေမေပြောပြတဲ့ တက္ကသိုလ်ကျောင်းသားဘဝတွေကို ကျွန်မစိတ်ကူးလေးနဲ့နှစ်သက်မိနေပါတယ် … မနက်စောစောမေမေက အိပ်ရာလာနှိုးတာနဲ့ရေမိုးချိုး ပြင်ဆင်စရာရှိတာပြင်နဲ့ တက္ကသိုလ်လေးဆီ အရောက် ပို့ဆောင်ပေးမယ့် Ferry Gate လေးကို ကျွန်မထွက်လာလိုက်ပါတယ်… Ferry ပေါ်ရောက်တော့ ကျွန်မထိုင်ဖို့ နေရာလေးတောင် မရှိတော့ပါဘူး … ကျွန်မကြောင်တောင်တောင်နဲ့ ရပ်နေတုန်း အစ်ကိုကြီးတစ်ယောက်က သူ့နေရာမှာထိုင်ဖို့ နေရာဖယ်ပေးတော့ ကျွန်မစိတ်ထဲကတက္ကသိုလ်စတက်တဲ့နေ့မှာပဲ အမှတ်တရအသိ တစ်ယောက်စရပြီပေါ့ … သူဖယ်ပေးတဲ့နေရာလေးမှာပဲ “ကျေးဇူးတင်ပါတယ်”လို့ ပြောလိုက်ပြီးဝင်ထိုင်လိုက်ပါတယ် … အဲဒီအစ်ကိုကြီးကပဲစပြီး ကျွန်မကိုမိတ်ဆက်စကားစပြောလာပါတယ် … “ညီမလေးက ဒီနှစ်မှစတက်တာထင်တယ် … ခုမှတွေ့ဖူးတယ် … အစ်ကိုက Second Year တက်နေပြီကွ … အစ်ကိုတို့ ကျောင်းစတက်တုန်းကလည်း ဒီလိုပါပဲကွာ … ဘယ်သူ့မှမသိ … ဘာမှလည်းနားမလည်နဲ့ … အဆောင်တွေ မသိလို့မေးမိတာတောင် အချွန်နဲ့မတာတောင် ခံလိုက်ရတာကွ … အကူအညီလိုလည်းပြောနော် … အစ်ကို့နာမည်က အောင်ကိုပါ … Physics ကနော် … ညီမလေးကရော …” ..

အဲဒီအစ်ကိုကြီးမေးတာနဲ့ ကျွန်မလည်းကိုယ့်ကိုကိုယ် မိတ်ဆက်လိုက်ပါတယ် … ကံကောင်းချင်တော့ အဆောင်မသိတဲ့ ကျွန်မလိုလူသစ်အတွက် အဲဒီအစ်ကိုနဲ့ ကျွန်မတို့စာသင်ဆောင်က ကပ်ရပ်ပဲဆိုတော့ အဆင်ပြေသွားပါတယ် … ကျွန်မစိတ်ထဲက ကိုအောင်ကိုဆိုတဲ့ အစ်ကိုကြီးကို ကျွန်မရဲ့ပထမဦးဆုံးသော မိတ်ဆွေသူငယ်ချင်းအဖြစ် ခင်မင်သွားမိခဲ့ပါတယ် …. ကျောင်းကိုရောက်ဖို့ နာရီဝက်လောက် စီးလိုက် ရတယ်လေ … ကျောင်းရောက်တော့ အဆောင်ထိရောက်အောင် အဲဒီအစ်ကိုကပဲ လိုက်ပို့ပေးပါတယ် … ဒါနဲ့ ကျွန်မတက်ရမယ့်စာသင်ခန်းကို ရှာပြီးလွတ်နေတဲ့နေရာလေးတစ်ခုမှာဝင်ထိုင်လို့ ကျွန်မရဲ့တက္ကသိုလ်စတက် တဲ့နေ့လေးတစ်နေ့ကို စတင်ဖြတ်သန်းရပြီပေါ့ … နေ့လည်လောက်ရောက်တော့ သူလိုကိုယ်လို မိတ်ဆက်ရင်း အခင်ဆုံးသူငယ်ချင်း(၄)ယောက်ကို ခင်မင်ခွင့်ရခဲ့ပါတယ် …

သွားအတူ စားအတူ နေတဲ့မြို့နယ်ချင်းကလည်း သိပ်မကွာတော့ ပထမနှစ်တစ်နှစ်လုံး သီတာ၊ စုစု၊ နှင်းနှင်း၊ မေသင်းဆိုတဲ့ သူငယ်ချင်းလေးတွေနဲ့ပဲ ကျွန်မရဲ့ပျော်စရာနေ့ရက်လေးတွေကို ပိုင်ဆိုင်ခဲ့ရဖူးပါတယ် … မနက် ကျောင်းကိုရောက်ပြီဆိုတာနဲ့ တက်စရာရှိတဲ့အတန်းချိန်တွေတက်လို့ နေ့လည်ထမင်းစားချိန် ကန်တင်းမှာ ဟာသတွေပြောရင်းနဲ့လည်း ကျွန်မရဲ့လှပတဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်ခဲ့ရဖူးပါတယ် … ညနေ Ferry ဝင်းကိုသွားပြီဆို ကျွန်မသူငယ်ချင်း(၄)ယောက်နဲ့အတူ တက္ကသိုလ်ပထမဦးဆုံးနေ့ရက်မှာ ခင်မင်ခဲ့ရတဲ့ အစ်ကိုအောင်ကိုက အဆောင်အထိ လာခေါ်ပေးလို့ ရီမောရင်းနဲ့ နေ့ရက်တွေကိုဖြတ်သန်းခဲ့ရ တာလည်း ကြည်နူးစရာလေးတွေပါပဲ …

ဒီလိုနဲ့စာမေးပွဲတွေဖြေ … နွေရာသီကျောင်းပိတ်ရက်(၂)လတာကို ဖြတ်သန်းအပြီး စာသင်နှစ်တစ်နှစ် ကုန်ဆုံးပြီး ဒုတိယနှစ်လေးရောက်လာတော့ ကျွန်မတို့သူငယ်ချင်းတွေကြားထဲကို လူတစ်ယောက်ဝင်လာ ခဲ့ပါတော့တယ် … သူ့နာမည်က “ရန်နောင်”တဲ့ … သူက Chemistry ကပါ … ကျွန်မတို့ထက်တော့တစ်နှစ်ကြီး ပါတယ် … ကျွန်မသူ့ကိုစတင်သတိထားမိတာက ပထမနှစ်မောင်ညီမလေးတွေအတွက်ပြုလုပ်ပေးတဲ့ Fresher Welcome ပွဲလေးမှာပါ … သူ့ညီမလေးက ကျွန်မတို့မေဂျာက ပထမနှစ်လေးပေါ့ … သူ့ကိုတွေ့လိုက်တော့ ကျွန်မအတွက် ဖော်ပြလို့ မရနိုင်တဲ့ခံစားချက်မျိုးနဲ့ ကျွန်မရင်ခုန်မိပါတယ် … အရင်က တစ်ခြားအဆောင်ဘက်ဆို သူငယ်ချင်းတွေခေါ်တာတောင် ယောင်လို့ခြေဦးမလှည့်ခဲ့သူ ကျွန်မ … ခုတော့ Chemistry ဆောင်ဘက်ကို ကျွန်မချောင်းပေါက်မတတ်သွားတတ်နေပါပြီ … သိစိတ်ကြောင့်ပဲဖြစ်စေ … မသိစိတ်ကြောင့်ပဲဖြစ်စေ ခုလိုလုပ်နေရတာလေးတွေကို ကျွန်မကျေနပ်နေတတ်ပါပြီ … ကျွန်မမူပျက်နေတာကို ကျွန်မသူငယ်ချင်းတွေက မေးတော့လည်း ကျွန်မဘာကိုမှတိတိကျကျဝန်မခံချင်ခဲ့ပါဘူး …

ဒီလိုနဲ့တစ်ရက် တစ်ရက်မှာတော့ ကျွန်မရဲ့စိတ်ကူးလေးအတိုင်း တိတ်တဆိတ်စွန့်စားမှုလေးကို စတင်လက်တွေ့အကောင်အထည်ဖော်မိပါတော့တယ် … အသည်းပုံသကြားလုံးလေးတစ်လုံးရယ် … စာရွက်ရဲ့ ထိပ်ဆုံးဘက်မှာ သို့ဆိုတဲ့ ရည်ညွှန်းချက်လေးရယ် … အောက်ဆုံးနားလေးမှာ မှ ဆိုတဲ့ စကားလုံးလေးရယ်ပဲပါတဲ့ စာရွက်အလွတ်လေးတစ်ရွက်ရယ်ကို စာအိတ်လေးထဲ သေသပ်စွာထည့်လို့ ကန်တင်းကစားပွဲထိုးလေးအကူအညီနဲ့ ကျွန်မသူ့လက်ထဲရောက်အောင် ပို့ခဲ့ပါတယ် … ကျွန်မဟာငယ်စဉ် ကတည်းက (၉)ဂဏန်းနဲ့အကျိုးပေးတတ်သူမို့ (၉)ရက်တိတိပို့မယ်လို့လည်း စိတ်ကူးလေးတွေနဲ့ပေါ့ …. ပထမရက် … ဒုတိယရက် … တတိယရက်မှာတော့ အရမ်းလျှင်တဲ့ကျွန်မသူငယ်ချင်း (၄)ယောက်ရိပ်မိသွားပါပြီ … ကျွန်မကို တရားခံစစ်သလို မေးကြမြန်းကြတော့ ကျွန်မလည်းရှက်ရှက်နဲ့ပဲ ဝန်ခံလိုက်ရပါတော့တယ် … တဖြည်းဖြည်းနဲ့သူလည်း ကျွန်မတို့သူငယ်ချင်းတစ်စုကို သတိထားမိလာပါပြီ …  ကျွန်မတို့(၄)ယောက်လုံး ကလည်း နှုတ်လုံစွာနဲ့ပဲ သရုပ်ဆောင်ကောင်းစွာနဲ့ပဲ သူ့ကိုပဟေဠိဆန်နေတဲ့ မိန်းကလေးဟာ ဘယ်သူမှန်း မသိရလောက်အောင် တော်ခဲ့ကြတာပဲ … ခြောက်ရက်မြောက်နေ့မှာတော့ ကျွန်မတို့ကန်တင်းမှာ ထိုင်နေကြတုန်း သူ့သူငယ်ချင်းတစ်ယောက် ကျွန်မတို့ဝိုင်းလေးဆီသို့ တန်းတန်းမတ်မတ်ရောက်လာပြီး စကားလာပြောပါတယ် … “မင်းတို့ထဲက တရားခံဘယ်သူလည်းဆိုတာ ရန်နောင်က ခန့်မှန်းမိနေပြီ”တဲ့ …

ကျွန်မအရမ်းကိုစိတ်လှုပ်ရှားသွားမိတယ် … လက်ထဲကရေခွက်တောင်လွတ်ကျမတတ်ပါပဲ … “အို … မဖြစ်ပါဘူး … နောက်ရက်ပို့မယ့်သကြားလုံးလေးကို ငါကိုယ်တိုင်ပို့မှ ငါ့ကိုသံသယကင်းနိုင်မှာပဲ” ဆိုတဲ့ အတွေးတစ်စက ချက်ချင်းခေါင်းထဲဝင်လာပါတယ် … အဲဒီနေ့ကလည်း ဖြစ်ချင်တော့ ကျွန်မထိုင်တဲ့နေရာနဲ့ သူနဲ့ကလည်း မျက်နှာချင်းဆိုင်လိုဖြစ်နေတော့ တစ်ချိန်လုံးသူကျွန်မကို စိုက်ကြည့်နေသလို ခံစားခဲ့ရပါတယ် … ကျွန်မရင်တွေခုန်လွန်းလို့ မျက်လုံးချင်းမဆုံမိအောင် မနည်းသတိထားရင်း ကန်တင်းကပြန်အထွက် ကျွန်မခြေလှမ်းတွေကို တော်တော်လေးဂရုစိုက်နေခဲ့ရပါတယ် …

သတ္တမမြောက်နေ့ သကြားလုံးလေးကိုတော့ ကျွန်မကိုယ်တိုင်သူ့လက်ထဲသွားပို့ပေးခဲ့တော့ သူ့မျက်နှာက အံ့အားသင့်တဲ့ အမူအရာတွေနဲ့ “ကျေးဇူးပါပဲ” ဆိုတဲ့ စကားတစ်ခွန်းကို ကျွန်မလက်ခံရရှိခဲ့ပါတယ် … ကိုးရက်မြောက်နေ့မှာတော့ သူ့အတွက်ပဟေဠိဆန်တဲ့ မိန်းကလေးဟာ “ကျွန်မပါ”လို့ အရှက်အကြောက် ကင်းမဲ့စွာ ကိုယ်တိုင်ဝန်ခံပြီး ကျွန်မအချစ်တွေကို သူသိအောင်ထုတ်ဖော်ပြောမယ်လို့ တစ်ညလုံးအားတင်းလို့ ရှစ်ရက်မြောက်နေ့က စာလေးထဲမှာ ကြိုတင်ချိန်းထားတဲ့နေရာလေးမှာ သူနဲ့တွေ့ဆုံဖို့ ကျောင်းကိုရောက်လာခဲ့တယ် … Ferry ပေါ်မှာကတည်းက ဂဏှာမငြိမ်ဖြစ်နေတဲ့ ကျွန်မကိုတောင် ကိုအောင်ကိုက စလိုက်ပါသေးတယ် … “ညီမလေးကတော့ ဒီနေ့ရည်းစားကိုအဖြေပေးမယ့်နေ့ထင်တယ် … ပုံစံက စိတ်လှုပ်ရှားနေတဲ့ပုံနဲ့”တဲ့ … ကျွန်မ မသိမသာလေးပဲ ပြုံးနေလိုက်ပါတယ် …

Ferry ရောက်တာနဲ့တစ်ပြိုင်နက် ကျွန်မသူငယ်ချင်း(၃)ယောက်က ကျွန်မကိုအပြေးအလွှားလေးလာကြိုလို့ “နင်အိုကေရဲ့လား … Ready ဖြစ်နေပြီပေါ့ … နင် မအိုကေရင် ငါတို့ နင့်ကိုယ်စားသွားပြောပေးမယ်နော် ငြိမ်း” တဲ့ … ကျွန်မကိုယ်တိုင်ဝန်ခံချင်နေတဲ့စိတ်တွေက ပြင်းပြနေလေတော့ “နေပါစေဟာ” ဆိုတဲ့ စကားတစ်ခွန်းပဲ သူငယ်ချင်းတွေကိုပြန်ပြောနိုင်ခဲ့ပါတယ် … “ဒါနဲ့ ဒီနေ့မှထူးထူးဆန်းဆန်း နှင်းနှင်း တစ်ယောက်ပျောက်နေပါ လားဟေ့”ဆိုတဲ့ သီတာ့ဆီက စကားလေးကိုကြားလိုက်တော့ ကျွန်မရင်ထဲစိုးရိမ်စိတ်တွေပြင်းပြသွားပါတယ် … နှင်းနှင်းဆိုတာ ကျွန်မတို့သူငယ်ချင်း(၅)ယောက်ထဲမှာ ချစ်ဖို့အကောင်းဆုံးလေ … စန်းအပွင့်ဆုံး ယောကျ်ားလေးတော်တော်များများ ကြားထဲမှာ ရေပန်းစားနေသူတစ်ယောက်လေ … “အို … မဖြစ်နိုင်ပါဘူး”လို့ ကျွန်မရဲ့မဟုတ်မဟပ်အတွေးတွေကို ဖျောက်ဖျက်ပစ်လိုက်ပါတယ် … ချိန်းထားတဲ့နေရာလေးကို သွားပြီး ကျွန်မသူ့ကိုစောင့်နေလိုက်ပါတယ် … ကျွန်မသူငယ်ချင်းတွေကတော့ ကျွန်မကိုကန်တင်းမှာ စောင့်နေကြ မယ်တဲ့ … တစ်နာရီ … နှစ်နာရီ … သုံးနာရီ … ချိန်းထားတဲ့နာရီထက် အတော်လေး နောက်ကျ လာပါပြီ … ကျွန်မတစ်ယောက်တည်းအားငယ်စိတ်တွေဝင်လာပြီ … ဘေးပတ်ဝန်းကျင်က ကျောင်းသူကျောင်းသားတွေ ကလည်း ကျွန်မကိုဝိုင်းကြည့်လာကြပြီ … ကျွန်မမျက်ရည်တွေဝေ့ဝဲတက်လာတဲ့အချိန်မှာပဲ ကျွန်မသူငယ်ချင်း (၃)ယောက် ကျွန်မနားကိုရောက်လာပါတယ် … “ဟဲ့ … ငြိမ်း နင်ဆက်စောင့်မနေနဲ့တော့ … ငါတို့လည်း နင် မလာမလာဆိုတော့ အဆင်ပြေပြီး ပါသွားတယ်ထင်လို့ အေးဆေးနေကြတာ … ခုနကတင် နင့်အကောင်နဲ့ နှင်းနှင်းမ အတူတူ ကန်တင်းထဲရောက်လာတော့မှ စကားသွားပြောတော့ အကျိုးအကြောင်းသိရပြီး နင့်ဆီငါတို့လာခဲ့ကြတာ … နှင်းနှင်းဟာ သူငယ်ချင်း အရင်းခေါက်ခေါက်ကိုလုပ်ရက်တယ် … ပဟေဠိဖွက်နေတဲ့ မိန်းကလေးက သူပါဆိုပြီး ကြားကဝင်ခုတ်သွားတယ် … သူမို့အရှက်မရှိဟာ … ဟိုအကောင်ကလည်း နည်းနည်းပါးပါး မစုံစမ်းဘူး … စွတ်ပြီးတော့ယုံတာပဲ … လာဟာ … သွားမယ် … ညစ်မနေနဲ့ … ငါတို့ဒီနေ့တစ်နေကုန်လျှောက်လည်ပစ်မယ် … ”ဆိုတဲ့ မကျေနပ်သံတွေနဲ့အတူ ကျွန်မ စကားလုံးတစ်ချို့ကိုကြားလိုက်ရတော့ ကျွန်မ ခံနိုင်ရည်မရှိခဲ့ပါဘူး … “ငါ … ငါ .. နင်တို့နဲ့ မလိုက်ပါ ရစေနဲ့ဟာ … ငါ့ကို အိမ်ပြန်နားခွင့်ပေးပါနော်”ဆိုတဲ့ ခွင့်တောင်းခြင်းတွေနဲ့ ကျွန်မ ကျွန်မခြေလှမ်းတွေကို သတိထားလှမ်းရင်း … မျက်ရည်များကြားထဲက …

မိုးညချမ်း
17.5.2012 (2:15 p.m)

Monday, May 7, 2012

အလွမ်းနေ့ရက်ရှည်

* တစ်မိနစ်က တစ်ရက်အလား ...။
တစ်နာရီက တစ်နှစ်အလား ...။
ရှည်ကြာလွန်းလှတဲ့ အချိန်တွေရယ် ...
* အချစ်နဲ့ အလွမ်းဆိုတဲ့အရာတွေကို
မင်းနဲ့မှ သေချာစွာနားလည်တတ်ခဲ့တာပါ ...။
* နှစ်ယောက်အတူ ကြည်နူးကြရတဲ့အချိန်ဆို
ပျော်ရွှင်ဖွယ်အတိ ဖြစ်ရပေမယ့်
ခွဲခွာနေရချိန်တွေဆို ကြေကွဲနာကျင်မှုအပြည့်နဲ့ပေါ့ ...။
* မင်းမုန်းသွားသည်ဖြစ်စေ မင်းချစ်နေသည်ပဲဖြစ်ပါစေ
မင်ရှိတဲ့ ဒီကမ္ဘာကြီးမြေကြီးပေါ်မှာ
မင်းနဲ့အတူ အပြာရောင်မိုးကောင်းကင်ကြီးအောက်မှာ
“မင်းကိုချစ်နေရင်း အသက်ရှင်သန်ခွင့်ရနေပါလား”ဆိုတဲ့
အတွေးတစ်စနဲ့ပဲ ငါ့ရဲ့အလွမ်းနေ့ရက်ရှည်တွေကို
ဆက်လက်ဖြတ်သန်းသွားနေရအုံးမှာပါလား ...။

7.5.2012 (1:55 p.m)

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...