Monday, July 15, 2013

တဝဲလည်လည် အတိတ်တို့နဲ့




လူတစ်ယောက်ကို မေ့ဖို့က တစ်ကယ်တော့ မလွယ်ကူပါလား မောင်ရေ …။ တိုက်ဆိုင်မှုရှိတိုင်းလည်း မောင့်ကို သတိရမိသလို … သတိရလွမ်းဆွတ်မိတိုင်းလည်း အရာအားလုံးဟာ တိုက်ဆိုင်သွားခဲ့ကြတာချည်းပဲပေါ့။ အပေါင်းအသင်းတွေက ပြောကြပါတယ် “လွမ်းစရာရှိရင် နာစရာနဲ့ဖြေ”တဲ့။ ရက်ရက်စက်စက်စွန့်ပစ်သွားတဲ့ … နာကျင်စရာတွေကို အချိန်တိုင်းပေးနေခဲ့တဲ့ … မျက်ရည်တွေနဲ့ရှင်သန်နေခဲ့ရတဲ့အချိန်တွေရှိနေရဲ့သားနဲ့တောင် အဲဒါတွေအားလုံးဟာ နာကျင်စရာတွေရယ်လို့ တစ်ခါမျှမတွေးခဲ့မိပါဘူး မောင် …။

အပေါင်းအသင်းတွေက အသစ်တစ်ယောက်ရသွားရင် မောင့်ကိုမေ့နိုင်မယ်ဆိုတဲ့ အတွေးတွေနဲ့ ကျွန်မကို တစ်ယောက်ပြီး တစ်ယောက် မိတ်ဆက်ပေးကြတယ်။ ဘယ်လိုပဲမိတ်ဆက်ပေးကြပါစေ ကျွန်မအတွက် သေချာတာတစ်ခုက မည်သူတစ်ဦး တစ်ယောက်ကမျှ မောင့်ကို မမှီနိုင်ဘူးဆိုတဲ့ အတွေးတွေက ကျွန်မနှလုံးသားထဲမှာ သံမှိုစွဲကပ်ထားသလိုပါပဲ။

ကျွန်မကို Propose လုပ်တဲ့သူတွေကိုလည်း တွဲကြည့်ဖို့စိတ်ကူးမိတဲ့အခါ သူတို့ရဲ့အမူအကျင့်တွေက မောင်နဲ့နှိုင်းယှဉ်မိလိုက်တိုင်း မောင့်ကိုလွမ်းဆွတ်သွားမိတယ်။ သေချာတယ် ဒီတစ်သက်မှာတော့ ကျွန်မအပေါ် မောင့်လောက် ဘယ်သူမှ အနွံတာမခံနိုင်ဘူး။ မောင့်လောက် ဘယ်သူမှ ချစ်မပြနိုင်ဘူး။ မောင့်လောက်လည်း ဘယ်သူမှ ကျွန်မကိုမြတ်နိုး မလေးစားတတ်ကြဘူး။ မောင့်လောက်လည်း ကျွန်မရဲ့အရည်အချင်းတွေကို မချီးကျူး ဖော်မပြတတ်ဘူး။ မောင့်လောက်လည်း ဘယ်သူမှ မရက်စက်နိုင်လောက်ပါဘူး။ 

ဒီလိုပဲပေါ့။ ကျွန်မကလည်း မောင့်လောက်ဘယ်သူ့ကိုမှ မချစ်နိုင်ဘူး။ မောင့်လောက်လည်း ဘယ်သူ့ကိုမှ သည်းခံခွင့်လွှတ်မပေးချင်ဘူး။ မောင့်လောက်လည်း ဘယ်သူ့ကိုမှ ရယူပိုင်ဆိုင် မပေါင်းဖက်ချင်ဘူးလေ။ မောင်နဲ့ကျွန်မရဲ့စိတ်တွေတစ်ထပ်တည်းကျခဲ့တာလောက် … တွဲလက်တွေညီခဲ့တာလောက်လည်း မည်သူကမျှ လိုက်မှီမယ်မထင်ဘူး။

မောင့်ကိုလွမ်းတိုင်း နာစရာနဲ့မဖြေဖြစ်ခဲ့ပေမယ့် အောင်မြင်မှုတစ်ခုခုရအောင် ကျွန်မကြိုးစားဖြစ်ခဲ့တယ်။ ကျွန်မကြိုးစားခဲ့သလောက်လည်း အရာထင်လို့ အောင်မြင်မှုတွေရရှိလာတိုင်း မောင်နဲ့ပဲ အတူတူမျှဝေခံစားချင် ပြန်တယ်။ အောင်မြင်မှုတစ်ခုခုကို ဆွတ်ခူးနေချိန်တိုင်းလည်း မောင့်ကို အသည်းပေါက်မတတ် နင့်နေအောင် လွမ်းဆွတ်တမ်းတ မိတယ်။

သေချာပါတယ်။ မောင်တစ်နေရာရာက ကျွန်မကို စောင့်ကြည့်နေတယ်ဆိုတာ ကျွန်မခံစားလို့ရနေတယ်။ ကျွန်မရဲ့အောင်မြင်မှုတွေအတွက် မောင်ပျော်နေလား? ပျော်စေချင်ပါတယ် မောင်။ ကျွန်မက မောင့်ကို အမြဲပျော်နေစေချင်သူလေ။ မောင် depression ဝင်ပြီး စိတ်ဓါတ်တွေကျနေချိန်ဆို မောင့်အတွက် ဘယ်လိုကူညီဖေးမ ပေးရမလည်းဆိုတဲ့ စိတ်တွေနဲ့ တစ်ယောက်ထဲ ကြိတ်ငိုခဲ့ရသူလေ။ မောင် တစ်ခြားလူတစ်ယောက်ရဲ့ ရင်ခွင်မှာ ပျော်နေချိန်ဆို သဝန်တိုစိုးရိမ်စိတ်တွေနဲ့ တစ်ယောက်ထဲပူလောင်ငိုကြွေးနေခဲ့ရသူလေ။

မောင့်အတွက်တော့ ကျွန်မက ခဏတစ်ဖြုတ်ဖြစ်ခဲ့ပေမယ့် ကျွန်မအတွက် မောင်က ဘဝတစ်ခုဖြစ်ခဲ့တာတွေလည်း မောင်သိမှာပါ။ ကျွန်မနာကျင်စွာ လွမ်းဆွတ်ငိုကြွေးချိန်တိုင်း သူငယ်ချင်းမိတ်ဆွေတွေက မောင့်ကို မှတ်ချက်ပြုကြတယ်။ “မောင်ဟာ အလွန်ရက်စက်သူ”တဲ့။ ကျွန်မကတော့ အဲဒီမှတ်ချက်ကို ပြောင်းလဲပစ်လိုက်ချင်တယ်။ တစ်ကယ်တော့ မောင်ဟာ “ပျိုးထောင်ကောင်းသူ”ပါ။

“အချစ်”ဆိုတဲ့ အရာကို နာကျင်ခြင်း၊ လွမ်းဆွတ်ခြင်း၊ လှပခြင်း၊ ကြေကွဲခြင်းစတဲ့ ရသပေါင်းစုံနဲ့ ခံစားတတ်အောင် မောင်က ပြုလုပ်ဖန်ဆင်းပေးခဲ့တာလေ။ “အသည်းကွဲခြင်း”ကိုရော “အောင်မြင်ခြင်း”ဆိုတဲ့ အရာတွေကိုလည်း ခံစားရယူနိုင်အောင် မောင်ကပဲ ဖန်တီးပေးခဲ့တာဆိုတော့ မောင်ဟာ “ပျိုးထောင်ကောင်းသူ” တစ်ယောက်ပေါ့။
ဘယ်တော့ပဲတွေးတွေး ဘယ်လိုပဲတွေးတွေး မောင်ဟာ ကျွန်မအတွက်တော့ အနှိုင်းမဲ့ချစ်သူပါပဲ။ မောင်မသိဘဲ ကျွန်မဘက်က နင့်နင့်နဲနဲလွမ်းနေရတာ မောင့်အတွက် အနှောက်အယှက်တစ်စုံတစ်ရာများ ဖြစ်လေမလား ဆိုတဲ့ စိုးစိတ်တွေကလည်း ရှိနေပြန်တော့ တိုးတိတ်စွာပဲ ကျွန်မလွမ်းမိပြန်ပါရဲ့။
 
ဒီလိုပါပဲ မောင်ရေ ….။ တစ်စုံတစ်ရာကိုသာ ပြောင်းလဲပေးနိုင်မယ့် တန်ခိုးရှင်တစ်ဦးဦးသာ ရှိခဲ့မယ်ဆိုရင် မောင်နဲ့ကျွန်မ ကြည်နူးစွာပျော်ရွှင် နေကြရတဲ့ အချိန်ကာလအပိုင်းအခြားလေးတစ်ခုမှာပဲ ထာဝရရပ်တန့်နေစေချင်ပါတယ် မောင်!!!!


စာချစ်သူများကို အစဉ်လေးစားစွာဖြင့်
မိုးညချမ်း
15.7.2013 (12:03 p.m)

Sunday, July 7, 2013

ဒီညအတွက်စတေးပစ်ခဲ့တဲ့နှလုံးသား



*ဗြုန်းဆိုထွက်ကျလာတဲ့ အတွေးတစ်စက
ယိုင်နဲ့နဲ့ နှလုံးသားတစ်ခုလုံးကို
ဆွဲထုတ်သွားတယ် …။

*မလွမ်းဘူး မလွမ်းဘူးလို့ အားတင်းထားတဲ့
ရင်ဘတ်ကြီးထဲ အလွမ်းမိုးတွေ
မဆံ့မပြဲတောင် သွန်းဖြိုးလိုက်မိပေါ့ …။

*ဆိုင်းမဆင့် ဗုံမဆင့်ရောက်လာခဲ့တဲ့
အလွမ်းတွေအတွက် မျက်ရည်တွေစတေးလိုက်ရတာ
အသက်ရှုသံတွေတောင် ပျောက်ရှသွားခဲ့ရဲ့ …။

*နှလုံးသားတစ်ခုလုံးရင်းပြီး
ကဗျာတစ်ပုဒ်ထွက်ကျလာတော့
အပိုင်းအစလေးတွေမှာ သွေးချင်းတွေ ရဲရဲနီလို့ …။

*ငါငိုဖို့ကျခဲ့တဲ့မျက်ရည်တွေ
ငါလွမ်းဖို့ရင်းနှီးရတဲ့ နှလုံးသားတွေ
တစ်စစီလိုက်ကောက်ဖို့ အချိန်မလုံလောက်ခဲ့ဘူး …။



မိုးညချမ်း
7.7.2013 (9:46 p.m)

Monday, June 17, 2013

ကျွန်မနဲ့ ရခိုင်မုန့်တီ



ရခိုင်မုန့်တီ ???? ရခိုင်မုန့်တီ ???? အိပ်နေရင်းနဲ့တောင် ထယောင်သလား၊ လမ်းလျှောက်ရင်းနဲ့တောင် ရေရွတ်နေသလား အောက်မေ့ရတယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်း ဘယ်လိုချဉ်ခြင်းတပ်မှန်း မသိဘူး။ အရမ်းကို စားချင်နေမိတယ်။ ရုံးဆင်းတော့ ရုံးနားကဆိုင်မှာ သွားစားမယ်လုပ်တော့လည်း ကျွန်မတစ်ယောက်တည်းမို့ မစားဖြစ်ပြန်ဘူး။ အိမ်ပြန်ရောက်တော့လည်း ညီမလေးက အလုပ်ကပြန်မရောက်သေးတော့ တစ်ယောက်တည်းမို့ မစားဖြစ်ပြန်ဘူး။ ဒီလိုနဲ့တစ်ရက်ရွှေ့ တစ်ရက်ရွှေ့နဲ့ တစ်ပတ်လောက်ကြာလာတယ်။

တစ်ယောက်ထဲကလည်း သွားမစားချင်ဘူး။ ရခိုင်မုန့်တီဆိုတော့ စာဖတ်သူတို့သိတဲ့အတိုင်းပဲ။ ငရုတ်သီးထောင်းအနှစ်လေး များများထည့် မန်ကျည်းရေလေး ငံပြာရည်လေးနဲ့ ရှူးရှူးရှဲရှဲနဲ့စားရင်း စပ်လို့ချွေးတွေပြန် နှာရည်လေးတွေ တရွှဲရွှဲ၊ တစ်ချို့ဆို မျက်ရည်လေးတွေဝဲလို့ တရှူးရှူးနဲ့ဖြစ်နေရင် လက်ကလေးယပ်ခပ်တဲ့ပုံ၊ လျှာလေးတထုတ်ထုတ်နဲ့ ရှူးကနဲ ရှူးကနဲဖြစ်မှာဆိုတော့ တစ်ယောက်ထဲသွားစားဖို့ကျတော့လည်း နည်းနည်းရှက်သလိုလို ရှိန်သလိုလိုဖြစ်နေတာနဲ့ပဲ အဖော်လေးပါမှ သွားစားလို့အဆင်ပြေမယ်ဆိုပြီး မစားဖြစ်ပြန်ဘူး။

ကျွန်မက ရခိုင်မုန့်တီ၊ ရခိုင်သုတ်၊ ရှမ်းခေါက်ဆွဲတို့ကို ငရုတ်သီးစပ်စပ်လေးထည့်စားရတာကို ကြိုက်မှကြိုက်။ ဒါပေမယ့် တစ်ခါမှ ဒီလောက်စားချင်စိတ်မဖြစ်မိဘူး။ ကြုံရင်တော့စားလိုက်တယ်။ ဒီတစ်ခေါက်တော့ အတော်လေးစားချင်စိတ်ဖြစ်နေတာတောင် အဖော်မရှိလို့ မစားရဲတာနဲ့ တစ်ပတ်လောက်ကြာသွားတယ်။ တစ်ပတ်လောက်အကြာ တစ်ရက်မှာ စားချင်စိတ်ကို မအောင့်အီးနိုင်တာနဲ့ပဲ ညီမလေးရုံးက ပြန်ရောက်လာတာနဲ့ ညီအစ်မနှစ်ယောက် မုန့်တီစားဖို့ ထွက်လာကြတော့ အိမ်နားကစားနေကြမုန့်တီဆိုင်က ပိတ်ထားတယ်တဲ့။ ငိုချင်စိတ်တောင် ပေါက်လိုက်တာ မပြောပါနဲ့တော့။ 

ဒါနဲ့ပဲ ညီအစ်မနှစ်ယောက် လမ်းလျှောက်ရင်း မုန့်တီဆိုင်လိုက်ရှာတာ နှစ်မှတ်တိုင်ကျော်လောက်ဖြစ်သွားတယ်။ ညီမလေးက “မမရယ် ညောင်းလာပြီဟာ”လို့ ပြောတာနဲ့ သူ့ကိုအားလည်းနာ သနားလည်း သနားပြီး “လမ်းလေးထဲတော့ ခဏဝင်ကြည့်ရအောင် အငယ်လေးရယ် … မမစားချင်တာကို အောင့်ထားရတာ တစ်ပတ်လောက်ရှိနေပြီ”လို့ ညီအစ်မနှစ်ယောက်စကားတစ်ပြောပြောနဲ့ လမ်းလေးထဲ ဝင်လာလိုက်တော့ ဆိုင်းဘုတ်လေးတစ်ခုတွေ့လိုက်တယ်။ “ရခိုင်မုန့်တီ၊ ကြာဇံသုတ်၊ မုန့်ဟင်းခါး”တဲ့။ ဝမ်းသာအားရ ဝင်ထိုင်ပြီး “ရခိုင်မုန့်တီ နှစ်ပွဲ”လို့ မှာလိုက်တော့ “မုန့်တီက မုန့်ဖတ်မရှိတော့ဘူး … ဟင်းရည်ပဲရှိတော့တယ် … ဟင်းရည်နဲ့ အကြော်သောက်မလား”တဲ့။ စိတ်တောင်ညစ်သွားတယ်။ မိုးကလည်းချုပ်နေပြီမို့ “လာပါ အငယ်လေးရယ် ဘယ်တတ်နိုင်မလဲ ပြန်ကြတာပေါ့”ဆိုပြီး နှစ်မှတ်တိုက်ကျော်လောက်ကို ကားမစီးပဲ မုန့်တီဆိုင်လေးများတွေ့အုံးမလားလို့ မျှော်လင့်ချက်လေးနဲ့ လမ်းလျှောက်ပဲပြန်လာလိုက်တယ်။

 အိမ်နားရောက်ကာနီး လမ်းကြားလေးထဲမှာ မီးရောင်မှိန်ပြပြနဲ့ဆိုင်လေးတစ်ဆိုင်လှမ်းတွေ့လိုက်လို့ အနားသွားကြည့်လိုက်တော့ ဆိုင်းဘုတ်လေးမှာရေးထားတာက “လက်ညှစ်ရခိုင်မုန့်တီ”တဲ့။ မျက်လုံးလေးကို အရောင်လက်သွားပြီး သွားရေတောင် ကျခမန်းလိလိပဲ။ ထိုင်မယ်လို့ပြင်ပြီးကာမှ ဆိုင်ရှင်အဒေါ်ကြီးက “သမီးတို့ မုန့်တီကုန်ပြီနော် … ခေါက်ဆွဲသုတ်ပဲ ရတော့မယ်”တဲ့။ ကျကာနီးသွားရေကို ပြန်သိမ်းပြီး ဆိုင်ထဲက ခေါင်းငိုက်စိုက် ငိုက်စိုက်နဲ့ကို အိမ်ပြန်သွားလိုက်ရတယ်။

နောက်တစ်ရက်မှာတော့ ရုံးကအပြန် ကိစ္စရှိလို့ တာမွေဘက်ကို သွားရင်းနဲ့ ရခိုင်မုန့်တီဆိုင်ကို တွေ့လိုက်ရတော့ ဟန်တောင် မဆောင်နိုင်ဘူး။ တစ်ယောက်ထဲသော ဘာသော ညာသောတွေ စဉ်းစားမနေနိုင်တော့ဘူး။ ဆိုင်ထဲ တန်းဝင်ထိုင်ပြီး အငြိုးတကြီးနဲ့ကို ရခိုင်မုန့်တီတစ်ပွဲ၊ ရခိုင်သုတ်စပ်စပ်လေးတစ်ပွဲ၊ ငါးဖယ်ရခိုင်သုတ်လေးတစ်ပွဲမှာပြီး တစ်ရှူးကိုတစ်ဘက်ကကိုင် ညာဘက်လက်က ဇွန်းကိုမချတမ်း ချွေးတရွှဲရွှဲနဲ့ တရှူးရှူးတရှဲရှဲနဲ့ စားလိုက်တာ အိမ်ပြန်ရောက်တော့ ဗိုက်တွေအောင့်လို့ ဆေးသောက်ယူလိုက်ရတဲ့အထိပဲ။

ကဲ မှတ်ကရော … ဘာရမလည်း အဲဒီလောက်ကို အငြိုးကြီးတာ ရခိုင်မုန့်တီရေ!!!!!!

(မှတ်ချက် ။  မုန့်တီစားတုန်းက ရိုက်ယူလာတဲ့ပုံလေး ပျက်သွားလို့ Google က ရှာပြီး ဖော်ပြလိုက်ပါသည်...)

စာဖတ်သူများကို အစဉ်လေးစားလျှက်
မိုးညချမ်း
14.6.2013(9:30 p.m)

Tuesday, May 14, 2013

ငှက်ခါးငယ်လေးရဲ့ မေတ္တာနေဝင်ချိန်


ဒီနေ့ညနေတော့ ဆေးရုံက duty စောပြီးတာနဲ့ အိမ်ကိုပြန်လာ ခဏအနားယူ ရေမိုးချိုးပြီး ညနေပိုင်းဆေးခန်းထိုင်ဖို့ ထွက်လာလိုက်ပါသည်။ ကျောင်းပြီးပြီးချင်း လိုအပ်တဲ့ဆေးပညာဆိုင်ရာ ဒီပလိုမာတွေတက်ရင်း လက်ထောက် ဆရာဝန်ရာထူးအတွက် စာမေးပွဲဝင်ဖြေဖြစ်ခဲ့သည်။ လက်ထောက်ဆရာဝန်ရာထူးနဲ့ အလုပ်စတင်ဝင်ရောက် ရသည်က မြောက်ဥက္ကလာပဆေးရုံ။ အိုးမကွာ၊ အိမ်မကွာတာဝန် ထမ်းဆောင်ရသည်မို့ ကျွန်မအလွန်ကျေနပ် ပျော်ရွှင်မိပါသည်။ မနက်ပိုင်းတော့ ဆေးရုံမှာ တာဝန်ထမ်းဆောင်၊ ညနေမှာတော့ အိမ်နဲ့မနီးမဝေး ဆင်ခြေဖုံးရပ်ကွက်လေးတစ်ခုမှာ သူငယ်ချင်းနဲ့စပ်တူ ကိုယ်ပိုင် ဆေးခန်းလေးတစ်ခုဖွင့်ဖြစ်ခဲ့ကြသည်။ ဆေးတက္ကသိုလ်တက်နေစဉ်တုန်းက မြောက်များလှစွာသော စာတွေ ကျက်မှတ်ရတာ စိတ်ညစ်ခဲ့ရပေမယ့် ကျောင်းပြီးသွားတဲ့အခါမှာတော့ “ဒေါက်တာနွေလတ်ငြိမ်း”ဆိုတဲ့ ဂုဏ်ပုဒ်လေးနဲ့အတူ ကျောင်းတုန်းက မနေမနား ကျက်မှတ်ခဲ့ရတဲ့ စာတွေ့၊ လက်တွေ့တွေ ပေါင်းစပ်လို့ ကုသပေးရင်း လူနာတွေ ရောဂါသက်သာ ပျောက်ကင်းသွားတဲ့ အချိန်တွေဆို ဘာနဲ့မှလဲလို့မရအောင် ပီတိဖြစ်ရသည်။

ဒီနေ့ ကျွန်မ ဆေးခန်းလေးဖွင့်ဖွင့်ချင်းပဲ ရင်ခွင်ပိုက်ကလေးငယ်ကိုချီလို့ (၂၊ ၃)နှစ်အရွယ် ကလေးငယ်ကိုလည်း လက်ဆွဲရင်း ဆေးခန်းထဲကို ခပ်နွမ်းနွမ်းအဝတ်အစားတွေနဲ့ အမျိုးသမီးငယ်တစ်ဦး အပြေးအလွှား ဝင်ရောက် လာပါသည်။

“ဆရာမ … ဆရာမရေ ကယ်ပါအုံး … သမီးလေး ကိုယ်တွေတအားပူနေလို့ပါ”

ငိုရှိုက်သံနဲ့ပြောနေတဲ့ အမျိုးသမီးငယ်ကို ကြည့်ရင်း ကျွန်မအတော်လေးသနားသွားမိသည်။ ကလေးငယ်ကို စမ်းကြည့်တော့ ကိုယ်တွေခြစ်ခြစ်တောက်ပူနေလေသည်။ ဆေးတစ်လုံးထိုးပေးပြီး သောက်ဆေးတွေပေးလိုက်တော့ “ကျေးဇူးတင်ပါတယ် ဆရာမရယ် … ဆေးဖိုးဘယ်လောက်ကျလဲမသိဘူး”လို့ပြောရင်း ခါးကြားကပိုက်ဆံလိပ်ကို သူမ ထုတ်ယူလိုက်သည်။ အကြွေပိုက်ဆံလေးများကို ရေတွက်ပြီး ကျွန်မဆီသို့ လှမ်းပေးပါသည်။

“နေပါစေ … ညီမရေ … အစ်မ မယူပါဘူးကွယ် … ကလေးကို အစ်မမှာတဲ့အချိန်အတိုင်း ဆေးမှန်မှန်တိုက်ပေးနော် … မနက်ဖြန်ညနေ တစ်ခေါက်တော့ပြန်လာခဲ့အုံး”

“ဟုတ်ကဲ့ပါ ဆရာမ … ကျေးဇူးအရမ်းတင်ပါတယ်ရှင် … ဆရာမကျေးဇူးကို ဘယ်လိုဆပ်ရမလဲတောင် မသိဘူး … ဒါဆို ကျွန်မတို့ပြန်ပါအုံးမယ် ဆရာမ”

နှုတ်ဆက်ရင်း ဆေးခန်းထဲကထွက်ခွာသွားတဲ့ သူမတို့သားအမိကို ငေးကြည့်နေမိပါသည်။ ကျွန်မဒီရပ်ကွက်လေး ထဲမှာ ဆေးခန်းလာဖွင့်ချိန်ကတည်းက လူနာမျိုးစုံကြုံရသည်။ ငွေကြေးပြည့်စုံသည်ဟု ယူဆရသူများထံမှ သင့်တော်သည့် ဆေးဖိုးဝါးခ ယူဖြစ်ပေမယ့် ဆင်းရဲနွမ်းပါးသူတွေဆီကတော့ တစ်ပြားတစ်ချပ်မှမယူဘဲ ကုသပေးလိုက် တဲ့အခါ သူတို့တွေဆီက ပြန်ရခဲ့တဲ့ ဆုတောင်းစကားသံလေးတွေနဲ့ ပီတိဖြစ်နေခဲ့ရသည်။ ယခုလည်း မိမိရင်သွေးငယ် အတွက် ရှိသမျှပိုက်ဆံလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း မျက်ရည်လည်ရွှဲနဲ့ဝင်ရောက်လာတဲ့ အမျိုးသမီးငယ်လေး။ ထိုအမျိုးသမီးလေးမှာ ရှိလှ အသက် (၂၀)ဝန်းကျင်ပေါ့။ ကလေးငယ်တစ်ယောက်ကို လက်ဆွဲရင်း၊ ရင်ခွင်ပိုက် ကလေးငယ် တစ်ယောက်နဲ့ သူမတို့ရဲ့ဘဝဝမ်းစာအတွက် ဘယ်လိုများရှာဖွေစားသောက် နေပါလိမ့်ဆိုတဲ့ အတွေးတွေနဲ့ သူမတို့ သားအမိဘဝလေးကို သိချင်လာမိသည်။

နောက်တစ်နေ့တွင်လည်း ကျွန်မပဲ ဆေးခန်းဆက်ထိုင်ဖြစ်ပါသည်။ တစ်ကယ်တော့ ဒီနေ့က ကျွန်မသူငယ်ချင်း “ဒေါက်တာကေသီလင်း” ဆေးခန်းထိုင်ရမည့်နေ့ပါ။ ကျွန်မတို့သူငယ်ချင်း(၂)ယောက် တစ်ရက်ခြားစီ ဆေးခန်းထိုင် ကြမယ်လို့ သဘောတူညီထားခဲ့ကြသည်။ ဒါပေမယ့် အမျိုးသမီးငယ်လေးလာမည် ဆိုတာကို တွေးမိပြီး သူငယ်ချင်း မလေးကို ဒီနေ့လည်း ကျွန်မပဲဆေးခန်းထိုင်ပေးချင်ကြောင်းကို ပြောပြတော့ သူငယ်ချင်းက ကျွန်မအား စပါတော့သည်။

“အထူးအဆန်းပဲ မိနွေလတ် … မှန်းစမ်း … ဒီနေ့ဆေးခန်းကို ဘယ်သူလာမှာမို့လို့လဲ”

“အာ … ပေါက်တီးပေါက်ရှာဟယ် … ဒီနေ့ဆေးခန်းကို ထပ်လာမယ့် Patient တစ်ယောက်ရှိလို့ဟ … ကလေးအမေ တစ်ယောက်ပါ … သူ့ဘဝအကြောင်းလေးကို စိတ်ဝင်စားမိလို့ပါဟယ်”

ညနေဆေးခန်းရောက်တော့ အတွေးတစ်ချို့နဲ့ နစ်မျောနေတုန်း ဆေးခန်းထဲသို့ အမျိုးသမီးငယ်လေးဝင်လာသည်။ ကလေးကို စမ်းသပ်ကာ ကိုယ်ပူချိန်တိုင်းကြည့်တော့ အဖျားလည်းအတော်ကျသွားပြီမို့ စိုးရိမ်ဖို့မလိုတော့ကြောင်း ပြောကာ နောက်ထပ်ဆေး သုံးခွက်စာ ထပ်စပ်ပေးလိုက်ပါသည်။

“ညီမရေ … ဒီဆေးသုံးခွက်စာတိုက်ပြီးရင် ဆေးခန်းကို လာဖို့မလိုတော့ဘူးနော် … ကလေးလည်း အဖျားပျောက်ပါပြီ”

“ကျေးဇူးတင်ပါတယ် ဆရာမ”လို့ ပြောရင်း ထွက်သွားမည့်ဟန်ပြင်နေရင်းမှ နောက်ပြန်လှည့်လာပါသည်။

“ဆရာမ တစ်ခုခုခိုင်းစရာရှိရင် ကျွန်မကို ခေါ်ခိုင်းပါနော် … ဆရာမကို ကျေးဇူးဆပ်ချင်လို့ပါ”

“ရပါတယ် ညီမရဲ့ … စိတ်ထဲအဲဒီလောက်ကြီး ဝန်ထုပ်ဝန်ပိုးမဖြစ်ပါနဲ့ … ဒါနဲ့ညီမက ဘယ်မှာနေပြီး ဘာအလုပ် လုပ်တာလဲ”

“ညီမက ဒီရပ်ကွက်က လူကုံထံအိမ်တစ်ချို့မှာ အဝတ်လိုက်လျှော်တာပါ … နေတာကတော့ အရင်က အသိအစ်မ တစ်ယောက်အိမ်မှာ ကပ်နေတယ် ဆရာမ … ခုတော့ အဲဒီအိမ်မှာ နေလို့မရတော့တာနဲ့ နေစရာက ရှာနေတုန်းပါ”

“ဟင် ဘယ်လို ဘယ်လို … ဒီကလေးနှစ်ယောက်နဲ့ကို နေစရာရှာတုန်းလားကွယ် … ဒီလိုဆို စားတာကရော …”

“စားတာကတော့ အဝတ်လိုက်လျှော်ပေးဖြစ်တဲ့ အိမ်တွေက ကျွေးပါတယ် … အဝတ်မလျှော်ဖြစ်တဲ့နေ့တွေတော့ ဖြစ်သလို စားရတာပါပဲ”

“ညီမအဝတ်လျှော်တဲ့နောက်ကို ဒီကလေးနှစ်ယောက်နဲ့ သွားနေရတာပဲလား … ကလေးအဖေကရော ဘာလုပ်တုန်း”

“ရှင် … ကလေးအဖေ … အဲဒီအမေးကို ကျွန်မဘယ်လိုဖြေရမလည်း ဆရာမရယ်”

ကျွန်မ စကားများမှားသွားလေသလား မသိပါ။ သူမ ရုတ်တရက် မျက်နှာပျက်ကာ မျက်ရည်တွေကျလာပါတော့သည်။ မျက်ရည်များကြားက ပြောပြနေသော သူမဘဝဇာတ်ကြောင်းလေးကို သိလိုက်ရတော့ ကျွန်မရင်ထဲပင် အလွန်ဝမ်းနည်း စိတ်မကောင်းဖြစ်သွားမိသည်။

******************************************

သူမရဲ့နာမည်က “သီတာအေး”။ ငယ်စဉ်ကတည်းက အမေမရှိတော့ဘဲ ဆိုက္ကားသမားဖခင်ကြီးရဲ့ထိန်းကျောင်းမှုနဲ့ ကြီးပြင်းလာရသူတစ်ယောက်။ 

ရှစ်တန်းလောက်ထိ ကျောင်းနေခဲ့ရပေမယ့် ငွေကြေးမတတ်နိုင်တော့သောကြောင့် ကျောင်းမှနှုတ်ထွက်ကာ အိမ်နားနီးချင်းတစ်ယောက်ရဲ့ အကူအညီနဲ့ အထည်ချုပ်စက်ရုံမှာ အလုပ်ဝင်ဖြစ်ခဲ့သည်။ အထည်ချုပ်စက်ရုံက ရတဲ့အနည်းငယ်သောလစာက ကုန်စျေးနှုန်းတွေခေါင်ခိုက်နေတဲ့ ဒီခေတ်ကြီးမှာ  သားအဖ နှစ်ယောက်ရဲ့စားဝတ်နေရေးကို မလောက်မငှဖြစ်စေရုံမျှမက ကျန်းမာရေးချို့ယွင်းလာသော ဖခင်၏ဆေးဖိုးဝါးခ ကြောင့် အလွန်ကြပ်တည်းသော အဆင့်ဖြစ်နေရလေသည်။ အခြားဘာမှလည်း မလုပ်တတ်၊ မကိုင်တတ်ဖြစ်နေသော သူမကို ခန္ဓာကိုယ်တစ်ခုလုံးနှင့်ရင်းကာ ပိုက်ဆံရှာဖွေနိုင်ကြောင်း အကြံဉာဏ်ပေးခဲ့သူက အထည်ချုပ်စက်ရုံမှာ ခင်မင်ရသူ အစ်မတစ်ယောက်။ ထိုအလုပ်ကို လုပ်ကိုင်ဖို့ မမအေး စပြောတုန်းက သူမအတန်တန်ငြင်းခဲ့ပါသည်။ သို့သော်လည်း ဖခင်ရဲ့ဆေးဝါးကုန်ကျစရိတ်၊ အိမ်ရဲ့စားဝတ်နေရေးကို ရသည့်လခနှင့် မည်သို့မျှမကာမိသည့်အခါ မိုက်မဲသော ဆုံးဖြတ်ချက်ဖြင့် မိုက်မဲသော လမ်းကို သူမဘဝကြီးတစ်ခုလုံး အဆုံးရှုံးခံကာ လျှောက်လှမ်းဖြစ်ခဲ့ပေ တော့သည်။

ဒီလိုနဲ့ သူမအသက် (၁၅)နှစ်ဝန်းကျင်မှာပဲ သူမတို့သားအဖနှစ်ယောက်ရဲ့ ဝမ်းစာအတွက်ရော ဖခင်ရဲ့ကျန်းမာရေး ကုသစရိတ်အတွက် သူမခန္ဓာကိုယ် တစ်ခုလုံးကိုရင်းကာ အပျိုစင်ဘဝလေးကို စတင်ဆုံးရှုံးလိုက်ရစဉ်က သူမအဖေလောက် အရွယ်ရှိသည့် အသက် (၆၀)ကျော် အဘိုးအိုကြီးတစ်ယောက်ဆီမှာ။ သူမ ယူကြုံးမရစွာဖြင့် တစ်ညလုံးငိုလို့မပြီးဆုံးခဲ့ပါ။ အသက်ရှင်သန် ချင်စိတ်မရှိတော့လောက်အောင် ဖြစ်ခဲ့ရသည်။

မမအေးကပင် ဧည့်သည်များနှင့်ပင်ချိတ်ဆက်ပေးသည်။ အသားမဖြူမညိုနဲ့ ရုပ်ရည်အသင့်အတင့်ကို ပိုင်ဆိုသော သူမက မမအေးချိတ်ဆက်ပေးနေသော မိန်းကလေးများထဲမှာ အချောဆုံးလိုဖြစ်နေသည်။ ပထမဦးဆုံး ဧည့်သည်နှင့် စတင်ထိတွေ့ပေးစဉ်တုန်းက မမအေးပြောခဲ့သော စကားများကို နားထဲမှမထွက်။

“ကိုကိုထွန်းရေ … သူက အသစ်ကလေးနော် … ချစ်စရာလေး … ခုမှပါဆယ်ဖောက်မှာ … ခါတိုင်းထက်တော့ စျေးပိုပေးရမယ်”

သူမသာ ဒီအလုပ်ကိုလုပ်နေတာ အဖေသိလျှင် ဘယ်လောက်များ ရင်ကွဲလိုက်ပါလိမ့်မည်နည်း။ သူမ အသိမခံရဲသလို မပြောရဲပါ။ ညအတော်လေး မိုးချုပ်မှပြန်လာသည့် သူမကို အိပ်ယာထဲမှ “သမီး အလုပ်လုပ်နေရတာ ပင်ပန်းလိုက်တာ … အဖေအမြန်ကျန်းမာရေးပြန်ကောင်းမှပါ … ဆိုက္ကားပြန်နင်းပြီး ငါ့သမီးကို ကျောင်းဆက်တက်စေမယ်”လို့ ပြောတိုင်း သူမ မျက်ရည်မဆည်နိုင်ခဲ့ပေ။

တစ်ခါတစ်ရံ မမအေးသောက်ခိုင်းသော ဆေးကိုမသောက်မိတဲ့အချိန် သူမနဲ့ ဧည့်သည်အမျိုးသားများ အကာအကွယ်မပါဘဲ ဆက်ဆံမိခြင်းရဲ့ နောက်ဆက်တွဲရလဒ်က ကလေးမကြာခဏ ဖျက်ချရခြင်း ဖြစ်သည်။ သူမသာမက ကျန်မိန်းကလေး များလည်း ကိုယ်ဝန်မကြာခဏဖျက်ချကြရသည်။ ကိုယ်ဝန်ဖျက်ချရခြင်း ကိစ္စများကိုလည်း မမအေးပင် စီစဉ်ပေးပါသည်။

သူမ အသက် (၁၆)လောက်မှာ အကာအကွယ်မပါဘဲ ဧည့်သည်တစ်ယောက်နဲ့ဆက်ဆံမိရာက ကိုယ်ဝန်ရှိလာပြန်ပါသည်။ ဒီတစ်ခေါက်ရသည့် ကိုယ်ဝန်ပါဖျက်ချရမည်ဆိုလျှင် သူမကိုယ်ဝန်ဖျက်တာ (၃)ခါရှိပြီ ဖြစ်သည်။ သူမ မဖျက်လိုတော့ပါ။ အပြစ်မရှိတဲ့ကလေးငယ်တစ်ယောက်ကို ခဏခဏသတ်နေရတာ သူမရင်ထဲ နာကျင်လှပြီ။ ကလေးဖျက်ချတိုင်း ကြုံတွေ့ရတဲ့ စိတ်ရော၊ လူပါသေလုမြောပါးနာကျင်ရသည့်ဝေဒနာကို  သူမ မခံစား လိုတော့။ ထို့ကြောင့် မမအေးအား ကိုယ်ဝန်ကို မဖျက်ဘဲ မွေးမည်ဟု ပြောပြလိုက်သည်။

“ဟယ် … သီတာအေးရယ် … စဉ်းစဉ်းစားစားလဲ လုပ်ပါ … ကလေးတစ်ယောက် မွေးတဲ့စိတ်က နည်းတာမဟုတ်ဘူးနော် … ညည်းအလုပ်အကိုင်လဲ ပျက်အုံးမယ် … ကလေးတစ်ခါမွေးပြီးရင် ဒီအလုပ်က လုပ်လို့ မကောင်းဘူးဟဲ့ … လူပါကျသွားရော … မဖြစ်ပါဘူးအေ … မမအေးစကား နားထောင်ပါကွယ်”

“ဟင့်အင်း … သီတာ ကလေးကို မွေးဖြစ်အောင် မွေးမယ် … ဒီအလုပ်လဲ မလုပ်ချင်တော့ဘူး … စျေးဖြစ်ဖြစ် ရောင်းစားတော့မယ် မမအေးရယ်”

သူမ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာဖြင့် ထိုအလုပ်ကို စွန့်လွှတ်ခဲ့သည်။ အဖေ့ကိုတော့ လိမ်ညာရပေတော့မည်။ အထည်ချုပ်စက်ရုံမှ လူတစ်ယောက်နဲ့ ချစ်ကြိုက်ခဲ့မိပါသည်ဆိုသော လှလှပပအချစ်ဇာတ်လမ်းတစ်ပုဒ် ဖန်တီး၍ အဖေယုံအောင် ပြောရတော့သည်။ အဖေက သူမကိုယ်ဝန်ရှိနေသည်ဟု သိသည့် အချိန်တွင် သူမအား သေမတတ်ကြိမ်းမောင်းခဲ့ပါသည်။ သို့ပေမယ့်လည်း “ဖခင်မပေါ်ဘဲ မွေးသည့်ကလေး”လို့ ပတ်ဝန်းကျင်က ကဲ့ရဲ့ပြစ်တင်ခြင်းတွေအတွက် သူမနှင့်အတူ အဖေပါ ရဲရဲကြီးရင်ဆိုင်ခဲ့ကြသည်။ 

သူမ၏သားကြီးကို မွေးဖွားပြီးချိန်က သူမ၏အဖေသည် အပျော်ဆုံးဖြစ်ခဲ့သည်။ မြေးဦးအတွက် အနာဂတ် ရည်မှန်းချက်တွေ ရွှန်းရွှန်းဝေအောင်ပြောကာ ပျော်ရွှင်နေခဲ့သည်။ သို့သော် သိပ်မပျော်လိုက်ရပါ။ မြေးဦးလေး (၈)လအရွယ်မှာ သူမ၏ဖခင်ဆုံးပါးသွားခဲ့ပါသည်။ သူမ၏အဖေဆုံးပါးသွားပြီးသည့်အချိန်တွင် ဖခင်၏ဆေးဝါး ကုသစရိတ်၊ ကလေးမီးဖွားစဉ်က ကုန်ကျစရိတ်များဖြင့် အကြွေးတွေပတ်လည်ဝိုင်းကာ ဒုက္ခများခဲ့ပြန်ပါတော့သည်။

အကြွေးရှင်များကလည်း တပူပူဖြစ်နေကြတော့ အလုပ်လုပ်ရန်လည်း အရင်းအနှီးမရှိ၊ ဘာလုပ်စားရမှန်း မသိသည့်အဆုံး မမအေးအား ဆက်သွယ်ကာ သူမလျှောက်လှမ်းခဲ့ဖူးသော လောကတစ်ခု ထဲသို့ပဲ ပြန်လည်ခြေချ ဖြစ်ခဲ့ပြန်သည်။ မမအေးကတော့ အရင်လို မကြည်ဖြူပေမယ့် သူမအား ဧည့်သည်များနှင့် အရင်ကလိုပဲ ချိတ်ဆက် ပေးပါသည်။ သို့သော် ဧည့်သည်များက နောက်ပေါက် ကလေးမလေးများကိုသာ ကြိုက်ကြသဖြင့် အရင်ကလောက် ငွေမရတော့ပေ။ ရသလောက်ငွေနှင့်သာ အကြွေးဆပ်၊ သားအမိနှစ်ယောက်ရဲ့ဝမ်းစာကို အနိုင်နိုင်ဖြေရှင်းနေရသည်။ သူမဧည့်သည်များနောက် ပါသွားချိန်ဆို ကလေးအား အိမ်နားနီးချင်းများဆီ ခဏအပ်ထားခဲ့ရသည်။ ကြာတော့လည်း အိမ်နားနီးချင်းများက ငြူစူချင်သည်။ မတတ်နိုင်ပါ။ မသိချင်ယောင်သာ ဆောင်ထားကာ အကူအညီတောင်းမြဲ တောင်းနေရဆဲဖြစ်သည်။

သိပ်မကြာလှပါ သားကြီးတစ်နှစ်ကျော်အရွယ်တွင် သူမ၏မဆင်ခြင်မှုကြောင့်ပဲ ကိုယ်ဝန်ထပ်ရှိလာပြန်သည်။ မမအေးကလည်း ထုံးစံအတိုင်းဖျက်ချရန် စီစဉ်ပေးပါသည်။ သို့သော်လည်း သူမမဖျက်ချင်ပြန်ပေ။ အကောင်းဆုံး ဖြစ်မည့်နည်းလမ်းတစ်ခုကို သူမရွေးချယ်ရပေတော့မည်။ အဖေခေါင်းချသွားခဲ့တဲ့ တဲစုတ်သာသာအိမ်လေးကို ရသလောက်စျေးနဲ့ရောင်းပြီး အကြွေးဆပ်လိုက်ပါသည်။ သူမကတော့ ကလေးတစ်ယောက်လက်ဆွဲလို့ ဗိုက်တစ်လုံးဖြင့် အိမ်မရှိယာမရှိ ရွာရိုးကိုးပေါက်လျှောက်ရင်း တောင်းစားရသောအဆင့်ထိ ရောက်ခဲ့ရသည်။ အိပ်စရာကိုကြုံသလိုအိပ် ကြုံသလိုစားရင်း တစ်ရက်တော့မမျှော်လင့်ဘဲ မမအေးနှင့် စျေးပေါက်ဝတစ်ခုမှာ ပြန်တွေ့ သည်။

“ဟယ် … ဒါဘယ်သူတုန်း … သီတာအေးမဟုတ်လား … ကြည့်စမ်း ဘယ်လိုဖြစ်လို့ ဒီလိုပုံစံဖြစ်နေရတာတုန်းကွယ် … ကိုယ်ဝန်ကြီးနဲ့ ကလေးတစ်ယောက်နဲ့ တောင်းစားနေရတယ် … ညည်းမပြောမဆိုနဲ့ ပျောက်သွားပြီး ဒီလိုပုံစံ ဖြစ်နေရသလား … သီတာအေးရယ် ... ခုဘယ်မှာနေကြတုန်း”

“ဖြစ်သလိုပါပဲ မမအေး”

“အိုကွယ် … ဖြစ်သလို ဘယ်ရမလဲ … ကလေးတစ်ယောက်နဲ့ ကိုယ်ဝန်ကလည်း ရင့်နေပြီ … မဖြစ်သေးပါဘူး … မမအေးတစ်ခုခုစီစဉ်ပေးကြည့်ပါအုံးမယ်”

“ဒုက္ခရှာလို့ မမအေးရယ် … နေပါ့စေ … အားနာပါတယ်”

“အားနာစရာမလိုပါဘူးအေ … အလုပ်အတူလုပ်ခဲ့တဲ့သူတွေပဲ … ညည်းဒီလိုကြီးဖြစ်နေတာမြင်တော့ ငါစိတ်မကောင်းဘူး … မထူးပါဘူး … ငါနဲ့သာလိုက်ခဲ့ … အိမ်မှာသာလိုက်နေ”

မမအေးရဲ့အကူအညီနဲ့သူမအတွက် ကျောချစရာတစ်နေရာရခဲ့သည်။ ဒုတိယကိုယ်ဝန်မွေးဖွားသည့်အချိန်တွင် အရပ်လက်သည်ဖြင့်သာ မွေးဖွားသော်လည်း မွေးဖွားရခက်ပြီး သတိလစ်မတတ်ဖြစ်နေသည့်အချိန်တွင် မြို့နယ်ဆေးရုံသို့ အချိန်မီပို့ဖြစ်ခဲ့သဖြင့် အသက်ချမ်းသာရာရခဲ့သော်လည်း သူမအတွက်တော့ဝမ်းမသာနိုင် တော့ပေ။ ဆေးရုံရောက်ချိန်တွင် သွေးထွက်လွန်နေသောကြောင့် သွေးသွင်းရန် သူမ၏သွေးအားဖောက်စစ်ခဲ့ရာ သွေးထဲတွင် HIV ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိခဲ့ရသည်။ သူမကိုယ်တိုင်ထက် သူမ၏ရင်သွေးလေးများအတွက် ပိုပြီးစိတ်ပူကာ စိတ်မကောင်းဖြစ်မိသည်။ သမီးငယ်လေးရဲ့ မျက်နှာလေးကို မြင်ရချိန်မှာတော့ သူမယူကျုံးမရ ငိုကြွေးမိလေ တော့သည်။ 

ဆေးရုံကဆရာဝန်များရဲ့ ပြောပြချက်အရ မိခင်တွင် HIV ရောဂါပိုးရှိသည်ဟု ကြိုတင်သိခဲ့လျှင်တော့ သူမရဲ့ရင်သွေးငယ်တွေအတွက် ကြိုတင်ကာကွယ်နိုင်ပေလိမ့်မည်။ ခုတော့သမီးငယ်လေးမွေးဖွားသည့်အချိန်မှ သိခဲ့ရသဖြင့် သမီးငယ်လေးအတွက် ကူးစက်ရာခိုင်နှုန်းနည်းပါးသည် ဆိုသော်လည်း သားကြီးမွေးဖွားစဉ်က သူမတွင်ရောဂါပိုးရှိ/မရှိ မသိခဲ့။ သားကြီးအား သူမဖြစ်သလို ကျွေးမွေး ကြီးပြင်းစေခဲ့မိသည်။ သူမတစ်ချိန်ချိန်မှာ သေဆုံသွားခဲ့လျှင် လူ့လောကအလယ်မှာ မျက်နှာငယ်စွာကျန်ရစ်ကြမည့် သားနှင့်သမီးကို တွေးမိတိုင်း သူမရင့်နှင့်အမျှ ခံစားရသည်။ ဆိုးဝါးလှသည့်သူမရင်သွေးလေးများ၏ ဝဋ်ကြွေးများ ဒီဘဝ ဒီမျှနှင့်ပင် ကျေစေ လိုတော့သည်။

******************************************

“ဆရာမရယ် … ကျွန်မရဲ့သားသမီးတွေကို ဒီလိုရောဂါမျိုးပေးပြီး လူ့လောကကြီးထဲက ထွက်ခွာမသွားချင်ဘူး ... ကလေးတွေအတွက်လဲ လူ့လောကအလယ်မှာ မျက်နှာငယ်စွာ ကျန်ရစ်မယ့်အဖြစ်မျိုးကို တွေးမိတိုင်းလဲ ကျွန်မရင်နာလှတယ်”

“အဆိုးထဲက အကောင်းဆုံးတစ်ခုတော့ ဖြစ်လာမှာပါကွယ် … စိတ်အားမငယ်ပါနဲ့ … ကြမ္မာဆိုးဆိုတာကို ဘယ်သူကများ ကြိုသိနိုင်ပါ့မလဲ ညီမရယ်”

“ခုချိန်မှာ သားသမီးတွေအတွက် ကျွန်မ အကောင်းဆုံးရပ်တည်ကြိုးစားနေပါတယ် ဆရာမရေ … မမအေးရဲ့ အကူအညီနဲ့ပဲ အိမ်တွေမှာ အဝတ်လိုက်လျှော်တဲ့ အလုပ်ကို ရခဲ့တာပါ … မမအေးကျေးဇူးလဲ ဆပ်လို့မကုန်တော့ ပါဘူးလေ … ခုလည်း ဆရာမလေးရဲ့ ကျေးဇူးတွေ အကြွေးတင်ရပြန်ပါပြီ”

“ပြောပြီးပါရောလားကွယ် … စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုးကြီးရယ်လို့ ဖြစ်မနေပါနဲ့ … နောက်လည်း အစ်မတတ်နိုင် သလောက် အကူအညီပေးအုံးမှာပါ”

 “ဆရာမရေ … ကျွန်မကို သွားခွင့်ပြုပါအုံးနော် … သမီးဇောနဲ့ အဝတ်လျှော်ပေးစရာအိမ်ကျန်နေသေးတာကို မေ့နေတာ … မိုးတအားမချုပ်ခင် ပြေးလိုက်အုံးမယ်”

ပြောပြောဆိုဆိုနဲ့ ဆေးခန်းထဲကထွက်ခွာသွားတဲ့ သူမရဲ့ကျောပြင်ကို ငေးကြည့်ရင်း အတွေးစတစ်ချို့ ကျွန်မခေါင်းထဲ ဖြတ်သန်းပြေးလွှားနေပါသည်။ သနားစရာအမျိုးသမီးငယ်လေး … လောကဓံရဲ့ ခါးသီးမှုဒဏ်ကို အရွယ်နဲ့ မလိုက်အောင် ခံစားနေရရှာသူ မိန်းကလေးတစ်ယောက်ပါလား။ သူမလေးအတွက် ကျွန်မတတ်နိုင်တဲ့ဘက်က အကူအညီပေးချင်လာသည်။ မကြာတော့သော နှစ်ကာလအချိန်အပိုင်းအခြားတစ်ခုမှာ ရောဂါဆိုးကြီးနဲ့ လူ့လောကထဲက ထွက်ခွာသွားတော့မည့် သူမအတွက်ရော သူမရဲ့ရင်သွေးငယ်လေးတွေအတွက်ပါ အကောင်းဆုံး အနာဂတ်တစ်ခုဖြစ်ဖို့ ကျွန်မဖြည့်ဆည်းပေးချင်လာမိသည်။ အိမ်ပြန်ရောက်ရင်တော့ HIV ရောဂါဆိုးကြီးနဲ့ ပတ်သက်သမျှ ဆေးသုတေသနစာအုပ်တွေ ပြန်ဖတ်ပြီး ဆေးရုံက ပါမောက္ခကြီးတွေဆီကလည်း အကြံဉာဏ် တောင်းကြည့်ဖို့ သူမစိတ်ကူးထားလိုက်သည်။ အဆိုးဝါးဆုံးဆိုတဲ့အရာတွေထဲကနေ အကောင်းဆုံးဆိုတဲ့ အရာတစ်ခုရဖို့ သူမနဲ့အတူ ကျွန်မပါကြိုးစားကြည့်ဖို့ ဆုံးဖြတ်ထားလိုက်မိပါတော့သည်။



စာချစ်သူများကို အစဉ်လေးစားစွာဖြင့်
မိုးညချမ်း
22.3.2013 (11:36 a.m)

Friday, May 10, 2013

ဖေးမကူညီစေဖို့ သမီးငယ်လေးသို့



ဒီနေ့ (၁၀.၅.၂၀၁၃)ရက်နေ့မှာပဲ Facebook သုံးရင်းနဲ့ FOC ဆိုတဲ့အဖွဲ့လေး တစ်ဖွဲ့က သမီးငယ်လေးအကြောင်း ရေးထားတာလေးတွေ့လို့ စိတ်ထဲဂရုဏာသက်မိပြီး ညနေရုံးဆင်းရင်ဖြင့် ကျွန်မတတ်နိုင်သလောက် သွားလှူမယ်လို့ စိတ်ကူးထားလိုက်မိတယ်။ ညနေရုံးဆင်းကာနီးတော့ ရုံးကအန်တီတွေ၊ အစ်မတွေဆီက အလှူငွေထည့်အုံးမလားလို့ မေးမြန်းရင်း အားတက်သရော ထည့်လိုက်ကြတာ အလှူငွေတော်တော်များများရရှိခဲ့တယ်။

နေ့လည်လောက်က သွားဖြစ်မယ်ဆိုတဲ့အကြောင်းလေးရေးတော့ ကျွန်မတို့ရဲ့အွန်လိုင်းလေထန်ကုန်း လူမှုကူညီရေးအဖွဲ့က မောင်နှမတွေကလည်း မနေနိုင်ပါဘူး။ အွန်လိုင်းလေထန်ကုန်းအဖွဲ့ကလည်း တစ်တပ်တစ်အားလှူတန်းချင်တဲ့အကြောင်း၊ အခြားအလှူရှင်တွေကလည်း လှူဒါန်းလိုကြောင်း ကျွန်မဆီကို ဆက်သွယ်လာကြတော့ သမီးငယ်လေးရဲ့အခြေအနေအသေးစိတ်နဲ့ လိုအပ်ချက်တွေကို အသေးစိတ်မေးမြန်း အကြောင်းပြန်ပေးဖို့ပြောခဲ့ပါတယ်။

ညနေရုံးဆင်းတော့ ရရှိတဲ့အလှူငွေတွေကို စာအိတ်လေးထဲထည့် သမီးငယ်လေးစားလို့ရနိုင်မယ့် မုန့်လေးတွေဝယ်လို့ ကြည့်မြင်တိုင်က အရိုးအကြောအထူးကုဆေးရုံကြီး၊ လူနာဆောင်အမှတ် (၃)၊ ပထမထပ်၊ ကုတင်နံပါတ် (၁၁)မှာ တက်ရောက်ဆေးကုသမှုခံယူနေတဲ့ သမီးငယ်လေးဆီ ရုံးက ညီမလေးတစ်ယောက်နဲ့အတူ ရောက်သွားခဲ့ပါတယ်။

သမီးငယ်လေးဆီ ရောက်တော့ သူမရဲ့မေမေနဲ့အခြားအလှူရှင်တွေ စကားပြောနေတာကို ခဏလောက်နားထောင်နေလိုက်တယ်။ သမီးငယ်လေးကတော့ အိပ်ပျော်နေလို့ပေါ့။
သမီးငယ်လေးနာမည်က ဖူးဖူး …။အသက်က (၄)နှစ်ခန့်ရှိနေပါပြီ။ ဘုရားမီးပူဇော်ထားတဲ့ ဖယောင်းတိုင်မီးကနေ အိပ်ပျော်နေရှာတဲ့ သမီးငယ်လေးပေါ်ကျပြီး တစ်ကိုယ်လုံးမီးလောင်ခံထားရတဲ့ ကလေးငယ်လေးပါ။ အသက်အရွယ်နဲ့မမျှအောင် ဝေဒနာခံစားနေရရှာတဲ့ သမီးငယ်လေးပေါ့။ မိဘ (၂)ဦးနဲ့ အစ်ကိုတစ်ယောက်၊ အစ်မတစ်ယောက်ရှိပြီး မီးလောင်မခံရခင်က မြောက်ဥက္ကလာဘက်မှာနေကြပါတယ်။ မီးမလောင်ခင်က ချစ်စရာအလွန်ကောင်းသော ကလေးငယ်လေးတစ်ယောက်ပါ။ တစ်ကိုယ်လုံး မီးလောင်ခံရပြီး နဂိုမူလရုပ်ကလေးတောင် ပျောက်ကွယ် သွားခဲ့ရတယ်။

လွန်ခဲ့သော ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလကတည်းက မီးလောင်ခံရတာဖြစ်ပြီး ဆေးရုံတက်စရာငွေကြေးမရှိလို့ အိမ်နားနီးချင်းတွေရဲ့ အကူအညီနဲ့ပဲ ဆေးရုံတင်ခဲ့ရတယ်။ ဆေးရုံအထိ သမီးငယ်လေးရဲ့ ဖခင်ပါလာပေမယ့် ဆေးရုံရောက်ပြီး နှစ်ရက်လောက်အကြာမှာ ငွေရှာသွားအုံးမယ်ဆိုပြီး ထွက်သွားလိုက်တာ ယနေ့အချိန်ထိ ပြန်ရောက်လာခြင်းမရှိခဲ့တာ (၇)လတောင် ကျော်ခဲ့ပါပြီ။

ယခင်တင်ခဲ့တဲ့ ဆေးရုံက သမီးငယ်လေးကို ဓါတ်ပုံရိုက်ခွင့်မပေးလို့ သမီးငယ်လေးရဲ့အခြေအနေကို မသိခဲ့ရပေမယ့် လွန်ခဲ့သော ဧပြီလကမှ အရိုးအကြောဆေးရုံကို လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။ သမီးငယ်လေးတင်ထားတဲ့ ဆေးကုသဆောင်ထဲမှ လူနာတစ်ယောက်ကို သတင်းလာမေးတဲ့သူက ဓါတ်ပုံရိုက်ပြီး အွန်လိုင်းပေါ် တင်ပေးနိုင်ခဲ့လို့ သမီးလေးအတွက် အလှူရှင်လေးတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ သမီးငယ်လေးရဲ့ ပေါင်က အသားစလေးတွေနဲ့ မီးလောင်ဒဏ်ကြောင့် အတော်ဆိုးဝါးတဲ့နေရာလေးတွေကို အစားထိုးခွဲစိတ်ကုသပေးနေတာဖြစ်ပါတယ်။ ပေါင်က အသားစတွေတက်လာတာစောင့်လိုက် လိုတဲ့နေရာလေးတွေကို ဖြည့်ပေးလိုက်နဲ့ ကုသပေးနေပါတယ်။ သို့ပေမယ့်လဲ သမီးလေးရဲ့ဆေးဝါးကုသ စရိတ်ဟာ အတော်လေးကို အမြောက်အများလိုအပ်နေသေးတာ ဖြစ်ပါတယ်။

အခြားအလှူရှင်တွေပြန်သွားတဲ့အချိန် ကျွန်မနဲ့ သမီးငယ်လေးဖူးဖူးရဲ့မိခင်တို့ စကားပြောနေတဲ့အချိန်မှာ သမီးငယ်လေး အိပ်ယာကနိုးလာပါတယ်။ အိပ်ယာကနိုးနိုးချင်းပဲ “မေမေ ပူလို့ ... ပူလို့”ဆိုပြီး တအီအီနဲ့ ငိုနေရှာတဲ့ သမီးငယ်လေးကို ကြည့်ပြီး မျက်ရည်တောင်ဝဲမိပါတယ်။ အသက်အရွယ်နဲ့မမျှအောင် ဝဋ်ကြွေးကြီးလှတဲ့ ကလေးငယ်လေးပါပဲ။ သမီးငယ်လေးကို သူမရဲ့မိခင်က ယပ်ခပ်ပေးနေတုန်းပဲ ထိုင်ချင်တယ်ဆိုလို့ ကျွန်မနဲ့ ရုံးကညီမလေးတို့က သမီးငယ်လေးရဲ့မေမေကို ကူညီလုပ်ကိုင်ပေးပြီး သမီးငယ်လေးကို ထိုင်စေပါတယ်။

ထိုင်ရင်းနဲ့ POOH အရုပ်လေးပိုက်လို့ သဘောကျနေရှာတဲ့ သမီးငယ်လေးကို သူမရဲ့မေမေက “သမီးလေး ကြီးလာရင် ဘာလုပ်မှာလဲဆိုတာ မမတို့ကိုပြောလိုက်ပါအုံး”လို့ မေးတော့ နှုတ်ခမ်းလှုပ်ရုံသာ လှုပ်နိုင်တဲ့ သမီးငယ်လေးက “မိုးယုစံလို မော်ဒယ်လုပ်မှာ”လို့ ခပ်တိုးတိုးလေးပြောရှာပါတယ်။ “သမီးလေး ဘာအရုပ်လေး ကြိုက်လဲ”လို့ ကျွန်မတို့ကမေးတော့ “ဘိုမရုပ်ကလေးတွေကို နှစ်သက်ပါတယ်”လို့လဲ ဖြေရှာပါသေးတယ်။ ကျွန်မတို့နဲ့စကားပြောနေရင်းပဲ သမီးငယ်လေးက “ဖေဖေ့ကို ခေါ်ပေးပါ … ဖေဖေ့ကိုခေါ်ပေးပါ”လို့ ရှိုက်ကြီးတငင်ငိုပြန်တော့ ကျွန်မတို့မျက်ရည်တွေ မထိန်းနိုင်ပါဘူး။ “နောက်တစ်ခါလာရင်ခေါ်ခဲ့ပေးပါ့မယ် သမီးလေးရယ်”လို့ နှစ်သိမ့်ပေးခဲ့ရပေမယ့် သူမလေးရဲ့လိုအင်ဆန္ဒကို ဘယ်လိုများဖြည့်ဆည်းပေးရပါ့မလည်းလို့ စိတ်မကောင်းစွာတွေးမိပါတယ်။ သြော်!!! ဝဋ်ဒုက္ခကြီးလိုက်တဲ့ သမီးငယ်လေးရယ် …။

သမီးလေးအတွက် အလှူရှင်တွေပေါ်ပေါက်လာကြပေမယ့် ဆေးကုသစရိတ်က အတော်လေးကို အမြောက်အများလိုအပ်နေသေးတာ ဖြစ်သလို နောက်ထပ် ထပ်မံလိုအပ်နေတာက သမီးလေးတို့ မိသားစုအတွက်ပါ။ မီးလောင်ကျွမ်းပြီးကတည်းက အိမ်ရှင်ကလည်း နှင်ချထားလို့ နေစရာအိမ်မရှိတဲ့အပြင် အဖေမရှိတော့တဲ့ သမီးငယ်လေးတို့ မိသားစုမှာ (၇)တန်းတက်မယ့် သားကြီးနဲ့ (၄)တန်းတက်မယ့် သမီးအလတ်တို့ ကျန်ရှိနေပါသေးတယ်။ လာမယ့် ဇွန်လဆို ကလေးတွေကျောင်းပြန်တက်ရမယ့် ရာသီချိန်ခါရောက်ပါပြီ။ ဆေးရုံတက်နေရတဲ့ သမီးငယ်လေးဖူးဖူးကို မိခင်ဖြစ်သူက အနားမှာထပ်ကြပ်မကွာ စောင့်ရှောက်ပေးနေရမှာဖြစ်လို့ ကျန်တဲ့ ကလေး(၂)ယောက်အတွက် ကျောင်းစရိတ်၊ စားဝတ်နေရေးတွေလည်း လိုအပ်ပါသေးတယ်။ ဒီတော့ သမီးငယ်လေးဖူးဖူးတို့ရဲ့ မိသားစုအတွက် ကျွန်မတို့တွေတတ်နိုင်တဲ့ဘက်က အလှူငွေများသာမက နွေးထွေးသောမေတ္တာလေးတွေနဲ့ ဖေးကြကူညီကြပါစို့နော် ….။



မိုးညချမ်း
10.5.2013 (9:28 p.m)

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...