လူတစ်ယောက်ကို မေ့ဖို့က တစ်ကယ်တော့ မလွယ်ကူပါလား မောင်ရေ …။ တိုက်ဆိုင်မှုရှိတိုင်းလည်း မောင့်ကို သတိရမိသလို … သတိရလွမ်းဆွတ်မိတိုင်းလည်း အရာအားလုံးဟာ တိုက်ဆိုင်သွားခဲ့ကြတာချည်းပဲပေါ့။ အပေါင်းအသင်းတွေက ပြောကြပါတယ် “လွမ်းစရာရှိရင် နာစရာနဲ့ဖြေ”တဲ့။ ရက်ရက်စက်စက်စွန့်ပစ်သွားတဲ့ … နာကျင်စရာတွေကို အချိန်တိုင်းပေးနေခဲ့တဲ့ … မျက်ရည်တွေနဲ့ရှင်သန်နေခဲ့ရတဲ့အချိန်တွေရှိနေရဲ့သားနဲ့တောင် အဲဒါတွေအားလုံးဟာ နာကျင်စရာတွေရယ်လို့ တစ်ခါမျှမတွေးခဲ့မိပါဘူး မောင် …။
အပေါင်းအသင်းတွေက အသစ်တစ်ယောက်ရသွားရင် မောင့်ကိုမေ့နိုင်မယ်ဆိုတဲ့ အတွေးတွေနဲ့ ကျွန်မကို တစ်ယောက်ပြီး တစ်ယောက် မိတ်ဆက်ပေးကြတယ်။ ဘယ်လိုပဲမိတ်ဆက်ပေးကြပါစေ ကျွန်မအတွက် သေချာတာတစ်ခုက မည်သူတစ်ဦး တစ်ယောက်ကမျှ မောင့်ကို မမှီနိုင်ဘူးဆိုတဲ့ အတွေးတွေက ကျွန်မနှလုံးသားထဲမှာ သံမှိုစွဲကပ်ထားသလိုပါပဲ။
ကျွန်မကို Propose လုပ်တဲ့သူတွေကိုလည်း တွဲကြည့်ဖို့စိတ်ကူးမိတဲ့အခါ သူတို့ရဲ့အမူအကျင့်တွေက မောင်နဲ့နှိုင်းယှဉ်မိလိုက်တိုင်း မောင့်ကိုလွမ်းဆွတ်သွားမိတယ်။ သေချာတယ် ဒီတစ်သက်မှာတော့ ကျွန်မအပေါ် မောင့်လောက် ဘယ်သူမှ အနွံတာမခံနိုင်ဘူး။ မောင့်လောက် ဘယ်သူမှ ချစ်မပြနိုင်ဘူး။ မောင့်လောက်လည်း ဘယ်သူမှ ကျွန်မကိုမြတ်နိုး မလေးစားတတ်ကြဘူး။ မောင့်လောက်လည်း ကျွန်မရဲ့အရည်အချင်းတွေကို မချီးကျူး ဖော်မပြတတ်ဘူး။ မောင့်လောက်လည်း ဘယ်သူမှ မရက်စက်နိုင်လောက်ပါဘူး။
ဒီလိုပဲပေါ့။ ကျွန်မကလည်း မောင့်လောက်ဘယ်သူ့ကိုမှ မချစ်နိုင်ဘူး။ မောင့်လောက်လည်း ဘယ်သူ့ကိုမှ သည်းခံခွင့်လွှတ်မပေးချင်ဘူး။ မောင့်လောက်လည်း ဘယ်သူ့ကိုမှ ရယူပိုင်ဆိုင် မပေါင်းဖက်ချင်ဘူးလေ။ မောင်နဲ့ကျွန်မရဲ့စိတ်တွေတစ်ထပ်တည်းကျခဲ့တာလောက် … တွဲလက်တွေညီခဲ့တာလောက်လည်း မည်သူကမျှ လိုက်မှီမယ်မထင်ဘူး။
မောင့်ကိုလွမ်းတိုင်း နာစရာနဲ့မဖြေဖြစ်ခဲ့ပေမယ့် အောင်မြင်မှုတစ်ခုခုရအောင် ကျွန်မကြိုးစားဖြစ်ခဲ့တယ်။ ကျွန်မကြိုးစားခဲ့သလောက်လည်း အရာထင်လို့ အောင်မြင်မှုတွေရရှိလာတိုင်း မောင်နဲ့ပဲ အတူတူမျှဝေခံစားချင် ပြန်တယ်။ အောင်မြင်မှုတစ်ခုခုကို ဆွတ်ခူးနေချိန်တိုင်းလည်း မောင့်ကို အသည်းပေါက်မတတ် နင့်နေအောင် လွမ်းဆွတ်တမ်းတ မိတယ်။
သေချာပါတယ်။ မောင်တစ်နေရာရာက ကျွန်မကို စောင့်ကြည့်နေတယ်ဆိုတာ ကျွန်မခံစားလို့ရနေတယ်။ ကျွန်မရဲ့အောင်မြင်မှုတွေအတွက် မောင်ပျော်နေလား? ပျော်စေချင်ပါတယ် မောင်။ ကျွန်မက မောင့်ကို အမြဲပျော်နေစေချင်သူလေ။ မောင် depression ဝင်ပြီး စိတ်ဓါတ်တွေကျနေချိန်ဆို မောင့်အတွက် ဘယ်လိုကူညီဖေးမ ပေးရမလည်းဆိုတဲ့ စိတ်တွေနဲ့ တစ်ယောက်ထဲ ကြိတ်ငိုခဲ့ရသူလေ။ မောင် တစ်ခြားလူတစ်ယောက်ရဲ့ ရင်ခွင်မှာ ပျော်နေချိန်ဆို သဝန်တိုစိုးရိမ်စိတ်တွေနဲ့ တစ်ယောက်ထဲပူလောင်ငိုကြွေးနေခဲ့ရသူလေ။
မောင့်အတွက်တော့ ကျွန်မက ခဏတစ်ဖြုတ်ဖြစ်ခဲ့ပေမယ့် ကျွန်မအတွက် မောင်က ဘဝတစ်ခုဖြစ်ခဲ့တာတွေလည်း မောင်သိမှာပါ။ ကျွန်မနာကျင်စွာ လွမ်းဆွတ်ငိုကြွေးချိန်တိုင်း သူငယ်ချင်းမိတ်ဆွေတွေက မောင့်ကို မှတ်ချက်ပြုကြတယ်။ “မောင်ဟာ အလွန်ရက်စက်သူ”တဲ့။ ကျွန်မကတော့ အဲဒီမှတ်ချက်ကို ပြောင်းလဲပစ်လိုက်ချင်တယ်။ တစ်ကယ်တော့ မောင်ဟာ “ပျိုးထောင်ကောင်းသူ”ပါ။
“အချစ်”ဆိုတဲ့ အရာကို နာကျင်ခြင်း၊ လွမ်းဆွတ်ခြင်း၊ လှပခြင်း၊ ကြေကွဲခြင်းစတဲ့ ရသပေါင်းစုံနဲ့ ခံစားတတ်အောင် မောင်က ပြုလုပ်ဖန်ဆင်းပေးခဲ့တာလေ။ “အသည်းကွဲခြင်း”ကိုရော “အောင်မြင်ခြင်း”ဆိုတဲ့ အရာတွေကိုလည်း ခံစားရယူနိုင်အောင် မောင်ကပဲ ဖန်တီးပေးခဲ့တာဆိုတော့ မောင်ဟာ “ပျိုးထောင်ကောင်းသူ” တစ်ယောက်ပေါ့။
ဘယ်တော့ပဲတွေးတွေး ဘယ်လိုပဲတွေးတွေး မောင်ဟာ ကျွန်မအတွက်တော့ အနှိုင်းမဲ့ချစ်သူပါပဲ။ မောင်မသိဘဲ ကျွန်မဘက်က နင့်နင့်နဲနဲလွမ်းနေရတာ မောင့်အတွက် အနှောက်အယှက်တစ်စုံတစ်ရာများ ဖြစ်လေမလား ဆိုတဲ့ စိုးစိတ်တွေကလည်း ရှိနေပြန်တော့ တိုးတိတ်စွာပဲ ကျွန်မလွမ်းမိပြန်ပါရဲ့။
ဒီလိုပါပဲ မောင်ရေ ….။ တစ်စုံတစ်ရာကိုသာ ပြောင်းလဲပေးနိုင်မယ့် တန်ခိုးရှင်တစ်ဦးဦးသာ ရှိခဲ့မယ်ဆိုရင် မောင်နဲ့ကျွန်မ ကြည်နူးစွာပျော်ရွှင် နေကြရတဲ့ အချိန်ကာလအပိုင်းအခြားလေးတစ်ခုမှာပဲ ထာဝရရပ်တန့်နေစေချင်ပါတယ် မောင်!!!!
စာချစ်သူများကို အစဉ်လေးစားစွာဖြင့်
မိုးညချမ်း
15.7.2013 (12:03 p.m)
အလွမ်းတွေကင်းပြီး.. အကောင်းဆုံးအဖော်နဲ့ တွေ့ဖို့ပဲ ဆုတောင်းပေးချင်တယ်.. တစ်ခါခါ..အတိတ်ထဲမှာပဲ ရှိနေတဲ့အချစ်က.. လက်ရှိအတွက်ရော နောင်အတွက်ပါ.. အကောင်းဖြစ်လာမှာလဲ မဟုတ်ဘူးလေ.. စွန့်သင့်တာကို စွန့်.. မေ့သင့်တာကို မေ့ပြီး အကောင်းဆုံးအဖော်ကို ရွေးချယ်သင့်တယ်လို့ပဲ ထင်တယ်..။
ReplyDeleteဆိုတာလေး မြတ် သိပ်သဘောကျတယ်။ ခံစားချက်တွေ တိုက်ဆိုက်သွားတယ်ကွယ်။ ညီမလေး ကြည်ဖြူခင်ခင်လေး ပြောသွားတာကတော့ ဖြစ်သင့်တာပေါ့နော်။ တစ်ခါတစ်လေတော့ နှလုံးသားရေးရာတွေမှာ ဖြစ်သင့်တာတွေကို သိပေမယ့်လည်း လိုက်နာနိုင်ဖို့က သိပ်ကိုခက်ခဲပါတယ်လေ။
တနေ့နေ့တချိန်ချိန်တော့
ReplyDeleteပြန်ရောက်လာပါလိမ့်မယ်
ရသ ပေါင်းစုံနဲ့ခြယ်ထားသော အချစ် ဖြစ်လို့
အပြစ်ရယ် လို့ ရှိမှာ မဟုတ်ပါဘူး ။
ညလေးရဲ့မောင်ထက်ကောင်းတဲ့သူပေါ်လာဦးမှာပါ။ ဒီမောင်နဲ့ဖူးစာမပါလိုက်ရလို့ ချစ်သူဘဲဖြစ်ခဲ့ရတာပေါ့။
ReplyDeleteမောင်ထက် ညလေးကို အရမ်းဂရုစိုက်တဲ့သူ ပေါ်လာဦးမှာပါ။ ညလေး ငယ်ပါသေးတယ်။
ဝမ်းနည်းခြင်းတွေကို မထွေးပိုက်ထားပါနဲ့ ညလေး။
သူများဘဲ ဆရာလုပ်နေတာ ၊ ဒီမှာလဲ အသည်းကြေမွနေတယ်၊ ဟိဟိ။
ဒါတောင် ညလေးလို အပြင်မှာ ချစ်သူုဖြစ်ခဲ့ကြတာလဲ မဟုတ်ဘူး။ ညလေးလိုများဆိုရင် အမ သေသွားမလားမသိဘူး။
ကောင်လေးကလဲ အမကို မချစ်ခဲ့ပါဘူး။ ဒါပေမဲ့ သူ့ကိုချစ်ဖြစ်သွားအောင်တော့ လုပ်ခဲ့တာဘဲလေ။
အဲဒါ သူနဲ့မဆိုင်ဘူးလို့ သူ့မှာငြင်းပိုင်ခွင့်မရှိဘူး။ ဒါတွေက သူစခဲ့လို့ ဖြစ်ရတာ။
တော်ပြီနော် ၊ ညလေးခံစားချက်ကနေ အမခံစားချက်တွေဖြစ်တော့မယ်။ :D
ခံစားချက်ကတူနေတယ်ဒါပေမယ့်သူ့ထက်ကောင်းတဲ့သူတွေ့မှာပါအတိတ်မှာထားခဲ့လိုက်ပါနော်ဒို့လဲအတူတူပဲ
ReplyDelete၇င်ဘတ်ကြီးနဲ့ခံစားပြီးဖတ်သွားတယ်ညီမ
ReplyDeleteအ၇မ်းကောင်းပါတယ်..
ဒီလိုဖွဲ့ဖွဲ့နွဲ့နွဲ့ လေးရေးတတ်တော့ ကောင်းတာပေါ့။ ခံစားချက်ကိုပုံမဖေါ်တတ်တော့ သက်ပြင်းတွေကသာ ကျွန်တော့်ကဗျာ တွေဖြစ်ခဲ့မယ်။
ReplyDelete