Monday, September 15, 2014

သူ




သူဟာ ဘုရင်တစ်ပါးမဟုတ်သလို ဘုရင့်သားတော်တစ်ပါးလည်း မဟုတ်ခဲ့ပြန်ပါဘူး။ လူကုံထံအသိုင်းအဝိုင်းကြားက လိ်ုတိုင်းတ … တတိုင်းရနေတဲ့ ဖဲမွေ့ယာပေါ်မှာ အိစက်ညက်ညောစွာအိပ်စက်ရပြီး ခရီးကြမ်းကြမ်းမပြောနဲ့ ပင်ပန်းတဲ့ဒဏ်တောင် တစ်စက်ကလေးမှ မခံနိုင်သူတစ်ယောက်။

အိုး … ဘာပြောကောင်းလိမ့်မလဲ? သူနဲ့ကျွန်မဟာ ကွာခြားလွန်းလှပါဘိ။ ကျွန်မက သူ့အသိုင်းအဝိုင်းလောက် မချမ်းသာပေမယ့် နေနိုင်စားနိုင် လူလတ်တန်းစားထဲကပါ။ သို့ပေမယ့် ကျွန်မရဲ့အကျင့်စရိုက်၊ စိတ်နေစိတ်ထားဟာ နှာခေါင်းပေါက်နဲ့ အသက်ရှူတာချင်းအတူတူ၊ ထမင်း(၃)နပ်စားတာချင်းအတူတူ ယောကျ်ားတွေလုပ်နိုင်တဲ့အလုပ် ငါလည်း လုပ်နိုင်ရမယ်ဆိုတဲ့ စိတ်တစ်ခုနဲ့ တုံးဆိုတိုက်၊ ကျားဆိုကိုက် ဆိုသည့် မိန်းကလေးမျိုး။ ယောကျ်ားလေးသူငယ်ချင်းတွေနဲ့ ငြင်းခုံနေရရင် ပျော်နေတတ်သူတစ်ယောက်။ တစ်ခြားမိန်းကလေးတွေလို အလှအပခြယ်သလို့ နူးညံ့ညင်သာစွာ နေတတ်ဖို့မပြောနဲ့ မျက်နှာပေါ် သနပ်ခါးရှိတယ် ဆိုတာက ခပ်ရှားရှားရယ်။ မိန်းကလေးဆိုပေမယ့် အိမ်မှုကိစ္စစိတ်မဝင်စားသလို လူမှုရေးကိစ္စတွေနဲ့သာ အချိန်ကုန်နေတတ်သူ တစ်ယောက်။ 

သူနဲ့ ကျွန်မ စတွေ့တုန်းက သူဟာ ကလေးတစ်ယောက်လိုပါပဲ …။ အပျော်အပါး မက်တဲ့သူတစ်ယောက်၊ အသောက်အစား မကင်းသူတစ်ယောက် …။ Game ဆိုင်သွားလို့ Game ဆော့နေရချိန်ဆို ထမင်းမေ့ ဟင်းမေ့ဖြစ်တတ်သူ တစ်ယောက်…။ ထင်တိုင်းကြဲလုပ်တတ်ပြီး ဘာကိုမှစိုးရိမ်ပူပန်မှုမရှိစွာ အရာရာကို အလေးအနက်မထားတတ်သူတစ်ယောက် …။ အလုပ်တစ်ခုကို အစအဆုံးမရှိ မသေသပ်စွာလုပ်ကိုင်တတ်သူတစ်ယောက်။

ဒီလိုနဲ့ သူနဲ့ကျွန်မ ခင်မင်ရင်းနှီးခဲ့ကြတယ်။ ခင်မင်ခြင်းတွေကတစ်ဆင့် သံယောဇဉ်တွေ ရစ်ပတ်ခဲ့ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဖွင့်ဟမပြပေမယ့် တစ်ယောက်အပေါ် တစ်ယောက် သဝန်တိုစိတ်တွေနဲ့ ရန်ဖြစ်ခဲ့ကြဖူးတယ်။ “ရန်တွေဖြစ်လိုက်၊ ပြဿနာတွေတက်လိုက်၊ နောက်ဆုံးမပြတ်နို်င်တော့လည်း ပြန်အဆင်ပြေသွားလိုက်”ဆိုတဲ့ Nine One သီချင်းလိုပေါ့။ ရန်ဖြစ်ပြီးတိုင်း သံယောဇဉ်တွေက ပိုပိုတိုးလာခဲ့ရင်း မမြိုသိပ်နိုင်တဲ့ တစ်နေ့မှာတော့ သူ့ချစ်ခြင်းတွေကို ဖွင့်ဟဝန်ခံလာခဲ့တယ်။

“စဉ်းစားမယ်”ဆိုတဲ့ စကားတစ်ခွန်းရဲ့နောက်ကွယ်မှာ တိတ်တိတ်လေးပျော်ရွှင်ခဲ့ရတာတွေ ခုပြန်တွေး ခုကြည်နူးရတယ်။ ဒီလိုနဲ့ သူ့ဘက်က ဒီထက်ပိုမစောင့်နိုင်ဘူးဆိုတဲ့ စကားတွေနဲ့အတူ အတင်းအကြပ်ဆိုတာလေးတွေ ပါလာတော့ ကျွန်မလည်း ဟန်မဆောင်နိုင်ခဲ့တော့ပါဘူး။ သူ့ချစ်ခြင်းတွေကို လက်ခံလို့ ကျွန်မချစ်ခြင်းတွေကို တုံ့ပြန်ခဲ့လိုက်တယ်။
ဒီလိုနဲ့ နေ့တွေကနေ လတွေအလီလီပြောင်းလာရင်း သူနဲ့ကျွန်မရဲ့ ချစ်သက်တမ်းကြာရှည်လာတာနဲ့အမျှ ပြဿနာပေါင်းစုံကို အတူရင်ဆိုင်ဖြေရှင်းခဲ့ကြသလို တစ်ယောက်နဲ့တစ်ယောက် သဝန်တိုစိတ်မချခြင်းတွေနဲ့လည်း ရန်တွေ ဖြစ်ခဲ့ကြရတယ်။ အပြင်းထန်ဆုံးစကားလုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြမိတယ်။ တစ်ယောက်ယောက်က အလျော့ပေးပြန်ချော့လိုက်လို့ ပြန်လည်ငြိမ်းချမ်းရေးရသွားတဲ့အချိန်မှာတော့ ရင်ခုန်ခြင်းတွေနဲ့အတူ ကြည်နူးရပြန်ရော။

သူနဲ့ကျွန်မရဲ့ ချစ်သက်တမ်းလေးကြာလာတာနဲ့အမျှ ခုဆို သူဟာ ခရီးကြမ်းကြမ်းကိုလည်း သွားနိုင်နေခဲ့ပြီ။ အလုပ်တစ်ခုကို အစအဆုံး သေသပ်စွာလုပ်ကိုင်တတ်နေခဲ့ပြီ။ အလုပ်တစ်ခုအပေါ် စေတနာထက်သန်စွာ ပြီးဆုံးအောင် လုပ်ကိုင်နေတတ်ခဲ့ပြီ။ အရာရာကို တိကျစွာဆုံးဖြတ်လုပ်ကိုင်တတ်နေခဲ့ပြီ။

ဒီလိုပါပဲ။ ကျွန်မဟာလည်း အိမ်မှုကိစ္စတွေနဲ့ အချိန်ကုန်ရတာကို နှစ်သက်တတ်နေခဲ့ပြီ။ သူ စိုးရိမ်နေလိမ့်မယ်ဆိုတဲ့ စိတ်နဲ့ တစ်ချို့အရာတွေ ရှောင်တတ်နေခဲ့ပြီ။ ယောကျ်ားလေးသူငယ်ချင်းတွေရဲ့ Ph No ဆိုတာတွေတောင် ဖုန်းထဲက ထုတ်ပယ် ထားတတ်နေခဲ့ပြီ။ “ငါ မလှတော့ရင်”ဆိုတဲ့အတွေးနဲ့ လှလှပပဝတ်စားလိမ်းခြယ်လို့ မှန်တစ်ချပ်ကို ပိုက်ဆံအိတ်ထဲဆောင်တတ်နေခဲ့ပြီ။

“အချစ်”ဆိုတာ ထူးဆန်းပါလေသလား? မထင်မှတ်ခြင်းတွေကနေ အံ့သြခြင်းတွေကို ဆောင်ကြဉ်းပေးတတ်ပါသလား? လူတစ်ယောက်အတွက် လူတစ်ယောက်က ပြောင်းလဲခြင်းတွေနဲ့ ချစ်တတ်ကြပါသလား? တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ကြတဲ့အခါ အပြင်းထန်ဆုံးစကားလုံးတွေနဲ့ ပစ်ပေါက်တာတောင် မနာကျည်းတတ်ကြဘဲ ပိုတိုးလို့ချစ်လာတတ်ကြပါသလား?
တွေးစရာတွေအများကြီးမှ အများကြီးဆိုပေမယ့် သူဟာ ကျွန်မအတွက်တော့ သက်ဆုံးတိုင် အေးအတူပူအမျှ ပေါင်းဖက်သွားရမယ့် ဘဝလက်တွဲဖော်ဆိုတာ သေချာနေပြီပေါ့…။



စာချစ်သူများကို အစဉ်လေးစားစွာဖြင့်
မိုးညချမ်း
14.9.2014(4:33 p.m)

Tuesday, September 9, 2014

လူတွေမသိတဲ့ ကျွန်မအကြောင်း



*ကျွန်မ ဘာကြောင့် မာနတွေ ခဝါမချပါလိမ့်?
ကျွန်မရဲ့ သိမ်ငယ်မှုတွေ လူသိမှာစိုးလို့ပါ …

*ကျွန်မ ဘာကြောင့် လိုအပ်တာထက် ပိုပျော်နေတတ်ပါလိမ့်?
ကျွန်မရဲ့ အထီးကျန်မှုတွေ လူသိမှာစိုးလို့ပါ …

*ကျွန်မ ဘာကြောင့် လိုအပ်တာထက် ပိုရင့်ကျက်သယောင်ဖြစ်နေပါလိမ့်?
ကျွန်မရဲ့ ဝမ်းနည်းနာကျင်မှုတွေနဲ့ ကြီးပြင်းခဲ့ရတာကို လူတွေသိမှာစိုးလို့ပါ …

*ကျွန်မ ဘာကြောင့် လိုအပ်တာထက် ပိုပြီးခွန်အားစိုက်ထုတ် ကြိုးစားနေမိပါလိမ့်?
တစ်နေ့နေ့ လူတွေရှေ့မှာ မော်ကြွားနိုင်ဖို့ပါ …

*ကျွန်မ ဘာကြောင့် တစ်ယောက်တည်းကြိတ်မှိတ် ခံစားနေပါလိမ့်?
ကျွန်မရဲ့ အားနည်းချက်တွေ လူတွေသိမှာစိုးလို့ပါ …

*ကျွန်မ ဘာကြောင့် လူတွေကို အကောင်းမြင်နားလည်ပေးတတ်နေပါလိမ့်?
မေတ္တာတရားဆိုတဲ့အရာကို အခြားသူတွေထက် ကျွန်မကောင်းကောင်းနားလည်နေလို့ပါ …

*ကျွန်မ ဘာကြောင့် လူတွေနဲ့ပတ်သက်လို့ စိုးရိမ်စိတ်ကြီးမားနေပါလိမ့်?
ခံရတာများလွန်းခဲ့တဲ့အတွက် ကြောက်စိတ်တွေဝင်လာခဲ့မိလို့ပါ …

စာချစ်သူများကို အစဉ်လေးစားစွာဖြင့်
မိုးညချမ်း
9.9.2014 (2:29 p.m)

Saturday, August 30, 2014

Blog Day အမှတ်တရ Blogger ဘဝ



ဘလော့ဂါ Day အမှတ်တရပိုစ့်တဲ့ …။ တီတင့်က ဆော်သြလိုက်တော့ အားလုံးသော Blogger မောင်နှမတွေက ကိုယ်စီကိုယ်ငှ တက်တက်ကြွကြွရေးနေကြလေတော့ ကိုယ်လည်း Blog တစ်ခုနဲ့ စာတိုပေစလေးတွေရေးနေတဲ့ စာရူးသူပေမို့ တဂ်ပိုစ့်လေးကို မရမကရေးချင်လာမိတယ်…။

ကဲ … blogger ဘဝဘယ်ကစလည်းလို့ ပြောရရင်တော့ ၂၀၁၂ ခုနှစ်၊ မတ်လလောက်မှာ စတာပေါ့။ ငယ်ငယ်လေးကလည်းက ဆရာမဂျူး၊ ဆရာဖေမြင့်၊ ဆရာကြီးချစ်စံဝင်းတို့ရဲ့ စာအုပ်တွေဖတ် …။ ကိုယ်လည်း အဲလိုစာလေးတွေရေးကြည့်ချင်တယ်ဆိုတဲ့ အတွေးလေးက ရှိလေတော့ ဗလာစာအုပ်လေးတစ်အုပ်နဲ့ ဟိုခြစ်သည်ခြစ်ပေါ့လေ။ မှတ်မှတ်ရရ ရှစ်တန်းနှစ်မှာ စာမျက်နှာ ၄၀ ရှိတဲ့ အကြမ်းစာအုပ်လေးနဲ့ ကိုယ်ဖန်တီးတဲ့ ဝတ္ထုစာအုပ်လေးတစ်အုပ် ရေးဖူးတယ်။ ဇာတ်သိမ်းထိမရောက်ပေမယ့် စာအုပ်တစ်ဝက်ကျော်သည်ထိ ဇာတ်အိမ်က ပါလာပြီးသား။

ဒါပေမယ့် ကိုးတန်းနှစ်ရောက်တော့ ရှစ်တန်းစာအုပ်တွေ ရှင်းလင်းရေးလုပ်တော့ ပါသွားသလား ဘာလားတော့ မသိဘူး။ အဲဒီဝတ္ထုစာအုပ်လေး ဘယ်လိုမှရှာမတွေ့တော့ဘူး။ နှမြောလိုက်တာလေ … အဲဒီတုန်းက စိတ်ကူးအတိုင်း အခုနေရေးပါဆို ဇာတ်အိမ်တော့ စဉ်းစားလို့ရတယ်။ ဒါပေမယ့် ခံစားမှုချင်းမတူတော့ ဘယ်လိုမှရေးလို့မရတော့ဘူး။

Facebook ဆိုတဲ့ Social site ကြီးပေါ်လာတော့ ကိုယ်ရေးထားတဲ့စာအတိုအစတွေ ဟိုရေး သည်ရေးပေါ့။ ပရဟိတအလုပ် လုပ်ရင်းနဲ့လည်း အလှူခရီးစဉ် Documentary လေးတွေကိုမပျက်မကွက်ရေးဖြစ်နေခဲ့တယ်။ မှတ်မှတ်ရရ ကျွန်မရေးထားတဲ့ မရမ်းချောင်းအနာကြီးရောဂါသည်ဂေဟာကို သွားလှူတဲ့အလှူပိုစ့်လေးကို မမမြသွေးနီက ဖတ်ပြီး “မိုးညရေ … ညလေးက စာအရေးအသား ကောင်းတယ် … ဆက်ရေးနော်”ဆိုတဲ့ အားပေးလိုက်မှုက ကျွန်မကို စာတွေဆက်ရေးဖို့ အားဖြစ်စေခဲ့တာပါ။
ဒီလိုပဲ Facebook ပေါ်မှာ ကျွန်မရေးတဲ့ ကဗျာတွေ ဝတ္ထုတိုတွေကို ဖတ်ပြီး Blogger အစ်ကိုတစ်ယောက်ဖြစ်တဲ့ ဦးဇောင်းနဲ့ Blogger တစ်ယောက်ဖြစ်တဲ့ ချစ်မမ မာယာဖြူ တို့က “Blog လေးလုပ်ပြီး ညလေးရေးထားတဲ့ စာလေးတွေ တင်ပါလား”လို့ ပြောလာပါတယ်။ ဒီလိုနဲ့ပဲ ၂၀၁၂ ခုနှစ်၊ မတ်လမှာ ဦးဇောင်း ဖန်တီးပေးတဲ့ www.moenyachan.com ဆိုတဲ့ blog လေးမှာ ကျွန်မရေးတဲ့စာလေးတွေကို တစ်စုတစ်စည်းထဲ တင်ဖြစ်လာပါတယ်။

ကျွန်မရဲ့ blog လေးဆီ ပထမဦးဆုံးစာတွေဝင်ဖတ်အားပေးသူတွေက ကိုလွင်ပြင်နဲ့ မမစံပယ်၊ အဲဒီနောက်မှာတော့ နွေလ၊ အိမ်မက်ကောင်းကင်၊ မြတ်နိုးသူ၊ မမမြသွေးနီတို့က တင်သမျှစာလေးတွေမှန်မှန်ဖတ်ပြီး မှတ်ချက်တွေ comment တွေ ပေးကြလေတော့ ကျွန်မရဲ့ Blog လေးဟာ တစ်နေ့တစ်ခြား ဝေဆာလာခဲ့တယ်။ blogger အချင်းချင်းကတစ်ဆင့် facebook က စာချစ်သူတွေပါ ကျွန်မ blog လေးဆီ စာတွေဝင်ဖတ်ကြတော့ ကျွန်မရဲ့စာရေးချင်တဲ့စိတ်တွေက တစ်နေ့တစ်ခြား ပိုပိုတိုးလာခဲ့တယ်။

၂၀၁၃ ခုနှစ် အစပိုင်းမှာတော့ တီတင့်နဲ့ ခင်မင်ရင်းနှီးခဲ့ပြီး တီတင့်ရဲ့ဖိတ်ကြားချက်အရပဲ တီတင့်အိမ်မှာ blogger များ ဆုံဆည်းကြလေတော့ စီနီယာ အစ်ကိုအစ်မတွေ သူငယ်ချင်းတွေကို တွေ့ဖူးမြင်ဖူးချင်တာနဲ့ မရောက် ရောက်အောင် သွားဖြစ်ခဲ့တယ်။ တီတင့် ချက်ကျွေးတဲ့ မုန့်တွေကို Blogger မောင်နှမတွေ တပျော်တပါးစားရင်း ပျော်ရွှင်ခဲ့ရတဲ့ နေ့လေးတစ်နေ့ ပိုင်ဆိုင်ခဲ့ပြီး Blogger မောင်နှမတွေနဲ့ ခင်မင်ရင်းနှီးခဲ့ရတဲ့ အမှတ်တရနေ့လေးကို သတိရလျှက်ပေါ့။ ဖြစ်နိုင်မယ်ဆိုရင် အားလုံးနဲ့ နောက်တစ်ခေါက်ပြန်ဆုံပြီး အမှတ်တရတွေထပ်ပိုင်ဆိုင်ချင်ပါရဲ့။ ကျွန်မရဲ့ Blog လေးမှာလည်း ကျွန်မဝါသနာပါပြီး ရေးချင်တဲ့စာလေးတွေကို ရေးသားရင်း Blog လေးလည်း ရေရှည်တည်တံ့ချင်ပါရဲ့။ comment လေးတွေလည်း အများကြီး အများကြီး လိုချင်မိပါရဲ့။

ဒါနဲ့လေ စကားမစပ် တီတင့်ပေးထားတဲ့ ကျွန်မရဲ့ Blogger အမှတ်က(၈၄)နော် …။


စာချစ်သူများကို အစဉ်လေးစားလျှက်
မိုးညချမ်း
30.8.2014 (6:13 p.m)

Thursday, July 10, 2014

သားလေးရဲ့မေမေ ... မေမေရဲ့သမီးငယ်လေး


သားလေးကို ကြည့်ပြီး ကျွန်မပြုံးနေမိသည်။ ကျွန်မဘဝအတွက် အနာဂတ်အလင်းရောင်လေးအဖြစ် တုန်နေအောင် ချစ်ရတဲ့ တစ်ဦးတည်းသော သားလေး ခုဆို (၄)နှစ်တင်းတင်း ပြည့်ခဲ့လေပြီ။ “သားလေးနဲ့ပတ်သတ်ရင် မင်းက အဖြစ်ကို သည်းလွန်းတယ်”ဟု ကိုကိုက ခဏခဏမှတ်ချက်ပြုဖူးသည်။ 

ကိုကို ပြောလဲ ပြောချင်စရာပင်။ သားလေးနှင့်ပတ်သက်လျှင် ကျွန်မ တစ်ကယ်ကိုအဖြစ်သည်းမိပါသည်။ သားလေး နေမကောင်းများဖြစ်လျှင် ကျွန်မမှာ မျက်ရည်စက်လက်နှင့် ကျွန်မပင်ဖျားလိုက်ချင်မိသည်။ တစ်ခါက သားလေး လမ်းလျှောက်တတ်ခါစမှာ ချော်လဲရင်း ပွန်းပဲ့သွားတော့ ကျွန်မမှာ ငိုလို့ပင်မဆုံးတော့ …။ ထိုကတည်းက သားလေးကို ကျွန်မအရင်ထက် အရိပ်တကြည့်ကြည့်ပင်ဖြစ်နေရသည်။

ဒီနေ့တော့ သားလေး (၄)နှစ်ပြည့်မွေးနေ့ …။ သံဃာတော်တွေကို အာရုဏ်ဆွမ်းကပ်ပြီး ကိုကိုနဲ့ ကျွန်မတို့ရဲ့ မိတ်ဆွေအပေါင်းအသင်းအနည်းငယ်ရယ် သားလေးရဲ့မူကြိုက သူငယ်ချင်းလေးတွေရယ်ကို မုန့်ဖိတ်ကျွေးဖြစ်သည်။ မနက်သံဃာတော်တွေ အာရုဏ်ဆွမ်းကပ်ကတည်းက အလုပ်တွေရှုပ်လိုက်တာ ဧည့်သည့်တွေ တော်တော်လေး ပါးသွားမှ ကျွန်မခဏထိုင်နားရင်း သူငယ်ချင်းတွေနဲ့ ကစားနေသည့် သားလေးကို ငေးကြည့်နေမိသည်။

သားလေးက ကိုကိုနဲ့ မျက်နှာကျပုံကအစ တစ်ပုံစံတည်းတူပေမယ့် ခေါင်းမာတာ၊ လိုချင်တာမရရင် စိတ်ကောက်တတ်တာ၊ တဇွတ်ထိုးလုပ်တတ်တဲ့ အကျင့်စရိုက်လေးတွေက ကျွန်မနှင့်လာတူနေသည်။ ဟူး …. ဒီလိုတဇွတ်ထိုးဆန်ပြီး ခေါင်းမာတတ်တဲ့ပုံနဲ့ဆို သားလေးကြီးလာရင် ဘယ်လိုထိန်းကျောင်းရမလဲ”လို့ စဉ်စားရင်း တစ်ချိန်က ခေါင်းမာတတ်သော၊ တဇွတ်ထိုးဆန်တတ်သော ကျွန်မကို မေမေ ဘယ်လိုပူပင်သောကတွေနဲ့ ထိန်းကျောင်းခဲ့ရပါလိမ့်လို့တွေးမိရင်း မေမေ့ကို သတိရလွမ်းဆွတ်သွားမိသည်။

**************************************************

ကျွန်မ (၁၀)တန်းအောင်ပြီး တက္ကသိုလ်စတက်တော့ မေမေရဲ့စိုးရိမ်ကြီးစွာ တဖွဖွမှာသည်။ နယ်ကနေ ကျောင်းလာတက်ရသူမို့ အဆောင်ငှားနေရင်း ထင်ရာစိုင်းလုပ်မှာ မေမေစိုးရိမ်နေလေသည်။

“သမီး … ကိုယ်က အဆောင်မှာ အများနဲ့နေတာနော် … မိန်းကလေးတွေအများကြီးထဲမှာမှ ကိုယ်ကအနေအထိုင်မတတ်ရင် အပြောခံရလိမ့်မယ် … ဆင်ဆင်ခြင်ခြင်နေနော် … အဆောင်စည်းကမ်းတွေလည်း လိုက်နာနော် … မေမေလည်း မကြာခဏလာခဲ့မှာပါ …”

ကားဂိတ်နားအထိ လိုက်ပို့ရင်း စိုးရိမ်တကြီး တဖွဖွမှာနေသော မေမေ့ကို အားမနာစွာ-
“မေမေကလည်း … သမီးကို မယုံကြည်သလို မှာမနေနဲ့ဗျာ … မေမေမှာနေတာ အခါတစ်ရာမကတော့ဘူး … မဖြစ်သေးတာတွေ ကြိုတွေးပူနေတယ် …”

ကျွန်မကတော့ “ငါက မဟုတ်တာလုပ်နေတာကျနေတာပဲ”ဆိုသည့် ခံပြင်းစိတ်ကလေးနဲ့ မေမေ့ကို အမှတ်မထင်ပြန်ပြောလိုက်ပေမယ့် မေမေရဲ့စိတ်မကောင်းဖြစ်ကျန်ရစ်ခဲ့ရတာကိုတော့ ကျွန်မ သတိမထားမိလိုက်ခင် ကားကစတင်ထွက်ခွာလေပြီ။

ရန်ကုန်မြေသို့ ခြေချချခြင်း ရှုပ်ထွေးပွေလီလှသော ကားတွေ၊ လူတွေကြားထဲမှာမှ ကျွန်မနေရမည့် အဆောင်သို့ ရောက်ရှိလာခဲ့သည်။ အဆောင်မှူးက ကျွန်မနေရမယ့် အခန်းကိုလိုက်ပြရင်း အခန်းဖော် “ဝေမာ”နှင့်မိတ်ဆက်ပေးသည်။ အဆောင်မှူး အခန်းထဲက ထွက်သွားတော့ အခန်းဖော်ဖြစ်သည့် “ဝေမာ”နှင့်စကားခဏပြောရင်း ပစ္စည်းတွေကို တဖြည်းဖြည်းချင်းနေရာချထားလိုက်သည်။ 

ပစ္စည်းတွေနေရာချအပြီး ခရီးကလည်း ပန်းလာသည်နှင့် ခဏလှဲလိုက်တာ မည်မျှကြာသွားသည်မသိ။ ညနေစောင်း “ဝေမာ” လာနှိုးမှ နှိုးတော့သည်။ အိပ်ယာက ကပျာကယာထကာ ရေမိုးချိုးပြီး ညစာစားဖို့ ပြင်ဆင်ရလေသည်။ အဆောင်သို့ စရောက်ရောက်ချင်း ထမင်းချက်ဖို့အဆင်မပြေသေးလေတော့ မေမေထည့်ပေးလိုက်သော ဟင်းတွေနှင့် “ဝေမာ” ချက်ထားသော ထမင်းကို နှစ်ယောက်သားအတူတူ ညစာစားဖြစ်လိုက်သည်။

ဒီလိုနဲ့ အဆောင်ရောက်ပြီး တစ်ပတ်အကြာမှာတော့ ကျောင်းတွေစဖွင့်လေပြီ။ အဆောင်ကနေ “ဝေမာ”နှင့်အတူတူ ထွက်လာသော်လည်း နှစ်ယောက်သားက မေဂျာမတူကြသည်မို့ ကျောင်းမုခ်ဦးကတည်းက ကိုယ်တက်ရမည့် ကျောင်းဆောင်ဆီသို့ အသီးသီးလမ်းခွဲလာလိုက်ကြသည်။

ကျောင်းခန်းထဲရောက်သည်နှင့် အလယ်တန်းတစ်နေရာမှာ နေရာယူရင်း ပထမဆုံးစာသင်ချိန်ကိုစောင့်ရင်း “ငါ ဘယ်လိုသူငယ်ချင်းမျိုးတွေနဲ့ ကြုံရမှာပါလိမ့်”လို့ တွေးနေတုန်း “အတူတူထိုင်မယ်နော်”လို့ နှုတ်ဆက်ရင်း ဘေးနားဝင်ထိုင်လိုက်သည်က ကောင်မလေးတစ်ယောက်နှင့် ကောင်လေးတစ်ယောက်။
ဒီလိုနဲ့ တစ်ယောက်ကို တစ်ယောက်မိတ်ဆက်ရင်း ကျွန်မရဲ့တက္ကသိုလ်က သူငယ်ချင်း (၂)ယောက်ရရှိခဲ့သည်။ ကောင်မလေးနာမည်က “နှင်းဖြူ” … ကောင်လေးနာမည်က “ထက်ပိုင်”တဲ့။

ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်အစအထိ ကျွန်မတို့ တတွဲတွဲနှင့်အလွန်ခင်ခဲ့ကြပါသည်။ မေမေလည်း ကျွန်မရှိရာသို့ နယ်ကနေ မကြာခဏတက်လာပြီး စိုးရိမ်စိတ်တွေ သမီးကို လွမ်းတဲ့စိတ်တွေနဲ့ တပူပူတဆူဆူဖြစ်သည့်အပြင် ကျွန်မသူငယ်ချင်း (၂)ယောက်ကို “သမီးနော် … ကောင်လေးက မဆိုးပေမယ့် … သမီးသူငယ်ချင်း ကောင်မလေး နေပုံထိုင်ပုံကို မေမေမကြိုက်ဘူး … ကိုယ်ပေါင်းစိတ်ခွာနေပါလို့” ပြောတိုင်းလည်း သားအမိတွေ စကားများခဲ့ရသေးသည်။ ဒီလိုနဲ့ပဲ ကျွန်မတို့အတွက် တတိယနှစ်ဆိုသည့် နောက်ဆုံးနှစ်သို့ ရောက်ရှိလာခဲ့လေပြီ။ နှစ်စမှာတော့ ဘာပြဿနာမှမရှိပေမယ့် ပထမနှစ်ဝက်စာမေးပွဲနီးလာချိန်မှာတော့ ပြဿနာအစပျိုးလာလေပြီ။

ကျွန်မသူငယ်ချင်း “နှင်းဖြူ”က ချစ်ဖို့ကောင်းသည်။ ချစ်ဖို့ကောင်းသည့်အလျောက် လူကြိုက်လည်းများသည်။ ယောကျ်ားလေးတွေရဲ့ ချစ်ခြင်းဖွင့်ဟသည်ကိုလည်း မကြာခဏကြုံရသည်။ ချစ်ခင်သူတွေ ဘယ်လောက်များများ “နှင်းဖြူ”တစ်ယောက် မည်သူ့အချစ်မှ လက်မခံပါဘဲနှင့် ကျွန်မတို့နှင့်သာ တတွဲတွဲနေခဲ့သည်။ ဒါပေမယ့် တတိယနှစ်ရဲ့ ပထမနှစ်ဝက်စာမေးပွဲဖြေကာနီးမှာတော့ မည်သည့်အချိန်က ထားလိုက်သောရည်းစား၏အရှုပ်အရှင်းပြဿနာကို ကျွန်မအား ဖွင့်ဟတိုင်ပင်လေတော့သည်။

“ဆုခေတ်နဲ့ ထက်ပိုင် … ငါ နင်တို့ကို တိုင်ပင်စရာရှိတယ် … ဒါပေမယ့် ဘယ်သူ့ကိုမှ ပြန်မပြောပြပါဘူးလို့တော့ ကတိပေးနော်”
ကျွန်မ နှင်းဖြူ ပြောလာမည့် စကားကို တိတ်ဆိတ်စွာ နားထောင်နေမိသည်။ နှင်းဖြူက စကားစကိုဆက်ကာ-

“ငါလေ လွန်ခဲ့သော ၅ လလောက်က နင်တို့မသိတဲ့ သူတစ်ယောက်ရဲ့ အချစ်ကို လက်ခံခဲ့တယ် … နင်တို့ကို အသိပေးရင်လည်း ငါ့ကိုဆူမှာကြောက်လို့လေ … သူက နယ်ဘက်ကဆိုတော့ ငါ သူနဲ့မကြာခဏမတွေ့ဖြစ်ပါဘူး … ဒါပေမယ့် ပြီးခဲ့တဲ့ ၃ လလောက်က သူနယ်က ခဏတက်လာတော့ ငါတို့နှစ်ယောက် ချိန်းတွေ့ဖြစ်ခဲ့တယ် … ချိန်းတွေ့ဖြစ်ရင်းနဲ့လေ …”

စကားသံထပ်ထွက်မလာတော့တဲ့ “နှင်းဖြူ”ကို ကြည့်ရင်း သူမဘာပြောချင်လဲဆိုတာ ကျွန်မသိလိုက်ပါပြီ။

“နှင်းဖြူ … သူငယ်ချင်း နင် တစ်ခုခုထူးခြားနေပြီလား … ဘယ်လောက်တောင်ရှိနေပြီလဲ”

“နှစ်လထဲ ရောက်နေပြီ ဆုခေတ် ရယ် … ငါလည်း မစဉ်းစားတတ်တော့ဘူး … အမေတို့သာသိရင် ငါ့ကိုသတ်လိမ့်မယ် … သူ့ကိုလည်း ငါ အဆက်အသွယ်လုပ်ထားတာ ရန်ကုန်တက်လာခဲ့မယ်လို့တော့ ပြောတယ် … ဘယ်လိုလုပ်ရမလဲဟင်”

ကျွန်မ နှင်းဖြူ ကိုကြည့်ရင်း အကြံအိုက်သွားမိသည်။ ဒီကိစ္စက ပေါ့တန်တန်သဘောထားလို့မရ …။ ချက်ချင်း မင်္ဂလာဆောင်နိုင်ဖို့ စီစဉ်လျှင်လည်း နှင်းဖြူ မိဘတွေကို အရင်အသိပေးဖို့လိုပေလိမ့်မည်။ ဘယ်လိုလုပ်ရပါ့ …။

သူငယ်ချင်းမလေး “နှင်းဖြူ”အတွက် ကျွန်မစိတ်သောကများစွာဖြင့် ဖြတ်သန်းရင်း ရက်သတ္တပတ်အကြာမှာတော့ ကျွန်မအဆောင်ဆီသို့ မေမေရောက်လာခဲ့သည်။ မေမေနဲ့စကားပြောနေရင်းမှာတော့ အောက်ထပ်က အဆောင်မှူးက “ဆုခေတ်ရေ … ဧည့်သည်” လို့လှမ်းခေါ်လိုက်တော့ ကျွန်မ ခဏအောက်ထပ်ဆင်းလာလိုက်သည်။
အောက်ထပ်က ဧည့်ခန်းမှာစောင့်နေသူက နှင်းဖြူရဲ့ မေမေ ..

“ဟာ … အန်တီ ဘာကိစ္စရှိလို့လဲဟင်”ဆိုတဲ့ ကျွန်မရဲ့ရိုးသားစွာမေးလိုက်မှုအပေါ် ပါးပြင်ပေါ်ကျရောက်လာသည့် လက်ဝါး၏စပ်ဖျဉ်းဖျဉ်းခံစားလိုက်ရသည့် တုံ့ပြန်မှုကို ကျွန်မ အံ့သြမှုနှင့်အတူ နာကျင်ဝမ်းနည်းသွားမိသည်။

“ဆုခေတ် … ညည်းကို အန်တီက သမီးသူငယ်ချင်းအဖြစ် မိတ်ဆက်ပေးကတည်းက သဘောမကျခဲ့ဘူး … တဇွတ်ထိုး တဇောက်ကန်း ဂျစ်ကန်ကန် ညည်းကို အန်တီ တစ်စက်ကလေးမှ မနှစ်မြို့ဘူး … ဒါပေမယ့် သမီးကလည်း ခင်မင်နေတာမို့ အန်တီဘာမှမပြောခဲ့ပေမယ့် အခု နှင်းဖြူ မဖုံးနိုင် မဖိနိုင် အရှက်တကွဲဖြစ်လာရတာ ညည်းတာဝန် မကင်းဘူး … ညည်းဘေးကနေ မြှောက်ထိုးပင့်ကော်လုပ်နေလို့ ငါ့သမီးဘဝ ရေစုန်မျောရတာ … အလကား လျှပ်ပေါ်လော်လီ အပေါင်းအသင်းတွေနဲ့ပေါင်းလို့ ဖြစ်ရတာ”

ဆက်တိုက်ပြောသွားသည့် နှင်းဖြူမေမေ့ရဲ့စကားသံတွေကို ကျွန်မကြားလိုက်ရတော့ စိတ်မကောင်းဖြစ်စွာ ဝမ်းနည်း ငိုကြွေးမိသည်။ အဆောင်က အခြားမိန်းကလေးတွေ ၀ိုင်းကြည့်နေကြသည့် ကြားမှာ ကျွန်မငိုကြွေးနေတုန်း-

“ဒီမှာ အစ်မကြီး … အစ်မကြီးပြောသွားသမျှတွေကို ကျွန်မဘာတစ်ခုမှ နားမလည်ပေမယ့် ကျွန်မသမီးကို ကျွန်မနားအလည်ဆုံး အသိဆုံး … ကျွန်မသမီးက တဇွတ်ထိုးလုပ်တတ်တဲ့ဆိုပေမယ့် မိဘအုပ်ထိန်းမှုအောက်မှာ လိမ်လိမ်မာမာ ကြီးပြင်းခဲ့တဲ့ ကလေးတစ်ယောက် … ကျွန်မသမီးကြောင့် ကျွန်မတို့ ဘယ်တုန်းကမှလည်း စိတ်မဆင်းရဲခဲ့ဖူးဘူး … အရှက်တကွဲလည်း မဖြစ်ဖူးဘူး … သားသမီးချင်း ကိုယ်ချင်းစာမှပေါ့ … ကိုယ့်သားသမီးမလိမ်မာတာနဲ့ပဲ ကျန်တဲ့ သူများသားသမီးတွေကို ဒီလိုပြောထွက်တာ ကောင်းသလား”

မေမေနဲ့ နှင်းဖြူ မေမေတို့ စကားအချေအတင်ပြောနေတုန်း ကျွန်မ ရှက်လွန်းလို့ ပြေးထွက်လာကာ အိပ်ယာထက်မှာ ငိုကြွေးနေမိသည်။ ခဏကြာတော့ မေမေ အခန်းထဲဝင်လာသည်။

“သမီး … ငိုမနေနဲ့ ဘာမှမဖြစ်ဘူး … မေမေ့သမီးအကြောင်း မေမေအသိဆုံး … ဘယ်သူတွေဘာပဲ အပြစ်ပြောပြော မေမေသမီးဟာ မေမေ့အတွက် အပြစ်ကင်းတဲ့ကလေးတစ်ယောက်လိုပဲ … မငိုနဲ့တော့နော် … တိတ်တော့”
မေမေက ကျွန်မကို နှစ်သိမ့်ပေးတော့ မေမေ့ရင်ခွင်ထဲ မျက်နှာအပ်လို့ ရှိုက်ကြီးတငင်ငိုကြွေးမိပြန်သည်။ ဒီလိုနဲ့ ကျွန်မနဲ့ နှင်းဖြူ တို့လဲ မတွေ့ဖြစ်တော့ …။ “နှင်းဖြူ တစ်ယောက် ကျောင်းကနေ အပြီးအပိုင်ထွက်သွားသည်” ဆိုသည့် သတင်းကိုသာ ထက်ပိုင် ထံမှတဆင့် ကြားလိုက်ရသည်။

**************************************************

ကျွန်မလည်း ဘွဲ့တွေရ … အလုပ်တွေဝင်ရင်းနဲ့ပဲ ကိုကိုနဲ့ ဖူးစာအကြောင်းပါရင်း အိမ်ထောင်ကျခဲ့သည်။ အခုဆို သားလေးလည်း (၄)နှစ်ပြည့်ပြီလို့ တွေးတောနေတုန်း “သမီးရေ … မေမေတို့ရောက်ပြီနော်”လို့ လှမ်းခေါ်သံကြားလိုက်တော့ ဝမ်းသာအားရ မေမေ့ရင်ခွင်ဆီသို့ အပြေးလေးသွားမိလိုက်သည်။


စာချစ်သူများကို အစဉ်လေးစားစွာဖြင့်
မိုးညချမ်း
10.7.2014 (1:53 p.m)

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...