Monday, September 15, 2014

သူ




သူဟာ ဘုရင်တစ်ပါးမဟုတ်သလို ဘုရင့်သားတော်တစ်ပါးလည်း မဟုတ်ခဲ့ပြန်ပါဘူး။ လူကုံထံအသိုင်းအဝိုင်းကြားက လိ်ုတိုင်းတ … တတိုင်းရနေတဲ့ ဖဲမွေ့ယာပေါ်မှာ အိစက်ညက်ညောစွာအိပ်စက်ရပြီး ခရီးကြမ်းကြမ်းမပြောနဲ့ ပင်ပန်းတဲ့ဒဏ်တောင် တစ်စက်ကလေးမှ မခံနိုင်သူတစ်ယောက်။

အိုး … ဘာပြောကောင်းလိမ့်မလဲ? သူနဲ့ကျွန်မဟာ ကွာခြားလွန်းလှပါဘိ။ ကျွန်မက သူ့အသိုင်းအဝိုင်းလောက် မချမ်းသာပေမယ့် နေနိုင်စားနိုင် လူလတ်တန်းစားထဲကပါ။ သို့ပေမယ့် ကျွန်မရဲ့အကျင့်စရိုက်၊ စိတ်နေစိတ်ထားဟာ နှာခေါင်းပေါက်နဲ့ အသက်ရှူတာချင်းအတူတူ၊ ထမင်း(၃)နပ်စားတာချင်းအတူတူ ယောကျ်ားတွေလုပ်နိုင်တဲ့အလုပ် ငါလည်း လုပ်နိုင်ရမယ်ဆိုတဲ့ စိတ်တစ်ခုနဲ့ တုံးဆိုတိုက်၊ ကျားဆိုကိုက် ဆိုသည့် မိန်းကလေးမျိုး။ ယောကျ်ားလေးသူငယ်ချင်းတွေနဲ့ ငြင်းခုံနေရရင် ပျော်နေတတ်သူတစ်ယောက်။ တစ်ခြားမိန်းကလေးတွေလို အလှအပခြယ်သလို့ နူးညံ့ညင်သာစွာ နေတတ်ဖို့မပြောနဲ့ မျက်နှာပေါ် သနပ်ခါးရှိတယ် ဆိုတာက ခပ်ရှားရှားရယ်။ မိန်းကလေးဆိုပေမယ့် အိမ်မှုကိစ္စစိတ်မဝင်စားသလို လူမှုရေးကိစ္စတွေနဲ့သာ အချိန်ကုန်နေတတ်သူ တစ်ယောက်။ 

သူနဲ့ ကျွန်မ စတွေ့တုန်းက သူဟာ ကလေးတစ်ယောက်လိုပါပဲ …။ အပျော်အပါး မက်တဲ့သူတစ်ယောက်၊ အသောက်အစား မကင်းသူတစ်ယောက် …။ Game ဆိုင်သွားလို့ Game ဆော့နေရချိန်ဆို ထမင်းမေ့ ဟင်းမေ့ဖြစ်တတ်သူ တစ်ယောက်…။ ထင်တိုင်းကြဲလုပ်တတ်ပြီး ဘာကိုမှစိုးရိမ်ပူပန်မှုမရှိစွာ အရာရာကို အလေးအနက်မထားတတ်သူတစ်ယောက် …။ အလုပ်တစ်ခုကို အစအဆုံးမရှိ မသေသပ်စွာလုပ်ကိုင်တတ်သူတစ်ယောက်။

ဒီလိုနဲ့ သူနဲ့ကျွန်မ ခင်မင်ရင်းနှီးခဲ့ကြတယ်။ ခင်မင်ခြင်းတွေကတစ်ဆင့် သံယောဇဉ်တွေ ရစ်ပတ်ခဲ့ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဖွင့်ဟမပြပေမယ့် တစ်ယောက်အပေါ် တစ်ယောက် သဝန်တိုစိတ်တွေနဲ့ ရန်ဖြစ်ခဲ့ကြဖူးတယ်။ “ရန်တွေဖြစ်လိုက်၊ ပြဿနာတွေတက်လိုက်၊ နောက်ဆုံးမပြတ်နို်င်တော့လည်း ပြန်အဆင်ပြေသွားလိုက်”ဆိုတဲ့ Nine One သီချင်းလိုပေါ့။ ရန်ဖြစ်ပြီးတိုင်း သံယောဇဉ်တွေက ပိုပိုတိုးလာခဲ့ရင်း မမြိုသိပ်နိုင်တဲ့ တစ်နေ့မှာတော့ သူ့ချစ်ခြင်းတွေကို ဖွင့်ဟဝန်ခံလာခဲ့တယ်။

“စဉ်းစားမယ်”ဆိုတဲ့ စကားတစ်ခွန်းရဲ့နောက်ကွယ်မှာ တိတ်တိတ်လေးပျော်ရွှင်ခဲ့ရတာတွေ ခုပြန်တွေး ခုကြည်နူးရတယ်။ ဒီလိုနဲ့ သူ့ဘက်က ဒီထက်ပိုမစောင့်နိုင်ဘူးဆိုတဲ့ စကားတွေနဲ့အတူ အတင်းအကြပ်ဆိုတာလေးတွေ ပါလာတော့ ကျွန်မလည်း ဟန်မဆောင်နိုင်ခဲ့တော့ပါဘူး။ သူ့ချစ်ခြင်းတွေကို လက်ခံလို့ ကျွန်မချစ်ခြင်းတွေကို တုံ့ပြန်ခဲ့လိုက်တယ်။
ဒီလိုနဲ့ နေ့တွေကနေ လတွေအလီလီပြောင်းလာရင်း သူနဲ့ကျွန်မရဲ့ ချစ်သက်တမ်းကြာရှည်လာတာနဲ့အမျှ ပြဿနာပေါင်းစုံကို အတူရင်ဆိုင်ဖြေရှင်းခဲ့ကြသလို တစ်ယောက်နဲ့တစ်ယောက် သဝန်တိုစိတ်မချခြင်းတွေနဲ့လည်း ရန်တွေ ဖြစ်ခဲ့ကြရတယ်။ အပြင်းထန်ဆုံးစကားလုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြမိတယ်။ တစ်ယောက်ယောက်က အလျော့ပေးပြန်ချော့လိုက်လို့ ပြန်လည်ငြိမ်းချမ်းရေးရသွားတဲ့အချိန်မှာတော့ ရင်ခုန်ခြင်းတွေနဲ့အတူ ကြည်နူးရပြန်ရော။

သူနဲ့ကျွန်မရဲ့ ချစ်သက်တမ်းလေးကြာလာတာနဲ့အမျှ ခုဆို သူဟာ ခရီးကြမ်းကြမ်းကိုလည်း သွားနိုင်နေခဲ့ပြီ။ အလုပ်တစ်ခုကို အစအဆုံး သေသပ်စွာလုပ်ကိုင်တတ်နေခဲ့ပြီ။ အလုပ်တစ်ခုအပေါ် စေတနာထက်သန်စွာ ပြီးဆုံးအောင် လုပ်ကိုင်နေတတ်ခဲ့ပြီ။ အရာရာကို တိကျစွာဆုံးဖြတ်လုပ်ကိုင်တတ်နေခဲ့ပြီ။

ဒီလိုပါပဲ။ ကျွန်မဟာလည်း အိမ်မှုကိစ္စတွေနဲ့ အချိန်ကုန်ရတာကို နှစ်သက်တတ်နေခဲ့ပြီ။ သူ စိုးရိမ်နေလိမ့်မယ်ဆိုတဲ့ စိတ်နဲ့ တစ်ချို့အရာတွေ ရှောင်တတ်နေခဲ့ပြီ။ ယောကျ်ားလေးသူငယ်ချင်းတွေရဲ့ Ph No ဆိုတာတွေတောင် ဖုန်းထဲက ထုတ်ပယ် ထားတတ်နေခဲ့ပြီ။ “ငါ မလှတော့ရင်”ဆိုတဲ့အတွေးနဲ့ လှလှပပဝတ်စားလိမ်းခြယ်လို့ မှန်တစ်ချပ်ကို ပိုက်ဆံအိတ်ထဲဆောင်တတ်နေခဲ့ပြီ။

“အချစ်”ဆိုတာ ထူးဆန်းပါလေသလား? မထင်မှတ်ခြင်းတွေကနေ အံ့သြခြင်းတွေကို ဆောင်ကြဉ်းပေးတတ်ပါသလား? လူတစ်ယောက်အတွက် လူတစ်ယောက်က ပြောင်းလဲခြင်းတွေနဲ့ ချစ်တတ်ကြပါသလား? တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ကြတဲ့အခါ အပြင်းထန်ဆုံးစကားလုံးတွေနဲ့ ပစ်ပေါက်တာတောင် မနာကျည်းတတ်ကြဘဲ ပိုတိုးလို့ချစ်လာတတ်ကြပါသလား?
တွေးစရာတွေအများကြီးမှ အများကြီးဆိုပေမယ့် သူဟာ ကျွန်မအတွက်တော့ သက်ဆုံးတိုင် အေးအတူပူအမျှ ပေါင်းဖက်သွားရမယ့် ဘဝလက်တွဲဖော်ဆိုတာ သေချာနေပြီပေါ့…။



စာချစ်သူများကို အစဉ်လေးစားစွာဖြင့်
မိုးညချမ်း
14.9.2014(4:33 p.m)

6 comments:

  1. ထာဝရလက်တွဲဖော်လေး ရထားတာ ကြည်နူးစရာပါ။ နှစ်ယောက်အတူနေရက် ကတောက်ကဆ ဖြစ်တတ်တာက ထုံးစံပါ။ ဒါပေမဲ့ ဒါဟာလဲ ပိုပြီး ရင်ခုန်ကြည်နူးဖို့ကောင်းပါတယ်။ အချစ်သစ်တွေကို ပြန်လည်ဆန်းသစ်စေပါတယ်။ ထာဝရလက်တွဲနိုင်ကြပါစေ။

    ReplyDelete
  2. ​​ကျေးဇူး ညီမမိုးည၊ မ​နေ့ညက လာဖတ်​ပြီးသား :-) အစစအရာရာ အဆင်​​ပြေပါ​စေ ညီမ​ရေ...

    ReplyDelete
  3. ထင်သလို နေခဲ့ကြတဲ့ တကိုယ်ရေဘဝနှစ်ခု ပေါင်းဖက်သွားတဲ့အခါ သူ့ဖက်၊ ကိုယ့်ဖက် အပြန်အလှန် ပြင်ဆင်၊ လိုက်လျောမှုတွေ ရှိမှပဲ ဆုံမှတ်လေးက ရေရှည်တည်မြဲ နိုင်မှာပါ၊ ပျော်ရွှင်ငြိမ်းချမ်းတဲ့ နှစ်ကိုယ်တူဘဝမှာ လျှောက်လှမ်းနိုင်ပါစေ ညီမမိုးညရေ...။

    ReplyDelete
  4. ရင်ခုန်စရာလေးကိုဖတ်သွားရင်း ဘ၀နှစ်ခုပျော်ရွှင်စွာဂဟေဆက်နိုင်ကြပါစေသတည်း လို့ပါဆုတောင်းပေးလိုက်ပါတယ်မိုးညလေးရေ

    ReplyDelete
  5. ထာဝရလက်တွဲဖော်အဖြစ် ခံယူပြီးသူတိုင်း အရေးအကြီးဆုံးအချက်က တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုပဲ မိုးညရေ...

    ReplyDelete
  6. ကြည်နူးစရာလေး ။ လူကြီးကိုအားကျအောင် လုပ်နေပြီနော့ :D
    သက်ဆုံးတိုင်ပျော်ရွှင်ပါစေ ညီမလေးနဲ့မောင်လးရေ ..

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...