Saturday, September 20, 2014

မေမေထံသို့ရေးတဲ့စာ(၁)





ချစ်ရတဲ့မေမေ …,

သမီးငယ်ငယ်လေးကတည်းက လိမ္မာရေးခြားရှိအောင် မေမေက ဆုံးမသွန်သင်ခဲ့တယ်နော်…။ မေမေဆုံးမလမ်းပြပေးခဲ့တဲ့ အတိုင်းပဲ လိုက်နာနေထိုင်လာခဲ့တာ ခုဆိုသမီးအသက်က လူ့ဘဝသက်တမ်းရဲ့ သုံးပုံတစ်ပုံတောင် ရှိခဲ့ပေါ့။ မေမေ့ရဲ့သွန်သင်မှုတွေအောက်မှာ ကြီးပြင်းခဲ့ရလို့ သမီးဟာ လူတွေနဲ့ပေါင်းသင်းဆက်ဆံရာမှာလည်း အဆင်ပြေချောမွေ့မှုရှိပြီး လူချစ်လူခင်ပေါများခဲ့သူတစ်ယောက်ဖြစ်ခဲ့ရတယ်။ စိတ်ဓါတ်ရေးရာ၊ ပညာရေးကအစ လူပုံအလယ် လက်မထောင်နိုင်ခဲ့တယ်။

ဟော … မေမေ သမီးတက္ကသိုလ်ဝင်တန်းအောင်တော့ အမှတ်စာရင်းထုတ်ကြည့်ကြတယ်။ ထင်ထားသလောက်မရလာတဲ့အခါ … လိုချင်တဲ့ ဆေးတက္ကသိုလ်ကို မတက်နိုင်တဲ့အခါ စိတ်ဓါတ်တွေကျလို့ စာပေးစာယူနဲ့ပဲ ဘွဲ့တစ်ခုကိုယူတော့မယ်လို့ပြောတော့ “သမီးရယ် … တက္ကသိုလ်ကျောင်းသားဘဝဆိုတာကို ခံစားကြည့်ပါအုံး … ကန်တင်းတွေထိုင် … စာမေးပွဲတွေဖြေ … သူငယ်ချင်းတွေနဲ့အတူ ဘွဲ့ရသည်ထိ စာတွေအတူကျက်၊ ကျောင်းတက်ရတဲ့ နေ့ရက်ဆိုတာ အမှတ်တရတွေနဲ့ပျော်ဖို့ကောင်းတယ်”ဆိုတဲ့ နှစ်သိမ့်အားပေးမှုတွေနဲ့ မေမေရွေးချယ်ပေးတဲ့ ဘာသာရပ်နဲ့ပဲ တက္ကသိုလ်ကျောင်းသူဆိုတဲ့ အရသာကို ပျော်ပျော်ကြီးသမီးခံစားဖူးခဲ့ပြီပေါ့။

ဒါပေမယ့် မေမေ … လိုချင်တာမရရင် အရွဲ့တိုက်ချင်တဲ့ မေမေ့သမီးက “Hons: ဝင်အောင်ဖြေနိုင်ရဲ့သားနဲ့ သမီးလိုချင်တာ မေမေ့ဘက်က မဖြည့်ဆည်းပေးလို့”ဆိုတဲ့ အရွဲ့တိုက်မှုတွေနဲ့ စာမေးပွဲမှာ အောင်မှတ်ရရုံလောက်မှာဖြေခဲ့ပြီး မေမေ့ကိုဆန္ဒပြခဲ့ခြင်းတွေရဲ့ အကျိုးဆက်က သမီးအတွက်ပဲ ဆိုးကျိုးတွေဖြစ်စေတယ်ဆိုတာ အသက်ကြီးလာမှ တဖြည်းဖြည်းသိလာတယ်။

ဟော … မေမေ သမီးဘွဲ့ရပြီနော်…။ မေမေဖြစ်စေချင်ခဲ့တဲ့ ဆရာဝန် … သမီးဖြစ်ချင်ခဲ့တဲ့ ဆရာဝန်ဘွဲ့မဟုတ်ခဲ့ပေမယ့် သမီးဝတ်ထားတဲ့ဘွဲ့ဝတ်စုံအတွက် မေမေဂုဏ်ယူမဆုံး တပြုံးပြုံးဖြစ်နေခဲ့တော့ သမီးရင်ထဲကတိတ်တိတ်လေး ငိုကြွေးမိခဲ့ရပြန်ရော …။ မေမေ့လိုအင်တွေကို ဖြည့်ဆည်းမပေးနိုင်တဲ့ သမီးဆိုးတစ်ယောက်အဖြစ် တိုးတိုးလေးတောင်းပန်ရင်းပေါ့။

ဟော မေမေ … သမီးအလုပ်စဝင်ပြီနော် …။ ကျန်းမာရေးမကောင်းလို့ မေမေ့မျက်စိအောက်က အပျောက်မခံနိုင်ဘူး ဆိုပေမယ့် သမီးဝါသနာပါရာ ကွန်ပျူတာဆရာမအလုပ်ဆိုတော့ မေမေ မတားရက်ခဲ့လို့ ဒီအတိုင်းလေးကြည့်နေရပြန်ရော …။ သမီးရဲ့ လုပ်ငန်းခွင်မှာပျော်ပါတယ် မေမေ …။ ကျောင်းသားတွေကလည်း သမီးကို စိတ်ရှည်ပြီး သေချာသင်ပြပေးတဲ့ဆရာမအဖြစ် ချစ်ကြတယ်။ လုပ်ဖော်ကိုင်ဖက် အစ်မတွေ ညီမတွေကလည်း သမီးကို ဖေးမကူညီပြီး ချစ်ခင်ကြတယ်။ နောက်ပြီး ကြွားစရာတစ်ခုရှိတယ် မေမေ …။ စီနီယာ၊ ဂျူနီယာတွေအားလုံးထဲမှာ သမီးဟာ ဉာဏ်ကောင်းပြီး ထက်မြတ်လို့ ဘာသာရပ်အသစ်တွေအတွက် ပြင်ပ Training ပေးတဲ့အခါ သမီးပဲတက်ခွင့်ရခဲ့တယ်။ သမီးအထက်က အုပ်ချုပ်သူတွေကလည်း သမီးကိုအားကိုးလာကြတယ်။ သမီးပင်ပန်းတယ် မေမေ။ ဒါပေမယ့် သမီးပျော်တယ်။ မေမေ့သမီးဟာ ထက်မြက်​တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ချင်ခဲ့တယ်ဆိုတဲ့ စိတ်ကူးလေးအတိုင်း သမီးက ထက်မြက်​ဉာဏ်ကောင်းတယ်ဆိုတာ အားလုံးက အသိအမှတ်ပြုလို့လေ။

ဒီအလုပ်မှာပျော်ပါတယ် မေမေ။ ဒါပေမယ့် သမီးကြာတော့ပင်ပန်းလာတယ်။ မေမေ့သမီးက လုပ်ငန်းခွင်မှာအားကိုးရတယ်ဆိုတဲ့ လုပ်ငန်းရှင်ရဲ့မှတ်ချက်နဲ့ Special ကျောင်းသားတိုင်းကို သမီးပဲသင်ပေးရတယ် မေမေ…။ ကျောင်းသားအသစ်လာအပ်တိုင်း သမီးအတန်းကိုပဲ ထည့်ပေးတော့ သမီးမှာ ထမင်းစားနားချိန်ရယ်လို့တောင် မရှိတော့လောက်အောင် ရှားပါးလာတယ်။ ကျန်တဲ့ စီနီယာ၊ ဂျူနီယာတစ်ချို့ကလည်း သမီးကို မကျေမနပ်တွေဖြစ်ပြီး တိုက်ခိုက်လာကြတော့ စိတ်ဆင်းရဲလာရတယ် မေမေ။ သမီးတဖြည်းဖြည်းပိန်လာပြီး ကျန်းမာရေးထိခိုက်လာလို့ မေမေက မကြည့်ရက်တော့တာနဲ့ Bond မပြည့်သေးခင် လျော်ကြေးပေးပြီး အလုပ်ထွက်ခိုင်းခဲ့တော့ သမီးဘက်ကလည်း ဘယ်လိုငြင်းရက်ခဲ့မှာလဲ မေမေ။ မေမေ့သမီးက စိတ်ရော၊ လူပါပင်ပန်းလာတဲ့အတွက် ကျန်းမာရေးကြောင့် လူကနလန်မထူနိုင်အောင် ဖြစ်လာပြီကိုး။

ဟော … မေမေ…။ နောက်ထပ် ကွန်ပျူတာဆရာမအလုပ်တစ်ခုတဲ့။ အချိန်ပြည့်မဟုတ်ဘူး …။ အချိန်ပိုင်းပါပဲ မေမေရယ်။ အဆင်ပြေမှာပါဆိုတဲ့ တောင်းပန်သံလေးနဲ့ ပြောတော့ “အင်း လုပ်ကြည့်ပေါ့ သမီးရယ်”တဲ့။ ဒီအချိန်ပိုင်းကွန်ပျူတာဆရာမ အလုပ်လေးက အဆင်ပြေပါတယ် မေမေ။ သမီးကို အလုပ်ရှင်တွေကရော … လုပ်ဖော်ကိုင်ဖက်တွေကပါ ၀ိုင်းချစ်ကြတယ်။ အရင်အလုပ်အတိုင်းပဲပေါ့။ Course အသစ်ပြောင်းပြီဆို သမီးကိုပဲ Training တက်ဖို့ ရွေးချယ်ခြင်းတွေ ခံရပြန်ရော။ 

သမီးဒီအလုပ်လေးကိုလဲ ချစ်တယ် မေမေ။ ဘာလို့လည်းဆိုတော့ သမီးဝါသနာပါတဲ့ စာသင်ခြင်းကို လုပ်နေရလို့လေ။
အချိန်ပိုင်းကွန်ပျူတာဆရာမအလုပ်လေးကို သမီးက ပျော်မွေ့နေပေမယ့် မေမေက အတွေ့အကြုံရအောင်ဆိုပြီး အစိုးရနဲ့ဖက်စပ် ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ခိုင်းရော…။ အဲဒီကုမ္ပဏီမှာ မေမေ့အစ်မ ကြီးကြီးရော … မေမေ့သူငယ်ချင်းတွေရောရှိတော့ မေမေက စိတ်ချတယ်တဲ့လေ။ အဲဒီကုမ္ပဏီအတွက် Interview သွားဖြေတော့ သမီးကို ကွန်ပျူတာပိုင်းဆိုင်ရာကို လက်တွေ့လုပ်ခိုင်းတယ် မေမေ။ Graphics ဆွဲတာကအစ ကွန်ပျူတာပြင်တာအဆုံး သမီးကို လက်တွေ့လုပ်ဆောင်ခိုင်းတော့ သမီးဘက်ကပြည့်ပြည့်ဝ၀ လုပ်ဆောင်ပြနိုင်ခဲ့တယ်။ အဲဒီအတွက် ကုမ္ပဏီလူကြီးရဲ့မှတ်ချက်က ညည်းအရည်အချင်းကို သဘောကျလို့ ချက်ချင်းခန့်ချင်တယ်။ မနက်ဖြန်အလုပ်စဆင်းဆိုတော့ သမီးလေ ကိုယ့်ကိုကိုယ်တောင် ဂုဏ်ယူမိပါတယ်။ 

ဒါပေမယ့် ဒီအကြောင်းတွေကို မေမေနဲ့ သမီးကလွဲလို့ သမီးဘယ်သူ့မှတောင် မပြောဖြစ်ခဲ့ဘူး။ ကြွားဝါတယ်ထင်မှာစိုးလို့ပါ။ မေမေသင်ပေးထားတယ်လေ။ “လူဆိုတာကြွားဝါစိတ်ကင်းရတယ်”လို့ပေါ့။ အဲဒီဆုံးမစကားလေးအတိုင်း သမီးဘယ်သူ့ကိုမှ ရှိရှိ/မရှိရှိ မကြွားဝါတတ်သလို … မထောင်လွှားတတ်ခဲ့ပါဘူး။ သမီး မေမေ့စကားနားထောင်တဲ့အတွက် သမီးလိမ္မာတယ်မှတ်လားဟင် မေမေ။

ခုကုမ္ပဏီလေးမှာ သမီးအတိုင်းထက်အလွန်ပျော်တယ် မေမေ။ တစ်ရုံးလုံးမှာ သမီးကအငယ်ဆုံး။ အထက်အရာရှိတွေဖြစ်တဲ့ ဦးတွေ၊ အဒေါ်တွေ၊ အစ်ကိုတွေ၊ အစ်မတွေက သမီးကိုသိပ်ချစ်ကြတယ်။ 
 သမီးက ပျော်ပျော်နေတတ်သူတစ်ယောက်ဖြစ်ပြန်တော့ သူတို့တွေအတွက် ဟာသတွေနဲ့စိတ်အပန်းဖြေမှုကို သမီးက ပေးစွမ်းနိုင်တယ်လို့ ယုံကြည်မိတယ် မေမေ။ နောက်ပြီး သူတို့တွေအားလုံးက သမီးကို အလုပ်နဲ့ပတ်သက်ရင် ယုံကြည်စွာခိုင်းကြတယ်။ မေမေသင်ပေးထားတဲ့အတိုင်း “အလုပ်နဲ့ပတ်သက်ရင် မခိုမကပ်နဲ့ … သေသပ်ကျနစွာ လုပ် … အချိန်နဲ့တပြေးညီလုပ် … မပျင်းမရိနဲ့ … စည်းကမ်းကျကျလုပ် … ဘောင်မကျော်အောင်လုပ်”ဆိုတဲ့ စကားတွေအတိုင်း သမီးလိုက်နာပြီး လုပ်ဆောင်တယ်လေ။ အလုပ်တစ်ခုခိုင်းလိုက်ရင် သမီးအချိန်မီပြီးအောင် လုပ်ပေးတယ်။ သမီးမလုပ်တတ်ဘူးလို့ ခေါင်းမရှောင်ဘူး။ မလုပ်တတ်ရင်တောင် လုပ်တတ်အောင် သိနားလည်သူတွေကို မေးမြန်းပြီး ပြီးဆုံးအောင် လုပ်ပေးတယ်။ ခိုင်းတဲ့အလုပ်ကို သမီးသေသပ်ကျနစွာလုပ်ပေးတယ်။ အဲဒါတွေကြောင့်ပဲ ထင်ပါတယ်။ မေမေ့သမီးကို လူကြီးတွေက ပိုအားကိုး အားထားပြုလာကြတယ်။

ဒါပေမယ့် မေမေရယ် …။ ကြာလာတော့ သမီးပင်ပန်းလာတယ်။ ခိုင်းစရာအလုပ်တစ်ခုရှိရင် ခိုကပ်တတ်တဲ့သူ၊ အမြန်မပြီးနိုင်တဲ့သူ၊ မသေသပ်တဲ့သူဆို မခိုင်းတော့ဘဲ သမီးကိုပဲ တာဝန်တွေစုပုံပေးလာကြတယ်။ ကိုယ့်ဌာနတင်မကဘဲ အခြားဌာနက လူကြီးတွေကပါ သမီးကိုအကူအညီတောင်းလာကြတယ်။ သမီးလုပ်ပေးပါတယ် မေမေ။ တတ်နိုင်သလောက်ပေါ့။ ဒါပေမယ့် အလုပ်တွေအချိန်မီမပြီးမှာစိုးလို့ ထိုင်ရာကမထဘဲ အလုပ်တွေလုပ်ကို ပြီးပြတ်အောင် လုပ်လွန်းလာတော့၊ ရုံးပိတ်ရက်တောင် Overtime ဆင်းပေးရဖန်များလာတော့ သမီးကျောက်ကပ်ပြန်ယောင်လာပြီ မေမေ။ ဆေးရုံပြေး၊ ဆေးခန်းပြေးနဲ့ သမီးမခံနိုင်တဲ့အဆုံးမှာတော့ လူကြီးတွေဆီဝင်တွေ့ပြီး သမီးနှုတ်ထွက်စာ တင်ခဲ့မိတယ်။ “လျော်စရာရှိတဲ့ Bond ဖိုးတွေ မေမေအကုန်လျော်ပေးမယ် … သမီးရဲ့ကျန်းမာရေးကို လုံးဝအထိခိုက်မခံနိုင်ဘူး”ဆိုတဲ့ မေမေ့ရဲ့စိုးရိမ်စကားတွေနဲ့ပေါ့။

ဘယ်လိုလုပ်ရမလဲ မေမေ။ လူကြီးတွေက သမီးကို ပေးမထွက်နိုင်ဘူးတဲ့။ သမီးလို အားကိုးရတဲ့ဝန်ထမ်းတစ်ယောက်ကို အဆုံးရှုံးမခံနိုင်လို့တဲ့။ တစ်ရုံးလုံးက ဌာနဆိုင်ရာလူကြီးတွေရဲ့အစည်းအဝေးမှာ သမီးကို ခေါ်ပြောတယ် … “သမီးကို အထူးအခွင့်အရေးတစ်ရပ်အနေနဲ့ သတ်မှတ်ရက်ထက်ကျော်လွန်တဲ့ ဆေးခွင့်ကို ခံစားစေမယ် … ရောဂါသက်သာအောင် … ပျောက်အောင် အိမ်မှာသာ နားနေ … ၆ လပဲ ကြာကြာ … ၁ နှစ်ပဲကြာကြာ … သမီးလုံးဝအရှင်းပျောက်ကင်းပြီဆိုမှ ရုံးပြန်တက်”တဲ့။ သမီးဘယ်လိုပြန်ငြင်းရမလဲ မေမေ။ သမီးကို ဒီလောက်တောင် ငဲ့ညှာပေးထားကြတယ်။ သူတို့ပေးတဲ့ ခွင့်ရက်ရှည်နဲ့ပဲ သမီးအနားယူလိုက်ရတော့မှာပေါ့။

သမီးဆေးခွင့် (၃)လကျော်ယူဖြစ်ခဲ့တယ်လေ။ ကျောက်ကပ်ယောင်တာနဲ့ အဆုတ်ယောင်တဲ့ဒဏ်ကို သမီးတော်တော်ကြီး အနားယူကုစားလိုက်ရတယ်။ အရှင်းတော့ မပျောက်သေးဘူးပေါ့။ ဒါပေမယ့် သမီးလုပ်ငန်းတာဝန်တွေကို ပြန်ထမ်းဆောင်ချင်တဲ့ဆန္ဒက ပြင်းပြနေတော့ မေမေ မတားရက်ခဲ့ပေမယ့် စိတ်ပူနေတဲ့မျက်နှာကိုတော့ သမီးမမေ့နိုင်ခဲ့ပါဘူး မေမေ…။

ဒီအလုပ်မှာ ဒီလိုပဲနားနားနေနေလုပ် …။ လူကြီးတွေကလည်း အချိန်မီမပြီးရင်တောင်နေပါစေ … သမီးပဲလုပ်ပေးပါ”ဆိုတဲ့ ယုံကြည်မှုတစ်ခုက သမီးအတွက်အားတက်စေပါတယ်။ သမီးကိုယ့်ကိုကိုယ်လဲ ဂုဏ်ယူတယ်။ မေမေ့သမီးဖြစ်ရတာလည်း ဂုဏ်ယူတယ်။ တစ်ရုံးလုံးထဲက Selection အနေနဲ့ Training လွှတ်တဲ့အထဲမှာလည်း သမီးပါခဲ့ပြန်ပြီ မေမေ။ အဲဒီအချိန်မှာ သမီးကိုမလိုမုန်းထားသူ အနည်းအကျဉ်းထွက်လာတော့ သမီးစိတ်ဆင်းရဲရပြန်ရော။ ဒါပေမယ့် သမီးပျော်ပါတယ်။ မနာလို မုန်းထားသူအနည်းအကျဉ်းထက် သမီးအတွက်ပျော်ပေးနေသူတွေက ပိုများနေတာကိုး။ သမီး Training တွေမှာလည်း သေသေချာချာလေ့လာမှတ်သားတယ် မေမေ။ အစပိုင်းတော့ အခက်အခဲရှိပေမယ့် နောက်ပိုင်းသမီးအဆင်ပြေလာပါတယ်။

ဟော … မေမေ သမီးကို အလုပ် Transfer တဲ့။ အလုပ်ရှင်သူဌေးရဲ့ နောက်လုပ်ငန်းအသစ်တစ်ခုတိုးချဲ့ရာမှာ လူသစ်တွေထပ်ခန့်မယ်ဆိုပေမယ့် သူ့ရဲ့ကုမ္ပဏီတွေထဲက လူတော်တွေကို Transfer လုပ်ပြီး လုပ်ငန်းစချင်လို့တဲ့။ သမီးရဲ့အထက်အရာရှိက ခေါ်ပြောတယ်။ ဒီကုမ္ပဏီထက်လည်း ပိုတိုးတက်နိုင်တယ်။ ယုံကြည်လို့လည်း Project တစ်ခုရဲ့ တွဲဖက် Leader အနေနဲ့လွှတ်ချင်တာတဲ့။ သမီးဘယ်လိုလုပ်ရမလဲ မေမေ။ မေမေကတော့ ပင်ပန်းမှာ … ကျန်းမာရေးထိခိုက်မှာစိုးတဲ့စိတ်ကလွဲရင် ကျန်တာသမီးသဘောအတိုင်းဆိုတာ သိပါတယ်။ 

သမီးအပြောင်းအရွေ့လေးလုပ်ကြည့်ချင်တယ်နော် မေမေ။ ခုမှစမယ်ဆိုတဲ့ Project မှာ သမီးလည်းနှမ်းတစ်စေ့အဖြစ် အားသွန်ခွန်စိုက်ကြိုးစားလို့ အောင်မြင်တဲ့အသီးအပွင့်လေးကို သမီးမြင်ချင်လို့ပါ။
မေမေ … ခုပြောင်းရွေ့လာတဲ့အလုပ်က အဆင်ပြေပါတယ် မေမေ။ ဝန်ထမ်းအသစ် ညီမတွေနဲ့လည်း Training တူတူတက်နေရတော့ ပျော်တယ်။ နားလည်တာ မလည်တာတွေကို အတူတူမျှဝေရင်း အချိန်တွေကုန်ဆုံးခဲ့တယ်။
မေမေရေ … သမီးတို့ Project ကြီးစတင်လည်ပတ်နေပြီ။ ကိုယ်လုပ်ခဲ့တဲ့အလုပ်တစ်ခု အလုံးစုံအဆင်မချောရင်တောင် အနည်းငယ်အဆင်ပြေနေတာတွေ့တော့ သမီးပီတိဖြစ်တယ်။ ဒါပေမယ့် မေမေ သမီးတစ်ခုတော့ အဆင်မပြေဘူး။ အလုပ်က အငယ်တွေက ကြိုးစားကြပါတယ်။ ဒါပေမယ့်တစ်ချို့အရာတွေမှာအဆင်မပြေဘူး။ လူကြီးတွေဘက်ကလည်း တစ်မျိုး လူငယ်တွေဘက်ကလည်းတစ်မျိုးဖြစ်နေတာကို သမီးကဆွဲညှိပေးနေရတယ်လေ။ နောက်ပြီးတော့ မေမေ … သမီးနဲ့အဆင်မပြေတာမဟုတ်ဘဲ အငယ်တွေအချင်းချင်းအဆင်မပြေရင်လည်း သမီးဝင်ဖြန်ဖြေပေးရတယ်။ အဲဒီအကျိုးဆက်က သမီးကိုလူမုန်းစေတာပဲ။

မေမေပြောသလို သမီးနေရာတကာဝင်မပါဘူး မေမေ။ ဒါပေမယ့် အငယ်တွေအပေါ်ထားတဲ့စေတနာကြောင့် … သူတို့လေးတွေ ဗဟုသုတတိုးပွားပါစေတော့ဆိုတဲ့ စိတ်ကြောင့် တစ်ခါတစ်လေ သမီးပြောပြကြည့်တယ်။ သင်ပေးကြည့်တယ်။ သမီးကိုပဲ ဆရာဝင်လုပ်တယ်လို့ထင်သွားကြကုန်ရော။ ဘာပဲဖြစ်ဖြစ် သမီးဒီအလုပ်ကို ပင်ပန်းတယ် မေမေ။ သမီးက အလုပ်အပေါ်စေတနာထားတတ်တယ်။ လူတွေအပေါ် စေတနာထားတတ်တယ်။ နေဝင်မိုးချုပ်နေရမယ်ဆိုရင် သမီးပဲကျန်နေခဲ့ပြီး လုပ်ပေးခဲ့တယ်။ သမီးကိုယ်ချင်းစာတယ်လေ။ ဘယ်သူမဆို ကိုယ်လုပ်​နိုင်တာထက် ပိုမလုပ်နိုင်ကြဘူးကိုး။ သမီးအားလုံးအပေါ် စေတနာထားတတ်တယ်ဆိုတာ သမီးအသိဆုံးပေါ့ မေမေ။ သမီးစိတ်ကို နားလည်တဲ့ မေမေလည်း သိမှာပေါ့။ လူတစ်ချို့လည်း သိကြမှာပါ။ ဒီလိုပဲ မေမေ … သမီးအလုပ်တွေ ပိလာတယ်။ စိတ်ဓါတ်တွေကျလာတယ်။ ကျန်းမာရေးတွေ ပြန်ထိခိုက်လာတယ်။ ပိန်လာတယ်။ သမီးဒဏ်မခံနိုင်တော့ဘူးဆိုတာ မေမေသိတဲ့အဆုံးမှာတော့ “ပေးစရာရှိသမျှ Bond လျော်ကြေးအားလုံးကို ပေးမယ် … သမီးကျန်းမာရေးတော်တော်လေးဆိုးလာပြီ … ငါ့သမီးတအားပိန်ကျသွားတယ်”ဆိုတဲ့ မေမေ့ရဲ့စိတ်မကောင်းခြင်းမှတ်ချက်ဟာ သမီးကိုပိုလို့ဝမ်းနည်းစေတယ် မေမေ။ သမီးဟာ ဒီအသက်ဒီအရွယ်ထိ မေမေ့ကို စိတ်ဒုက္ခပေးတဲ့ သမီးတစ်ယောက်ဖြစ်နေလို့ကိုး။

သမီးထွက်စာသွားတင်ခဲ့ပါတယ် မေမေ။ ဒါပေမယ့် လူကြီးတွေဘက်က လက်မခံခဲ့ဘူး။ အထက်အရာရှိတစ်ယောက်က သမီးအရင်အလုပ်ကတည်းက သမီးရဲ့အထက်အရာရှိဖြစ်ခဲ့သူကိုး။ “သမီး ကျန်းမာရေးကြောင့်ဆိုရင် ငါ့ဘက်က လိုအပ်တဲ့ခွင့်အပြည့်အဝပေးမယ် … သမီးကျန်းမာရေးမကောင်းဘူးဆိုတာကို သိနေတယ် … ဒါကြောင့် ခွင့်ယူပြီး နားပါ သမီး … နေကောင်းမှရုံးပြန်တက်ပါ … ခုလက်ရှိလုပ်ငန်းက ခုမှအစပျိုးတုန်းအချိန်မှာ သမီးကို ထွက်​ခွင်​့မ​ပေးနိုင်​​သေးဘူး”လို့ တားမြစ်လာပြန်တော့ သမီးဘယ်လိုအင်အားမျိုးနဲ့ငြင်းမလဲ မေမေ။ ကိုယ်လုပ်ထားတဲ့အလုပ် လက်စမသတ်ရသေးတာလည်း သမီးကိုယ်တိုင်အသိကိုး။ ဒီလိုနဲ့ပဲ သမီးဒီအလုပ်ကို ဆက်လုပ်ဖြစ်နေခဲ့တယ် မေမေ။ အဆင်မပြေမှုလေးတွေရှိနေရက်နဲ့တောင် … စိတ်ပင်ပန်းမှုဒဏ်တွေခံနေရတာတောင်မှပေါ့။

ဟော … ခုနောက်ပိုင်း ပြဿနာတွေဆက်တိုက်တက်နေတယ် မေမေ။ ခုနောက်ဆုံးဖြစ်တာကိုပဲ သမီးကိုယ့်ကိုကိုယ် အပြစ်တင်ရတော့မယ်။ သူတို့ဘက်က သူတို့အကြောင်းနဲ့သူတို့ရှိလို့ လုပ်လိုက်တဲ့ကိစ္စတစ်ခုအပေါ် သမီးရဲ့မာန … အခြားသူတွေရဲ့ကိုယ်စား သမီးရဲ့မခံချင်စိတ်က ရုန်းကြွလာတော့ သမီးရဲ့တဒင်္ဂမိုက်စိတ်က လူတစ်ယောက်အပေါ် အပြစ်တွေမြင်စေလိုက်မိတယ်။ သမီးမှားတယ် မေမေ…။ မေမေအမြဲဆုံးမခဲ့တဲ့အတိုင်း ဒေါသကို ဘယ်တော့မှရှေ့မထားနဲ့ ဆိုပေမယ့် သမီးဒေါသကိုရှေ့ထားလိုက်မိတဲ့ အကျိုးဆက်က သမီးပဲစိတ်ဆင်းရဲရတော့တယ် မေမေ။ သမီးရှေ့ကထားခဲ့သမျှ စေတနာတွေက အကုန်အလကားဖြစ်ကုန်တယ်။ သမီးစိတ်ဆင်းရဲနေရတာကြည့်ပြီး မေမေပါ စိတ်ပူနေရပြန်တော့ သမီးဘယ်လိုတောင်းပန်ဖြည့်ဆည်းပေးရပါတော့မလဲ။ သမီးဒေါသရှေ့ထားမိတာမှားတယ် မေမေ။ မေမေ့ဆုံးမချက်တွေကို သမီးတဒင်္ဂမေ့သွားမိတယ်။ ကိုယ်​နဲ့မဆိုင်​တဲ့ကိစ္စတစ်​ခုကိုယ်​ ဝင်​ပါမိတယ်​။ ဝင်​ပြီး​လျှောက်​​တွေးမိတယ်​။ ဒါပေမယ့် စိတ်ချမေမေ။ သမီးအတွက် သမီးဘေးမှာ ဆယ်ပုံတစ်ပုံက သမီးကိုမုန်းတဲ့သူတွေဆိုရင် ကျန်နေတဲ့သမီးကိုချစ်တဲ့ဆယ်ပုံကိုးပုံဆိုတဲ့အထဲမှာ မေမေရော … သမီးကိုချစ်တဲ့သူတွေရောရှိနေတယ်ဆိုတဲ့ အသိလေးနဲ့ပဲ သမီးမတ်မတ်ရပ်ပြီး ရှေ့ဘဝခရီးကိုဆက်မယ်။ သမီးစိတ်ကို သမီးသာအသိဆုံး။ သမီးစေတနာ သမီးသာအသိဆုံး။ သမီးဟာ လေတိုက်တိုင်းဘယ်တော့မှ မရွေ့တဲ့သစ်ပင်တစ်ပင်မက တောင်တန်းကြီးအဖြစ်ပါ ရှိနေစေရမယ် မေမေ…။



စာချစ်သူများကို အစဉ်လေးစားစွာဖြင့်
မိုးညချမ်း
20.9.2014 (10:57 a.m)

4 comments:

  1. ဆွေလေးမွန်September 20, 2014 at 11:23 AM

    အားတင်းထားပါ မိုးညရေ..

    ReplyDelete
  2. 'မေမေ့ထံသို့ရေးတဲ့စာ'လေး ဖတ်သွားတယ် မိုးညရေ...
    တိုးတက်အောင်မြင်မှုအတွက် ကိုယ့်အပေါ်တစ်ပါးသူရဲ့ယုံကြည်မှု ခံယူရပြီဆိုတာရဲ့ နောက်ကွယ်မှာ
    တစ်ပါးသူအချို့ရဲ့ မကျေနပ်မှုကိုအရင်းခံတဲ့ ဆန့်ကျင်တဲ့သူတွေဆိုတာ ရှိလာတတ်စမြဲမို့
    လက်ရှိအခြေအနေမှာအကောင်းဆုံးလုပ်ရင်းအခက်အခဲတွေကျော်ဖြတ်ရတာ ဓမ္မတာပေါ့ကွယ်။
    အရာရာဟာ ဘယ်သောအခါမှ ရပ်တံ့မနေပါဘူး မိုးညရေ။

    ReplyDelete
  3. စီစစ်ဝေဖန်ပိုင်းခြားနိုင်ပြီး
    ကိုယ့်ကိုကိုယ်ယုံကြည်မှူရှိတဲ့ မိုးညလေးကို
    အောင်မြင်ခြင်းတွေက
    လက်ကမ်းကြိုနေကြမှာပါ

    ReplyDelete
  4. နေရာတိုင်းမှာ အခက်အခဲတွေနဲ့ ချည်းပါဘဲ။ ဆက်လက်ပြီး ရဲရဲသာ ချီတက်ပါလေ။

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...