Thursday, April 19, 2012

ကုန်ဆုံးခဲ့သော သင်္ကြန်ရက်များ

(သင်္ကြန်အကြိုမတိုင်မီတစ်ရက်)


မောင်ရေ ... နက်ဖြန်ဆို သင်္ကြန်ကျပြီ ... မောင်ဘယ်တွေပျောက်နေလည်းဟင် ... ကျွန်မပြောလိုက်တဲ့ စကားတွေအတွက် မောင်စိတ်နာသွားတာလား ... ဒါမှမဟုတ် ကျွန်မကိုမချစ်တော့လို့ မေ့သွားပြီလား ... ဘာပဲပြောပြော မောင်နဲ့ကျွန်မအဆက်အသွယ်မရတဲ့ တစ်လကျော်ကာလဟာ ကျွန်မအတွက်တော့ နှစ်ပေါင်း ရာချီနေသလိုပါပဲလား ... မနှစ်ကဒီလိုအချိန်ဆို မောင်နဲ့ကျွန်မတို့ တရားစခန်းတူတူဝင်ဖို့ တက်ကြွနေတဲ့ အချိန်ပေါ့နော် ... လွမ်းလိုက်တာ မောင်ရယ် ... ကျွန်မ မရည်ရွယ်ပဲပြောလိုက်တဲ့စကားတွေက မောင့်ကို ဒီလောက်တောင် နာကျင်စေခဲ့သလားကွယ် ... ဒီလောက်ထိ ပစ်ပစ်ခါခါစိမ်းစိမ်းကားကား ဖြစ်သွားသည် ထိအောင် မောင့်ကိုပြောမိခဲ့လေသလားကွယ် ...


(သင်္ကြန်အကြိုနေ့)


ဒီနေ့အိမ်မှာ အစ်ကို့ရဲ့မွေးနေ့မို့ ကြာဇံကြော်စားကြတယ် ... အသိမိတ်ဆွေတွေရဲ့အိမ်ကို မေမေကလိုက်ပို့ ခိုင်းတော့ ကျွန်မအပြင်ထွက်ရမှာကို ကြောက်တယ်လို့ အတင်းငြင်းမိတယ် ... မေမေစိတ်ဆိုးသည်ထိကို ကျွန်မငြင်းဆန်မိတယ် ... ဘာလို့လည်းဆိုတာ မောင်သိမှာပါ ... ကျွန်မမောင့်ကိုတစ်ခါပြောပြဖူးတယ်လေ ... သင်္ကြန်မှာကိုယ့်ကိုရေပက်မယ်ဆိုတိုင်း ကိုယ်ကရေပက်ရမယ်ဆိုတိုင်း ဦးဆုံးပက်စေချင်သူ ... ဦးဆုံးပက်မယ့်သူက ကျွန်မချစ်သောသူသာဖြစ်ချင်ခဲ့တာဆိုတဲ့ ငယ်ငယ်လေးကတည်းက ကျွန်မစိတ်ကူး အကျင့်လေးကို မောင့်ကိုပြောပြတော့ မောင်သဘောကျစွာပြုံးခဲ့ဘူးတယ်နော် ... ဒါနဲ့ပဲ ကျွန်မအပြင်ထွက်ရမှာ ကြောက်တယ်ဆိုပေမယ့်လည်း မေမေစိတ်ညစ်သွားမှာစိုးတော့ နောက်ဆုံးကျွန်မမုန့်တွေလိုက်ပို့ပေးဖြစ်ခဲ့ ပါတယ် ... ဒါပေမယ့်အပြင်ကိုမထွက်ခင် ကျွန်မညီမလေးကို အပြေးအလွှားလေးအကူအညီတောင်းလို့ “မမကို ရေပက်ပေးပါလို့” ပြောပြတော့ ကျွန်မအကျင့်ကိုသိနေတဲ့ ညီမလေးကလည်း “မမကလည်းနော်” ဆိုတဲ့စကား လေးနဲ့ပဲ ကျွန်မကိုဦးဆုံးရေပက်သူ ကျွန်မချစ်သော ညီမလေးက ရေဦးဆုံးပက်တာဆိုတဲ့ အတွေးလေးနဲ့ပဲ အပြင်ထွက်လို့မုန့်တွေလိုက်ပို့ခဲ့ရတယ်လေ ... မုန့်တွေလိုက်ပို့ရင်းနဲ့ပဲ ကျွန်မတွေးမိ တာက မနှစ်ကသင်္ကြန် မကျခင်တစ်ရက်မှာ ကျွန်မတို့သူငယ်ချင်းတွေရဲ့ဒုလ္လဘရဟန်းခံပွဲလေးပြီးတော့ ကျန်တဲ့သူငယ်ချင်း အချင်းချင်း ရေပက်ကြတော့ တစ်ခြားသူတွေကျွန်မကို ရေမလောင်းခင် အပြေးအလွှားလေးမောင့်ကို ဆွဲခေါ်လို့ ကျွန်မကို ရေသန့်ဘူးအဖုံးလေးနဲ့ စတိအဖြစ်ရေပက်ပေးဖို့ပြောခဲ့တာရော မောင်သတိရရဲ့လားဟင် ...


(သင်္ကြန်အကျနေ့)


ဒီနေ့သင်္ကြန်အကျနေ့မောင်ရယ် ... အိမ်မှာညီမလေးက သင်္ကြန်သီချင်းတွေဖွင့်လို့ ပျော်မြူးနေတော့ ကျွန်မ ငိုချင်လိုက်တာလေ ... နောက်ထပ်ကျန်တဲ့သင်္ကြန်ရက်တွေကို ဘယ်လိုများဖြတ်ကျော်ရမှာလည်းလို့ တွေးရင်း ကျွန်မငိုမိတယ်မောင်ရယ် ... မနှစ်ကဒီလိုအချိန်ဆိုရင်ဆိုတဲ့ အတွေးတွေနဲ့ကျွန်မအချိန်တိုင်း မျက်ရည်ဝဲနေမိ တယ် ... ထူးထူးခြားခြား မောင်အနားမှာမရှိတဲ့ အချိန်မှာပဲသင်္ကြန်ရက်က များပြီး တာရှည်လွန်းလှပါတယ်ကွာ ... ခွင့်လွှတ်ပါမောင်ရယ် ... ကျွန်မရဲ့မျက်ရည်တွေနဲ့ မောင့်ကိုမချည်နှောင်ချင်ပေမယ့် ကျွန်မထိန်းထား တဲ့ကြားက မျက်ရည်တွေအမြဲကျနေမိလို့ပေါ့ ... ကျွန်မလွမ်းလွန်းလို့ မောင့်ဆီကိုဖုန်းခေါ်လိုက်တယ် ... ကျွန်မ မောင့်ကိုလွမ်းတိုင်းဖုန်းဆက်နေကြကိုး ... မောင့်ဖုန်းကိုခေါ်တိုင်း ဌာနကယာယီပိတ်ထားပါတယ် ဆိုတဲ့အသံကို ကြားခဲ့ရတာ လနဲ့ချီနေပြီ ... ဒီနေ့တော့ ခါတိုင်းလိုမဟုတ်ပဲ ကျွန်မဖုန်းကနံပါတ် ၁ ခလုတ်လေး ကိုနှိပ်လိုက်တာနဲ့ “တူ” ဆိုတဲ့ အသံကိုကြားလိုက်ရတော့ မောင်ရှိနေတယ်ဆိုတဲ့ အတွေးနဲ့ ကျွန်မတစ်ကိုယ် လုံးတစ်ဆတ်ဆတ်တုန်လို့ ဘာလုပ်ရမှန်းမသိဖြစ်ခဲ့ရတယ် မောင် ... ဒါနဲ့ပဲ သူငယ်ချင်းတစ်ယောက်ဆီ ဖုန်းဆက်အကူအညီတောင်းလို့ မောင့်ဖုန်းကိုဆက်ခိုင်းတော့ မောင်ဒီမှာမရှိပါဘူးတဲ့ ... သင်္ကြန်ပြီးမှ ပြန်ရောက် မှာပါတဲ့ ... ကျွန်မလေဝမ်းနည်းဝမ်းသာ ဖြစ်ခဲ့ရတယ် ... ဝမ်းနည်းတာက မောင်နဲ့တူတူသင်္ကြန်ကို မကျော်ဖြတ် ရတော့ဘူးလို့ပေါ့ ... ဝမ်းသာတာကတော့ မောင့်အိမ်က မောင်နဲ့သဘောတူထားတဲ့ကောင်မလေးနဲ့အတူ ရှိနေပေးရတာမဟုတ်ဘူးလို့ပေါ့ မောင်ရယ် ...


(သင်္ကြန်ပထမအကြတ်နေ့)


ဒီနေ့ကျွန်မတို့ ၂ ယောက်လုံးနဲ့ခင်တဲ့ ကျွန်မတို့သူငယ်ချင်းတွေနဲ့ မုန့်လုံးရေပေါ်တွေလုံးပြီး စတုဒီသာကျွေး မယ်ဆိုလို့ ကျွန်မအဲဒီအလှူနေရာလေးကို သွားခဲ့ပါတယ်မောင်ရယ် ... ကျွန်မတစက္ကန့်လောက်ပဲဖြစ်ဖြစ် မောင့်ကိုများ မေ့ပျောက်လေမလားပေါ့ ... ကျွန်မအတွေးတွေမှားသွားတယ် မောင်ရယ် ... ကျွန်မမောင့်ကို ပိုလို့တောင်လွမ်းမိသေးတယ် ... သူငယ်ချင်းတွေကြားထဲမှာ မောင့်ကိုလွမ်းလို့ကျလာမယ့်မျက်ရည်တွေကို မနည်းထိန်းထားရတာ ပင်ပန်းတယ် သိရဲ့လား ... အားလုံးတပျော်တပါးနဲ့ ပျော်နေချိန်မှာ ကျွန်မကြောင့် စိတ်ညစ်မသွားစေချင်ပါဘူးကွယ် ... မုန့်လုံးရေပေါ်တွေ လုံးတဲ့သူကလုံး ... အုန်းသီးခြစ်တဲ့သူကခြစ် ... ထညက်ညှပ်တဲ့သူက ညှပ်နဲ့ ကိုယ်စီအလုပ်တွေလုပ်နေချိန် ... ကျွန်မတစ်ယောက် ယောင်ချာချာနဲ့ပေါ့ မောင် ... အုန်းသီးခြစ်တဲ့နေရာမှာ အုန်းသီးခြစ်ရင်းနဲ့ ထိခိုက်မိတော့ မောင်သာရှိရင် ကျွန်မလက်ကလေးကို တယုတယကိုင်လို့ “နာနေလားဟင်”လို့ အမေးနဲ့စိတ်ပူနေတဲ့ မောင့်မျက်နှာကိုပြေးမြင်မိတော့လေ!!!


ဟင့်အင်း ... လူကြားထဲမှာကျွန်မငိုလို့မဖြစ်ဘူးဆိုတဲ့ ဝေ့တက်လာတဲ့မျက်ရည်တွေကို ပုတ်ခတ်ရင်း မုန့်လုံးရေပေါ်လုံးတဲ့ သူတွေကြားဝင်တိုးလိုက်ပါတယ် ... ကျွန်မဘယ်ကိုပဲ ရှောင်ပြေးရှောင်ပြေး မောင့်အရိပ်က မလွတ်ပါဘူးမောင်ရယ် ... ကျွန်မသိနေပါတယ် ... ဒါပေမယ့် ကိုယ်ကိုတိုင်ရော ဘေးပတ်ဝန်းကျင်က သူငယ်ချင်းတွေကိုရော ကျွန်မညာနေရတယ် ... ကျွန်မဟာမောင့်ကို သတိတရမလွမ်း တတ်သူတစ်ယောက်အဖြစ်ပေါ့ ...


(သင်္ကြန်ဒုတိယအကြတ်နေ့)


ဒီနေ့လည်းသူငယ်ချင်းတွေက ကားနဲ့လည်ကြမယ်လို့ ခေါ်တာနဲ့ ကျွန်မ မငြင်းပဲလိုက်ခဲ့ပါတယ် ... မောင့်ကို အကြောင်းပြချက်ပေးတယ်ပဲ ပြောပြောပါ ... ကျွန်မမောင့်ကိုမေ့ကြည့်ချင်လို့ပါ ... ဒါပေမယ့်မောင်ရယ် ထူးမခြားနားပါပဲ ... ချိန်းထားတဲ့စုရပ်နေရာလေးကို ကားငှားသွားနေရင်းနဲ့ပဲ မောင်သာရှိရင် ကျွန်မကိုလာကြို မှာပဲဆိုတဲ့ အတွေးကစမိပြီပေါ့ ... တစ်မနက်လုံးသူငယ်ချင်းတွေနဲ့ အတူပျော်ချင်ယောင်ဆောင်နေပေမယ့် မောင့်ကိုတစ်စက္ကန့်လေးတောင် မလွတ်အောင်လွမ်းနေရတယ်ဆိုတာ မောင်ယုံနိုင်ပါ့မလား ... နေ့လည်ထမင်းစားနားချိန်တဲ့ မောင်ရယ် ... တိုက်တိုက်ဆိုင်ဆိုင် နားစရာတွေအများကြီးထဲမှာမှ သူငယ်ချင်း တစ်ယောက်ရဲ့မွေးနေ့ပွဲရှိလို့ မောင်နဲ့ချစ်နဲ့အတူလာဖူးတဲ့ နေရာလေးပါပဲ ... အတူထိုင်ဖူးတဲ့ စားပွဲဝိုင်းပါပဲ မောင်ရယ် ... ကျွန်မလေ အခြားသူတွေမရိပ်မိအောင် မျက်ရည်တွေကျမလာအောင် ထိန်းနိုင်ခဲ့ပေမယ့် ရင်ထဲမှာတော့ နာကျင်နေတယ် သိရဲ့လားမောင် ... ကျွန်မကိုယ် ကျွန်မလည်း သိလိုက်ပါတယ် ... ကျွန်မ အတော်ဟန်ဆောင်ကောင်းနေပြီပဲလို့ပေါ့ ...


(သင်္ကြန်အတက်နေ့)


ဒီနေ့တော့ နှစ်တစ်နှစ်ရဲ့နောက်ဆုံးနေ့ပါပဲ မောင် ... နက်ဖြန်ဆိုနှစ်သစ်ရောက်ပြီလေ ... ဒီနေ့တော့ ကျွန်မ အပြင်မထွက်ဖြစ်တော့ပါဘူး ... အပြင်လည်း မထွက်ချင်တော့ဘူး ... ကျွန်မညီမလေးက သူ့သူငယ်ချင်းတွေနဲ့ လည်ဖို့ ကျွန်မကိုခေါ်ပေမယ့် လိုက်ချင်စိတ်မရှိတော့ပါဘူး ... ညီမလေးနဲ့အဖော်ရအောင် မလိုက်သွားလို့ မေမေတို့ဆူလည်း ဆူပါစေတော့မောင်ရယ် ... ဒီနေ့တော့ ကျွန်မဟန်ဆောင်ခြင်းကင်းစွာနဲ့ မောင့်ကိုလွမ်းပါရစေ ... တစ်နေကုန်ပါပဲ မောင်ရယ် ... မောင့်အကြောင်းတွေ အချိန်တိုင်းတွေးလို့ ငိုလိုက် တိတ်လိုက်ပါပဲ ... ညနေစောင်းတော့ ကျွန်မစိတ်ပြေလက်ပျောက်ဝရံတာထွက်ပြီး အများသူငါတွေ ပျော်နေကြတာ ကြည့်မိတယ် ... အိမ်နားက မဏ္ဍပ်ကလည်း မြူးကြွနေတဲ့သင်္ကြန်သီချင်းတွေကို အကျယ်ကြီးအဆက်မပြတ်ဖွင့်နေတဲ့ ကြားထဲက ဘေးအိမ်က “ဘယ်သူမှ မလိုပါဘူး ငါ့ရဲ့ဘေးမှာ မင်းရှိနေရုံ ပြီးပြည့်စုံတဲ့ ငါ့ကမ္ဘာ”ဆိုတဲ့ သီချင်းတိုးတိုးလေးကို ကြားလိုက်ရတော့ ကျွန်မ ရှိုက်ကြီးတငင်ငိုမိလိုက်ပြီ မောင်ရယ် ... ကျွန်မမတ်တပ်မရပ်နိုင် တော့လောက်အောင် အင်အားမရှိတော့သလိုပါပဲ ... ဒါနဲ့ပဲကွန်ပျူတာရှေ့ထိုင်လို့ ကျွန်မတို့သူငယ်ချင်း ၂ ယောက်ရဲ့စေ့စပ်ပွဲနေ့တုန်းက ပုံလေးတွေကိုကြည့်ရင်း အဲဒီနေ့က မောင်ကျွန်မကို ချစ်ခြင်းတွေပြည့်နေတဲ့ မျက်နှာ၊ အပြုံးတွေနဲ့ မုန့်ခွံ့ကျွေး နေတဲ့ပုံလေးကိုကြည့်ရင်း ကျွန်မနှလုံးသားတွေကွဲကြေကုန်ပါပြီ မောင်ရယ် ... ကျွန်မအနားမှာ မေမေတို့ ထိုင်နေပေမယ့်လည်း ကျွန်မမျက်ရည်တွေကို ထိန်းမထားနိုင်ခဲ့ပါဘူး ... မောင်နဲ့ကျွန်မတို့ရဲ့အမှတ်တရ ပုံရိပ်တွေကိုကြည့်ရင်း ကျွန်မလေ မောင့်ကိုတွေ့ချင်လိုက်တာ မောင်ရယ် ... ဖုန်းနဲ့ပဲဖြစ်ဖြစ် အဆက်အသွယ်ရချင်လိုက်တာ ... ကျွန်မမောင့်ကိုဘယ်လောက်လွမ်းနေရတယ်ဆိုတဲ့ အကြောင်းတွေ ပြောပြချင်လိုက်တာ ... မောင်ကျွန်မဆီ ပြန်လာအုံးမှာလား အရင်လိုပဲ မောင့်ရဲ့ကြင်နာယုယမှု တွေကြားမှာ ကြည်နူးနေခွင့်ရအုံးမှာလား ... ကျွန်မကိုအပြီးအပိုင်စွန့်ခွာသွားပြီလားဆိုတဲ့ အတွေးပေါင်း မြောက်များစွာနဲ့ ကျွန်မမျက်ရည်တွေကျဆင်းရင်းနဲ့ပဲ ....................................


မိုးညချမ်း

16.4.2012 (5.00 p.m)

No comments:

Post a Comment

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...