Thursday, May 24, 2012

မမေ့ပါနဲ့


 
*မင်းမမေ့ပါနဲ့မင်းကိုချစ်နေတဲ့
ငါတစ်ယောက်ရှိနေသေးတယ်ဆိုတာ …

*မင်းမမေ့ပါနဲ့ မင်းကိုစောင့်မျှော်နေသူတစ်ယောက်
ရှိနေသေးတယ်ဆိုတာ …

*မင်းမမေ့ပါနဲ့မင်းနာကျင်မောပန်းတဲ့အခါ
မင်းနားခိုဖို့ငါ့ရင်ခွင်ရှိနေသေးတယ်ဆိုတာ …

*မင်းမမေ့ပါနဲ့ မင်းတစ်ယောက်ဟာ
ငါ့အတွက်ပထမဦးဆုံးနဲ့ နောက်ဆုံးချစ်ရသူဆိုတာ …

*မင်းမမေ့ပါနဲ့ ငါ့ဘဝ ငါ့ရင်ခွင် ငါ့အချစ်တွေအားလုံးက
မင်းတစ်ယောက်တည်းအတွက်ဆိုတာ …

*မင်းမမေ့ပါနဲ့ မင်းနဲ့ဘဝတစ်ခုကို
အတူတည်ဆောက်ချင်ခဲ့တယ်ဆိုတာ …

*မင်းမမေ့ပါနဲ့ မင်းနဲ့ကောင်းခြင်းဆိုးခြင်းတွေကို
အတူမျှဝေခံစားချင်နေတဲ့ချစ်သူငါဆိုတာ …

*မင်းမမေ့ပါနဲ့ မင်းဆီကဖုန်းခေါ်မယ့်အချိန်
မင်းဆီက msg တစ်စောင်ကို အချိန်တိုင်း
စောင့်မျှော်နေသူငါတစ်ယောက်ဆိုတာ …

*မင်းမမေ့ပါနဲ့ မင်းစွန့်ပစ်သွားသည့်တိုင်
မင်းကိုရူးလောက်အောင် စောင့်မျှော်ရင်း
ချစ်နေဆဲဆိုတာတွေကိုပါ …

24.5.2012 (1:55 P.M)

Thursday, May 17, 2012

အသည်းကွဲ Candy



သာယာတဲ့နေ့လေးပဲ … ကျွန်မအရမ်းကိုတက်ကြွနေမိနေပါတယ် … ကျွန်မဒီနေ့တက္ကသိုလ်စတက်ရပြီလေ … ကျွန်မမျှော်မှန်းထားတဲ့ ဆေးတက္ကသိုလ်တော့မဟုတ်ပါဘူး … တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းထုတ်တော့ ဆေးတက္ကသိုလ်မှီဖို့ (၁၀)မှတ်လောက်လိုသွားတာကိုလည်း နောင်တရလို့မဆုံးပါဘူး … တစ်ကယ်ဆို ကျွန်မ ဒီထက်ပိုကြိုးစားခဲ့သင့်တာပေ့ါ … ဆေးအမှတ်မမှီတာနဲ့ပဲ ကျွန်မအဝေးသင်တက္ကသိုလ်ပဲ တက်ဖို့ဆုံးဖြတ် လိုက်ချိန်မှာ ကျွန်မမေမေက တက္ကသိုလ်ကျောင်းသားဘဝကို ငယ်တုန်းမှာခံစားရတာဆိုတဲ့ စကားနဲ့ပဲ ကျွန်မ မေမေရွေးချယ်ပေးတဲ့ IC Major ကိုပဲရွေးချယ်လို့ တက်ဖြစ်ခဲ့ပါတယ် …
ဘာပဲဖြစ်ဖြစ်ကျွန်မ တက္ကသိုလ်စတက်ရမယ့်နေ့လေးကိုတော့ ရင်ခုန်မိနေပါတယ် … ကျွန်မမြန်မာဇာတ်ကား တစ်ချို့ကြည့်ဖူးပါတယ် … အဲဒီ ဇာတ်ကားတွေထဲက ပျော်ရွှင်စရာတက္ကသိုလ်ကျောင်းသားဘဝလေးတွေ … မေမေပြောပြတဲ့ တက္ကသိုလ်ကျောင်းသားဘဝတွေကို ကျွန်မစိတ်ကူးလေးနဲ့နှစ်သက်မိနေပါတယ် … မနက်စောစောမေမေက အိပ်ရာလာနှိုးတာနဲ့ရေမိုးချိုး ပြင်ဆင်စရာရှိတာပြင်နဲ့ တက္ကသိုလ်လေးဆီ အရောက် ပို့ဆောင်ပေးမယ့် Ferry Gate လေးကို ကျွန်မထွက်လာလိုက်ပါတယ်… Ferry ပေါ်ရောက်တော့ ကျွန်မထိုင်ဖို့ နေရာလေးတောင် မရှိတော့ပါဘူး … ကျွန်မကြောင်တောင်တောင်နဲ့ ရပ်နေတုန်း အစ်ကိုကြီးတစ်ယောက်က သူ့နေရာမှာထိုင်ဖို့ နေရာဖယ်ပေးတော့ ကျွန်မစိတ်ထဲကတက္ကသိုလ်စတက်တဲ့နေ့မှာပဲ အမှတ်တရအသိ တစ်ယောက်စရပြီပေါ့ … သူဖယ်ပေးတဲ့နေရာလေးမှာပဲ “ကျေးဇူးတင်ပါတယ်”လို့ ပြောလိုက်ပြီးဝင်ထိုင်လိုက်ပါတယ် … အဲဒီအစ်ကိုကြီးကပဲစပြီး ကျွန်မကိုမိတ်ဆက်စကားစပြောလာပါတယ် … “ညီမလေးက ဒီနှစ်မှစတက်တာထင်တယ် … ခုမှတွေ့ဖူးတယ် … အစ်ကိုက Second Year တက်နေပြီကွ … အစ်ကိုတို့ ကျောင်းစတက်တုန်းကလည်း ဒီလိုပါပဲကွာ … ဘယ်သူ့မှမသိ … ဘာမှလည်းနားမလည်နဲ့ … အဆောင်တွေ မသိလို့မေးမိတာတောင် အချွန်နဲ့မတာတောင် ခံလိုက်ရတာကွ … အကူအညီလိုလည်းပြောနော် … အစ်ကို့နာမည်က အောင်ကိုပါ … Physics ကနော် … ညီမလေးကရော …” ..

အဲဒီအစ်ကိုကြီးမေးတာနဲ့ ကျွန်မလည်းကိုယ့်ကိုကိုယ် မိတ်ဆက်လိုက်ပါတယ် … ကံကောင်းချင်တော့ အဆောင်မသိတဲ့ ကျွန်မလိုလူသစ်အတွက် အဲဒီအစ်ကိုနဲ့ ကျွန်မတို့စာသင်ဆောင်က ကပ်ရပ်ပဲဆိုတော့ အဆင်ပြေသွားပါတယ် … ကျွန်မစိတ်ထဲက ကိုအောင်ကိုဆိုတဲ့ အစ်ကိုကြီးကို ကျွန်မရဲ့ပထမဦးဆုံးသော မိတ်ဆွေသူငယ်ချင်းအဖြစ် ခင်မင်သွားမိခဲ့ပါတယ် …. ကျောင်းကိုရောက်ဖို့ နာရီဝက်လောက် စီးလိုက် ရတယ်လေ … ကျောင်းရောက်တော့ အဆောင်ထိရောက်အောင် အဲဒီအစ်ကိုကပဲ လိုက်ပို့ပေးပါတယ် … ဒါနဲ့ ကျွန်မတက်ရမယ့်စာသင်ခန်းကို ရှာပြီးလွတ်နေတဲ့နေရာလေးတစ်ခုမှာဝင်ထိုင်လို့ ကျွန်မရဲ့တက္ကသိုလ်စတက် တဲ့နေ့လေးတစ်နေ့ကို စတင်ဖြတ်သန်းရပြီပေါ့ … နေ့လည်လောက်ရောက်တော့ သူလိုကိုယ်လို မိတ်ဆက်ရင်း အခင်ဆုံးသူငယ်ချင်း(၄)ယောက်ကို ခင်မင်ခွင့်ရခဲ့ပါတယ် …

သွားအတူ စားအတူ နေတဲ့မြို့နယ်ချင်းကလည်း သိပ်မကွာတော့ ပထမနှစ်တစ်နှစ်လုံး သီတာ၊ စုစု၊ နှင်းနှင်း၊ မေသင်းဆိုတဲ့ သူငယ်ချင်းလေးတွေနဲ့ပဲ ကျွန်မရဲ့ပျော်စရာနေ့ရက်လေးတွေကို ပိုင်ဆိုင်ခဲ့ရဖူးပါတယ် … မနက် ကျောင်းကိုရောက်ပြီဆိုတာနဲ့ တက်စရာရှိတဲ့အတန်းချိန်တွေတက်လို့ နေ့လည်ထမင်းစားချိန် ကန်တင်းမှာ ဟာသတွေပြောရင်းနဲ့လည်း ကျွန်မရဲ့လှပတဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်ခဲ့ရဖူးပါတယ် … ညနေ Ferry ဝင်းကိုသွားပြီဆို ကျွန်မသူငယ်ချင်း(၄)ယောက်နဲ့အတူ တက္ကသိုလ်ပထမဦးဆုံးနေ့ရက်မှာ ခင်မင်ခဲ့ရတဲ့ အစ်ကိုအောင်ကိုက အဆောင်အထိ လာခေါ်ပေးလို့ ရီမောရင်းနဲ့ နေ့ရက်တွေကိုဖြတ်သန်းခဲ့ရ တာလည်း ကြည်နူးစရာလေးတွေပါပဲ …

ဒီလိုနဲ့စာမေးပွဲတွေဖြေ … နွေရာသီကျောင်းပိတ်ရက်(၂)လတာကို ဖြတ်သန်းအပြီး စာသင်နှစ်တစ်နှစ် ကုန်ဆုံးပြီး ဒုတိယနှစ်လေးရောက်လာတော့ ကျွန်မတို့သူငယ်ချင်းတွေကြားထဲကို လူတစ်ယောက်ဝင်လာ ခဲ့ပါတော့တယ် … သူ့နာမည်က “ရန်နောင်”တဲ့ … သူက Chemistry ကပါ … ကျွန်မတို့ထက်တော့တစ်နှစ်ကြီး ပါတယ် … ကျွန်မသူ့ကိုစတင်သတိထားမိတာက ပထမနှစ်မောင်ညီမလေးတွေအတွက်ပြုလုပ်ပေးတဲ့ Fresher Welcome ပွဲလေးမှာပါ … သူ့ညီမလေးက ကျွန်မတို့မေဂျာက ပထမနှစ်လေးပေါ့ … သူ့ကိုတွေ့လိုက်တော့ ကျွန်မအတွက် ဖော်ပြလို့ မရနိုင်တဲ့ခံစားချက်မျိုးနဲ့ ကျွန်မရင်ခုန်မိပါတယ် … အရင်က တစ်ခြားအဆောင်ဘက်ဆို သူငယ်ချင်းတွေခေါ်တာတောင် ယောင်လို့ခြေဦးမလှည့်ခဲ့သူ ကျွန်မ … ခုတော့ Chemistry ဆောင်ဘက်ကို ကျွန်မချောင်းပေါက်မတတ်သွားတတ်နေပါပြီ … သိစိတ်ကြောင့်ပဲဖြစ်စေ … မသိစိတ်ကြောင့်ပဲဖြစ်စေ ခုလိုလုပ်နေရတာလေးတွေကို ကျွန်မကျေနပ်နေတတ်ပါပြီ … ကျွန်မမူပျက်နေတာကို ကျွန်မသူငယ်ချင်းတွေက မေးတော့လည်း ကျွန်မဘာကိုမှတိတိကျကျဝန်မခံချင်ခဲ့ပါဘူး …

ဒီလိုနဲ့တစ်ရက် တစ်ရက်မှာတော့ ကျွန်မရဲ့စိတ်ကူးလေးအတိုင်း တိတ်တဆိတ်စွန့်စားမှုလေးကို စတင်လက်တွေ့အကောင်အထည်ဖော်မိပါတော့တယ် … အသည်းပုံသကြားလုံးလေးတစ်လုံးရယ် … စာရွက်ရဲ့ ထိပ်ဆုံးဘက်မှာ သို့ဆိုတဲ့ ရည်ညွှန်းချက်လေးရယ် … အောက်ဆုံးနားလေးမှာ မှ ဆိုတဲ့ စကားလုံးလေးရယ်ပဲပါတဲ့ စာရွက်အလွတ်လေးတစ်ရွက်ရယ်ကို စာအိတ်လေးထဲ သေသပ်စွာထည့်လို့ ကန်တင်းကစားပွဲထိုးလေးအကူအညီနဲ့ ကျွန်မသူ့လက်ထဲရောက်အောင် ပို့ခဲ့ပါတယ် … ကျွန်မဟာငယ်စဉ် ကတည်းက (၉)ဂဏန်းနဲ့အကျိုးပေးတတ်သူမို့ (၉)ရက်တိတိပို့မယ်လို့လည်း စိတ်ကူးလေးတွေနဲ့ပေါ့ …. ပထမရက် … ဒုတိယရက် … တတိယရက်မှာတော့ အရမ်းလျှင်တဲ့ကျွန်မသူငယ်ချင်း (၄)ယောက်ရိပ်မိသွားပါပြီ … ကျွန်မကို တရားခံစစ်သလို မေးကြမြန်းကြတော့ ကျွန်မလည်းရှက်ရှက်နဲ့ပဲ ဝန်ခံလိုက်ရပါတော့တယ် … တဖြည်းဖြည်းနဲ့သူလည်း ကျွန်မတို့သူငယ်ချင်းတစ်စုကို သတိထားမိလာပါပြီ …  ကျွန်မတို့(၄)ယောက်လုံး ကလည်း နှုတ်လုံစွာနဲ့ပဲ သရုပ်ဆောင်ကောင်းစွာနဲ့ပဲ သူ့ကိုပဟေဠိဆန်နေတဲ့ မိန်းကလေးဟာ ဘယ်သူမှန်း မသိရလောက်အောင် တော်ခဲ့ကြတာပဲ … ခြောက်ရက်မြောက်နေ့မှာတော့ ကျွန်မတို့ကန်တင်းမှာ ထိုင်နေကြတုန်း သူ့သူငယ်ချင်းတစ်ယောက် ကျွန်မတို့ဝိုင်းလေးဆီသို့ တန်းတန်းမတ်မတ်ရောက်လာပြီး စကားလာပြောပါတယ် … “မင်းတို့ထဲက တရားခံဘယ်သူလည်းဆိုတာ ရန်နောင်က ခန့်မှန်းမိနေပြီ”တဲ့ …

ကျွန်မအရမ်းကိုစိတ်လှုပ်ရှားသွားမိတယ် … လက်ထဲကရေခွက်တောင်လွတ်ကျမတတ်ပါပဲ … “အို … မဖြစ်ပါဘူး … နောက်ရက်ပို့မယ့်သကြားလုံးလေးကို ငါကိုယ်တိုင်ပို့မှ ငါ့ကိုသံသယကင်းနိုင်မှာပဲ” ဆိုတဲ့ အတွေးတစ်စက ချက်ချင်းခေါင်းထဲဝင်လာပါတယ် … အဲဒီနေ့ကလည်း ဖြစ်ချင်တော့ ကျွန်မထိုင်တဲ့နေရာနဲ့ သူနဲ့ကလည်း မျက်နှာချင်းဆိုင်လိုဖြစ်နေတော့ တစ်ချိန်လုံးသူကျွန်မကို စိုက်ကြည့်နေသလို ခံစားခဲ့ရပါတယ် … ကျွန်မရင်တွေခုန်လွန်းလို့ မျက်လုံးချင်းမဆုံမိအောင် မနည်းသတိထားရင်း ကန်တင်းကပြန်အထွက် ကျွန်မခြေလှမ်းတွေကို တော်တော်လေးဂရုစိုက်နေခဲ့ရပါတယ် …

သတ္တမမြောက်နေ့ သကြားလုံးလေးကိုတော့ ကျွန်မကိုယ်တိုင်သူ့လက်ထဲသွားပို့ပေးခဲ့တော့ သူ့မျက်နှာက အံ့အားသင့်တဲ့ အမူအရာတွေနဲ့ “ကျေးဇူးပါပဲ” ဆိုတဲ့ စကားတစ်ခွန်းကို ကျွန်မလက်ခံရရှိခဲ့ပါတယ် … ကိုးရက်မြောက်နေ့မှာတော့ သူ့အတွက်ပဟေဠိဆန်တဲ့ မိန်းကလေးဟာ “ကျွန်မပါ”လို့ အရှက်အကြောက် ကင်းမဲ့စွာ ကိုယ်တိုင်ဝန်ခံပြီး ကျွန်မအချစ်တွေကို သူသိအောင်ထုတ်ဖော်ပြောမယ်လို့ တစ်ညလုံးအားတင်းလို့ ရှစ်ရက်မြောက်နေ့က စာလေးထဲမှာ ကြိုတင်ချိန်းထားတဲ့နေရာလေးမှာ သူနဲ့တွေ့ဆုံဖို့ ကျောင်းကိုရောက်လာခဲ့တယ် … Ferry ပေါ်မှာကတည်းက ဂဏှာမငြိမ်ဖြစ်နေတဲ့ ကျွန်မကိုတောင် ကိုအောင်ကိုက စလိုက်ပါသေးတယ် … “ညီမလေးကတော့ ဒီနေ့ရည်းစားကိုအဖြေပေးမယ့်နေ့ထင်တယ် … ပုံစံက စိတ်လှုပ်ရှားနေတဲ့ပုံနဲ့”တဲ့ … ကျွန်မ မသိမသာလေးပဲ ပြုံးနေလိုက်ပါတယ် …

Ferry ရောက်တာနဲ့တစ်ပြိုင်နက် ကျွန်မသူငယ်ချင်း(၃)ယောက်က ကျွန်မကိုအပြေးအလွှားလေးလာကြိုလို့ “နင်အိုကေရဲ့လား … Ready ဖြစ်နေပြီပေါ့ … နင် မအိုကေရင် ငါတို့ နင့်ကိုယ်စားသွားပြောပေးမယ်နော် ငြိမ်း” တဲ့ … ကျွန်မကိုယ်တိုင်ဝန်ခံချင်နေတဲ့စိတ်တွေက ပြင်းပြနေလေတော့ “နေပါစေဟာ” ဆိုတဲ့ စကားတစ်ခွန်းပဲ သူငယ်ချင်းတွေကိုပြန်ပြောနိုင်ခဲ့ပါတယ် … “ဒါနဲ့ ဒီနေ့မှထူးထူးဆန်းဆန်း နှင်းနှင်း တစ်ယောက်ပျောက်နေပါ လားဟေ့”ဆိုတဲ့ သီတာ့ဆီက စကားလေးကိုကြားလိုက်တော့ ကျွန်မရင်ထဲစိုးရိမ်စိတ်တွေပြင်းပြသွားပါတယ် … နှင်းနှင်းဆိုတာ ကျွန်မတို့သူငယ်ချင်း(၅)ယောက်ထဲမှာ ချစ်ဖို့အကောင်းဆုံးလေ … စန်းအပွင့်ဆုံး ယောကျ်ားလေးတော်တော်များများ ကြားထဲမှာ ရေပန်းစားနေသူတစ်ယောက်လေ … “အို … မဖြစ်နိုင်ပါဘူး”လို့ ကျွန်မရဲ့မဟုတ်မဟပ်အတွေးတွေကို ဖျောက်ဖျက်ပစ်လိုက်ပါတယ် … ချိန်းထားတဲ့နေရာလေးကို သွားပြီး ကျွန်မသူ့ကိုစောင့်နေလိုက်ပါတယ် … ကျွန်မသူငယ်ချင်းတွေကတော့ ကျွန်မကိုကန်တင်းမှာ စောင့်နေကြ မယ်တဲ့ … တစ်နာရီ … နှစ်နာရီ … သုံးနာရီ … ချိန်းထားတဲ့နာရီထက် အတော်လေး နောက်ကျ လာပါပြီ … ကျွန်မတစ်ယောက်တည်းအားငယ်စိတ်တွေဝင်လာပြီ … ဘေးပတ်ဝန်းကျင်က ကျောင်းသူကျောင်းသားတွေ ကလည်း ကျွန်မကိုဝိုင်းကြည့်လာကြပြီ … ကျွန်မမျက်ရည်တွေဝေ့ဝဲတက်လာတဲ့အချိန်မှာပဲ ကျွန်မသူငယ်ချင်း (၃)ယောက် ကျွန်မနားကိုရောက်လာပါတယ် … “ဟဲ့ … ငြိမ်း နင်ဆက်စောင့်မနေနဲ့တော့ … ငါတို့လည်း နင် မလာမလာဆိုတော့ အဆင်ပြေပြီး ပါသွားတယ်ထင်လို့ အေးဆေးနေကြတာ … ခုနကတင် နင့်အကောင်နဲ့ နှင်းနှင်းမ အတူတူ ကန်တင်းထဲရောက်လာတော့မှ စကားသွားပြောတော့ အကျိုးအကြောင်းသိရပြီး နင့်ဆီငါတို့လာခဲ့ကြတာ … နှင်းနှင်းဟာ သူငယ်ချင်း အရင်းခေါက်ခေါက်ကိုလုပ်ရက်တယ် … ပဟေဠိဖွက်နေတဲ့ မိန်းကလေးက သူပါဆိုပြီး ကြားကဝင်ခုတ်သွားတယ် … သူမို့အရှက်မရှိဟာ … ဟိုအကောင်ကလည်း နည်းနည်းပါးပါး မစုံစမ်းဘူး … စွတ်ပြီးတော့ယုံတာပဲ … လာဟာ … သွားမယ် … ညစ်မနေနဲ့ … ငါတို့ဒီနေ့တစ်နေကုန်လျှောက်လည်ပစ်မယ် … ”ဆိုတဲ့ မကျေနပ်သံတွေနဲ့အတူ ကျွန်မ စကားလုံးတစ်ချို့ကိုကြားလိုက်ရတော့ ကျွန်မ ခံနိုင်ရည်မရှိခဲ့ပါဘူး … “ငါ … ငါ .. နင်တို့နဲ့ မလိုက်ပါ ရစေနဲ့ဟာ … ငါ့ကို အိမ်ပြန်နားခွင့်ပေးပါနော်”ဆိုတဲ့ ခွင့်တောင်းခြင်းတွေနဲ့ ကျွန်မ ကျွန်မခြေလှမ်းတွေကို သတိထားလှမ်းရင်း … မျက်ရည်များကြားထဲက …

မိုးညချမ်း
17.5.2012 (2:15 p.m)

Monday, May 7, 2012

အလွမ်းနေ့ရက်ရှည်

* တစ်မိနစ်က တစ်ရက်အလား ...။
တစ်နာရီက တစ်နှစ်အလား ...။
ရှည်ကြာလွန်းလှတဲ့ အချိန်တွေရယ် ...
* အချစ်နဲ့ အလွမ်းဆိုတဲ့အရာတွေကို
မင်းနဲ့မှ သေချာစွာနားလည်တတ်ခဲ့တာပါ ...။
* နှစ်ယောက်အတူ ကြည်နူးကြရတဲ့အချိန်ဆို
ပျော်ရွှင်ဖွယ်အတိ ဖြစ်ရပေမယ့်
ခွဲခွာနေရချိန်တွေဆို ကြေကွဲနာကျင်မှုအပြည့်နဲ့ပေါ့ ...။
* မင်းမုန်းသွားသည်ဖြစ်စေ မင်းချစ်နေသည်ပဲဖြစ်ပါစေ
မင်ရှိတဲ့ ဒီကမ္ဘာကြီးမြေကြီးပေါ်မှာ
မင်းနဲ့အတူ အပြာရောင်မိုးကောင်းကင်ကြီးအောက်မှာ
“မင်းကိုချစ်နေရင်း အသက်ရှင်သန်ခွင့်ရနေပါလား”ဆိုတဲ့
အတွေးတစ်စနဲ့ပဲ ငါ့ရဲ့အလွမ်းနေ့ရက်ရှည်တွေကို
ဆက်လက်ဖြတ်သန်းသွားနေရအုံးမှာပါလား ...။

7.5.2012 (1:55 p.m)

Saturday, April 21, 2012

လွမ်းလို့

*ဒီနေ့ ငါ ဟာသကားတွေကြည့်ဖြစ်တယ် ချစ်သူ
မင်းကို လွမ်းလို့ပါ …။

*ဒီနေ့ငါသီချင်းတွေနားထောင်ဖြစ်တယ် ချစ်သူ

မင်းကို လွမ်းလို့ပါ …။

*ဒီနေ့ ငါငိုမိတယ် ချစ်သူ

မင်းကို လွမ်းလို့ပါ …။

*ဒီနေ့ ငါအချိန်မှန်အိပ်ဖြစ်တယ် ချစ်သူ

မင်းကို လွမ်းလို့ပါ …။

*ဒီနေ့ ငါအချိန်မှန်စားတယ် ချစ်သူ

မင်းကို လွမ်းလို့ပါ …။

*ပြင်းထန်လွန်းတဲ့ အလွမ်းတွေကို

ဖြေလျော့စေနိုင်ဖို့ ဟာသကားတွေကြည့်

သီချင်းတွေနားထောင်ဖြစ်နေတာ

မင်းကို လွမ်းလွန်းလို့ပါ …။

*ထိန်းထားတဲ့ကြားက

မျက်ရည်တွေ ခဏခဏကျမိနေတာ

မင်းကို လွမ်းလွန်းလို့ပါ …။

*အချိန်မှန်အိပ် အချိန်မှန်စားဖြစ်နေတာ

ငါ့အတွက် စိတ်ပူနေမယ့်

မင်းကို လွမ်းလွန်းလို့ပါ …။

*ဒီနေ့ပေါင်းများစွာကို

ကြိုးစားပြီးဖြတ်သန်းနေရတာ

မင်းကို လွမ်းလွန်းလို့ပါ ချစ်သူရယ် …။

မိုးညချမ်း

21.4.2012 (8း50 a.m)

Thursday, April 19, 2012

ကုန်ဆုံးခဲ့သော သင်္ကြန်ရက်များ

(သင်္ကြန်အကြိုမတိုင်မီတစ်ရက်)


မောင်ရေ ... နက်ဖြန်ဆို သင်္ကြန်ကျပြီ ... မောင်ဘယ်တွေပျောက်နေလည်းဟင် ... ကျွန်မပြောလိုက်တဲ့ စကားတွေအတွက် မောင်စိတ်နာသွားတာလား ... ဒါမှမဟုတ် ကျွန်မကိုမချစ်တော့လို့ မေ့သွားပြီလား ... ဘာပဲပြောပြော မောင်နဲ့ကျွန်မအဆက်အသွယ်မရတဲ့ တစ်လကျော်ကာလဟာ ကျွန်မအတွက်တော့ နှစ်ပေါင်း ရာချီနေသလိုပါပဲလား ... မနှစ်ကဒီလိုအချိန်ဆို မောင်နဲ့ကျွန်မတို့ တရားစခန်းတူတူဝင်ဖို့ တက်ကြွနေတဲ့ အချိန်ပေါ့နော် ... လွမ်းလိုက်တာ မောင်ရယ် ... ကျွန်မ မရည်ရွယ်ပဲပြောလိုက်တဲ့စကားတွေက မောင့်ကို ဒီလောက်တောင် နာကျင်စေခဲ့သလားကွယ် ... ဒီလောက်ထိ ပစ်ပစ်ခါခါစိမ်းစိမ်းကားကား ဖြစ်သွားသည် ထိအောင် မောင့်ကိုပြောမိခဲ့လေသလားကွယ် ...


(သင်္ကြန်အကြိုနေ့)


ဒီနေ့အိမ်မှာ အစ်ကို့ရဲ့မွေးနေ့မို့ ကြာဇံကြော်စားကြတယ် ... အသိမိတ်ဆွေတွေရဲ့အိမ်ကို မေမေကလိုက်ပို့ ခိုင်းတော့ ကျွန်မအပြင်ထွက်ရမှာကို ကြောက်တယ်လို့ အတင်းငြင်းမိတယ် ... မေမေစိတ်ဆိုးသည်ထိကို ကျွန်မငြင်းဆန်မိတယ် ... ဘာလို့လည်းဆိုတာ မောင်သိမှာပါ ... ကျွန်မမောင့်ကိုတစ်ခါပြောပြဖူးတယ်လေ ... သင်္ကြန်မှာကိုယ့်ကိုရေပက်မယ်ဆိုတိုင်း ကိုယ်ကရေပက်ရမယ်ဆိုတိုင်း ဦးဆုံးပက်စေချင်သူ ... ဦးဆုံးပက်မယ့်သူက ကျွန်မချစ်သောသူသာဖြစ်ချင်ခဲ့တာဆိုတဲ့ ငယ်ငယ်လေးကတည်းက ကျွန်မစိတ်ကူး အကျင့်လေးကို မောင့်ကိုပြောပြတော့ မောင်သဘောကျစွာပြုံးခဲ့ဘူးတယ်နော် ... ဒါနဲ့ပဲ ကျွန်မအပြင်ထွက်ရမှာ ကြောက်တယ်ဆိုပေမယ့်လည်း မေမေစိတ်ညစ်သွားမှာစိုးတော့ နောက်ဆုံးကျွန်မမုန့်တွေလိုက်ပို့ပေးဖြစ်ခဲ့ ပါတယ် ... ဒါပေမယ့်အပြင်ကိုမထွက်ခင် ကျွန်မညီမလေးကို အပြေးအလွှားလေးအကူအညီတောင်းလို့ “မမကို ရေပက်ပေးပါလို့” ပြောပြတော့ ကျွန်မအကျင့်ကိုသိနေတဲ့ ညီမလေးကလည်း “မမကလည်းနော်” ဆိုတဲ့စကား လေးနဲ့ပဲ ကျွန်မကိုဦးဆုံးရေပက်သူ ကျွန်မချစ်သော ညီမလေးက ရေဦးဆုံးပက်တာဆိုတဲ့ အတွေးလေးနဲ့ပဲ အပြင်ထွက်လို့မုန့်တွေလိုက်ပို့ခဲ့ရတယ်လေ ... မုန့်တွေလိုက်ပို့ရင်းနဲ့ပဲ ကျွန်မတွေးမိ တာက မနှစ်ကသင်္ကြန် မကျခင်တစ်ရက်မှာ ကျွန်မတို့သူငယ်ချင်းတွေရဲ့ဒုလ္လဘရဟန်းခံပွဲလေးပြီးတော့ ကျန်တဲ့သူငယ်ချင်း အချင်းချင်း ရေပက်ကြတော့ တစ်ခြားသူတွေကျွန်မကို ရေမလောင်းခင် အပြေးအလွှားလေးမောင့်ကို ဆွဲခေါ်လို့ ကျွန်မကို ရေသန့်ဘူးအဖုံးလေးနဲ့ စတိအဖြစ်ရေပက်ပေးဖို့ပြောခဲ့တာရော မောင်သတိရရဲ့လားဟင် ...


(သင်္ကြန်အကျနေ့)


ဒီနေ့သင်္ကြန်အကျနေ့မောင်ရယ် ... အိမ်မှာညီမလေးက သင်္ကြန်သီချင်းတွေဖွင့်လို့ ပျော်မြူးနေတော့ ကျွန်မ ငိုချင်လိုက်တာလေ ... နောက်ထပ်ကျန်တဲ့သင်္ကြန်ရက်တွေကို ဘယ်လိုများဖြတ်ကျော်ရမှာလည်းလို့ တွေးရင်း ကျွန်မငိုမိတယ်မောင်ရယ် ... မနှစ်ကဒီလိုအချိန်ဆိုရင်ဆိုတဲ့ အတွေးတွေနဲ့ကျွန်မအချိန်တိုင်း မျက်ရည်ဝဲနေမိ တယ် ... ထူးထူးခြားခြား မောင်အနားမှာမရှိတဲ့ အချိန်မှာပဲသင်္ကြန်ရက်က များပြီး တာရှည်လွန်းလှပါတယ်ကွာ ... ခွင့်လွှတ်ပါမောင်ရယ် ... ကျွန်မရဲ့မျက်ရည်တွေနဲ့ မောင့်ကိုမချည်နှောင်ချင်ပေမယ့် ကျွန်မထိန်းထား တဲ့ကြားက မျက်ရည်တွေအမြဲကျနေမိလို့ပေါ့ ... ကျွန်မလွမ်းလွန်းလို့ မောင့်ဆီကိုဖုန်းခေါ်လိုက်တယ် ... ကျွန်မ မောင့်ကိုလွမ်းတိုင်းဖုန်းဆက်နေကြကိုး ... မောင့်ဖုန်းကိုခေါ်တိုင်း ဌာနကယာယီပိတ်ထားပါတယ် ဆိုတဲ့အသံကို ကြားခဲ့ရတာ လနဲ့ချီနေပြီ ... ဒီနေ့တော့ ခါတိုင်းလိုမဟုတ်ပဲ ကျွန်မဖုန်းကနံပါတ် ၁ ခလုတ်လေး ကိုနှိပ်လိုက်တာနဲ့ “တူ” ဆိုတဲ့ အသံကိုကြားလိုက်ရတော့ မောင်ရှိနေတယ်ဆိုတဲ့ အတွေးနဲ့ ကျွန်မတစ်ကိုယ် လုံးတစ်ဆတ်ဆတ်တုန်လို့ ဘာလုပ်ရမှန်းမသိဖြစ်ခဲ့ရတယ် မောင် ... ဒါနဲ့ပဲ သူငယ်ချင်းတစ်ယောက်ဆီ ဖုန်းဆက်အကူအညီတောင်းလို့ မောင့်ဖုန်းကိုဆက်ခိုင်းတော့ မောင်ဒီမှာမရှိပါဘူးတဲ့ ... သင်္ကြန်ပြီးမှ ပြန်ရောက် မှာပါတဲ့ ... ကျွန်မလေဝမ်းနည်းဝမ်းသာ ဖြစ်ခဲ့ရတယ် ... ဝမ်းနည်းတာက မောင်နဲ့တူတူသင်္ကြန်ကို မကျော်ဖြတ် ရတော့ဘူးလို့ပေါ့ ... ဝမ်းသာတာကတော့ မောင့်အိမ်က မောင်နဲ့သဘောတူထားတဲ့ကောင်မလေးနဲ့အတူ ရှိနေပေးရတာမဟုတ်ဘူးလို့ပေါ့ မောင်ရယ် ...


(သင်္ကြန်ပထမအကြတ်နေ့)


ဒီနေ့ကျွန်မတို့ ၂ ယောက်လုံးနဲ့ခင်တဲ့ ကျွန်မတို့သူငယ်ချင်းတွေနဲ့ မုန့်လုံးရေပေါ်တွေလုံးပြီး စတုဒီသာကျွေး မယ်ဆိုလို့ ကျွန်မအဲဒီအလှူနေရာလေးကို သွားခဲ့ပါတယ်မောင်ရယ် ... ကျွန်မတစက္ကန့်လောက်ပဲဖြစ်ဖြစ် မောင့်ကိုများ မေ့ပျောက်လေမလားပေါ့ ... ကျွန်မအတွေးတွေမှားသွားတယ် မောင်ရယ် ... ကျွန်မမောင့်ကို ပိုလို့တောင်လွမ်းမိသေးတယ် ... သူငယ်ချင်းတွေကြားထဲမှာ မောင့်ကိုလွမ်းလို့ကျလာမယ့်မျက်ရည်တွေကို မနည်းထိန်းထားရတာ ပင်ပန်းတယ် သိရဲ့လား ... အားလုံးတပျော်တပါးနဲ့ ပျော်နေချိန်မှာ ကျွန်မကြောင့် စိတ်ညစ်မသွားစေချင်ပါဘူးကွယ် ... မုန့်လုံးရေပေါ်တွေ လုံးတဲ့သူကလုံး ... အုန်းသီးခြစ်တဲ့သူကခြစ် ... ထညက်ညှပ်တဲ့သူက ညှပ်နဲ့ ကိုယ်စီအလုပ်တွေလုပ်နေချိန် ... ကျွန်မတစ်ယောက် ယောင်ချာချာနဲ့ပေါ့ မောင် ... အုန်းသီးခြစ်တဲ့နေရာမှာ အုန်းသီးခြစ်ရင်းနဲ့ ထိခိုက်မိတော့ မောင်သာရှိရင် ကျွန်မလက်ကလေးကို တယုတယကိုင်လို့ “နာနေလားဟင်”လို့ အမေးနဲ့စိတ်ပူနေတဲ့ မောင့်မျက်နှာကိုပြေးမြင်မိတော့လေ!!!


ဟင့်အင်း ... လူကြားထဲမှာကျွန်မငိုလို့မဖြစ်ဘူးဆိုတဲ့ ဝေ့တက်လာတဲ့မျက်ရည်တွေကို ပုတ်ခတ်ရင်း မုန့်လုံးရေပေါ်လုံးတဲ့ သူတွေကြားဝင်တိုးလိုက်ပါတယ် ... ကျွန်မဘယ်ကိုပဲ ရှောင်ပြေးရှောင်ပြေး မောင့်အရိပ်က မလွတ်ပါဘူးမောင်ရယ် ... ကျွန်မသိနေပါတယ် ... ဒါပေမယ့် ကိုယ်ကိုတိုင်ရော ဘေးပတ်ဝန်းကျင်က သူငယ်ချင်းတွေကိုရော ကျွန်မညာနေရတယ် ... ကျွန်မဟာမောင့်ကို သတိတရမလွမ်း တတ်သူတစ်ယောက်အဖြစ်ပေါ့ ...


(သင်္ကြန်ဒုတိယအကြတ်နေ့)


ဒီနေ့လည်းသူငယ်ချင်းတွေက ကားနဲ့လည်ကြမယ်လို့ ခေါ်တာနဲ့ ကျွန်မ မငြင်းပဲလိုက်ခဲ့ပါတယ် ... မောင့်ကို အကြောင်းပြချက်ပေးတယ်ပဲ ပြောပြောပါ ... ကျွန်မမောင့်ကိုမေ့ကြည့်ချင်လို့ပါ ... ဒါပေမယ့်မောင်ရယ် ထူးမခြားနားပါပဲ ... ချိန်းထားတဲ့စုရပ်နေရာလေးကို ကားငှားသွားနေရင်းနဲ့ပဲ မောင်သာရှိရင် ကျွန်မကိုလာကြို မှာပဲဆိုတဲ့ အတွေးကစမိပြီပေါ့ ... တစ်မနက်လုံးသူငယ်ချင်းတွေနဲ့ အတူပျော်ချင်ယောင်ဆောင်နေပေမယ့် မောင့်ကိုတစ်စက္ကန့်လေးတောင် မလွတ်အောင်လွမ်းနေရတယ်ဆိုတာ မောင်ယုံနိုင်ပါ့မလား ... နေ့လည်ထမင်းစားနားချိန်တဲ့ မောင်ရယ် ... တိုက်တိုက်ဆိုင်ဆိုင် နားစရာတွေအများကြီးထဲမှာမှ သူငယ်ချင်း တစ်ယောက်ရဲ့မွေးနေ့ပွဲရှိလို့ မောင်နဲ့ချစ်နဲ့အတူလာဖူးတဲ့ နေရာလေးပါပဲ ... အတူထိုင်ဖူးတဲ့ စားပွဲဝိုင်းပါပဲ မောင်ရယ် ... ကျွန်မလေ အခြားသူတွေမရိပ်မိအောင် မျက်ရည်တွေကျမလာအောင် ထိန်းနိုင်ခဲ့ပေမယ့် ရင်ထဲမှာတော့ နာကျင်နေတယ် သိရဲ့လားမောင် ... ကျွန်မကိုယ် ကျွန်မလည်း သိလိုက်ပါတယ် ... ကျွန်မ အတော်ဟန်ဆောင်ကောင်းနေပြီပဲလို့ပေါ့ ...


(သင်္ကြန်အတက်နေ့)


ဒီနေ့တော့ နှစ်တစ်နှစ်ရဲ့နောက်ဆုံးနေ့ပါပဲ မောင် ... နက်ဖြန်ဆိုနှစ်သစ်ရောက်ပြီလေ ... ဒီနေ့တော့ ကျွန်မ အပြင်မထွက်ဖြစ်တော့ပါဘူး ... အပြင်လည်း မထွက်ချင်တော့ဘူး ... ကျွန်မညီမလေးက သူ့သူငယ်ချင်းတွေနဲ့ လည်ဖို့ ကျွန်မကိုခေါ်ပေမယ့် လိုက်ချင်စိတ်မရှိတော့ပါဘူး ... ညီမလေးနဲ့အဖော်ရအောင် မလိုက်သွားလို့ မေမေတို့ဆူလည်း ဆူပါစေတော့မောင်ရယ် ... ဒီနေ့တော့ ကျွန်မဟန်ဆောင်ခြင်းကင်းစွာနဲ့ မောင့်ကိုလွမ်းပါရစေ ... တစ်နေကုန်ပါပဲ မောင်ရယ် ... မောင့်အကြောင်းတွေ အချိန်တိုင်းတွေးလို့ ငိုလိုက် တိတ်လိုက်ပါပဲ ... ညနေစောင်းတော့ ကျွန်မစိတ်ပြေလက်ပျောက်ဝရံတာထွက်ပြီး အများသူငါတွေ ပျော်နေကြတာ ကြည့်မိတယ် ... အိမ်နားက မဏ္ဍပ်ကလည်း မြူးကြွနေတဲ့သင်္ကြန်သီချင်းတွေကို အကျယ်ကြီးအဆက်မပြတ်ဖွင့်နေတဲ့ ကြားထဲက ဘေးအိမ်က “ဘယ်သူမှ မလိုပါဘူး ငါ့ရဲ့ဘေးမှာ မင်းရှိနေရုံ ပြီးပြည့်စုံတဲ့ ငါ့ကမ္ဘာ”ဆိုတဲ့ သီချင်းတိုးတိုးလေးကို ကြားလိုက်ရတော့ ကျွန်မ ရှိုက်ကြီးတငင်ငိုမိလိုက်ပြီ မောင်ရယ် ... ကျွန်မမတ်တပ်မရပ်နိုင် တော့လောက်အောင် အင်အားမရှိတော့သလိုပါပဲ ... ဒါနဲ့ပဲကွန်ပျူတာရှေ့ထိုင်လို့ ကျွန်မတို့သူငယ်ချင်း ၂ ယောက်ရဲ့စေ့စပ်ပွဲနေ့တုန်းက ပုံလေးတွေကိုကြည့်ရင်း အဲဒီနေ့က မောင်ကျွန်မကို ချစ်ခြင်းတွေပြည့်နေတဲ့ မျက်နှာ၊ အပြုံးတွေနဲ့ မုန့်ခွံ့ကျွေး နေတဲ့ပုံလေးကိုကြည့်ရင်း ကျွန်မနှလုံးသားတွေကွဲကြေကုန်ပါပြီ မောင်ရယ် ... ကျွန်မအနားမှာ မေမေတို့ ထိုင်နေပေမယ့်လည်း ကျွန်မမျက်ရည်တွေကို ထိန်းမထားနိုင်ခဲ့ပါဘူး ... မောင်နဲ့ကျွန်မတို့ရဲ့အမှတ်တရ ပုံရိပ်တွေကိုကြည့်ရင်း ကျွန်မလေ မောင့်ကိုတွေ့ချင်လိုက်တာ မောင်ရယ် ... ဖုန်းနဲ့ပဲဖြစ်ဖြစ် အဆက်အသွယ်ရချင်လိုက်တာ ... ကျွန်မမောင့်ကိုဘယ်လောက်လွမ်းနေရတယ်ဆိုတဲ့ အကြောင်းတွေ ပြောပြချင်လိုက်တာ ... မောင်ကျွန်မဆီ ပြန်လာအုံးမှာလား အရင်လိုပဲ မောင့်ရဲ့ကြင်နာယုယမှု တွေကြားမှာ ကြည်နူးနေခွင့်ရအုံးမှာလား ... ကျွန်မကိုအပြီးအပိုင်စွန့်ခွာသွားပြီလားဆိုတဲ့ အတွေးပေါင်း မြောက်များစွာနဲ့ ကျွန်မမျက်ရည်တွေကျဆင်းရင်းနဲ့ပဲ ....................................


မိုးညချမ်း

16.4.2012 (5.00 p.m)

Monday, April 9, 2012

ကလေးလေးရဲ့ စာစီစာကုံး

ဒီနေ့ကလေး နိုးထလာမိတဲ့အချိန် ... ပထမဦးဆုံး ကြားလိုက်တာ ငိုသံတစ်ခု … သေချာနားထောင်ကြည့် လိုက်တော့ ကလေးရဲ့မေမေငိုသံပါ … ကလေးမှာ အမည်နာမ မရှိသေးပါဘူး … မွေးနေ့အတိအကျလည်း မသိပါဘူး … ခုထိကလေးက မေမေ့ရဲ့ဗိုက်ထဲမှာလေ … … ဒါပေမယ့် ခံစားတတ်နေပါပြီ … မေမေက အမြတ်တနိုးနဲ့“ကလေး”လို့ ခေါ်ပြီး စကားတွေပြောတိုင်း မေမေ့ရဲ့နွေးထွေးမှုအချစ်တွေကို ကလေးခံစားလို့ရပါတယ် … ဒီနေ့ ကလေးနိုးထတဲ့အချိန်မှာပဲ မေမေ့ရဲ့ ရှိုက်ငိုသံကို ကြားလိုက်ရပါတယ် … ကလေးအရမ်းခံစားရပါတယ် … ကလေးမေမေငိုတာကို မမြင်ချင်ပါဘူး … မေမေဟာလူတွေကို လွယ်လွယ်ယုံကြည်တတ်သူလို့ ကလေးခံစားမိလိုက်ပါတယ် … ဘာလို့လည်းဆိုတော့ မေမေရဲ့ငိုရှိုက်သံ တွေရဲ့ကြားထဲက ကလေးရဲ့ဖေဖေလို့ခေါ်ရမယ့်သူကို ဖုန်းဆက်နေသံတွေ ကလေးကြားမိလို့ပါ … ကလေးရဲ့ ဖြစ်တည်နေမှုကို မေမေက အဲဒီဖေဖေဆိုတဲ့သူကို ပြောပြနေသံတွေ ကလေးကြားနေရပါတယ် … တစ်ဖက်က ကလေးရဲ့ဖေဖေဆိုသူ ဘာတွေပြောလည်းတော့ မသိပါဘူး … ဖုန်းပြောနေချိန်ရော ပြောပြီးချိန်မှာပါ မေမေ့ရဲ့ သနားစဖွယ်ငိုရှိုက်သံနဲ့အတူ ကလေးလည်း ငိုမိနေပါတယ် … ကလေးသိပ်ချစ်ရတဲ့ မေမေကို အပြုံးတွေနဲ့ပဲ ပျော်နေစေချင်ပါတယ် …


နောက်တစ်ရက်မှာ မေမေနဲ့ ကလေးရဲ့ဖေဖေဆိုသူတို့ ညနေပိုင်းဘုရားမှာတွေ့ပြီးစကားပြောကြမယ်ဆိုတဲ့ ချိန်းဆိုမှုကို ကလေးကြားလိုက်ရပါတယ် … မေမေအဆင်ပြေပါစေဆိုတဲ့ ဆုတောင်းခြင်းတွေအပြည့်နဲ့ပါ … ညနေစောင်းတော့ မေမေနဲ့ကလေးရဲ့ဖေဖေဆိုသူတို့ ပြောနေကြတာတွေကို ကြားရတော့ ကလေးမေမေ့ကို ပိုချစ်မိသနားမိခဲ့ပါတယ် … “ဒီကလေးကိုယူဖို့ မောင်တို့မှအဆင်မပြေသေးတာပဲ ချစ်ရယ် … မောင် အဆင်သင့်မဖြစ်သေးဘူးကွ … မောင့်မိသားစုမှာ မောင်တစ်ယောက်တည်းရှိတာလေ … မောင်သူတို့ကို ဥပေက္ခာပြုခဲ့လို့ မရဘူး … ချစ် ဒီကလေးကိုမယူပါနဲ့ကွာ”တဲ့ … ကလေးဖေဖေရဲ့ပြောတဲ့စကား … ငိုသံ၊ ကလေးရဲ့မေမေရှိုက်ကြီးတငင်ငိုနေပါပြီ … ငိုသံတွေကြားထဲကပဲ မေမေက“မောင် … မောင်နဲ့ပတ်သက်သမျှ အသေးအမွှားပစ္စည်းလေးကအစ ချစ်ဘယ်လောက်နှမြောတတ်ခဲ့လည်း မောင်သိပါတယ် … ခုဟာက ကလေး တစ်ယောက်ရဲ့အသက်လေ မောင်ရယ် … မောင်နဲ့ချစ်တို့ရဲ့ ရတနာလေးပါ မောင်ရယ် … ချစ်တို့ အတူနေကြရဖို့ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုနဲ့ ဒီမျှော်လင့်ချက် လေးကို ဖန်တီးဖြစ်ခဲ့ကြတာ မဟုတ်ဘူးလားဟင် … ခုကျမှ ဘယ်လိုဖြစ်လို့ မောင်ဒီကလေးကို ဖျက်ဖို့ပြောရတာလည်းဟင် … မောင် ချစ်နဲ့လိုက်ပြီး မစွန့်စားရဲပေမယ့် ချစ်ကတော့ ဒီကလေးကိုလုံးဝမဖျက်ဘူး … ချစ်တို့ထာဝရနှုတ်ဆက်ကြတာပေါ့” တဲ့ …


မေမေ …. ကလေးရဲ့မေမေ … မေမေ့ရင်ထဲမှာ ဘယ်လောက်များကြေကွဲနေမလည်းဟင် … သူဘယ်လောက် စိတ်ဆင်းရဲနေပါစေ … ကလေးအာဟာရဖြစ်စေဖို့ ကလေးကျန်းမာစေဖို့ ကြိတ်မှိတ်စားနေတဲ့ မေမေ … မေမေအချိန်တိုင်းငိုနေရသလိုပဲ ကလေးလည်းထပ်တူပါပဲ မေမေရယ် … (၂)ရက်လောက်ကြာတော့ ကလေးရဲ့ဖေဖေဆိုသူက မေမေနဲ့အတူ အဝေးကြီးကိုထွက်သွားမယ်ဆိုတဲ့ ကတိတစ်ခုကို ရလိုက်တယ်ထင်ပါရဲ့ … မေမေနဲ့ကလေးရဲ့ဖေဖေတို့ ရှေ့ရေးတွေတိုင်ပင်နေကြတာ ကလေးကြားမိ လိုက်ပါ သေးတယ် … သိပ်မကြာပါဘူး … တစ်ညအိပ်အချိန်လေးအတွက် မေမေဘယ်လောက်များ ပျော်ခဲ့လည်းဆိုတာ ကလေးခံစားလို့ရပါတယ် … နောက်တစ်နေ့မနက်မိုးလင်းတော့ ထုံးစံအတိုင်းမေမေ့ရဲ့ငိုသံလေးကို ကြားမိ လိုက်ပြန်ပါတယ် … ကလေးရဲ့ဖေဖေဆိုသူက “မောင် ဘယ်လိုပဲ စဉ်းစားစဉ်းစား အဆင်မပြေဘူး ချစ်ရယ် … ကလေးကိုမယူပါနဲ့”တဲ့ … ကလေး မေမေ့ကိုနှစ်သိမ့်ပေးချင်လိုက်တာ … ဘာလုပ်ပေးရမှန်းကို မသိခဲ့ပါဘူး မေမေရယ် … မေမေရဲ့ငိုသံတွေကြားက စကားတစ်ခွန်းကို ကြားတော့ ကလေးအရမ်းလန့်သွားခဲ့တယ် … “စိတ်ချပါ မောင်ရယ် … မောင်ဘယ်လိုမှအဆင်မပြေလည်း မောင့်သဘောအတိုင်း ဒီကလေးကို ဖျက်ပေးပါ့မယ်တဲ့” … ဟင့်အင်း မေမေ … မေမေအဲဒီလိုဆုံးဖြတ်မှာ ကလေးမလိုချင်ဘူး … မေမေကပြောလိုက်တဲ့ စကားအတိုင်း တစ်ကယ်မလုပ်ဘူးဆိုတာ ကလေးသိတယ် … မေမေအတွေးကတစ်မျိုးဆိုတာ ကလေးခံစား လို့ရနေတယ် … မလုပ်ပါနဲ့ မေမေရယ် … ကလေးချစ်တဲ့မေမေ့ကို အတိုင်းထက်အလွန်မဆုံးရှုံးစေချင်ပါဘူး …


ခဏကြာတော့ မေမေဆေးဘူးလေးတစ်ဘူးကိုဖွင့်သံ … ဆေးတွေကိုထုတ်နေသံကြားတော့ … မဖြစ်ဘူး မေမေ … မဖြစ်ဘူး … မေမေ ကလေးနဲ့တူတူလိုက်ခဲ့ဖို့မလိုပါဘူး မေမေရယ် … ကလေးရဲ့မေမေကို ချစ်တဲ့မိသားစုတွေ … သူငယ်ချင်းတွေ … ကလေးမေမေ့ကို လိုအပ်နေသူတွေအတွက် မေမေရှိနေအုံးမှ ရမှာလေ … မလိုက်ခဲ့ပါနဲ့ မေမေရယ် … ကလေးသာ အခွင့်ရှိမယ်ဆိုရင် မေမေ့ဆီနောက်တစ်ခေါက်ပြန်လာ ချင်ပါသေးတယ် … ပြန်လာပါရစေဆိုတဲ့ ဆုတောင်းလေးမဆုံးခင် … “မှောင်သွားတယ် … ကလေးကြောက်တယ် … အမှောင်ကြီးထဲ ရောက်သွားပြီ … ကလေးအရမ်းကြောက်လို့ပါ မေမေ … မေမေရေ …”


မိုးညချမ်း

9.4.2012 (3:10 p.m)

အေးစက်ခြင်း

*ဟိုအဝေးကိုငေးရင်း ငါပြုံးမိတယ် ချစ်သူ


မင်းနဲ့ ငါ့ရဲ့အမှတ်တရတွေတွေးမိလို့ပေါ့ …။


*ဟိုအဝေးကိုငေးရင်း ငိုမိတယ် ချစ်သူ


မင်းကိုလွမ်းမိလို့ပေါ့ …။


*မင်း ငါ့အနားမှာ ရှိနေခဲ့တုန်းကလည်း


ငါကျေနပ်မှုအတိနဲ့ ပျော်ရွှင်ခဲ့ဘူးတယ် …။


*မင်း ငါ့အနားကနေ ထွက်ခွာသွားတော့လည်း


အမှတ်တရတွေနဲ့ ကြိုးစားပြီး ပျော်ရွှင်အောင်နေတယ်…။


*ဒါပေမယ့်ချစ်သူရယ်


မင်းအနားမှာရှိတဲ့အချိန် နွေးထွေးစွာပျော်ရွှင်ရပေမယ့်


အနားမှာမင်းမရှိတော့ အေးစက်စွာပျော်ရွှင်နေရပါတယ်…။



မိုးညချမ်း

9.4.2012, 2:05 p.m

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...