Thursday, July 10, 2014

သားလေးရဲ့မေမေ ... မေမေရဲ့သမီးငယ်လေး


သားလေးကို ကြည့်ပြီး ကျွန်မပြုံးနေမိသည်။ ကျွန်မဘဝအတွက် အနာဂတ်အလင်းရောင်လေးအဖြစ် တုန်နေအောင် ချစ်ရတဲ့ တစ်ဦးတည်းသော သားလေး ခုဆို (၄)နှစ်တင်းတင်း ပြည့်ခဲ့လေပြီ။ “သားလေးနဲ့ပတ်သတ်ရင် မင်းက အဖြစ်ကို သည်းလွန်းတယ်”ဟု ကိုကိုက ခဏခဏမှတ်ချက်ပြုဖူးသည်။ 

ကိုကို ပြောလဲ ပြောချင်စရာပင်။ သားလေးနှင့်ပတ်သက်လျှင် ကျွန်မ တစ်ကယ်ကိုအဖြစ်သည်းမိပါသည်။ သားလေး နေမကောင်းများဖြစ်လျှင် ကျွန်မမှာ မျက်ရည်စက်လက်နှင့် ကျွန်မပင်ဖျားလိုက်ချင်မိသည်။ တစ်ခါက သားလေး လမ်းလျှောက်တတ်ခါစမှာ ချော်လဲရင်း ပွန်းပဲ့သွားတော့ ကျွန်မမှာ ငိုလို့ပင်မဆုံးတော့ …။ ထိုကတည်းက သားလေးကို ကျွန်မအရင်ထက် အရိပ်တကြည့်ကြည့်ပင်ဖြစ်နေရသည်။

ဒီနေ့တော့ သားလေး (၄)နှစ်ပြည့်မွေးနေ့ …။ သံဃာတော်တွေကို အာရုဏ်ဆွမ်းကပ်ပြီး ကိုကိုနဲ့ ကျွန်မတို့ရဲ့ မိတ်ဆွေအပေါင်းအသင်းအနည်းငယ်ရယ် သားလေးရဲ့မူကြိုက သူငယ်ချင်းလေးတွေရယ်ကို မုန့်ဖိတ်ကျွေးဖြစ်သည်။ မနက်သံဃာတော်တွေ အာရုဏ်ဆွမ်းကပ်ကတည်းက အလုပ်တွေရှုပ်လိုက်တာ ဧည့်သည့်တွေ တော်တော်လေး ပါးသွားမှ ကျွန်မခဏထိုင်နားရင်း သူငယ်ချင်းတွေနဲ့ ကစားနေသည့် သားလေးကို ငေးကြည့်နေမိသည်။

သားလေးက ကိုကိုနဲ့ မျက်နှာကျပုံကအစ တစ်ပုံစံတည်းတူပေမယ့် ခေါင်းမာတာ၊ လိုချင်တာမရရင် စိတ်ကောက်တတ်တာ၊ တဇွတ်ထိုးလုပ်တတ်တဲ့ အကျင့်စရိုက်လေးတွေက ကျွန်မနှင့်လာတူနေသည်။ ဟူး …. ဒီလိုတဇွတ်ထိုးဆန်ပြီး ခေါင်းမာတတ်တဲ့ပုံနဲ့ဆို သားလေးကြီးလာရင် ဘယ်လိုထိန်းကျောင်းရမလဲ”လို့ စဉ်စားရင်း တစ်ချိန်က ခေါင်းမာတတ်သော၊ တဇွတ်ထိုးဆန်တတ်သော ကျွန်မကို မေမေ ဘယ်လိုပူပင်သောကတွေနဲ့ ထိန်းကျောင်းခဲ့ရပါလိမ့်လို့တွေးမိရင်း မေမေ့ကို သတိရလွမ်းဆွတ်သွားမိသည်။

**************************************************

ကျွန်မ (၁၀)တန်းအောင်ပြီး တက္ကသိုလ်စတက်တော့ မေမေရဲ့စိုးရိမ်ကြီးစွာ တဖွဖွမှာသည်။ နယ်ကနေ ကျောင်းလာတက်ရသူမို့ အဆောင်ငှားနေရင်း ထင်ရာစိုင်းလုပ်မှာ မေမေစိုးရိမ်နေလေသည်။

“သမီး … ကိုယ်က အဆောင်မှာ အများနဲ့နေတာနော် … မိန်းကလေးတွေအများကြီးထဲမှာမှ ကိုယ်ကအနေအထိုင်မတတ်ရင် အပြောခံရလိမ့်မယ် … ဆင်ဆင်ခြင်ခြင်နေနော် … အဆောင်စည်းကမ်းတွေလည်း လိုက်နာနော် … မေမေလည်း မကြာခဏလာခဲ့မှာပါ …”

ကားဂိတ်နားအထိ လိုက်ပို့ရင်း စိုးရိမ်တကြီး တဖွဖွမှာနေသော မေမေ့ကို အားမနာစွာ-
“မေမေကလည်း … သမီးကို မယုံကြည်သလို မှာမနေနဲ့ဗျာ … မေမေမှာနေတာ အခါတစ်ရာမကတော့ဘူး … မဖြစ်သေးတာတွေ ကြိုတွေးပူနေတယ် …”

ကျွန်မကတော့ “ငါက မဟုတ်တာလုပ်နေတာကျနေတာပဲ”ဆိုသည့် ခံပြင်းစိတ်ကလေးနဲ့ မေမေ့ကို အမှတ်မထင်ပြန်ပြောလိုက်ပေမယ့် မေမေရဲ့စိတ်မကောင်းဖြစ်ကျန်ရစ်ခဲ့ရတာကိုတော့ ကျွန်မ သတိမထားမိလိုက်ခင် ကားကစတင်ထွက်ခွာလေပြီ။

ရန်ကုန်မြေသို့ ခြေချချခြင်း ရှုပ်ထွေးပွေလီလှသော ကားတွေ၊ လူတွေကြားထဲမှာမှ ကျွန်မနေရမည့် အဆောင်သို့ ရောက်ရှိလာခဲ့သည်။ အဆောင်မှူးက ကျွန်မနေရမယ့် အခန်းကိုလိုက်ပြရင်း အခန်းဖော် “ဝေမာ”နှင့်မိတ်ဆက်ပေးသည်။ အဆောင်မှူး အခန်းထဲက ထွက်သွားတော့ အခန်းဖော်ဖြစ်သည့် “ဝေမာ”နှင့်စကားခဏပြောရင်း ပစ္စည်းတွေကို တဖြည်းဖြည်းချင်းနေရာချထားလိုက်သည်။ 

ပစ္စည်းတွေနေရာချအပြီး ခရီးကလည်း ပန်းလာသည်နှင့် ခဏလှဲလိုက်တာ မည်မျှကြာသွားသည်မသိ။ ညနေစောင်း “ဝေမာ” လာနှိုးမှ နှိုးတော့သည်။ အိပ်ယာက ကပျာကယာထကာ ရေမိုးချိုးပြီး ညစာစားဖို့ ပြင်ဆင်ရလေသည်။ အဆောင်သို့ စရောက်ရောက်ချင်း ထမင်းချက်ဖို့အဆင်မပြေသေးလေတော့ မေမေထည့်ပေးလိုက်သော ဟင်းတွေနှင့် “ဝေမာ” ချက်ထားသော ထမင်းကို နှစ်ယောက်သားအတူတူ ညစာစားဖြစ်လိုက်သည်။

ဒီလိုနဲ့ အဆောင်ရောက်ပြီး တစ်ပတ်အကြာမှာတော့ ကျောင်းတွေစဖွင့်လေပြီ။ အဆောင်ကနေ “ဝေမာ”နှင့်အတူတူ ထွက်လာသော်လည်း နှစ်ယောက်သားက မေဂျာမတူကြသည်မို့ ကျောင်းမုခ်ဦးကတည်းက ကိုယ်တက်ရမည့် ကျောင်းဆောင်ဆီသို့ အသီးသီးလမ်းခွဲလာလိုက်ကြသည်။

ကျောင်းခန်းထဲရောက်သည်နှင့် အလယ်တန်းတစ်နေရာမှာ နေရာယူရင်း ပထမဆုံးစာသင်ချိန်ကိုစောင့်ရင်း “ငါ ဘယ်လိုသူငယ်ချင်းမျိုးတွေနဲ့ ကြုံရမှာပါလိမ့်”လို့ တွေးနေတုန်း “အတူတူထိုင်မယ်နော်”လို့ နှုတ်ဆက်ရင်း ဘေးနားဝင်ထိုင်လိုက်သည်က ကောင်မလေးတစ်ယောက်နှင့် ကောင်လေးတစ်ယောက်။
ဒီလိုနဲ့ တစ်ယောက်ကို တစ်ယောက်မိတ်ဆက်ရင်း ကျွန်မရဲ့တက္ကသိုလ်က သူငယ်ချင်း (၂)ယောက်ရရှိခဲ့သည်။ ကောင်မလေးနာမည်က “နှင်းဖြူ” … ကောင်လေးနာမည်က “ထက်ပိုင်”တဲ့။

ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်အစအထိ ကျွန်မတို့ တတွဲတွဲနှင့်အလွန်ခင်ခဲ့ကြပါသည်။ မေမေလည်း ကျွန်မရှိရာသို့ နယ်ကနေ မကြာခဏတက်လာပြီး စိုးရိမ်စိတ်တွေ သမီးကို လွမ်းတဲ့စိတ်တွေနဲ့ တပူပူတဆူဆူဖြစ်သည့်အပြင် ကျွန်မသူငယ်ချင်း (၂)ယောက်ကို “သမီးနော် … ကောင်လေးက မဆိုးပေမယ့် … သမီးသူငယ်ချင်း ကောင်မလေး နေပုံထိုင်ပုံကို မေမေမကြိုက်ဘူး … ကိုယ်ပေါင်းစိတ်ခွာနေပါလို့” ပြောတိုင်းလည်း သားအမိတွေ စကားများခဲ့ရသေးသည်။ ဒီလိုနဲ့ပဲ ကျွန်မတို့အတွက် တတိယနှစ်ဆိုသည့် နောက်ဆုံးနှစ်သို့ ရောက်ရှိလာခဲ့လေပြီ။ နှစ်စမှာတော့ ဘာပြဿနာမှမရှိပေမယ့် ပထမနှစ်ဝက်စာမေးပွဲနီးလာချိန်မှာတော့ ပြဿနာအစပျိုးလာလေပြီ။

ကျွန်မသူငယ်ချင်း “နှင်းဖြူ”က ချစ်ဖို့ကောင်းသည်။ ချစ်ဖို့ကောင်းသည့်အလျောက် လူကြိုက်လည်းများသည်။ ယောကျ်ားလေးတွေရဲ့ ချစ်ခြင်းဖွင့်ဟသည်ကိုလည်း မကြာခဏကြုံရသည်။ ချစ်ခင်သူတွေ ဘယ်လောက်များများ “နှင်းဖြူ”တစ်ယောက် မည်သူ့အချစ်မှ လက်မခံပါဘဲနှင့် ကျွန်မတို့နှင့်သာ တတွဲတွဲနေခဲ့သည်။ ဒါပေမယ့် တတိယနှစ်ရဲ့ ပထမနှစ်ဝက်စာမေးပွဲဖြေကာနီးမှာတော့ မည်သည့်အချိန်က ထားလိုက်သောရည်းစား၏အရှုပ်အရှင်းပြဿနာကို ကျွန်မအား ဖွင့်ဟတိုင်ပင်လေတော့သည်။

“ဆုခေတ်နဲ့ ထက်ပိုင် … ငါ နင်တို့ကို တိုင်ပင်စရာရှိတယ် … ဒါပေမယ့် ဘယ်သူ့ကိုမှ ပြန်မပြောပြပါဘူးလို့တော့ ကတိပေးနော်”
ကျွန်မ နှင်းဖြူ ပြောလာမည့် စကားကို တိတ်ဆိတ်စွာ နားထောင်နေမိသည်။ နှင်းဖြူက စကားစကိုဆက်ကာ-

“ငါလေ လွန်ခဲ့သော ၅ လလောက်က နင်တို့မသိတဲ့ သူတစ်ယောက်ရဲ့ အချစ်ကို လက်ခံခဲ့တယ် … နင်တို့ကို အသိပေးရင်လည်း ငါ့ကိုဆူမှာကြောက်လို့လေ … သူက နယ်ဘက်ကဆိုတော့ ငါ သူနဲ့မကြာခဏမတွေ့ဖြစ်ပါဘူး … ဒါပေမယ့် ပြီးခဲ့တဲ့ ၃ လလောက်က သူနယ်က ခဏတက်လာတော့ ငါတို့နှစ်ယောက် ချိန်းတွေ့ဖြစ်ခဲ့တယ် … ချိန်းတွေ့ဖြစ်ရင်းနဲ့လေ …”

စကားသံထပ်ထွက်မလာတော့တဲ့ “နှင်းဖြူ”ကို ကြည့်ရင်း သူမဘာပြောချင်လဲဆိုတာ ကျွန်မသိလိုက်ပါပြီ။

“နှင်းဖြူ … သူငယ်ချင်း နင် တစ်ခုခုထူးခြားနေပြီလား … ဘယ်လောက်တောင်ရှိနေပြီလဲ”

“နှစ်လထဲ ရောက်နေပြီ ဆုခေတ် ရယ် … ငါလည်း မစဉ်းစားတတ်တော့ဘူး … အမေတို့သာသိရင် ငါ့ကိုသတ်လိမ့်မယ် … သူ့ကိုလည်း ငါ အဆက်အသွယ်လုပ်ထားတာ ရန်ကုန်တက်လာခဲ့မယ်လို့တော့ ပြောတယ် … ဘယ်လိုလုပ်ရမလဲဟင်”

ကျွန်မ နှင်းဖြူ ကိုကြည့်ရင်း အကြံအိုက်သွားမိသည်။ ဒီကိစ္စက ပေါ့တန်တန်သဘောထားလို့မရ …။ ချက်ချင်း မင်္ဂလာဆောင်နိုင်ဖို့ စီစဉ်လျှင်လည်း နှင်းဖြူ မိဘတွေကို အရင်အသိပေးဖို့လိုပေလိမ့်မည်။ ဘယ်လိုလုပ်ရပါ့ …။

သူငယ်ချင်းမလေး “နှင်းဖြူ”အတွက် ကျွန်မစိတ်သောကများစွာဖြင့် ဖြတ်သန်းရင်း ရက်သတ္တပတ်အကြာမှာတော့ ကျွန်မအဆောင်ဆီသို့ မေမေရောက်လာခဲ့သည်။ မေမေနဲ့စကားပြောနေရင်းမှာတော့ အောက်ထပ်က အဆောင်မှူးက “ဆုခေတ်ရေ … ဧည့်သည်” လို့လှမ်းခေါ်လိုက်တော့ ကျွန်မ ခဏအောက်ထပ်ဆင်းလာလိုက်သည်။
အောက်ထပ်က ဧည့်ခန်းမှာစောင့်နေသူက နှင်းဖြူရဲ့ မေမေ ..

“ဟာ … အန်တီ ဘာကိစ္စရှိလို့လဲဟင်”ဆိုတဲ့ ကျွန်မရဲ့ရိုးသားစွာမေးလိုက်မှုအပေါ် ပါးပြင်ပေါ်ကျရောက်လာသည့် လက်ဝါး၏စပ်ဖျဉ်းဖျဉ်းခံစားလိုက်ရသည့် တုံ့ပြန်မှုကို ကျွန်မ အံ့သြမှုနှင့်အတူ နာကျင်ဝမ်းနည်းသွားမိသည်။

“ဆုခေတ် … ညည်းကို အန်တီက သမီးသူငယ်ချင်းအဖြစ် မိတ်ဆက်ပေးကတည်းက သဘောမကျခဲ့ဘူး … တဇွတ်ထိုး တဇောက်ကန်း ဂျစ်ကန်ကန် ညည်းကို အန်တီ တစ်စက်ကလေးမှ မနှစ်မြို့ဘူး … ဒါပေမယ့် သမီးကလည်း ခင်မင်နေတာမို့ အန်တီဘာမှမပြောခဲ့ပေမယ့် အခု နှင်းဖြူ မဖုံးနိုင် မဖိနိုင် အရှက်တကွဲဖြစ်လာရတာ ညည်းတာဝန် မကင်းဘူး … ညည်းဘေးကနေ မြှောက်ထိုးပင့်ကော်လုပ်နေလို့ ငါ့သမီးဘဝ ရေစုန်မျောရတာ … အလကား လျှပ်ပေါ်လော်လီ အပေါင်းအသင်းတွေနဲ့ပေါင်းလို့ ဖြစ်ရတာ”

ဆက်တိုက်ပြောသွားသည့် နှင်းဖြူမေမေ့ရဲ့စကားသံတွေကို ကျွန်မကြားလိုက်ရတော့ စိတ်မကောင်းဖြစ်စွာ ဝမ်းနည်း ငိုကြွေးမိသည်။ အဆောင်က အခြားမိန်းကလေးတွေ ၀ိုင်းကြည့်နေကြသည့် ကြားမှာ ကျွန်မငိုကြွေးနေတုန်း-

“ဒီမှာ အစ်မကြီး … အစ်မကြီးပြောသွားသမျှတွေကို ကျွန်မဘာတစ်ခုမှ နားမလည်ပေမယ့် ကျွန်မသမီးကို ကျွန်မနားအလည်ဆုံး အသိဆုံး … ကျွန်မသမီးက တဇွတ်ထိုးလုပ်တတ်တဲ့ဆိုပေမယ့် မိဘအုပ်ထိန်းမှုအောက်မှာ လိမ်လိမ်မာမာ ကြီးပြင်းခဲ့တဲ့ ကလေးတစ်ယောက် … ကျွန်မသမီးကြောင့် ကျွန်မတို့ ဘယ်တုန်းကမှလည်း စိတ်မဆင်းရဲခဲ့ဖူးဘူး … အရှက်တကွဲလည်း မဖြစ်ဖူးဘူး … သားသမီးချင်း ကိုယ်ချင်းစာမှပေါ့ … ကိုယ့်သားသမီးမလိမ်မာတာနဲ့ပဲ ကျန်တဲ့ သူများသားသမီးတွေကို ဒီလိုပြောထွက်တာ ကောင်းသလား”

မေမေနဲ့ နှင်းဖြူ မေမေတို့ စကားအချေအတင်ပြောနေတုန်း ကျွန်မ ရှက်လွန်းလို့ ပြေးထွက်လာကာ အိပ်ယာထက်မှာ ငိုကြွေးနေမိသည်။ ခဏကြာတော့ မေမေ အခန်းထဲဝင်လာသည်။

“သမီး … ငိုမနေနဲ့ ဘာမှမဖြစ်ဘူး … မေမေ့သမီးအကြောင်း မေမေအသိဆုံး … ဘယ်သူတွေဘာပဲ အပြစ်ပြောပြော မေမေသမီးဟာ မေမေ့အတွက် အပြစ်ကင်းတဲ့ကလေးတစ်ယောက်လိုပဲ … မငိုနဲ့တော့နော် … တိတ်တော့”
မေမေက ကျွန်မကို နှစ်သိမ့်ပေးတော့ မေမေ့ရင်ခွင်ထဲ မျက်နှာအပ်လို့ ရှိုက်ကြီးတငင်ငိုကြွေးမိပြန်သည်။ ဒီလိုနဲ့ ကျွန်မနဲ့ နှင်းဖြူ တို့လဲ မတွေ့ဖြစ်တော့ …။ “နှင်းဖြူ တစ်ယောက် ကျောင်းကနေ အပြီးအပိုင်ထွက်သွားသည်” ဆိုသည့် သတင်းကိုသာ ထက်ပိုင် ထံမှတဆင့် ကြားလိုက်ရသည်။

**************************************************

ကျွန်မလည်း ဘွဲ့တွေရ … အလုပ်တွေဝင်ရင်းနဲ့ပဲ ကိုကိုနဲ့ ဖူးစာအကြောင်းပါရင်း အိမ်ထောင်ကျခဲ့သည်။ အခုဆို သားလေးလည်း (၄)နှစ်ပြည့်ပြီလို့ တွေးတောနေတုန်း “သမီးရေ … မေမေတို့ရောက်ပြီနော်”လို့ လှမ်းခေါ်သံကြားလိုက်တော့ ဝမ်းသာအားရ မေမေ့ရင်ခွင်ဆီသို့ အပြေးလေးသွားမိလိုက်သည်။


စာချစ်သူများကို အစဉ်လေးစားစွာဖြင့်
မိုးညချမ်း
10.7.2014 (1:53 p.m)

Friday, June 6, 2014

ရှိပါစေတော့


 
*အလွမ်းတွေနဲ့ တမ်းတမှုတွေကြား
သူ့နာမည်လေး တိတ်တဆိတ်
ရေရွတ်မိနေတုန်း ခေါ်သံလေးတောင်
ဆွံ့အသွားတယ် …

*ခါးသီးစွာ ပြောပစ်ခဲ့တဲ့
သူ့ရဲ့စကားလုံးတွေက
ငါ့နံနက်ခင်းကို မျက်ရည်စက်တွေ
ကျဆင်းစေခဲ့သလား?

*ကော်ဖီခါးခါးတစ်ခွက်
ဖျော်သောက်လိုက်ရင်တောင်
သူ့ကိုလွမ်းတဲ့အလွမ်းတွေလောက်
ခါးသက်မယ် မထင်တော့ဘူး …

*နွေဦးရဲ့ပူစပ်ပူလောင်
ရာသီဥတုကြားမှာ
ငါ့ရင်က နေဆယ်ဆင်းထွန်းလင်းနေတဲ့
သဲကန္တာရအလား?

*ငါချစ်ခဲ့ရတဲ့ အတိုင်းအဆ
တစ်စုံတစ်ရာကို ငါ့နှလုံးသားလေး
အသိဆုံးမို့ ''နားလည်မှုလွဲခြင်း''ဆိုတဲ့
အကြောင်းအရာလေးဆီရောက်တိုင်း
ငါတိတ်တိတ်လေးပဲ ငိုကြွေးပါရစေတော့ …


မိုးညချမ်း
9.3.2014 (8:45 a.m)

Monday, March 10, 2014

Known Fear & Unknown Fear




“အကြောက်တရား” ….. ဒီစကားလုံးလေးကို မကြာခဏ မြင်ဖူး၊ ကြားဖူးပေးမယ့် ကျွန်မအတွက် အကြောက်တရားတွေက ဘာတွေလဲဆိုတာကိုတော့ လေးလေးနက်နက်မစဉ်းစားခဲ့ဖူးတာအမှန်ပါ။ ခုတော့ မမစနိုးရဲ့အိမ်စာ တဂ်ပိုစ့်လေးရေးမယ် ဆိုတော့မှ ကိုယ့်ကိုကိုယ် ပြန်လည်ဆန်းစစ်ကြည့်လိုက်တဲ့အခါ !!!!!

အိုး …… ကျွန်မကြောက်လန့်နေတဲ့အရာတွေ အများကြီးပါပဲလား။ အထူးစဖြင့် ကွဲကွာခြင်းတွေ၊ သေဆုံးခြင်းတရားနဲ့ ဆက်နွယ်နေသော ချစ်တဲ့သူတွေနဲ့ သေကွဲကွဲမှာ၊ မိဘတွေနဲ့သေကွဲကွဲမှာ …. ကိုယ့်အတွက် ဘာမှမပြင်ဆင်ရသေးခင် ရုတ်တရက် သေဆုံးရမှာတွေကို တွေးမိတဲ့အခါ ရင်ထဲလှိုက်လှိုက်လှဲလှဲကို ဆို့နင့်ဝမ်းနည်းသွားမိတယ်။

ကြိုတင်သိမြင်နိုင်တဲ့အကြောက်တရား (Known Fear)

တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကျွန်မကိုယ်တိုင်လည်း သေဆုံးခြင်းနဲ့ ရင်ဆိုင်ရမှာဖြစ်သလို ကျွန်မချစ်တဲ့မိဘတွေနဲ့ သေကွဲကွဲမှာတွေကို တွေးရင်း ကျွန်မကြောက်လန့်နေမိပါလား။ ကျွန်မ မိဘတွေကို ခုချိန်ထိ သေချာကောင်းမွန်စွာ ကျေးဇူးမဆပ်နိုင်သေးပါဘူး။ ငယ်ငယ်ကလည်း ပညာသင်ရလို့၊ အရွယ်ရောက် ပညာစုံတော့လည်း ဝန်ထမ်းဘဝနဲ့ လစဉ်လောက်ငှရုံလစာလေးကို အပ်နိုင်ရုံမျှလောက်သာ တတ်နိုင်သေးသူ ကျွန်မအဖို့ မိဘတွေကို မတောင့်မတ မကြောင့်မကြထားနိုင်တဲ့ မိဘကျေးဇူးကို အပြည့်အဝဆပ်နိုင်တဲ့ သမီးတစ်ယောက်မဖြစ်ခင် ကျွန်မကို ဖေဖေ မေမေတို့ ခွဲခွာသွားမှာ ကြောက်နေမိပါတယ်။

ကျွန်မ မိဘတွေကို ကျွန်မကိုယ်ပိုင် သွေး၊ ချွေးနဲ့ရှာဖွေထားတဲ့ ငွေနဲ့ ဗုဒ္ဓဂါယာဘုရားဖူးပို့ချင်မိတဲ့ ကျွန်မစိတ်ကူးတွေ၊ ဟိုနားဒီနားသွားရင်တောင် သက်တောင့်သက်သာနဲ့ ကိုယ်ပိုင်ကားလေးစီးလို့ သွားစေချင်မိတဲ့ ကျွန်မစိတ်ကူးတွေ အများမှ အများကြီးပါပဲ။ ကျွန်မဟာ သိပ်ကိုစိတ်ကူးယဉ်ဆန်နေသော သမီးတစ်ယောက်ဖြစ်နေသလား မသိပေမယ့် ကျွန်မ မိဘတွေကိုတော့ တတ်နိုင်သလောက် ဇိမ်ခံကားကြီးတွေစီးလို့ အလှူအတန်းကို ရက်ရက်ရောရောလှူနိုင်တဲ့သူတွေ ဖြစ်အောင် ကျွန်မထားချင်ပါသေးတယ်။

ကျွန်မဖေဖေဟာ မျက်စိအမြင်အာရုံကောင်းကောင်းမရတဲ့သူမို့ ကျွန်မဟာ ဖေဖေရဲ့တောင်ဝှေးလေးတစ်ချောင်း ဖြစ်ချင်ပါသေးတယ်။ မေမေဟာ ခြေထောက်ကျိုး၊ လက်ကျိုးထားလို့ ဒုက္ခိတဖြစ်နေတဲ့အတွက် အချိန်ပြည့် မေမေ့နားမှာ နေရင်း လိုတရပြုလုပ်ပေးနိုင်တဲ့ သမီးတစ်ယောက်ဖြစ်ချင်မိပါသေးတယ်။ ဒါပေမယ့် ခုချိန်မှာတော့ ဝမ်းစာအတွက် ကုမ္ပဏီဝန်ထမ်း သမီးတစ်ယောက်အနေနဲ့ အနားမှာအချိန်ပြည့် မပြုစုနိုင်သေးသလို မလောက်မငှလစာလေးသာ အပ်နှံနိုင်တဲ့ သမီးတစ်ယောက်အဖြစ် ရပ်တည်နေရတုန်း၊ ကျွန်မ မိဘတွေကို ကျွန်မစိတ်ကူးတွေရဲ့ ဆယ်ခု တစ်ခုတောင် လုပ်ပေးခွင့် မရခင်မှာ ခွဲခွာသွားမှာကို ကြောက်လန့်နေမိပါတယ်။ လူဆိုတာ သေမျိုးချည်းပဲ။ တစ်ချိန်မှာ ခွဲခွာကြရမယ်ဆိုတာ သိသိကြီးနဲ့ကို ဖြေမဆည်နိုင်အောင် ကြောက်လန့်နေမိပါတယ်။

ကြိုတင်မသိမြင်နိုင်တဲ့အကြောက်တရား (Unknown Fear)

ကြိုတင် မသိမြင်နိုင်တဲ့ အကြောက်တရားဆိုရင်တော့ ကျွန်မ မသိ မမြင်ရဘဲ ကျွန်မကို မုန်းတဲ့သူပေါနေမှာကို ကြောက်မိတယ်။ လူဆိုတာ စိတ်အခန့်မသင့်လို့ပဲ ဖြစ်ဖြစ်၊ အကြောင်းအရာတစ်စုံတစ်ခု တိုက်ဆိုင်လို့ပဲဖြစ်ဖြစ် နာကြည်းတတ်၊ မုန်းသွားတတ်ကြတယ်။
ကျွန်မဆီမှာ ဘာရည်ရွယ်ချက်မှ မရှိပါဘဲ ကောင်းသောအလုပ်ကို အကောင်းဘက်ကတွေးလို့ လုပ်လိုက်မိခြင်းကနေ တစ်စုံတစ်ယောက်နဲ့ တစ်စုံတစ်ခုတိုက်ဆိုင်လို့ဘဲဖြစ်ဖြစ်၊ မရည်ရွယ်ဘဲ နာကျင်သွားစေတာကနေ ကျွန်မကို မုန်းတီး သွားကြမှာ ကြောက်ပါတယ်။ တစ်ကယ်လို့များ ကျွန်မဟာ မထင်မှတ်ဘဲ သေဆုံးသွားရမယ်ဆိုရင် ကျန်ခဲ့တဲ့သူတွေထဲမှာ ကျွန်မကို မုန်းတီးနေသူရှိနေပါလားဆိုတဲ့ အတွေးကြီးနဲ့ သေဆုံးမသွားချင်ပါဘူး။
ကျွန်မ ဘဝမှာ အတတ်နိုင်ဆုံး လူတစ်ဖက်သားကို မထိခိုက်စေအောင် ပြောဆိုနေထိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်မပတ်ဝန်းကျင်မှာ ကျွန်မကိုမုန်းသူထက် ချစ်တဲ့သူတွေသာ ရှိနေတာကိုလည်း ကျွန်မသိနေပါတယ်။ ဒါပေမယ့် အဲဒီချစ်တဲ့သူတွေကိုပဲ မထင်မှတ်တာ၊ မရည်ရွယ်တာဆိုတဲ့ အကြောင်းအရာတွေကနေ စိတ်အခန့်မသင့်ဖြစ်ရင်း မုန်းသွားမှာ နာကြည်းသွားမှာကို ကြိုမသိနိုင်တာမို့ တွေးရင်းကြောက်လန့်နေမိပါတယ်။

ဘယ်အရာက ကျွန်မကိုပိုကြောက်လန့်စေတာလဲ?

သေချာတာကတော့ ကြိုတင်သိမြင်ပြီးသားဖြစ်တဲ့ ကျွန်မ မိဘတွေနဲ့ ခွဲခွာရမှာကို ပိုကြောက်နေမိပါတယ်။ တွေးမိတိုင်း ထိတ်လန့်မိတယ်။ အားငယ်သွားမိတယ်။ အထူးသဖြင့် ကျွန်မ မိဘတွေကိုဖြည့်ဆည်းပေးချင်မိတဲ့ အိပ်မက်စိတ်ကူးတွေရဲ့ ဆယ်ခုမှာ တစ်ခုတောင် မဖြည့်ဆည်းပေးလိုက်ရမှာကို တွေးရင်းတွေးရင်းကို ကြောက်လန့်နေမိတာပါ။


စာချစ်သူများကိုအစဉ်လေးစားစွာဖြင့်
မိုးညချမ်း
9.3.2014 (8:55 p.m)

Saturday, November 30, 2013

ပျောက်ဆုံးခဲ့သောအဖြူရောင်



*သူရေးခြစ်ခဲ့တဲ့ 
အစိမ်းရောင်ပန်းချီကားတစ်ချပ်မှာ 
အလွမ်းတွေဖြန့်ကျက်လိုက်တော့ 
နှလုံးသွေးတွေ ရဲရဲနီကုန်တယ် …

*ငါ့ရဲ့ဘယ်ဘက်ရင်အုံကို 
ပြန်ဆန်းစစ်တော့ နှလုံးသားမှာ 
ရက်စက်ခြင်းဓါးဒဏ်ရာတွေအပြည့်နဲ့ …
 
*သူပေးခဲ့တာ ဒဏ်ရာခပ်နက်နက်ဆိုပေမယ့် 
ငါ့ကဗျာတွေနဲ့ ငါ့ညတွေဟာ 
အလွမ်းတွေနဲ့ပဲ လှပနေသယောင်ယောင် …
 
*အရောင်စုံစုတ်ချက်တွေနဲ့
သူရေးလက်စ ပန်းချီကားကို
လက်စသတ်အပြီးရေးဆွဲမယ် စိတ်ကူးထားပေမယ့် 
သေချာတာတော့ အဖြူရောင်မပါနိုင်တော့ဘူး …


မိုးညချမ်း
22.10.2013 (8:00 p.m)

Saturday, August 17, 2013

နာကျင်ခါးသက်စွာပြုံးခဲ့ရလေသော



အေးစက်တိတ်ဆိတ်နေသော ဆောင်းတွင်းရဲ့ ညချမ်းတစ်ရက်မှာ ကျွန်မအိပ်မပျော်နိုင်ဖြစ်နေသည်။ မနက်ဖြန်ဟာ ဒီဇင်ဘာလ (၂)ရက်နေ့။ ကျွန်မဝါသနာပါရာ အလုပ်တစ်ခုရဲ့ အောင်မြင်မှုကို လူအများသိရှိစေဖို့ လူအများရှေ့မှာ ချပြရမည့်နေ့ ဖြစ်သည်။ ကျွန်မရဲ့ Fashion Design ဆိုင်ဖွင့်ပွဲနေ့ဖြစ်သလို ကျွန်မသိပ်ချစ်ရသော မောင့်ရဲ့မွေးနေ့လည်းဖြစ်သည်။ ကျွန်မဘာကြောင့် ဆိုင်ဖွင့်ပွဲလုပ်မည့်နေ့ကို ဒီဇင်ဘာလ (၂)ရက်နေ့အား ရွေးချယ်ဖြစ်ခဲ့ပါသလဲ။ ဆိုင်နာမည်ကိုလည်း ဘာကြောင့် “ဖြူဆွတ်နှင်းဆီ”လို့ရော ကျွန်မရွေးချယ်သတ်မှတ်ခဲ့ပါသလဲ

“မောင့်ချစ်သူက စံပယ်နဲ့တူသော နှင်းဆီလေး”

“ဟင် … စံပယ်ဆို စံပယ် … နှင်းဆီဆို နှင်းဆီပေါ့ … မောင့်ခိုင်းနှိုင်းချက်ကြီးကလဲ ဘယ်လိုဖြစ်လို့ စံပယ်နဲ့တူသောနှင်းဆီ ဖြစ်ရတာလဲ မောင်ရဲ့”

“ချစ်က စိတ်ထားလေးရော၊ ဟန်ပန်တွေရော စံပယ်လိုဖြူစင်တယ် … ဒါပေမယ့် တစ်ခါတစ်လေမှာ ဆူးတွေနဲ့ဝန်းရံထားတဲ့ နှင်းဆီလိုပဲ … နားလည်ရခက်တယ်”

မောင့်ရဲ့ထူးဆန်းစွာ ခိုင်းနှိုင်းချက်လေးကို ကျွန်မသဘောကျစွာ ပြုံးရီခဲ့ဖူးပါသည်။ ကျွန်မသိသည်။ ကျွန်မသိသလို ကျွန်မ၏ အခင်မင်ရဆုံး၊ ကျွန်မကို နားအလည်ဆုံး မိတ်ဆွေ သူငယ်ချင်းတွေလည်း သိပါလိမ့်မည်။ ရက်တွေ၊ လတွေသာ ပြောင်းလဲ သွားသည်။ ကျွန်မသိပ်ချစ်သော မောင့်ကို ယနေ့ထိတိုင် မမေ့သေး။ မောင်ပေးသွားတဲ့ ဒဏ်ရာတွေ၊ နာကျင်ခြင်းတွေကြောင့် ကျွန်မ မောင့်ကိုမေ့သင့်နေပြီဟု ကိုယ့်စိတ်ကိုယ် ခဏခဏသတိပေးနေသလို သူငယ်ချင်း မိတ်ဆွေတွေကလည်း “နင်သူ့ကို တမ်းတနေတာတွေ တော်သင့်ပါပြီ … မေ့လိုက်သင့်ပါပြီ … နင့်စိတ်တွေ ပင်ပန်းလှ ပါပြီကွာ”လို့ ပြောနေကြသော်လည်း ကျွန်မ မိုက်မဲလှစွာဖြင့် မောင့်ကို မမေ့သေးပါ။

အိပ်မပျော်ခြင်း၊ မောင့်ကိုလွမ်းဆွတ်တမ်းတခြင်းတွေနဲ့အတူ “ဟင်း!!!! ... မောင်မရှိတော့တဲ့ အချိန်ကတည်းက ကျွန်မပန်းချီမဆွဲဖြစ်ခဲ့တာတောင် ကြာပေါ့ …”လို့တွေးရင်း အခန်းထောင့်က ဘီဒိုလေးထဲမှ ဒိုင်ယာရီစာအုပ်လေးကို ထုတ်ယူရင်း ကျွန်မကိုယ်တိုင်ရေးခြစ်ထားတဲ့ ပန်းချီကားချပ်လေးများကို မြင်တော့ ကျွန်မမျက်ရည်တွေကျမိလာသည်။

မောင်သည် ကဗျာတွေကို သိပ်နှစ်သက်သူတစ်ယောက်။ စိတ်ကူးကောင်းလေးတွေနဲ့ ကျွန်အတွက် ကဗျာလှလှလေးတွေ ဖန်တီးထုဆစ်တတ်သူတစ်ယောက်။ မောင်ရေးတဲ့ကဗျာလေးတွေကို ကျွန်မစိတ်ကူးလေးဖြင့် ပန်းချီကားတစ်ချပ်အဖြစ် ခြယ်မှုန်းပေးသည့်အခါ မောင်သဘောကျစွာဖြင့် “မောင့်ချစ်သူလေးက မောင့်အတွက် ဘုရားပေးတဲ့ဆုလာဒ်ကောင်းတစ်ခု ပါပဲကွာ”လို့ တဖွဖွပြောတတ်လေသည်။

****************************************

မောင်နဲ့ကျွန်မ ရိုးရိုးလေးပဲ ခင်ခဲ့ပါသည်။ ခင်မင်မှုသံယောဇဉ်အတိုင်းအတာ နက်ရှိုင်းလာသည်နဲ့အမျှ မောင့်အပေါ် တိတ်တခိုးချစ်ခဲ့မိသည်။ မောင့်မှာချစ်သူရှိတယ်လို့ သိလိုက်ရချိန်မှာ ကျွန်မအရမ်းကိုကြေကွဲဝမ်းနည်းခဲ့ရသည်။ ကျွန်မရဲ့ဝမ်းနည်းမှုတွေကို မောင်သိခဲ့ရချိန်မှာ မဟုတ်ပါဘူးဆိုတဲ့ မောင့်ရဲ့အသည်းအသန် ငြင်းဆိုမှုကြောင့် ကျွန်မပျော်ရွှင်ခဲ့ရပြန်ပါသည်။ မောင်နဲ့ကျွန်မဆုံစည်းပြီး (၆)လလောက်အကြာမှာ မောင်ကိုယ်တိုင် ကျွန်မကို “ချစ်နေပါတယ်”ဆိုတဲ့ ဝန်ခံခြင်းတွေနဲ့ မောင်နဲ့ပတ်သက်သမျှ ကိစ္စတစ်ချို့ဟာလည်း အရာရာကင်းရှင်း နေတာမို့ ကျွန်မအလွန်ပျော်ရွှင်ရင်ခုန်စွာနဲ့ပဲ မောင်ချစ်ခြင်းတွေကို လှစ်ဟဝန်ခံပြီး သိပ်မကြာခင်မှာပဲ မောင့်အချစ်ကို ကျွန်မလက်ခံ ဖြစ်ခဲ့ပါသည်။ မောင့်အချစ်ကိုလက်ခံခဲ့တုန်းက ကျွန်မဘက်က ချစ်နေတာမှန်ပေမယ့် စုံနှစ်လို့မချစ်ရဲခဲ့ပါဘူး။ သို့ပေမယ့် ကျွန်မအပေါ် မောင့်ရဲ့အနွံတာခြင်းတွေ၊ ကျွန်မကို သူမတူအောင်ချစ်ပြခြင်းတွေအပေါ်မှာ သာယာယစ်မူးလို့ မောင့်အပေါ် ကျွန်မနက်ရှိုင်းစွာချစ်ခဲ့မိသည်။

ဒီလိုနဲ့ပဲ မောင်နဲ့ကျွန်မတို့နှစ်ယောက်ဟာ အရမ်းချစ်ဖို့ကောင်းပြီး ရုပ်ချင်းလည်း ဆင်တယ်ဆိုတဲ့ အများက သတ်မှတ်ချက်ကလေးတွေရဲ့ကြားမှာ အလွန်ပျော်ရွှင်ကြည်နူးခဲ့ရဖူးပါသည်။ ပျော်ပျော်နေတတ်တဲ့၊ လူတစ်ဖက်သားကို စိတ်တူကိုယ်တူ ကူညီတတ်တဲ့ ကျွန်မတို့ချစ်သူနှစ်ယောက်ကို မိတ်ဆွေသူငယ်ချင်းအားလုံးကလည်း ချစ်ကြသည််။ အကြိုက်ချင်းဆိုလည်း ကြက်ဥမှာ မောင်က အကာကြိုက်ရင် ကျွန်မက အနှစ်စားတတ်သလို ကန်စွန်းရွက်ကြော်ဆို ကျွန်မအရွက်ကြိုက်ရင် မောင်ကအရိုးစားလို့ တစ်ယောက်နဲ့တစ်ယောက် ညှိယူစရာမလိုတဲ့ နားလည်မှုတွေနဲ့ပဲ အချစ်တွေပိုခဲ့ကြပါသည်။ တစ်ယောက်နေမကောင်းဘူးဆိုရင် တစ်ယောက်က ပျာယာခတ်အောင်ဂရုစိုက်လို့ ပျော်ရွှင်မှု တွေကို ပိုင်ဆိုင်ရင်း ကျွန်မတို့ရဲ့ခရီးလမ်းလေးဟာလည်း အရမ်းကိုလှပခဲ့ပါသည်။ အများတကာရဲ့အမြင်ယူဆချက် အလွန်ချစ်စရာကောင်းပြီး လိုက်ဖက်တဲ့စုံတွဲလေးအဖြစ် တစ်ယောက်ရဲ့နာကျင်မှုတွေကို တစ်ယောက်မျှဝေလို့ ပျော်ရွှင်မှုတွေဆိုလည်း အတူတူမျှဝေ ခံစားလို့ အများကအားကျရလောက်အောင် ချစ်ပြခဲ့ကြဖူးပါသည်။

မထင်မှတ်တဲ့တစ်ရက်မှာ မောင့်ရဲ့မိဘတွေက မိန်းကလေးတစ်ယောက်နဲ့ မောင့်ကိုပေးစားဖို့ သဘောတူထားပြီးသား ဆိုတဲ့ အကြောင်းတွေကို ကျွန်မသိခဲ့ရလို့ တစ်ညလုံးမအိပ်နိုင်ဘဲ နာကျင်စွာ ငိုကြွေးနေတဲ့ ကျွန်မကို  “ချစ်လေးရယ် … အဲဒီကောင်မလေးကို မောင်မချစ်ပါဘူး”ဆိုတဲ့ ပျာပျာသလဲရှင်းပြခြင်းတွေနဲ့အတူ  တစ်ညလုံးမအိပ်ဘဲ ဖုန်းတွေပြောရင်း ကျွန်မအိပ်ပျော်သွားသည်ထိ ဖုန်းထဲမှာ ချော့သိပ်ခဲ့တဲ့ မောင့်ကို ကျွန်မပိုလို့ အချစ်တိုးခဲ့ပြန်ပါသည်။

ချစ်သူသက်တမ်းကြာလာတာနှင့်အမျှ မောင့်ကိုပိုချစ်မိလေ မောင်နဲ့မခွဲနိုင်လေ မောင်နဲ့ဘဝတစ်ခုထူထောင်ချင်လေ ဖြစ်လာသည်။ အများတကာ ချစ်သူသမီးရည်းစားတွေကြားမှာ ရှေ့ဆက်အနာဂတ်ခရီးလမ်းအတွက် အစီအစဉ်တွေနဲ့ ပြည့်နှက်နေမလား မသိပေမယ့် ကျွန်မနဲ့ မောင့်ရဲ့ ချစ်ခြင်းနေ့ရက်တွေမှာတော့ မောင့်ရဲ့ကဗျာတွေအကြောင်း၊ မောင့်ပတ်ဝန်းကျင်က လူတွေအကြောင်း၊ မောင့်သူငယ်ချင်းတွေအကြောင်းသာ ပြည့်နှက်နေခဲ့သည်။

“မောင်ရေ … လာမယ့်တနင်္ဂနွေနေ့ကျရင်လေ ချစ်လေးသူငယ်ချင်းတစ်ယောက်မင်္ဂလာဆောင်ရှိတယ် … လိုက်ခဲ့ပေး ပါနော် … မောင်နဲ့အတူတူပွဲတက်ချင်လို့”

“မလိုက်ချင်ပါဘူး ချစ်ရယ် … မောင် လူတွေအများကြီးကြားမှာ မနေတတ်ဘူး”

ကျွန်မမိသားစု သူငယ်ချင်းမိတ်ဆွေအသိုင်းဝိုင်းထဲသို့လဲ မောင်ဝင်မလာခဲ့သလို မောင့်ရဲ့မိသားစု မိတ်ဆွေသူငယ်ချင်း အသိုင်းအဝိုင်းထဲသို့လဲ ကျွန်မဝင်ရောက်ခွင့်မရခဲ့ပေ။ သို့ပေမယ့် “မောင်လဲ သူ့စိတ်ကူးနဲ့သူ ရှိမှာပေါ့လေ”လို့ ရိုးရိုးလေးသာ တွေးခဲ့ပါသည်။

ကျွန်မမိသားစုအသိုင်းအဝိုင်းမှာ ကျွန်မက အလွန်ထက်မြတ်လိမ္မာသော မိန်းကလေးတစ်ယောက်ဖြစ်နေပေမယ့် မောင့်ရှေ့ရောက်ရင်တော့ မောင့်ကိုသာ ရှေ့တန်းတင်ပြီး မောင့်ရဲ့ဦးဆောင်မှုနောက်က အသာလေးလိုက်ပါနေတဲ့ ခပ်နုံနံအအမိန်းကလေး တစ်ယောက်ဖြစ်မှန်း မသိဖြစ်လာခဲ့သည်။ သို့ပေမယ့် ကျွန်မကျေနပ်ပါသည်။ မောင်ဟာ ကျွန်မဘဝရဲ့သခင်ဖြစ်သည်။ ကျွန်မဘဝရဲ့အလင်းရောင်ဖြစ်ခဲ့ပါသည်။

တစ်ကယ်တော့ မောင်က ကျွန်မအား လေပြေအေးလေးနဲ့ ဆော့ကစားနေခြင်းကို ကျွန်မသတိမထားမိခဲ့။ ကျွန်မ မောင့်ကို  အကြောင်းပြချက်မရှိ ချစ်ခဲ့မိပေမယ့် မောင်ကတော့ ကျွန်မကို အထင်ကြီးခြင်း၊ လေးစားခြင်းတွေနဲ့ ချစ်ခဲ့မိသည်တဲ့လေ။ အချစ်မှာ ဘာကြောင့်ချစ်တယ်ဆိုတဲ့ အကြောင်းပြချက်မလိုဘူးလို့ ကျွန်မကြားဖူးထားတာ မောင်က အကြောင်းပြချက် တွေနဲ့ ကျွန်မကို ချစ်ခဲ့သည်ဆိုတော့ တစ်ကယ်မချစ်လို့များလား ဆိုတဲ့ သံသယတွေနဲ့ ပူလောင်ခဲ့ဖူးသည်။

ချစ်သူသက်တမ်းတလျှောက် မောင့်အကြောင်းကို ကျွန်မရေရေရာရာမသိ။ သို့သော်လဲ ကျွန်မ မောင့်ကို ချစ်သည်။ မောင့်အိမ်သို့ပင် မရောက်ဖူးခဲ့ပေမယ့် ကျွန်မအိမ်သို့ မောင်အခေါက်ပေါင်းများစွာ ရောက်ခဲ့ပြီး ကျွန်မမိသားစု ဆွေမျိုးအသိုင်းအဝိုင်းနှင့်ပင် ရင်းနှီးကျွမ်းဝင်နေလေပြီ။

တစ်ခါတစ်ရံမှာ ကျွန်မ မိတ်ဆွေ၊ သူငယ်ချင်းတွေရဲ့ မောင်နှင့်ပတ်သက်သမျှ သတင်းအစအနတွေ၊ သတိပေးစကားတွေ အားလုံးကိုု ကျွန်မလျစ်လျူရှုပယ်ချပစ်ခဲ့သည်။ မောင်သာ ကျွန်မအနားမှာရှိနေလျှင် အရာရာပြည့်စုံနေသည်ဆိုသော အတွေးတွေဖြင့် ကျွန်မမိတ်ဆွေအသိုင်းအဝိုင်းနဲ့ ဝေးမှန်းမသိ ဝေးကွာလာခဲ့ပြီး ကျွန်မမိသားစုနဲ့လည်း အတိုက်အခံပေါင်း များစွာကြားထဲမှ မောင့်ကိုကျွန်မ ဘဝလက်တွဲဖော်အဖြစ် လက်ထပ်ရန် အခိုင်အမာရွေးချယ်ခဲ့သည်။ တစ်ကယ်တမ်းတော့ ကျွန်မဘက်ကသာ စိတ်ကူးတွေယဉ်နေခဲ့မိတာ မောင့်ဘက်က လက်ထပ်ဖို့အရေး တစ်ခွန်းမျှ မဟခဲ့ပေ။

ကျွန်မ မောင့်အကြောင်းတစ်ချို့ သိလာရချိန်မှာ အံ့သြဝမ်းနည်း နာကျင်ခြင်းတွေ ပြည့်နှက်နေခဲ့သည်။ မောင်က အိမ်က ပေးစားမည့် ကောင်မလေးနှင့်လည်း လှပသောအချစ်ဇာတ်လမ်းတစ်ပုဒ် ရှိနေသည်တဲ့လေ။ ကျွန်မအနားက မောင်ထွက်ခွာသွားမှာ စိုးရိမ်တဲ့စိတ်တွေနဲ့ နာကျင်ခြင်းတွေ ထွေးပိုက်ရင်း မသိချင်ယောင်ဆောင်နေခဲ့သည်။

ကျွန်မသူငယ်ချင်းတစ်ယောက်ရဲ့ ရှူတင်ရိုက်ကွင်းတစ်ခုအတွက် ပန်းခြံတစ်ခုထဲသို့ လိုက်လာမိတဲ့တစ်ရက်မှာတော့ မောင်နဲ့ မိန်းကလေးတစ်ယောက်တို့ ခုံတန်းလျားတစ်ခုမှာထိုင်ရင်း ချစ်ရည်လူးကာနမ်းရှုံ့နေသည်ကို ကျွန်မကိုယ်တိုင် မျက်စိဖြင့်တပ်အပ်မြင်လိုက်ရချိန်မှာ မျက်ရည်တောင်မကျနိုင်ဘဲ ကြက်သေသေလို့ မောင်တို့အနားမှာ ကြောင်ပြီး ရပ်ကြည့်နေခဲ့မိသည်။ တစ်ကိုယ်လုံး တုံချိနွမ်းခွေလို့ ထိုနေရာလေးမှာဘဲ အငွေ့အဖြစ်ပျောက်ကွယ်သွားချင်မိသည်။ ပြန်လှည့်ဖို့ကြိုးစားတိုင်း ဆွဲငင်အားတစ်ခုက ဆွဲထားသလို ထိုနေရာမှခြေတဖဝါးမှ မရွေ့နိုင်ခဲ့ဘဲ မောင်တို့နှစ်ယောက် ကိုသာ စိုက်ကြည့်နေခဲ့မိသည်။

“မောင် အိမ်ထောင်ပြုရမှာ ကြောက်တယ် … ဒါပေမယ့် မောင်က ယောကျ်ားကောင်း သိပ်ဖြစ်ချင်တာကွ”

ယောကျ်ားကောင်း သိပ်ဖြစ်ချင်သတဲ့လား မောင်ရယ်။ ဖြစ်ရပါစေမည်။ ကျွန်မအတွက်နဲ့ မောင်ဘယ်တော့မှ ယောကျ်ားကောင်းဖြစ်ချင်သည့်စိတ်ကို မပြောင်းလဲစေရပါ။ မောင့်ဘဝထဲက ကျွန်မထွက်သွားပေးလျှင် အခြားမိန်းကလေး တစ်ယောက်အတွက် မောင်က ယောကျ်ားကောင်းတစ်ယောက် ဖြစ်ခွင့်ရနေအုံးမှာပါ။
မောင့်ဘဝထဲက ကျွန်မပျောက်ကွယ်ပေးဖို့ ကြိုးစားသည်။ မောင့်ကိုမေ့ဖို့ ကြိုးစားလေ မောင့်ကိုသတိရလွမ်းဆွတ်လေ ဖြစ်နေရသည်။ မျက်ရည်များကြားက မောင့်ကိုခါးခါးသီးသီးမုန်းဖို့ ကြိုးစားရင်း မောင်နဲ့အဆက်အသွယ်ပြတ်နေသော တစ်လတိတိပြည့်တဲ့နေ့မှာ ကျွန်မအတွက် မောင်ရေးပြီး လာပို့သွားတဲ့ ကဗျာတစ်ပုဒ်ကို ဖတ်လိုက်ရချိန်မှာ ကျွန်မမာန တွေအကုန်အရည်ပျော်ကျကုန်ပြန်ပါပြီ။

“လူအဖြစ်ကို ပြန်လည်ရရှိစေတဲ့ ဝရန်တာလေး
ညညဆို ခဏခဏနိုးတတ်တဲ့ ဇီးကွက်တစ်ပိုင်းမလေး နေထိုင်ရာ အိမ်ပြူးပြူးလေး
အိပ်စက်နေသလား၊ မောင့်ကို နင့်နင့်သီးသီးမုန်းတီးနေသလားကွယ်…။
စည်းရိုးတံခါးပိတ်ထားပေမယ့် ပြတင်းဝကတော့ သခင်မကို လရောင်ဖျန်းရင်း
လေပြည်နဲ့ချော့သိပ်နေလေရဲ့ လမ်းမကြီးရဲ့ အထီးကျန်မှုကို
မချိပြုံးတောင် မစွန့်ကျဲခဲ့နိုင်တဲ့အကောင်
လွန်ခဲ့တဲ့ တစ်နာရီက ဘီယာဟောင်းနဲ့ အိပ်ပျက်အောင်ကို ခေါင်းကိုက်ပစ်လိုက်တယ်
အိပ်မက်ခွင့်တော့ ပြုဦးကွယ် …။”

မောင့်ကဗျာလေးကို ဖတ်ပြီး နွေးထွေးသော မောင့်ရင်ခွင်ဆီ အမှတ်မရှိ ကျွန်မပြန်သွားခဲ့မိပါသည်။ မောင့်ရဲ့ချိုမြိန်တဲ့ ယုယခြင်းတွေ အောက်မှာ သာယာမိပြန်ပါသည်။

“ချစ်လေးကို မောင်လက်ထပ်မယ် … မောင့်ကို အချိန်တစ်ခုတော့ ပေးပါကွာ”

မောင့်ဆီက လက်ထပ်မယ်ဆိုတဲ့ စကားတစ်ခွန်းကို ကြားမိတုန်းက အပျော်ဆုံးလူသားတစ်ယောက် ဖြစ်ခဲ့ရသည်။ မောင့်မိဘတွေ သဘောတူထားတဲ့မိန်းကလေးနဲ့ စေ့စပ်ပွဲကျင်းပပြီး မင်္ဂလာဆောင်ပေးကြမယ်လို့ စီစဉ်ကြတော့ ကျွန်မထိတ်လန့်စွာဝမ်းနည်းမိရပြန်သည်။

“မောင် … ဘယ်လိုလုပ်မှာလဲဟင် … ချစ်လေး မောင့်ကို မခွဲနိုင်ဘူး”

“ချစ်လေး သတ္တိရှိလား … မောင့်နောက်လိုက်ရဲလား … ချစ်လေးကို မောင်ခိုးပြေးမယ်ကွာ”

“ဘယ်ကို သွားကြမှာလဲ မောင်ရဲ့ … ချစ်လေး အဖေနဲ့ အမေကို မပြောရဲဘူး … ကြောက်တယ်”

“ဒီလိုလုပ်ကွာ … မောင့်အိမ်ကိုရော … ချစ်လေးအိမ်ကိုရော သူငယ်ချင်းတွေနဲ့ ခရီးသွားကြတယ်ဆိုပြီး ပြောခဲ့ကြမယ် … ဒါဆို သူတို့လည်းချက်ချင်းလိုက်မရှာနိုင်ဘူး … အချိန်နည်းနည်းကြာမှ မောင်တို့ပြန်လာကြမယ်”

ဒီလိုနဲ့ပဲ မောင်နဲ့ကျွန်မတို့ အစီအစဉ်မကျစွာဘဲ ခိုးပြေးဖြစ်ခဲ့ကြသည်။ ကျွန်မတို့နှစ်ယောက်ရဲ့ နေ့ရက်အချိန်တွေ လှပခဲ့သည်။ မောင့်ရဲ့ယုယမှု အနမ်းများစွာအောက်မှာဘဲ ရှေ့ဆက်ဘဝခရီးအတွက် ကျွန်မအားအင်တွေ စိတ်ကူးတွေနဲ့ ပြည့်ခဲ့သည်။ သို့ပေမယ့် သာယာမှုတွေဟာ တစ်ပတ်ပါပဲ။ မောင့်ကိုယုံပြီး မောင့်နောက်ကို လိုက်ခဲ့ကာ ပျော်ရွှင်မှု ခံစားရတာ တစ်ပတ်အကြာမှာတော့ ရုတ်တရက်မောင်ပျောက်သွားခဲ့သည်။ မောင့်ဆီသို့ အဆက်အသွယ် လုပ်ကြည့် သော်လည်း အဆင်မပြေခဲ့။ မောင်နဲ့အဆက်အသွယ်မရသည့်အဆုံးမှာတော့ ကျွန်မမိသားစုဆီ ပြန်ခဲ့ရလေသည်။

မောင်ပျောက်ဆုံးသွားပြီး နှစ်လလောက်အကြာမှာတော့ ကျွန်မတွင်ကိုယ်ဝန်ရှိလာခဲ့သည်။ ထိတ်လန့်စွာဖြင့် အရင်းနှီးဆုံး သူငယ်ချင်းတွေကို တိုင်ပင်အကြံဉာဏ်တောင်းကြည့်ရတော့သည်။

“လုပ်ပါအုံး ဖြူရယ် … ငါ့မှာ မောင်နဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီ … မောင့်ကိုလည်း အဆက်အသွယ်မရဘူး … ငါဘယ်လိုလုပ်ရ မလဲမသိတော့ဘူး … အိမ်ကသိရင် ငါ့ကိုသတ်လိမ့်မယ်”

“စိတ်အေးအေးထားပါ ပန်းခေတ်ရယ် … ငါတို့ မင်းထက်ကို ဆက်သွယ်ကြည့်ပါအုံးမယ် … ခုချိန်မှာ နင်စိတ်ကို သက်သာ ရာရအောင်သာ ကြိုးစားနေ … ကျန်းမာနေမှဖြစ်မယ်နော်”

သူငယ်ချင်းတွေရဲ့ဝိုင်းဝန်းကူညီမှုနဲ့ပဲ မောင့်ကိုအဆက်အသွယ်ပြန်ရခဲ့ပါသည်။ မောင့်ကိုမထင်မှတ်ဘဲ မောင့်အိမ်ကပြန်ရှာ တွေ့သွားလို့ဆိုတဲ့ စကားနဲ့ နှစ်သိမ့်ပေးကာ ကျွန်မကို ဂရုတစိုက်ရှိလာပြန်သည်။ အိမ်ကမိဘတွေ သိမှာစိုးရိမ်ရင်း တစ်ဖက်ကလည်း ရှေ့ဆက်ဘယ်လို လုပ်ကြမလဲလို့ မောင်နဲ့တိုင်ပင်ရင်း ကိုယ်ဝန်အား ဖျက်ချရန်ပြောသည့်အခါမျိုးတွင် မောင်နဲ့ကျွန်မ အကြီးအကျယ်စကားများရပါသည်။

ကျွန်မအတွက် မောင့်ရဲ့ရင်သွေးလေးဟာတန်ဖိုးကြီးမားလှသော ဆုလာဒ်တစ်ခုဖြစ်နေပေမယ့် မောင့်အတွက်တော့ လွန်စွာကြီးမားသော မှားယွင်းမှုတစ်ခုဖြစ်နေခဲ့လေတော့သည်။ အကြိမ်ကြိမ်အခါခါ ကလေးအားဖျက်ချရန်ပြောသည်။ မျက်ရည်များကြားကပဲ ကျွန်မက အသည်းအသန်တောင်းပန်ပြန်လျှင် မောင်စိတ်လျှော့သွားပြန်သည်။

“မောင် ဒီကလေးကိုယူဖို့ ဘယ်လိုမှအဆင်မပြေဘူး ချစ်ရယ် … မောင့်ဘက်က ဘာမှအဆင်သင့်မဖြစ်သေးဘူး … မောင် ကလေးအဖေမဖြစ်ချင်သေးဘူး … ကလေးကိုမယူပါနဲ့အုံးနော်”

“မောင် ပြောရက်လေတယ်ကွယ် … မောင်ကလေးကို တာဝန်မယူပေးနိုင်ဘူးဆိုရင်လဲ ချစ်တစ်ယောက်တည်း ရအောင် မွေးမယ် … မောင်မပါဘဲ အဝေးတစ်နေရာကို ချစ်တစ်ယောက်ထဲ ထွက်ပြေးမယ် … နောက်ကိုလည်း ဒီကလေးကြောင့် မောင့်ကို အကြောင်းပြချက်တွေနဲ့ လာပတ်သက်နေလိမ့်မယ်လို့တော့ မထင်နဲ့”

မောင်က ကလေးကိုဖျက်ချဖို့ပြောတိုင်း ကျွန်မငြင်းသည်။ ရင်ထဲမှာလည်း နာကျင်လှသည်။ မောင်ဟာ ကျွန်မကို တစ်ကယ်ရော ချစ်ခဲ့ပါသလားဆိုတဲ့ သံသယတွေနဲ့ ထိတ်လန့်နေခဲ့ရသည်။ တစ်ရက်မှာတော့ မောင်နဲ့မောင့်သူငယ်ချင်း တို့ ကျွန်မကိုဆေးခန်းတစ်ခုဆီသို့ ခေါ်လာရင်း ကလေးဖျက်ချဖို့စီစဉ်ကြပါလေတော့သည်။ ကျွန်မသေလုမျောပါး အလွန်နာကျင် ဝမ်းနည်းခဲ့ရသည်။ လုပ်ရက်လိုက်တာ မောင်ရယ်။

ဆေးခန်းကပြန်လာပြီးနောက်ပိုင်း ကျွန်မဆီမှာ ကလေးလုံးဝမရှိတော့ဘူးလို့ မောင်သေချာစွာသိခဲ့ရတဲ့အချိန်ကစလို့ မောင်ကျွန်မဘဝထဲက လုံးဝပျောက်ကွယ်သွားခဲ့ပါတော့သည်။

****************************************

“ကျွန်မကိုအထင်ကြီးခြင်းတွေ၊ လေးစားခြင်းတွေနဲ့ ချစ်ခဲ့ရတာပါဆိုတဲ့ မောင့်ရဲ့ချစ်ခြင်းတွေကို ယုံကြည်ပြီး မောင့်ရဲ့ယောကျ်ားမာနကို ထိခိုက်မှာစိုးလို့ မောင့်ရဲ့ဦးဆောင်မှုတွေနောက်မှာ တိုးတိတ်ဆိတ်ငြိမ်စွာ လိုက်ပါစီးမျောရင်း ခပ်နုံနုံအအ မိန်းမတစ်ယောက်အဖြစ် မောင့်ဘက်က သတ်မှတ်သွားချိန်မှာတော့ အကြောင်းပြချက်မဲ့စွာ တိတ်တဆိတ်ထွက်ခွာခြင်းတွေနဲ့ ကျွန်မရင်ခွင်ကို ကျောခိုင်းသွားခဲ့တယ် … စိတ်ချနေလိုက်ပါ မောင်!!!! မောင့်ရဲ့အချစ်တွေမှာမျောလွင့်ခဲ့ပြီး မောင့်ရဲ့ရှုပ်ထွေးခြင်းပြဇာတ်တွေကို အစစအရာရာ နားလည်ခွင့်လွှတ်ပေးထားတဲ့ နုံအအ ဖြစ်သွားခဲ့ရတဲ့ မောင့်ရဲ့ချစ်သူ ကျွန်မကထက်မြတ်တဲ့ မိန်းမတစ်ယောက်အဖြစ်ပဲ ပြန်လည်ရပ်တည်ဦးမော့မှာပါ။”

****************************************

အကြောင်းပြချက်မရှိ မောင့်ဘက်က ရက်စက်စွာ စွန့်ပစ်ခဲ့သော မိန်းမတစ်ယောက်က နာကျင်ခြင်းဒဏ်ရာတွေအပြည့်နဲ့ လဲကျသွားခဲ့ပေမယ့် မတ်မတ်ပြန်ရပ်နိုင်အောင် ကျွန်မကြိုးစားခဲ့သည်။ နာကျင်ရတိုင်း မောင့်ကို လွမ်းမိသည်။ မောင့်ကို လွမ်းမိတိုင်း ကျွန်မကြိုးစားသည်။ ကျွန်မကြိုးစားခဲ့သလို ကျွန်မရဲ့အခင်မင်ရဆုံး သူငယ်ချင်း မိတ်ဆွေတွေကလည်း ကူညီပေးခဲ့ကြသည်။ ကျွန်မလဲကျချိန်မှာ သူတို့ရဲ့လက်တွေကို နွေးထွေးစွာ ကမ်းပေးခဲ့ကြသည်။ နာကျင်စရာ အတိတ်တွေထဲက ဖောက်ထွက်လို့ ကျွန်မအောင်မြင်မှုတစ်ခုရခဲ့ခြင်းအတွက် ကျွန်မကျေနပ်သည်။ ကျွန်မရဲ့အောင်မြင်မှု တွေကိုလည်း မောင်မြင်တွေ့နေရပေလိမ့်မည်။

မနက်ဖြန်ဆိုင်ဖွင့်ပွဲသို့ မသွားခင် မောင့်ရဲ့မွေးနေ့အတွက် ကျွန်မဝတ္တရားမပျက် ဘုရားသွားပြီး မောင့်ရဲ့နေ့နံထောင့်မှာ ပန်းဆီမီးကပ်လှူရင်း ဆုတောင်းရပေအုံးမည်။ မောင့်အတွက် သက်စေ့ ငှက်လွှတ်ပေးရအုံးမည်။ မနက်ဖြန်လုပ်ရမည့် အလုပ်တွေအတွက် ကျွန်မအားအင်တွေပြည့်နေမှဖြစ်မည်။ အိပ်ရေးဝမှ မျက်နှာရော စိတ်ပါကြည်လင်ရွှင်လန်းနေပေ လိမ့်မည်။
ဆိုင်ဖွင့်ပွဲမှာ ဧည့်သည်တွေ ကျွန်မကို ချီးကျူးကြပေလိမ့်မည်။ “သိပ်တော်တာပဲနော် … ဘယ်လိုများကြိုးစားခဲ့ တာလဲ”ဆိုတဲ့ မေးခွန်းတွေအတွက် လှပသောအဖြေများဖြင့် ကျွန်မပြုံးပြီး ပြန်ဖြေဖြစ်ပါလိမ့်မည်။ သို့ပေမယ့် ဒီလိုအောင်မြင်မှုရဲ့နောက်ကွယ်က ရင်နင့်ဖွယ်ရာဇာတ်လမ်းတစ်ပုဒ်ရှိခဲ့တာတွေ၊  နာကျင်စွာ ပေးဆပ်ခဲ့ရတာတွေကိုသာ သိခဲ့ကြမယ်ဆိုရင်!!!!

(စကားဝါပန်းတို့ရဲ့ဒိုင်ယာရီစာမျက်နှာများစာအုပ်)



စာချစ်သူများကို လေးစားစွာဖြင့်
မိုးညချမ်း
3.8.2012 (10:43 a.m)

Sunday, July 21, 2013

"Sorry နော်"

*တစ်ခုသော ပြာလဲ့လဲ့ကောင်းကင်ရဲ့
နေရောင်ခြည်အောက်မှာ
နှလုံးသားလေးတစ်ခု လမ်းလျှောက်ထွက်ခဲ့တယ် ...

*မမျှော်လင့်ပါဘူး တစ်နေရာအရောက်မှာ
နှလုံးသားလေးတစ်ခုနဲ့ ဝင်တိုက်မိခဲ့တယ် ...

*ဝင်တိုက်မိတဲ့နှလုံးသားလေးက
“sorry”နော်လို့ ပြောသွားခဲ့ပေမယ့်

*အတိုက်ခံရတဲ့နှလုံးသားလေး
ဘယ်လောက်နာကျင်နေခဲ့ရတယ်ဆိုတာ
တစ်စုံတစ်ရာသော နှလုံးသားလေး မသိခဲ့ပါဘူး ...။

မိုးညချမ်း
၂၀၀၀ ခုနှစ်၊ ဇွန်လ


(ကဗျာလို့ပဲ သတ်မှတ်ရမလား မသိတဲ့ မိုးည ရှစ်တန်းနှစ်က ပထမဦးဆုံးရေးခဲ့တဲ့ ကဗျာလေးပါ ... ပိတ်ရက်မှာ အမှတ်တရစာအုပ်လေးတွေ ပြန်လှန်ဖတ်ရင်းနဲ့ တွေ့မိလို့ပါ ...)

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...