Friday, March 2, 2012

ပီတိမွေးနေ့ပွဲလေးနဲ့ တန်ပြန်မေတ္တာ

ဒီနေ့ ... ကျွန်မ အလွန်ရင်ခုန်စွာ မျှော်လင့်စောင့်စားခဲ့ရတဲ့ ဒီနေ့လေး ရောက်လာခဲ့ပါပြီ ... ပြီးခဲ့တဲ့ တစ်လလုံး စိတ်ကူးယဉ်ထားသမျှ အကောင်အထည်ဖော်နိုင်ခဲ့တဲ့ ဒီနေ့လေးပါ ...


ဒီနေ့ဆိုတာကတော့ ကျွန်မတို့ ဇူလိုင်ဖွားမောင်နှမ (၈)ယောက်ဖြစ်တဲ့ (၁)ကိုကျော်သူအောင်-ခေတ္တစင်္ကာပူ (၂)ကိုတေဇာကျော်- ခေတ္တစင်္ကာပူ (၃)မနုနုလှိုင်- ခေတ္တစင်္ကာပူ (၄)မမီမီသောင်းထိုက်- ခေတ္တစင်္ကာပူ (၅)ကိုဝင်းတင့် (၆)မဝါ၀ါနု (၇)မမိုးညချမ်း@မယဉ်ငြိမ်းပိုင် (၈)မောင်အောင်စစ်ပိုင် တို့ မတည်ပြီး အခြားအလှူရှင်များမှ လှူဒါန်းဖွယ်ပစ္စည်းများ၊ အလှူငွေများဖြင့် စုစုပေါင်း လှူဒါန်းငွေကျပ် တစ်ဆယ့်နှစ်သိန်းကျော်တို့ရဲ့ ပံ့ပိုးစုပေါင်းလှူဒါန်းမှုလေးလုပ်မယ့် (၃၁.၇.၂၀၁၁)ရက်နေ့ လေးပါ .....


ကျွန်မတို့တွေသွားရောက်စုပေါင်းလှူဒါန်းမှုပြုလုပ်မယ့်နေရာလေးကတော့ ကျွန်မတို့မောင်နှမတွေ မကြာခဏ သွားရောက်နေကြ ဖြစ်တဲ့ လှည်းကူးမြို့နယ်မှာရှိတဲ့ မရမ်းချောင်းအနာကြီးရောဂါသည် ကျေးရွာလေးဖြစ်ပါတယ်.... ပြီးခဲ့တဲ့ ၂၉.၇.၂၀၁၁ ရက်နေ့က ကျွန်မရဲ့မွေးနေ့လေးပါ ... ကျွန်မမွေးနေ့လေးကတည်းက (၃၁.၇.၂၀၁၁)နေ့အတွက် စျေးဝယ်ခြင်းနှင့် တစ်ခြားလိုအပ်တာတွေအတွက် ကြိုတင်ပြင်ဆင်ရင်းနဲ့ အလှူနေ့လေးအမြန်ရောက်ဖို့ပဲ စိတ်လောနေမိပါတော့တယ် ...


ခုတော့ ကျွန်မရင်ခုန်မျှော်လင့်နေခဲ့တဲ့နေ့လေးရောက်လာပါပြီ ... မနက် (၅းဝ၀)လောက်မှာ ကျွန်မ ဘယ်လိုမှဆက်အိပ်လို့မရတော့တာနဲ့ ကွန်ပျူတာရှေ့ထိုင်ပြီး ကျွန်မတို့ရဲ့ STA အဖွဲ့လေးနဲ့အတူ မရမ်းချောင်းကျေးရွာကို သွားခဲ့ဖူးစဉ်က ဂေဟာမှ အဘိုးအဘွားတွေနဲ့အတူ ကခဲ့ဘူးတဲ့ ပုံလေးတွေ ... ဗွီဒီယိုလေးတွေကို ကြည့်မဝဖြစ်နေရပြန်ပြီပေါ့ ... မနက် (ရးဝ၀)လောက်မှာတော့ အဝေ(ဝေယံမင်း)နဲ့ ကိုဖိုးလမင်းတို့ ကျွန်မအိမ်ကိုရောက်လာပါတယ် .. ဒါနဲ့ ကျွန်မလည်း ရေမိုးချိုး အဝတ်အစားလဲ လိုအပ်တာလေး ခဏထွက်ဝယ်ကြရင်း ကျွန်မတို့ အလှူခရီးစဉ်လေးကို လိုက်ပါ ပို့ဆောင်ပေးမယ့် BM ကားလေးကို စောင့်ကြရတာပေါ့ ...


ဟော ... မနက် (၈းဝ၀)ထိုးနေပါပြီ ... ကျွန်မ စိတ်တွေပူလှပြီ .. ကျန်တဲ့ သူတွေနဲ့ မနက် (၈း၃၀) လောက် မြေနီကုန်းရွှေမန်းရုပ်ရှင်ရုံရှေ့မှာ ချိန်းထားတာ ခုထိ ကားက မရောက်လာသေးဘူးလေ .... မနက် (၈း၁၅)လောက်မှာတော့ နာရီစင်နားမှာ ရပ်ထားတဲ့ BM ကားလေးတစ်စီးကို သွားမေးတော့မှ သူ (ရး၃၅)လောက်ကတည်းက ရောက်နေတာတဲ့ ... ကဲ .. ကျွန်မတို့ရဲ့မလွဲမနေရထုံးစံအတိုင်း စလွဲလိုက်ပုံများ ....


ကားရောက်ပြီဆိုတာနဲ့ ကျွန်မအိမ်မှာထား ထားတဲ့ အလှူပစ္စည်းတွေကို ကားပေါ်တင်ပြီး မြေနီကုန်း စုရပ်လေးကို ထွက်လာလိုက်ပါတယ် .... စုရပ်(၁)နေရာလေးကိုရောက်တော့ စင်္ကာပူက မွေးနေ့ရှင် ကိုကျော်သူအောင်ရဲ့ ညီလေး(၂)ယောက်၊ ကိုဝေလင်းဦး၊ ကိုညီ၊ နောင်ရိုး၊ သိင်္ဂီ၊ မမေသဲတို့က ရောက်နှင့်နေကြပြီပေါ့ ..... ဒါနဲ့သူတို့တွေကားပေါ်တက်နေတဲ့အချိန်မှာပဲ မွေးနေ့ရှင် တစ်ယောက်ဖြစ်တဲ့ မဝါ၀ါနုဆီက ဖုန်းဝင်လာပါတယ် .. သူဘယ်လိုမှနေမကောင်းတာနဲ့ လိုက်လို့မရတော့ဘူးတဲ့ ... သူမလိုက်နိုင်တော့တဲ့အတွက် သူယူလာပေးမယ့် တာမွေ 77 Cake မှာ မှာထားတဲ့ ကျွန်မတို့ရဲ့မွေးနေ့ကိတ်ကို ကျွန်မတို့လာယူမှပဲ အဆင်ပြေတော့မယ်လို့ ပြောလိုက်တော့ .. ကျွန်မတို့တွေ ကိတ်သွားယူဖို့ အနီးဆုံးလူကို စဉ်းစားကြရပြန်ပါတယ် .. တာမွေဘက်က လာမယ့် ကိုဖိုးသောကြာဆီ ဖုန်းခေါ်တော့ “ဆက်သွယ်မှုဧရိယာပြင်ပ” တဲ့ ... ဆက်တိုက်ခေါ်တာတောင် ဘယ်လိုမှမရတော့ .. စိတ်လျှော့ပြီး သွားယူမလို့ စဉ်းစားနေတုန်း .. ကျွန်မရဲ့အချစ်ရဆုံး သရဲမမတွေထဲက တစ်ယောက်ဖြစ်တဲ့ မမစနိုးကို သတိရလိုက်ပါတယ် .. ဒါနဲ့ ကမန်းကတမ်း မမစနိုးဆီဖုန်းဆက် ... “မမ ညလေးတို့ မွေးနေ့ကိတ်လေးကို ယူလာပေးပါနော်” ဆိုပြီး အကျိုးအကြောင်းပြောပြပြီး ချွဲလိုက်တော့ . ကျွန်မကို ချစ်တဲ့ မမစနိုးကလည်း “အေး အေး ညလေး မမယူလာပေးမယ်နော်” တဲ့ .. ချစ်ဖို့ကောင်းလိုက်တဲ့ မမချနိုးလို့တွေးပြီး စုရပ်(၁)ဖြစ်တဲ့ မြေနီကုန်းရွှေမန်းရုပ်ရှင်ရုံရှေ့မှာပဲ ကားကိုခဏစောင့်ခိုင်းထားပြီး City Mart မှာ ကားပေါ်မှာလိုက်ပါ လာတဲ့ မောင်နှမတွေစားဖို့ အဝေ(ဝေယံမင်း)ရယ် .. ကျွန်မရယ် .. သိင်္ဂီနဲ့ မောင်လေးနောင်ရိုး တို့တွေ မုန့်သွားဝယ်ကြပြန်ပါတယ် ....


မုန့်ဝယ်ပြီးပြန်အထွက်လာမှာ မနက် (၉း၂၅)ရှိနေပါပြီ ... ဒါနဲ့ ကိတ်မုန့်ယူလာပေးမယ့် မမစနိုးဆီကို ဖုန်းလှမ်းဆက်ပါအုံးဆိုတော့ အဝေ(ဝေယံမင်း)က ဖုန်းလှမ်းဆက်ပြောနေတုန်း ကျွန်မနဲ့ သိင်္ဂီတို့လည်း စကားတပြောပြောနဲ့ ကားဆီကို ခပ်သုပ်သုပ် လျှောက်လာကြပါတယ် ... ကားပေါ်က မောင်နှမတွေကိုလည်း စောင့်ရတာ ကြာနေလောက်ပြီမို့ အားနာလှပြီလေ ... ဒါနဲ့ ကားနားရောက်တော့ မွေးနေ့ရှင်တစ်ဦးဖြစ်သူ ကိုဝင်းတင့်တို့ ကားရောက် နေတာတွေ့လို့ သွားပြီးနှုတ်ဆက် စကားပြောနေတုန်း အဝေ(ဝေယံမင်း)က မမစနိုး(၈)မိုင်ရောက် နေပြီလို့ပြောတယ်ဆိုတာနဲ့ပဲ ကျွန်မတို့ တွေ မြေနီကုန်းစုရပ်(၁)ကနေ စုရပ်(၂)ဖြစ်တဲ့ (၈)မိုင် သမားတော်ဆေးခန်းရှေ့ကို ထွက်လာလိုက်ကြပါတယ် .. (၈)မိုင်ရောက်တော့ မနက် (၁ဝးဝ၀)ထိုးနေပါပြီ ... ဒါနဲ့ (၈)မိုင်မှာ အလှူရှင်တစ်ချို့လှူထားတဲ့ အဝတ်အစားထုပ်ကို ဝင်ယူ .. မောင်နှမတွေစားဖို့ ဒန်ပေါက်ထုပ်တွေ ရေသန့်ဘူးတွေဝယ်နဲ့ အလုပ်ရှုပ်သွားတုန်း မမစနိုးဆီက ဖုန်းဝင်လာပါတယ် ... “ညလေး .. ဘယ်မှာလည်းတဲ့ ..” မမ ညလေးတို့ (၈)မိုင်မှာလေ ... မမ ဘယ်ကိုသွားနေတာလည်း” လို့ မေးနေတုန်း ဖုန်းကလည်းကျသွားပါတယ် .. ကျွန်မဖုန်းပြန်ခေါ်တော့ မအားသေးဘူးဆိုတာနဲ့ ကျန်တဲ့လိုက်ပါလာတဲ့ မောင်နှမတွေနဲ့စကားပြောနေတုန်းမှာ ကျွန်မရဲ့ ချစ်ဆုံးသရဲမမတွေထဲက မမဖြူစင်က “ညလေး ... ခုနက အဝေဖုန်းဆက်တာ မမဆီကိုနော် .. စနိုးကို မဟုတ်ဘူး ... စနိုးက မြေနီကုန်းမှာ ကားကို မတွေ့လို့ မမဆီဖုန်းဆက်တော့ ကားက(၈)မိုင် ရောက်နေပြီဆိုတာနဲ့ ခုမှကားငှားလာမှာ”တဲ့ .. ကဲ .. လွဲပြန်ပါပြီ ... ကျွန်မက ကျွန်မဖုန်းထဲမှာ သရဲမမတွေကို နာမည်တွေနဲ့ မှတ်ထားတာ မဟုတ်ဘူး .. Ghost(1)မမ .. Ghost(2)မမ ... Ghost(3)မမ ဆိုပြီး မှတ်ထားတာဆိုတော့ ကျန်တဲ့သူတွေက နံပါတ်အစဉ်လိုက်ဘယ်သိပါ့မလည်း .. အဲဒီတော့ အဝေလည်း ဖုန်းမှားခေါ်လိုက်ပြီး မမဖြူစင်နဲ့ မမစနိုးမှားပြီး (၈)မိုင်ရောက်နေပြီလို့ သူက ပြောမိလိုက်တာကိုး .. ဒုတိယတစ်ခေါက်ထပ်လွဲပြန်ပြီပေ့ါ ... ဒါနဲ့ပဲ မမစနိုးရယ် .. နောက်ထပ် လိုက်ပါချင်တဲ့ မောင်လေးသက်နိုင်ဦး၊ မောင်လေးရိုးရာ၊ နတ်သား၊ ကျော်ကျော်တို့ကို စောင့်ပြီး မနက်(၁၁းဝ၀)ထိုးတော့မှပဲ ကျွန်မတို့ရဲမွေးနေ့ခရီးစဉ်လေးကို စတင်ခဲ့ကြရပါတော့တယ် ...


ကျွန်မတို့ရဲ့ အလှူခရီးစဉ်လေးကို (၁)ကိုဗေဒါဇော် (၂)အဝေ(ဝေယံမင်း) (၃)ကိုဝေလင်းဦး (၄)ကိုညီ (၅)မမေသဲ (၆)သိင်္ဂီ (၇)ညီမလေးဇလပ်ဖြူ (၈)မချစ်နှင်းဆီ (၉)မောင်လေးနောနော် (၁၀)မောင်လေးအောင်စစ်ပိုင် (၁၁)မောင်လေးနောင်ရိုး (၁၂)ကိုဝဏ္ဏစိုး (၁၃)မမစနိုး (၁၄)မမဖြူစင် (၁၅)ကိုစိမ်းမောင် (၁၆)ကိုဖိုးလမင်း (၁၇)မောင်လေးကျော်စွာ (၁၈)မောင်လေး (၁၉)ကိုမာန်ကြီး (၂၀)မောင်လေးသက်နိုင်ဦး (၂၁)မောင်လေးကျော် (၂၂)Forever Volunteer Group မှ မောင်လေး(၃)ဦး (၂၃)ကိုဝင်းတင့် (၂၄)မသူဇာနေဝင်း (၂၅)မွေးနေ့ရှင်ကိုဝင်းတင့်၏ သူငယ်ချင်း(၃)ဦး၊ (၂၆)ကျော်ကျော် (၂၇)ရိုးရာ (၂၈)နတ်သားနှင့် (၂၉)မိုးညတို့ မောင်နှမ အားလုံးစုစုပေါင်း(၃၃)ယောက် လိုက်ပါဖြစ်ခဲ့ကြပါတယ် .... ကားကတော့ ငှားထားတဲ့ BM ကားလေးရယ် ... အစ်ကိုတစ်ယောက်ရဲ့ Light Ace ကားလေးရယ်နဲ့ စုစုပေါင်း ကား(၂)စီးနဲ့ပေါ့ .....


အလှူပြုလုပ်မယ့် မရမ်းချောင်းကျေးရွာလေးကို သွားတဲ့လမ်းခရီးတောက်လျှောက် ကျွန်မတို့ မောင်နှမတွေအားလုံး ပျော်ပျော်ရွှင်ရွှင်စကားတပြောပြောနဲ့ လိုက်ပါလာကြပါတယ် ... လမ်းတစ်ဝက် လောက်အရောက်မှာတော့ ကျွန်မရဲ့နေမကောင်းခြင်းတန်ခိုးတွေ အစွမ်းပြလာပါပြီ .. ကားဆောင့်တဲ့ ဒဏ်ကြောင့် ကျွန်မခါးတွေနာလာပြီလေ .... လွန်ခဲ့တဲ့ (၃)ရက်လောက်က ခါးတော်တော်နာနေလို့ ဆေးခန်းသွားပြတော့ Ultrasound ရိုက်ပြီးထွက်လာတဲ့ အဖြေက အသည်းကြီးနေတယ် .. လေးငါးရက်လောက် မလှုပ်မရှားဘဲ အနားယူပါ ....... ခရီးကြမ်းသွားလို့မရဘူးတဲ့ ... ကျွန်မလည်း မွေးနေ့ခရီးစဉ်လေးမလိုက်ရမှာစိုးလို့ အဝေ(ဝေယံမင်း)ကလွဲလို့ ဘယ်သူ့မှ အသိမပေးခဲ့ဘူးလေ ..... ခုတော့ ရောဂါအနှောင့်အယှက်က ဝင်လာပါပြီ ... စိတ်ထဲမှာ မကြည်မလင်နဲ့ဖြစ်နေပေမယ့် ကျန်တဲ့မောင်နှမတွေ စိတ်ထဲအနှောက်အယှက်ဖြစ်မှာစိုးလို့ ကျွန်မနဲ့အဝေတို့က ကားမူးလို့ဆိုတဲ့ အဖြေပဲပြန်ဖြေဖြစ်ခဲ့ပါတယ် ...


မနက် (၁၂းဝ၀)ကျော်ကျော်လောက်မှာတော့ မရမ်းချောင်းကျေးရွာလေးကို ရောက်ရှိလာပါပြီ ..... ဒီနေ့ မတိုင်ခင် ပြီးခဲ့တဲ့ (၂၃.၇.၂၀၁၁)ရက်နေ့က ၀ါဆိုသင်္ကန်းကပ်အလှူလေးလာလုပ်တဲ့ အခြားအဖွဲ့နဲ့အတူလိုက်ပြီး “နောက်တစ်ပတ်မှာ အဘိုးအဘွားတို့နဲ့အတူ သမီးတို့မောင်နှမတွေ မွေးနေ့ပွဲလေးလာလုပ်မှာနော်” ဆိုတဲ့ ကျွန်မစကားကြောင့် အပြင်မှာထွက်စောင့်နေတဲ့ အဘိုးအဘွား တွေကိုမြင်ရတော့ ဝမ်းသာလိုက်တာလေ .... ကျွန်မရင်ထဲ ပီတီတွေအများကြီးစတင်စားသုံး လိုက်ရ ပါတယ် ... ဒါနဲ့ ကျွန်မတို့ရဲ့ လှူဖွယ်ပစ္စည်းတွေနေရာချ ... ပါလာတဲ့ မောင်နှမတွေက ၀ိုင်းဝန်းပြီး (၁၁၃)ယောက်စာ ထုပ်ပိုးလိုက်ကြတာ နာရီဝက်လောက်ကြာသွားပါတယ် .. မောင်နှမတွေအားလုံး ထုပ်ပိုးပေးနေတုန်းမှာ ကျွန်မ .. ဇလပ်နဲ့ သိင်္ဂီတို့ကလည်း အဘိုးအဘွားတွေကို လိုက်နှုတ်ဆက်ရင်း တစ်ချို့အဘိုးအဘွားတွေမှာထားတဲ့ ပစ္စည်းလေးတွေ .. ဓါတ်ပုံလေးတွေကို လိုက်ပေးဖြစ်ကြပါတယ် .... အလှူပစ္စည်းတွေအားလုံး ထုပ်ပိုးအပြီးမှာတော့ ကျွန်မတို့ မွေးနေ့ရှင်(၈)ယောက်ရဲ့ နာမည်ထိုးထားတဲ့ မွေးနေ့ကိတ်ကြီးကို အလယ်မှာချ .. ညီမလေးဇလပ်၊ ကိုကြီးကိုစိမ်းမောင်နဲ့ ကိုကြီးဖိုးလမင်းတို့က Happy Birthday သီချင်းလေးကို တီးပေးတဲ့အချိန် အဘိုးအဘွားတွေနဲ့ ကလေးငယ်တွေက ၀ိုင်းဝန်းသီဆိုပေးကြတော့ ကျွန်မငယ်စဉ်ကတည်းက ကြားလာရတဲ့ မွေးနေ့သီချင်းလေးတွေထဲမှာ အလွန်ပြည့်စုံပီတိဖြစ် ပျော်ရွှင်ရတဲ့ သံစဉ်လေးတစ်ခုဖြစ်ခဲ့ပါတယ် ...


မွေးနေ့သီချင်းလေးသီဆိုအပြီးမှာတော့ ကျွန်မကပဲ မွေးနေ့ကိတ်လေးကို လှီးပြီး ကျန်တဲ့မွေးနေ့ရှင်များနဲ့ လိုက်ပါလာတဲ့ မောင်နှမတွေကပဲ အဘိုးအဘွားတွေနဲ့ ကလေးငယ်တွေကို မွေးနေ့ကိတ် လိုက်လံခွံ့ကျွေးကြပါတယ် ..... အဘိုးအဘွားတွေဆီက ကြားလိုက်ရတဲ့စကားတွေက အရမ်းကို စားလို့ကောင်းတဲ့ မွေးနေ့ကိတ်လေးပဲတဲ့ .... ပျော်စရာကောင်းလိုက်တာကွယ်တဲ့ .. သူတို့အချင်းချင်းပြောနေကြတာ ဖြစ်ပေမယ့် ကျွန်မ အဲဒီစကားသံလေးတွေကြားလိုက်ရတော့ အရမ်းကိုပျော်ရွှင် ပီတိဖြစ်ရပြန်ပါတယ် ...


မွေးနေ့ကိတ်လေးလိုက်လံကျွေးတဲ့ အစီအစဉ်လေးအပြီးမှာတော့ လှူဖွယ်ပစ္စည်းတွေကို တစ်ဦးချင်းစီ လိုက်လံဝေငှပါတယ် .... အလှူပစ္စည်းလေးတွေပေးအပြီးမှာတော့ ညီမလေးဇလပ်၊ ကိုကြီးကိုစိမ်းမောင်နဲ့ ကိုကြီးဖိုးလမင်းတို့ကပဲ ဂစ်တာတစ်ယောက်တစ်လုံးနဲ့ ဖျော်ဖြေမှုအစီအစဉ်ကို စတင်ပါတော့တယ် .. ပထမဦးဆုံးအနေနဲ့ အဘိုးတွေထဲက အဘိုးဦးမောင်မောင်ခင်က Pa Pa, he love ma ma .. Ma Ma, she love pa pa .. ဆိုတဲ့ သီချင်းလေးကို သီဆိုပြပါတယ် ... အဘိုးရဲ့ တင်ဆက်မှုအပြီးမှာ အဘိုးအဘွားတွေကပဲ မြနန္ဒာသီချင်း .. ရှာပုံတော်မင်းသားကြီးသီချင်းတို့နဲ့ ဆိုကပြကြပြန်ပါတယ် ... နောက်တစ်ခေါက်မှာတော့ သင်္ကြန်မိုးသီချင်းနဲ့ အဘွားဝင်းနဲ့ အဘိုးတွေက အတူတူကရပါမယ်ဆိုလို့ ကျွန်မပါ ဝင်ကလိုက်ပါသေးတယ် .... သီချင်းတစ်ပုဒ်ကအပြီးမှာတော့ ကျွန်မ ဘယ်လိုမှ နေလို့မရတော့ပါဘူး .. ချွေးတွေတအားထွက်ပြီး ကျွန်မ ခါးကတော်တော် ကိုက်လာလို့ ငိုချင်စိတ်တောင်ပေါက်မိတယ် .. ဒါပေမယ့် ကျွန်မ မျက်နှာပျက်လို့မဖြစ်ဘူးလေလို့ တွေးပြီး ခုံလေးတစ်ခုံမှာဝင်ထိုင်ဖို့ လမ်းလျှောက်လာတော့ အနည်းငယ်ညှိုးနေတဲ့ ကျွန်မကို မြင်တော့ အဘွားတွေ အဘိုးတွေက “သမီးလေး .. မိုးည နေမကောင်းဘူးလား .. ဆေးသောက်မလား .. ” ဆိုပြီး စိုးရိမ်ပေးကြတော့ ကျွန်မ ရင်ထဲမှာအတိုင်းမသိအောင်ဝမ်းနည်းသွားရပါတယ် ..


ဒါနဲ့ပဲ ကျွန်မ ခဏနားလိုက်ပြီး အဘိုးအဘွားတွေနဲ့အတူ ပျော်ရွှင်စွာဆိုကနေလိုက်တာ .. ကျွန်မရဲ့ ခါးကိုက်နေတာတောင် ဘယ်နားပျောက်သွားမှန်းမသိပါဘူး .. ဆိုကတဲ့အစီအစဉ်အပြီးမှာတော့ မွေးနေ့ခရီးစဉ်လေးမျာ လိုက်ပါလာတဲ့ကျွန်မတို့ မောင်နှမတွေအားလုံး အဘိုးအဘွားတွေကို “ယနေ့ မွေးနေ့အလှူပွဲလေးမှာ သားတို့သမီးတို့ဘက်က ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ပြစ်မှားမိခဲ့တာရှိရင် ခွင့်လွှတ်ပေးပါ”လို့ ဝန်ချတောင်းပန်ကန်တော့ကြပါတယ် ... အဘိုးအဘွားတွေအားလုံး ဆုတွေပေးကြတော့ ကျွန်မ မျက်ရည်မဆည်နိုင်ခဲ့ပါဘူး .... အဘိုးဦးတင်ဝင်းကလည်း ဆုတောင်းမေတ္တာပို့သပေးပါတယ် ..... အဘဦးမောင်မောင်ခင်ကလည်း ကျွန်မတို့ရဲ့ လုပ်ရပ်လေးတွေအတွက် သူရဲရဲဝံ့ဝံ့ စိန်ခေါ်ရဲခဲ့ပါပြီတဲ့ ... သားသမီးအရင်းတွေတောင် မထိရဲ မတို့ရဲနေကြတဲ့ .. အခြားအလှူရှင်အချို့တောင် အလှူပစ္စည်းတွေသာပေးပြီး မထိရဲ မတို့ရဲ နေကြတဲ့အချိန်လေးမှာ ကျွန်မတို့တွေဟာ သူတို့နဲ့အတူတူ ပျော်ပျော်ပါးပါးနေထိုင်စားသောက် ပေးတဲ့အတွက် သူတို့တွေ လောကကြီးကို စိန်ခေါ်ရဲပါပြီ .. သူတို့ဘဝမှာ ဒီလိုမျိုးနေထိုင် ပေးတဲ့ သားသမီးတွေ ... လူတွေကို မတွေ့ရတော့ဘူးထင်တာ ... အပယ်ခံလိုဖြစ်နေခဲ့ပြီထင်တာ ... ခုတော့ သူတို့ မျက်ဝါးမြင်မြင်တွေ့ခဲ့ရလို့ သေပျော်ပါပြီတဲ့ .. ကန်တော့အပြီးမှာ ကျွန်မတို့မောင်နှမတွေအတွက် အဘဦးမောင်မောင်ခင်ကပဲ Goodbye ဆိုတဲ့ နှုတ်ဆက်သီချင်းလေးနဲ့ နှုတ်ဆက်ပါတယ် ..... “ကျွန်မ .............. ကျွန်မလေ ........... မျက်လုံးတွေဝေ၀ါးလာခဲ့ပါတယ် ... ပါးပြင်တွေပူနွေးလာခဲ့ပါတယ် ... ထိန်းမရတော့တဲ့ ကျွန်မရဲ့ မျက်ရည်တွေက တသွင်သွင်စီးကျလာခဲ့ပါတော့တယ်” ....


ကန်တော့အပြီး ဆုပေးအပြီး အစီအစဉ်တွေအကုန်အပြီးမှာတော့ အဘိုးအဘွားတွေကို ကျွန်မတို့ရဲ့ မောင်နှမတွေကပဲ သူတို့အဆောင်လေးတွေဆီကို ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ် .... နောက် ကျွန်မတို့မောင်နှမတွေလည်း နေ့လည်စာစားဖို့ ခေတ္တနားကြပါတယ် .... နေ့လည်စာ စားအပြီးမှာတော့ ကျန်တဲ့မောင်နှမတွေက အဘိုးအဘွားတွေကို အသီးတွေလိုက်လံဝေငှဖို့နဲ့ အလှူရှင်အချို့ပေးလိုက်တဲ့ အဝတ်အစားဟောင်းထုပ်လေးတွေကို ခွဲဝေလှူဒါန်းဖို့အတွက် ထွက်သွားခဲ့ကြပါတယ် .. ကျွန်မကတော့ လမ်းဘယ်လိုမှ ဆက်လျှောက်လို့မရတော့လောက်အောင် ခါးက တော်တော်ကိုက်နေပါပြီ .. ဒါနဲ့ ကားပေါ်မှာပဲ ငြိမ်ငြိမ်လေးအနားယူနေတုန်း ခဏလောက် အကြာမှာတော့ ကျန်တဲ့မောင်နှမတွေကားပေါ်တက်လာကြတော့ ပြန်ကြဖို့အချိန်တန်ပြီလို့ သိလိုက်ပါပြီ ... နာရီကြည့်လိုက်တော့ ညနေ(၃းဝ၀)ထိုးနေပြီလေ .... ဒါနဲ့ မောင်နှမတွေအားလုံး ကားပေါ်တက်အပြီး ကားစက်နှိုးလိုက်တဲ့အချိန်မှာပဲ အဘိုးအဘွားတွေက စိတ်ပူတဲ့မျက်နှာတွေနဲ့ ကားနားလာပြီး ကျွန်မကို “သမီးလေး .. မိုးညရေ ကျန်းမာရေးဂရုစိုက်နော် ... ပိန်သွားလိုက်တာကွယ် .. စိတ်မကောင်းဘူး .. နေကောင်းအောင်နေနော်.. နောက်တစ်ခေါက်ထပ်လာရင် ကပြအုံးနော်” လို့ နှုတ်ဆက်ကြတော့ ကျွန်မလေစကားကိုပြန်မပြောနိုင်လောက်အောင် ဝမ်းနည်းပက်လက်နဲ့ ငိုမိပါတယ် ... သူတို့တွေအတွက် ပျော်ရွှင်အောင်လုပ်ပေးဖို့လာတဲ့ ကျွန်မ ... ခုတော့ ကျွန်မက သူတို့တွေစိတ်ပူအောင် လုပ်မိနေပြန်ပါလား ... ကျွန်မ ဝမ်းနည်းလိုက်တာ .. စိတ်မကောင်းလိုက်တာ .. သူတို့တွေကို အပြည့်အဝပျော်ရွှင်မှုမပေးခဲ့ရသလိုပါပဲလား .... ကျွန်မကို ပြန်ပြီးစိတ်ပူနေလိုက်ကြ တာများ ... ကားပေါ်ကိုပြေးတက်လာတဲ့ ကိုဗေဒါ၊ သိင်္ဂီနဲ့ အဝေ့ကိုလည်း “မိုးညကို ဂရုစိုက်ပါနော်” ဆိုပြီး မှာကြားနေလိုက်တာများ ... “အို .. မျက်ရည်တွေ ..တလဟော စီးကျလာတဲ့ ကျွန်မရဲ့ မျက်ရည်တွေ...” ပျော်ရွှင်မှုပီတိအပြည့်နဲ့ ပြီးဆုံးခဲ့ရတဲ့ အနှစ်သာရအရှိဆုံး ကျွန်မတို့ရဲ မွေးနေ့ပွဲလေး .... ကျွန်မတို့ကို ချစ်တဲ့ ကျွန်မတို့က ချစ်တဲ့ အဘိုးအဘွားတွေရှိရာ ဒီလှည်းကူးမြို့နယ်က မရမ်းချောင်းကျေးရွှာလေးကို “နောက်တစ်ခေါက် ..... ဟင့်အင်း .. နောက်တစ်ခေါက်တည်းမက နောက်ထပ်အကြိမ်ပေါင်းမြောက်များစွာ လာရောက်နေအုံးမှာပါလို့” စိတ်ကူးရည်ရွယ်ရင်းနဲ့ပဲ .........


မှတ်ချက်။ လိုက်ပါပေးခဲ့တဲ့ မောင်နှမများ၊ မွေးနေ့ရှင်များ၊ (၂၉)ရက်နေ့ စျေးဝယ်ရာမှာ ကူညီလုပ်ကိုင်ပေးခဲ့တဲ့ အဝေ(ဝေယံမင်း)၊ ကိုမာန်ကြီး၊ အစစ်(အောင်စစ်ပိုင်)၊ ပါဝင်စုပေါင်းလှူဒါန်းခဲ့တဲ့ အခြားအလှူရှင်များဖြစ်သော (၁)ဒေါ်မမလေး-ခေတ္တစင်္ကာပူ၊ (၂)ကိုနေလင်း၊ကိုဇော်သီဟ-ခေတ္တမလေးရှား (၃)မဖြိုးသီရိ (၄)ကိုဇော်လင်း-ခေတ္တစင်္ကာပူ (၅)ကိုကြီးစောဝဏ္ဏစိုး-ခေတ္တကိုရီးယားနှင့် (၆)အမည်မသိအလှူရှင်များ အားလုံး အားလုံးကို မွေးနေ့ရှင်များရဲ့ ကိုယ်စား ကျေးဇူးတင်ပါတယ်နော် ..........


မိုးညချမ်း(သူရဲလေးကောင်)

၁.၈.၂၀၁၁ (၆းဝ၀)




No comments:

Post a Comment

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...