Thursday, February 28, 2013

ကြွေလွင့် ကြေမွခဲ့လေသော နိဂုံး (အပိုင်း-၂)



အဆက်အစပ်မရှိမှာစိုးလို့ အပိုင်း(၁)လေကို အရင်ဖတ်ချင်တယ်ဆိုရင်တော့ ဒီ Link နေရာ လေးကို နှိပ်လိုက်နော် ...


 

“သေချာရဲ့လား မမရယ် … အထင်မှားတာဖြစ်မှာပါ”လို့ မမစိတ်သက်သာရာ ရအောင်ပြောဆိုနှစ်သိမ့်ပေးနေ ရပေမယ့် ကျွန်မကိုယ်တိုင် ဒေါသတွေတဖွားဖွားဖြစ်လာရပါတယ်။ ဒီလောက်ထိ အိမ်ထောင်မှုထိန်းသိမ်းတတ်၊ အေးဆေးစွာနေတတ်ပြီး ရုပ်ရည်ချောမောပြေပြစ်သူဖြစ်တဲ့ မမကို စိတ်ဆင်းရဲ မျက်ရည်ကျအောင် လုပ်တဲ့ မမအမျိုးသားက ဘယ်လောက်တော်နေ၊ တတ်နေလို့လဲ။ မိန်းမရှိသူတစ်ယောက်နဲ့ အချစ်ဇာတ်လမ်း တစ်ပုဒ်ဖန်တီးရလောက်အောင်ထိ အတင့်ရဲတဲ့မိန်းမကရော ဘယ်လိုလူစားမျိုးလဲ။ ကျွန်မရင်ထဲမှာ မေးခွန်းပေါင်းများစွာ ကိန်းအောင်းလာခဲ့ပါတယ်။ 

 “တစ်နှစ်ကျော်လောက်ရှိပြီ … ဘယ်ကကြားလာတဲ့ သတင်းလည်းတော့မသိဘူး။ မမအမျိုးသား လူမှုရေးဖောက်ပြန်နေတယ်ထင်တယ်ဆိုတဲ့ အကြောင်းကိုတော့ မမရဲ့မေမေပြောဖူးတယ် … မေမေပြောတုန်းက မမ မယုံခဲ့ဘူး ညီမလေးရယ်!!! ကိုကိုဟာ ဒီလိုလူမှုရေးဖောက်ပြန်တတ်တဲ့ လူစားမျိုးမဟုတ်ဘူးလို့ပဲ မမယုံကြည်ထားခဲ့တာ … မမတို့ချစ်သူဘဝတုန်းကလည်း သူက မမကို သိပ်ချစ်ခဲ့တာလေ … လက်ထပ်ပြီးစကလည်း သိပ်ကိုကြင်နာတတ်တဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပါကွယ် … မမကိုလည်း လိုလေသေးမရှိ ထားပေးခဲ့တယ် … သူစီးပွားရေးအောင်မြင်လာတဲ့အချိန်လည်း မမ သူ့အတွက်သိပ်ကို ဂုဏ်ယူမိခဲ့တယ် … အခု မမ ဘာဆက်လုပ်ရမှန်းတောင် မသိအောင်ပါပဲကွယ်”

မမတစ်ယောက် ဘယ်လောက်များစိတ်ပင်ပန်းနေခဲ့မလည်းကွယ်။ မမရဲ့မိဘတွေကိုတောင် “မဟုတ်ပါဘူး၊ မဖြစ်နိုင်ပါဘူး”လို့ ဇွတ်မှိတ်ငြင်းခဲ့ပြီး တစ်ယောက်တည်း ရင်ထဲမှာဘယ်လောက်တောင်များ ကြိတ်ခံစား အားငယ်နေခဲ့ပါလိမ့်။ ကျွန်မဆီရောက်ရောက်ချင်း ရှိုက်ကြီးတငင်ငိုလို့ ရင်ဖွင့်လိုက်ရတဲ့အတွက် ရင်ထဲမှာကိန်းအောင်းထားတဲ့ စိတ်ဆင်းရဲမှုတွေ၊ စိတ်လေးပင်နေတာတွေ ပေါ့ပါးသွားလေတယ်ထင်ရဲ့။ အငိုတိတ်အောင်ချော့လို့ အေးဆေးနားနေရအောင် အခန်းထဲလိုက်ပို့ အိပ်ယာပေါ် ခဏလှဲလိုက်တာနဲ့ ချက်ချင်းအိပ်ပျော်သွားပါတယ်။ စိတ်မကောင်းလိုက်တာကွယ်။ လောကမှာရှိကြတဲ့သူတိုင်း ဒုက္ခတစ်မျိုးစီ၊ အခက်အခဲတစ်မျိုးစီနဲ့ ရှင်သန်နေကြတဲ့ သူတွေချည်းပေမို့ ဘာဖြစ်လို့ မမလို အေးဆေးပြီး ချစ်စရာ ကောင်းတဲ့သူဆီကိုမှ ဒီလိုအဖြစ်မျိုးကြုံရတာလည်းလို့တော့ မတွေးချင်တော့ပါဘူး။ 

မမတို့တောင်ပေါ်မြို့လေးဆီ အလည်ရောက်ရှိတုန်းက မမအမျိုးသားဆိုသူကို (၃) (၄)ကြိမ်လောက်တော့ မျက်မှန်းတန်းမိရုံသာ မြင်ဖူးခဲ့ပေမယ့် ကျွန်မချစ်ရသောမမကို အစစအရာရာမပူမပင်ထားနိုင်ပေမယ့် အထီးကျန်မှုကို ခံစားစေသူတစ်ယောက်အဖြစ်တော့ မျက်မုန်းကျိုးနေခဲ့ပါတယ်။ ခုတော့ လူမှုရေးဖောက်ပြန်သူ အဖြစ် အလွန်ကိုအထင်သေးရှုံ့ချလိုက်မိတယ်။

ကျွန်မဆီရောက်တုန်း မမတစ်ယောက် စိတ်သက်သာရာရစေဖို့ အတတ်နိုင်ဆုံးပျော်ရွှင်အောင် ထားပေးခဲ့တယ်။ ကျွန်မမေမေကလည်း မမနာမည်ကို မကြာခဏကြားဖူးကာ သံယောဇဉ်ဖြစ်ပြီးသားပေမို့ အဝေးရောက် သမီးတစ်ယောက် အိမ်ကိုခဏပြန်လာသလိုပဲ သမီးရင်းနဲ့မခြား ချစ်ခင်ယုယ ဖေးမပေးခဲ့ပါတယ်။ ကျွန်မတို့ဆီမှာ တစ်ပတ်ကျော်လောက်သာနေပြီး  “သူမ ဒီမှာကြာကြာနေလို့ မဖြစ်ပါဘူး”ဆိုပြီး ကောက်ကာငင်ကာ မမရဲ့တောင်ပေါ် မြို့လေးဆီ ပြန်သွားပါတယ်။
မမပြန်သွားပြီးနောက်ပိုင်းလည်း မမနဲ့အဆက်အသွယ်မပြတ်အောင် နေခဲ့ပါတယ်။ 

ကျွန်မနဲ့အဆက်အသွယ်မပြတ်မှ ဖြစ်မှာပါလေ။ နို့မို့ဆို မမက စိတ်ဆင်းရဲခြင်းတွေနဲ့ တစ်ယောက်ထဲကြိတ်ခံစားနေမယ့်သူပေါ့။ မမအမျိုးသားနဲ့ချစ်ကြိုက်နေသူဆိုတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ဓါတ်ပုံကိုလည်း မမဘယ်ကရှာတွေ့လာလေလည်းတော့ မသိဘူး။ ကျွန်မဆီ မေးလ်ကနေ ပို့ထားလို့ မြင်ဖူးထားပါတယ်။ ကိုယ့်ငါးချဉ်ကိုယ်ချဉ်တယ်ပဲ ပြောပြောပါ။ ခေတ်ဆန်လွန်းပြီး သွက်လက်မည့်ပုံရသော ထိုအမျိုးသမီးက အေးဆေးတည်ငြိမ်သောအလှပိုင်ရှင် မမ“ချမ်းမြေ့လင်း”နဲ့ ယှဉ်မရပေမယ့် မမအမျိုးသားက ထိုမိန်းကလေးအပေါ် ဘာတွေကြောင့်များ စွဲလန်းနေပါလိမ့် …။

တစ်ရက်တော့ တိုက်တိုက်ဆိုင်ဆိုင် မမနဲ့ Online ကနေ စကားပြောနေတုန်း ကျွန်မရဲ့ချစ်သူငယ်ချင်းမလေး ဖြစ်တဲ့ “နှင်းလေး”ရောက်လာပါတယ်။ ကျွန်မရဲ့တစ်ဦးတည်းသော သူငယ်ချင်းမလေးပေါ့။ အစစအရာရာကို စိတ်ချယုံကြည်စွာ ဖွင့်ပြောတိုင်ပင်ရသူ ငယ်သူငယ်ချင်းမလေးပါ။ မမနဲ့အကြောင်းကိုလည်း အစအဆုံး သိထားသူတစ်ယောက်လေ။

“ဟဲ့ … နှင်းလေး ရုတ်တရက်ကြီးပါလားဟ … ငါတို့ဒီနေ့ဘယ်မှသွားဖို့ မချိန်းထားပါဘူး …”

“အေးဟေ့ … မချိန်းထားပေမယ့် အရေးတကြီးပြောပြစရာရှိလို့ ထွက်လာတာ … နင့်ကိစ္စပြောစရာရှိလို့”
“ငါ့ကိစ္စ … ဆိုစမ်းပါအုံး … စကားဦးသန်းနေရအောင် ဘာကိစ္စများပါလိမ့်”

“မချမ်းမြေ့လင်းရဲ့ အမျိုးသားနဲ့တွဲနေတဲ့ မိန်းကလေးက ငါ့အစ်မ သူငယ်ချင်းများလားလို့ဟ … အဲဒါ ငါ့အစ်မ သူ့သူငယ်ချင်းတွေနဲ့ ရိုက်ထားတဲ့ပုံလာပြတာ …”

ဟုတ်တာပေါ့။ နှင်းလေးအစ်မအပါအဝင် မိန်းကလေး (၆)ယောက်တွဲရိုက်ထားတဲ့ဓါတ်ပုံလေးထဲမှာ ကျွန်မဆီ မမပို့ထားတဲ့ဓါတ်ပုံထဲက အမျိုးသမီးလေးပါပါတယ်။ အော် … ကမ္ဘာကြီးက အတော်လေးကျဉ်းပါသလားကွယ်။ ကျွန်မချစ်ရသော မမရဲ့အမျိုးသားနဲ့ ချစ်ကြိုက်နေသူက ကျွန်မနဲ့မဝေးသောပတ်ဝန်းကျင်တစ်ခုက…။ ထိုမိန်းကလေးနဲ့ မမအမျိုးသားတို့ ဘယ်တုန်းကများ ဘယ်လိုတွေ့လိုက်ကြပါလိမ့်။ ထိုမိန်းကလေးက တောင်ပေါ်မြို့သူလေးတစ်ယောက်ဖြစ်ပြီး ခုလောလောဆယ်တော့ စင်္ကာပူမှာပေမယ့် မကြာခင်ပြန်ရောက်တော့မှာတဲ့။ နှင်းလေးအစ်မရဲ့ သူငယ်ချင်းဖြစ်သူ ထိုမိန်းကလေးက စင်္ကာပူကပြန်လာရင် သူ့ချစ်သူနဲ့လက်ထပ်တော့မှာဆိုပဲ။

 ဗုဒ္ဓေါ … ချစ်သူနဲ့ လက်ထပ်တော့မယ်ဆိုတော့ မမအမျိုးသားနဲ့များလား? စိုးရိမ်စိတ်တွေဖြစ်လာရပြန်ပါပြီ။ ထိုအကြောင်းအရာတွေကို ကျွန်မသိထားခဲ့ပေမယ့် မမကိုတော့ မပြောဖြစ်ခဲ့ပါဘူး။ တစ်ပူကနေ နှစ်ပူမဖြစ်စေချင်ဘူးလေ။

“နှင်းလေး”ဆီက ထိုအကြောင်းအရာများကြားပြီး တစ်လကျော်ကာလလောက် မနက်ခင်းလေးတစ်ခုမှာ ကျွန်မဆီ မမငိုသံကြီးနဲ့ဖုန်းဆက်ပါတော့တယ်။ စကားစပြောပြောချင်းမှာတော့ ငိုချင်စိတ်ကို အတော်လေးထိန်းချုပ်ထားတယ်ထင်ပါရဲ့။ ကျွန်မက “မမ တစ်ခုခုဖြစ်ထားသလား? ငိုသံပါကြီးနဲ့”လို့ ပြောလိုက်တာနဲ့ ချုံးပွဲချငိုပါတော့တယ်။

“ညီမလေးရယ် … လွန်ခဲ့တဲ့နှစ်ရက်လောက်က ကိုကိုရန်ကုန်ဆင်းသွားတယ် … သူ့မိတ်ဆွေတစ်ယောက် နိုင်ငံခြားကပြန်လာလို့တဲ့ … မမလည်းလိုက်ချင်တယ်ပြောမိတာ စကားများပြီး ထွက်သွားတယ် … သူ့မိတ်ဆွေတွေကို တစ်ခါမှလည်း အဲဒီလိုမျိုး သွားမကြိုဖူးပါဘူးကွယ် … မမထင်တာ ဟိုမိန်းကလေးများလားလို့ပဲ”
အို ဘုရား … ဘုရား။ ဒါဆို ဟိုအမျိုးသမီးပြန်ရောက်လာပြီထင်တယ်။ မမကိုတော့ “မဟုတ်နိုင်ပါဘူး မမရယ် … သူ့ရဲ့အတော်ရင်းနှီးတဲ့ မိတ်ဆွေမို့လာကြိုတာ ဖြစ်ပါလိမ့်မယ်”လို့ မမစိတ်သက်သာရာရပါစေဖို့ နှစ်သိမ့်ပေးလိုက်ပေမယ့် ကျွန်မ နှင်းလေးဆီတော့ ဖုန်းဆက်ကြည့်အုံးမှပါလို့ တွေးလိုက်ပါတယ်။ မမနဲ့ဖုန်းပြောအပြီးမှာတော့ နှင်းလေးဆီ ဖုန်းခေါ်လိုက်ပါတယ်။ ထင်တဲ့အတိုင်းပါပဲ။ မနေ့ကပဲ ထိုအမျိုးသမီးပြန်ရောက်လာပါတယ်တဲ့။ နှင်းလေးအစ်မတို့ရော သွားကြိုကြပြီး ထိုအမျိုးသမီးရဲ့ချစ်သူပါ လာကြိုတယ်တဲ့။ ထိုချစ်သူဆိုတဲ့ အမျိုးသားရဲ့ပုံပန်းသဏ္ဍာန်ကို နှင်းလေးအစ်မရဲ့ပြောပြချက်အရ နှင်းလေးက ကျွန်မဆီပြန်ပြောပုံအရဆို သေချာပါတယ်။ မမအမျိုးသားရဲ့ပုံစံပါပဲ။ 

မမရယ်!!! ညီမလေးဘယ်လိုလုပ်ပေးရမှန်းတောင် မသိဘူး … ဒီကအကြောင်းစုံကို မမဆီပြောပြပြန်ရင်လည်း အနားမှာဘယ်သူမှမရှိဘဲ တစ်ယောက်ထဲမျက်ရည်တောထဲမှာ ခံစားနေရမယ့် မမကိုလည်း သနားတယ် … ကြိုတင်မပြောပြထားပြန်ရင်လည်း မမအမျိုးသား လူလည်ကျတိုင်း ခံနေရအုံးမယ် … စိတ်ညစ်ပါတယ်ကွယ် … ကျွန်မအတော်လေးကို စဉ်းစားရကြပ်နေပါပြီ …။


အပိုင်း(၃) ဆက်ရန် …





မိုးညချမ်း
26.2.2012 (3:00 p.m)


Monday, February 25, 2013

လက်တွေ့တစ်ချို့ရွက်လွှင့်ကြည့်ခြင်း


*ညဉ့်နက်နက်သန်းခေါင်ယံမှာ
တိတ်ဆိတ်ခြင်းတွေ ကြီးစိုးမင်းမူလာတဲ့အခါ
စိတ်ကူးတစ်ချို့ ရွက်လွှင့်ရင်း
အတွေးစတစ်ချို့ လမ်းလျှောက်ထွက်ကြည့်တယ် …။

*တစ်ယောက်နဲ့တစ်ယောက် တိုက်ကြခိုက်ကြနဲ့
မနာလိုရန်စောင်မှုတွေကိုလည်း
အံ့သြစွာမြင်ရတယ် …။

*ငိုကြွေးပူဆွေးခြင်းတွေနဲ့ ကိုယ့်အနားက
ရှင်ကွဲနဲ့သေကွဲ ခွဲခွာသွားကြတဲ့သူတွေအတွက်
ပူဆွေးဝမ်းနည်းနေခြင်းတွေကိုလည်း တွေ့ရတယ် …။

*တွန်းကြတိုက်ကြနဲ့ ကိုယ်နေရာရဖို့
အသိအမှတ်ပြုခံရဖို့အတွက်လည်း
တစ်ဦးအပေါ်တစ်ဦး ဖိနှိပ်မှုတွေကို ကြုံရတယ် …။

*ဟစ်ကြွေးအော်ခေါ်နိုင်ခြင်းကင်းစွာနဲ့
ကူကယ်ရာမဲ့ သနားစဖွယ်အတိနဲ့
သက်ကြီးသက်ငယ်တွေကိုလည်း တွေ့ရပြန်တယ် …။

*လူတစ်ယောက်ရဲ့ အမှတ်တမဲ့စကားတစ်ခွန်းကြောင့်ပဲ
လူအများကပြစ်တင်ကဲ့ရဲ့ ရှုံ့ချမှုတွေကိုလည်း
မထင်မှတ်လောက်အောင် မြင်ရပြန်တယ် …။

*လောဘ၊ မောဟ၊ ဒေါသတွေအတွက်နဲ့
အသက်တွေ ဘဝတွေစတေးခံနေကြရတာကိုလည်း
ကြောက်ခမန်းလိလိ တွေ့လိုက်ရပြန်တယ် …။

*"လောက လောက"လို့ တွေးပြီး
"အော် လူတွေ လူတွေ"လို့ပဲ တီးတိုးရေရွတ်ရင်း
အတွေးတွေနိဂုံးချုပ် မီးခလုတ်ကိုပိတ်ရင်း
နှစ်ခြိုက်စွာအိပ်ပစ်လိုက်တာပဲ ကောင်းပါတယ်လေ!!!


မိုးညချမ်း
21.2.2013(12:50 p.m)

Thursday, February 21, 2013

ဘဝနေဝင်ချိန်လေးလှခဲ့ပြီ …



“အောက် အီး အီး အွတ် … ” ဆိုတဲ့ ကြက်တွန်သံလေး ကြားရတာနဲ့ မနက်(၄းဝ၀)နာရီထိုးပြီဆိုတာ သိလိုက်ပြီ။ အိပ်ယာမှ ကပျာကယာလေးထလို့ မျက်နှာသစ်ပြီး ထမင်းအိုးလေးကောက်တည်လိုက်ပါတယ်။ ဆွမ်းကပ်ချင်လို့သာ ထမင်းတစ်လုံးချက်လောက် တည်ရတာ ကျွန်မကအပြင်ထွက်စျေးရောင်းနေသူမို့ ထမင်းကိုကြုံသလိုစားလိုက်တာက ခပ်များများရယ်။ ထမင်းအိုးတည်ထားချိန် မနေ့က ကျန်နေသေးတဲ့ အသီးအနှံလေးတွေကို ဗန်းထဲနေရာတကျ ထည့်အပြီးမှာ ထမင်းအိုးဆူလာလို့ ရေငှဲ့လိုက်ပြီး ခဏနှပ်ထားလိုက်တုန်း (၃)ရက်လောက်ရေမလဲဘဲ ရှိနေပြီဖြစ်တဲ့ 

ဘုရားပန်းအိုးလေး(၂)လုံး ရေလဲလိုက်ပါတယ်။ ကြာကြာခံမယ့် သပြေအငုတ်တိုလေးတွေ ထိုးထားလို့သာ တော်တော့တယ်။ လှလှပပနဲ့ အရောင်စုံတဲ့ပန်းတွေသာဆို ခဏလေးညှိုးညှိုးသွားတာရယ်။
ဘုရားပန်းအိုးလေးလဲအပြီး ထမင်းလည်းနပ်ပြီမို့ ပန်းကန်လေးထဲထည့် ကြက်သွန်နီခပ်ပါးပါးလေးလှီးလို့ မနေ့ညနေကဘေးအိမ်ကဝယ်ထားပေးတဲ့ပဲပြုတ်နဲ့နယ်ပြီး ဘုရားဆွမ်းတော်ကပ်ဝတ်ပြုပြီးချိန်မှာတော့ ငါးနာရီထိုးလုဆဲဆဲ …။ စျေးတောင်းခေါင်းပေါ်ရွက်လို့ လမ်းထိပ်နားက ရေအိုးစင်လေးဘေးမှာ စျေးရောင်းဖို့ထွက်လာရင်း ကျွန်မရဲ့တစ်နေ့တာအစပြုလိုက်ြပန်ပြီပေါ့။ 

ကျွန်မအသက်(၈၂)နှစ်၊ သားသမီး(၆)ယောက်ရှိတဲ့အမေဆို ဘယ်သူကယုံကြမှာတုန်း။ ကျွန်မငယ်စဉ်ကတည်းက မိဘတွေမရှိလို့ ဆွေမကင်းမျိုးမကင်းအိမ်မှာ ကပ်နေပြီး အသက် (၂၀)လောက်မှာအိမ်ထောင်ကျခဲ့တယ်။ ယောကျ်ားလုပ်သူက တပ်မတော်ကရဲဘော်တစ်ဦးမို့ ရတဲ့လစာလေးကမလောက်မငနဲ့ သားသမီး(၄)ယောက်ရသည်ထိ စျေးတောင်းခေါင်းရွက်လို့ တစ်ဖက်တစ်လမ်းကရှာဖွေစားသောက်ခဲ့ကြရတာ။ အငယ်ဆုံးသားလေးအခါလည်လောက် ကျွန်မအသက်(၅၀)ကျော်လောက်မှာ ယောကျ်ားကရှေ့တန်းမှာဆုံးသွားလုိ့ ကလေး(၄)ယောက်နဲ့ကျွန်မဖြစ်သလို ရုန်းကန်နေခဲ့ရင်းနဲ့ ဒုတိယအိမ်ထောင်ထူထောင်ဖို့ဖြစ်လာပြန်ရော။ ကျွန်မတစ်ယောက်တည်းအားနဲ့မရုန်းကန်နိုင်တော့လို့ အားကိုးအားထားပြုနိုင်ရာ နောက်အိမ်ထောင်ထူထောင်လိုက်ချိန်မှာတော့ သူ့ဘက်ကပါလာတဲ့ကလေး(၂)ယောက်၊ ကျွန်မဘက်က ကလေး(၄)ယောက်ရဲ့တာဝန်တွေ ပိုပိလာတာပေါ့။ ဒါပေမယ့် ကျွန်မရဲ့ဒုတိယအိမ်ထောင်က အမျိုးသားကစီးပွားအရှာတော်လေတော့ ကလေးတွေအတွက် ပညာရေးကို မပူပင်ရသလို ရွှေတိုရွှေစလေးနဲ့ ငွေအနည်းငယ်စုဆောင်းမိလာတာပေါ့။ ကလေးတွေအရွယ်ရောက်လာချိန်မှာတော့ မှော်ဘီမြို့ဘက်နားမှာ အိမ်တစ်လုံး၊ ဆိုက္ကား(၂)စီးနဲ့ ရွှေအနည်းငယ်ပိုင်ဆိုင်ထားမိပြီေပါ့။ သားသမီး(၆)ယောက်လုံး အရွယ်ရောက်ပြီးသိတတ်လာချိန်မှာေတာ့ စိတ်ဝမ်းတွေကွဲလာကြပြီလေ။ ဖအေဘက်ကပါလာတဲ့ကလေး၊ မအေဘက်ကပါလာတဲ့ကလေးနဲ့ ပတ်ဝန်းကျင်က စကားတွေကိုလည်း နားယောင်လာချိန်မှာတော့ အိမ်တွင်းရန်လေးတွေမကြာခဏ ဖြစ်လာကြတော့တာပေါ့။ ကျွန်မတို့လင်မယား(၂)ယောက်လည်း အတတ်နိုင်ဆုံးကလေးတွေစိတ်ဝမ်းမကွဲရလေအောင် ပြောဆိုဆုံးမ ခဲ့ပေမယ့် ပတ်ဝန်းကျင်ကြောင့်ပဲ တဖြည်းဖြည်းပိုပိုဆိုးလာတဲ့အြပင် အမွေကိစ္စတွေပါ ပါလာကြပြီပေါ့။ တစ်နေ့ တစ်နေ့ ကလေး(၆)ယောက်လုံး တစ်ယောက်နဲ့တစ်ယောက်ရန်စောင်လို့ ဘယ်အချိန်ထပေါက်ကွဲမယ့် ယမ်းပုံကြီးလည်းလို့ စိုးတထိတ်ထိတ်နဲ့နေလာရင်း ကျွန်မအသက် (၇၀)ကျော်လောက်မှာ ကျွန်မရဲ့ဒုတိယအမျိုးသားဆုံးပါးသွားခဲ့ပါတယ်။ ကျွန်မအမျိုးသားရှိစဉ်ကတည်းက သားတစ်ယောက် သမီးတစ်ယောက်အိမ်ထောင်သွားပြီဆိုပေမယ့် မိဘအိမ်မှာကပ်နေကြတုန်း။ အိမ်ခွဲနေရင် အမွေမရလိုက်မှာစိုးလို့ဆိုတဲ့ ဉာဉ်ဆိုးတွေနဲ့ပေါ့လေ။ 

ကျွန်မအမျိုးသားဆုံးပါးသွားပြီးနောက်ပိုင်းမှာ သားသမီးတွေက ပိုဆိုးလာခဲ့ပါတယ်။ သူတို့အချင်းချင်းစကားများနြေကသံ၊ အမွေကိစ္စပြောသံတွေကို တစ်နေ့တစ်မျိုးမရိုးနိုင်အောင် ကြားနေရဆဲ၊ ကျွန်မအမျိုးသားရှိစဉ်ကတည်းက ပိုင်ဆိုင်ထားခဲ့တဲ့ ဆိုက္ကား(၂)စီးနဲ့ ရွှေတိုရွှေစလေးတွေလည်း သားသမီး(၆)ယောက်ရဲ့လက်ချက်နဲ့ပဲ တတိတိကုန်လာလိုက်တာ အိမ်အခွံချည်းသပ်သပ်ကျန်ရှိတဲ့အထိပါပဲ။ “ဒီအိမ်တစ်လုံးကိုတော့ ငါသေမှပဲ အမွေခွဲကြဟေ့”လို့ မာန်တင်းလို့ ဟစ်ကြွေးထားပေမယ့် ယောကျ်ားဘက်ကသားသမီးတွေက “ဒီအဘွားကြီး သေကို မသေနိုင်သေးဘူး”လို့ တစ်မျိုး၊ ကျွန်မသားတစ်ယောက်ရဲ့မိန်းမ၊ ကျွန်မချွေးမထံမှ နေ့စဉ်ညူစူနေသံတွေကြားရဖန်များလာရလို့ တစ်ဖုံနဲ့ နောက်ဆုံးမှာတော့ ကျွန်မဒုတိယအမျိုးသားခေါင်းချသွားခဲ့တဲ့ အိမ်ကြီးနဲ့ ကျွန်မသားသမီးတွေအားလုံးကို စွန့်ခွာလို့ ဘယ်တော့မှပြန်မလာတော့ဘူးဆိုတဲ့ ဝမ်းနည်းသောဆုံးဖြတ်ချက်တွေနဲ့တိတ်ဆိတ်စွာပဲ အဝေးကိုထွက်ပြေးခဲ့ပါတော့တယ်။
 
ဘာပစ္စည်းတစ်ခုမှမပါ ဘာမှကြိုတင်စဉ်းစားထားခြင်းမရှိဘဲ အသက်(၈၀)ကျော်မှ အိမ်ကထွက်ပြေးလာရတဲ့ ကျွန်မအဖြစ်ကို ဘယ်သူယုံနိုင်ကြမှာတုန်းရှင်။ ဒီလိုပဲရွာရိုးကိုးပေါက်လျှောက်ရင်း အများကပေးစာကမ်းစာလေးကို ရှာဖွေစားသောက်ရင်း တစ်ရက်တော့ အတော်လေးနေမကောင်းဖြစ်နေတာနဲ့ ရန်ကုန်ကစျေးတစ်ခုရဲ့အပေါက်ဝနားလေးက ရေချမ်းစင်လေးဘေးမှာ မှီလို့မှေးကနဲအိပ်ပျော်သွားပါတယ်။

“အဘွား … အဘွား”ဆိုတဲ့ လှုပ်နှိုးခေါ်သံလေးတစ်ခုကြားလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကလေးမလေး တစ်ယောက် ကျွန်မနားလေးမှာထိုင်လို့ ဂရုဏာသက်စွာငေးကြည့်နေပါတယ်။ “အဘွား … နေမကောင်းလို့လားဟင်”လို့ ဂရုဏာအမေးလေးနဲ့အတူ ကျွန်မနဖူးကို ညင်သာစွာလာစမ်းပါတယ်။
“ဟယ် … အဘွားအတော်လေးကိုယ်ပူနေတာပဲ … အဘွားဘယ်မှာနေတာလည်း … သမီးအိမ်ပြန်လိုက်ပို့ပေးမယ်”လို့ မေးတော့ ကျွန်မဝမ်းနည်းစွာနဲ့ပဲ “အဘွားမှာ ပြန်စရာအိမ်မရှိပါဘူး သမီးရယ် … စိတ်ရှုပ်ထွေးလွန်းလို့အိမ်က ထွက်လာတာ”လို့ပဲ ပြန်ဖြေလိုက်ပါတယ်။ “အို … အဘွားရယ် … ခုလည်းတော်တော်နေမကောင်းဖြစ်ေနတာ ဘယ်လို လုပ်မလည်း … သမီးတစ်ခုခုစီစဉ်ကြည့်ပါအုံးမယ်”ဆိုတဲ့ အပြောစကားလေးနဲ့တင် ကျွန်မအတော်လေး ကြည်နူး သွားမိပါတယ်။ နောက်တော့ကျွန်မနဲ့မလှမ်းမကမ်းမှာ သူမရဲ့ဖုန်းတစ်လုံးနဲ့အတော်လေ ကြာအောင် စကားပြော အပြီးမှာတော့ ကျွန်မအနားမှာပြန်လာထိုင်လို့ “အဘွား … သမီးကိုယ့်ကိုကိုယ်ပဲ မိတ်ဆက်တော့မယ်နော် … သမီးနာမည်က “သိမ်မွေ့” ပါ … သမီးက သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေး ပရဟိတအသင်းက အသင်းဝင်တစ်ယောက်ပေါ့ … သမီးတို့အသင်းက အဘွားတို့လို ခိုကိုးရာမဲ့ အဘိုးအဘွားတွေကို ရာသက်ပန် စောင့်ရှောက်ထောက်ပံ့ပေးနေတာလေ … ဒီနေ့မနက်သမီးစျေးလာရင်း အဘွားကို တွေ့တာ … ဟိုနေ့တွေက အဘွားကို မတွေ့မိပါဘူး …”ဆိုတဲ့ အမေးတွေကို တစ်ခုချင်းပြန်ဖြေပေးနေတုန်း ကျွန်မတို့အနားကို လူငယ်လေးအချို့ ရောက်လာပါတယ်။

“ဟော လာကြပြီ … ဒီအဖွားပေါ့ နေလည်းမကောင်းဘူး … သွားစရာအိမ်လည်းမရှိဘူး အသက်ကလည်း(၈၁)နှစ်တဲ့။ အဲဒါ သိမ်မွေ့တို့ အသင်းက တစ်ခုခုများစီစဉ်ပေးနိုင်မလားလုိ့ လှမ်းဖုန်းဆက်လိုက်တာ”ဆိုတဲ့ စကားလေးကိုအစချီလို့ သူတို့လေးတွေတိုင်ပင်စကားပြောေနသံတော့ ကြားနေပေမယ့် ခေါင်းထဲမူးနောက်နောက်ရှိလှတာေြကာင့် မျက်လုံးလေးမှိတ်လို့ မှိန်းနေတုန်း “အဘွား … သမီးတို့နဲ့လိုက်ခဲ့နော် … သမီးတို့အဘွားကို သက်တောင့်သက်သာရှိစေဖို့ အိမ်လေးတစ်လုံးလောက်စီစဉ်ပေးမယ် … ပြီးတော့ အဘွားကို သမီးတို့သားတို့ရဲ့ ကိုယ်စားမိဘတစ်ယောက်လို့ ရာသက်ပန်ကျွေးမွေးစောင့်ရှောက်ခွင့်ပြုပါ”လို့ ခွင့်တောင်းသံတွေကြားလိုက်ရတော့ ကျွန်မရင်ထဲဆို့နင့်သွားပါတယ်။ ကျွန်မရဲ့ဝမ်းနဲ့လွယ်မွေးထားရတဲ့ သားသမီးတွေ၊ ကျွန်မဝမ်းနဲ့လွယ်မမွေးရပေမယ့် သားသမီးအရင်းနဲ့မခြား ကျွေးမွေးစောင့်ရှောက်ပေးရတဲ့ သားသမီးတွေကတောင် ငြူစူငြိုငြင်လို့ အဝေးထွက်ပြေးခဲ့ရတဲ့ ကျွန်မကို ဘာမှသွေးမတော်သားမစပ်တဲ့ မြေးအရွယ်ကလေးတွေက ကျွန်မကို ကိုယ်စားမိဘတစ်ယောက်လို ရာသက်ပန်စောင့်ရှောက်ဖို့ ခွင့်ပန်နေကြတဲ့ မြင်ကွင်းလေးတွေ့ရတော့ မျက်ရည်တွေမဆည်နိုင်ခဲ့ပါဘူး။ ဝမ်းနည်းဝမ်းသာစွာနဲ့ ကလေးတွေကိုဆုတွေတောင်းပေးခဲ့ပါတယ်။ ကျွန်မနေထိုင်စားသောက်ဖို့ရာ လစဉ်ထောက်ပံ့ပေးလို့ ကျွန်မနဲ့ကလေးငယ်တွေစတင်တွေ့ရှိခဲ့တဲ့ စျေးအနီးဝန်းကျင်က အိမ်တစ်လုံးကို ငှားရမ်းပေးလို့ ကျွန်မရဲ့နေ့ရက်တွေကို သာယာစေခဲ့ပါတယ်။ 

သူတို့လေးတွေရဲ့လစဉ်ငွေကြေးထောက်ပံ့မှု၊ ဆေးဝါးထောက်ပံ့မှုတွေကို လုံလောက်စွာရရှိနေပေမယ့် ကျန်းမာရေးကောင်းဖို့ လှုပ်လှုပ်ရှားရှားအနေနဲ့ အလုပ်တစ်ခုလုပ်ချင်တာကတစ်ကြောင်း၊ ကျွန်မရဲ့သားသမီးတွေ မြေးတွေ ကျွန်မဆီလာရင်ဖြင့် တစ်ဖက်တစ်လမ်းကစျေးရောင်းလို့ ရရှိထားတဲ့ ကိုယ်ပိုင် ဝင်ငွေလေးနဲ့ မုန့်ပဲသားရေစာကျွေးချင်စိတ်ကေလးရှိတာကတစ်ကြောင်းနဲ့ပဲ သားသမီးတွေ လစဉ်ထောက်ပံ့ ကန်တော့ငွေနဲ့ အရင်းအနှီးလေးလုပ်လို့ စျေးပေါက်ဝကရေအိုးစင်လေးနားမှာပဲ အသီးအနှံလေးတွေရောင်းချ ဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ကျွန်မလိုခိုကိုးရာမဲ့အဘိုးအဘွားတွေကို မိဘရင်းနဲ့မခြား ကျန်းမာရေး၊ နေထိုင်ရေး၊ စားသောက်ရေးကအစ ပြုစုစောင့်ရှောက်ခံရင်းနေလာလိုက်တာ ခုဆိုတစ်နှစ်တောင်ကျော်ရောပေါ့လို့ အတွေးထဲမှာနစ်မျောနေတုန်း-

“အဘွားရေ … သမီးတို့လာတယ် …”ဆိုတဲ့ အသံစာစာနဲ့ သမီးလေး“သိမ်မွေ့”လေးအပါအဝင် ကျွန်မရဲ့သားသမီးတွေရောက်လာပြီေပါ့။ “သမီးတို့ အဘွားအိမ်တောင်ရောက်ခဲ့သေးတယ်။ စျေးရောင်းထွက်သွားပြီဆိုလို့ ဒီကိုပဲလိုက်လာတာ။ အဘွားကလေ နားနားနေနေလည်း နေခိုင်းလို့မရ … ပင်ပန်းပါ့မယ်ပြောနေတဲ့ဟာကို”ဆိုပြီး ဂရုဏာဒေါသောအသံလေးနဲ့ သမီးလေး“သိမ်မွေ့”က အဆက်မပြတ်စကားတွေ ပြောနေလိုက်တာ အင်မတန်ချစ်ဖို့ကောင်းလိုက်ပါဘိရှင်။ 

“ဒါနဲ့ အဘွားရေ … နောက်လဆိုရင် သမီးတို့ STA အသင်းကြီး (၃)နှစ်ပြည့်တော့မယ် … (၃)နှစ်ပြည့်အခမ်းအနားလေးလုပ်မယ် … အဘွားတို့တွေနဲ့အတူတူ မွေးနေ့ကိတ်ကြီးလှီးမယ် … အဲဒါကြောင့် အဲဒီပွဲလေးမှာဝတ်ဖို့ဝတ်စုံလေးေတွလာပေးတာလေ … အဲဒီနေ့ကျရင် သမီးတို့တွေအဘွားကို လာကြိုမယ်နော်”ဆိုပြီး ကျွန်မနဲ့ သူတို့လေးတွေစကားပြောနေလိုက်တာ အချိန်လေးအတော်ကြာသွားမှပဲ “အဘွားရေ သားတို့သမီးတို့ သွားလိုက်အုံးမယ်နော် … ကျန်တဲ့အဘိုးအဘွားတွေဆီ သွားရအုံးမယ် ဘွားရဲ့”လို့ နှုတ်ဆက်ပြီးထွက်သွားတဲ့ သူတို့လေးတွေရဲ့ကျောပြင်လေးကိုေငးကြည့်ရင်း ကျွန်မတို့လို ခိုကိုးရာမဲ့ ဘိုးဘွားတွေရဲ့နေဝင်ချိန်ကို လှပစေဖို့ ကျွန်မရဲ့သားသမီးတွေရဲ့စေတနာေမတ္တာတွေအပြည့်နဲ့ အုပ်မိုးတည်ဆောက်ထားကြတဲ့ Save the Aged ဆိုတဲ့ မေတ္တာအိမ်ကြီးတောင် (၃)နှစ်ပြည့်တော့မှာပါလားလို့ေတွးတောရင်း … Save the Aged အသင်းကြီးလည်း ထာဝရအဓွန့်ရှည်တည်တံ့ပါစေလို့ တောင်းဆုတွေပြုရင်းပဲ ကျွန်မရဲ့ဘဝနေဝင်ချိန်လေးတွေလှပနေခဲ့ပါတော့တယ်။

(Save the Aged မှ ရာသက်ပန်စောင့်ရှောက်ထောက်ပံ့ပေးထားသော အဘွားနှစ်ဦး၏အကြောင်းအား အခြေခံပုံဖော်ရေးသားထားပြီး Save The Aged (၃)နှစ်ပြည့်အထိမ်းအမှတ်စာမူပြိုင်ပွဲတွင် “အဆုံးသတ်မလှပသောကြောင့် ပထမဆုနှင့်လွဲခဲ့ရခြင်းဖြစ်ပါသည်”ဟူသော မှတ်ချက်နှင့်အတူ ဒုတိယဆုကိုပိုင်ဆိုင်ရရှိခဲ့သော စာမူလေးပါ ...)



မိုးညချမ်း
14.12.2012(3:30 p.m)


Monday, February 11, 2013

ကြွေလွင့် ကြေမွခဲ့လေသော နိဂုံး (အပိုင်း-၁)





“သမီးရေ … သမီး ဖုန်းလာနေတယ် အောက်ခဏဆင်းခဲ့အုံး”လို့ မေမေ့ခေါ်သံကြားမှ ကျွန်မရေးလက်စ စာကို ခဏဖြတ်လို့ အောက်ထပ်ဆင်းလာလိုက်ပါတယ်။ မေမေက “နှင်းလေး …”လို့ ပြောရင်း ကျွန်မထံသို့ ဖုန်းလှမ်းပေးပြီး မီးဖိုချောင်ကိုဝင်သွားလေရဲ့။

“သူငယ်ချင်းရေ … နင့်အစ်မ အမျိုးသားက လာမယ့် Sunday မင်္ဂလာဆောင်တဲ့ဟ … ငါ့အစ်မ သူငယ်ချင်းနဲ့ပဲ … အဲဒါလှမ်းဖုန်းဆက်ပေးတာ…”ဆိုတဲ့ ကျွန်မရဲ့ ချစ်သူငယ်ချင်းမ နှင်းလေးရဲ့ သတင်းပေးစကားနဲ့အတူ (၁၀)မိနစ်လောက်ဖုန်းပြောအပြီးမှာတော့ “ငါ အဲဒီမင်္ဂလာဆောင်ကို သွားဖြစ်ရင် နင်လိုက်ခဲ့ပေးနော်”ဆိုတဲ့ ချိန်းဆိုမှုကိုပြောကာ ဖုန်းချလိုက်ပြီး အတိတ်နေ့ရက်ဆီသို့ အတွေး တစ်ချို့ ရောက်သွားမိလိုက်ချိန်မှာတော့ ကျွန်မရင်ထဲအတော်လေး ဆို့နင့်သွားရပါတယ်။

****************************************************

“ချမ်းမြေ့လင်း” ကျွန်မချစ်ခင်ရသော အစ်မတစ်ယောက် …။ ဆွေမျိုးနီးစပ်တော်သည့် ညီအစ်မ သံယောဇဉ်မျိုး မဟုတ်ဘဲ အင်တာနက်အွန်လိုင်းကနေ ခင်မင်ရတဲ့အစ်မ …။ ခင်မင်စကတော့ အပြင်မှာ တစ်ခါမှမမြင်ဖူးပေမယ့် အမြဲလိုလိုဖုန်းပြောဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ရင်ဖွင့်ပြောပြ တိုင်ပင် တတ်ခြင်းတွေနဲ့ တစ်ကယ့်ညီအစ်မတွေလို သံယောဇဉ်တွယ်နေကြတာပေါ့။  ကျွန်မကလည်း ဖေဖေမေမေတို့ရဲ့ တစ်ဦးတည်းသောသမီးဖြစ်လို့ မောင်နှမသံယောဇဉ်ကို ငတ်မွတ်သူ တစ်ယောက်အနေနဲ့ မမချမ်းမြေ့ကို အစ်မရင်းတစ်ယောက်လိုချစ်ခင်မိသလို ညီမ မရှိတဲ့ မမအဖို့လည်း ကျွန်မက တိုင်ပင်ဖော်ဖြစ်ခဲ့ရတယ်။ မမနဲ့ခင်မင်ပြီး (၁)နှစ်ကျော်အချိန်လောက်မှာတော့ ကျွန်မရဲ့အသစ်ရေးမယ့် ဝတ္ထုတစ်ပုဒ်အတွက် ကုန်ကြမ်းရှာရင်း မမရှိရာ တောင်ပေါ်မြို့လေးဆီသို့ အလည်တစ်ခေါက်ရောက်ဖြစ်ခဲ့ပါတယ်။

တစ်ခါမျှမရောက်ဖူးတဲ့ တောင်ပေါ်ဒေသတစ်ခုကို တစ်ခါမှမမြင်ဖူးပဲ သံယောဇဉ်တွယ် ချစ်ခင်ရတဲ့မမ အားကိုးနဲ့ပဲ အလည်ရောက်ဖြစ်ခဲ့ပါတယ်။ မမရဲ့ဖိတ်ခေါ်မှုနဲ့ပဲ မမအိမ်မှာသာတည်းခိုဖြစ်ခဲ့ပြီး ချစ်စဖွယ်အပြုံးမျက်နှာ၊ နွေးထွေးစွာဖော်ရွေမှုတို့နဲ့ ကျွန်မအလည်ရောက်တုန်း (၁)လ အတောအတွင်းမှာ သေချာစွာဂရုစိုက်ပေးရင်း မမနဲ့ကျွန်မတို့ (၂)ယောက်ရဲ့သံယောဇဉ် ပိုလို့ခိုင်မာခဲ့ရတယ်။ ကျွန်မအလည် ရောက်တုန်းအချိန်အတွင်းမှာ မမအမျိုးသားဆိုသူကို (၃) (၄)ကြိမ်တွေ့ခဲ့ဖူးတယ်။ အလုပ်များလို့ဆိုတဲ့ အကြောင်းပြချက်နဲ့အတူ မနက်အစောထွက်သွား ညအတော်လေးမိုးချုပ်မှပြန်လာတတ်ပြီး တစ်ခါတစ်ရံ ယမကာအနည်းငယ် မှီဝဲလာချိန်ဆိုရင်တော့ မမနဲ့သူ့အမျိုးသားတို့ စကားအနည်းငယ်များကြတာကို တိတ်ဆိတ်တဲ့ ညဉ့်နက်နက်မှာ တစ်ဖက်ခန်းမှာရှိတဲ့ အိပ်မပျော်သေးသော ကျွန်မကအတိုင်းသား ကြားနေရတတ်ပါတယ်။ ကိုယ်နဲ့မဆိုင်သောကိစ္စရပ်တစ်ခုဆိုပေမယ့်လည်း ကိုယ့်အစ်မအရင်းတစ်ယောက်လို သံယောဇဉ် တွယ်နေရသူဖြစ်တဲ့ မမက တောင်းပန်တိုးလျှိုးပြီး ပြောသံတွေ၊ ငိုသံပါနေတဲ့အသံတွေကြားပြီး မမအပေါ် သနားစိတ်ကလေးလည်း ဖြစ်ပေါ်လာမိပြန်တယ်။

တစ်နေ့တစ်နေ့ ကျယ်ဝန်းသောအိမ်ထဲမှာ မနက်မိုးလင်းကနေ ညနေမိုးချုပ်သည်ထိ ခြံထဲက ပန်းပင်လေး တွေနဲ့သာ အဖော်ပြုနေတတ်သူ၊ အိမ်ထောင်မှုကိစ္စအဝဝကို မိမိကိုယ်တိုင်သာလုပ်ချင်လို့ အိမ်အကူ တစ်ယောက်တစ်လေတောင် ခေါ်မထားတတ်တဲ့ အိမ်ရှင်မပီသသူ၊ တစ်ခါတစ်ရံ ခြံထဲကထိုင်ခုံလေး ပေါ်မှာထိုင်ရင်း ဝမ်းနည်းရိပ်တွေနဲ့ ငေးမောနေတတ်သူ၊ နှုတ်ကဖွင့်ဟမပြောပေမယ့် အလွန်အားငယ် အထီးကျန်မှုကို ခံစားနေရသူဆိုတာ ကျွန်မအလည်ရောက်နေသည့်အချိန် အတောအတွင်းမှာ သိလိုက်ရခြင်းအတွက် မမအပေါ်သံယောဇဉ် ပိုတိုးမိပြန် ပါရော။ တောင်ပေါ်မြို့လေးဆီသို့ စရောက်ကာစက အသားဖြူသွယ်လျသော်လည်း မျက်နှာ အနည်းငယ် ချောင်ကျသယောင်ရှိသော မမတစ်ယောက် ကျွန်မအလည် ရောက်နေစဉ်အတောအတွင်း ဘယ်လောက်များ ဝမ်းသာနေသလည်းဆိုတာ ပြည့်ပြည့်ဖြိုးဖြိုးဖြစ်လာတဲ့ မမရဲ့မျက်နှာသွင်ပြင်အရ ရိပ်မိတာပေါ့။ ထိုမြို့လေးဆီက မရောက်ဖူးတဲ့ဘုရားတွေ၊ နေရာတွေကို ကိုယ်တိုင်ကိုယ်ကျလိုက်ပို့လို့ ကျွန်မစားချင်သော အစားအစာတွေကို ဖွယ်ဖွယ်ရာရာချက်ကျွေးရင်း ကျွန်မနဲ့အတူ ညီအစ်မ (၂)ယောက်လက်ဆုံစားရင်း “ညီမလေး ပြန်သွားရင်တော့ မမအရမ်းလွမ်းကျန်ခဲ့ တော့မှာပဲကွယ်”ဆိုတဲ့ စကားတွေအောက်မှာ ကျွန်မမျက်ရည်ဝဲခဲ့ဖူးပါတယ်။

ဒီလိုနဲ့ကျွန်မပြန်မယ့်နေ့မှာ မျက်နှာလေးညှိုးငယ်လို့ မျက်ဝန်းအိမ်မှာမျက်ရည်တွေနဲ့ “မမဆီမကြာခဏ လာလည်ပါ ညီမလေးရယ်”ဆိုတဲ့ စကားလုံးတွေအောက်မှာ ကျွန်မမျက်ရည်တွေထိန်းမရခဲ့ပါဘူး။ ကျွန်မရန်ကုန်ပြန်ရောက်ပြီးနောက်ပိုင်းလည်း နေ့တိုင်းလိုလို မမနဲ့ဖုန်းပြောဖြစ်၊ Online မှာလည်း အမြဲစကားတွေပြောဖြစ်ရင်း အဆက်အသွယ်မပြတ်ခဲ့ပါဘူး။ ကျွန်မစိတ်ညစ်တဲ့အခါဆိုရင်လည်း ဖုန်းထဲကနေ အနည်းငယ်ပျက်ယွင်းနေတဲ့ စကားပြောသံကြောင့် ချက်ချင်းရိပ်မိတတ်တဲ့ မမပေါ့။ မမဆီက ဖုန်းမလာတဲ့ရက်ဆို နေမကောင်းလို့များလား တွေးရင်းစိတ်ပူပြီး ကျွန်မဘက်က ချက်ချင်းဖုန်းခေါ် တတ်တာမျိုးပေါ့။ ကျွန်မမေမေကတောင် မမကိုမမြင်ဖူးပေမယ့် တရင်းတနှီးရှိနေပြီ။ အဲဒီလောက်ထိ သံယောဇဉ်တွယ်နေရင်း နေ့တိုင်းနီးပါးအဆက်အသွယ်မပြတ် ဖုန်းပြောဖြစ်နေကြရင်းကနေ ကြိုတင် ပြောပြခြင်းမရှိပါဘဲ မမဆီက ဖုန်းအဆက်အသွယ်ပြတ်သွားခဲ့ပါတော့တယ်။ ကျွန်မဘက်က ဖုန်းခေါ်ပေမယ့် လည်း တစ်ဖက်ကဖုန်းကိုင်ဖြေကြားပေးခြင်း မရှိလေတော့ မမတစ်ယောက် ဘာများဖြစ်လို့လည်းလို့ စိတ်ပူခြင်းများစွာနဲ့ တောင်ပေါ်မြို့လေးဆီလိုက်သွားဖို့ ပြင်ဆင်နေတုန်း မေမေကလည်း ရုတ်တရက် ကျန်းမာရေးမကောင်းဖြစ်သွားတာနဲ့တိုက်ဆိုင်ပြီး မမဆီသွားဖို့စိတ်ကူးကို ဖျက်ပစ်လိုက်ရတော့တာပေါ့။
တစ်လကျော် နှစ်လလောက်နီးပါး ဖုန်းအဆက်အသွယ်ပြတ်သွားပြီး တစ်ရက်မှာတော့ ကျွန်မဆီသို့ ဆိုင်းမဆင့်ဘုံမဆင့် မမတစ်ယောက်ရောက်ချလာပါတယ်။ ညှိုးငယ်နေတဲ့မျက်နှာနဲ့ ကျွန်မကိုတွေ့တွေ့ချင်းပဲ “ညီမလေးရယ်”ဆိုပြီး ရှိုက်ကြီးတငင်ငိုပါတော့တယ်။ ဘာအကြောင်းအရာရယ်လို့ သေချာမသိပေမယ့် မမရဲ့ငိုရှိုက်သံကြောင့် ကျွန်မပါမျက်ရည်တွေ ကျလာမိတယ်။

“မမ … ဘာဖြစ်လာတာလည်း … ပြော ညီမလေးကို ပြောပြ”လို့ မေးပေမယ့် ပြန်ဖြေဖော်မရအောင် ဝမ်းနည်း ပက်လက်ငိုနေတဲ့ မမကိုဘယ်လိုချော့ရမလည်းတောင် မစဉ်းစားနိုင်အောင်ပါပဲ။ အတော်လေးကြာအောင် ငိုနေပြီး မျက်လုံးတွေမို့အစ်လာတော့မှ “မမ … တော်တော့ ဘာတွေဖြစ်လာလို့လည်း … ညီမလေးကို ပြောပါအုံး … စိတ်ပူလို့ သေတော့မယ်”လို့ တရစပ်မေးရပါတော့တယ်။

“မမ ဘယ်ကစပြောရမှန်းတောင် မသိတော့ပါဘူး ညီမလေးရယ် … ပြောရမှာလည်း ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို ဖြစ်နေမလားလည်း စိုးတယ် … မမကြောင့် ညီမလေး စိတ်ရှုပ်သွား ရမှာလည်း ကြောက်တယ်ကွယ် …”

“အို … မမရယ် …. မမနဲ့ညီမလေးက သူစိမ်းတွေမှမဟုတ်ကြပဲကွယ် … ပြောပြပါအုံး။ ဘာများဖြစ်လာတာ လည်းဟင်”ဆိုတဲ့  ကျွန်မရဲ့အမေးအတွက် ရှိုက်သံသဲ့သဲ့နဲ့ ရင်ဖွင့်ပါတော့တယ်။



အပိုင်း(၂) ဆက်ရန် …


မိုးညချမ်း
3.2.2012 (1:00 p.m)

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...