Thursday, February 21, 2013

ဘဝနေဝင်ချိန်လေးလှခဲ့ပြီ …



“အောက် အီး အီး အွတ် … ” ဆိုတဲ့ ကြက်တွန်သံလေး ကြားရတာနဲ့ မနက်(၄းဝ၀)နာရီထိုးပြီဆိုတာ သိလိုက်ပြီ။ အိပ်ယာမှ ကပျာကယာလေးထလို့ မျက်နှာသစ်ပြီး ထမင်းအိုးလေးကောက်တည်လိုက်ပါတယ်။ ဆွမ်းကပ်ချင်လို့သာ ထမင်းတစ်လုံးချက်လောက် တည်ရတာ ကျွန်မကအပြင်ထွက်စျေးရောင်းနေသူမို့ ထမင်းကိုကြုံသလိုစားလိုက်တာက ခပ်များများရယ်။ ထမင်းအိုးတည်ထားချိန် မနေ့က ကျန်နေသေးတဲ့ အသီးအနှံလေးတွေကို ဗန်းထဲနေရာတကျ ထည့်အပြီးမှာ ထမင်းအိုးဆူလာလို့ ရေငှဲ့လိုက်ပြီး ခဏနှပ်ထားလိုက်တုန်း (၃)ရက်လောက်ရေမလဲဘဲ ရှိနေပြီဖြစ်တဲ့ 

ဘုရားပန်းအိုးလေး(၂)လုံး ရေလဲလိုက်ပါတယ်။ ကြာကြာခံမယ့် သပြေအငုတ်တိုလေးတွေ ထိုးထားလို့သာ တော်တော့တယ်။ လှလှပပနဲ့ အရောင်စုံတဲ့ပန်းတွေသာဆို ခဏလေးညှိုးညှိုးသွားတာရယ်။
ဘုရားပန်းအိုးလေးလဲအပြီး ထမင်းလည်းနပ်ပြီမို့ ပန်းကန်လေးထဲထည့် ကြက်သွန်နီခပ်ပါးပါးလေးလှီးလို့ မနေ့ညနေကဘေးအိမ်ကဝယ်ထားပေးတဲ့ပဲပြုတ်နဲ့နယ်ပြီး ဘုရားဆွမ်းတော်ကပ်ဝတ်ပြုပြီးချိန်မှာတော့ ငါးနာရီထိုးလုဆဲဆဲ …။ စျေးတောင်းခေါင်းပေါ်ရွက်လို့ လမ်းထိပ်နားက ရေအိုးစင်လေးဘေးမှာ စျေးရောင်းဖို့ထွက်လာရင်း ကျွန်မရဲ့တစ်နေ့တာအစပြုလိုက်ြပန်ပြီပေါ့။ 

ကျွန်မအသက်(၈၂)နှစ်၊ သားသမီး(၆)ယောက်ရှိတဲ့အမေဆို ဘယ်သူကယုံကြမှာတုန်း။ ကျွန်မငယ်စဉ်ကတည်းက မိဘတွေမရှိလို့ ဆွေမကင်းမျိုးမကင်းအိမ်မှာ ကပ်နေပြီး အသက် (၂၀)လောက်မှာအိမ်ထောင်ကျခဲ့တယ်။ ယောကျ်ားလုပ်သူက တပ်မတော်ကရဲဘော်တစ်ဦးမို့ ရတဲ့လစာလေးကမလောက်မငနဲ့ သားသမီး(၄)ယောက်ရသည်ထိ စျေးတောင်းခေါင်းရွက်လို့ တစ်ဖက်တစ်လမ်းကရှာဖွေစားသောက်ခဲ့ကြရတာ။ အငယ်ဆုံးသားလေးအခါလည်လောက် ကျွန်မအသက်(၅၀)ကျော်လောက်မှာ ယောကျ်ားကရှေ့တန်းမှာဆုံးသွားလုိ့ ကလေး(၄)ယောက်နဲ့ကျွန်မဖြစ်သလို ရုန်းကန်နေခဲ့ရင်းနဲ့ ဒုတိယအိမ်ထောင်ထူထောင်ဖို့ဖြစ်လာပြန်ရော။ ကျွန်မတစ်ယောက်တည်းအားနဲ့မရုန်းကန်နိုင်တော့လို့ အားကိုးအားထားပြုနိုင်ရာ နောက်အိမ်ထောင်ထူထောင်လိုက်ချိန်မှာတော့ သူ့ဘက်ကပါလာတဲ့ကလေး(၂)ယောက်၊ ကျွန်မဘက်က ကလေး(၄)ယောက်ရဲ့တာဝန်တွေ ပိုပိလာတာပေါ့။ ဒါပေမယ့် ကျွန်မရဲ့ဒုတိယအိမ်ထောင်က အမျိုးသားကစီးပွားအရှာတော်လေတော့ ကလေးတွေအတွက် ပညာရေးကို မပူပင်ရသလို ရွှေတိုရွှေစလေးနဲ့ ငွေအနည်းငယ်စုဆောင်းမိလာတာပေါ့။ ကလေးတွေအရွယ်ရောက်လာချိန်မှာတော့ မှော်ဘီမြို့ဘက်နားမှာ အိမ်တစ်လုံး၊ ဆိုက္ကား(၂)စီးနဲ့ ရွှေအနည်းငယ်ပိုင်ဆိုင်ထားမိပြီေပါ့။ သားသမီး(၆)ယောက်လုံး အရွယ်ရောက်ပြီးသိတတ်လာချိန်မှာေတာ့ စိတ်ဝမ်းတွေကွဲလာကြပြီလေ။ ဖအေဘက်ကပါလာတဲ့ကလေး၊ မအေဘက်ကပါလာတဲ့ကလေးနဲ့ ပတ်ဝန်းကျင်က စကားတွေကိုလည်း နားယောင်လာချိန်မှာတော့ အိမ်တွင်းရန်လေးတွေမကြာခဏ ဖြစ်လာကြတော့တာပေါ့။ ကျွန်မတို့လင်မယား(၂)ယောက်လည်း အတတ်နိုင်ဆုံးကလေးတွေစိတ်ဝမ်းမကွဲရလေအောင် ပြောဆိုဆုံးမ ခဲ့ပေမယ့် ပတ်ဝန်းကျင်ကြောင့်ပဲ တဖြည်းဖြည်းပိုပိုဆိုးလာတဲ့အြပင် အမွေကိစ္စတွေပါ ပါလာကြပြီပေါ့။ တစ်နေ့ တစ်နေ့ ကလေး(၆)ယောက်လုံး တစ်ယောက်နဲ့တစ်ယောက်ရန်စောင်လို့ ဘယ်အချိန်ထပေါက်ကွဲမယ့် ယမ်းပုံကြီးလည်းလို့ စိုးတထိတ်ထိတ်နဲ့နေလာရင်း ကျွန်မအသက် (၇၀)ကျော်လောက်မှာ ကျွန်မရဲ့ဒုတိယအမျိုးသားဆုံးပါးသွားခဲ့ပါတယ်။ ကျွန်မအမျိုးသားရှိစဉ်ကတည်းက သားတစ်ယောက် သမီးတစ်ယောက်အိမ်ထောင်သွားပြီဆိုပေမယ့် မိဘအိမ်မှာကပ်နေကြတုန်း။ အိမ်ခွဲနေရင် အမွေမရလိုက်မှာစိုးလို့ဆိုတဲ့ ဉာဉ်ဆိုးတွေနဲ့ပေါ့လေ။ 

ကျွန်မအမျိုးသားဆုံးပါးသွားပြီးနောက်ပိုင်းမှာ သားသမီးတွေက ပိုဆိုးလာခဲ့ပါတယ်။ သူတို့အချင်းချင်းစကားများနြေကသံ၊ အမွေကိစ္စပြောသံတွေကို တစ်နေ့တစ်မျိုးမရိုးနိုင်အောင် ကြားနေရဆဲ၊ ကျွန်မအမျိုးသားရှိစဉ်ကတည်းက ပိုင်ဆိုင်ထားခဲ့တဲ့ ဆိုက္ကား(၂)စီးနဲ့ ရွှေတိုရွှေစလေးတွေလည်း သားသမီး(၆)ယောက်ရဲ့လက်ချက်နဲ့ပဲ တတိတိကုန်လာလိုက်တာ အိမ်အခွံချည်းသပ်သပ်ကျန်ရှိတဲ့အထိပါပဲ။ “ဒီအိမ်တစ်လုံးကိုတော့ ငါသေမှပဲ အမွေခွဲကြဟေ့”လို့ မာန်တင်းလို့ ဟစ်ကြွေးထားပေမယ့် ယောကျ်ားဘက်ကသားသမီးတွေက “ဒီအဘွားကြီး သေကို မသေနိုင်သေးဘူး”လို့ တစ်မျိုး၊ ကျွန်မသားတစ်ယောက်ရဲ့မိန်းမ၊ ကျွန်မချွေးမထံမှ နေ့စဉ်ညူစူနေသံတွေကြားရဖန်များလာရလို့ တစ်ဖုံနဲ့ နောက်ဆုံးမှာတော့ ကျွန်မဒုတိယအမျိုးသားခေါင်းချသွားခဲ့တဲ့ အိမ်ကြီးနဲ့ ကျွန်မသားသမီးတွေအားလုံးကို စွန့်ခွာလို့ ဘယ်တော့မှပြန်မလာတော့ဘူးဆိုတဲ့ ဝမ်းနည်းသောဆုံးဖြတ်ချက်တွေနဲ့တိတ်ဆိတ်စွာပဲ အဝေးကိုထွက်ပြေးခဲ့ပါတော့တယ်။
 
ဘာပစ္စည်းတစ်ခုမှမပါ ဘာမှကြိုတင်စဉ်းစားထားခြင်းမရှိဘဲ အသက်(၈၀)ကျော်မှ အိမ်ကထွက်ပြေးလာရတဲ့ ကျွန်မအဖြစ်ကို ဘယ်သူယုံနိုင်ကြမှာတုန်းရှင်။ ဒီလိုပဲရွာရိုးကိုးပေါက်လျှောက်ရင်း အများကပေးစာကမ်းစာလေးကို ရှာဖွေစားသောက်ရင်း တစ်ရက်တော့ အတော်လေးနေမကောင်းဖြစ်နေတာနဲ့ ရန်ကုန်ကစျေးတစ်ခုရဲ့အပေါက်ဝနားလေးက ရေချမ်းစင်လေးဘေးမှာ မှီလို့မှေးကနဲအိပ်ပျော်သွားပါတယ်။

“အဘွား … အဘွား”ဆိုတဲ့ လှုပ်နှိုးခေါ်သံလေးတစ်ခုကြားလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကလေးမလေး တစ်ယောက် ကျွန်မနားလေးမှာထိုင်လို့ ဂရုဏာသက်စွာငေးကြည့်နေပါတယ်။ “အဘွား … နေမကောင်းလို့လားဟင်”လို့ ဂရုဏာအမေးလေးနဲ့အတူ ကျွန်မနဖူးကို ညင်သာစွာလာစမ်းပါတယ်။
“ဟယ် … အဘွားအတော်လေးကိုယ်ပူနေတာပဲ … အဘွားဘယ်မှာနေတာလည်း … သမီးအိမ်ပြန်လိုက်ပို့ပေးမယ်”လို့ မေးတော့ ကျွန်မဝမ်းနည်းစွာနဲ့ပဲ “အဘွားမှာ ပြန်စရာအိမ်မရှိပါဘူး သမီးရယ် … စိတ်ရှုပ်ထွေးလွန်းလို့အိမ်က ထွက်လာတာ”လို့ပဲ ပြန်ဖြေလိုက်ပါတယ်။ “အို … အဘွားရယ် … ခုလည်းတော်တော်နေမကောင်းဖြစ်ေနတာ ဘယ်လို လုပ်မလည်း … သမီးတစ်ခုခုစီစဉ်ကြည့်ပါအုံးမယ်”ဆိုတဲ့ အပြောစကားလေးနဲ့တင် ကျွန်မအတော်လေး ကြည်နူး သွားမိပါတယ်။ နောက်တော့ကျွန်မနဲ့မလှမ်းမကမ်းမှာ သူမရဲ့ဖုန်းတစ်လုံးနဲ့အတော်လေ ကြာအောင် စကားပြော အပြီးမှာတော့ ကျွန်မအနားမှာပြန်လာထိုင်လို့ “အဘွား … သမီးကိုယ့်ကိုကိုယ်ပဲ မိတ်ဆက်တော့မယ်နော် … သမီးနာမည်က “သိမ်မွေ့” ပါ … သမီးက သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေး ပရဟိတအသင်းက အသင်းဝင်တစ်ယောက်ပေါ့ … သမီးတို့အသင်းက အဘွားတို့လို ခိုကိုးရာမဲ့ အဘိုးအဘွားတွေကို ရာသက်ပန် စောင့်ရှောက်ထောက်ပံ့ပေးနေတာလေ … ဒီနေ့မနက်သမီးစျေးလာရင်း အဘွားကို တွေ့တာ … ဟိုနေ့တွေက အဘွားကို မတွေ့မိပါဘူး …”ဆိုတဲ့ အမေးတွေကို တစ်ခုချင်းပြန်ဖြေပေးနေတုန်း ကျွန်မတို့အနားကို လူငယ်လေးအချို့ ရောက်လာပါတယ်။

“ဟော လာကြပြီ … ဒီအဖွားပေါ့ နေလည်းမကောင်းဘူး … သွားစရာအိမ်လည်းမရှိဘူး အသက်ကလည်း(၈၁)နှစ်တဲ့။ အဲဒါ သိမ်မွေ့တို့ အသင်းက တစ်ခုခုများစီစဉ်ပေးနိုင်မလားလုိ့ လှမ်းဖုန်းဆက်လိုက်တာ”ဆိုတဲ့ စကားလေးကိုအစချီလို့ သူတို့လေးတွေတိုင်ပင်စကားပြောေနသံတော့ ကြားနေပေမယ့် ခေါင်းထဲမူးနောက်နောက်ရှိလှတာေြကာင့် မျက်လုံးလေးမှိတ်လို့ မှိန်းနေတုန်း “အဘွား … သမီးတို့နဲ့လိုက်ခဲ့နော် … သမီးတို့အဘွားကို သက်တောင့်သက်သာရှိစေဖို့ အိမ်လေးတစ်လုံးလောက်စီစဉ်ပေးမယ် … ပြီးတော့ အဘွားကို သမီးတို့သားတို့ရဲ့ ကိုယ်စားမိဘတစ်ယောက်လို့ ရာသက်ပန်ကျွေးမွေးစောင့်ရှောက်ခွင့်ပြုပါ”လို့ ခွင့်တောင်းသံတွေကြားလိုက်ရတော့ ကျွန်မရင်ထဲဆို့နင့်သွားပါတယ်။ ကျွန်မရဲ့ဝမ်းနဲ့လွယ်မွေးထားရတဲ့ သားသမီးတွေ၊ ကျွန်မဝမ်းနဲ့လွယ်မမွေးရပေမယ့် သားသမီးအရင်းနဲ့မခြား ကျွေးမွေးစောင့်ရှောက်ပေးရတဲ့ သားသမီးတွေကတောင် ငြူစူငြိုငြင်လို့ အဝေးထွက်ပြေးခဲ့ရတဲ့ ကျွန်မကို ဘာမှသွေးမတော်သားမစပ်တဲ့ မြေးအရွယ်ကလေးတွေက ကျွန်မကို ကိုယ်စားမိဘတစ်ယောက်လို ရာသက်ပန်စောင့်ရှောက်ဖို့ ခွင့်ပန်နေကြတဲ့ မြင်ကွင်းလေးတွေ့ရတော့ မျက်ရည်တွေမဆည်နိုင်ခဲ့ပါဘူး။ ဝမ်းနည်းဝမ်းသာစွာနဲ့ ကလေးတွေကိုဆုတွေတောင်းပေးခဲ့ပါတယ်။ ကျွန်မနေထိုင်စားသောက်ဖို့ရာ လစဉ်ထောက်ပံ့ပေးလို့ ကျွန်မနဲ့ကလေးငယ်တွေစတင်တွေ့ရှိခဲ့တဲ့ စျေးအနီးဝန်းကျင်က အိမ်တစ်လုံးကို ငှားရမ်းပေးလို့ ကျွန်မရဲ့နေ့ရက်တွေကို သာယာစေခဲ့ပါတယ်။ 

သူတို့လေးတွေရဲ့လစဉ်ငွေကြေးထောက်ပံ့မှု၊ ဆေးဝါးထောက်ပံ့မှုတွေကို လုံလောက်စွာရရှိနေပေမယ့် ကျန်းမာရေးကောင်းဖို့ လှုပ်လှုပ်ရှားရှားအနေနဲ့ အလုပ်တစ်ခုလုပ်ချင်တာကတစ်ကြောင်း၊ ကျွန်မရဲ့သားသမီးတွေ မြေးတွေ ကျွန်မဆီလာရင်ဖြင့် တစ်ဖက်တစ်လမ်းကစျေးရောင်းလို့ ရရှိထားတဲ့ ကိုယ်ပိုင် ဝင်ငွေလေးနဲ့ မုန့်ပဲသားရေစာကျွေးချင်စိတ်ကေလးရှိတာကတစ်ကြောင်းနဲ့ပဲ သားသမီးတွေ လစဉ်ထောက်ပံ့ ကန်တော့ငွေနဲ့ အရင်းအနှီးလေးလုပ်လို့ စျေးပေါက်ဝကရေအိုးစင်လေးနားမှာပဲ အသီးအနှံလေးတွေရောင်းချ ဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ကျွန်မလိုခိုကိုးရာမဲ့အဘိုးအဘွားတွေကို မိဘရင်းနဲ့မခြား ကျန်းမာရေး၊ နေထိုင်ရေး၊ စားသောက်ရေးကအစ ပြုစုစောင့်ရှောက်ခံရင်းနေလာလိုက်တာ ခုဆိုတစ်နှစ်တောင်ကျော်ရောပေါ့လို့ အတွေးထဲမှာနစ်မျောနေတုန်း-

“အဘွားရေ … သမီးတို့လာတယ် …”ဆိုတဲ့ အသံစာစာနဲ့ သမီးလေး“သိမ်မွေ့”လေးအပါအဝင် ကျွန်မရဲ့သားသမီးတွေရောက်လာပြီေပါ့။ “သမီးတို့ အဘွားအိမ်တောင်ရောက်ခဲ့သေးတယ်။ စျေးရောင်းထွက်သွားပြီဆိုလို့ ဒီကိုပဲလိုက်လာတာ။ အဘွားကလေ နားနားနေနေလည်း နေခိုင်းလို့မရ … ပင်ပန်းပါ့မယ်ပြောနေတဲ့ဟာကို”ဆိုပြီး ဂရုဏာဒေါသောအသံလေးနဲ့ သမီးလေး“သိမ်မွေ့”က အဆက်မပြတ်စကားတွေ ပြောနေလိုက်တာ အင်မတန်ချစ်ဖို့ကောင်းလိုက်ပါဘိရှင်။ 

“ဒါနဲ့ အဘွားရေ … နောက်လဆိုရင် သမီးတို့ STA အသင်းကြီး (၃)နှစ်ပြည့်တော့မယ် … (၃)နှစ်ပြည့်အခမ်းအနားလေးလုပ်မယ် … အဘွားတို့တွေနဲ့အတူတူ မွေးနေ့ကိတ်ကြီးလှီးမယ် … အဲဒါကြောင့် အဲဒီပွဲလေးမှာဝတ်ဖို့ဝတ်စုံလေးေတွလာပေးတာလေ … အဲဒီနေ့ကျရင် သမီးတို့တွေအဘွားကို လာကြိုမယ်နော်”ဆိုပြီး ကျွန်မနဲ့ သူတို့လေးတွေစကားပြောနေလိုက်တာ အချိန်လေးအတော်ကြာသွားမှပဲ “အဘွားရေ သားတို့သမီးတို့ သွားလိုက်အုံးမယ်နော် … ကျန်တဲ့အဘိုးအဘွားတွေဆီ သွားရအုံးမယ် ဘွားရဲ့”လို့ နှုတ်ဆက်ပြီးထွက်သွားတဲ့ သူတို့လေးတွေရဲ့ကျောပြင်လေးကိုေငးကြည့်ရင်း ကျွန်မတို့လို ခိုကိုးရာမဲ့ ဘိုးဘွားတွေရဲ့နေဝင်ချိန်ကို လှပစေဖို့ ကျွန်မရဲ့သားသမီးတွေရဲ့စေတနာေမတ္တာတွေအပြည့်နဲ့ အုပ်မိုးတည်ဆောက်ထားကြတဲ့ Save the Aged ဆိုတဲ့ မေတ္တာအိမ်ကြီးတောင် (၃)နှစ်ပြည့်တော့မှာပါလားလို့ေတွးတောရင်း … Save the Aged အသင်းကြီးလည်း ထာဝရအဓွန့်ရှည်တည်တံ့ပါစေလို့ တောင်းဆုတွေပြုရင်းပဲ ကျွန်မရဲ့ဘဝနေဝင်ချိန်လေးတွေလှပနေခဲ့ပါတော့တယ်။

(Save the Aged မှ ရာသက်ပန်စောင့်ရှောက်ထောက်ပံ့ပေးထားသော အဘွားနှစ်ဦး၏အကြောင်းအား အခြေခံပုံဖော်ရေးသားထားပြီး Save The Aged (၃)နှစ်ပြည့်အထိမ်းအမှတ်စာမူပြိုင်ပွဲတွင် “အဆုံးသတ်မလှပသောကြောင့် ပထမဆုနှင့်လွဲခဲ့ရခြင်းဖြစ်ပါသည်”ဟူသော မှတ်ချက်နှင့်အတူ ဒုတိယဆုကိုပိုင်ဆိုင်ရရှိခဲ့သော စာမူလေးပါ ...)



မိုးညချမ်း
14.12.2012(3:30 p.m)


Monday, February 11, 2013

ကြွေလွင့် ကြေမွခဲ့လေသော နိဂုံး (အပိုင်း-၁)





“သမီးရေ … သမီး ဖုန်းလာနေတယ် အောက်ခဏဆင်းခဲ့အုံး”လို့ မေမေ့ခေါ်သံကြားမှ ကျွန်မရေးလက်စ စာကို ခဏဖြတ်လို့ အောက်ထပ်ဆင်းလာလိုက်ပါတယ်။ မေမေက “နှင်းလေး …”လို့ ပြောရင်း ကျွန်မထံသို့ ဖုန်းလှမ်းပေးပြီး မီးဖိုချောင်ကိုဝင်သွားလေရဲ့။

“သူငယ်ချင်းရေ … နင့်အစ်မ အမျိုးသားက လာမယ့် Sunday မင်္ဂလာဆောင်တဲ့ဟ … ငါ့အစ်မ သူငယ်ချင်းနဲ့ပဲ … အဲဒါလှမ်းဖုန်းဆက်ပေးတာ…”ဆိုတဲ့ ကျွန်မရဲ့ ချစ်သူငယ်ချင်းမ နှင်းလေးရဲ့ သတင်းပေးစကားနဲ့အတူ (၁၀)မိနစ်လောက်ဖုန်းပြောအပြီးမှာတော့ “ငါ အဲဒီမင်္ဂလာဆောင်ကို သွားဖြစ်ရင် နင်လိုက်ခဲ့ပေးနော်”ဆိုတဲ့ ချိန်းဆိုမှုကိုပြောကာ ဖုန်းချလိုက်ပြီး အတိတ်နေ့ရက်ဆီသို့ အတွေး တစ်ချို့ ရောက်သွားမိလိုက်ချိန်မှာတော့ ကျွန်မရင်ထဲအတော်လေး ဆို့နင့်သွားရပါတယ်။

****************************************************

“ချမ်းမြေ့လင်း” ကျွန်မချစ်ခင်ရသော အစ်မတစ်ယောက် …။ ဆွေမျိုးနီးစပ်တော်သည့် ညီအစ်မ သံယောဇဉ်မျိုး မဟုတ်ဘဲ အင်တာနက်အွန်လိုင်းကနေ ခင်မင်ရတဲ့အစ်မ …။ ခင်မင်စကတော့ အပြင်မှာ တစ်ခါမှမမြင်ဖူးပေမယ့် အမြဲလိုလိုဖုန်းပြောဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ရင်ဖွင့်ပြောပြ တိုင်ပင် တတ်ခြင်းတွေနဲ့ တစ်ကယ့်ညီအစ်မတွေလို သံယောဇဉ်တွယ်နေကြတာပေါ့။  ကျွန်မကလည်း ဖေဖေမေမေတို့ရဲ့ တစ်ဦးတည်းသောသမီးဖြစ်လို့ မောင်နှမသံယောဇဉ်ကို ငတ်မွတ်သူ တစ်ယောက်အနေနဲ့ မမချမ်းမြေ့ကို အစ်မရင်းတစ်ယောက်လိုချစ်ခင်မိသလို ညီမ မရှိတဲ့ မမအဖို့လည်း ကျွန်မက တိုင်ပင်ဖော်ဖြစ်ခဲ့ရတယ်။ မမနဲ့ခင်မင်ပြီး (၁)နှစ်ကျော်အချိန်လောက်မှာတော့ ကျွန်မရဲ့အသစ်ရေးမယ့် ဝတ္ထုတစ်ပုဒ်အတွက် ကုန်ကြမ်းရှာရင်း မမရှိရာ တောင်ပေါ်မြို့လေးဆီသို့ အလည်တစ်ခေါက်ရောက်ဖြစ်ခဲ့ပါတယ်။

တစ်ခါမျှမရောက်ဖူးတဲ့ တောင်ပေါ်ဒေသတစ်ခုကို တစ်ခါမှမမြင်ဖူးပဲ သံယောဇဉ်တွယ် ချစ်ခင်ရတဲ့မမ အားကိုးနဲ့ပဲ အလည်ရောက်ဖြစ်ခဲ့ပါတယ်။ မမရဲ့ဖိတ်ခေါ်မှုနဲ့ပဲ မမအိမ်မှာသာတည်းခိုဖြစ်ခဲ့ပြီး ချစ်စဖွယ်အပြုံးမျက်နှာ၊ နွေးထွေးစွာဖော်ရွေမှုတို့နဲ့ ကျွန်မအလည်ရောက်တုန်း (၁)လ အတောအတွင်းမှာ သေချာစွာဂရုစိုက်ပေးရင်း မမနဲ့ကျွန်မတို့ (၂)ယောက်ရဲ့သံယောဇဉ် ပိုလို့ခိုင်မာခဲ့ရတယ်။ ကျွန်မအလည် ရောက်တုန်းအချိန်အတွင်းမှာ မမအမျိုးသားဆိုသူကို (၃) (၄)ကြိမ်တွေ့ခဲ့ဖူးတယ်။ အလုပ်များလို့ဆိုတဲ့ အကြောင်းပြချက်နဲ့အတူ မနက်အစောထွက်သွား ညအတော်လေးမိုးချုပ်မှပြန်လာတတ်ပြီး တစ်ခါတစ်ရံ ယမကာအနည်းငယ် မှီဝဲလာချိန်ဆိုရင်တော့ မမနဲ့သူ့အမျိုးသားတို့ စကားအနည်းငယ်များကြတာကို တိတ်ဆိတ်တဲ့ ညဉ့်နက်နက်မှာ တစ်ဖက်ခန်းမှာရှိတဲ့ အိပ်မပျော်သေးသော ကျွန်မကအတိုင်းသား ကြားနေရတတ်ပါတယ်။ ကိုယ်နဲ့မဆိုင်သောကိစ္စရပ်တစ်ခုဆိုပေမယ့်လည်း ကိုယ့်အစ်မအရင်းတစ်ယောက်လို သံယောဇဉ် တွယ်နေရသူဖြစ်တဲ့ မမက တောင်းပန်တိုးလျှိုးပြီး ပြောသံတွေ၊ ငိုသံပါနေတဲ့အသံတွေကြားပြီး မမအပေါ် သနားစိတ်ကလေးလည်း ဖြစ်ပေါ်လာမိပြန်တယ်။

တစ်နေ့တစ်နေ့ ကျယ်ဝန်းသောအိမ်ထဲမှာ မနက်မိုးလင်းကနေ ညနေမိုးချုပ်သည်ထိ ခြံထဲက ပန်းပင်လေး တွေနဲ့သာ အဖော်ပြုနေတတ်သူ၊ အိမ်ထောင်မှုကိစ္စအဝဝကို မိမိကိုယ်တိုင်သာလုပ်ချင်လို့ အိမ်အကူ တစ်ယောက်တစ်လေတောင် ခေါ်မထားတတ်တဲ့ အိမ်ရှင်မပီသသူ၊ တစ်ခါတစ်ရံ ခြံထဲကထိုင်ခုံလေး ပေါ်မှာထိုင်ရင်း ဝမ်းနည်းရိပ်တွေနဲ့ ငေးမောနေတတ်သူ၊ နှုတ်ကဖွင့်ဟမပြောပေမယ့် အလွန်အားငယ် အထီးကျန်မှုကို ခံစားနေရသူဆိုတာ ကျွန်မအလည်ရောက်နေသည့်အချိန် အတောအတွင်းမှာ သိလိုက်ရခြင်းအတွက် မမအပေါ်သံယောဇဉ် ပိုတိုးမိပြန် ပါရော။ တောင်ပေါ်မြို့လေးဆီသို့ စရောက်ကာစက အသားဖြူသွယ်လျသော်လည်း မျက်နှာ အနည်းငယ် ချောင်ကျသယောင်ရှိသော မမတစ်ယောက် ကျွန်မအလည် ရောက်နေစဉ်အတောအတွင်း ဘယ်လောက်များ ဝမ်းသာနေသလည်းဆိုတာ ပြည့်ပြည့်ဖြိုးဖြိုးဖြစ်လာတဲ့ မမရဲ့မျက်နှာသွင်ပြင်အရ ရိပ်မိတာပေါ့။ ထိုမြို့လေးဆီက မရောက်ဖူးတဲ့ဘုရားတွေ၊ နေရာတွေကို ကိုယ်တိုင်ကိုယ်ကျလိုက်ပို့လို့ ကျွန်မစားချင်သော အစားအစာတွေကို ဖွယ်ဖွယ်ရာရာချက်ကျွေးရင်း ကျွန်မနဲ့အတူ ညီအစ်မ (၂)ယောက်လက်ဆုံစားရင်း “ညီမလေး ပြန်သွားရင်တော့ မမအရမ်းလွမ်းကျန်ခဲ့ တော့မှာပဲကွယ်”ဆိုတဲ့ စကားတွေအောက်မှာ ကျွန်မမျက်ရည်ဝဲခဲ့ဖူးပါတယ်။

ဒီလိုနဲ့ကျွန်မပြန်မယ့်နေ့မှာ မျက်နှာလေးညှိုးငယ်လို့ မျက်ဝန်းအိမ်မှာမျက်ရည်တွေနဲ့ “မမဆီမကြာခဏ လာလည်ပါ ညီမလေးရယ်”ဆိုတဲ့ စကားလုံးတွေအောက်မှာ ကျွန်မမျက်ရည်တွေထိန်းမရခဲ့ပါဘူး။ ကျွန်မရန်ကုန်ပြန်ရောက်ပြီးနောက်ပိုင်းလည်း နေ့တိုင်းလိုလို မမနဲ့ဖုန်းပြောဖြစ်၊ Online မှာလည်း အမြဲစကားတွေပြောဖြစ်ရင်း အဆက်အသွယ်မပြတ်ခဲ့ပါဘူး။ ကျွန်မစိတ်ညစ်တဲ့အခါဆိုရင်လည်း ဖုန်းထဲကနေ အနည်းငယ်ပျက်ယွင်းနေတဲ့ စကားပြောသံကြောင့် ချက်ချင်းရိပ်မိတတ်တဲ့ မမပေါ့။ မမဆီက ဖုန်းမလာတဲ့ရက်ဆို နေမကောင်းလို့များလား တွေးရင်းစိတ်ပူပြီး ကျွန်မဘက်က ချက်ချင်းဖုန်းခေါ် တတ်တာမျိုးပေါ့။ ကျွန်မမေမေကတောင် မမကိုမမြင်ဖူးပေမယ့် တရင်းတနှီးရှိနေပြီ။ အဲဒီလောက်ထိ သံယောဇဉ်တွယ်နေရင်း နေ့တိုင်းနီးပါးအဆက်အသွယ်မပြတ် ဖုန်းပြောဖြစ်နေကြရင်းကနေ ကြိုတင် ပြောပြခြင်းမရှိပါဘဲ မမဆီက ဖုန်းအဆက်အသွယ်ပြတ်သွားခဲ့ပါတော့တယ်။ ကျွန်မဘက်က ဖုန်းခေါ်ပေမယ့် လည်း တစ်ဖက်ကဖုန်းကိုင်ဖြေကြားပေးခြင်း မရှိလေတော့ မမတစ်ယောက် ဘာများဖြစ်လို့လည်းလို့ စိတ်ပူခြင်းများစွာနဲ့ တောင်ပေါ်မြို့လေးဆီလိုက်သွားဖို့ ပြင်ဆင်နေတုန်း မေမေကလည်း ရုတ်တရက် ကျန်းမာရေးမကောင်းဖြစ်သွားတာနဲ့တိုက်ဆိုင်ပြီး မမဆီသွားဖို့စိတ်ကူးကို ဖျက်ပစ်လိုက်ရတော့တာပေါ့။
တစ်လကျော် နှစ်လလောက်နီးပါး ဖုန်းအဆက်အသွယ်ပြတ်သွားပြီး တစ်ရက်မှာတော့ ကျွန်မဆီသို့ ဆိုင်းမဆင့်ဘုံမဆင့် မမတစ်ယောက်ရောက်ချလာပါတယ်။ ညှိုးငယ်နေတဲ့မျက်နှာနဲ့ ကျွန်မကိုတွေ့တွေ့ချင်းပဲ “ညီမလေးရယ်”ဆိုပြီး ရှိုက်ကြီးတငင်ငိုပါတော့တယ်။ ဘာအကြောင်းအရာရယ်လို့ သေချာမသိပေမယ့် မမရဲ့ငိုရှိုက်သံကြောင့် ကျွန်မပါမျက်ရည်တွေ ကျလာမိတယ်။

“မမ … ဘာဖြစ်လာတာလည်း … ပြော ညီမလေးကို ပြောပြ”လို့ မေးပေမယ့် ပြန်ဖြေဖော်မရအောင် ဝမ်းနည်း ပက်လက်ငိုနေတဲ့ မမကိုဘယ်လိုချော့ရမလည်းတောင် မစဉ်းစားနိုင်အောင်ပါပဲ။ အတော်လေးကြာအောင် ငိုနေပြီး မျက်လုံးတွေမို့အစ်လာတော့မှ “မမ … တော်တော့ ဘာတွေဖြစ်လာလို့လည်း … ညီမလေးကို ပြောပါအုံး … စိတ်ပူလို့ သေတော့မယ်”လို့ တရစပ်မေးရပါတော့တယ်။

“မမ ဘယ်ကစပြောရမှန်းတောင် မသိတော့ပါဘူး ညီမလေးရယ် … ပြောရမှာလည်း ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို ဖြစ်နေမလားလည်း စိုးတယ် … မမကြောင့် ညီမလေး စိတ်ရှုပ်သွား ရမှာလည်း ကြောက်တယ်ကွယ် …”

“အို … မမရယ် …. မမနဲ့ညီမလေးက သူစိမ်းတွေမှမဟုတ်ကြပဲကွယ် … ပြောပြပါအုံး။ ဘာများဖြစ်လာတာ လည်းဟင်”ဆိုတဲ့  ကျွန်မရဲ့အမေးအတွက် ရှိုက်သံသဲ့သဲ့နဲ့ ရင်ဖွင့်ပါတော့တယ်။



အပိုင်း(၂) ဆက်ရန် …


မိုးညချမ်း
3.2.2012 (1:00 p.m)

Friday, February 1, 2013

အဖြူရောင်ကလေးငယ်



ဒီမနက်တော့ ဆရာဖေမြင့်ရေးသားတဲ့ “ဦးနှောက်နှင့် နှလုံးသား(ခံစားမှုနှင့် အတွေးစာစု)”စာအုပ်လေးထဲက “သားသမီးကိုချစ်သလား၊ အညွန့်တုံးအောင်မပြောပါနှင့်”ဆိုတဲ့ အကြောင်းအရာလေးကို ဖတ်ပြီး ဟိုးတစ်လောက ပျံကျရပ်ကွက်တစ်နေရာကို ပရဟိတကိစ္စနဲ့ပတ်သတ်လို့သွားရင်း အဖေဖြစ်ဟန်တူသူက ကလေးငယ်လေးကို မစာမနာရိုက်နှက်နေတဲ့ မြင်ကွင်းလေးကို ကျွန်မ သွားသတိရလိုက်ပါတယ်။ ကလေးက အလွန်ဆုံးရှိလှ (၄) (၅)နှစ်ပေါ့။ ကလေးကို သူ့ရဲ့ဖိနပ်နဲ့ ခေါင်းကိုရိုက်လိုက်၊ ပါးကိုရိုက်လိုက် ခြေထောက်တွေနဲ့ ကန်လိုက်ရိုက်နေလိုက်တာများရှင်။ ကလေးခမျာမှာလည်း လူးလှိမ့်လို့ “ကြောက်ပါပြီ။ သားကိုမရိုက်ပါနဲ့တော့”လို့ အော်ဟစ်ငိုယိုတောင်းပန်နေတဲ့ မြင်ကွင်းကိုကြည့်ပြီး ရင်ထဲမချိအောင်ပါပဲ။ ကျွန်မနဲ့ဘာမှမသက်ဆိုင်တဲ့ မြင်ကွင်းတစ်ခုလို့ပြောလို့ရပေမယ့် အတော်လေးကြာအောင် ထိုမြင်ကွင်းကို စိုက်ကြည့်နေမိတယ်။ အတူပါလာတဲ့ သူငယ်ချင်းမလေးက “ဟဲ့ ဘာငေးနေတာလည်း သွားမယ်လေ”လို့ သတိပေးလိုက်မှ ကျွန်မကိုယ့်ကိုကိုယ် ပြန်သတိထားမိလိုက်တာက မျက်ရည်တွေကျနေမိတယ်ဆိုတာပါပဲ။

အဲဒီကလေးငယ် ခိုးသလား? ဝှက်သလား? မဟုတ်တာပဲ လုပ်သလား? ရိုက်ပါ။ သို့ပေမယ့် ထိုလောက်ကြီး မြေမှာလူးလိမ့်နေလောက်သည်ထိ ရိုက်နှက်ဖို့ လိုသလားရှင်။ “မိဘ”က ပညာမတတ်လို့ အဲဒီလိုဖြစ်တာလို့ ပြောလို့ရနိုင်ပေမယ့် သူ့မှာအနည်းအကျဉ်းတော့ တွေးခေါ်တတ်စိတ်ရှိလောက်မှာပါ။ သူတွေးတောတတ် စဉ်းစားတတ်လို့ ကလေးငယ်မှားလို့ပဲဖြစ်ဖြစ်၊ သူခိုင်းတာတစ်ခုခုမလုပ်ပေးလို့ပဲဖြစ်ဖြစ် ရိုက်နှက်ဆုံးမတာလို့ ကျွန်မယူဆမိလိုက်ပါတယ်။ ကလေးငယ်မှာ အမှားမရှိဘဲ အသားလွတ်ရိုက်ခြင်းဆိုရင်တော့ သူ့စိတ်ဓါတ်ဟာ အတော်လေးဆိုးရွားနေပြီလို့ ထင်မိတယ်။ ပညာမတတ်သော်လည်း အသိဉာဏ်ရှိတဲ့သူတစ်ယောက်အနေနဲ့ လက်အုပ်ချီငိုယိုတောင်းပန်နေတဲ့ကလေးငယ်ကို မစာမနာရိုက်နှက်နေခြင်းအတွက် ကျွန်မကသာ မခံမရပ်နိုင် ဖြစ်လို့ မျက်ရည်တွေကျနေမိတာ။ ဘေးကလူတွေကတော့ အေးဆေးပဲ။ ဝင်လည်း မဆွဲကြဘူး။ ဒီအတိုင်း ရပ်ကြည့်နေကြလေရဲ့။ သူတို့ပတ်ဝန်းကျင်မှာ ဒီလိုမြင်ကွင်းကဖြစ်ပျက်နေကြလား မသိပေမယ့် ကျွန်မ အသိစိတ်နဲ့ နှလုံးသားကတော့ ဘယ်လိုမှလက်မခံနိုင်တဲ့ မြင်ကွင်းဖြစ်နေပါတယ်။

မှန်ပါတယ် “မိဘ”ဆိုတာ သားသမီးကို ရိုက်နှက်ဆုံးမပိုင်ခွင့်လည်း ရှိကြပါတယ်။ သို့ပေမယ့်လည်း နှလုံးသားနုသေးတဲ့၊ အတွေးအခေါ်မရင့်ကျက်သေးတဲ့ ကလေးငယ်တစ်ယောက်က အမှားလုပ်ခဲ့မိတယ်ပဲ ထားအုံး။ အမှားတစ်ခါလုပ်တိုင်းသာ အဲဒီကလေးငယ်ကို ကျွဲရိုက်၊ နွားရိုက် ရိုက်ရမယ်ဆိုရင် ကလေးငယ်ရဲ့ စိတ်ထဲမှာ ဖော်မပြနိုင်တဲ့ “ဒဏ်ရာ”တစ်ခုရသွားပြီ။ အဲဒီကလေးအရွယ်ရောက်လာတာနဲ့အမျှ သူ့ဘဝမှာ ပျော်ရွှင်စရာတွေ တွေ့ကြုံရတယ်ဆိုတော်သေးရဲ့။ စိတ်ညစ်စရာတွေ၊ စိတ်ဓါတ်ကျစရာတွေသာ ကြုံတွေ့နေရ မယ်ဆို ငယ်စဉ်ကတည်းက ရခဲ့တဲ့ စိတ်ဒဏ်ရာ ဘယ်လောက်ထိ ဆိုးဝါးစွာ စိတ်အစဉ်ကို ဒုက္ခပေးနေ လိုက်မလဲရှင်။ ကိုယ်ချင်းစာမိပါရဲ့။
ကျွန်မငယ်စဉ်က ဖေဖေဘုရားရှိခိုး၊ တရားထိုင်နေတုန်း ပစ္စည်းတစ်ခုလွတ်ကျလို့ အသံကျယ်လောင်စွာ ထွက်သွားခြင်းအတွက် ဖေဖေ့ရဲ့လမ်းလျှောက်တုတ်ကောက်ကျိုးသည်ထိ လှိမ့်နေအောင်အရိုက်ခံရဖူးပါတယ်။ အဲဒီတုန်းက အပြစ်မရှိဘဲရိုက်ပါတယ်ဆိုပြီး ဖေဖေ့ကိုစိတ်ဆိုးလွန်းလို့ တစ်လလောက်စကားမပြောဖြစ်ခဲ့ဘူး။ ဖေဖေက “သူမုန်းလို့ရိုက်တာမဟုတ်ဘူး၊ အဲဒီတုန်းက သူအလုပ်မှာလည်းအဆင်မပြေခြင်း၊ အချို့ကိစ္စတွေ မှာလည်း အဆင်မပြေခြင်းတွေအတွက် ကျွန်မကဒေါသဖြေလျှော့ရာဖြစ်ခဲ့ရတာပါ”လို့ မေမေ့ကိုပြောပြခြင်း တွေကို ကြားခဲ့ရပေမယ့် ကျွန်မစိတ်ထဲမမေ့ပျောက်နိုင်တဲ့ဒဏ်ရာတစ်ခု ရခဲ့ဖူးတယ်။ တစ်ခါတစ်ရံဖေဖေနဲ့ စကားပြောဖြစ်တဲ့အခါ တိုက်ဆိုင်တိုင်း ကျွန်မထိုသို့ရိုက်နှက်ခံရဖူးခြင်းကို “ဖေဖေ သမီးငယ်ငယ်က အဲလိုရိုက်ခဲ့ဖူးတာကို သမီးမေ့လို့မရဘူး”လို့ ပြောလိုက်တဲ့အခါ စိတ်မကောင်းဖြစ်ဖြစ်သွားတတ်တဲ့ ဖေဖေ့ကို ကြည့်ပြီး ကျွန်မအမြဲငိုခဲ့ဖူးတယ်။ ဒါတောင် ကျွန်မရရှိဖူးတဲ့ စိတ်ဒဏ်ရာက ခပ်နက်နက်မဟုတ်သေးပေမယ့် ကလေးဘဝရဲ့ နူးညံ့တဲ့စိတ်ရှိစဉ်အခါက ရခဲ့တာဆိုတော့ မေ့ဖျောက်မရတဲ့ နာကျင်စရာဖြစ်ခဲ့ရတယ်။ “စိတ်ဒဏ်ရာ”ဆိုတာ ပြောတော့သာ စကားလုံးလေး (၃)လုံးတည်းရယ်။ တစ်ကယ်တမ်းခံစားရတဲ့အခါ တဆစ်ဆစ်နဲ့ဘယ်လောက်နာကျင်ရတယ်ဆိုတာ ခံစားဖူးသူတွေသာ အသိဆုံးပေါ့။

ကလေးငယ်တစ်ယောက်ရဲ့ နူးညံ့တဲ့အဖြူရောင်စိတ်လေးမှာ ခပ်ညစ်ညစ်အရောင်တစ်ချို့ စွန်းထင်းသွားပြီ ဆိုရင်တော့ အဲဒီကလေးငယ်ရဲ့ ဘဝတစ်လျှောက်လုံး ခပ်ညစ်ညစ်အရောင်စွန်းနေတဲ့ စိတ်က တိုက်ဆိုင်မှု ရှိတိုင်းပဲဖြစ်ဖြစ် စိတ်ဓါတ်ကျနေချိန်ပဲဖြစ်ဖြစ် ဘယ်လောက်များစိတ်ဒုက္ခပေးလိုက်မလည်းလို့ တွေးမိပါရဲ့။ ကလေးငယ်တွေရဲ့အနာဂတ်လှပဖို့နဲ့ စိတ်ဓါတ်ရေးရာနဲ့သက်ဆိုင်လို့ကတော့ အုပ်ထိန်းသူတွေနဲ့အများကြီး သက်ဆိုင်မယ်လို့ ကျွန်မထင်မြင်မိပါတယ်။

@*****************************************@

ဒီအကြောင်းလေးရေးရင်းနဲ့ ငယ်စဉ်က ကျွန်မဖတ်ခဲ့ဖူးတဲ့ စာအုပ်တစ်အုပ်မှ အချက်လေးတွေကို စာချစ်သူတို့ ဗဟုသုတရစေဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။


“ဘဝမှရရှိသော သင်ခန်းစာ”

* နှိမ်ချပြက်ရယ်ပြုခြင်းကို အမြဲတစေခံစားရသောကလေးသည် တွန့်ဆုတ်ကြောက်ရွံ့လေ့ရှိ၏။

* ပြစ်တင်ရှုံ့ချခြင်းကို အမြဲတစေခံရသောကလေးသည် သူတစ်ပါးကို အပြစ်ရှာလေ့ရှိ၏။

* အမုန်းနှင့်ထိတွေ့ရသောကလေးသည် သူတစ်ပါးကို ရန်မူလေ့ရှိ၏။

* မေတ္တာဖြင့်ထွေးပိုက်ခြင်း မခံရသောကလေးသည် သူတစ်ပါးကိုရန်မူလေ့ရှိ၏။

* ထောက်ခံအားပေးမှုခံရသောကလေးသည် မိမိစွမ်းရည်ကို အားထားယုံကြည်လေ့ရှိ၏။

* ချီးမြှင့်မြှောက်စားခြင်းခံရသောကလေးသည် သူတစ်ပါး၏ ကျင့်ကြံဆောင်ရွက်မှုကို တန်ဖိုးထားလေ့ရှိ၏။

* အေးအတူပူအမျှစိတ်ထားရှိသူနှင့်နေရသော ကလေးသည် သူတစ်ပါးအပေါ်၌ စာနာလေ့ရှိ၏။

* သည်းခံတတ်သူနှင့်ထိတွေ့ရသောကလေးသည် သူတစ်ပါးကိုခွင့်လွှတ်လေ့ရှိ၏။

* ဗဟုသုတရှာမီးသူများနှင့်ထိတွေ့ရသောကလေးသည် ပညာ၏တန်ဖိုးကို သိရှိနားလည်တတ်၏။

* ပျော်ရွှင်သောပေါင်းသင်းစုနှင့်ထိတွေ့နေရသောကလေးသည် မေတ္တာနှင့်လှပခြင်းကို ရှာဖွေသိရှိတတ်၏။


 
မိုးညချမ်း
25.1.2013 (1:15 p.m)

Thursday, January 24, 2013

၂၀၁၂ ရဲ့နိဒါန်း၊ စာကိုယ်၊ နိဂုံး



၂၀၁၂ က ကျွန်မအတွက်ထူးခြားသောနှစ်ပဲ ပြောရမလား? အဆိုးတွေနဲ့ရင်ဆိုင်ရတယ်ပဲ ပြောရမလား? ၂၀၁၁ ကုန်ဆုံးလို့ ၂၀၁၂ အစ New Year ညကတည်းက မျက်ရည်တွေနဲ့ အစပြုခဲ့ရတာပေါ့။ ၂၀၁၁ အကုန် ၂၀၁၂ အကူး New Year ညကတည်းက ကျွန်မရဲ့အခန်းကျဉ်းထဲ ကျွန်မချစ်သောချစ်သူနဲ့စေ့စပ်ထားသူ ကောင်မလေးတို့အတူ Party တစ်ခုထဲမှာ ရှိနေကြတယ်ဆိုတဲ့အတွေးက ကျွန်မစိတ်ကိုပူလောင်နေစေခဲ့ပါတယ်။ ၂၀၁၂ ကိုအစပြုဖို့ ၅ မိနစ်အလိုမှာပဲ ကျွန်မရဲ့ cell phone လေးထမြည်လာပါတယ်။ နံပါတ်ကြည့်လိုက်တော့ ကျွန်မချစ်သောချစ်သူဆီကဖြစ်နေတာနဲ့ ပျော်ရွှင်ခြင်း တစ်ချို့ရောက်ရှိလာချိန်လေးအတွက် ချစ်သူကိုကျေးဇူတင်လိုက်မိပါတယ်။ 

ချစ်သူဆီက “HAPPY NEW YEAR ပါ မောင့်ချစ်သူ”ဆိုတဲ့ စကားလေးကပဲ ကျွန်မရင်ထဲကပူလောင်ခြင်း တစ်ချို့ပျောက်ရှကုန်ခဲ့ဖူးပါတယ်။ ဒီလိုနဲ့ကျွန်မ မောင်နဲ့စကားပြောရင်း ဆူညံသံတစ်ချို့ကြားနေရပေမယ့် ကျွန်မကျေနပ်နေပါတယ်။ ကိုယ့်ချစ်သူနဲ့ ကြည်နူးစရာအချိန်လေးကိုပိုင်ဆိုင်နေတာကိုး။ ဒီလိုနဲ့ မောင်နဲ့စကားပြောနေတာ တစ်နာရီလောက်ကြာတော့ “ချစ်ကို လူတစ်ယောက်နဲ့စကားပေးပြောမယ် … သူကလည်းချစ်ကို သိတယ် … ချစ်ကလည်း သူ့ကိုသိနေမှာပါ”တဲ့။ ဘယ်သူဘယ်ဝါမှန်းမသိပေမယ့် အဲဒီသူနဲ့ စကားပြောဖို့ ကျွန်မလက်ခံလိုက်ပါတယ်။

“Hello … မမလား … ညီမလေး စိမ့်ပါ … ”တဲ့ ...

ကျွန်မတစ်ကိုယ်လုံး တောင့်တင်းပြီး တုန်ရီမောဟိုက်သွားပါတယ်။ “စိမ့်”တဲ့လားရှင်။ မောင်ကျွန်မကို လူတစ်ယောက်နဲ့ စကားပေးပြောမယ်ဆိုတာ မောင်နဲ့စေ့စပ်ထားသူကောင်မလေး ဖြစ်နေပါရောလားကွယ်။ ကျွန်မခံနိုင်ရည်မရှိခဲ့ပါဘူး။ အသားတွေတဆတ်ဆတ်တုန်လို့ စကားသံတွေဆွံ့အပြီး မျက်ရည်တွေစီးကျလာခဲ့ပါတယ်။ ရှိုက်သံတစ်ချို့ထွက်သွားတယ်ထင်ပါရဲ့။ ဖုန်းထဲမှာ မောင့်အသံချက်ချင်း ထွက်လာပြီး “ချစ် … မောင့်ကိုစိတ်ဆိုးသွားလား? မောင် ဒီ Party ကိို မလာချင်ဘဲ လာခဲ့ရတယ်ဆိုတာ ချစ်သိမှာပါ … မောင့်အနေအထား၊ မောင့်အိမ်ရဲ့သဘောထားကို ချစ်သိမှာပါ”ဆိုတဲ့ မေးသံတစ်ချို့နဲ့အတူ မောင်ကျွန်မကို ၁၅ မိနစ်လောက်ကြာအောင် ချော့ပါတယ်။ မောင်နဲ့စကားပြောနေရင်း ဘေးကနေ ဖုန်းလုသံ၊ မောင်နဲ့ “စိမ့်”ဆိုတဲ့ ကောင်မလေးတို့ တစ်ယောက်နဲ့တစ်ယောက်အော်ပြောသံ အဆုံးမှာ ကောင်မလေးထံ ဖုန်းရောက်သွားခဲ့လေသလား မသိဘူး။ မူးနေလေသလားမသိရတဲ့ မူမမှန်အသံမျိုးနဲ့

“မမရယ် … မငိုပါနဲ့ … အဲဒီလိုငိုတော့ ညီမလေး စိတ်မကောင်းဘူး … အရင်တုန်းက ကိုကိုနဲ့ ညီမလေးတို့က သမီးရည်းစားဖြစ်ခဲ့တယ် ဆိုပေမယ့် ခုချိန်မှာ ကိုကိုက မမကို ဘယ်လောက်ချစ်တာ ညီမလေး အသိဆုံး … မမလည်း ကိုကို့ကို ဘယ်လောက်ချစ်တာ ညီမလေး ခံစားလို့ရနေတယ် … မိဘတွေသဘောတူတာ မတူတာ ညီမလေး မသိဘူး … ခုချိန်မှာတော့ ညီမလေးနဲ့ ကိုကိုက မောင်နှမတွေပါပဲ … မမနဲ့ ကိုကိုတို့ မင်္ဂလာဆောင်ရင် ညီမလေးကို ပန်းကြဲခွင့်ပေးနော်”ဆိုတဲ့ စကားလုံးတွေရဲ့ အောက်မှာ ကျွန်မရှိုက်ကြီးတငင် ငိုကြွေးရင်း သူမပြောသမျှကို  ကျွန်မနားထောင်နေရင်းဖုန်းချကာနီး မောင့်ရဲ့“ချစ်ရေ … ဒီဘဝမှာ မောင်အချစ်ဆုံးက ချစ်တစ်ယောက်တည်းဆိုတာ ယုံပေးပါနော် … စိမ့်နဲ့ ချစ်ကို ဖုန်းပေးပြောတာကလည်း မောင်ချစ်နောက်ကွယ်မှာ ဘာမှမဟုတ်တာမလုပ်တာ ယုံစေချင်ယုံသပ်သပ်ပါ … ချစ်ကို မခွဲနိုင်အောင် မောင်သိပ်ချစ်ပါတယ်”ဆိုတဲ့ စကားတွေအောက်မှာပဲ ၂၀၁၁ အကုန် ၂၀၁၂ ရဲ့အစမှာ မျက်ရည်တွေနဲ့ မိုးလင်းခဲ့ရဖူးတယ်။

ဒီလိုနဲ့ ၂၀၁၂ ရဲ့ နှစ်လယ်လောက်မှာပဲ ကျွန်မသိပ်ချစ်ရသောချစ်သူတစ်ယောက် အကြောင်းတစ်စုံတစ်ရာ မယ်မယ်ရရ မရှိပါဘဲ၊ နှုတ်ဆက်ခြင်းမရှိပါဘဲ ပျောက်ခြင်းမလှပျောက်သွားခဲ့ဖူးတယ်။ တစ်နေ့ပြန်လာနိုး ပြန်လာနိုးနဲ့ ကျွန်မညတွေ မိုးလင်းခဲ့ရဖူးတယ်။ နေ့ရက်အချို့ပျောက်ရှလို့ လအချို့သာကူးပြောင်းသွားတယ်။ မောင်နဲ့ပတ်သက်သမျှသတင်းအစအနတောင် မရခဲ့ဘူး။ ဒီလိုနဲ့ ဒဏ်ရာတစ်ချို့အနည်ထိုင်နေချိန် တစ်ရက်မှာတော့ ကျွန်မဖုန်းလေးဆီသို့ ထူးဆန်းသော message တစ်စောင်ရောက်လာပါတယ်။ “ကျွန်မတို့လမ်းခွဲခြင်းအတွက် သူ့ဘက်ကစိတ်မကောင်းပါဘူး။ သူအခုဘဝသစ်မှာပျော်နေပြီ”တဲ့။ ကျွန်မလည်း “လူသစ်စိတ်သစ်နဲ့ဘဝသစ်မှာ နေသားကျနေပြီ”ဆိုတဲ့ ပြန်စာတစ်စောင်နဲ့အတူ သူနဲ့ကျွန်မတို့ရဲ့ ချစ်သူသက်တမ်း (၂)နှစ်ကျော်အချိန်ကာလဆိုတာ ဘာမှမဟုတ်သလို အဆုံးသတ်သွားခဲ့ပါတယ်။

ဒီလိုနဲ့“အသည်းကွဲခြင်း”ဆိုတဲ့ အောင့်သက်သက်နာကျင်ခြင်းတစ်ချို့ကို မေ့ပျောက်စေဖို့ရာ ခရီးတစ်ချို့ထွက်ဖြစ်ပေမယ့် “သူသာပါရင်”ဆိုတဲ့အတွေးတွေနဲ့ ကျွန်မဒဏ်ရာတွေကို ပိုနာကျင်စေခဲ့ဖူးတယ်။ အရင်းနှီးဆုံးသူငယ်ချင်းတစ်ချို့ကလွဲလို့ ကျွန်မတို့ (၂)ယောက်အကြောင်း “က”ကနေ “အ”အထိ မသိခဲ့သူ မိတ်ဆွေတွေကတော့ ဒါတွေကအသေးအမွှားပါ။ အချိန်တန်ရင်မေ့သွားမှာပါ ပြောဆိုနှစ်သိမ့်ကြပေမယ့် ဆွေမျိုးအသိုင်းအဝိုင်းတွေနဲ့ယှဉ်လို့ ကျွန်မရရှိခဲ့ဖူတဲ့ ဒဏ်ရာအတိမ်အနက်ကို ကျွန်မကိုယ်တိုင်ပဲ သိခဲ့လို့ ညညတွေတိတ်တဆိတ်ငိုကြွေးရင်း နှစ်တစ်နှစ်ကိုကုန်ဆုံးစေခဲ့သလိုပါပဲ။

ဒီလိုနဲ့ ၂၀၁၂ ကုန်ဆုံကာနီး တစ်လအလိုမှာတော့ ကျွန်မအတွက်ကံကောင်းခြင်းတွေရောက်လာလေသလား မသိပါဘူး။ ဟိုအရင်က ဝင်ခွင့်လျှောက်ထားခဲ့ဖူးတဲ့ နိုင်ငံခြားတက္ကသိုလ်က စာမေးပွဲကိုအောင်မြင်လို့ ကျောင်းတက်ခွင့်ရခဲ့သလို အခြားဝင်ခွင့်စာမေးပွဲ (၂)ခုလည်းတစ်ပြိုင်နက်အောင်ခဲ့လို့ ဝမ်းသာရပြန်တယ်။ ၂၀၁၂ ကုန်ဆုံးကာနီးမှာပဲ ကျွန်မအတွက် မိတ်ဆွေစစ်တစ်ချို့ကိုလည်း အမှတ်မထင်တွေ့ရှိရပြန်တယ်။ ကျွန်မချစ်သော သူငယ်ချင်းမလေးတွေဆီက ချစ်စဖွယ်တူ၊ တူမလေးတွေရရှိခဲ့လို့ ပျော်ရပြန်တယ်။ 

ကျွန်မအပေါ်ချစ်ခင်သူပေါများကြောင်းကိုလည်း ကျွန်မနေမကောင်းဖြစ်တဲ့အခါ၊ ကျွန်မဝမ်းနည်းတဲ့အခါ ဂရုတစိုက်ရှိကြသလို ဝမ်းသာစရာရှိရင်လည်း ကျွန်မထက်တောင်ပိုဝမ်းသာတတ်တဲ့ သူငယ်ချင်းမိတ်ဆွေတွေရှိနေကြောင်းကိုလည်း သိခဲ့ရတယ်။ ၂၀၁၂ အဆုံး ၂၀၁၃ အစပြုမယ့် New Year ညလေးမှာလည်း ကျွန်မချစ်သော အစ်ကို၊ အစ်မတွေရဲ့ နွေးထွေးသောချစ်ခြင်းမေတ္တာတွေနဲ့ ပျော်ရွှင်သော New Year ညလေးကိုပိုင်ဆိုင်လို့ တန်ဖိုးမဖြတ်နိုင်သော လက်ဆောင်လေးများကိုရရှိခဲ့ရင်း ဝမ်းနည်းစရာကောင်သောအတိတ်တွေနဲ့ ၂၀၁၂ ကို အပြီးအပိုင် နှုတ်ဆက်လို့ ၂၀၁၃ ရဲ့အစဟာ နွေးထွေးခြင်း၊ ပျော်ရွှင်ခြင်းတွေနဲ့ လှပနေခဲ့ပါတော့တယ်။

(မှတ်ချက်။   ကိုမိုးဇက် သတိတရနဲ့ တဂ်လုပ်ပေးခြင်းအတွက်လည်း ကျေးဇူးတင်သလို တဂ်ပို့ရေးတင်တာ နောက်ကျသွားတဲ့အတွက်လည်း တောင်းပန်ပါတယ် … ဘာရေးရမှန်း တော်တော်နဲ့ စဉ်းစားမရတာနဲ့ အတော်လေးကြာသွားတယ် ... )

မိုးညချမ်း
20.1.2013 (8:30 p.m)

Saturday, January 12, 2013

ပြုံးပြနှုတ်ဆက်ကြကြေး




*ခပ်အေးအေးလေပြေတစ်ချို့
ပြတင်းတံခါးကိုဖြတ်ကျော်လို့
ငါ့ပါးပြင်ကိုတို့ထိလာတယ် …။

*မပီပြင်ဝိုးတဝါးနဲ့ အိပ်ပျက်ညမှာ
ကလောင်ကိုကိုင်ဆွဲ ခပ်နဲ့နဲ့နှလုံးသားနဲ့
ကဗျာတစ်ပုဒ်ထုဆစ်ကြည့်တယ် …။

*သြော် … Sweet December တဲ့လားကွယ်
နှလုံးသားတစ်စုံပေါင်းစပ်လို့
ကဗျာရေးခဲ့ဖူးတဲ့ညတွေ ပျောက်ရှကုန်တော့
တစ်ခြမ်းပဲ့နှလုံးသားနဲ့ ကဗျာတစ်ဝက်တစ်ပျက်ကိုလည်း
ငါထုဆစ်နေရအုံးမှာပါပဲ …။

*လရောင်ခပ်မိုက်မိုက်ကို ငေးကြည့်ရင်း
ကလောင်ကိုကိုင်စွဲ ကော်ဖီခါးခါးတစ်ခွက်ကို
အဖော်ပြုလို့ ကာရံမညီသံစဉ်တစ်ချို့လည်း
စည်းချက်မဲ့စွာ မြူးထူးခုန်ပေါက်နေကြလေရဲ့ …။

*ဇာတ်လမ်းအစက မသေသပ်ခဲ့လေတော့
ဇာတ်သိမ်းမလှခဲ့တာကလည်း
ဘယ်သူ့ကြောင့်ရယ်လို့ ငြိုးမယ်မဖွဲ့ချင်တော့ပါဘူး …။

*အပြစ်ရှိသူရယ်လို့ ခေါင်းစဉ်တပ်ကြကြေးဆိုရင်တော့
ထားသွားတဲ့မင်းမှာလည်း အပြစ်ရှိသလို
ချစ်မိခဲ့တဲ့ငါ့မှာလည်း အပြစ်ရှိပါတယ် ချစ်သူ …။

*တစ်ကယ်လို့များ
ဘယ်လိုပုံစံ ဘယ်လိုအနေအထားတွေနဲ့ပဲဖြစ်ဖြစ်
ငါတို့လမ်းခွဲခြင်းက အမုန်းတွေနဲ့မဟုတ်ခဲ့လေတော့
တစ်ချိန်ချိန်မှာ မင်းနဲ့ပြန်ဆုံခဲ့ကြမယ်ဆိုရင်
ပြုံးပြနှုတ်ဆက်ကြကြေးနော် …။


(Blog ကိုရောက်ဖြစ်နေပေမယ့် အသစ်မတင်ဖြစ်တဲ့အတွက်ရော … ချစ်သော Blogger မောင်နှမတို့ရဲ့ အိမ်တွေဆီ အလည်ရောက်ဖြစ်ပေမယ့် comment ခြေရာလေးတွေ မချန်ဖြစ်ခဲ့တာတွေအားလုံးအတွက် တောင်းပန်ပါရစေနော် …)


မိုးညချမ်း
9.12.2012(11:20 p.m)

Sunday, December 2, 2012

ပန်းရဲ့ရာဇဝင်


 မင်းအတွက် .......
ဆူးတွေကိုကျော်ဖြတ်
ခလုတ်တွေကိုဖြတ်နင်း
မြက်ရိုင်းတွေရဲ့ဖမ်းဆီးခြင်းကိုခံပြီး
ငါ့နှလုံးသားပင်လယ်ထက်ဝယ်
တင့်တင်စွာစံမြန်း
ရနံ့ကြိုင်လွန်းတဲ့
အဖြူရောင်ပန်းတစ်ခိုင်ကို
ငါလေ .......
ခူးဆွတ်ခဲ့တယ် ။

အပြန်လမ်းမှာ
အခဲမကြေစွာနဲ့
ရန်စလာပြန်တဲ့
ရန်သူတစ်ထောင်ကို
ငါနိုင်အောင်တိုက်ခဲ့တယ် ။

မင်းရဲ့ရှေ့မှောက်
ပန်းကိုအရောက်ဆက်သပြီး
ဆန်းစသော်တာ
နှုတ်ခမ်းနှစ်လွှာကအပြုံးကို
အဆုံးမရှိတဲ့ကြည်နူးမှုနဲ့ ခံယူချိန်မှာ
ငါ့ရဲ့သွေးတို့
မြေကမ္ဗလာထက်မှာ အိုင်ထွန်းခဲ့ပြီ ။

နှလုံးသွေးနဲ့ဖျန်းလို့
လန်းခဲ့ရတဲ့ပန်းကို
နွမ်းခြောက်ချိန်မှာ
စွန့်ပစ်ဖို့ရည်ရွယ်တဲ့ ......“မင်း”
ပန်းရဲ့ရာဇဝင်ကို
သိမှသိပါလေစ ။ ..........။


(ငယ်ငယ်တုန်းက အရမ်းကြိုက်ခဲ့တဲ့ကဗျာလေးပါ ... ကဗျာဆရာအမည်ကိုတော့ မသိတော့ပါဘူး ...)

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...