Saturday, April 20, 2013

ညီမလေးသို့ပေးစာ (၂)






သို့/

ချစ်ရတဲ့ညီမလေးရေ …

ညီမလေးရဲ့သူငယ်ချင်းမလေး အကြောင်းကိုကြားရတော့ မမစိတ်မကောင်းဖြစ်မိပါတယ်။ လက်ထပ်မှုမပြုရသေးခင် အတူနေထိုင်မိခြင်းရဲ့ နောက်ဆက်တွဲအကျိုးရလဒ်က ကိုယ်ဝန်ရှိလာတဲ့အခါ ယောကျ်ားလေးဘက်က “တာဝန်မယူနိုင်ပါဘူး”ဆိုပြီး အရှက်တကွဲအကျိုးနည်း ဖြစ်ရာက မိန်းကလေးခမျာစိတ်ဆင်းရဲခြင်းကြီးစွာနဲ့ ကျန်းမာရေးထိခိုက်ပြီး ကလေးပျက်ကျသည်ထိ ဖြစ်ရတာတွေ ကြားရတော့ မမချစ်တဲ့ညီမလေးအပါအဝင် မိန်းကလေးအများစုအတွက် မမသိသလောက် ပြောပြချင်တာလေးတွေ ပေါ်လာပြန်တယ်ကွယ်။

“အပျို”ဆိုတဲ့ ဝေါဟာရနဲ့ “အပျိုစင်”ဆိုတဲ့ ဝေါဟာရ မတူညီတာကို မိန်းကလေးတွေ ဗဟုသုတအနေနဲ့ မှတ်သားထားစေချင်လို့ မမသိသလောက် ပြန်လည်မျှဝေပေးလိုက်ခြင်းပါ …

မမ နားလည်ထားသလို ရှင်းပြရရင် -

“အပျို”ဆိုတာ လက်ထပ်ခြင်းမပြုရသေးသမျှ အဲဒီမိန်းကလေးဟာ အပျိုလို့သတ်မှတ်လို့ရပါတယ် …။

“အပျိုစင်”ဆိုတာကတော့ မိမိနဲ့လိင်ဆန့်ကျင်ဘက် ယောက်ျားတစ်ဦးဦးနဲ့ လိင်ဆက်ဆံမှုမပြုသေး သမျှ အဲဒီမိန်းကလေးဟာ အပျိုစင်ပါပဲ …။

ရိုးရှင်းစွာဥပမာပေးရရင်ဖြင့်- မိန်းကလေးတစ်ဦးဟာ မင်္ဂလာဆောင်ပွဲအပြီး ဟန်းနီးမွန်းခရီးထွက်ရင်း Accidient တစ်စုံတစ်ခုကြောင့် မိမိရဲ့သတို့သားသေဆုံးသွားလို့ သူမကိုအပျိုမဟုတ်တော့ဘူး လို့ သတ်မှတ်လို့ရပေမယ့် အမျိုးသားနဲ့ အတူတကွပေါင်းသင်းမနေထိုင်ရသေးတဲ့အတွက် သူမဟာ အပျိုတော့မဟုတ်တော့ပါဘူး … ဒါပေမယ့် သူမဟာ အပျိုစင်တစ်ယောက်ဖြစ်နေဆဲပါ ..

အချို့သောမိန်းကလေးများဟာ အိမ်ထောင်မပြုရသေးဘဲ မင်္ဂလာမဆောင်ရသေးဘဲ မိမိရဲ့ချစ်သူရည်းစားနဲ့အတူတကွ (သို့) အမျိုးသားတစ်ဦးဦးနဲ့ လိင်ဆက်ဆံနေထိုင်ဖူးကြပြီဆိုရင် အဲဒီမိန်းကလေးဟာ လက်ထပ်ခြင်းမပြုလုပ်ရသေးလို့ အပျိုလို့ခေါ်ဆိုသတ်မှတ်လို့ရပေမယ့် သူမဟာ အပျိုစင်ဘဝကို ဆုံးရှုံးပြီးသူတစ်ယောက်လို့ သတ်မှတ်လိုက်လို့ရပါတယ် ….

အိမ်ထောင်မပြုရသေးဘဲနဲ့ ချစ်သူရည်းစားအပေါ်ကို ချစ်လွန်းတဲ့စိတ်တွေနဲ့ အရာရာအလိုမလိုက်မိစေဖို့ကိုလည်း သတိထားပါညီမလေးရေ …။ လွယ်လွယ်ရတဲ့ပစ္စည်းတစ်ခုကို မည်သူတစ်ဦးတစ်ယောက်ကမှ တန်ဖိုးမထားတတ်ကြတာ မမ ပတ်ဝန်းကျင်မှာတွေ့မြင်နေရတာမို့ မမချစ်သော ညီမလေးအပါအဝင် မိန်းကလေးငယ်တွေကို မိမိတို့ရဲ့အပျိုစင်ဘဝလေးကို တန်ဖိုးထားစေချင်ပါတယ်ကွယ် …။

ဒါကြောင့် မမ ပြောပြချင်တဲ့ ညီမလေးအပါအဝင် မိန်းကလေးများကို သတိထားစေချင်တဲ့အချက်လေးက “မိမိတို့ရဲ့ အပျိုဆိုတဲ့ ဂုဏ်ပုဒ်ကို ထိန်းသိမ်းစေချင်သလို .. မိမိတို့ရဲ့ အပျိုစင်ဘဝလေးကို အထူးဂရုတစိုက်နဲ့ တန်ဖိုးထားထိန်းသိမ်းစေချင်တာ” မမရဲ့ ရင်ထဲက စေတနာအစစ်အမှန်လေးပါ ...။

“မမချစ်ရတဲ့ညီမလေးအပါအဝင် မိန်းကလေးများအားလုံး မိမိတို့ရဲ့အပျိုစင်ဘဝလေးကို တန်ဖိုးထားတတ်ပါစေလို့ ဆုတောင်းလျှက် …”

ချစ်ခြင်းများဖြင့်
မမ …

 (လွန်ခဲ့သော ၂၀၁၁ ခုနှစ်က Facebook မှာတင်ဖြစ်ခဲ့တဲ့ ပိုစ့်လေးပါပဲ … ခုတစ်လောရေးဖြစ်ဖို့ စိတ်ကူးရလာတဲ့ “ညီမလေးသို့ပေးစာ”ဆိုတဲ့ ကဏ္ဍလေးအတွက် ပြန်လည်တင်ဖြစ်လိုက်တာပါ …)


မိုးညချမ်း
9.3.2011 (10:21 a.m)

Friday, April 19, 2013

ညီမလေးသို့ပေးစာ (၁)




သို့/

 ချစ်ရတဲ့ညီမလေးရေ …

“အသည်းကွဲခြင်း”ဆိုတဲ့ အရသာကို ညီမလေးတစ်ယောက် ကြုံတွေ့ခံစားနေရတယ်ဆို …။ “အသည်းကွဲခြင်း” ကြောင့်ပဲ မမရဲ့ညီမလေးတစ်ယောက် ပူဆွေးငိုကြွေးနေရတယ်ဆိုတာကို ကြားရတော့ အတော်လေး စိတ်မကောင်းဖြစ်မိပါတယ်ကွယ်။ “အသည်းကွဲခြင်း”ဆိုတဲ့ အရသာကို စတင်ခံစားရချိန်မှာတော့ ညီမလေးတစ်ယောက် အတော်လေခံစားရခက်မှာပေါ့။ ခါးသက်ခြင်းတွေ၊ နာကျင်ခြင်းတွေ၊ မေ့မရခြင်းတွေ၊ လွမ်းဆွတ်ခြင်းတွေကို လူးလှိမ့်နေအောင် ခံစားရမှာပေါ့။ “အချစ်”ဆိုတဲ့ အရာရဲ့ ချိုမြိန်ခြင်းတွေကို စားသုံးပြီးတဲ့နောက်မှာ “အသည်းကွဲခြင်း”ဆိုတဲ့ အရသာကတော့ အတော်လေး ခါးသက်နာကျင်မှာပေါ့။ “လွမ်းစရာရှိရင် နာစရာနဲ့ဖြေပါ”ဆိုတဲ့ စကားတွေကလည်း “အသည်းကွဲခြင်း”ဆိုတဲ့အရာကို ကြုံတွေ့ကာစမှာတော့ အသုံးဝင်အုံးမှာ မဟုတ်ဘူးလေ။ နားလည်ပါတယ် ညီမလေးရေ။

ဒါပေမယ့် ညီမလေးရေ …။ မမတစ်ခုတော့ အကြံပေးပါရစေနော်။ “အသည်းကွဲခြင်း”ဆိုတဲ့အရာကို စတင်ကြုံတွေ့ကာစ အချိန်မှာ လွမ်းစရာရှိတာ ပွင့်လင်းစွာလွမ်းပစ်လိုက်နော်။ ကြည်နူးစရာအတိတ်တွေကို အောက်မေ့တမ်းတမိလို့ လွမ်းတသသနဲ့ ငိုချင်ရင်လည်း ငိုချပစ်လိုက်ပါ။ “မငိုဘူး … မလွမ်းဘူး”ဆိုပြီး တင်းထားစရာ၊ အောင့်အီးနေစရာမလိုပါဘူးကွယ်။ သို့ပေမယ့် ကိစ္စမရှိပါဘူး ညီမလေးရေ။ တစ်ပတ်၊ တစ်လဆိုတဲ့ အချိန်အတောအတွင်းမှာတော့ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဘဲနဲ့ ချစ်သူကိုလွမ်းနေချင်သပဆို လွမ်းနေလိုက်နော်။ ကိုယ့်ချစ်သူနဲ့ တွဲခဲ့တဲ့သက်တမ်းအလိုက် အချိန်ကာလ အတို၊ အရှည်တော့ ကွာလိမ့်မပေါ့။ ညီမလေးစိတ်ကြိုက်လွမ်းပစ်ပါ။ တိုက်ဆိုင်မှုတစ်ခုခုကြုံလာလို့ ငိုချင်ရင်လည်း ငိုချပစ်လိုက်။ ကိုယ့်စိတ်ကိုယ် ထွက်ပေါက်တစ်ခုတော့ ပေးထားလိုက်ပါ။

ဒါပေမယ့် ညီမလေးရေ …။ “အသည်းကွဲခြင်း”ဆိုတာကြီးကို ကြုံနေရချိန်မှာတော့ ကိုယ့်ကိုကိုယ်နာကျင်အောင် လုပ်တာမျိုး၊ ကိုယ့်အသက်ကိုယ် ရန်ရှာတာမျိုး၊ စိတ်ဓါတ်အကြီးအကျယ်ကျပြီး သေကြောင်းကြံတာမျိုး၊ ဘယ်တော့မှ ရုန်းမထွက်နိုင်တော့ဘူးလို့ တွေးပြီး စိတ်ဓါတ်ကျပြီး လမ်းကြောင်းအမှားကို လိုက်တာမျိုးတွေတော့ အတတ်နိုင်ဆုံး(လုံးဝ)မလုပ်မိပါစေနဲ့။ အဲဒီလိုစိတ်မျိုးတွေဝင်လာပြီဆို ရအောင်တွန်းထုတ်၊ တိုက်ထုတ်ပစ်နော်။ မမ နားလည်ပါတယ်ကွယ်။ “အချစ်ရေး”မှာ အဆင်မပြေရင် လူတိုင်းဟာ သေချင်စိတ်တောင်ပေါက်သည်ထိ စိတ်ဓါတ်ကျတတ်ကြတယ်ဆိုတာကိုပေါ့။

ဒါပေမယ့် ညီမလေးရေ …။ “အသည်းကွဲခြင်း”ကြောင့်သာ မိမိကိုယ်ကို အနစ်မွန်းခံမယ်ဆိုရင် မိအေး နှစ်ခါနစ်နာမပေါ့ကွယ်။ မိမိကိုယ်ကို နစ်မွန်းခံလို့ရော ညီမလေးရဲ့ချစ်သူက ပြန်လာမှာတဲ့လား?။ မှတ်ထားပါ ညီမလေး။ “အချစ်”ကို ယုံကြည်ကိုးစား ကိုးကွယ်မိလို့ “အသည်းကွဲခြင်း”ဆိုတာကို ခုလိုခံစားရခက်စွာ ကြုံတွေ့ရတာပေါ့။ လုံလောက်တဲ့အချိန်တစ်ခု၊ သင့်တော်တဲ့အချိန်တစ်ခုလောက် ခံစားပြီးတာနဲ့ “အသည်းကွဲခြင်း”ဆိုတဲ့ အရာကနေ ရအောင်ရုန်းထွက်ပါ။ လိုအပ်မယ်ထင်တဲ့ သင်တန်းတွေတက်ပါ။ ကိုယ်တတ်ထားတဲ့ ပညာအရည်အချင်းအလိုက် ပိုပြီးတော်အောင် ထက်မြတ်အောင် ကြိုးစားပါ။ ဘွဲ့လွန်သင်တန်းတွေလည်း အများကြီး၊  ဘွဲ့တွေကိုလည်း မိမိကြိုးစားရင် ကြိုးစားသလောက် ရယူနေနိုင်တဲ့ ခေတ်ကြီးထဲမှာ အရင်ထက်ပိုတော်ပြီး ထူးချွန်ထက်မြတ်တဲ့သူဖြစ်အောင် ကြိုးစားဖို့သိပ်မခက်ခဲပါဘူးကွယ်။

ချစ်သူနှစ်ဦးချစ်နေကြချိန်မှာ “မာန”ဆိုတဲ့ အရာက ချစ်သူနှစ်ဦးကြားမှာ လုံးဝမထားသင့်တဲ့အရာတစ်ခုဖြစ်ပေမယ့် ဘယ်လိုမှပြန်ဆက်မရအောင် ကွဲကွာခဲ့ရပြီဆိုရင်တော့ “သူထားခဲ့ပေမယ့် ငါကနည်းနည်းမှဂရုမစိုက်ဘူး … အရင်ကထက် ပိုတော် ပိုထက်မြတ်စေရမယ်”လို့တွေးပြီး ကိုယ့်မာနကို ကောင်းစွာ အသုံးချပါညီမလေးရေ …။
နောက်တစ်ခုထပ်အကြံပေးချင်တာက ကိုယ့်ချစ်သူနဲ့သွားခဲ့တဲ့ နေရာတွေ၊ အမှတ်တရဖြစ်စေတဲ့ အရာတွေမှန်သမျှကို သတိတရလွမ်းမိမှာစိုးလို့ဆိုပြီး မရှောင်ပါနဲ့ ညီမလေးရေ …။ ဒီတစ်ခေါက် ရှောင်ပေမယ့် နောက်အခေါက်ဆိုတာ ရှိနိုင်တယ်လေ။ ဒီတစ်ခေါက် ဒီတစ်ခေါက်နဲ့ ရှောင်နေခြင်းက ကိုယ့်အတွက်နာကျင်ခြင်းတွေကို အချိန်အကြာကြီး ဆွဲယူထားသလို ဖြစ်လိမ့်မယ်လို့ မမထင်တယ်။ 

ဒါကြောင့်မို့ သတိတရနေရာ၊ အမှတ်တရနေရာတွေကို သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် သွားပါ။ နေရာဟောင်းကို ရောက်လာလို့၊ တိုက်ဆိုင်မှုရှိလာလို့ဆိုတဲ့ အချိန်တွေမှာ လွမ်းတသသနဲ့ ငိုချင်သပဆိုရင် အားပါးတရငိုချပစ်ပါ ညီမလေးရေ …။ ဒီလိုနဲ့ အဲဒီနာကျင်စရာ၊ အမှတ်တရနေရာတွေဆိုတာက ကြာလာတော့ ညီမလေးအတွက် ကျင့်သားရလာပါလိမ့်မယ်။ အမှတ်တရတွေဆိုတာ ဖျောက်ဖျက်ပစ်လို့ မရပေမယ့် ကျင့်သားရလာတဲ့အခါ “အသည်းကွဲခြင်း”ဆိုတာက ညီမလေးအတွက် တဖြည်းဖြည်းသက်သာရာရပြီး ဒဏ်ရာဆိုတာတွေ အကုန်ပျောက်ကုန်ပါလိမ့်မယ်။ ဒဏ်ရာတွေ ပျောက်သွားပေမယ့် “အမာရွတ်တော့ ကျန်မှာပဲ”လို့တော့ ထပ်မတွေးနဲ့နော်။ ဒီခေတ်က တိုးတက်နေတဲ့ ခေတ်ကြီးပါကွယ်။ အမာရွတ်ကို အရှင်းပျောက်တဲ့ ဆေးတွေတောင် ရနေတဲ့ ခေတ်ကြီးမှာ မမချစ်တဲ့ ညီမလေးတစ်ယောက် တန်ဖိုးထားမြတ်နိုးစရာ ငြိမ်းချမ်းသိမ်မွေ့အေးမြပြီး ပြည့်စုံနေသော ဘဝလက်တွဲဖော်အစစ်ရဲ့ “မေတ္တာတွေလွှမ်းခြုံနေတဲ့ အချစ်ချိုချို”ကို ထပ်တွေ့တဲ့အခါမှာ အနာနဲ့ဆေးတွေ့သလိုမျိုး ပျောက်ကင်းသွားပါလိမ့်မယ်။ တစ်ခုတော့ရှိတယ်နော်။ မမပြောထားတဲ့ အကြံပေးခြင်းတွေကိုတော့ မမေ့ပါနဲ့ကွယ် …။

“မမရဲ့ညီမလေးတစ်ယောက် ဘဝတစ်ကွေ့မှာ မထင်မှတ်ဘဲ ကြုံလိုက်ရတဲ့ “အသည်းကွဲခြင်း”ဆိုတဲ့ အရာကို ကောင်းမွန်စွာဖြတ်ကျော်နိုင်ပါစေ”လို့ ဆုတောင်းလျှက် ...

ချစ်ခြင်းများဖြင့်
မမ …


(“အသည်းကွဲခြင်း”ကြောင့် ခံစားနေရသော မောင်လေး ညီမလေးများအတွက် ရေးသားဖြစ်ပါသည် ...)



မိုးညချမ်း
18.4.2013 (8:06 p.m)

Friday, April 12, 2013

အလင်းရောင်





အားနွဲ့ ပေမယ့် ခွန်အားအပြည့် ရှိတယ်... 
မတောက်ပပေမယ့် အေးချမ်း လင်းမြ စေတယ်... 
ဒီလို သန်မာ လင်းအေး စေမယ့် အလင်းမျိုး 
ဘယ် နှလုံးသား မျိုးမှာ ရှာမလဲ...? 

" အူမတောင့် မှ သီလစောင့် မယ် " တဲ့ 
သူမက... 
ကိုယ်ကိုကိုယ် အရောင်မှိန်စေပြီး 
လိုအပ်နေ သူတွေအတွက်... လင်းတယ်...။ 

အေးချမ်းစိမ်းလန်း စေမယ့် အနာဂါတ်တွေ... 
ပြီးပြည့်စုံအောင် ကုန်ဆုံးစေမယ့် နိဂုံးဘဝတွေ... 
ခိုင်မာအောင် လက်တွဲထားပေးမယ့်...အဖော်အဆွေတွေ(STA) 

မမ.. 
ချစ်ခင်ရပါသော မမ... 
မမရဲ့ စိတ်ဓာတ် အလင်းတွေ 
ကမ္ဘာ တည်သရွှေ့...မြဲစေ...။       ။ 

  

 ၀ိုင်မင်းမဟာ
(မမ မိုးညချမ်းအတွက် အမှတ်တရ)
by Y-min Maha Fof (Notes) on Thursday, April 11, 2013 at 10:36am



(မိုးညအတွက် Facebook က ခင်မင်ရတဲ့ မောင်လေးတစ်ယောက် လက်ဆောင်ရေးပေးတဲ့ကဗျာလေးပါ ... သဘောကျနှစ်သက် ကြည်နူးရလို့ Blog လေးမှာ ပြန်တင်လိုက်တာပါ ... )

Thursday, April 4, 2013

''လွမ်းလွန်းလို့ရေးမိတဲ့ကဗျာ''




* ဒီည ဒီညလေးမှာပဲ
တို့နှစ်ယောက်ရဲ့ နှလုံးသားတွေ
တစ်ထပ်တည်းကျခဲ့တာ …

* အလွမ်းတွေဘောင်ဘင်ခတ်
ဘယ်ဘက်ရင်အုံမှာ တဆစ်ဆစ်နဲ့
အသည်းကွဲခြင်းကို တယုတယထွေးပွေ့ဖို့
ဘယ်သူက နင့်နင့်နဲ့နဲ့ချစ်ဖူးခဲ့လဲ?

* အတူထိုင်နေကြ ခုံပြာတန်း
အတူလျှောက်နေကြမြေနီလမ်းဆိုတာတွေကို
ကဗျာတွေ စာတွေမှာပဲ ဖတ်ဖူးခဲ့တာ …

* တစ်ကယ်တမ်း ငါတစ်ယောက်တည်း
မြေနီလမ်းမှာလျှောက်ရင်း
ခုံပြာတန်းလေးမှာ ထိုင်မိတဲ့အခါ
အလွမ်းသံစဉ်တွေက
ထိန်းမရအောင် ပေါက်ကွဲထွက်ကုန်တယ် …

* နောက်လူရင်မှာ မင်းပျော်လား?
ငါတိုးတိုးလေးညည်းမိတဲ့အခါ
ငါသိခဲ့ရတဲ့သတင်းတစ်ခုက
''မင်းလောက် ကိုယ့်အပေါ် ဘယ်သူမှမကောင်းဘူး''တဲ့လားကွယ် …


မိုးညချမ်း
4.4.2013 (11:50 a.m)

Monday, April 1, 2013

သင်္ကြန်ဝိဉာဉ်




“♪♫ သင်္ကြန်ခါတော် ရေကစားကြတာ ပျော်ရွှင်စရာ x x x x လောင်းကာပက်ကာ မောင်ရင်းနှမပမာ ကြည်လင်စွာ x x x x အော် ရေကစားမှာ ရေကစားမှာ ညိုမြလို့ အခေါ်မခံနိုင်ဘူးဆရာ x x x x x လောင်း လောင်း လောင်းလိုက်ပါ ရွှဲအောင် လောင်းလိုက်ပါ x x x x ပက်ပက် ပက်လိုက်ပါ ညီမလေးတွေလည်းပါ ♪♫”

ပျံ့လွင့်လာတဲ့ သင်္ကြန်သီချင်းလေးကြားလိုက်ရတော့ နှလုံးသားထဲက တဆစ်ဆစ်နာကျင်လို့ မျက်ရည်တွေအလိုလိုစီးကျလာခဲ့ပြန်ပြီလေ။ သင်္ကြန်တောင် ရောက်ခဲ့ပြန်ပြီလား မောင်ရယ်။ မောင်ကျွန်မအနားက ခွဲခွာသွားခဲ့တာ (၂)နှစ်တင်းတင်းပြည့်ခဲ့ပြီပေါ့။ ကျွန်မပေါ် အချစ်ပိုတတ်တဲ့ မောင် … ကြင်နာယုယတတ်တဲ့မောင် … အစ်ကိုကြီးတစ်ယောက်လို ချစ်သူတစ်ယောက်လို ချစ်နိုင်စွမ်းတဲ့ မောင် …။ တစ်ကယ်တော့ မောင့်ကို တမလွန်သို့ တွန်းပို့ခဲ့တာ ကျွန်မကိုယ်တိုင်ပါပဲလို့ တွေးမိတိုင်း အသက်မရှင်ချင်တော့လောက်အောင် တစ်ကိုယ်လုံးနုံးချိနွမ်းခွေသွားတယ်။

*=====================================*

မောင်နဲ့ကျွန်မတို့ဟာ ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်ပထမနှစ်မှာ စတင်တွေ့ခဲ့တာပေါ့။ မေဂျာတူသူငယ်ချင်းအဖြစ်ကနေ အစပြုပြီး သံယောဇဉ်တွယ်လာကြရင်းက တတိယနှစ်မှာ ချစ်သူတွေဖြစ်သွားခဲ့ပါတယ်။ ဆိုးလွန်း၊ ဂျီကျလွန်းတဲ့ ကျွန်မကို အလိုလိုက်လို့တစ်မျိုး ပဲ့ပြင်လို့တစ်ဖုံ ကျွန်မအနားမှာ အမြဲရှိနေခဲ့သူတစ်ယောက်။ ကျောင်းပြီးသွားတဲ့အချိန်မှာ နှစ်ဘက်မိဘတွေကို ဖွင့်ပြောပြလို့ နှစ်ဘက်စလုံးက သဘောတူကြည်ဖြူကြတဲ့အတွက် တစ်ချိန်ချိန်မှာသေချာပေါက် ဘဝလက်တွဲဖော်ဖြစ်လာတော့မယ့် သူတစ်ယောက်ပေါ့။

ငယ်စဉ်က သင်္ကြန်ဆို ကားလည်ထွက်ချင်ပေမယ့် “သင်္ကြန်တွင်းမှာ မူးရူးနေကြသူတွေပေါပါတယ် သမီးရယ် … အိမ်မှာပဲ စတုဒီသာမုန့်လုံးရေပေါ်လုံးရင်း အိမ်ရှေ့က အုန်းလက်မဏ္ဍပ်လေးမှာပဲ ရေကစားပါကွယ်”ဆိုတဲ့ မိဘတွေကစိုးရိမ်ပူပန်မှုတွေကို မလွန်ဆန်နိုင်တာနဲ့ပဲ စိတ်ကြိုက်ကဲခွင့်မရခဲ့ပါဘူး။ အသက်(၂၀)ပြည့်ပြီး ကျွန်မဘွဲ့ရခဲ့ပြီးချိန်မှာတော့ မိဘတွေဆီ မောင့်ရဲ့ခွင့်ပန်ပေးမှုကြောင့် တစ်ကြောင်း၊ အရွယ်ရောက်ပြီး စဉ်းစားချင့်ချိန်တတ်တဲ့အရွယ်ရောက်နေပြီလို့ မိဘတွေက ယူဆတာကတစ်ကြောင်းနဲ့ ကျွန်မသိပ်လည်ချင်သော သင်္ကြန်ကားနဲ့စိတ်ကြိုက်လည်ပတ်ခွင့်ရရှိခဲ့ချိန်မှာတော့ ပျော်ရွှင်နေသော ကျွန်မကို ပြုံးပြီးကြည့်နေတဲ့ မောင့်မျက်နှာလေးကို လွမ်းမိလိုက်တာ မောင်ရယ် …။

“ချစ်လေး ပျော်တာကတော့ ပျော်တာပေါ့ကွာ … မောင့်စကားတော့ နားထောင်ပါနော်”

“အို … မောင်ကလည်း ချစ်လေးက ဆိုးသွမ်းနေတဲ့သူမို့လို့လားလို့ … မောင်ကလည်း စိုးရိမ်တတ်ရန်ရောကွယ်”

“စိုးရိမ်တာပေါ့ အချစ်ရယ် … သင်္ကြန်တွင်းမှာ မူးနေတဲ့သူတွေက ပေါမှပေါနဲ့ … မောင့်ချစ်သူကို ရိသဲ့သဲ့နဲ့ ထိပါးလာတဲ့ ကောင်ရှိလို့ကတော့ မောင်ကလုံးဝသည်းခံမှာ မဟုတ်ဘူးနော် … ကြိုပြောထားပါရဲ့”

“အင်းပါ … မောင်ရယ် … ကားလည်ဖို့ မောင်ပဲစီစဉ်ပေးပါနော် … ချစ်တို့သူငယ်ချင်းတွေကိုလည်း ခေါ်ကြမယ်နော်”

“ချစ်သူလေး သဘောကျအတိုင်း မောင်လုပ်ပေးပါ့မယ်ကွာ”

ဘယ်အရာမဆို ဖြစ်သင့်တာကို ဦးစားပေးတတ်တဲ့ မောင့်ကို ကျွန်မသိပ်ချစ်မိပါတယ်။ ဒီလိုနဲ့ သင်္ကြန်မကျခင် (၂)ရက်လောက်အလိုမှာ သူငယ်ချင်းမိန်းကလေး (၂)ယောက်နဲ့အတူ သင်္ကြန်လည်ဖို့အတွက် အဝတ်အစားဝယ်ဖို့ Plaza တစ်ခုကို ထွက်လာခဲ့ကြတယ်။ သူငယ်ချင်း (၂)ယောက်ရဲ့ရွေးချယ်ပေးမှုနဲ့ ကျွန်မနှင့်လိုက်ဖက်ပါသည်ဆိုသော ဝတ်စုံ (၂)စုံကို ဝယ်ယူဖြစ်ခဲ့လေရဲ့။

ဒီလိုနဲ့ ကျွန်မသိပ်ရင်ခုန်ရသော၊ ကျွန်မသိပ်ချစ်သော သင်္ကြန်ချိန်ခါလေးဆီသို့ ရောက်ရှိလာပြီပေါ့။ အကြိုနေ့မှာတော့ ဖေဖေ၊ မေမေတို့သဘောအတိုင်း အိမ်မှာသာနေဖြစ်ခဲ့ပါတယ်။ နောက်တစ်နေ့ သင်္ကြန်အကျနေ့မနက်မှာတော့ စတုဒီသာမုန့်လုံးရေပေါ်လုံးပြီး အိမ်နားနီးချင်းတွေကို ဝေခဲ့တယ်။ ညနေစောင်းမှာတော့ ရန်ကုန်မြို့တစ်ပတ်လိုက်ပြမယ်ဆိုပြီး မောင်ကားနဲ့လာခေါ်လို့ ကျွန်မတို့ ချစ်သူ(၂)ဦး မဏ္ဍပ်တွေလိုက်ကြည့်ရင်း နောက်နေ့အတွက် ကျွန်မအရမ်းကိုရင်ခုန်နေတာကို မောင်က ရီမောနေခဲ့တယ်။

ကျွန်မရင်ခုန်လှုပ်ရှားနေသော သင်္ကြန်အကြတ်နေ့လေးကို ရောက်လာပြီပေါ့။ သင်္ကြန်ကားနဲ့တစ်ခါမှ မလည်ဖူးတဲ့ ကျွန်မအတွက်တော့ အသစ်အဆန်းတစ်ခုကို လက်တွေ့အကောင်အထည်ဖော်ရတော့မယ့် သူတစ်ယောက်လိုပါပဲ။ ရင်ခုန်စိတ်လှုပ်ရှားပျော်ရွှင်ခြင်းတွေအပြည့်နဲ့ပေါ့။ မျက်နှာကိုသင့်တင့်ရုံ မိတ်ကပ်ပါးပါးလေးခြယ်၊ Hand Phone ကို မောင်ကြိုတင်ဝယ်ပေးထားတဲ့ ရေလုံအိတ်လေးထဲကိုထည့်၊ နေကာမျက်မှန်တစ်လက်နဲ့ Plaza မှဝယ်လာတဲ့ အဝတ်အစားအသစ်လေးဝတ်ပြီးချိန်မှာတော့ ကိုယ့်ကိုကိုယ်မှန်ထဲ တစ်ပတ်ပြန်ကြည့်ပြီး စိတ်တိုင်းကျပြီမို့ အောက်ထပ်ဆင်းလာချိန်မှာတော့-

“သမီးရေ တဘက်ကြီးကြီးတစ်ထည်တော့ ယူသွားအုံးနော် … မေမေ့ကုတင်ပေါ်မှာ အသစ်လေးထုတ်ထားတာရှိတယ်”

“ဟုတ်ကဲ့ မေမေ”

မေမေ့တို့အခန်းထဲဝင် တဘက်ကိုယူပြီးပြန်အထွက်မှာ အိမ်ရှေ့က ကားဟွန်းသံကြားတာနဲ့ ပြေးထွက်လာလိုက်တယ်။ ကျွန်မကိုမြင်တော့ မောင်က မျက်လုံးပြူး မျက်ဆံပြူးနဲ့-

“ဟာ … ချစ်လေး … ဒီပုံစံကြီးဝတ်လာမှာလား? ... မဖြစ်ဘူး မဖြစ်ဘူး … သွားပြန်လဲ … ဘောင်းဘီကတိုနှံ့နေတာပဲကွာ …”

“ဟာ မောင်ကလည်း … ဒါ ကေသီတို့နဲ့ စိတ်ကြိုက်ရွေးလာတဲ့ဝတ်စုံပါ … ဘိုးတော်မျက်စိနဲ့မကြည့်စမ်းပါနဲ့ မောင်ရယ် …”

“ဟာကွာ … မဖြစ်ပါဘူး ချစ်ရာ … ပြန်လဲမလား? မလဲဘူလား? မောင့်ကို တစ်ခွန်းထဲပြော …”

“ဟာကွာ … မောင်က အရစ်ပဲ …”

“မောင်ရစ်တာ မဟုတ်ဘူး … သင်္ကြန်တွင်းမှာ အမူးသမားတွေပေါတယ်ကွ … မင်းဘာမှတ်နေလည်း … မူးရူးနေတဲ့ကောင်တွေက မလုံ့တလုံဝတ်စားထားတဲ့ မင်းရဲ့ခန္ဓာကိုယ်ကို အရသာခံကြည့်ကြမှာ ငါမလိုလားဘူးကွ … ထိကပါးရိကပါးပြောလာရင် ငါသည်းခံနိုင်မှာ မဟုတ်ဘူးဆိုတာ မင်းသိလား … မင်းနားလည်လား … သွားကွာ ခုသွားပြန်လဲ … မလဲဘူးဆိုရင်တော့ လုံးဝကားလည်မထွက်ဘူး …”

စိတ်ထဲကတော့ သိပ်မကြည်လှပေမယ့် မောင်အတော်လေးစိတ်ဆိုးနေပုံရတာမို့ ကျွန်မအဝတ်အစားပြန်လဲလိုက်ပါတယ်။ ကျွန်မလည်ချင်သော သင်္ကြန်ကားနဲ့လည်း လည်ခွင့်မရတော့မှာ စိုးတာလည်း ပါတာပေါ့လေ။ ဒီလိုနဲ့ထမင်းစားမနားခင် တစ်မနက်လုံး မကျေနပ်ခြင်းတွေနဲ့ မောင့်ကိုစကားကောင်းကောင်းမပြောဖြစ်ခဲ့ပါဘူး။ မောင်ကတော့ မဏ္ဍပ်တွေဆီက အားကောင်းလှသောမီးသတ်ပိုက်တွေ၊ စပ်ဖျင်းဖျင်း Servicing ပိုက်တွေနဲ့ထိုးခြင်းဒဏ်တွေကနေ ကာကွယ်ပေးတဲ့အချိန်မှာတော့ မောင့်ရင်ခွင်ထဲကနေ ကျွန်မကြည်နူးခြင်းတွေနဲ့ ရင်ခုန်ရပြန်ပါရော။
ကန်တော်ကြီးထဲမှာ နေ့လည်ထမင်းစားနားချိန်မှာတော့ ကျန်တဲ့သူငယ်ချင်းတွေအကုန် နေ့လည်စာစားနေချိန်မှာ မောင်ကျွန်မကို ကျေနပ်သည်ထိချော့ပါတော့တယ်။

“မောင် ချစ်လေးကို အော်တာမဟုတ်ပါဘူးကွာ … ချစ်လေးကိုစိတ်ပူလို့ပါ … မောင့်ချစ်သူကို အထင်သေးနဲ့ကြည့်ကြတာမျိုးကို မောင်လက်မခံနိုင်လို့ပါ အချစ်ရယ် … မောင့်ကို စိတ်မဆိုးပါနဲ့ကွာ … နော်”

ကျွန်မစိတ်ဆိုး စိတ်ကောက်တိုင်း နေမထိထိုင်မသာစွာ မျက်နှာငယ်လေးနဲ့ဖြစ်နေတတ်တဲ့ မောင့်ကို သနားမိလို့ အကြာကြီးစိတ်မကောက်ရဲခဲ့ပါဘူး။ ကျွန်မစိတ်ကောက်ပြေသွားတဲ့အခါ “လူဆိုးမလေး၊ ကောက်တေးမလေး”လို့ ပြောရင်းနဲ့ ကျွန်မနဖူးကို ခပ်ဖွဖွနမ်းလိုက်တိုင်း ကျွန်မရင်ခုန်စွာနဲ့ပျော်ရွှင်မိပြန်ပါရော။ 

ဒီလိုနဲ့ပဲ သင်္ကြန်အကြတ်နေ့လေးဟာ အတူတူတစ်ခါမှမလည်ဖူးတဲ့ ကျွန်မတို့ချစ်သူနှစ်ဦးအတွက် သိပ်ကိုပျော်ရွှင်ကြည်နူးရသော နေ့ရက်လေးဖြစ်ခဲ့ပါတယ်။ ညနေ (၆းဝ၀)နာရီလောက်မှာတော့ ကျွန်မကိုအိမ်သို့ပြန်ပို့ပေးခဲ့ပါတယ်။

“နက်ဖြန် ၇ နာရီလောက် လာကြိုမယ်နော် ချစ်လေး … ခုအိမ်ထဲရောက်တာနဲ့ ရေမိုးချိုးပြီး ကော်ဖီပူပူလေးတစ်ခွက်သောက်လိုက်နော် … နေမကောင်းဖြစ်အုံးမယ်”

“ဟုတ်ကဲ့ပါ မောင်ရဲ့ … ညကျ ချစ်လေးကိုဖုန်းဆက်နော် … မောင်လဲနေမကောင်းဖြစ်အုံးမယ်နော်”

“အေးပါကွာ … ဝင်တော့ ဝင်တော့နော် …”

“မောင် … နက်ဖြန်ဆို သင်္ကြန်တစ်နှစ်ပြီးပြန်ပြီနော် … လွမ်းစရာကြီးဖြစ်ကျန်ခဲ့တော့မှာပဲ … တစ်နှစ်လုံး သင်္ကြန်ကျနေရင် ကောင်းမှာနော် …”

“အာ … မင်းမောင်နဲ့ နွေလတ်ငြိမ်းရေ … အလွမ်းသည်လို့ မပြီးတော့ဘူးလားဟေ … ငါတို့လည်းပါတယ်နော် … အိမ်တော့ရောက်အောင် ပြန်ပို့ကြပါအုံးဟေ့”လို့ ကားပေါ်ကသူငယ်ချင်းတွေဝိုင်းအော်မှ ရှက်ရှက်နဲ့ မောင်ပြေးထွက်သွားလေရဲ့။

ရေမိုးချိုးအဝတ်အစားလဲ၊ မေမေတို့နဲ့ညစာတူတူစားကာ ကော်ဖီပူပူတစ်ခွက်သောက်ပြီး အိပ်ယာထဲမှာ မောင်နဲ့ဖုန်းပြောရင်း တစ်နေ့လုံးပင်ပန်းထားတဲ့အရှိန်နဲ့ ဘယ်အချိန်ကတည်းက အိပ်ပျော်သွားမှန်းမသိလိုက်ပါဘူး။ မနက်ကျွန်မနိုးလာတော့ (၆)နာရီထိုးလုဆဲဆဲ။
သင်္ကြန်အတက်နေ့၊ နှစ်တစ်နှစ်သင်္ကြန်နောက်ဆုံးရက်လေးအတွက် နှမြောတသစွာ လွမ်းဆွေးသလိုလိုကြီးတော့ ခံစားနေမိပါတယ်။ ဒီနေ့တော့ ဘယ်လိုပဲဖြစ်ဖြစ် အပျံအလန်စားဖြစ်အောင်ကို ဝတ်စားပြီး လည်ပစ်လိုက်မယ်။ မောင်ဆူလည်း ဂရုမစိုက်တော့ဘူးလို့ တွေးပြီး ခပ်တိုတိုဂျင်းဘောင်းဘီကို ဝတ်လိုက်တာပေါ့။ အပေါ်ကတော့ လက်ပြတ်ခါးတိလေးဝတ်လိုက်ချိန်မှာတော့ မှန်ထဲမှာကိုယ့်ရုပ်ကိုကြည့်ပြီး သဘောကျစွာပြုံးလိုက်မိပါတော့တယ်။ အားလုံးပြင်ဆင်ပြီးချိန်မှာတော့-

“သမီးရေ … မောင်မင်းမောင်တို့ရောက်လာပြီ … ဆင်းလာခဲ့တော့လေ”

မေမေ့အော်ခေါ်သံကြားလို့ အပေါ်ကချမ်းရင်ထပ်ဝတ်မယ့် ဂျင်းဂျာကင်လေးနဲ့ တဘက်စောင်ကိုယူပြီး အောက်ကိုဆင်းလာခဲ့တယ်။ ကျွန်မပုံစံကိုမြင်တော့ မောင်တစ်ခုခုပြောဖို့ဟန်ပြင်ပြီးကာမှ အိမ်ပြင်ဘက်ဆီ လက်ဆွဲခေါ်တဲ့နောက် တကောက်ကောက်ပါလာခဲ့တယ်။

“လက်ကိုလွှတ်ပါအုံး မောင် … နာတယ် … ဘယ်လိုဖြစ်လို့ တအားဆွဲတာတုန်း”

“ချစ် … မနေ့ကလည်း ဒီလိုပုံစံမျိုးမဝတ်ပါနဲ့လို့ မောင်ပြောပြီးပြီ … ဒီနေ့ထပ်ဝတ်တယ် … မောင့်ကိုဂရုမစိုက်ဘူးဆိုတဲ့ သဘောလား”

“ဟာကွာ … မောင်ဘာဖြစ်နေတာလဲ … ဒီအချိန်လေးပဲ ဒီလိုဟော့ရှော့လေးဝတ်ရတဲ့ဟာကို … မရဘူးနော် … ဒီနေ့တော့ လုံးဝအဝတ်အစားပြန်မလဲဘူး …”

ဒီနေ့တော့ မောင်စိတ်ဆိုးလည်းပဲ အဝတ်အစားလုံးဝပြန်မလဲဘူးလို့ ဆုံးဖြတ်ထားလိုက်ပြီး ၁၀ မိနစ်လောက် ပေတေပြီးရပ်နေလိုက်ပါတယ်။ နောက်ဆုံးတော့ ကျွန်မကို မျက်နှာတစ်ချက်အငြိုမခံတဲ့ မောင်ကပဲ အလျော့ပေးလိုက်ပါတော့တယ်။

“ချစ်နော် … ပြောထားပါရဲ့ … မောင့်နားကတစ်ဖဝါးမှ မခွာနဲ့ … တစ်ခုခုဆို မောင်သည်းခံမှာမဟုတ်ဘူးနော်”

“အင်းပါ မောင်ရဲ့ … စိတ်ချ … မောင့်နားက ဘယ်မှမသွားဘူး …”

တမနက်လုံး မောင့်နားကမခွာဘဲ ထုံးစံအတိုင်း မဏ္ဍပ်တွေဆီရောက်တိုင်း မောင့်ရင်ခွင်ထဲမှာပဲ လုံခြုံမှုတွေနဲ့ နွေးထွေးနေခဲ့ပါတယ်။ နေ့လည်စာကိုတော့ အင်းယားလမ်းထဲက ဆိုင်တစ်ဆိုင်မှာဝင်စားလိုက်ကြတယ်။ နေ့လည်စာစားအပြီးမှာတော့ ခဏနားဖို့ အင်းယားကန်ဘောင်နားမှာပဲ သင့်တော်ရာနေရာလေး တစ်နေရာရွေးပြီး ကားရပ်လိုက်တယ်။ ကျွန်မတို့ကားလေးရပ်လိုက်တဲ့နားမှာတော့ ဂျစ်ကားနှစ်စီးနဲ့ Light Truck ကားတစ်စီးရပ်ထားတာတော့ တွေ့လိုက်တယ်။ ကျွန်မတို့ကားပေါ်က သူငယ်ချင်းတွေလည်း ခဏဆင်းပြီး ဟိုလျှောက်ဒီလျှောက်နဲ့ အရိပ်ရတဲ့နေရာလေးတွေဆီသွားထိုင်ကြကာ ထွေရာလေးပါးပြောရင်း ရီမောလို့သင်္ကြန်နောက်ဆုံးရက်လေးကို ဖြတ်သန်းနေကြလေရဲ့။

ကျွန်မတို့ထိုင်နားနေတဲ့ နေရာနဲ့အတော်နီးနီးလေးမှာပဲ ယောကျ်ားလေးတစ်စု အရက်ထိုင်သောက်နေတာကိုတော့ သတိပြုမိတယ်။ ဒါပေမယ့်လည်း သင်္ကြန်တွင်းမှာဒီလိုသောက်စားမြူးတူးပျော်ပါးနေကြတဲ့သူတွေ တပုံတပင်ပေမို့အထူးအဆန်းရယ်လို့တော့ မဟုတ်တော့ဘူးပေါ့လေ။ ထိုင်စကားပြောနေရင်းကနေ ကျွန်မတို့တွေစားဖို့ တစ်ခုခုသွားဝယ်မယ်ဆိုပြီး မောင်နဲ့ ယောကျ်ားလေးသူငယ်ချင်း(၃)ယောက်တို့ ထွက်သွားပါတယ်။ ကျန်တဲ့ယောကျ်ားလေးသူငယ်ချင်း (၂)ယောက်ကလည်း ဆေးလိပ်သောက်ဖို့ဆိုပြီး ထွက်သွားကြတယ်။

ကျွန်မတို့မိန်းကလေး (၄)ယောက်ပဲကျန်ခဲ့တဲ့အချိန်မှာ ခပ်လှမ်းလှမ်းမှာ သောက်စားမူးရစ်နေကြတဲ့ ယောကျ်ားလေးတွေထဲက (၃)ယောက်ထလာပြီး ကျွန်မတို့နားကို ကပ်လာတယ်။

“ဟိတ် … မင်းတို့ လေးယောက်ထဲလား …. ချစ်စရာလေးတွေပဲ … ကိုယ်တို့ကားနဲ့လိုက်မလား? ပျော်စေရမယ်”

“ကျွတ် … ဘာတွေလာကြောင်နေမှန်းမသိဘူး”

ကျွန်မတို့ထဲက ခပ်စွာစွာ ခပ်သွက်သွက် သူငယ်ချင်းမလေး “ချစ်စု”က ချက်ချင်းခွန်းတုံ့ပြန်ရာကနေ ပြဿနာစတက်တော့တာပါပဲ။

“ဟ ဟ … အစွာလေးဟ ချစ်စရာလေးပဲ … လာပါကွာ … ကိုယ်တို့ကားနဲ့လိုက်ခဲ့ … မင်းတို့ကို ပျော်စေရမယ် … စျေးလည်းပိုပေးမယ်ကွာ”

“ဘာ … သေချင်လို့ … စျေးပိုပေးမယ် ပြောရအောင် ငါတို့က မကောင်းတဲ့မိန်းမတွေမဟုတ်ဘူးဟဲ့”

“အမိလေးရယ် … မင်းတို့ဝတ်စားထားပုံနဲ့ မိန်းမကောင်းလို့ ပြောရင် ဘယ်သူယုံမှာတုန်းကွ … ကိုယ်တို့က အထာတွေနပ်ပါတယ်ကွာ …”

အမူးသမားတွေက ပြောရင်းဆိုရင်း ချစ်စုရယ် ကျွန်မနဲ့ နောက်သူငယ်ချင်းမတို့ကို လက်ဆွဲပါတော့တယ်။ ကျွန်မတို့တွေက ရုန်းလိုက် ပါးစပ်ကပြောလိုက်နဲ့ ဒေါသထွက်လွန်းလို့ အသားတွေတဆတ်ဆတ်တုန်လာတယ်။ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မကောင်းတဲ့မိန်းမလို့ တစ်ခါမှအပြောမခံရဖူးဘူး။ ခုတော့ ကျွန်မတို့တွေလှချင်လွန်းလို့ ဝတ်စားထားတဲ့ သရုပ်ပျက်ဝတ်စုံ အတိုအပြတ်တွေကြောင့် ပြဿနာတက်ပြီး အရှက်ရကုန်ပြီပေါ့။ မနက်က မောင့်စကားနားထောင်လိုက်ရင် ကောင်းသားလားကွယ်။ စိတ်ထဲကနေလည်း မောင်တို့စားစရာသွားဝယ်တာလည်း ကြာလိုက်တာလို့တွေးရင်း ရင်တွေလည်းပူလှပြီ။

“ရှင်တို့တွေနော် … လူကြားထဲ ဆွဲလားရမ်းလားနဲ့ … လွှတ်နော် …”

ကျွန်မတို့တွေကလည်း အတင်းရုန်းကန် သူတို့တွေကလည်း အတင်းဆွဲနဲ့ ဖြစ်နေပေမယ့် ဘေးလူတွေကလည်း ကူညီဖော်မရဘဲ ဒီအတိုင်းတွေကြည့်နေကြလေရဲ့။ ပါးစပ်ကလည်း လွှတ်ပါသာ အော်နေရတာ ဝမ်းနည်းလွန်းလို့ မျက်ရည်တွေကျလာပါတယ်။

“ဟေ့လူတွေ … ဒါဘာလုပ်တာလည်း … လွှတ်လိုက်စမ်း …”

“ဟော … မောင့်အသံ…” ကျွန်မလက်ကို မလွှတ်တမ်းဆွဲထားတဲ့ လူဆီတဟုန်ထိုးပြေးဝင်လာပြီး တစ်ချက်တွန်းထုတ်လိုက်ရင်း ကျွန်မကိုဆွဲထားတဲ့ ထိုလူ့လက်ကိုအားကုန်ဆွဲဖြုတ်ပစ်လိုက်တယ်။ ကျန်တဲ့သူငယ်ချင်းယောကျ်ားလေးတွေကလည်း ချစ်စုရယ် ကျန်တဲ့သူငယ်ချင်းမလေး(၂)ယောက်ကို အမူးသမားတွေလက်ထဲက ဆွဲလုလိုက်ကြပါတယ်။ မောင့် ရင်ခွင်ထဲအားပါးတရ ငိုရှိုက်နေတုန်း အမူးသမားတွေက မကြေမချမ်းနိုင်နဲ့ပဲ ပါးစပ်က အတော်လေးဆိုးဝါးညစ်ပတ်သောစကားတွေနဲ့ ဆဲဆိုတဲ့အပြင် ကျွန်မတို့တွေကိုလည်း မကောင်းသောမိန်းမတွေအဖြစ် တော်တော်လေးဆိုးဆိုးဝါးဝါးပြောသံတွေကြားတော့ ကျွန်မကိုတွန်းဖယ်လို့ သူတို့ဆီလျှောက်သွားပြီး-

“ဟေ့လူ ခင်ဗျားစကားပြောတာ ကြည့်ပြောနော် … သူတို့တွေက မကောင်းတဲ့မိန်းကလေးတွေမဟုတ်ဘူးဗျ”

“ဟား ဟား … ဟေ့လူ ခင်ဗျား သူတို့တွေရဲ့မှိုင်းမိနေပြီထင်တယ်ကွာ … ဒီလိုမိန်းကလေးတွေအတွက်နဲ့တော့ ဒီလောက်ဖြစ်နေစရာ အကြောင်းမရှိပါဘူး ကိုယ့်လူရာ …”

ပြောရင်းဆိုရင်းနဲ့ စကားတွေရင့်သီးလာပြီး နောက်ဆုံးတော့ ထိုးကြကြိတ်ကြဖြစ်ကုန်ပါတယ်။ ထိုးကြိတ်ကြရင်းကနေ အမူးသမားတစ်ယောက်က ပုလင်းတစ်ခုနဲ့ မောင့်ခေါင်းကိုရိုက်လိုက်တယ်။ မောင်ရုတ်တရက်လဲကျသွားချိန်မှာပဲ ထိုအမူးသမားကပဲ ပုလင်းကွဲနဲ့မောင့်ရင်ဝကို ထိုးစိုက်လိုက်တာကို ကျွန်မမြင်လိုက်ရတော့ မျက်လုံးတွေပြာဝေသွားတယ်။ ထိုအမူးသမားဆီတရှိန်ထိုးပြေးဝင်လို့ အားကုန်သုံးထုနှက်နေတဲ့ ကျွန်မကိုအရှိန်နဲ့ဆောင့်တွန်းလိုက်တာ အနားမှာရှိတဲ့ သစ်ပင်နဲ့ဆောင့်မိကာ ကမ္ဘာလောကကြီးနဲ့ အဆက်ပြတ်သွားပါတော့တယ်။

*==========================================*

“မောင် … မောင်ရေ … ဘယ်နားမှာပုန်းနေတာလည်းဟင် … တော်ပြီကွယ် … ဒီတူတူပုန်းတမ်း ကစားနည်းကို နောက်ဘယ်တော့မှ မကစားဘူး … မောင့်ကိုရှာရတာ မောတယ် … မောင်က သိပ်ကိုပုန်းတာတော်တာပဲ”

ပါးစပ်ကတတွတ်တွတ်ပြောရင်း ပုန်းစရာနေရာရယ်လို့ မယ်မယ်ရရမရှိတဲ့ ကွင်းပြင်ကျယ်ကျယ်ကြီးထဲမှာ ကျွန်မသိပ်ချစ်သောမောင့်ကို ရှာရင်းမောပန်းလာပါတယ်။ အတော်လေးကြာသည်ထိရှာမတွေ့တော့ မျက်ရည်တွေကျလို့ မောင့်ကိုအမြန်ဆုံးပုန်းနေရာကထွက်လာဖို့ အော်ခေါ်နေပေမယ့် တော်တော်နဲ့ထွက်မလာတဲ့ မောင့်ကိုဆက်လက်ရှာဖွေရင်း တကြော်ကြော်အော်ခေါ်ရင်းနဲ့ပဲ လဲကျသွားပါတော့တယ်။

*==========================================*

“သမီး … သမီးလေး သတိရလာပြီလား”

လေးလံနေသော မျက်ခွံတွေကို ကျွန်မအားယူဖွင့်ရင်း ပထမဆုံးမြင်လိုက်ရတာက မျက်နှာကျက်ဖြူဖြူ၊ နောက်တော့ ကျွန်မဘေးနားမှာ မျက်ရည်စတွေနဲ့ ကျွန်မကိုပြုံးပြီးကြည့်နေတဲ့ မေမေ …။ မေမေ့ဘေးမှာတော့ ဖေဖေနဲ့ သူငယ်ချင်းမလေး ချစ်စု …။

“မေမေ … ဒါဘယ်မှာလည်း … သမီးဘယ်ရောက်နေတာလဲဟင်”

“ဒါ ဆေးရုံလေသမီးရဲ့ … သမီးလေးမေ့နေတာဖြင့် ၄ ရက်လောက်ရှိတော့မယ် …”

မေမေပြောမှ ရုတ်တရက် မြင်ကွင်းတချို့ကို ကျွန်မသတိရသွားပါတယ်။ မောင့်ကို အမူးသမားက ပုလင်းနဲ့ရိုက်လိုက်တာတွေ၊ ပုလင်းကွဲနဲ့ရင်ဝကို ထိုးလိုက်တာတွေ၊ ကျွန်မကိုဆောင့်တွန်းလိုက်တာတွေ …။

“မေမေ … မောင်ရော မောင်ရောဟင် … ဘယ်မှာလည်း … မောင်ဘာဖြစ်သွားသေးလဲဟင်”

ကျွန်မအမေးကြောင့် ရုတ်တရက်မျက်နှာပျက်သွားတဲ့ မေမေ့ကြောင့် ထိတ်ကနဲဖြစ်သွားတယ်။ ဖေဖေနဲ့ ချစ်စုမျက်နှာကလည်း ချက်ချင်းပျက်သွားတယ်။

“မေမေ … မောင်ဘယ်မှာလည်းဆို … သမီးတွေ့ချင်လို့”

“သမီးရယ် နေကောင်းသွားရင် တွေ့ရမှာပေါ့ကွယ် … ဖြေးဖြေးပေါ့”

“မရပါဘူးနော် … ခုပြောပါမေမေရယ် … သမီးလည်း နေကောင်းနေတာပဲဟာ … ခေါင်းဆောင့်မိလို့ ခဏမူးလဲသွားရုံပဲဟာ … ပြောပါနော် … သမီးရင်တွေပူလို့ပါ”

ကျွန်မကိုပြောပြဖို့ အားယူရင်း မေမေမျက်ရည်တွေကျလာတော့ အတော်လေးထိတ်လန့်သွားမိတယ်။ မောင်တစ်ခုခုများဖြစ်လို့လား? မဟုတ်ပါစေနဲ့ဆုတောင်းနေမိပေမယ့် ကျွန်မဆုတောင်းတွေမပြည့်ခဲ့ပါဘူး။

“သမီးလေးရယ် … စိတ်တော့ခိုင်ခိုင်ထားပါနော် … နေလည်းကောင်းသေးတာမဟုတ်ဘူး … မောင်မင်းမောင်တစ်ယောက် အဲဒီသင်္ကြန်အတက်နေ့ကပဲ ပွဲချင်းပြီးဆုံးသွားတယ်ကွယ်”

ဟင်!!!!! ကျွန်မဘယ်ဘက်ရင်အုံက နှလုံးသားကို ဆွဲဆုတ်ပစ်လိုက်သလို ခံစားလိုက်ရပါတယ်။ မဖြစ်နိုင်ပါဘူးလို့ အားတင်းထားပေမယ့် မေမေနဲ့ ချစ်စုတို့ပြောပြတဲ့အကြောင်းအရာတွေကိုကြားပြီး ကျွန်မအသက်တောင် ဆက်မရှင်ချင်တော့လောက်အောင်ပါပဲ။

‘အမူးသမားကဆောင့်တွန်းလိုက်လို့ လဲကျသွားတဲ့ ကျွန်မကို ပွေ့ထူဖို့ အားယူထလာတဲ့ မောင့်ကို ထိုအမူးသမားက သူ့ကိုတစ်ခုခုလုပ်ဖို့ထလာတယ်ထင်ပြီး ပုလင်းကွဲနဲ့ သုံးလေးချက်ဆင့်ထိုးပြန်ပါတယ်။ သွေးအလိမ်းလိမ်းကြားကပဲ ကျွန်မအနားကိုရောက်အောင် ဒရွတ်တိုက်တွားသွားလာရင်း ကျွန်မလက်ကလေးကို ဖမ်းဆုပ်မိချိန်မှာပဲ မောင်သေဆုံးသွားတာပါ’ တဲ့လားကွယ်။ ကျွန်မဘယ်လိုဖြေဆည်ရတော့မလဲ မောင်ရယ်။ ကျွန်မရဲ့အမှားကြောင့်၊ သင်္ကြန်တွင်းမှာ ကျွန်မရဲ့လျှပ်ပေါ်လော်လီ မလုံ့တလုံဝတ်စားဆင်ယင်မှုကြောင့်၊ ကျွန်မရဲ့မဆင်ခြင်တတ်မှုတွေကြောင့် မောင့်ကိုတစ်သက်လုံးဆုံးရှုံးလိုက်ရပြီပေါ့နော်။

“ခွင့်လွှတ်ပါ မောင်ရယ်”လို့တော့ မတောင်းဆိုရဲပါဘူးကွယ်။ မောင်မရှိတော့တဲ့ နေ့ရက်တွေကို ကျွန်မဘယ်လိုရှင်သန်နေထိုင်ရမလဲဆိုတာ တွေးကြည့်မိလိုက်တိုင်း ကိုယ့်ကိုကိုယ် အဆုံးစီရင်ပစ်ချင်စိတ်ပေါက်မိတယ်။ ဒါပေမယ့် မောင်ရယ်!!!! ကျွန်မအသက်ရှင်သန်ကျန်းမာနေအောင် ကြိုးစားနေထိုင်မယ်။ ဆင်ခြေပေးတယ်လို့ ထင်ချင်ထင်ပါ။ ကျွန်မအသက်ရှင်နေထိုင်နေမှ မောင့်ကိုလွမ်းတဲ့စိတ်၊ ဒီလိုအချိန်ရောက်ပြီဆို ကျွန်မအမှားကြောင့် မောင့်ကိုတမလွန်ရောက်အောင်တွန်းပို့ခဲ့မိတဲ့ အပြစ်သား တစ်ယောက်ရဲ့ထိတ်လန့်စိတ်တွေနဲ့ ကျွန်မကိုယ်ကျွန်မ နာကျင်နေအောင် အပြစ်ပေးနေချင်လို့ပါ။

အကယ်၍များ အချိန်တွေနောက်ပြန်ဆုတ်လို့ရမယ်ဆို အဲဒီသင်္ကြန်အတက်နေ့က မောင့်စကားနားထောင်ပြီး လုံလုံခြုံခြုံအဝတ်အစားလေးပြန်လဲခဲ့မိရင် အကောင်းသားလားကွယ်။ “သင်္ကြန်တွင်းဆိုတာ ပြောလို့ရတာမဟုတ်ဘူး။ အမူးသမားတွေပေါကပေါနဲ့။ ချစ်လေးကိုထိရင် မောင်သည်းခံမှာ မဟုတ်ဘူးနော်”ဆိုတဲ့ မောင့်စကားကိုကြားယောင်မိတိုင်း နောင်တတွေတဖွားဖွား ဖြစ်ပေါ်လာပြီး နှလုံးသားဆီက တဆစ်ဆစ်နာကျင်လာရပါတယ် မောင်ရယ် …။ တကယ်လို့များ “နောက်ဘဝဆိုတာရှိခဲ့မယ်ဆိုရင် မောင့်ကိုပြန်လည်တွေ့ဆုံခွင့်ရပါရစေ”ဆိုတဲ့ ဆုတောင်းလေးကတော့ အမြဲတမ်း ဆုတောင်းမိနေဆဲပါ မောင်ရယ်!!!!!


မိုးညချမ်း
1.4.2013 (10:30 p.m)

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...