Saturday, April 21, 2012

လွမ်းလို့

*ဒီနေ့ ငါ ဟာသကားတွေကြည့်ဖြစ်တယ် ချစ်သူ
မင်းကို လွမ်းလို့ပါ …။

*ဒီနေ့ငါသီချင်းတွေနားထောင်ဖြစ်တယ် ချစ်သူ

မင်းကို လွမ်းလို့ပါ …။

*ဒီနေ့ ငါငိုမိတယ် ချစ်သူ

မင်းကို လွမ်းလို့ပါ …။

*ဒီနေ့ ငါအချိန်မှန်အိပ်ဖြစ်တယ် ချစ်သူ

မင်းကို လွမ်းလို့ပါ …။

*ဒီနေ့ ငါအချိန်မှန်စားတယ် ချစ်သူ

မင်းကို လွမ်းလို့ပါ …။

*ပြင်းထန်လွန်းတဲ့ အလွမ်းတွေကို

ဖြေလျော့စေနိုင်ဖို့ ဟာသကားတွေကြည့်

သီချင်းတွေနားထောင်ဖြစ်နေတာ

မင်းကို လွမ်းလွန်းလို့ပါ …။

*ထိန်းထားတဲ့ကြားက

မျက်ရည်တွေ ခဏခဏကျမိနေတာ

မင်းကို လွမ်းလွန်းလို့ပါ …။

*အချိန်မှန်အိပ် အချိန်မှန်စားဖြစ်နေတာ

ငါ့အတွက် စိတ်ပူနေမယ့်

မင်းကို လွမ်းလွန်းလို့ပါ …။

*ဒီနေ့ပေါင်းများစွာကို

ကြိုးစားပြီးဖြတ်သန်းနေရတာ

မင်းကို လွမ်းလွန်းလို့ပါ ချစ်သူရယ် …။

မိုးညချမ်း

21.4.2012 (8း50 a.m)

Thursday, April 19, 2012

ကုန်ဆုံးခဲ့သော သင်္ကြန်ရက်များ

(သင်္ကြန်အကြိုမတိုင်မီတစ်ရက်)


မောင်ရေ ... နက်ဖြန်ဆို သင်္ကြန်ကျပြီ ... မောင်ဘယ်တွေပျောက်နေလည်းဟင် ... ကျွန်မပြောလိုက်တဲ့ စကားတွေအတွက် မောင်စိတ်နာသွားတာလား ... ဒါမှမဟုတ် ကျွန်မကိုမချစ်တော့လို့ မေ့သွားပြီလား ... ဘာပဲပြောပြော မောင်နဲ့ကျွန်မအဆက်အသွယ်မရတဲ့ တစ်လကျော်ကာလဟာ ကျွန်မအတွက်တော့ နှစ်ပေါင်း ရာချီနေသလိုပါပဲလား ... မနှစ်ကဒီလိုအချိန်ဆို မောင်နဲ့ကျွန်မတို့ တရားစခန်းတူတူဝင်ဖို့ တက်ကြွနေတဲ့ အချိန်ပေါ့နော် ... လွမ်းလိုက်တာ မောင်ရယ် ... ကျွန်မ မရည်ရွယ်ပဲပြောလိုက်တဲ့စကားတွေက မောင့်ကို ဒီလောက်တောင် နာကျင်စေခဲ့သလားကွယ် ... ဒီလောက်ထိ ပစ်ပစ်ခါခါစိမ်းစိမ်းကားကား ဖြစ်သွားသည် ထိအောင် မောင့်ကိုပြောမိခဲ့လေသလားကွယ် ...


(သင်္ကြန်အကြိုနေ့)


ဒီနေ့အိမ်မှာ အစ်ကို့ရဲ့မွေးနေ့မို့ ကြာဇံကြော်စားကြတယ် ... အသိမိတ်ဆွေတွေရဲ့အိမ်ကို မေမေကလိုက်ပို့ ခိုင်းတော့ ကျွန်မအပြင်ထွက်ရမှာကို ကြောက်တယ်လို့ အတင်းငြင်းမိတယ် ... မေမေစိတ်ဆိုးသည်ထိကို ကျွန်မငြင်းဆန်မိတယ် ... ဘာလို့လည်းဆိုတာ မောင်သိမှာပါ ... ကျွန်မမောင့်ကိုတစ်ခါပြောပြဖူးတယ်လေ ... သင်္ကြန်မှာကိုယ့်ကိုရေပက်မယ်ဆိုတိုင်း ကိုယ်ကရေပက်ရမယ်ဆိုတိုင်း ဦးဆုံးပက်စေချင်သူ ... ဦးဆုံးပက်မယ့်သူက ကျွန်မချစ်သောသူသာဖြစ်ချင်ခဲ့တာဆိုတဲ့ ငယ်ငယ်လေးကတည်းက ကျွန်မစိတ်ကူး အကျင့်လေးကို မောင့်ကိုပြောပြတော့ မောင်သဘောကျစွာပြုံးခဲ့ဘူးတယ်နော် ... ဒါနဲ့ပဲ ကျွန်မအပြင်ထွက်ရမှာ ကြောက်တယ်ဆိုပေမယ့်လည်း မေမေစိတ်ညစ်သွားမှာစိုးတော့ နောက်ဆုံးကျွန်မမုန့်တွေလိုက်ပို့ပေးဖြစ်ခဲ့ ပါတယ် ... ဒါပေမယ့်အပြင်ကိုမထွက်ခင် ကျွန်မညီမလေးကို အပြေးအလွှားလေးအကူအညီတောင်းလို့ “မမကို ရေပက်ပေးပါလို့” ပြောပြတော့ ကျွန်မအကျင့်ကိုသိနေတဲ့ ညီမလေးကလည်း “မမကလည်းနော်” ဆိုတဲ့စကား လေးနဲ့ပဲ ကျွန်မကိုဦးဆုံးရေပက်သူ ကျွန်မချစ်သော ညီမလေးက ရေဦးဆုံးပက်တာဆိုတဲ့ အတွေးလေးနဲ့ပဲ အပြင်ထွက်လို့မုန့်တွေလိုက်ပို့ခဲ့ရတယ်လေ ... မုန့်တွေလိုက်ပို့ရင်းနဲ့ပဲ ကျွန်မတွေးမိ တာက မနှစ်ကသင်္ကြန် မကျခင်တစ်ရက်မှာ ကျွန်မတို့သူငယ်ချင်းတွေရဲ့ဒုလ္လဘရဟန်းခံပွဲလေးပြီးတော့ ကျန်တဲ့သူငယ်ချင်း အချင်းချင်း ရေပက်ကြတော့ တစ်ခြားသူတွေကျွန်မကို ရေမလောင်းခင် အပြေးအလွှားလေးမောင့်ကို ဆွဲခေါ်လို့ ကျွန်မကို ရေသန့်ဘူးအဖုံးလေးနဲ့ စတိအဖြစ်ရေပက်ပေးဖို့ပြောခဲ့တာရော မောင်သတိရရဲ့လားဟင် ...


(သင်္ကြန်အကျနေ့)


ဒီနေ့သင်္ကြန်အကျနေ့မောင်ရယ် ... အိမ်မှာညီမလေးက သင်္ကြန်သီချင်းတွေဖွင့်လို့ ပျော်မြူးနေတော့ ကျွန်မ ငိုချင်လိုက်တာလေ ... နောက်ထပ်ကျန်တဲ့သင်္ကြန်ရက်တွေကို ဘယ်လိုများဖြတ်ကျော်ရမှာလည်းလို့ တွေးရင်း ကျွန်မငိုမိတယ်မောင်ရယ် ... မနှစ်ကဒီလိုအချိန်ဆိုရင်ဆိုတဲ့ အတွေးတွေနဲ့ကျွန်မအချိန်တိုင်း မျက်ရည်ဝဲနေမိ တယ် ... ထူးထူးခြားခြား မောင်အနားမှာမရှိတဲ့ အချိန်မှာပဲသင်္ကြန်ရက်က များပြီး တာရှည်လွန်းလှပါတယ်ကွာ ... ခွင့်လွှတ်ပါမောင်ရယ် ... ကျွန်မရဲ့မျက်ရည်တွေနဲ့ မောင့်ကိုမချည်နှောင်ချင်ပေမယ့် ကျွန်မထိန်းထား တဲ့ကြားက မျက်ရည်တွေအမြဲကျနေမိလို့ပေါ့ ... ကျွန်မလွမ်းလွန်းလို့ မောင့်ဆီကိုဖုန်းခေါ်လိုက်တယ် ... ကျွန်မ မောင့်ကိုလွမ်းတိုင်းဖုန်းဆက်နေကြကိုး ... မောင့်ဖုန်းကိုခေါ်တိုင်း ဌာနကယာယီပိတ်ထားပါတယ် ဆိုတဲ့အသံကို ကြားခဲ့ရတာ လနဲ့ချီနေပြီ ... ဒီနေ့တော့ ခါတိုင်းလိုမဟုတ်ပဲ ကျွန်မဖုန်းကနံပါတ် ၁ ခလုတ်လေး ကိုနှိပ်လိုက်တာနဲ့ “တူ” ဆိုတဲ့ အသံကိုကြားလိုက်ရတော့ မောင်ရှိနေတယ်ဆိုတဲ့ အတွေးနဲ့ ကျွန်မတစ်ကိုယ် လုံးတစ်ဆတ်ဆတ်တုန်လို့ ဘာလုပ်ရမှန်းမသိဖြစ်ခဲ့ရတယ် မောင် ... ဒါနဲ့ပဲ သူငယ်ချင်းတစ်ယောက်ဆီ ဖုန်းဆက်အကူအညီတောင်းလို့ မောင့်ဖုန်းကိုဆက်ခိုင်းတော့ မောင်ဒီမှာမရှိပါဘူးတဲ့ ... သင်္ကြန်ပြီးမှ ပြန်ရောက် မှာပါတဲ့ ... ကျွန်မလေဝမ်းနည်းဝမ်းသာ ဖြစ်ခဲ့ရတယ် ... ဝမ်းနည်းတာက မောင်နဲ့တူတူသင်္ကြန်ကို မကျော်ဖြတ် ရတော့ဘူးလို့ပေါ့ ... ဝမ်းသာတာကတော့ မောင့်အိမ်က မောင်နဲ့သဘောတူထားတဲ့ကောင်မလေးနဲ့အတူ ရှိနေပေးရတာမဟုတ်ဘူးလို့ပေါ့ မောင်ရယ် ...


(သင်္ကြန်ပထမအကြတ်နေ့)


ဒီနေ့ကျွန်မတို့ ၂ ယောက်လုံးနဲ့ခင်တဲ့ ကျွန်မတို့သူငယ်ချင်းတွေနဲ့ မုန့်လုံးရေပေါ်တွေလုံးပြီး စတုဒီသာကျွေး မယ်ဆိုလို့ ကျွန်မအဲဒီအလှူနေရာလေးကို သွားခဲ့ပါတယ်မောင်ရယ် ... ကျွန်မတစက္ကန့်လောက်ပဲဖြစ်ဖြစ် မောင့်ကိုများ မေ့ပျောက်လေမလားပေါ့ ... ကျွန်မအတွေးတွေမှားသွားတယ် မောင်ရယ် ... ကျွန်မမောင့်ကို ပိုလို့တောင်လွမ်းမိသေးတယ် ... သူငယ်ချင်းတွေကြားထဲမှာ မောင့်ကိုလွမ်းလို့ကျလာမယ့်မျက်ရည်တွေကို မနည်းထိန်းထားရတာ ပင်ပန်းတယ် သိရဲ့လား ... အားလုံးတပျော်တပါးနဲ့ ပျော်နေချိန်မှာ ကျွန်မကြောင့် စိတ်ညစ်မသွားစေချင်ပါဘူးကွယ် ... မုန့်လုံးရေပေါ်တွေ လုံးတဲ့သူကလုံး ... အုန်းသီးခြစ်တဲ့သူကခြစ် ... ထညက်ညှပ်တဲ့သူက ညှပ်နဲ့ ကိုယ်စီအလုပ်တွေလုပ်နေချိန် ... ကျွန်မတစ်ယောက် ယောင်ချာချာနဲ့ပေါ့ မောင် ... အုန်းသီးခြစ်တဲ့နေရာမှာ အုန်းသီးခြစ်ရင်းနဲ့ ထိခိုက်မိတော့ မောင်သာရှိရင် ကျွန်မလက်ကလေးကို တယုတယကိုင်လို့ “နာနေလားဟင်”လို့ အမေးနဲ့စိတ်ပူနေတဲ့ မောင့်မျက်နှာကိုပြေးမြင်မိတော့လေ!!!


ဟင့်အင်း ... လူကြားထဲမှာကျွန်မငိုလို့မဖြစ်ဘူးဆိုတဲ့ ဝေ့တက်လာတဲ့မျက်ရည်တွေကို ပုတ်ခတ်ရင်း မုန့်လုံးရေပေါ်လုံးတဲ့ သူတွေကြားဝင်တိုးလိုက်ပါတယ် ... ကျွန်မဘယ်ကိုပဲ ရှောင်ပြေးရှောင်ပြေး မောင့်အရိပ်က မလွတ်ပါဘူးမောင်ရယ် ... ကျွန်မသိနေပါတယ် ... ဒါပေမယ့် ကိုယ်ကိုတိုင်ရော ဘေးပတ်ဝန်းကျင်က သူငယ်ချင်းတွေကိုရော ကျွန်မညာနေရတယ် ... ကျွန်မဟာမောင့်ကို သတိတရမလွမ်း တတ်သူတစ်ယောက်အဖြစ်ပေါ့ ...


(သင်္ကြန်ဒုတိယအကြတ်နေ့)


ဒီနေ့လည်းသူငယ်ချင်းတွေက ကားနဲ့လည်ကြမယ်လို့ ခေါ်တာနဲ့ ကျွန်မ မငြင်းပဲလိုက်ခဲ့ပါတယ် ... မောင့်ကို အကြောင်းပြချက်ပေးတယ်ပဲ ပြောပြောပါ ... ကျွန်မမောင့်ကိုမေ့ကြည့်ချင်လို့ပါ ... ဒါပေမယ့်မောင်ရယ် ထူးမခြားနားပါပဲ ... ချိန်းထားတဲ့စုရပ်နေရာလေးကို ကားငှားသွားနေရင်းနဲ့ပဲ မောင်သာရှိရင် ကျွန်မကိုလာကြို မှာပဲဆိုတဲ့ အတွေးကစမိပြီပေါ့ ... တစ်မနက်လုံးသူငယ်ချင်းတွေနဲ့ အတူပျော်ချင်ယောင်ဆောင်နေပေမယ့် မောင့်ကိုတစ်စက္ကန့်လေးတောင် မလွတ်အောင်လွမ်းနေရတယ်ဆိုတာ မောင်ယုံနိုင်ပါ့မလား ... နေ့လည်ထမင်းစားနားချိန်တဲ့ မောင်ရယ် ... တိုက်တိုက်ဆိုင်ဆိုင် နားစရာတွေအများကြီးထဲမှာမှ သူငယ်ချင်း တစ်ယောက်ရဲ့မွေးနေ့ပွဲရှိလို့ မောင်နဲ့ချစ်နဲ့အတူလာဖူးတဲ့ နေရာလေးပါပဲ ... အတူထိုင်ဖူးတဲ့ စားပွဲဝိုင်းပါပဲ မောင်ရယ် ... ကျွန်မလေ အခြားသူတွေမရိပ်မိအောင် မျက်ရည်တွေကျမလာအောင် ထိန်းနိုင်ခဲ့ပေမယ့် ရင်ထဲမှာတော့ နာကျင်နေတယ် သိရဲ့လားမောင် ... ကျွန်မကိုယ် ကျွန်မလည်း သိလိုက်ပါတယ် ... ကျွန်မ အတော်ဟန်ဆောင်ကောင်းနေပြီပဲလို့ပေါ့ ...


(သင်္ကြန်အတက်နေ့)


ဒီနေ့တော့ နှစ်တစ်နှစ်ရဲ့နောက်ဆုံးနေ့ပါပဲ မောင် ... နက်ဖြန်ဆိုနှစ်သစ်ရောက်ပြီလေ ... ဒီနေ့တော့ ကျွန်မ အပြင်မထွက်ဖြစ်တော့ပါဘူး ... အပြင်လည်း မထွက်ချင်တော့ဘူး ... ကျွန်မညီမလေးက သူ့သူငယ်ချင်းတွေနဲ့ လည်ဖို့ ကျွန်မကိုခေါ်ပေမယ့် လိုက်ချင်စိတ်မရှိတော့ပါဘူး ... ညီမလေးနဲ့အဖော်ရအောင် မလိုက်သွားလို့ မေမေတို့ဆူလည်း ဆူပါစေတော့မောင်ရယ် ... ဒီနေ့တော့ ကျွန်မဟန်ဆောင်ခြင်းကင်းစွာနဲ့ မောင့်ကိုလွမ်းပါရစေ ... တစ်နေကုန်ပါပဲ မောင်ရယ် ... မောင့်အကြောင်းတွေ အချိန်တိုင်းတွေးလို့ ငိုလိုက် တိတ်လိုက်ပါပဲ ... ညနေစောင်းတော့ ကျွန်မစိတ်ပြေလက်ပျောက်ဝရံတာထွက်ပြီး အများသူငါတွေ ပျော်နေကြတာ ကြည့်မိတယ် ... အိမ်နားက မဏ္ဍပ်ကလည်း မြူးကြွနေတဲ့သင်္ကြန်သီချင်းတွေကို အကျယ်ကြီးအဆက်မပြတ်ဖွင့်နေတဲ့ ကြားထဲက ဘေးအိမ်က “ဘယ်သူမှ မလိုပါဘူး ငါ့ရဲ့ဘေးမှာ မင်းရှိနေရုံ ပြီးပြည့်စုံတဲ့ ငါ့ကမ္ဘာ”ဆိုတဲ့ သီချင်းတိုးတိုးလေးကို ကြားလိုက်ရတော့ ကျွန်မ ရှိုက်ကြီးတငင်ငိုမိလိုက်ပြီ မောင်ရယ် ... ကျွန်မမတ်တပ်မရပ်နိုင် တော့လောက်အောင် အင်အားမရှိတော့သလိုပါပဲ ... ဒါနဲ့ပဲကွန်ပျူတာရှေ့ထိုင်လို့ ကျွန်မတို့သူငယ်ချင်း ၂ ယောက်ရဲ့စေ့စပ်ပွဲနေ့တုန်းက ပုံလေးတွေကိုကြည့်ရင်း အဲဒီနေ့က မောင်ကျွန်မကို ချစ်ခြင်းတွေပြည့်နေတဲ့ မျက်နှာ၊ အပြုံးတွေနဲ့ မုန့်ခွံ့ကျွေး နေတဲ့ပုံလေးကိုကြည့်ရင်း ကျွန်မနှလုံးသားတွေကွဲကြေကုန်ပါပြီ မောင်ရယ် ... ကျွန်မအနားမှာ မေမေတို့ ထိုင်နေပေမယ့်လည်း ကျွန်မမျက်ရည်တွေကို ထိန်းမထားနိုင်ခဲ့ပါဘူး ... မောင်နဲ့ကျွန်မတို့ရဲ့အမှတ်တရ ပုံရိပ်တွေကိုကြည့်ရင်း ကျွန်မလေ မောင့်ကိုတွေ့ချင်လိုက်တာ မောင်ရယ် ... ဖုန်းနဲ့ပဲဖြစ်ဖြစ် အဆက်အသွယ်ရချင်လိုက်တာ ... ကျွန်မမောင့်ကိုဘယ်လောက်လွမ်းနေရတယ်ဆိုတဲ့ အကြောင်းတွေ ပြောပြချင်လိုက်တာ ... မောင်ကျွန်မဆီ ပြန်လာအုံးမှာလား အရင်လိုပဲ မောင့်ရဲ့ကြင်နာယုယမှု တွေကြားမှာ ကြည်နူးနေခွင့်ရအုံးမှာလား ... ကျွန်မကိုအပြီးအပိုင်စွန့်ခွာသွားပြီလားဆိုတဲ့ အတွေးပေါင်း မြောက်များစွာနဲ့ ကျွန်မမျက်ရည်တွေကျဆင်းရင်းနဲ့ပဲ ....................................


မိုးညချမ်း

16.4.2012 (5.00 p.m)

Monday, April 9, 2012

ကလေးလေးရဲ့ စာစီစာကုံး

ဒီနေ့ကလေး နိုးထလာမိတဲ့အချိန် ... ပထမဦးဆုံး ကြားလိုက်တာ ငိုသံတစ်ခု … သေချာနားထောင်ကြည့် လိုက်တော့ ကလေးရဲ့မေမေငိုသံပါ … ကလေးမှာ အမည်နာမ မရှိသေးပါဘူး … မွေးနေ့အတိအကျလည်း မသိပါဘူး … ခုထိကလေးက မေမေ့ရဲ့ဗိုက်ထဲမှာလေ … … ဒါပေမယ့် ခံစားတတ်နေပါပြီ … မေမေက အမြတ်တနိုးနဲ့“ကလေး”လို့ ခေါ်ပြီး စကားတွေပြောတိုင်း မေမေ့ရဲ့နွေးထွေးမှုအချစ်တွေကို ကလေးခံစားလို့ရပါတယ် … ဒီနေ့ ကလေးနိုးထတဲ့အချိန်မှာပဲ မေမေ့ရဲ့ ရှိုက်ငိုသံကို ကြားလိုက်ရပါတယ် … ကလေးအရမ်းခံစားရပါတယ် … ကလေးမေမေငိုတာကို မမြင်ချင်ပါဘူး … မေမေဟာလူတွေကို လွယ်လွယ်ယုံကြည်တတ်သူလို့ ကလေးခံစားမိလိုက်ပါတယ် … ဘာလို့လည်းဆိုတော့ မေမေရဲ့ငိုရှိုက်သံ တွေရဲ့ကြားထဲက ကလေးရဲ့ဖေဖေလို့ခေါ်ရမယ့်သူကို ဖုန်းဆက်နေသံတွေ ကလေးကြားမိလို့ပါ … ကလေးရဲ့ ဖြစ်တည်နေမှုကို မေမေက အဲဒီဖေဖေဆိုတဲ့သူကို ပြောပြနေသံတွေ ကလေးကြားနေရပါတယ် … တစ်ဖက်က ကလေးရဲ့ဖေဖေဆိုသူ ဘာတွေပြောလည်းတော့ မသိပါဘူး … ဖုန်းပြောနေချိန်ရော ပြောပြီးချိန်မှာပါ မေမေ့ရဲ့ သနားစဖွယ်ငိုရှိုက်သံနဲ့အတူ ကလေးလည်း ငိုမိနေပါတယ် … ကလေးသိပ်ချစ်ရတဲ့ မေမေကို အပြုံးတွေနဲ့ပဲ ပျော်နေစေချင်ပါတယ် …


နောက်တစ်ရက်မှာ မေမေနဲ့ ကလေးရဲ့ဖေဖေဆိုသူတို့ ညနေပိုင်းဘုရားမှာတွေ့ပြီးစကားပြောကြမယ်ဆိုတဲ့ ချိန်းဆိုမှုကို ကလေးကြားလိုက်ရပါတယ် … မေမေအဆင်ပြေပါစေဆိုတဲ့ ဆုတောင်းခြင်းတွေအပြည့်နဲ့ပါ … ညနေစောင်းတော့ မေမေနဲ့ကလေးရဲ့ဖေဖေဆိုသူတို့ ပြောနေကြတာတွေကို ကြားရတော့ ကလေးမေမေ့ကို ပိုချစ်မိသနားမိခဲ့ပါတယ် … “ဒီကလေးကိုယူဖို့ မောင်တို့မှအဆင်မပြေသေးတာပဲ ချစ်ရယ် … မောင် အဆင်သင့်မဖြစ်သေးဘူးကွ … မောင့်မိသားစုမှာ မောင်တစ်ယောက်တည်းရှိတာလေ … မောင်သူတို့ကို ဥပေက္ခာပြုခဲ့လို့ မရဘူး … ချစ် ဒီကလေးကိုမယူပါနဲ့ကွာ”တဲ့ … ကလေးဖေဖေရဲ့ပြောတဲ့စကား … ငိုသံ၊ ကလေးရဲ့မေမေရှိုက်ကြီးတငင်ငိုနေပါပြီ … ငိုသံတွေကြားထဲကပဲ မေမေက“မောင် … မောင်နဲ့ပတ်သက်သမျှ အသေးအမွှားပစ္စည်းလေးကအစ ချစ်ဘယ်လောက်နှမြောတတ်ခဲ့လည်း မောင်သိပါတယ် … ခုဟာက ကလေး တစ်ယောက်ရဲ့အသက်လေ မောင်ရယ် … မောင်နဲ့ချစ်တို့ရဲ့ ရတနာလေးပါ မောင်ရယ် … ချစ်တို့ အတူနေကြရဖို့ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုနဲ့ ဒီမျှော်လင့်ချက် လေးကို ဖန်တီးဖြစ်ခဲ့ကြတာ မဟုတ်ဘူးလားဟင် … ခုကျမှ ဘယ်လိုဖြစ်လို့ မောင်ဒီကလေးကို ဖျက်ဖို့ပြောရတာလည်းဟင် … မောင် ချစ်နဲ့လိုက်ပြီး မစွန့်စားရဲပေမယ့် ချစ်ကတော့ ဒီကလေးကိုလုံးဝမဖျက်ဘူး … ချစ်တို့ထာဝရနှုတ်ဆက်ကြတာပေါ့” တဲ့ …


မေမေ …. ကလေးရဲ့မေမေ … မေမေ့ရင်ထဲမှာ ဘယ်လောက်များကြေကွဲနေမလည်းဟင် … သူဘယ်လောက် စိတ်ဆင်းရဲနေပါစေ … ကလေးအာဟာရဖြစ်စေဖို့ ကလေးကျန်းမာစေဖို့ ကြိတ်မှိတ်စားနေတဲ့ မေမေ … မေမေအချိန်တိုင်းငိုနေရသလိုပဲ ကလေးလည်းထပ်တူပါပဲ မေမေရယ် … (၂)ရက်လောက်ကြာတော့ ကလေးရဲ့ဖေဖေဆိုသူက မေမေနဲ့အတူ အဝေးကြီးကိုထွက်သွားမယ်ဆိုတဲ့ ကတိတစ်ခုကို ရလိုက်တယ်ထင်ပါရဲ့ … မေမေနဲ့ကလေးရဲ့ဖေဖေတို့ ရှေ့ရေးတွေတိုင်ပင်နေကြတာ ကလေးကြားမိ လိုက်ပါ သေးတယ် … သိပ်မကြာပါဘူး … တစ်ညအိပ်အချိန်လေးအတွက် မေမေဘယ်လောက်များ ပျော်ခဲ့လည်းဆိုတာ ကလေးခံစားလို့ရပါတယ် … နောက်တစ်နေ့မနက်မိုးလင်းတော့ ထုံးစံအတိုင်းမေမေ့ရဲ့ငိုသံလေးကို ကြားမိ လိုက်ပြန်ပါတယ် … ကလေးရဲ့ဖေဖေဆိုသူက “မောင် ဘယ်လိုပဲ စဉ်းစားစဉ်းစား အဆင်မပြေဘူး ချစ်ရယ် … ကလေးကိုမယူပါနဲ့”တဲ့ … ကလေး မေမေ့ကိုနှစ်သိမ့်ပေးချင်လိုက်တာ … ဘာလုပ်ပေးရမှန်းကို မသိခဲ့ပါဘူး မေမေရယ် … မေမေရဲ့ငိုသံတွေကြားက စကားတစ်ခွန်းကို ကြားတော့ ကလေးအရမ်းလန့်သွားခဲ့တယ် … “စိတ်ချပါ မောင်ရယ် … မောင်ဘယ်လိုမှအဆင်မပြေလည်း မောင့်သဘောအတိုင်း ဒီကလေးကို ဖျက်ပေးပါ့မယ်တဲ့” … ဟင့်အင်း မေမေ … မေမေအဲဒီလိုဆုံးဖြတ်မှာ ကလေးမလိုချင်ဘူး … မေမေကပြောလိုက်တဲ့ စကားအတိုင်း တစ်ကယ်မလုပ်ဘူးဆိုတာ ကလေးသိတယ် … မေမေအတွေးကတစ်မျိုးဆိုတာ ကလေးခံစား လို့ရနေတယ် … မလုပ်ပါနဲ့ မေမေရယ် … ကလေးချစ်တဲ့မေမေ့ကို အတိုင်းထက်အလွန်မဆုံးရှုံးစေချင်ပါဘူး …


ခဏကြာတော့ မေမေဆေးဘူးလေးတစ်ဘူးကိုဖွင့်သံ … ဆေးတွေကိုထုတ်နေသံကြားတော့ … မဖြစ်ဘူး မေမေ … မဖြစ်ဘူး … မေမေ ကလေးနဲ့တူတူလိုက်ခဲ့ဖို့မလိုပါဘူး မေမေရယ် … ကလေးရဲ့မေမေကို ချစ်တဲ့မိသားစုတွေ … သူငယ်ချင်းတွေ … ကလေးမေမေ့ကို လိုအပ်နေသူတွေအတွက် မေမေရှိနေအုံးမှ ရမှာလေ … မလိုက်ခဲ့ပါနဲ့ မေမေရယ် … ကလေးသာ အခွင့်ရှိမယ်ဆိုရင် မေမေ့ဆီနောက်တစ်ခေါက်ပြန်လာ ချင်ပါသေးတယ် … ပြန်လာပါရစေဆိုတဲ့ ဆုတောင်းလေးမဆုံးခင် … “မှောင်သွားတယ် … ကလေးကြောက်တယ် … အမှောင်ကြီးထဲ ရောက်သွားပြီ … ကလေးအရမ်းကြောက်လို့ပါ မေမေ … မေမေရေ …”


မိုးညချမ်း

9.4.2012 (3:10 p.m)

အေးစက်ခြင်း

*ဟိုအဝေးကိုငေးရင်း ငါပြုံးမိတယ် ချစ်သူ


မင်းနဲ့ ငါ့ရဲ့အမှတ်တရတွေတွေးမိလို့ပေါ့ …။


*ဟိုအဝေးကိုငေးရင်း ငိုမိတယ် ချစ်သူ


မင်းကိုလွမ်းမိလို့ပေါ့ …။


*မင်း ငါ့အနားမှာ ရှိနေခဲ့တုန်းကလည်း


ငါကျေနပ်မှုအတိနဲ့ ပျော်ရွှင်ခဲ့ဘူးတယ် …။


*မင်း ငါ့အနားကနေ ထွက်ခွာသွားတော့လည်း


အမှတ်တရတွေနဲ့ ကြိုးစားပြီး ပျော်ရွှင်အောင်နေတယ်…။


*ဒါပေမယ့်ချစ်သူရယ်


မင်းအနားမှာရှိတဲ့အချိန် နွေးထွေးစွာပျော်ရွှင်ရပေမယ့်


အနားမှာမင်းမရှိတော့ အေးစက်စွာပျော်ရွှင်နေရပါတယ်…။



မိုးညချမ်း

9.4.2012, 2:05 p.m

Friday, March 2, 2012

လွမ်းတယ်

- အရင်တုန်းက ဘယ်သွားသွား ဘာလုပ်လုပ ်ဘာစားစား


မင်းနဲ့တူတူဆိုတော့ အချိန်တွေတောင် မေ့လို့


အပျော်ကြီးပျော်ခဲ့တယ် ..


မနက်ဖြန်တွေအားလုံးဟာ အဓိပ္ပါယ်များစွာ


မျှော်လင့်ချက်များစွာနဲ့ အရာအားလုံးနဲ့လဲလို့


ငါသေလောက်အောင်ပျော်ရွှင်ခဲ့ရတယ် ..


- ခုတော့ ငါဘာလုပ်လုပ် ဘယ်သွားသွား ဘာစားစား


တစ်ယောက်တည်းပဲဖြစ်နေလို့


အရာအားလုံးဟာ ခြောက်ကပ်ကပ်နဲ့


မနက်ဖြန်တိုင်းဟာ ငါ့အတွက် အဓိပ္ပါယ်လုံးဝမရှိ


မျှော်လင့်ချက်တွေပျောက်ဆုံးလို့


ဆက်လက်မရှင်သန်ချင်တော့ဘူး .........


- တစ်ကယ်လို့ တစ်ကယ်လို့များ


ငါ့ရဲ့မင်းကိုလိုအပ်မှု


မင်းကိုအားကိုးချင်မိတဲ့


မင်းနဲ့အချိန်တိုင်းအတူရှိနေချင်မိတဲ့


ငါ့ရဲ့ရပ်တည်မှုတွေအားလုံးဟာ


မင်းအတွက် အနှောက်အယှက်


တစ်စိုးတစ်စဉ်းမျှဖြစ်ခဲ့မယ်ဆိုရင်


မင်းရဲထာဝရချစ်သူအဖြစ်က


ငါရင်အကွဲခံပြီး


ထာဝရနှုတ်ထွက်ပေးပါ့မယ်


ချစ်သူ ...............


မိုးညချမ်း (သူရဲလေးကောင်)


22.7.2011 ...... 9.30 AM

ပီတိမွေးနေ့ပွဲလေးနဲ့ တန်ပြန်မေတ္တာ

ဒီနေ့ ... ကျွန်မ အလွန်ရင်ခုန်စွာ မျှော်လင့်စောင့်စားခဲ့ရတဲ့ ဒီနေ့လေး ရောက်လာခဲ့ပါပြီ ... ပြီးခဲ့တဲ့ တစ်လလုံး စိတ်ကူးယဉ်ထားသမျှ အကောင်အထည်ဖော်နိုင်ခဲ့တဲ့ ဒီနေ့လေးပါ ...


ဒီနေ့ဆိုတာကတော့ ကျွန်မတို့ ဇူလိုင်ဖွားမောင်နှမ (၈)ယောက်ဖြစ်တဲ့ (၁)ကိုကျော်သူအောင်-ခေတ္တစင်္ကာပူ (၂)ကိုတေဇာကျော်- ခေတ္တစင်္ကာပူ (၃)မနုနုလှိုင်- ခေတ္တစင်္ကာပူ (၄)မမီမီသောင်းထိုက်- ခေတ္တစင်္ကာပူ (၅)ကိုဝင်းတင့် (၆)မဝါ၀ါနု (၇)မမိုးညချမ်း@မယဉ်ငြိမ်းပိုင် (၈)မောင်အောင်စစ်ပိုင် တို့ မတည်ပြီး အခြားအလှူရှင်များမှ လှူဒါန်းဖွယ်ပစ္စည်းများ၊ အလှူငွေများဖြင့် စုစုပေါင်း လှူဒါန်းငွေကျပ် တစ်ဆယ့်နှစ်သိန်းကျော်တို့ရဲ့ ပံ့ပိုးစုပေါင်းလှူဒါန်းမှုလေးလုပ်မယ့် (၃၁.၇.၂၀၁၁)ရက်နေ့ လေးပါ .....


ကျွန်မတို့တွေသွားရောက်စုပေါင်းလှူဒါန်းမှုပြုလုပ်မယ့်နေရာလေးကတော့ ကျွန်မတို့မောင်နှမတွေ မကြာခဏ သွားရောက်နေကြ ဖြစ်တဲ့ လှည်းကူးမြို့နယ်မှာရှိတဲ့ မရမ်းချောင်းအနာကြီးရောဂါသည် ကျေးရွာလေးဖြစ်ပါတယ်.... ပြီးခဲ့တဲ့ ၂၉.၇.၂၀၁၁ ရက်နေ့က ကျွန်မရဲ့မွေးနေ့လေးပါ ... ကျွန်မမွေးနေ့လေးကတည်းက (၃၁.၇.၂၀၁၁)နေ့အတွက် စျေးဝယ်ခြင်းနှင့် တစ်ခြားလိုအပ်တာတွေအတွက် ကြိုတင်ပြင်ဆင်ရင်းနဲ့ အလှူနေ့လေးအမြန်ရောက်ဖို့ပဲ စိတ်လောနေမိပါတော့တယ် ...


ခုတော့ ကျွန်မရင်ခုန်မျှော်လင့်နေခဲ့တဲ့နေ့လေးရောက်လာပါပြီ ... မနက် (၅းဝ၀)လောက်မှာ ကျွန်မ ဘယ်လိုမှဆက်အိပ်လို့မရတော့တာနဲ့ ကွန်ပျူတာရှေ့ထိုင်ပြီး ကျွန်မတို့ရဲ့ STA အဖွဲ့လေးနဲ့အတူ မရမ်းချောင်းကျေးရွာကို သွားခဲ့ဖူးစဉ်က ဂေဟာမှ အဘိုးအဘွားတွေနဲ့အတူ ကခဲ့ဘူးတဲ့ ပုံလေးတွေ ... ဗွီဒီယိုလေးတွေကို ကြည့်မဝဖြစ်နေရပြန်ပြီပေါ့ ... မနက် (ရးဝ၀)လောက်မှာတော့ အဝေ(ဝေယံမင်း)နဲ့ ကိုဖိုးလမင်းတို့ ကျွန်မအိမ်ကိုရောက်လာပါတယ် .. ဒါနဲ့ ကျွန်မလည်း ရေမိုးချိုး အဝတ်အစားလဲ လိုအပ်တာလေး ခဏထွက်ဝယ်ကြရင်း ကျွန်မတို့ အလှူခရီးစဉ်လေးကို လိုက်ပါ ပို့ဆောင်ပေးမယ့် BM ကားလေးကို စောင့်ကြရတာပေါ့ ...


ဟော ... မနက် (၈းဝ၀)ထိုးနေပါပြီ ... ကျွန်မ စိတ်တွေပူလှပြီ .. ကျန်တဲ့ သူတွေနဲ့ မနက် (၈း၃၀) လောက် မြေနီကုန်းရွှေမန်းရုပ်ရှင်ရုံရှေ့မှာ ချိန်းထားတာ ခုထိ ကားက မရောက်လာသေးဘူးလေ .... မနက် (၈း၁၅)လောက်မှာတော့ နာရီစင်နားမှာ ရပ်ထားတဲ့ BM ကားလေးတစ်စီးကို သွားမေးတော့မှ သူ (ရး၃၅)လောက်ကတည်းက ရောက်နေတာတဲ့ ... ကဲ .. ကျွန်မတို့ရဲ့မလွဲမနေရထုံးစံအတိုင်း စလွဲလိုက်ပုံများ ....


ကားရောက်ပြီဆိုတာနဲ့ ကျွန်မအိမ်မှာထား ထားတဲ့ အလှူပစ္စည်းတွေကို ကားပေါ်တင်ပြီး မြေနီကုန်း စုရပ်လေးကို ထွက်လာလိုက်ပါတယ် .... စုရပ်(၁)နေရာလေးကိုရောက်တော့ စင်္ကာပူက မွေးနေ့ရှင် ကိုကျော်သူအောင်ရဲ့ ညီလေး(၂)ယောက်၊ ကိုဝေလင်းဦး၊ ကိုညီ၊ နောင်ရိုး၊ သိင်္ဂီ၊ မမေသဲတို့က ရောက်နှင့်နေကြပြီပေါ့ ..... ဒါနဲ့သူတို့တွေကားပေါ်တက်နေတဲ့အချိန်မှာပဲ မွေးနေ့ရှင် တစ်ယောက်ဖြစ်တဲ့ မဝါ၀ါနုဆီက ဖုန်းဝင်လာပါတယ် .. သူဘယ်လိုမှနေမကောင်းတာနဲ့ လိုက်လို့မရတော့ဘူးတဲ့ ... သူမလိုက်နိုင်တော့တဲ့အတွက် သူယူလာပေးမယ့် တာမွေ 77 Cake မှာ မှာထားတဲ့ ကျွန်မတို့ရဲ့မွေးနေ့ကိတ်ကို ကျွန်မတို့လာယူမှပဲ အဆင်ပြေတော့မယ်လို့ ပြောလိုက်တော့ .. ကျွန်မတို့တွေ ကိတ်သွားယူဖို့ အနီးဆုံးလူကို စဉ်းစားကြရပြန်ပါတယ် .. တာမွေဘက်က လာမယ့် ကိုဖိုးသောကြာဆီ ဖုန်းခေါ်တော့ “ဆက်သွယ်မှုဧရိယာပြင်ပ” တဲ့ ... ဆက်တိုက်ခေါ်တာတောင် ဘယ်လိုမှမရတော့ .. စိတ်လျှော့ပြီး သွားယူမလို့ စဉ်းစားနေတုန်း .. ကျွန်မရဲ့အချစ်ရဆုံး သရဲမမတွေထဲက တစ်ယောက်ဖြစ်တဲ့ မမစနိုးကို သတိရလိုက်ပါတယ် .. ဒါနဲ့ ကမန်းကတမ်း မမစနိုးဆီဖုန်းဆက် ... “မမ ညလေးတို့ မွေးနေ့ကိတ်လေးကို ယူလာပေးပါနော်” ဆိုပြီး အကျိုးအကြောင်းပြောပြပြီး ချွဲလိုက်တော့ . ကျွန်မကို ချစ်တဲ့ မမစနိုးကလည်း “အေး အေး ညလေး မမယူလာပေးမယ်နော်” တဲ့ .. ချစ်ဖို့ကောင်းလိုက်တဲ့ မမချနိုးလို့တွေးပြီး စုရပ်(၁)ဖြစ်တဲ့ မြေနီကုန်းရွှေမန်းရုပ်ရှင်ရုံရှေ့မှာပဲ ကားကိုခဏစောင့်ခိုင်းထားပြီး City Mart မှာ ကားပေါ်မှာလိုက်ပါ လာတဲ့ မောင်နှမတွေစားဖို့ အဝေ(ဝေယံမင်း)ရယ် .. ကျွန်မရယ် .. သိင်္ဂီနဲ့ မောင်လေးနောင်ရိုး တို့တွေ မုန့်သွားဝယ်ကြပြန်ပါတယ် ....


မုန့်ဝယ်ပြီးပြန်အထွက်လာမှာ မနက် (၉း၂၅)ရှိနေပါပြီ ... ဒါနဲ့ ကိတ်မုန့်ယူလာပေးမယ့် မမစနိုးဆီကို ဖုန်းလှမ်းဆက်ပါအုံးဆိုတော့ အဝေ(ဝေယံမင်း)က ဖုန်းလှမ်းဆက်ပြောနေတုန်း ကျွန်မနဲ့ သိင်္ဂီတို့လည်း စကားတပြောပြောနဲ့ ကားဆီကို ခပ်သုပ်သုပ် လျှောက်လာကြပါတယ် ... ကားပေါ်က မောင်နှမတွေကိုလည်း စောင့်ရတာ ကြာနေလောက်ပြီမို့ အားနာလှပြီလေ ... ဒါနဲ့ ကားနားရောက်တော့ မွေးနေ့ရှင်တစ်ဦးဖြစ်သူ ကိုဝင်းတင့်တို့ ကားရောက် နေတာတွေ့လို့ သွားပြီးနှုတ်ဆက် စကားပြောနေတုန်း အဝေ(ဝေယံမင်း)က မမစနိုး(၈)မိုင်ရောက် နေပြီလို့ပြောတယ်ဆိုတာနဲ့ပဲ ကျွန်မတို့ တွေ မြေနီကုန်းစုရပ်(၁)ကနေ စုရပ်(၂)ဖြစ်တဲ့ (၈)မိုင် သမားတော်ဆေးခန်းရှေ့ကို ထွက်လာလိုက်ကြပါတယ် .. (၈)မိုင်ရောက်တော့ မနက် (၁ဝးဝ၀)ထိုးနေပါပြီ ... ဒါနဲ့ (၈)မိုင်မှာ အလှူရှင်တစ်ချို့လှူထားတဲ့ အဝတ်အစားထုပ်ကို ဝင်ယူ .. မောင်နှမတွေစားဖို့ ဒန်ပေါက်ထုပ်တွေ ရေသန့်ဘူးတွေဝယ်နဲ့ အလုပ်ရှုပ်သွားတုန်း မမစနိုးဆီက ဖုန်းဝင်လာပါတယ် ... “ညလေး .. ဘယ်မှာလည်းတဲ့ ..” မမ ညလေးတို့ (၈)မိုင်မှာလေ ... မမ ဘယ်ကိုသွားနေတာလည်း” လို့ မေးနေတုန်း ဖုန်းကလည်းကျသွားပါတယ် .. ကျွန်မဖုန်းပြန်ခေါ်တော့ မအားသေးဘူးဆိုတာနဲ့ ကျန်တဲ့လိုက်ပါလာတဲ့ မောင်နှမတွေနဲ့စကားပြောနေတုန်းမှာ ကျွန်မရဲ့ ချစ်ဆုံးသရဲမမတွေထဲက မမဖြူစင်က “ညလေး ... ခုနက အဝေဖုန်းဆက်တာ မမဆီကိုနော် .. စနိုးကို မဟုတ်ဘူး ... စနိုးက မြေနီကုန်းမှာ ကားကို မတွေ့လို့ မမဆီဖုန်းဆက်တော့ ကားက(၈)မိုင် ရောက်နေပြီဆိုတာနဲ့ ခုမှကားငှားလာမှာ”တဲ့ .. ကဲ .. လွဲပြန်ပါပြီ ... ကျွန်မက ကျွန်မဖုန်းထဲမှာ သရဲမမတွေကို နာမည်တွေနဲ့ မှတ်ထားတာ မဟုတ်ဘူး .. Ghost(1)မမ .. Ghost(2)မမ ... Ghost(3)မမ ဆိုပြီး မှတ်ထားတာဆိုတော့ ကျန်တဲ့သူတွေက နံပါတ်အစဉ်လိုက်ဘယ်သိပါ့မလည်း .. အဲဒီတော့ အဝေလည်း ဖုန်းမှားခေါ်လိုက်ပြီး မမဖြူစင်နဲ့ မမစနိုးမှားပြီး (၈)မိုင်ရောက်နေပြီလို့ သူက ပြောမိလိုက်တာကိုး .. ဒုတိယတစ်ခေါက်ထပ်လွဲပြန်ပြီပေ့ါ ... ဒါနဲ့ပဲ မမစနိုးရယ် .. နောက်ထပ် လိုက်ပါချင်တဲ့ မောင်လေးသက်နိုင်ဦး၊ မောင်လေးရိုးရာ၊ နတ်သား၊ ကျော်ကျော်တို့ကို စောင့်ပြီး မနက်(၁၁းဝ၀)ထိုးတော့မှပဲ ကျွန်မတို့ရဲမွေးနေ့ခရီးစဉ်လေးကို စတင်ခဲ့ကြရပါတော့တယ် ...


ကျွန်မတို့ရဲ့ အလှူခရီးစဉ်လေးကို (၁)ကိုဗေဒါဇော် (၂)အဝေ(ဝေယံမင်း) (၃)ကိုဝေလင်းဦး (၄)ကိုညီ (၅)မမေသဲ (၆)သိင်္ဂီ (၇)ညီမလေးဇလပ်ဖြူ (၈)မချစ်နှင်းဆီ (၉)မောင်လေးနောနော် (၁၀)မောင်လေးအောင်စစ်ပိုင် (၁၁)မောင်လေးနောင်ရိုး (၁၂)ကိုဝဏ္ဏစိုး (၁၃)မမစနိုး (၁၄)မမဖြူစင် (၁၅)ကိုစိမ်းမောင် (၁၆)ကိုဖိုးလမင်း (၁၇)မောင်လေးကျော်စွာ (၁၈)မောင်လေး (၁၉)ကိုမာန်ကြီး (၂၀)မောင်လေးသက်နိုင်ဦး (၂၁)မောင်လေးကျော် (၂၂)Forever Volunteer Group မှ မောင်လေး(၃)ဦး (၂၃)ကိုဝင်းတင့် (၂၄)မသူဇာနေဝင်း (၂၅)မွေးနေ့ရှင်ကိုဝင်းတင့်၏ သူငယ်ချင်း(၃)ဦး၊ (၂၆)ကျော်ကျော် (၂၇)ရိုးရာ (၂၈)နတ်သားနှင့် (၂၉)မိုးညတို့ မောင်နှမ အားလုံးစုစုပေါင်း(၃၃)ယောက် လိုက်ပါဖြစ်ခဲ့ကြပါတယ် .... ကားကတော့ ငှားထားတဲ့ BM ကားလေးရယ် ... အစ်ကိုတစ်ယောက်ရဲ့ Light Ace ကားလေးရယ်နဲ့ စုစုပေါင်း ကား(၂)စီးနဲ့ပေါ့ .....


အလှူပြုလုပ်မယ့် မရမ်းချောင်းကျေးရွာလေးကို သွားတဲ့လမ်းခရီးတောက်လျှောက် ကျွန်မတို့ မောင်နှမတွေအားလုံး ပျော်ပျော်ရွှင်ရွှင်စကားတပြောပြောနဲ့ လိုက်ပါလာကြပါတယ် ... လမ်းတစ်ဝက် လောက်အရောက်မှာတော့ ကျွန်မရဲ့နေမကောင်းခြင်းတန်ခိုးတွေ အစွမ်းပြလာပါပြီ .. ကားဆောင့်တဲ့ ဒဏ်ကြောင့် ကျွန်မခါးတွေနာလာပြီလေ .... လွန်ခဲ့တဲ့ (၃)ရက်လောက်က ခါးတော်တော်နာနေလို့ ဆေးခန်းသွားပြတော့ Ultrasound ရိုက်ပြီးထွက်လာတဲ့ အဖြေက အသည်းကြီးနေတယ် .. လေးငါးရက်လောက် မလှုပ်မရှားဘဲ အနားယူပါ ....... ခရီးကြမ်းသွားလို့မရဘူးတဲ့ ... ကျွန်မလည်း မွေးနေ့ခရီးစဉ်လေးမလိုက်ရမှာစိုးလို့ အဝေ(ဝေယံမင်း)ကလွဲလို့ ဘယ်သူ့မှ အသိမပေးခဲ့ဘူးလေ ..... ခုတော့ ရောဂါအနှောင့်အယှက်က ဝင်လာပါပြီ ... စိတ်ထဲမှာ မကြည်မလင်နဲ့ဖြစ်နေပေမယ့် ကျန်တဲ့မောင်နှမတွေ စိတ်ထဲအနှောက်အယှက်ဖြစ်မှာစိုးလို့ ကျွန်မနဲ့အဝေတို့က ကားမူးလို့ဆိုတဲ့ အဖြေပဲပြန်ဖြေဖြစ်ခဲ့ပါတယ် ...


မနက် (၁၂းဝ၀)ကျော်ကျော်လောက်မှာတော့ မရမ်းချောင်းကျေးရွာလေးကို ရောက်ရှိလာပါပြီ ..... ဒီနေ့ မတိုင်ခင် ပြီးခဲ့တဲ့ (၂၃.၇.၂၀၁၁)ရက်နေ့က ၀ါဆိုသင်္ကန်းကပ်အလှူလေးလာလုပ်တဲ့ အခြားအဖွဲ့နဲ့အတူလိုက်ပြီး “နောက်တစ်ပတ်မှာ အဘိုးအဘွားတို့နဲ့အတူ သမီးတို့မောင်နှမတွေ မွေးနေ့ပွဲလေးလာလုပ်မှာနော်” ဆိုတဲ့ ကျွန်မစကားကြောင့် အပြင်မှာထွက်စောင့်နေတဲ့ အဘိုးအဘွား တွေကိုမြင်ရတော့ ဝမ်းသာလိုက်တာလေ .... ကျွန်မရင်ထဲ ပီတီတွေအများကြီးစတင်စားသုံး လိုက်ရ ပါတယ် ... ဒါနဲ့ ကျွန်မတို့ရဲ့ လှူဖွယ်ပစ္စည်းတွေနေရာချ ... ပါလာတဲ့ မောင်နှမတွေက ၀ိုင်းဝန်းပြီး (၁၁၃)ယောက်စာ ထုပ်ပိုးလိုက်ကြတာ နာရီဝက်လောက်ကြာသွားပါတယ် .. မောင်နှမတွေအားလုံး ထုပ်ပိုးပေးနေတုန်းမှာ ကျွန်မ .. ဇလပ်နဲ့ သိင်္ဂီတို့ကလည်း အဘိုးအဘွားတွေကို လိုက်နှုတ်ဆက်ရင်း တစ်ချို့အဘိုးအဘွားတွေမှာထားတဲ့ ပစ္စည်းလေးတွေ .. ဓါတ်ပုံလေးတွေကို လိုက်ပေးဖြစ်ကြပါတယ် .... အလှူပစ္စည်းတွေအားလုံး ထုပ်ပိုးအပြီးမှာတော့ ကျွန်မတို့ မွေးနေ့ရှင်(၈)ယောက်ရဲ့ နာမည်ထိုးထားတဲ့ မွေးနေ့ကိတ်ကြီးကို အလယ်မှာချ .. ညီမလေးဇလပ်၊ ကိုကြီးကိုစိမ်းမောင်နဲ့ ကိုကြီးဖိုးလမင်းတို့က Happy Birthday သီချင်းလေးကို တီးပေးတဲ့အချိန် အဘိုးအဘွားတွေနဲ့ ကလေးငယ်တွေက ၀ိုင်းဝန်းသီဆိုပေးကြတော့ ကျွန်မငယ်စဉ်ကတည်းက ကြားလာရတဲ့ မွေးနေ့သီချင်းလေးတွေထဲမှာ အလွန်ပြည့်စုံပီတိဖြစ် ပျော်ရွှင်ရတဲ့ သံစဉ်လေးတစ်ခုဖြစ်ခဲ့ပါတယ် ...


မွေးနေ့သီချင်းလေးသီဆိုအပြီးမှာတော့ ကျွန်မကပဲ မွေးနေ့ကိတ်လေးကို လှီးပြီး ကျန်တဲ့မွေးနေ့ရှင်များနဲ့ လိုက်ပါလာတဲ့ မောင်နှမတွေကပဲ အဘိုးအဘွားတွေနဲ့ ကလေးငယ်တွေကို မွေးနေ့ကိတ် လိုက်လံခွံ့ကျွေးကြပါတယ် ..... အဘိုးအဘွားတွေဆီက ကြားလိုက်ရတဲ့စကားတွေက အရမ်းကို စားလို့ကောင်းတဲ့ မွေးနေ့ကိတ်လေးပဲတဲ့ .... ပျော်စရာကောင်းလိုက်တာကွယ်တဲ့ .. သူတို့အချင်းချင်းပြောနေကြတာ ဖြစ်ပေမယ့် ကျွန်မ အဲဒီစကားသံလေးတွေကြားလိုက်ရတော့ အရမ်းကိုပျော်ရွှင် ပီတိဖြစ်ရပြန်ပါတယ် ...


မွေးနေ့ကိတ်လေးလိုက်လံကျွေးတဲ့ အစီအစဉ်လေးအပြီးမှာတော့ လှူဖွယ်ပစ္စည်းတွေကို တစ်ဦးချင်းစီ လိုက်လံဝေငှပါတယ် .... အလှူပစ္စည်းလေးတွေပေးအပြီးမှာတော့ ညီမလေးဇလပ်၊ ကိုကြီးကိုစိမ်းမောင်နဲ့ ကိုကြီးဖိုးလမင်းတို့ကပဲ ဂစ်တာတစ်ယောက်တစ်လုံးနဲ့ ဖျော်ဖြေမှုအစီအစဉ်ကို စတင်ပါတော့တယ် .. ပထမဦးဆုံးအနေနဲ့ အဘိုးတွေထဲက အဘိုးဦးမောင်မောင်ခင်က Pa Pa, he love ma ma .. Ma Ma, she love pa pa .. ဆိုတဲ့ သီချင်းလေးကို သီဆိုပြပါတယ် ... အဘိုးရဲ့ တင်ဆက်မှုအပြီးမှာ အဘိုးအဘွားတွေကပဲ မြနန္ဒာသီချင်း .. ရှာပုံတော်မင်းသားကြီးသီချင်းတို့နဲ့ ဆိုကပြကြပြန်ပါတယ် ... နောက်တစ်ခေါက်မှာတော့ သင်္ကြန်မိုးသီချင်းနဲ့ အဘွားဝင်းနဲ့ အဘိုးတွေက အတူတူကရပါမယ်ဆိုလို့ ကျွန်မပါ ဝင်ကလိုက်ပါသေးတယ် .... သီချင်းတစ်ပုဒ်ကအပြီးမှာတော့ ကျွန်မ ဘယ်လိုမှ နေလို့မရတော့ပါဘူး .. ချွေးတွေတအားထွက်ပြီး ကျွန်မ ခါးကတော်တော် ကိုက်လာလို့ ငိုချင်စိတ်တောင်ပေါက်မိတယ် .. ဒါပေမယ့် ကျွန်မ မျက်နှာပျက်လို့မဖြစ်ဘူးလေလို့ တွေးပြီး ခုံလေးတစ်ခုံမှာဝင်ထိုင်ဖို့ လမ်းလျှောက်လာတော့ အနည်းငယ်ညှိုးနေတဲ့ ကျွန်မကို မြင်တော့ အဘွားတွေ အဘိုးတွေက “သမီးလေး .. မိုးည နေမကောင်းဘူးလား .. ဆေးသောက်မလား .. ” ဆိုပြီး စိုးရိမ်ပေးကြတော့ ကျွန်မ ရင်ထဲမှာအတိုင်းမသိအောင်ဝမ်းနည်းသွားရပါတယ် ..


ဒါနဲ့ပဲ ကျွန်မ ခဏနားလိုက်ပြီး အဘိုးအဘွားတွေနဲ့အတူ ပျော်ရွှင်စွာဆိုကနေလိုက်တာ .. ကျွန်မရဲ့ ခါးကိုက်နေတာတောင် ဘယ်နားပျောက်သွားမှန်းမသိပါဘူး .. ဆိုကတဲ့အစီအစဉ်အပြီးမှာတော့ မွေးနေ့ခရီးစဉ်လေးမျာ လိုက်ပါလာတဲ့ကျွန်မတို့ မောင်နှမတွေအားလုံး အဘိုးအဘွားတွေကို “ယနေ့ မွေးနေ့အလှူပွဲလေးမှာ သားတို့သမီးတို့ဘက်က ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ပြစ်မှားမိခဲ့တာရှိရင် ခွင့်လွှတ်ပေးပါ”လို့ ဝန်ချတောင်းပန်ကန်တော့ကြပါတယ် ... အဘိုးအဘွားတွေအားလုံး ဆုတွေပေးကြတော့ ကျွန်မ မျက်ရည်မဆည်နိုင်ခဲ့ပါဘူး .... အဘိုးဦးတင်ဝင်းကလည်း ဆုတောင်းမေတ္တာပို့သပေးပါတယ် ..... အဘဦးမောင်မောင်ခင်ကလည်း ကျွန်မတို့ရဲ့ လုပ်ရပ်လေးတွေအတွက် သူရဲရဲဝံ့ဝံ့ စိန်ခေါ်ရဲခဲ့ပါပြီတဲ့ ... သားသမီးအရင်းတွေတောင် မထိရဲ မတို့ရဲနေကြတဲ့ .. အခြားအလှူရှင်အချို့တောင် အလှူပစ္စည်းတွေသာပေးပြီး မထိရဲ မတို့ရဲ နေကြတဲ့အချိန်လေးမှာ ကျွန်မတို့တွေဟာ သူတို့နဲ့အတူတူ ပျော်ပျော်ပါးပါးနေထိုင်စားသောက် ပေးတဲ့အတွက် သူတို့တွေ လောကကြီးကို စိန်ခေါ်ရဲပါပြီ .. သူတို့ဘဝမှာ ဒီလိုမျိုးနေထိုင် ပေးတဲ့ သားသမီးတွေ ... လူတွေကို မတွေ့ရတော့ဘူးထင်တာ ... အပယ်ခံလိုဖြစ်နေခဲ့ပြီထင်တာ ... ခုတော့ သူတို့ မျက်ဝါးမြင်မြင်တွေ့ခဲ့ရလို့ သေပျော်ပါပြီတဲ့ .. ကန်တော့အပြီးမှာ ကျွန်မတို့မောင်နှမတွေအတွက် အဘဦးမောင်မောင်ခင်ကပဲ Goodbye ဆိုတဲ့ နှုတ်ဆက်သီချင်းလေးနဲ့ နှုတ်ဆက်ပါတယ် ..... “ကျွန်မ .............. ကျွန်မလေ ........... မျက်လုံးတွေဝေ၀ါးလာခဲ့ပါတယ် ... ပါးပြင်တွေပူနွေးလာခဲ့ပါတယ် ... ထိန်းမရတော့တဲ့ ကျွန်မရဲ့ မျက်ရည်တွေက တသွင်သွင်စီးကျလာခဲ့ပါတော့တယ်” ....


ကန်တော့အပြီး ဆုပေးအပြီး အစီအစဉ်တွေအကုန်အပြီးမှာတော့ အဘိုးအဘွားတွေကို ကျွန်မတို့ရဲ့ မောင်နှမတွေကပဲ သူတို့အဆောင်လေးတွေဆီကို ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ် .... နောက် ကျွန်မတို့မောင်နှမတွေလည်း နေ့လည်စာစားဖို့ ခေတ္တနားကြပါတယ် .... နေ့လည်စာ စားအပြီးမှာတော့ ကျန်တဲ့မောင်နှမတွေက အဘိုးအဘွားတွေကို အသီးတွေလိုက်လံဝေငှဖို့နဲ့ အလှူရှင်အချို့ပေးလိုက်တဲ့ အဝတ်အစားဟောင်းထုပ်လေးတွေကို ခွဲဝေလှူဒါန်းဖို့အတွက် ထွက်သွားခဲ့ကြပါတယ် .. ကျွန်မကတော့ လမ်းဘယ်လိုမှ ဆက်လျှောက်လို့မရတော့လောက်အောင် ခါးက တော်တော်ကိုက်နေပါပြီ .. ဒါနဲ့ ကားပေါ်မှာပဲ ငြိမ်ငြိမ်လေးအနားယူနေတုန်း ခဏလောက် အကြာမှာတော့ ကျန်တဲ့မောင်နှမတွေကားပေါ်တက်လာကြတော့ ပြန်ကြဖို့အချိန်တန်ပြီလို့ သိလိုက်ပါပြီ ... နာရီကြည့်လိုက်တော့ ညနေ(၃းဝ၀)ထိုးနေပြီလေ .... ဒါနဲ့ မောင်နှမတွေအားလုံး ကားပေါ်တက်အပြီး ကားစက်နှိုးလိုက်တဲ့အချိန်မှာပဲ အဘိုးအဘွားတွေက စိတ်ပူတဲ့မျက်နှာတွေနဲ့ ကားနားလာပြီး ကျွန်မကို “သမီးလေး .. မိုးညရေ ကျန်းမာရေးဂရုစိုက်နော် ... ပိန်သွားလိုက်တာကွယ် .. စိတ်မကောင်းဘူး .. နေကောင်းအောင်နေနော်.. နောက်တစ်ခေါက်ထပ်လာရင် ကပြအုံးနော်” လို့ နှုတ်ဆက်ကြတော့ ကျွန်မလေစကားကိုပြန်မပြောနိုင်လောက်အောင် ဝမ်းနည်းပက်လက်နဲ့ ငိုမိပါတယ် ... သူတို့တွေအတွက် ပျော်ရွှင်အောင်လုပ်ပေးဖို့လာတဲ့ ကျွန်မ ... ခုတော့ ကျွန်မက သူတို့တွေစိတ်ပူအောင် လုပ်မိနေပြန်ပါလား ... ကျွန်မ ဝမ်းနည်းလိုက်တာ .. စိတ်မကောင်းလိုက်တာ .. သူတို့တွေကို အပြည့်အဝပျော်ရွှင်မှုမပေးခဲ့ရသလိုပါပဲလား .... ကျွန်မကို ပြန်ပြီးစိတ်ပူနေလိုက်ကြ တာများ ... ကားပေါ်ကိုပြေးတက်လာတဲ့ ကိုဗေဒါ၊ သိင်္ဂီနဲ့ အဝေ့ကိုလည်း “မိုးညကို ဂရုစိုက်ပါနော်” ဆိုပြီး မှာကြားနေလိုက်တာများ ... “အို .. မျက်ရည်တွေ ..တလဟော စီးကျလာတဲ့ ကျွန်မရဲ့ မျက်ရည်တွေ...” ပျော်ရွှင်မှုပီတိအပြည့်နဲ့ ပြီးဆုံးခဲ့ရတဲ့ အနှစ်သာရအရှိဆုံး ကျွန်မတို့ရဲ မွေးနေ့ပွဲလေး .... ကျွန်မတို့ကို ချစ်တဲ့ ကျွန်မတို့က ချစ်တဲ့ အဘိုးအဘွားတွေရှိရာ ဒီလှည်းကူးမြို့နယ်က မရမ်းချောင်းကျေးရွှာလေးကို “နောက်တစ်ခေါက် ..... ဟင့်အင်း .. နောက်တစ်ခေါက်တည်းမက နောက်ထပ်အကြိမ်ပေါင်းမြောက်များစွာ လာရောက်နေအုံးမှာပါလို့” စိတ်ကူးရည်ရွယ်ရင်းနဲ့ပဲ .........


မှတ်ချက်။ လိုက်ပါပေးခဲ့တဲ့ မောင်နှမများ၊ မွေးနေ့ရှင်များ၊ (၂၉)ရက်နေ့ စျေးဝယ်ရာမှာ ကူညီလုပ်ကိုင်ပေးခဲ့တဲ့ အဝေ(ဝေယံမင်း)၊ ကိုမာန်ကြီး၊ အစစ်(အောင်စစ်ပိုင်)၊ ပါဝင်စုပေါင်းလှူဒါန်းခဲ့တဲ့ အခြားအလှူရှင်များဖြစ်သော (၁)ဒေါ်မမလေး-ခေတ္တစင်္ကာပူ၊ (၂)ကိုနေလင်း၊ကိုဇော်သီဟ-ခေတ္တမလေးရှား (၃)မဖြိုးသီရိ (၄)ကိုဇော်လင်း-ခေတ္တစင်္ကာပူ (၅)ကိုကြီးစောဝဏ္ဏစိုး-ခေတ္တကိုရီးယားနှင့် (၆)အမည်မသိအလှူရှင်များ အားလုံး အားလုံးကို မွေးနေ့ရှင်များရဲ့ ကိုယ်စား ကျေးဇူးတင်ပါတယ်နော် ..........


မိုးညချမ်း(သူရဲလေးကောင်)

၁.၈.၂၀၁၁ (၆းဝ၀)




ပင်ပန်းသော်လည်း အပြုံးမပျက်ခဲ့ကြပါ …

ဒီနေ့ညနေ ဟင်္သာတရေဘေးဒုက္ခသည်တွေဆီကို လိုအပ်တဲ့ပစ္စည်းတွေသွားလှူဖို့ ရှိတယ်လေ … ကျွန်မ ဆုတောင်းနေမိပါတယ် … အချိန်တွေမြန်မြန်ကုန်လို့ ညနေမြန်မြန်ရောက်ပါစေပေါ့ … ရုံးမှာဂဏာမငြိမ်ဖြစ် နေလို့တောင် ရုံးကအစ်မတွေက စလိုက်ပါသေးတယ် .. “အော် .. ငါတို့ညီမလေး သိပ်မသွားချင်ရှာဘူးကိုး” တဲ့ .. သူတို့တွေစနောက်လာအောင်ပဲ တစ်နေကုန် ရုံးမှာအလုပ်တွေရှုပ်နေမိပါတယ် … ရုံးအလုပ်တော့မဟုတ် ဘူးပေါ့ .. ကျွန်မချစ်သော STA ရဲ့ဟင်္သာတအလှူလေးအတွက်ပေါ့ .. အလှူရှင်တွေဆီက ဖုန်းလာလို့ ကိုအနက်တို့ဆိုင် လိပ်စာနဲ့ဖုန်းနံပါတ်တွေပြောပြီး အလှူပစ္စည်းတွေ အဲဒီလိပ်စာလေးကိုပို့ပေးဖို့ဆိုတဲ့ အကြောင်း .. ကျွန်မရုံးနဲ့ အနီးဆုံးမှာရှိတဲ့ အလှူရှင်တွေကိုလည်း ရုံးကိုလာပေးလို့ရတယ်ဆိုတဲ့ အကြောင်း တွေကို ဖုန်းနဲ့တစ်မျိုး အွန်လိုင်းပေါ်မှာ တစ်မျိုး ရှင်းပြပေးနေရပါတယ် .. ရုံးမှာလည်း အလှူငွေကို လိုက်ကောက်လို့ ရေဘေးအလှူအတွက် သိပ်ကိုတက်ကြွနေတာပေါ့ .. ကျွန်မတင် ဘယ်ဟုတ်လိမ့်မလည်း .. အလှူခရီးစဉ်လေးမှာ လိုက်ပါမယ့် မောင်နှမတွေကလည်း လိုင်းပေါ်မှာတွေ့လည်း “မိုးညရေ စုရပ်ကို ဘယ်အချိန်လာမှာလည်း .. စောစောလာနော်” .. ဖုန်းတွေဆက်လို့လည်းတစ်ဖုံ ချိန်းဆိုနေကြတာကလည်း ပျော်ရွှင်ရင်ခုန်စရာလေးဖြစ်ခဲ့ပ
ါတယ် …
ညနေ (၄း၃၀)တော့ အလှူပစ္စည်းတစ်ထုပ်ကို ဆွဲလို့ ကားငှားပြီး အိမ်ကိုအပြေးအလွှားလေးပြန် .. ရေမိုးချိုးလို့ ညီမလေးဇလပ်နဲ့ အဝေ(ဝေယံမင်း)တို့ကို စောင့်နေလိုက်ပါတယ် .. သူတို့ရောက်လာတာနဲ့ ရန်ကင်းက အလှူရှင်တစ်ဦးဆီက အလှူပစ္စည်းတစ်ချို့ဝင်ယူပြီး ကျွန်မတို့ခရီးစဉ်လေးထွက်ခွာမယ်
့ စုရပ်ဖြစ်တဲ့ လှည်းတန်း၊ ဗဟိုလမ်းမှာရှိတဲ့ ကိုအနက်ရောင်နဲ့ မမသီတာတို့ရဲ့ Zeus Internet Café ဆိုင်လေးကို ရောက်ရှိ လာပါတယ်. .. ကားပေါ်ကအဆင်းမှာပဲ ကိုညီလင်းဆက်၊ ကိုညီတို့ရဲ့ နှုတ်ဆက်သံနဲ့အတူ နောက်ထပ်ရောက်ရှိလာမယ့် အဖွဲ့ဝင်မောင်နှမတွေကို စောင့်ဆိုင်းရင်း မမသီတာဆီ အလှူပစ္စည်းနဲ့ အလှူငွေတွေ အပ်နှံလိုက်ပါတယ် … ည (၁ဝး၃၀)လောက်မှာတော့ ကျွန်မတို့ရဲ့ ဟင်္သာတရေဘေးအလှူလေး ကို စတင်ခဲ့ပါပြီ ……
ကားစထွက်လာတော့ ကျွန်မကြားလိုက်ရတာ STA ရဲ့ သီချင်းသံလေးတွေပါပဲ .. ခရီးစဉ်အစလေးမှာ အဖွဲ့သီချင်း (၃)ပုဒ်လုံးကို မောင်နှမတွေတစ်ပြိုင်နက်သီဆိုသံ ကြားလိုက်ရတော့ ကျွန်မတောင် ကြက်သီးထမိပါတယ် … ကျွန်မတို့ကားပေါ်မှာ ညီမလေးဇလပ်နဲ့ မောင်လေးသွေးစက်တို့ရဲ့ အသံတွေနဲ့ ဆူညံပျော်ရွှင်နေရသလို အခြားနောက်တစ်စီးမှာလည်း မောင်လေးကျီးကန်းနဲ့ ကိုလင်းခိုင်၊ အစွတ်တို့ရဲ့ စနောက်သံလေးတွေနဲ့လည်း ပျော်ရွှင်စရာကောင်းလှပါတယ် … လမ်းခရီးမှာ ကျွန်မတို့လိုက်ပါလာတဲ့ Container ကားနဲ့ ကိုလင်းခိုင်တို့ စီးနင်းလိုက်ပါလာတဲ့ Light Truck (၂)စီးတို့ အပြန်အလှန်ပြိုင်မောင်း လို့ တစ်စီးနဲ့တစ်စီးကျော်တက်ဖြစ်ရင် အောင်ဟစ်ဆူညံလို့ ကလေးငယ်များလိုပျော်ရွှင်ရယ်မောေ
နကြပါတယ် …
ပထမအစမှာ သိပ်မသိသာပေမယ့် ဓနုဖြူနဲ့ ဇလွန်ကြားလမ်းခရီးမှာတော့ ကြမ်းလိုက်တဲ့လမ်း၊ ကျွန်မတို့ကား နောက်ခန်းမှာထိုင်တဲ့ မောင်နှမတွေတော့ တော်တော်မသက်သာလိုက်တဲ့ ဖြစ်ခြင်း၊ ဒါတောင်အပြုံးမပျက်၊ သီချင်းသံမပျက် သီဆိုပျော်ရွှင်နေလိုက်ကြတာများ ……….လမ်းခရီးတစ်လျှောက် ရပ်နားလိုက် အပန်းဖြေလိုက်၊ KTM ရေသန့်ကားဘီးပေါက်လို့ စောင့်လိုက်နဲ့ မနက် (၅း၃၀)မှာတော့ ဇလွန်မြို့ကို ရောက်ရှိလာပါပြီ … ဒါနဲ့ မနက်စာစား၊ ဇလွန်ဘုရားဝင်ဖူးပြီး မနက် (၆း၁၀)မှာတော့ ဟင်္သာတမြို့ကို ချီတက်ခဲ့ကြပါတယ် … ဟင်္သာတမရောက်ခင်လမ်းခုလတ်မှာ မိုးဖွဲလေးတွေကျလာတော့ ကျွန်မတို့ မောင်နှတွေ ကျန်ကျောင်းကျွတ်ကျွတ်အိတ်တွေကိ
ု ခေါင်း၊ လက်တွေဖောက်လို့ တူညီဝတ်စုံလေးတွေနဲ့ လှနေခဲ့ပြန်ပါသေးတယ် ……
မနက် (၆း၄၅)မှာတော့ ဟင်္သာတမြို့အဝင်ဝနားမှာရှိတဲ့ မစိုးရိမ်ကျောင်းတိုင်မှာ ခေတ္တနားလို့ ဟင်္သာတမြို့က အမာခံအဖွဲ့ဝင်ဖြစ်တဲ့ အောင်သက်ပိုင်က သူကြိုတင်ဝယ်ယူစီစဉ်ပေးထားတဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲတို့ကို ကားနဲ့သွားသယ်ယူပြီး စက်လှေပေါ်တင်ရန်စီစဉ်နေကြတုန်း ကျန်တဲ့ STA အဖွဲ့ဝင်မောင်နှမတွေက ဘုန်းဘုန်းစီစဉ်ပေးထားတဲ့ လ္ဘက်ရည်နဲ့ ဘီစကစ်မုန့်တွေကို မြိန်ယှက်စွာစားတဲ့သူက စား၊ ညက လမ်းခရီး ကြမ်းလို့ ကားပေါ်မှာအိပ်မရဘဲ အိပ်ရေးပျက်နေကြတဲ့ မောင်နှမတစ်ချို့က ခုံပေါ်မှာမှောက်အိပ်လို့ အနားယူတဲ့သူကယူနဲ့ပေါ့ …… မစိုးရိမ်ကျောင်းတိုက်မှာ နာရီဝက်လောက်ခေတ္တအနားယူကြပြီး သွားရောက်လှူဒါန်းမယ့် ရွာလေးတွေကို ရွှာခံတွေနဲ့ အောင်သက်ပိုင်တို့ကပဲ လိုက်လံပို့ဆောင်ပေးပါတယ် … လှေဆိပ်ရောက်တော့ ကားပေါ်က လှူဖွယ်ပစ္စည်းတွေကို STA အဖွဲ့ဝင်မောင်နှမတွေကပဲ လက်ဆင့်ကမ်း သယ်လို့ စက်လှေပေါ်တင်နေကြတဲ့ မြင်ကွင်းလေးက အလွန်ကျက်သရေရှိပြီး ပီတိဖြစ်ဖွယ်မြင်ကွင်းလေးတစ်ခုေ
ပါ့ …. စက်လှေပေါ်ပစ္စည်းတွေတင်အပြီး ကျွန်မတို့အဖွဲ့ဝင်မောင်နှမတွေပါ စက်လှေပေါ်တက် နေရာယူလို့ စုစုပေါင်း စက်လှေ(၃)စီးနဲ့ အလှူခံပုဂ္ဂိုလ်တွေရှိမယ့် ရွာလေးတွေဆီကို ပထမဦးဆုံးချီတက်ခဲ့ကြပါတော့တယ်
….
ပထမဦးဆုံး ရောက်ရှိတဲ့ ရွာလေးကတော့ အောက်လေးရွာကျေးရွာလေးဆီကိုပါ …. စက်လှေ ကမ်းကပ်ပြီဆိုတာနဲ့ တစ်ရွာလုံးမှာရှိတဲ့ ရွာသူရွာသားတွေ သူ့ထက်ငါအလုအယက်လာရောက် သယ်ယူလို့ ရွာဦးဘုန်းကြီးကျောင်းပေါ်ပို့ပေးကြပါတယ် …. ကျွန်မလည်း ရေသန့်ဘူး(၆)လုံးစီပါ (၂)ပါကင်ကို သယ်လို့ ဘုန်းကြီးကျောင်းဆီသို့ လျှောက်လာတုန်း ကလေးမလေးတစ်ယောက်က အပြေးလေးလာလို့ “အစ်မ .. ညီမတို့ဝိုင်းသယ်ပေးမယ်” တဲ့ .. ဖြူစင်တဲ့ စိတ်ထားလေးတွေနဲ့ပါလားနော်လို့တွေးပြီး ပီတိဖြစ်ရပြန်ပါတယ် .. ကျောင်းပေါ်ရောက်တော့ ကျောင်းထိုင်ဘုန်းဘုန်းကပဲ မရှိတဲ့အထဲက ရအောင်စီစဉ်ပေးထားတဲ့ ကော်ဖီ၊ မုန့်နဲ့ ထန်းသီးမုန့်တွေကို မောင်နှမတွေအလုအယက် မြိန်ယှက်စွာစားဖြစ်ခဲ့ကြပါသေးတ
ယ် … ကျန်တဲ့အဖွဲ့ဝင်တွေ ခေတ္တအနားယူနေတုန်း ကိုအနက်ရောင်၊ ကိုဇော်၊ အဝေ(ဝေယံမင်း)၊ မောင်လေးဝေမျိုးဦး၊ ကိုဝေလင်းဦးနဲ့ မမသီတာတို့က အလှူပစ္စည်းများကို ဘယ်လောက်စီဝေမယ်နဲ့ အိမ်ထောင်စုစာရင်းနဲ့တိုက်လို့ ခွဲတမ်းချပေး နေကြပါတယ် …
ကျွန်မတို့ကျန်တဲ့ မောင်နှမတွေအားလုံးခေတ္တအနားယူအပြီး ကျွန်မတို့ရဲ့အလှူအစီအစဉ်လေးကို စလိုက်ကြပါတယ် .. ထိပ်ဆုံးမှာ ဆန်ချင်မယ့် မောင်နှမတွေက နေရာယူလို့ KTM ရေသန့်၊ ဆား၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ပဲနှင့် ဓါတ်ဆားထုပ်ဝေမယ့် မောင်နှမတွေက နေရာယူလို့ တန်းစီနေကြတာလည်း လှပသော မြင်ကွင်းလေးတစ်ခုပါပဲ …. မနိုင်မနင်းသယ်နေရတဲ့ တစ်ချို့ ရွာသူရွာသားတွေကိုတော့ ကျန်တဲ့ STA မောင်နှမ တွေက အထုပ်တွေလိုက်ကူသယ်ပေးလို့ မမောမပန်းလှုပ်ရှားနေတဲ့ မောင်နှမတွေရဲ့အရင်းခံစိတ်ထားလေး တွေကလည်း အလွန်လေးစားဖွယ်ကောင်းပါဘိနော် …. လှူဒါန်းမှုတွေအပြီးမှာတော့ ရွာဦးဘုန်းကြီးကျောင်း ကျောင်းထိုင်ဘုန်းဘုန်းကပဲ ရေစက်သွန်းချအမျှဝေလို့ ဒီရွာထက်ပိုဒုက္ခရောက်နေရတဲ့ ရွာလေးကို ဒကာလေးတို့တွေ ကျန်တဲ့ပစ္စည်းလေးတွေသွားရောက်လှ
ူဒါန်းလိုက်ကြပါအုံးလို့ မိန့်တော်မူတာနဲ့ ရေလယ်သောင်ရွာဆိုတဲ့ ရွာလေးဆီကို စက်လှေ(၃)စီးနဲ့ ဆက်လက်ချီတက်ခဲ့ကြပြန်ပါတယ် …
လူအရပ်တစ်ပေကျော်လောက်ရေအနက်ရှိတဲ့ ရေလယ်သောင်ရွာလေးဆီရောက်တော့လည်
း ကျောင်းထိုင် ဘုန်းဘုန်းနဲ့ ရွာခံတွေကပဲ နွေးထွေးအမှုအတိနဲ့ ကြိုဆိုကြပြန်ပါတယ် …. စီစဉ်ပေးထားတဲ့ လ္ဘက်သုတ်ကို မောင်နှမတွေ မြိန်ရေယှက်ရေစားနေတုန်း ကိုအနက်ရောင်၊ ကိုဇော်၊ အဝေ(ဝေယံမင်း)နဲ့ မောင်လေးဝေမျိုးဦး တို့ကပဲ ကျောင်းထိုင်ဘုန်းဘုန်းနဲ့ ရွာသားအချို့ကို Water Guard သုံးပုံသုံးနည်းကို ရှင်းပြပေးနေပါတယ် ….
အလှူပစ္စည်းတွေအားလုံးကို ကျောင်းထိုင်ဘုန်းဘုန်းဆီကိုပဲ လှူဒါန်းခဲ့ပြီး ကျွန်မတို့ အဖွဲ့ဝင်မောင်နှမတွေ အားလုံးဟင်္သာတမြို့ပေါ်ကိုပြန်ဖို့ စက်လှေပေါ်တက်တော့ နေ့လည် (၁း၃၀)နေပါပြီ …. စက်လှေစီးရာ တောက်လျှောက် ရွာခံတွေကပဲ ကမ်းပြိုလို့ပြန်လည်တည်ဆောက်နေကြရတဲ့ ရွာလေးတွေကို လိုက်လံပြသ ပေးပြီး သိချင်တာလေးတွေကို မမောနိုင်မပန်းနိုင်ရှင်းပြပေးနေပါတယ် … အပြန်ခရီးလမ်းတစ်ဝက်ရောက်တော့ မနေ့က ညကတည်းက ရွာမလိုလို မရွာမလိုလိုနဲ့ မာန်တင်းထားတဲ့ ကိုမိုးမင်းကတော့ အညှိုးနဲ့ကို ရွာချပါတော့တယ် .. ကျွန်မတို့ ကျန်တဲ့စက်လှေ(၂)စီးက လူအကုန်မဟုတ်တောင်နည်းငယ်ကို မိုးကာပေးနိုင်မယ့် အမိုးပါပေမယ့် .. ညီမလေး ဇလပ်၊ မောင်လေးသွေးစက်၊ ကိုညီ၊ ကိုထွန်းထွန်းဝင်း (အဖွဲ့ဝင်အသစ်)၊ မောင်လေးထက်၊ မောင်လေးရကောက်တို့နဲ့ ကျန်တဲ့အဖွဲ့ဝင်မောင်နှမတွေစီးလာတဲ့ စက်လှေကတော့ အမိုးလုံးဝမပါတော့ ကျွန်မတို့ကျန်တဲ့မောင်နှမတွေသူတို့အတွက် စိတ်ပူရသေးတယ် … မိုးထဲလေထဲမှာ ခိုက်ခိုက်တုန်အောင်အချမ်းခံပြီ
း မိနစ်(၂၀)လောက်စီးလိုက်တော့ (၂း၁၅)မှာ ဟင်္သာတမြို့လေးဆီသို့ ကမ်းကပ်လိုက်ပါတော့တယ် ….
ဒါနဲ့ အထုပ်အပိုးတွေအားလုံး ဘုန်းကြီးကျောင်းမှာထားခဲ့တာဆိုတော့ တစ်ယောက်မှ ထီးမပါတာနဲ့ ကျွန်မတို့ မောင်နှမအယောက်(၄၀)ကျော်လုံး ကမ်းကပ်ပြီဆိုတာနဲ့ မစိုးရိမ်ကျောင်းတိုက်ဆီကို ဖိနပ်မပါ ထီးမပါဘဲ မိုးရေထဲပြေးခဲ့ကြရတာကလည်း ပျော်စရာလေးပေါ့ …. ကျောင်းကိုအရောက် အဝတ်အစားအပိုပါတဲ့ မောင်နှမတွေကလည်း အဝတ်တွေလဲလို့ မပါတဲ့သူတွေအဖို့လည်း အဝတ်အစားသွားဝယ်ဖို့ ကိုဇော်၊ အောင်သက်ပိုင်၊ အဝေ(ဝေယံမင်း)နဲ့ ကျွန်မတို့တွေ ဟင်္သာတစျေးလေးကို မိုးရေထဲ ဆိုင်ကယ်(၂)စီးနဲ့ ပြေးကြရပြန်ပါသေးတယ် …. ကျွန်မတို့တွေ လိုအပ်တာတွေသွားဝယ်နေတုန်း ကျန်တဲ့အဖွဲ့ဝင်မောင်နှမ တွေက မစိုးရိမ်ကျောင်းထိုင်ဘုန်းဘုန်
းနဲ့ နယ်ခံအချို့စီစဉ်ပေးထားတဲ့ နေ့လည်စာကို အားပါးတရအားပေး နေကြပါတယ် … ကျွန်မတို့ (၄)ယောက် စျေးကပြန်အလာ အစိုတွေနဲ့ အဝတ်အစားမလဲရသေးတဲ့ ညီမငယ်လေးတစ်ချို့ကို အဝတ်အစားတွေလဲဝတ်ခိုင်းလို့ ကျွန်မကိုယ်တိုင်လည်း ရေစိုအဝတ်တွေလဲနေတုန်း Light Truck ကားလေးက ကားထွက်တော့မယ်ဆိုတာနဲ့ အဲဒီကားနဲ့လိုက်ပါမယ့် ညီမငယ်လေးတွေ အပြေးအလွှားဖြစ်ကြရပြန်ပါသေးတယ် ….
ကားတစ်စီးရှေ့က ကြိုထွက်သွားပေမယ့် ကိုဇော်၊ အဝေ(ဝေယံမင်း)နဲ့ ကျွန်မတို့ (၃)ယောက်က နေ့လည်စာ မစားရသေးတဲ့အတွက် ဗိုက်ဆာဆာနဲ့ ဘုန်းကြီးကျောင်းကစီစဉ်ပေးထားတဲ့ နေ့လည်စာကို တဝကြီးစားခဲ့ကြပါတယ် .. ကျွန်မတို့ တွေ နေ့လည်စာစားအပြီးမှာတော့ ညနေ (၄းဝ၀)ထိုးကာနီးနေပါပြီ .. ဒါနဲ့ ကျွန်မတို့လည်း ကားပေါ်တက်လို့ ကျွန်မတို့တွေရဲ့အပြန်ခရီးစဉ်လေးကို စတင်ခဲ့ကြပါတယ် … အပြန်လမ်းမှာ ဘယ်လောက်ပဲအဝတ်အစားလဲခဲ့ လဲခဲ့ တစ်လမ်းလုံးမိုးကသည်း၊ ကားကလည်းအမိုးမပါနဲ့ ဒုက္ခခံစီးလာကြတဲ့ မောင်နှမတွေ (ကိုအနက်ရောင်၊ ကိုဇော်၊ အဝေ(ဝေယံမင်း)၊ မောင်လေးသွေးစက်၊ ညီမလေး ဇလပ်၊ ကိုဧပိုင်၊ မောင်လေးဝေမျိုးဦး၊ ညီမစုလေး၊ မောင်လေးဝင်းကောင်းမြတ်၊ မောင်လေးအောင်မြတ်ဇော်) အားလုံးဟာ မိုးရွာထဲမှာ ခိုက်ခိုက်တုန်အောင်ချမ်းနေသည့်
တိုင် အပြုံးတစ်ချက်မပျက်ဘဲ သီချင်းတွေအော်ဆိုလို့ ပျော်ရွှင်စွာအပြန်ခရီးလေးကို ည(၉း၁၅)တိတိမှာ အဆုံးသတ်ခဲ့ကြပါတော့တယ် …
မှတ်ချက်။ ပြည်တွင်းပြည်ပ STA အဖွဲ့ဝင်မောင်နှမအလှူရှင်များ၊ အခြားပြင်ပအလှူရှင်များ၊ ကားအကူအညီ ပေးခဲ့တဲ့ အဖွဲ့ဝင်သစ်ကိုထွန်းထွန်းဝင်း၊ လိုက်ပါလှူဒါန်းခဲ့တဲ့ KTM ရေသန့်မိသားစု၊ လိုက်ပါကုသိုလ်ယူခဲ့တဲ့ မောင်နှမ(၄၀)ကျော်၊ ဟင်္သာတမှ မစိုးရိမ်ကျောင်းတိုက်ဆရာတော်နှင့် နယ်ခံများ၊ ဟင်္သာတမှ STA အမာခံအဖွဲ့ဝင် အောင်သက်ပိုင်၊ ရွာမှရွာခံလူကြီးများနှင့် အခြားအခြားသောကုသိုလ်ရှင်များအားလုံးကို Save The Aged အဖွဲ့လေးကိုယ်စား၊ ပြည်တွင်းပြည်ပအဖွဲ့ဝင်မောင်နှမ
များကိုယ်စား ကျေးဇူးအထူးတင်ရှိပါတယ်ရှင် ……
မိုးည (သူရဲလေးကောင်)



တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...