ဒီနေ့တော့ မနက် (၆)နာရီလောက်ထလိုက်တယ်။ မနေ့ကရလာတဲ့စိတ်ကူးလေးကို အကောင်အထည်ဖော်ရင်း ဖေဖေဖြစ်ချင်တဲ့ ဆန္ဒတစ်ခုကိုဖြည့်ဆည်းခွင့်ရမယ်ဆိုတဲ့ စိတ်ကလေးက ကျွန်မအတွက်အလွန်ကိုကြည်နူးပီတိဖြစ်ကာ တက်ကြွရွှင်လန်းစွာ အိပ်ယာထဖြစ်ခဲ့တယ်။ အိပ်ယာကိုသေသေသပ်သပ်သိမ်းဆည်းလို့ အောက်ထပ်ဆင်းလာကာ ဂတ်စ်မီးဖို (၂)ဖိုတွဲ တစ်ဖက်က ညကချက်ထားတဲ့အသားဟင်းလေးကိုနွှေးထားရင်းနဲ့ ကျန်တဲ့တစ်ဖက်မှာ ထမင်းအိုးလေး ကပျာကယာတည်ထားတုန်း မျက်နှာသစ်၊ သွားတိုက်လိုက်တယ်။ အိမ်ကမီးဖိုက ဂတ်စ်မီးဖိုဆိုတော့ အကျက်မြန်တယ်လေ။ ထမင်းအိုးဆူလာတဲ့အချိန် ထမင်းရည်ငှဲ့ မီးမျှင်းမျှင်းနဲ့နှပ်ထားလိုက်တယ်။ ထမင်းကျက်တာနဲ့တစ်ပြိုင်နက် နွှေးပြီးသားဟင်းပူပူနွေးနွေးနဲ့ ထမင်းကို ဆွမ်းတော်အတွက်ခူး၊ ဖေဖေနဲ့မေမေ့အတွက် ပန်းကန်တစ်ချပ်နဲ့ အဦးဖယ်ထားပြီး ကျွန်မထမင်းချိုင့်ထဲ ဟင်းနဲ့ထမင်းမျှတအောင်ထည့်လိုက်ပြီး ရေနွေးအိုးလေးတစ်အိုး ကောက်တည်လိုက်တယ်။
ရေနွေးအိုးကို မီးမှိန်မှိန်နဲ့ တည်ထားခဲ့လိုက်ပြီး ရေမိုးချိုးဖီးလိမ်းပြင်ဆင်ကာ ရုံးယူနီဖောင်းလဲပြီး အောက်ဆင်းလာတော့ ရေနွေးအိုးက ဆူနေပြီ။ မီးဖိုချောင်ကဓါတ်ဘူးထဲ အဖြူထည်ကို အရင်ဖြည့်၊ ကျန်တာကိုတော့ ဖေဖေရဲ့ရေနွေးကြမ်းဓါတ်ဘူးနဲ့ မေမေရဲ့ရေနွေးကြမ်းဓါတ်ဘူးကို ဖြည့်လိုက်တယ်။ တစ်ယောက်ကို ဓါတ်ဘူးတစ်ဘူးဆိုလို့ လင်မယား(၂)ယောက်မတည့်ကြလို့နေမယ်လို့တော့ မတွေးလေနဲ့။
အစိုးရဝန်ထမ်းတွေဖြစ်ကြတဲ့ ကျွန်မဖေဖေနဲ့မေမေတို့ (၂)ဦးစလုံး ပင်စင်ယူပြီးကတည်းက ဖေဖေကအပေါ်ထပ်မှာ တရားနာ၊ တရားစာအုပ်ဖတ်နဲ့ အောက်ထပ်သိပ်မဆင်းတတ်သလို၊ မေမေကလည်း အောက်ထပ်က တီဗွီရှေ့မှာတစ်နေကုန်နီးပါး ကိုရီးယားကားကို ထိုင်ကြည့်နေတတ်ကြသူတွေ။ ကျွန်မတို့မောင်နှမတွေကလည်း အစ်ကိုက တပ်မတော်အရာရှိတစ်ယောက်ပေမို့ တာဝန်ကျရာမြို့တစ်ခုမှာ၊ ကျွန်မကလည်း ကုမ္ပဏီတစ်ခုကဝန်ထမ်းတစ်ဦး၊ ညီမလေးကလည်း ပုဂ္ဂလိကဘဏ်တစ်ခုကဝန်ထမ်းတွေမို့ အိမ်မှာမရှိတတ်ကြသူတွေ။
ဖေဖေကတော့ သူဝါသနာပါရာ ရပ်ကွက်သာရေး၊ နာရေးတွေလုပ်နေရလို့ အပြင်ထွက်ဖြစ်ပေမယ့် မေမေကတော့ ပင်စင်ယူပြီးကတည်းက ချော်လဲကာခြေထောက်ကျိုးခဲ့ပြီး ဒုက္ခိတဖြစ်ခဲ့သူမို့ တစ်နေ့တစ်နေ့ တီဗွီရှေ့နဲ့ သူမအိပ်စက်ရာ အိပ်ခန်းကိုသာ ကူးခတ်နေရသူ။ အပြင်တောင်မထွက်ဖြစ်တဲ့သူဆိုတော့ မေမေထိုင်တတ်တဲ့နေရာနားမှာ ရေနွေးသောက်ချင်တဲ့အခါ အလွယ်တကူရနိုင်အောင် ဓါတ်ဘူးကိုချထားပေးသလို အပေါ်ထပ်က ဖေဖေထိုင်ကာတရားနာတတ်တဲ့ ပက်လက်ကုလားထိုင်နားမှာလည်း ရေနွေးသောက်ချင်တဲ့အခါ အဆင်သင့်ဖြစ်အောင် ဓါတ်ဘူးလေးတစ်ခု ထားပေးလိုက်တယ်။ လူကြီးတွေဆိုတော့လည်း ရေအေးထက် ရေနွေးကို ခုံမင်တတ်ကြသူတွေ မဟုတ်လား။
*--------------------------------------------------------------*
ကျွန်မတို့မိသားစုလေးက ကြပ်တည်းဆင်းရဲလွန်းတဲ့ မိသားစုမျိုးမဟုတ်သလို ကျိကျိတက်ချမ်းသာလွန်းတဲ့ မိသားစုတော့လည်း မဟုတ်ပါဘူး။ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ အစိုးရကချပေးတဲ့မြေကွက်လေးကို (၂)ယောက်သားစုထားတဲ့ချွေးနည်းစာလေးနဲ့ နှစ်ထပ်တိုက်အိမ်လေးဆောက်နိုင်ခဲ့ပြီး ဖေဖေနဲ့မေမေတို့ (၂)ဦးလုံး ပင်စင်ယူတဲ့အခါမှာတော့ အိုးပိုင်အိမ်ပိုင်နဲ့ အခြေမပျက်ခဲ့ပါဘူး။ စုတတ်ဆောင်းတတ်တဲ့ မေမေ့ကြောင့် ဘဏ်မှာပိုက်ဆံအနည်းငယ်စုထားမိခဲ့လို့ မိဘ(၂)ပါးလုံးပင်စင်ယူချိန်မှာ ဘဏ်တိုးလေးနဲ့ မိသားစုစားဝတ်နေရေးအဆင်ပြေချောမွေ့နေခဲ့ပေမယ့် သူများချွေးနည်းစာကို လိမ်လည်လှည့်ယူတတ်တဲ့ သူအချို့ကြောင့် စုဆောင်းမိထားတဲ့ငွေကြေးတွေဆုံးရှုံးခဲ့ချိန်မှာတော့ အစ်ကိုကြီးနဲ့ကျွန်မဘွဲ့ရပြီးလို့ လုပ်ငန်းခွင်ဝင်ချိန်မှာပေါ့။
အစ်ကိုက တပ်မတော်နည်းပညာတက္ကသိုလ်ကဘွဲ့ရခဲ့ပြီး သူကျောင်းဆင်းကတည်းက သူ့လစာချက်စာအုပ်ကို မေမေ့ဆီ အပ်ထားခဲ့တယ်။ သူ့လစာကို မေမေထုတ်ပေးပြီး အိမ်စရိတ်၊ သူ့ဘဏ်စာအုပ်ထဲ စုဖို့ငွေဆိုပြီး ခွဲခြမ်းစိတ်ဖြာကာ ပို့သလောက်ငွေကိုသာ လောက်ငှအောင်သုံးခဲ့ပြီး ဘယ်တော့မှအိမ်ကို နောက်ထပ်လက်ဖြန့်မတောင်းတတ်ခဲ့သူ။ ကျွန်မကတော့ ကုမ္ပဏီတစ်ခုက အကြီးပိုင်းဝန်ထမ်းတစ်ဦး။ ရတဲ့လစာက နှစ်သိန်းကျော်။ မေမေ့ကို တစ်သိန်းလောက်သာအပ်ပြီး ကျန်တာကို ကျွန်မသုံးဖို့ချန်ထားတတ်တယ်။ အစ်ကို့လစာကပိုတဲ့ တစ်သိန်းရယ်၊ ကျွန်မအပ်တဲ့လစာ တစ်သိန်း၊ စုစုပေါင်း နှစ်သိန်းနဲ့ တစ်လတစ်လအိမ်စရိတ်ကို အဆင်ပြေအောင် မေမေက လောက်ငှအောင်စီမံပေးတယ်။ စျေးဝယ်ပေးတာက ညီမလေး။ ချက်တာပြုတ်တာတော့ ကျွန်မနဲ့ညီမလေး အဆင်ပြေသလိုချက်ကြတယ်။ အပိုဝင်ငွေရယ်လို့ မရှိတော့တဲ့ ကျွန်မတို့မိသားစုလေးအတွက် အစစအရာရာအဆင်ပြေချောမွေ့ပြီး မီးဖိုချောင်ကိစ္စကိုလည်း သေချာစွာစီမံခန့်ခွဲတတ်သူက မေမေ။
ကျွန်မက နှလုံးရောဂါရှိသူမို့ အနံ့အသက်ဆိုးတာတို့ အသက်ရှုကြပ်လာတာတို့ဆို မူးမေ့တတ်သူပါ။ ငယ်စဉ်ကလည်း ဖေဖေ့ရုံးမှ ဖေဖေ့အတွက် သီးသန့်ပေးထားသော ကားဖြင့်သာ ကျောင်းသွားကျောင်းပြန်ခဲ့ရသလို တက္ကသိုလ်ကျောင်းတက်ပြန်တော့လည်း အိမ်ရှေ့အထိလာကြိုပေးတဲ့ ကျောင်းကားနဲ့သာ ကျောင်းတက်ခဲ့ရပါတယ်။ ဒါကြောင့်မို့ လုပ်ငန်းခွင်ဝင်တဲ့အခါမှာတော့ ရုံး Ferry မရှိတဲ့အတွက် ကျွန်မရုံးသွားတဲ့အခါ ဘတ်စ်ကားကြပ်လို့ အသက်ရှူကြပ်မှာတို့၊ ရုံးပြန်တဲ့အချိန် ချွေးနံ့တွေကြားထဲမှာ အနံ့မခံနိုင်ဖြစ်ပြီး မူးမေ့လဲမှာတို့ကြောက်ပြီး တစ်လတစ်လရတဲ့ လစာထဲကနေ ရုံးသွားရုံးပြန်ကို တက္ကစီနဲ့သာ သွားဖြစ်နေတာ အလုပ်စဝင်ကတည်းကပဲပေါ့။ အလုပ်နဲ့အိမ်နဲ့ကို တက္ကစီတစ်ခါငှား ၁၅၀၀ိ/-၊ အသွားအပြန်ဆိုတော့ တစ်ရက်ကို ၃၀၀၀ိ/- ကုန်တယ်။ မေမေ့ကို တစ်သိန်းအပ်ပြီး ကျန်တဲ့တစ်သိန်းကျော်က တစ်လတစ်လ တက္ကစီဖိုးတင် ကိုးသောင်းနီးပါးကုန်တယ်။ ဒါတောင်ကျန်တဲ့ တိုလီမုတ်စပစ္စည်းတွေ၊ အဝတ်အစားတွေဝယ်တာ မပါသေးဘူး။ အဲဒီတော့ ကျွန်မတစ်လတစ်လ ပိုက်ဆံလေးတောင် စုမိတယ်လို့လည်း မရှိခဲ့ဘူးပေါ့။
အသက်(၈၀)နားကပ်နေပြီး အစိုးရဝန်ထမ်းပင်စင်စားတစ်ယောက်ဖြစ်တဲ့ ကျွန်မဖေဖေက ရပ်ကွက်သာရေး၊ နာရေးကိုလည်း အားကြိုးမာန်တက်လုပ်ပေးတဲ့အပြင် ဗုဒ္ဓတက္ကသိုလ်တစ်ခုမှာလည်း ဒီပလိုမာတက်ရောက်ပြီး ဗုဒ္ဓစာပေတွေကို လေ့လာကျက်မှတ်နေသူ။ တစ်ကယ်ဆို ကျွန်မဖေဖေရဲ့ ညာဘက်မျက်လုံးက ခွဲစိတ်မှုမှားယွင်းခြင်းကြောင့် မျက်ကြည်လွှာပျက်စီးနေခဲ့ပြီး နောက်တစ်ဖက်ကတော့ သွေးကြောလေးတွေပေါက်နေလို့ မျက်စိနှစ်ကွင်းကလည်း ကောင်းမွန်စွာအလင်းရနေတာတော့မဟုတ်ပါဘူး။ မျက်မှန်အထူကြီးတပ်ရတဲ့အပြင် မှန်ဘီလူးအထူကြီးနဲ့ ကြည့်ပါမှ စာတွေကိုဝေဝေ၀ါးဝါးမြင်ရသူတစ်ယောက်ဖြစ်ပေမယ့် ဇွဲမလျှော့ကာ ဗုဒ္ဓယဉ်ကျေးမှုတက္ကသိုလ်က ဒီပလိုမာစာမေးပွဲကို ရအောင်ဖြေဆိုခဲ့ပါတယ်။
ဒီလိုနဲ့ လွန်ခဲ့တဲ့တစ်ပတ်ကျော်လောက်က ကျွန်မရုံးကပြန်လာတော့ ဖေဖေနဲ့မေမေတို့ စကားပြောနေသံကြားပြီး အတော်လေး စိတ်မကောင်းဖြစ်သွားမိတယ်။
“အမေကြီးရေ … ကိုယ်တော့ စာမေးပွဲအောင်တယ် … အဲဒါ နောက်နှစ်လလောက်နေရင် ဗုဒ္ဓတက္ကသိုလ်ရဲ့ ကျောင်းအုပ်ဆရာတော်ရှိရာ မြို့လေးမှာ ဒီပလိုမာသွားယူရမှာ … အတူတူစာမေးပွဲအောင်တဲ့ ဦးဝင်းလှိုင်တို့ … ဦးမော်စီတို့တွေလည်း ပါမယ် … အကုန်သွားကြမှာကွ … ဆရာတော်ကလည်း ကိုယ်တိုင်ကိုယ်ကျတက်ယူစေချင်တယ်လို့ ပြောတယ်ကွာ … အားလုံးကသွားကြမယ်ဆိုတော့ ကိုယ်လည်းလိုက်သွားချင်လိုက်တာ … တစ်သိန်းခွဲလောက်တော့ ကုန်မယ်ပြောတယ် အမေကြီးရာ”
“လိုက်ချင်တာတော့ လိုက်ချင်တာပေါ့ အဖေကြီးရယ် … ဒါပေမယ့် ကျွန်မတို့မှာ ဘယ်မလည်းပိုက်ဆံ … သားကြီးနဲ့ သမီးလတ်တို့လစာတွေနဲ့ တစ်လတစ်လ အလျင်မီလောက်ငှအောင် စားနေကြရတာ … ဘယ်ကပိုက်ဆံရှိမှာလည်းရှင် … ဒါတောင် သမီးငယ်လေးကျောင်းပြီးသွားလို့ အများကြီးတော်သွားတာ”
“အေးကွာ … ကိုယ်လည်း မနက်က ဆရာတော်ဆီ ဦးဝင်းလှိုင်တို့နဲ့အတူသွားရင်း စာမေးပွဲအောင်ပြီး ဒီပလိုမာရတဲ့သူတွေ အကုန်သွားကြမှာဆိုတော့ လိုက်ချင်သွားလို့ပါကွာ … ဒီလိုပဲ ပြောကြည့်တာ”
“ဒီလိုလုပ် … ကျွန်မ လက်ကောက်နှစ်ကွင်းလောက်ကို တစ်ယောက်ယောက်ဆီပေါင်ပြီး ပိုက်ဆံချေးကြည့်မယ် … အဲဒါနဲ့သွားပေါ့ … နောက်မှတဖြည်းဖြည်းချင်း ပြန်ရွေးကြတာပေါ့”
“ဟာ … မဖြစ်ပါဘူးကွာ … ပြန်ရွေးမယ်ဆိုလည်း ဘာပိုက်ဆံနဲ့ပြန်ရွေးကြမှာတုန်းကွ … တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှလည်း ပေါင်နှံပြီး ဘယ်သူ့ဆီကမှ ပိုက်ဆံမချေးဖူးဘူးကွာ … နေပါစေ … ကိုယ်မသွားတော့ပါဘူး …”
သြော် … ဖြစ်ရလေ ဖေဖေရယ်။ ကျွန်မ ဖေဖေဆန္ဒကိုဘယ်လိုဖြည့်ဆည်းပေးရပါ့။ သူငယ်ချင်းတွေဆီ ပိုက်ဆံလိုက်ချေးကြည့်ရ ကောင်းမလား? ဒါမှမဟုတ် ရုံးကချေးငွေထုတ်ရင်ကောင်းမလား? ခက်တာက ငယ်ငယ်ကတည်းက မေမေဆုံးမထားတဲ့အတိုင်း “ငွေရေးကြေးရေး ချေးတာငှားတာ မကြိုက်ဘူး။ မလုပ်ရဘူး”ဆိုတဲ့ စကားအတိုင်း သူငယ်ချင်းတွေဆီက တစ်ခါမှ အချေးအငှားလည်း လုပ်ဖူးတာမဟုတ်။ ကျွန်မကိုယ်ပိုင်စုထားတဲ့ ပိုက်ဆံကလည်းမရှိနဲ့တော့ ခက်နေပါပြီ။ နောက်နှစ်လကျော်လောက်မှဆို အချိန်တော့ရပါသေးတယ်။ ဒါပေမယ့် လိုက်မယ့်သူစာရင်းက ကြိုပေးရတာလားမသိ။ ကျွန်မလည်းအတွေးပေါင်းမြောက်များစွာနဲ့ တစ်ညလုံးအိပ်မပျော်ခဲ့ပါဘူး။ အသက်အရွယ်ကြီးရင့်နေတဲ့ မိဘတွေကို ဖြစ်ချင်တဲ့ဆန္ဒတွေ၊ လုပ်ချင်တာတွေကို စိတ်တိုင်းကျ ပေးမလုပ်စေနိုင်တဲ့အတွက်လည်း ကျွန်မဝမ်းနည်းမိတယ်။ ဒါနဲ့များ ဘုရားရှိခိုးတိုင်း ဆုတောင်းမိတာရှိသေးတယ်။ “မိဘကျေးဇူးဆပ်နိုင်သော သားသမီးဖြစ်ရပါလို၏”တဲ့လား? …
*--------------------------------------------------------------*
တစ်ပတ်လောက်စဉ်းစားရင်း အဖြေကမထွက်တော့ စိတ်လည်းညစ်လှပြီ။ ဖေဖေ့ကိုလည်း သနားလှပြီ။ အိမ်ကိုလာလည်ကြတဲ့ ဖေဖေ့မိတ်ဆွေတွေက “ဦးစစ်နိုင်ရေ ဒီပလိုမာ အောင်လက်မှတ်တက်ယူဖို့ လိုက်မှာမှတ်လား”လို့ မေးကြတိုင်း လိုက်ချင်ရဲ့သားနဲ့ မျက်စိကောင်းကောင်းမမြင်ရတာကလွဲလို့ ကျန်းမာရေးဒေါင်ဒေါင်မြည်တဲ့ ဖေဖေက “မလိုက်တော့ပါဘူးဗျာ … ကျွန်တော့်ကျန်းမာရေးကလည်း သိပ်ကောင်းတာမဟုတ်ဘူး”ဆိုတဲ့ ငြင်းလိုက်သံတွေကြားတိုင်း စိတ်မကောင်းဖြစ်မိတယ်။
တစ်ရက်တော့ မနက် (၆းဝ၀)နာရီကလည်း ထိုးနေပြီ … ဆက်အိပ်လို့လည်းမရတာနဲ့ ခပ်စောစောပဲထလိုက်တယ်။ ခါတိုင်းဆို (၈)နာရီထိုးကာနီးလောက် အိပ်ယာထတတ်ပြီး မနက်(၉)နာရီထိုးကာနီးမှာ ကားငှားကာ ရုံးကိုသွားရပေမယ့် ဒီနေ့တော့ ကျွန်မအဖို့စောစောစီးစီးနိုးလာလို့ မေမေကတောင် အံ့သြနေတာမြင်တော့ ဘာမှအထွေအထူးရှင်းပြမနေတော့ပဲ ရေမိုးချိုး၊ ရုံးယူနီဖောင်းလဲပြီး ထမင်းချိုင့်လေးဆွဲလို့ အိမ်နဲ့သိပ်မဝေးလှသော ဘတ်စ်ကားဂိတ်ဆီသို့ ထွက်လာလိုက်တယ်။
အချိန်ကအတော်လေးစောနေတာနဲ့ ကားချက်ချင်းမငှားသေးဘဲ ဘတ်စ်ကားဂိတ်မှာ ရပ်နေတုန်း ကျွန်မရှေ့ကိုထိုးရပ်လာတဲ့ BM တစ်စီး “တောင်ဥက္ကလာ၊ မိုးကောင်း၊ ရန်ကင်း၊ စျေးကွေ့၊ ဆူးလေ”လို့ တကြော်ကြော်အော်ခေါ်နေတဲ့ ယာဉ်နောက်လိုက်လုပ်သားလေးရဲ့ အသံကိုနားထောင်ရင်း “ဒီကားက အတော်လေးချောင်တာပဲ … ရုံးနားကိုလည်း ရောက်တယ်ဆိုတော့ စီးသွားမယ်”လို့ စိတ်ကူးလိုက်ပြီး ကားပေါ်တက်လိုက်တယ်။ ကားပေါ်ရောက်တော့ ချက်ချင်းနေရာမရသေးပေမယ့် သုံးမှတ်တိုင်လောက်အရောက်မှာ ကျွန်မရပ်နေတဲ့ခုံနားကလူကြီးတစ်ယောက်ဆင်းသွားလို့ ဝင်ထိုင်လိုက်ရင်း စိတ်ကူးတစ်ချို့ပျံ့လွင့်သွားရင်းနဲ့ ရုတ်တရက်ကျွန်မအတွေးတစ်ခုရသွားတယ်။
အခုလိုမျိုးရုံးကို စောစောထွက်လာတဲ့အချိန်ဆို လူရှင်း၊ ကားချောင်တာမို့ ကျွန်မကြောက်တဲ့ အနံ့အသက်ဆိုတွေ၊ ကားကြပ်ကြပ်မှာ လေမရလို့ အသက်ရှူကြပ်တာတွေမကြုံရတော့ဘူး။ ကားခက ရုံးအထိမှ ၂၀၀ိ/-၊ ကျွန်မတစ်နေ့တစ်နေ့ တက္ကစီငှားလို့ကုန်ကျငွေက တစ်ရက်ကို ၃၀၀၀ိ/-၊ တစ်လဆို ၉၀၀၀၀ိ/-၊ ခုဆိုဘတ်ကားစီးရင် တစ်ရက်မှ အသွားအပြန်အတွက် ၄၀၀ိ/-၊ တစ်လလုံးစာမှ ၁၂၀၀၀ိ/-ပဲ ကုန်မှာ။ တက္ကစီငှားစီးမယ့် ပိုက်ဆံ ၉၀၀၀၀ိ/- ကို ချွေတာပြီးစုလိုက်ရင် (၂)လဆိုတာနဲ့ ၁၈၀၀၀၀ိ/- လောက်ရမှာ။ ဖေဖေ ဒီပလိုမာသွားယူဖို့ကလည်း နောက်(၂)လလောက်နေမှဆိုတော့ ကျွန်မဖေဖေ့ကို ခရီးစရိတ်ကန်တော့လို့ရပြီပေါ့။ ဖေဖေလည်း သူ့ဆန္ဒအတိုင်း ဗုုဒ္ဓတက္ကသိုလ်က ချီးမြှင့်တဲ့ ဒီပလိုမာကို ကိုယ်တိုင်ကိုယ်ကျသွားပြီး တက်ယူနိုင်ပြီပေါ့။ ကျွန်မစိတ်ကူးလေးနဲ့ ကျွန်မပျော်ရွှင်ရတဲ့အတွက် နှုတ်ခမ်းကပြုံးမိသွားတယ်ထင်ပ။ ဘေးမှာထိုင်နေတဲ့အန်တီကြီးနဲ့ မတ်တပ်ရပ်ခရီးသည်အချို့ ကျွန်မကို ကြည့်နေကြတာမြင်လည်း မရှက်နိုင်တော့ပါဘူး။
*--------------------------------------------------------------*
ဒီနေ့တော့ ရုံးသွားမယ့်ကျွန်မခြေလှမ်းတွေ တက်ကြွနေခဲ့ပါတယ်။ မနက်စောစောထ ထမင်းဟင်းချက်ခဲ့ပြီး ရုံးသွားဖို့ အိမ်ကမထွက်ခင်လေးမှာ-
“ဖေဖေ …. ဗုဒ္ဓတက္ကသိုလ်ကနေပေးတဲ့ ဒီပလိုမာကို ဖေဖေကိုယ်တိုင် တက်ယူချင်တာမှတ်လား … ခရီးစရိတ်အတွက် မပူနဲ့ … သမီးကန်တော့မယ်” ဆိုပြီး ကျွန်မစိတ်ကူးလေးကို ပြောလိုက်တဲ့အချိန် အံ့သြဝမ်းသာသွားတဲ့ ဖေဖေ့ရဲ့မျက်နှာ ကျွန်မတစ်သက်မေ့နိုင်မယ် မထင်ပါဘူး။
“ဖြစ်ပါ့မလား သမီးရယ် … ငါ့သမီးက ကျန်းမာရေးလည်း ကောင်းတာမဟုတ်ဘူး … ဘတ်စ်ကားပေါ်မှာ မူးမေ့လဲနေမှဖြင့် …..”
“အို ဖေဖေရယ် … သမီးက လူငယ်ပါ … ငါနှလုံးရောဂါသည်ပါဆိုပြီး နုနေရင် သမီးဘယ်တော့မှ ကျန်းမာမှာမဟုတ်တော့ဘူး … ပြီးတော့သမီးကျန်းမာစွာနဲ့ သမီးကိုဒီအရွယ်ထိ ကျွေးမွေးစောင့်ရှောက်ပြုစုလာခဲ့တဲ့ ဖေဖေ၊ မေမေတို့ ကျေးဇူးကိုဖြင့် သမီးဘယ်လောက်မှဆပ်နိုင်သေးတာ မဟုတ်ဘူး … သမီး ဒီလောက်လေးတော့ ဖြည့်ဆည်းပေးပါရစေ ဖေဖေရယ်”လို့ ပြောရင်း ဝမ်းသာစွာနဲ့ မျက်ရည်တွေဝဲလို့ ကျန်ခဲ့တဲ့ဖေဖေ့ကို နှုတ်ဆက်လို့ ဘတ်စ်ကားဂိတ်လေးဆီသို့ ထွက်လာသောခြေလှမ်းတွေဟာ ပေါ့ပါးသွက်လက်လို့ မလှမ်းမကမ်းကားဂိတ်မှာ ခရီးသည်တွေတင်နေရင်း “မိုးကောင်း၊ ရန်ကင်း၊ စျေးကွေ့၊ ဆူးလေ”လို့ အော်နေတဲ့ BM ဘတ်စ်ကား ယာဉ်နောက်လိုက်လေးရဲ့ အသံလေးဟာ ကျွန်မနားထဲမှာတော့ ချိုမြိန်လှသလို မနက်ခင်းလေးဟာလည်း လှပနေပါတော့တယ်။
မိုးညချမ်း
10.3.2013 (11:30 p.m)




