ဒီမနက်တော့ ဆရာဖေမြင့်ရေးသားတဲ့ “ဦးနှောက်နှင့် နှလုံးသား(ခံစားမှုနှင့် အတွေးစာစု)”စာအုပ်လေးထဲက “သားသမီးကိုချစ်သလား၊ အညွန့်တုံးအောင်မပြောပါနှင့်”ဆိုတဲ့ အကြောင်းအရာလေးကို ဖတ်ပြီး ဟိုးတစ်လောက ပျံကျရပ်ကွက်တစ်နေရာကို ပရဟိတကိစ္စနဲ့ပတ်သတ်လို့သွားရင်း အဖေဖြစ်ဟန်တူသူက ကလေးငယ်လေးကို မစာမနာရိုက်နှက်နေတဲ့ မြင်ကွင်းလေးကို ကျွန်မ သွားသတိရလိုက်ပါတယ်။ ကလေးက အလွန်ဆုံးရှိလှ (၄) (၅)နှစ်ပေါ့။ ကလေးကို သူ့ရဲ့ဖိနပ်နဲ့ ခေါင်းကိုရိုက်လိုက်၊ ပါးကိုရိုက်လိုက် ခြေထောက်တွေနဲ့ ကန်လိုက်ရိုက်နေလိုက်တာများရှင်။ ကလေးခမျာမှာလည်း လူးလှိမ့်လို့ “ကြောက်ပါပြီ။ သားကိုမရိုက်ပါနဲ့တော့”လို့ အော်ဟစ်ငိုယိုတောင်းပန်နေတဲ့ မြင်ကွင်းကိုကြည့်ပြီး ရင်ထဲမချိအောင်ပါပဲ။ ကျွန်မနဲ့ဘာမှမသက်ဆိုင်တဲ့ မြင်ကွင်းတစ်ခုလို့ပြောလို့ရပေမယ့် အတော်လေးကြာအောင် ထိုမြင်ကွင်းကို စိုက်ကြည့်နေမိတယ်။ အတူပါလာတဲ့ သူငယ်ချင်းမလေးက “ဟဲ့ ဘာငေးနေတာလည်း သွားမယ်လေ”လို့ သတိပေးလိုက်မှ ကျွန်မကိုယ့်ကိုကိုယ် ပြန်သတိထားမိလိုက်တာက မျက်ရည်တွေကျနေမိတယ်ဆိုတာပါပဲ။
အဲဒီကလေးငယ် ခိုးသလား? ဝှက်သလား? မဟုတ်တာပဲ လုပ်သလား? ရိုက်ပါ။ သို့ပေမယ့် ထိုလောက်ကြီး မြေမှာလူးလိမ့်နေလောက်သည်ထိ ရိုက်နှက်ဖို့ လိုသလားရှင်။ “မိဘ”က ပညာမတတ်လို့ အဲဒီလိုဖြစ်တာလို့ ပြောလို့ရနိုင်ပေမယ့် သူ့မှာအနည်းအကျဉ်းတော့ တွေးခေါ်တတ်စိတ်ရှိလောက်မှာပါ။ သူတွေးတောတတ် စဉ်းစားတတ်လို့ ကလေးငယ်မှားလို့ပဲဖြစ်ဖြစ်၊ သူခိုင်းတာတစ်ခုခုမလုပ်ပေးလို့ပဲဖြစ်ဖြစ် ရိုက်နှက်ဆုံးမတာလို့ ကျွန်မယူဆမိလိုက်ပါတယ်။ ကလေးငယ်မှာ အမှားမရှိဘဲ အသားလွတ်ရိုက်ခြင်းဆိုရင်တော့ သူ့စိတ်ဓါတ်ဟာ အတော်လေးဆိုးရွားနေပြီလို့ ထင်မိတယ်။ ပညာမတတ်သော်လည်း အသိဉာဏ်ရှိတဲ့သူတစ်ယောက်အနေနဲ့ လက်အုပ်ချီငိုယိုတောင်းပန်နေတဲ့ကလေးငယ်ကို မစာမနာရိုက်နှက်နေခြင်းအတွက် ကျွန်မကသာ မခံမရပ်နိုင် ဖြစ်လို့ မျက်ရည်တွေကျနေမိတာ။ ဘေးကလူတွေကတော့ အေးဆေးပဲ။ ဝင်လည်း မဆွဲကြဘူး။ ဒီအတိုင်း ရပ်ကြည့်နေကြလေရဲ့။ သူတို့ပတ်ဝန်းကျင်မှာ ဒီလိုမြင်ကွင်းကဖြစ်ပျက်နေကြလား မသိပေမယ့် ကျွန်မ အသိစိတ်နဲ့ နှလုံးသားကတော့ ဘယ်လိုမှလက်မခံနိုင်တဲ့ မြင်ကွင်းဖြစ်နေပါတယ်။
မှန်ပါတယ် “မိဘ”ဆိုတာ သားသမီးကို ရိုက်နှက်ဆုံးမပိုင်ခွင့်လည်း ရှိကြပါတယ်။ သို့ပေမယ့်လည်း နှလုံးသားနုသေးတဲ့၊ အတွေးအခေါ်မရင့်ကျက်သေးတဲ့ ကလေးငယ်တစ်ယောက်က အမှားလုပ်ခဲ့မိတယ်ပဲ ထားအုံး။ အမှားတစ်ခါလုပ်တိုင်းသာ အဲဒီကလေးငယ်ကို ကျွဲရိုက်၊ နွားရိုက် ရိုက်ရမယ်ဆိုရင် ကလေးငယ်ရဲ့ စိတ်ထဲမှာ ဖော်မပြနိုင်တဲ့ “ဒဏ်ရာ”တစ်ခုရသွားပြီ။ အဲဒီကလေးအရွယ်ရောက်လာတာနဲ့အမျှ သူ့ဘဝမှာ ပျော်ရွှင်စရာတွေ တွေ့ကြုံရတယ်ဆိုတော်သေးရဲ့။ စိတ်ညစ်စရာတွေ၊ စိတ်ဓါတ်ကျစရာတွေသာ ကြုံတွေ့နေရ မယ်ဆို ငယ်စဉ်ကတည်းက ရခဲ့တဲ့ စိတ်ဒဏ်ရာ ဘယ်လောက်ထိ ဆိုးဝါးစွာ စိတ်အစဉ်ကို ဒုက္ခပေးနေ လိုက်မလဲရှင်။ ကိုယ်ချင်းစာမိပါရဲ့။
ကျွန်မငယ်စဉ်က ဖေဖေဘုရားရှိခိုး၊ တရားထိုင်နေတုန်း ပစ္စည်းတစ်ခုလွတ်ကျလို့ အသံကျယ်လောင်စွာ ထွက်သွားခြင်းအတွက် ဖေဖေ့ရဲ့လမ်းလျှောက်တုတ်ကောက်ကျိုးသည်ထိ လှိမ့်နေအောင်အရိုက်ခံရဖူးပါတယ်။ အဲဒီတုန်းက အပြစ်မရှိဘဲရိုက်ပါတယ်ဆိုပြီး ဖေဖေ့ကိုစိတ်ဆိုးလွန်းလို့ တစ်လလောက်စကားမပြောဖြစ်ခဲ့ဘူး။ ဖေဖေက “သူမုန်းလို့ရိုက်တာမဟုတ်ဘူး၊ အဲဒီတုန်းက သူအလုပ်မှာလည်းအဆင်မပြေခြင်း၊ အချို့ကိစ္စတွေ မှာလည်း အဆင်မပြေခြင်းတွေအတွက် ကျွန်မကဒေါသဖြေလျှော့ရာဖြစ်ခဲ့ရတာပါ”လို့ မေမေ့ကိုပြောပြခြင်း တွေကို ကြားခဲ့ရပေမယ့် ကျွန်မစိတ်ထဲမမေ့ပျောက်နိုင်တဲ့ဒဏ်ရာတစ်ခု ရခဲ့ဖူးတယ်။ တစ်ခါတစ်ရံဖေဖေနဲ့ စကားပြောဖြစ်တဲ့အခါ တိုက်ဆိုင်တိုင်း ကျွန်မထိုသို့ရိုက်နှက်ခံရဖူးခြင်းကို “ဖေဖေ သမီးငယ်ငယ်က အဲလိုရိုက်ခဲ့ဖူးတာကို သမီးမေ့လို့မရဘူး”လို့ ပြောလိုက်တဲ့အခါ စိတ်မကောင်းဖြစ်ဖြစ်သွားတတ်တဲ့ ဖေဖေ့ကို ကြည့်ပြီး ကျွန်မအမြဲငိုခဲ့ဖူးတယ်။ ဒါတောင် ကျွန်မရရှိဖူးတဲ့ စိတ်ဒဏ်ရာက ခပ်နက်နက်မဟုတ်သေးပေမယ့် ကလေးဘဝရဲ့ နူးညံ့တဲ့စိတ်ရှိစဉ်အခါက ရခဲ့တာဆိုတော့ မေ့ဖျောက်မရတဲ့ နာကျင်စရာဖြစ်ခဲ့ရတယ်။ “စိတ်ဒဏ်ရာ”ဆိုတာ ပြောတော့သာ စကားလုံးလေး (၃)လုံးတည်းရယ်။ တစ်ကယ်တမ်းခံစားရတဲ့အခါ တဆစ်ဆစ်နဲ့ဘယ်လောက်နာကျင်ရတယ်ဆိုတာ ခံစားဖူးသူတွေသာ အသိဆုံးပေါ့။
ကလေးငယ်တစ်ယောက်ရဲ့ နူးညံ့တဲ့အဖြူရောင်စိတ်လေးမှာ ခပ်ညစ်ညစ်အရောင်တစ်ချို့ စွန်းထင်းသွားပြီ ဆိုရင်တော့ အဲဒီကလေးငယ်ရဲ့ ဘဝတစ်လျှောက်လုံး ခပ်ညစ်ညစ်အရောင်စွန်းနေတဲ့ စိတ်က တိုက်ဆိုင်မှု ရှိတိုင်းပဲဖြစ်ဖြစ် စိတ်ဓါတ်ကျနေချိန်ပဲဖြစ်ဖြစ် ဘယ်လောက်များစိတ်ဒုက္ခပေးလိုက်မလည်းလို့ တွေးမိပါရဲ့။ ကလေးငယ်တွေရဲ့အနာဂတ်လှပဖို့နဲ့ စိတ်ဓါတ်ရေးရာနဲ့သက်ဆိုင်လို့ကတော့ အုပ်ထိန်းသူတွေနဲ့အများကြီး သက်ဆိုင်မယ်လို့ ကျွန်မထင်မြင်မိပါတယ်။
@*****************************************@
ဒီအကြောင်းလေးရေးရင်းနဲ့ ငယ်စဉ်က ကျွန်မဖတ်ခဲ့ဖူးတဲ့ စာအုပ်တစ်အုပ်မှ အချက်လေးတွေကို စာချစ်သူတို့ ဗဟုသုတရစေဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
“ဘဝမှရရှိသော သင်ခန်းစာ”
* နှိမ်ချပြက်ရယ်ပြုခြင်းကို အမြဲတစေခံစားရသောကလေးသည် တွန့်ဆုတ်ကြောက်ရွံ့လေ့ရှိ၏။
* ပြစ်တင်ရှုံ့ချခြင်းကို အမြဲတစေခံရသောကလေးသည် သူတစ်ပါးကို အပြစ်ရှာလေ့ရှိ၏။
* အမုန်းနှင့်ထိတွေ့ရသောကလေးသည် သူတစ်ပါးကို ရန်မူလေ့ရှိ၏။
* မေတ္တာဖြင့်ထွေးပိုက်ခြင်း မခံရသောကလေးသည် သူတစ်ပါးကိုရန်မူလေ့ရှိ၏။
* ထောက်ခံအားပေးမှုခံရသောကလေးသည် မိမိစွမ်းရည်ကို အားထားယုံကြည်လေ့ရှိ၏။
* ချီးမြှင့်မြှောက်စားခြင်းခံရသောကလေးသည် သူတစ်ပါး၏ ကျင့်ကြံဆောင်ရွက်မှုကို တန်ဖိုးထားလေ့ရှိ၏။
* အေးအတူပူအမျှစိတ်ထားရှိသူနှင့်နေရသော ကလေးသည် သူတစ်ပါးအပေါ်၌ စာနာလေ့ရှိ၏။
* သည်းခံတတ်သူနှင့်ထိတွေ့ရသောကလေးသည် သူတစ်ပါးကိုခွင့်လွှတ်လေ့ရှိ၏။
* ဗဟုသုတရှာမီးသူများနှင့်ထိတွေ့ရသောကလေးသည် ပညာ၏တန်ဖိုးကို သိရှိနားလည်တတ်၏။
* ပျော်ရွှင်သောပေါင်းသင်းစုနှင့်ထိတွေ့နေရသောကလေးသည် မေတ္တာနှင့်လှပခြင်းကို ရှာဖွေသိရှိတတ်၏။
မိုးညချမ်း
25.1.2013 (1:15 p.m)





