Friday, February 1, 2013

အဖြူရောင်ကလေးငယ်



ဒီမနက်တော့ ဆရာဖေမြင့်ရေးသားတဲ့ “ဦးနှောက်နှင့် နှလုံးသား(ခံစားမှုနှင့် အတွေးစာစု)”စာအုပ်လေးထဲက “သားသမီးကိုချစ်သလား၊ အညွန့်တုံးအောင်မပြောပါနှင့်”ဆိုတဲ့ အကြောင်းအရာလေးကို ဖတ်ပြီး ဟိုးတစ်လောက ပျံကျရပ်ကွက်တစ်နေရာကို ပရဟိတကိစ္စနဲ့ပတ်သတ်လို့သွားရင်း အဖေဖြစ်ဟန်တူသူက ကလေးငယ်လေးကို မစာမနာရိုက်နှက်နေတဲ့ မြင်ကွင်းလေးကို ကျွန်မ သွားသတိရလိုက်ပါတယ်။ ကလေးက အလွန်ဆုံးရှိလှ (၄) (၅)နှစ်ပေါ့။ ကလေးကို သူ့ရဲ့ဖိနပ်နဲ့ ခေါင်းကိုရိုက်လိုက်၊ ပါးကိုရိုက်လိုက် ခြေထောက်တွေနဲ့ ကန်လိုက်ရိုက်နေလိုက်တာများရှင်။ ကလေးခမျာမှာလည်း လူးလှိမ့်လို့ “ကြောက်ပါပြီ။ သားကိုမရိုက်ပါနဲ့တော့”လို့ အော်ဟစ်ငိုယိုတောင်းပန်နေတဲ့ မြင်ကွင်းကိုကြည့်ပြီး ရင်ထဲမချိအောင်ပါပဲ။ ကျွန်မနဲ့ဘာမှမသက်ဆိုင်တဲ့ မြင်ကွင်းတစ်ခုလို့ပြောလို့ရပေမယ့် အတော်လေးကြာအောင် ထိုမြင်ကွင်းကို စိုက်ကြည့်နေမိတယ်။ အတူပါလာတဲ့ သူငယ်ချင်းမလေးက “ဟဲ့ ဘာငေးနေတာလည်း သွားမယ်လေ”လို့ သတိပေးလိုက်မှ ကျွန်မကိုယ့်ကိုကိုယ် ပြန်သတိထားမိလိုက်တာက မျက်ရည်တွေကျနေမိတယ်ဆိုတာပါပဲ။

အဲဒီကလေးငယ် ခိုးသလား? ဝှက်သလား? မဟုတ်တာပဲ လုပ်သလား? ရိုက်ပါ။ သို့ပေမယ့် ထိုလောက်ကြီး မြေမှာလူးလိမ့်နေလောက်သည်ထိ ရိုက်နှက်ဖို့ လိုသလားရှင်။ “မိဘ”က ပညာမတတ်လို့ အဲဒီလိုဖြစ်တာလို့ ပြောလို့ရနိုင်ပေမယ့် သူ့မှာအနည်းအကျဉ်းတော့ တွေးခေါ်တတ်စိတ်ရှိလောက်မှာပါ။ သူတွေးတောတတ် စဉ်းစားတတ်လို့ ကလေးငယ်မှားလို့ပဲဖြစ်ဖြစ်၊ သူခိုင်းတာတစ်ခုခုမလုပ်ပေးလို့ပဲဖြစ်ဖြစ် ရိုက်နှက်ဆုံးမတာလို့ ကျွန်မယူဆမိလိုက်ပါတယ်။ ကလေးငယ်မှာ အမှားမရှိဘဲ အသားလွတ်ရိုက်ခြင်းဆိုရင်တော့ သူ့စိတ်ဓါတ်ဟာ အတော်လေးဆိုးရွားနေပြီလို့ ထင်မိတယ်။ ပညာမတတ်သော်လည်း အသိဉာဏ်ရှိတဲ့သူတစ်ယောက်အနေနဲ့ လက်အုပ်ချီငိုယိုတောင်းပန်နေတဲ့ကလေးငယ်ကို မစာမနာရိုက်နှက်နေခြင်းအတွက် ကျွန်မကသာ မခံမရပ်နိုင် ဖြစ်လို့ မျက်ရည်တွေကျနေမိတာ။ ဘေးကလူတွေကတော့ အေးဆေးပဲ။ ဝင်လည်း မဆွဲကြဘူး။ ဒီအတိုင်း ရပ်ကြည့်နေကြလေရဲ့။ သူတို့ပတ်ဝန်းကျင်မှာ ဒီလိုမြင်ကွင်းကဖြစ်ပျက်နေကြလား မသိပေမယ့် ကျွန်မ အသိစိတ်နဲ့ နှလုံးသားကတော့ ဘယ်လိုမှလက်မခံနိုင်တဲ့ မြင်ကွင်းဖြစ်နေပါတယ်။

မှန်ပါတယ် “မိဘ”ဆိုတာ သားသမီးကို ရိုက်နှက်ဆုံးမပိုင်ခွင့်လည်း ရှိကြပါတယ်။ သို့ပေမယ့်လည်း နှလုံးသားနုသေးတဲ့၊ အတွေးအခေါ်မရင့်ကျက်သေးတဲ့ ကလေးငယ်တစ်ယောက်က အမှားလုပ်ခဲ့မိတယ်ပဲ ထားအုံး။ အမှားတစ်ခါလုပ်တိုင်းသာ အဲဒီကလေးငယ်ကို ကျွဲရိုက်၊ နွားရိုက် ရိုက်ရမယ်ဆိုရင် ကလေးငယ်ရဲ့ စိတ်ထဲမှာ ဖော်မပြနိုင်တဲ့ “ဒဏ်ရာ”တစ်ခုရသွားပြီ။ အဲဒီကလေးအရွယ်ရောက်လာတာနဲ့အမျှ သူ့ဘဝမှာ ပျော်ရွှင်စရာတွေ တွေ့ကြုံရတယ်ဆိုတော်သေးရဲ့။ စိတ်ညစ်စရာတွေ၊ စိတ်ဓါတ်ကျစရာတွေသာ ကြုံတွေ့နေရ မယ်ဆို ငယ်စဉ်ကတည်းက ရခဲ့တဲ့ စိတ်ဒဏ်ရာ ဘယ်လောက်ထိ ဆိုးဝါးစွာ စိတ်အစဉ်ကို ဒုက္ခပေးနေ လိုက်မလဲရှင်။ ကိုယ်ချင်းစာမိပါရဲ့။
ကျွန်မငယ်စဉ်က ဖေဖေဘုရားရှိခိုး၊ တရားထိုင်နေတုန်း ပစ္စည်းတစ်ခုလွတ်ကျလို့ အသံကျယ်လောင်စွာ ထွက်သွားခြင်းအတွက် ဖေဖေ့ရဲ့လမ်းလျှောက်တုတ်ကောက်ကျိုးသည်ထိ လှိမ့်နေအောင်အရိုက်ခံရဖူးပါတယ်။ အဲဒီတုန်းက အပြစ်မရှိဘဲရိုက်ပါတယ်ဆိုပြီး ဖေဖေ့ကိုစိတ်ဆိုးလွန်းလို့ တစ်လလောက်စကားမပြောဖြစ်ခဲ့ဘူး။ ဖေဖေက “သူမုန်းလို့ရိုက်တာမဟုတ်ဘူး၊ အဲဒီတုန်းက သူအလုပ်မှာလည်းအဆင်မပြေခြင်း၊ အချို့ကိစ္စတွေ မှာလည်း အဆင်မပြေခြင်းတွေအတွက် ကျွန်မကဒေါသဖြေလျှော့ရာဖြစ်ခဲ့ရတာပါ”လို့ မေမေ့ကိုပြောပြခြင်း တွေကို ကြားခဲ့ရပေမယ့် ကျွန်မစိတ်ထဲမမေ့ပျောက်နိုင်တဲ့ဒဏ်ရာတစ်ခု ရခဲ့ဖူးတယ်။ တစ်ခါတစ်ရံဖေဖေနဲ့ စကားပြောဖြစ်တဲ့အခါ တိုက်ဆိုင်တိုင်း ကျွန်မထိုသို့ရိုက်နှက်ခံရဖူးခြင်းကို “ဖေဖေ သမီးငယ်ငယ်က အဲလိုရိုက်ခဲ့ဖူးတာကို သမီးမေ့လို့မရဘူး”လို့ ပြောလိုက်တဲ့အခါ စိတ်မကောင်းဖြစ်ဖြစ်သွားတတ်တဲ့ ဖေဖေ့ကို ကြည့်ပြီး ကျွန်မအမြဲငိုခဲ့ဖူးတယ်။ ဒါတောင် ကျွန်မရရှိဖူးတဲ့ စိတ်ဒဏ်ရာက ခပ်နက်နက်မဟုတ်သေးပေမယ့် ကလေးဘဝရဲ့ နူးညံ့တဲ့စိတ်ရှိစဉ်အခါက ရခဲ့တာဆိုတော့ မေ့ဖျောက်မရတဲ့ နာကျင်စရာဖြစ်ခဲ့ရတယ်။ “စိတ်ဒဏ်ရာ”ဆိုတာ ပြောတော့သာ စကားလုံးလေး (၃)လုံးတည်းရယ်။ တစ်ကယ်တမ်းခံစားရတဲ့အခါ တဆစ်ဆစ်နဲ့ဘယ်လောက်နာကျင်ရတယ်ဆိုတာ ခံစားဖူးသူတွေသာ အသိဆုံးပေါ့။

ကလေးငယ်တစ်ယောက်ရဲ့ နူးညံ့တဲ့အဖြူရောင်စိတ်လေးမှာ ခပ်ညစ်ညစ်အရောင်တစ်ချို့ စွန်းထင်းသွားပြီ ဆိုရင်တော့ အဲဒီကလေးငယ်ရဲ့ ဘဝတစ်လျှောက်လုံး ခပ်ညစ်ညစ်အရောင်စွန်းနေတဲ့ စိတ်က တိုက်ဆိုင်မှု ရှိတိုင်းပဲဖြစ်ဖြစ် စိတ်ဓါတ်ကျနေချိန်ပဲဖြစ်ဖြစ် ဘယ်လောက်များစိတ်ဒုက္ခပေးလိုက်မလည်းလို့ တွေးမိပါရဲ့။ ကလေးငယ်တွေရဲ့အနာဂတ်လှပဖို့နဲ့ စိတ်ဓါတ်ရေးရာနဲ့သက်ဆိုင်လို့ကတော့ အုပ်ထိန်းသူတွေနဲ့အများကြီး သက်ဆိုင်မယ်လို့ ကျွန်မထင်မြင်မိပါတယ်။

@*****************************************@

ဒီအကြောင်းလေးရေးရင်းနဲ့ ငယ်စဉ်က ကျွန်မဖတ်ခဲ့ဖူးတဲ့ စာအုပ်တစ်အုပ်မှ အချက်လေးတွေကို စာချစ်သူတို့ ဗဟုသုတရစေဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။


“ဘဝမှရရှိသော သင်ခန်းစာ”

* နှိမ်ချပြက်ရယ်ပြုခြင်းကို အမြဲတစေခံစားရသောကလေးသည် တွန့်ဆုတ်ကြောက်ရွံ့လေ့ရှိ၏။

* ပြစ်တင်ရှုံ့ချခြင်းကို အမြဲတစေခံရသောကလေးသည် သူတစ်ပါးကို အပြစ်ရှာလေ့ရှိ၏။

* အမုန်းနှင့်ထိတွေ့ရသောကလေးသည် သူတစ်ပါးကို ရန်မူလေ့ရှိ၏။

* မေတ္တာဖြင့်ထွေးပိုက်ခြင်း မခံရသောကလေးသည် သူတစ်ပါးကိုရန်မူလေ့ရှိ၏။

* ထောက်ခံအားပေးမှုခံရသောကလေးသည် မိမိစွမ်းရည်ကို အားထားယုံကြည်လေ့ရှိ၏။

* ချီးမြှင့်မြှောက်စားခြင်းခံရသောကလေးသည် သူတစ်ပါး၏ ကျင့်ကြံဆောင်ရွက်မှုကို တန်ဖိုးထားလေ့ရှိ၏။

* အေးအတူပူအမျှစိတ်ထားရှိသူနှင့်နေရသော ကလေးသည် သူတစ်ပါးအပေါ်၌ စာနာလေ့ရှိ၏။

* သည်းခံတတ်သူနှင့်ထိတွေ့ရသောကလေးသည် သူတစ်ပါးကိုခွင့်လွှတ်လေ့ရှိ၏။

* ဗဟုသုတရှာမီးသူများနှင့်ထိတွေ့ရသောကလေးသည် ပညာ၏တန်ဖိုးကို သိရှိနားလည်တတ်၏။

* ပျော်ရွှင်သောပေါင်းသင်းစုနှင့်ထိတွေ့နေရသောကလေးသည် မေတ္တာနှင့်လှပခြင်းကို ရှာဖွေသိရှိတတ်၏။


 
မိုးညချမ်း
25.1.2013 (1:15 p.m)

Thursday, January 24, 2013

၂၀၁၂ ရဲ့နိဒါန်း၊ စာကိုယ်၊ နိဂုံး



၂၀၁၂ က ကျွန်မအတွက်ထူးခြားသောနှစ်ပဲ ပြောရမလား? အဆိုးတွေနဲ့ရင်ဆိုင်ရတယ်ပဲ ပြောရမလား? ၂၀၁၁ ကုန်ဆုံးလို့ ၂၀၁၂ အစ New Year ညကတည်းက မျက်ရည်တွေနဲ့ အစပြုခဲ့ရတာပေါ့။ ၂၀၁၁ အကုန် ၂၀၁၂ အကူး New Year ညကတည်းက ကျွန်မရဲ့အခန်းကျဉ်းထဲ ကျွန်မချစ်သောချစ်သူနဲ့စေ့စပ်ထားသူ ကောင်မလေးတို့အတူ Party တစ်ခုထဲမှာ ရှိနေကြတယ်ဆိုတဲ့အတွေးက ကျွန်မစိတ်ကိုပူလောင်နေစေခဲ့ပါတယ်။ ၂၀၁၂ ကိုအစပြုဖို့ ၅ မိနစ်အလိုမှာပဲ ကျွန်မရဲ့ cell phone လေးထမြည်လာပါတယ်။ နံပါတ်ကြည့်လိုက်တော့ ကျွန်မချစ်သောချစ်သူဆီကဖြစ်နေတာနဲ့ ပျော်ရွှင်ခြင်း တစ်ချို့ရောက်ရှိလာချိန်လေးအတွက် ချစ်သူကိုကျေးဇူတင်လိုက်မိပါတယ်။ 

ချစ်သူဆီက “HAPPY NEW YEAR ပါ မောင့်ချစ်သူ”ဆိုတဲ့ စကားလေးကပဲ ကျွန်မရင်ထဲကပူလောင်ခြင်း တစ်ချို့ပျောက်ရှကုန်ခဲ့ဖူးပါတယ်။ ဒီလိုနဲ့ကျွန်မ မောင်နဲ့စကားပြောရင်း ဆူညံသံတစ်ချို့ကြားနေရပေမယ့် ကျွန်မကျေနပ်နေပါတယ်။ ကိုယ့်ချစ်သူနဲ့ ကြည်နူးစရာအချိန်လေးကိုပိုင်ဆိုင်နေတာကိုး။ ဒီလိုနဲ့ မောင်နဲ့စကားပြောနေတာ တစ်နာရီလောက်ကြာတော့ “ချစ်ကို လူတစ်ယောက်နဲ့စကားပေးပြောမယ် … သူကလည်းချစ်ကို သိတယ် … ချစ်ကလည်း သူ့ကိုသိနေမှာပါ”တဲ့။ ဘယ်သူဘယ်ဝါမှန်းမသိပေမယ့် အဲဒီသူနဲ့ စကားပြောဖို့ ကျွန်မလက်ခံလိုက်ပါတယ်။

“Hello … မမလား … ညီမလေး စိမ့်ပါ … ”တဲ့ ...

ကျွန်မတစ်ကိုယ်လုံး တောင့်တင်းပြီး တုန်ရီမောဟိုက်သွားပါတယ်။ “စိမ့်”တဲ့လားရှင်။ မောင်ကျွန်မကို လူတစ်ယောက်နဲ့ စကားပေးပြောမယ်ဆိုတာ မောင်နဲ့စေ့စပ်ထားသူကောင်မလေး ဖြစ်နေပါရောလားကွယ်။ ကျွန်မခံနိုင်ရည်မရှိခဲ့ပါဘူး။ အသားတွေတဆတ်ဆတ်တုန်လို့ စကားသံတွေဆွံ့အပြီး မျက်ရည်တွေစီးကျလာခဲ့ပါတယ်။ ရှိုက်သံတစ်ချို့ထွက်သွားတယ်ထင်ပါရဲ့။ ဖုန်းထဲမှာ မောင့်အသံချက်ချင်း ထွက်လာပြီး “ချစ် … မောင့်ကိုစိတ်ဆိုးသွားလား? မောင် ဒီ Party ကိို မလာချင်ဘဲ လာခဲ့ရတယ်ဆိုတာ ချစ်သိမှာပါ … မောင့်အနေအထား၊ မောင့်အိမ်ရဲ့သဘောထားကို ချစ်သိမှာပါ”ဆိုတဲ့ မေးသံတစ်ချို့နဲ့အတူ မောင်ကျွန်မကို ၁၅ မိနစ်လောက်ကြာအောင် ချော့ပါတယ်။ မောင်နဲ့စကားပြောနေရင်း ဘေးကနေ ဖုန်းလုသံ၊ မောင်နဲ့ “စိမ့်”ဆိုတဲ့ ကောင်မလေးတို့ တစ်ယောက်နဲ့တစ်ယောက်အော်ပြောသံ အဆုံးမှာ ကောင်မလေးထံ ဖုန်းရောက်သွားခဲ့လေသလား မသိဘူး။ မူးနေလေသလားမသိရတဲ့ မူမမှန်အသံမျိုးနဲ့

“မမရယ် … မငိုပါနဲ့ … အဲဒီလိုငိုတော့ ညီမလေး စိတ်မကောင်းဘူး … အရင်တုန်းက ကိုကိုနဲ့ ညီမလေးတို့က သမီးရည်းစားဖြစ်ခဲ့တယ် ဆိုပေမယ့် ခုချိန်မှာ ကိုကိုက မမကို ဘယ်လောက်ချစ်တာ ညီမလေး အသိဆုံး … မမလည်း ကိုကို့ကို ဘယ်လောက်ချစ်တာ ညီမလေး ခံစားလို့ရနေတယ် … မိဘတွေသဘောတူတာ မတူတာ ညီမလေး မသိဘူး … ခုချိန်မှာတော့ ညီမလေးနဲ့ ကိုကိုက မောင်နှမတွေပါပဲ … မမနဲ့ ကိုကိုတို့ မင်္ဂလာဆောင်ရင် ညီမလေးကို ပန်းကြဲခွင့်ပေးနော်”ဆိုတဲ့ စကားလုံးတွေရဲ့ အောက်မှာ ကျွန်မရှိုက်ကြီးတငင် ငိုကြွေးရင်း သူမပြောသမျှကို  ကျွန်မနားထောင်နေရင်းဖုန်းချကာနီး မောင့်ရဲ့“ချစ်ရေ … ဒီဘဝမှာ မောင်အချစ်ဆုံးက ချစ်တစ်ယောက်တည်းဆိုတာ ယုံပေးပါနော် … စိမ့်နဲ့ ချစ်ကို ဖုန်းပေးပြောတာကလည်း မောင်ချစ်နောက်ကွယ်မှာ ဘာမှမဟုတ်တာမလုပ်တာ ယုံစေချင်ယုံသပ်သပ်ပါ … ချစ်ကို မခွဲနိုင်အောင် မောင်သိပ်ချစ်ပါတယ်”ဆိုတဲ့ စကားတွေအောက်မှာပဲ ၂၀၁၁ အကုန် ၂၀၁၂ ရဲ့အစမှာ မျက်ရည်တွေနဲ့ မိုးလင်းခဲ့ရဖူးတယ်။

ဒီလိုနဲ့ ၂၀၁၂ ရဲ့ နှစ်လယ်လောက်မှာပဲ ကျွန်မသိပ်ချစ်ရသောချစ်သူတစ်ယောက် အကြောင်းတစ်စုံတစ်ရာ မယ်မယ်ရရ မရှိပါဘဲ၊ နှုတ်ဆက်ခြင်းမရှိပါဘဲ ပျောက်ခြင်းမလှပျောက်သွားခဲ့ဖူးတယ်။ တစ်နေ့ပြန်လာနိုး ပြန်လာနိုးနဲ့ ကျွန်မညတွေ မိုးလင်းခဲ့ရဖူးတယ်။ နေ့ရက်အချို့ပျောက်ရှလို့ လအချို့သာကူးပြောင်းသွားတယ်။ မောင်နဲ့ပတ်သက်သမျှသတင်းအစအနတောင် မရခဲ့ဘူး။ ဒီလိုနဲ့ ဒဏ်ရာတစ်ချို့အနည်ထိုင်နေချိန် တစ်ရက်မှာတော့ ကျွန်မဖုန်းလေးဆီသို့ ထူးဆန်းသော message တစ်စောင်ရောက်လာပါတယ်။ “ကျွန်မတို့လမ်းခွဲခြင်းအတွက် သူ့ဘက်ကစိတ်မကောင်းပါဘူး။ သူအခုဘဝသစ်မှာပျော်နေပြီ”တဲ့။ ကျွန်မလည်း “လူသစ်စိတ်သစ်နဲ့ဘဝသစ်မှာ နေသားကျနေပြီ”ဆိုတဲ့ ပြန်စာတစ်စောင်နဲ့အတူ သူနဲ့ကျွန်မတို့ရဲ့ ချစ်သူသက်တမ်း (၂)နှစ်ကျော်အချိန်ကာလဆိုတာ ဘာမှမဟုတ်သလို အဆုံးသတ်သွားခဲ့ပါတယ်။

ဒီလိုနဲ့“အသည်းကွဲခြင်း”ဆိုတဲ့ အောင့်သက်သက်နာကျင်ခြင်းတစ်ချို့ကို မေ့ပျောက်စေဖို့ရာ ခရီးတစ်ချို့ထွက်ဖြစ်ပေမယ့် “သူသာပါရင်”ဆိုတဲ့အတွေးတွေနဲ့ ကျွန်မဒဏ်ရာတွေကို ပိုနာကျင်စေခဲ့ဖူးတယ်။ အရင်းနှီးဆုံးသူငယ်ချင်းတစ်ချို့ကလွဲလို့ ကျွန်မတို့ (၂)ယောက်အကြောင်း “က”ကနေ “အ”အထိ မသိခဲ့သူ မိတ်ဆွေတွေကတော့ ဒါတွေကအသေးအမွှားပါ။ အချိန်တန်ရင်မေ့သွားမှာပါ ပြောဆိုနှစ်သိမ့်ကြပေမယ့် ဆွေမျိုးအသိုင်းအဝိုင်းတွေနဲ့ယှဉ်လို့ ကျွန်မရရှိခဲ့ဖူတဲ့ ဒဏ်ရာအတိမ်အနက်ကို ကျွန်မကိုယ်တိုင်ပဲ သိခဲ့လို့ ညညတွေတိတ်တဆိတ်ငိုကြွေးရင်း နှစ်တစ်နှစ်ကိုကုန်ဆုံးစေခဲ့သလိုပါပဲ။

ဒီလိုနဲ့ ၂၀၁၂ ကုန်ဆုံကာနီး တစ်လအလိုမှာတော့ ကျွန်မအတွက်ကံကောင်းခြင်းတွေရောက်လာလေသလား မသိပါဘူး။ ဟိုအရင်က ဝင်ခွင့်လျှောက်ထားခဲ့ဖူးတဲ့ နိုင်ငံခြားတက္ကသိုလ်က စာမေးပွဲကိုအောင်မြင်လို့ ကျောင်းတက်ခွင့်ရခဲ့သလို အခြားဝင်ခွင့်စာမေးပွဲ (၂)ခုလည်းတစ်ပြိုင်နက်အောင်ခဲ့လို့ ဝမ်းသာရပြန်တယ်။ ၂၀၁၂ ကုန်ဆုံးကာနီးမှာပဲ ကျွန်မအတွက် မိတ်ဆွေစစ်တစ်ချို့ကိုလည်း အမှတ်မထင်တွေ့ရှိရပြန်တယ်။ ကျွန်မချစ်သော သူငယ်ချင်းမလေးတွေဆီက ချစ်စဖွယ်တူ၊ တူမလေးတွေရရှိခဲ့လို့ ပျော်ရပြန်တယ်။ 

ကျွန်မအပေါ်ချစ်ခင်သူပေါများကြောင်းကိုလည်း ကျွန်မနေမကောင်းဖြစ်တဲ့အခါ၊ ကျွန်မဝမ်းနည်းတဲ့အခါ ဂရုတစိုက်ရှိကြသလို ဝမ်းသာစရာရှိရင်လည်း ကျွန်မထက်တောင်ပိုဝမ်းသာတတ်တဲ့ သူငယ်ချင်းမိတ်ဆွေတွေရှိနေကြောင်းကိုလည်း သိခဲ့ရတယ်။ ၂၀၁၂ အဆုံး ၂၀၁၃ အစပြုမယ့် New Year ညလေးမှာလည်း ကျွန်မချစ်သော အစ်ကို၊ အစ်မတွေရဲ့ နွေးထွေးသောချစ်ခြင်းမေတ္တာတွေနဲ့ ပျော်ရွှင်သော New Year ညလေးကိုပိုင်ဆိုင်လို့ တန်ဖိုးမဖြတ်နိုင်သော လက်ဆောင်လေးများကိုရရှိခဲ့ရင်း ဝမ်းနည်းစရာကောင်သောအတိတ်တွေနဲ့ ၂၀၁၂ ကို အပြီးအပိုင် နှုတ်ဆက်လို့ ၂၀၁၃ ရဲ့အစဟာ နွေးထွေးခြင်း၊ ပျော်ရွှင်ခြင်းတွေနဲ့ လှပနေခဲ့ပါတော့တယ်။

(မှတ်ချက်။   ကိုမိုးဇက် သတိတရနဲ့ တဂ်လုပ်ပေးခြင်းအတွက်လည်း ကျေးဇူးတင်သလို တဂ်ပို့ရေးတင်တာ နောက်ကျသွားတဲ့အတွက်လည်း တောင်းပန်ပါတယ် … ဘာရေးရမှန်း တော်တော်နဲ့ စဉ်းစားမရတာနဲ့ အတော်လေးကြာသွားတယ် ... )

မိုးညချမ်း
20.1.2013 (8:30 p.m)

Saturday, January 12, 2013

ပြုံးပြနှုတ်ဆက်ကြကြေး




*ခပ်အေးအေးလေပြေတစ်ချို့
ပြတင်းတံခါးကိုဖြတ်ကျော်လို့
ငါ့ပါးပြင်ကိုတို့ထိလာတယ် …။

*မပီပြင်ဝိုးတဝါးနဲ့ အိပ်ပျက်ညမှာ
ကလောင်ကိုကိုင်ဆွဲ ခပ်နဲ့နဲ့နှလုံးသားနဲ့
ကဗျာတစ်ပုဒ်ထုဆစ်ကြည့်တယ် …။

*သြော် … Sweet December တဲ့လားကွယ်
နှလုံးသားတစ်စုံပေါင်းစပ်လို့
ကဗျာရေးခဲ့ဖူးတဲ့ညတွေ ပျောက်ရှကုန်တော့
တစ်ခြမ်းပဲ့နှလုံးသားနဲ့ ကဗျာတစ်ဝက်တစ်ပျက်ကိုလည်း
ငါထုဆစ်နေရအုံးမှာပါပဲ …။

*လရောင်ခပ်မိုက်မိုက်ကို ငေးကြည့်ရင်း
ကလောင်ကိုကိုင်စွဲ ကော်ဖီခါးခါးတစ်ခွက်ကို
အဖော်ပြုလို့ ကာရံမညီသံစဉ်တစ်ချို့လည်း
စည်းချက်မဲ့စွာ မြူးထူးခုန်ပေါက်နေကြလေရဲ့ …။

*ဇာတ်လမ်းအစက မသေသပ်ခဲ့လေတော့
ဇာတ်သိမ်းမလှခဲ့တာကလည်း
ဘယ်သူ့ကြောင့်ရယ်လို့ ငြိုးမယ်မဖွဲ့ချင်တော့ပါဘူး …။

*အပြစ်ရှိသူရယ်လို့ ခေါင်းစဉ်တပ်ကြကြေးဆိုရင်တော့
ထားသွားတဲ့မင်းမှာလည်း အပြစ်ရှိသလို
ချစ်မိခဲ့တဲ့ငါ့မှာလည်း အပြစ်ရှိပါတယ် ချစ်သူ …။

*တစ်ကယ်လို့များ
ဘယ်လိုပုံစံ ဘယ်လိုအနေအထားတွေနဲ့ပဲဖြစ်ဖြစ်
ငါတို့လမ်းခွဲခြင်းက အမုန်းတွေနဲ့မဟုတ်ခဲ့လေတော့
တစ်ချိန်ချိန်မှာ မင်းနဲ့ပြန်ဆုံခဲ့ကြမယ်ဆိုရင်
ပြုံးပြနှုတ်ဆက်ကြကြေးနော် …။


(Blog ကိုရောက်ဖြစ်နေပေမယ့် အသစ်မတင်ဖြစ်တဲ့အတွက်ရော … ချစ်သော Blogger မောင်နှမတို့ရဲ့ အိမ်တွေဆီ အလည်ရောက်ဖြစ်ပေမယ့် comment ခြေရာလေးတွေ မချန်ဖြစ်ခဲ့တာတွေအားလုံးအတွက် တောင်းပန်ပါရစေနော် …)


မိုးညချမ်း
9.12.2012(11:20 p.m)

Sunday, December 2, 2012

ပန်းရဲ့ရာဇဝင်


 မင်းအတွက် .......
ဆူးတွေကိုကျော်ဖြတ်
ခလုတ်တွေကိုဖြတ်နင်း
မြက်ရိုင်းတွေရဲ့ဖမ်းဆီးခြင်းကိုခံပြီး
ငါ့နှလုံးသားပင်လယ်ထက်ဝယ်
တင့်တင်စွာစံမြန်း
ရနံ့ကြိုင်လွန်းတဲ့
အဖြူရောင်ပန်းတစ်ခိုင်ကို
ငါလေ .......
ခူးဆွတ်ခဲ့တယ် ။

အပြန်လမ်းမှာ
အခဲမကြေစွာနဲ့
ရန်စလာပြန်တဲ့
ရန်သူတစ်ထောင်ကို
ငါနိုင်အောင်တိုက်ခဲ့တယ် ။

မင်းရဲ့ရှေ့မှောက်
ပန်းကိုအရောက်ဆက်သပြီး
ဆန်းစသော်တာ
နှုတ်ခမ်းနှစ်လွှာကအပြုံးကို
အဆုံးမရှိတဲ့ကြည်နူးမှုနဲ့ ခံယူချိန်မှာ
ငါ့ရဲ့သွေးတို့
မြေကမ္ဗလာထက်မှာ အိုင်ထွန်းခဲ့ပြီ ။

နှလုံးသွေးနဲ့ဖျန်းလို့
လန်းခဲ့ရတဲ့ပန်းကို
နွမ်းခြောက်ချိန်မှာ
စွန့်ပစ်ဖို့ရည်ရွယ်တဲ့ ......“မင်း”
ပန်းရဲ့ရာဇဝင်ကို
သိမှသိပါလေစ ။ ..........။


(ငယ်ငယ်တုန်းက အရမ်းကြိုက်ခဲ့တဲ့ကဗျာလေးပါ ... ကဗျာဆရာအမည်ကိုတော့ မသိတော့ပါဘူး ...)

Tuesday, November 27, 2012

ချစ်သူ ပျော်ရွှင်ငြိမ်းချမ်းပါစေ




*ခုတစ်လော ညညဆို အိပ်မက်တွေ
ခဏခဏမက်တယ် …
မင်းနဲ့ပတ်သက်တာတွေပေါ့ ….

*ဘယ်တော့မှ မေ့ဖျောက်မရနိုင်တဲ့
မင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ
မင်းနဲ့ပတ်သက်တဲ့ အမှတ်တရတွေဟာ
တစ်နေ့ထက်တစ်နေ့
ငါ့ရင်ထဲမှာ မစဲနိုင်အောင်
အလွမ်းမိုးတွေ ရွာသွန်းနေဆဲပါ …

*မင်းနဲ့ပတ်သက်သမျှဟာ
ငါ့ဘဝတစ်သက်စာလို့
စဉ်းစားစိတ်ကူးယဉ်ထားခဲ့သမျှ
အလွမ်းတွေသာ ကျေနပ်စွာခံယူလို့
အထီးကျန်မှုကိုပွေ့ဖက်လို့
ထိန်းထားတဲ့ မျက်ရည်တွေ
ညတိုင်းကျနေခဲ့တာတွေရော ….

*မင်းဘက်ကတော့ ဥပေက္ခာဆိုတဲ့
အရာတစ်ခုကို လက်ကိုင်ထားလို့
ဘယ်လောက်ပဲ ရက်စက်ခဲ့ပါစေ
အလိုချင်ဆုံးတောင်းဆုတစ်ခုကို
တောင်းလို့ ပြည့်ဝရကြေးဆိုရင်
ငါ့ဘက်က ချက်ချင်းပဲ
တောင်းဆုတစ်ခုပြုလိုက်ချင်ပါရဲ့
အသက်လောက် ဘဝနဲ့ထပ်တူ
“ချစ်ခဲ့ရသော ချစ်သူတစ်ယောက်
ထာဝရပျော်ရွှင် ငြိမ်းချမ်းပါစေ ………….”

(2011 တုန်းက Facebook မှာ တင်ထားတဲ့ ကဗျာဟောင်းလေးပါ ... ) 



မိုးညချမ်း
14.10.2011 (11:57 a.m)

Thursday, November 22, 2012

“သင်ခန်းစာ”




*“တောက်”တစ်ချက်ခေါက်သံနဲ့အတူ
အဝေးဆုံးကို ငါထွက်ပြေးသွားချင်တယ်
လူတွေရဲ့ လောဘ၊ ဒေါသ၊ အတ္တနဲ့မာန်မာနတွေကြားမှာ
ငါအသက်ရှူ ရှင်သန်နေရတာ မောပန်းနွမ်းဟိုက်လာတယ် …။

*ရေနစ်သူကို ကူညီပေးမယ်မရှိဘူး
၀ါးကူထိုးဖို့လူတွေကတော့ ဒုနဲ့ဒေး
ခင်ဗျားတို့သိထားတဲ့ ဒီလောကဆိုတာက
နုံအအ ထုံဖျင်းနေတဲ့လူသားတွေနဲ့ချည်း
ရှင်သန်နေတာမဟုတ်ဘူး …။

*“လူသားချင်းစာနာစိတ်”ဆိုတာ
အသိဉာဏ်ရှိတဲ့သူတိုင်း နားလည်တတ်မယ်ထင်ခဲ့တာ
တစ်ကယ့် တစ်ကယ်တော့ အပေါ်ယံအရေခွံခြုံပြီး
ပြုံးနေကြသူတွေအများကြီးဆိုတာ
ကျုပ်သိခဲ့တာ သိပ်မကြာသေးလို့
မှီသလောက်ဉာဏ်နဲ့ ဗဟုသုတလေးများရချင်သမို့
ဖြစ်နိုင်ရင်လေ ထူးဆန်းစရာတွေပြည့်နှက်နေတဲ့
ဒီလောကကြီးနဲ့ လူတွေအကြောင်းသင်ခန်းစာတွေကို
များများပို့ချပေးကြစမ်းပါ …။


မိုးညချမ်း
22.11.2012 (2:05 p.m)

Saturday, November 17, 2012

သူငယ်ချင်းသို့ (၁)



*သူငယ်ချင်း မင်းအားငယ်နေတာလား?
မင်းဘဝထက်ဆိုးတဲ့သူတွေရှိသေးတယ်ဆိုတာ
တွေးကြည့်လိုက်ပါ …။

*သူငယ်ချင်း မင်းငိုနေတာလား?
မင်းကျလိုက်တဲ့ မျက်ရည်တွေဟာ
မင်ခန္ဒာကိုယ်က တန်ဖိုးရှိတဲ့သွေးတစ်စက်ဆိုတာ
မင်းသတိထားလိုက်ပါ …။

*သူငယ်ချင်း မင်းစိတ်ပျက်နေတာလား?
လောကမှာ ဘယ်အရာမှအကောင်းဆုံးတွေချည်း
မဖြစ်လာနိုင်ဘူးဆိုတာ မင်းနားလည်လိုက်ပါ …။

*သူငယ်ချင်း မင်းမျှော်လင့်ချက်တွေ ပျောက်ဆုံးနေတာလား?
မျှော်လင့်ချက်ဆိုတာ အတွေးစိတ်ကူးတစ်ပိုင်းတစ်စမို့
မင်းဘာသာမဖျောက်ပစ်၊ မဖျက်ဆီးသ၍
ဘယ်တော့မှ မပျောက်ပျက်နိုင်တဲ့
မင်းကိုယ်ပိုင် စိတ်ကူးခြင်းတွေလေ …။

*မင်းဝမ်းနည်းအားငယ်ငိုကြွေးနေမယ့်အချိန်တွေကို
အကျိုးရှိစွာ အသုံးချပစ်လိုက်ပါနော် …။
 
 


မိုးညချမ်း
6.7.2012 (11:00 a.m)

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...